အကူအညီ
Vol. 14 Ch. 199
"တောင်လမ်း...အာ မင်းက ထောင်ပါ့ရဲ့ ညီဖြစ်နိုင်ပေမယ့် ငါ့မိတ်ဆွေရဲ့ဆိုင်မှာ ကာကွယ်ကြေးကောက်ခံဖို့ လာတာတော့ လွန်သွားပြီ"
ဟုန်ဖေးမှ ထိုကဲ့သို့ ပြုမူလာသည့်အခါ စာကလေးငှက်နီ၏အမူအရာက ချက်ချင်း ပျော့ပြောင်းသွားခဲ့သည်။
"သခင်လေးဟုန်က သူ့ရဲ့ မိတ်ဆွေမှန်း ကျွန်တော် ညီအစ်ကိုတွေက မသိခဲ့ကြလို့ပါ၊ ရေက နဂါးဘုံကျောင်းထဲကိုတောင် ဝင်လာသေးတာပဲမဟုတ်လား ဟားဟားဟား အဲ့ဒီလိုသဘောပါပဲ၊ ဒီနေ့ နားလည်မှု လွဲသွားခဲ့ပါတယ်၊ သခင်လေးဟုန် စိတ်မပူပါနဲ့၊ အခုကစပြီး ဒီမှာ ကာကွယ်ကြေးလည်း လာမကောက်တော့ပါဘူး၊ ဒါ့အပြင် ဆိုင်မှာ ဘာပဲဖြစ်လာဖြစ်လာ ပြောလိုက်ပါ၊ ကျွန်တော် မီးတောင်ပဲဖြတ်ရဖြတ်ရ ရေပဲဖြတ်ရဖြတ်ရ အရောက်လာခဲ့မယ်၊ ပြဿနာရှာတဲ့လူ ဘယ်သူဖြစ်ဖြစ် သေရလိမ့်မယ်"
စာကလေးငှက်နီမျက်နှာပေါ်မှ ဖားယားသော အပြုအမူများအား ရွှီဖန်း ရွံရှာနေမိသည်။ အကယ်၍ ဟုန်ဖေးကသာ အရေးကြီးကိစ္စဆွေးနွေးဖို့ ဒီည အခန်းထဲလာရန် ပြောလျှင်တောင်မှ သွားမည့်ရုပ်ပင်။
သို့သော် သူ့ဘက်က သဘောတူလျှင်တောင်မှ ဟုန်
ဖေး၌ ထိုကဲ့သို့ ဝါသနာမရှိပေ။ ထို့ကြောင့် လက်ကိုဝှေ့ယမ်း၍ ထွက်သွားစေသည်။
စာကလေးငှက်နီနှင့်အပေါင်းအပါများကို နှင်ထုတ်ပြီးနောက် ဟုန်ဖေး သူ့နာရီကို ကြည့်လိုက်သည်။ နောက်ကျနေပြီဖြစ်၍ ပြန်သင့်လေပြီ။
တစ်ဖက်တွင် ကျန်းဖန်းယင်သည် မျက်လုံးထဲမှ ကြယ်များထွက်လာတော့မည့်အလား ဟုန်ဖေးအား လေးစားစွာ ကြည့်နေလေသည်။
ဟုန်ဖေးတစ်ယောက် ခြောက်ကပ်စွာ ချောင်းဆိုးမိသည်။ တစ်ကယ်တော့ ဆောက်လုပ်ရေးလုပ်ငန်းပိုင်ရှင်တစ်ယောက်အနေဖြင့် တခြားလူများကို အတင်းအနိုင်ကျင့်သည်က ကြွားလုံးထုတ်လို့ကောင်းသည့်အရာ မဟုတ်ပေ။ သို့သော် ကျန်းဖန်းယင်မှ သူကို ဤကဲ့သို့ ကြည့်နေတာကြောင့် သူ အလွန်ပျော်ရွှင်မိပေသည်။
"ဒါဆို နောက်ကျရင် စားသောက်ဆိုင်ကို သေချာဦးစီးပါ၊ ဘာပဲဖြစ်ဖြစ် အခုလက်ရှိ အခက်ခဲဆုံးပြဿနာကတော့ ပြောလည်သွားပြီ၊ ကျန်တာ မင်းရဲ့ အစ်ကိုကြီးရွှီက ဖြေရှင်းပေးလိမ့်မယ်၊ အခု နောက်ကျနေပြီဆိုတော့ ပြန်နှင့်ဦးမယ်"
ထို့နောက် ရွှီဖန်းကိုလည်း နှုတ်ဆက်ကာ သူ့အတွင်းရေးမှူးကို ဖုန်းဆက်၍ လာခေါ်ခိုင်းလေသည်။ တိုက်ဆိုင်စွာပင် အတွင်းရေးမှူးက ရောက်လာတာနှင့်လည်း တိုက်ဆိုင်နေသည်။
ဟုန်ဖေး ပြန်သွားတာကို မြင်တော့ ရွှီဖန်းလည်း အိမ်ပြန်ချင်လာသည်။ ဤနေရာနှင့် မြစ်အောက်ပိုင်းရွာက သိပ်မဝေးသော်လည်း ကောင်းကင်က မှောင်လုနီးပါး ဖြစ်နေလေပြီ။
"ရှောင်ယင် အဓိကပြဿနာကိုလည်း ဖြေရှင်းပြီးပြီ၊ ဒီကတ်ကိုယူပြီး ဆိုင်ကို ထပ်ပြုပြင်လိုက်...ပြီးတော့ မင်းရဲ့အဖေကို ဂရုစိုက်ပေးလိုက်"
ရွှီဖန်းသည် ယမန်နေ့က ကျန်းဖန်းယင်အား ယွမ်နှစ်သိန်း ပေးထားပြီးလေပြီ။ အခု နောက်ထပ် ကတ်တစ်ကတ်ကို ထပ်ပေးလာတာကြောင့် သူမရင်ထဲ ထိရှသွားရသည်။ သို့သော် သူမ ခေါင်းခါရမ်းမိသည်။
"အစ်ကိုကြီးရွှီ ညီမ ဒီပိုက်ဆံကို မယူနိုင်ဘူး၊ နှစ်သိန်းကတောင် ညီမအတွက် အကူအညီအများကြီးဖြစ်စေခဲ့တာ၊ အစ်ကိုကြီးဆီက ထပ်မယူနိုင်ဘူး"
ကျန်းဖန်ယင်၏ လေးနက်ကာ စိတ်ပိုင်းဖြတ်ထားသော အမူအရာကို ကြည့်၍ ရွှီဖန်း ပြုံးလိုက်သည်။
"ဒါက မင်းအတွက်မဟုတ်ပါဘူး၊ ဒီအတိုင်းချေးတယ်လို့ သဘောထားလိုက်ပါ၊ ပြီးမှ ဖြေးဖြေးချင်းပြန်ဆပ်ပေါ့"
"အစ်ကိုကြီးရွှီ ညီမရဲ့စားသောက်ဆိုင်သေးသေးလေးဆီက ရတဲ့ တစ်လစာအသားတင်ငွေက နည်းနည်းပဲရှိတယ်၊ အသက်ကြီးတဲ့အထိ ဆပ်မကုန်မှာ စိုးမိတယ်၊ အစ်ကိုကြီးရဲ့ကြင်နာမှုကို တန်ဖိုးထားပေမယ့် တစ်ကယ် မယူနိုင်လို့ပါ"
ရွှီဖန်း မျက်မှောင်ကြုတ်ကာ အနည်းငယ်မကျေမနပ်ဖြစ်သွားရသည်။
"ဘာလို့လဲ၊ ငါ့အကူအညီနဲ့တောင် ဆိုင်ရဲ့စီးပွားရေးက မကောင်းလာနိုင်ဘူးလို့ ထင်နေတာလား၊ စားသောက်ဆိုင် ကောင်းကောင်းလည်ပတ်ဖို့ ငါကူညီပေးမယ်၊ ပြီးတော့ ငါကိုယ်တိုင်ကလည်း ဒီမှာ ရှယ်ယာဝင်ထားတယ်မလား၊ ဒါကြောင့် စီးပွားရေးမကောင်းမှာကို စိတ်မပူနဲ့"
ဒါကိုမြင်တော့ ချိုးဆုအာလည်း အနားရောက်လာပြီး ကျန်းဖန်းယင်ကို နားချလေသည်။
"ရှောင်ယင် ယူလိုက်ပြီး မင်းအစ်ကိုကြီးပြောတာနားထောင်လိုက်ပါ၊ သူက ချမ်းသာတယ်၊ သူလည်း ပိုက်ဆံအများကြီး မြန်မြန်ပြန်ရဖို့ မလိုပါဘူး"
ကျန်းဖန်းယင် ခဏတာ တွန့်ဆုတ်သွားခဲ့သည်။ ရွှီဖန်း၏ သံသယမရှိသော အမူအရာကို မြင်ပြီးနောက် သူမခေါင်းကို တွန့်ဆုတ်စွာ ညိတ်၍ လက်ခံခဲ့သည်။ သို့သော် ဘဏ်ကတ်ကိုလက်ခံပြီးသည်နှင့် သူ ပြောလိုက်သည်။
"ဒါဆိုလည်း ဒီပိုက်ဆံကိုချေးပါရစေ၊ အစ်ကိုကြီးပြန်တောင်းရမယ်နော်၊ စကားတည်ပေးပါ"
ရွှီဖန်းမှာ ရယ်ရခက်၊ ငိုရခက်ပင်။ အကယ်၍ တခြားလူတစ်ယောက်သာဆိုလျှင် ဆိုင်ပြုပြင်မှုအတွက် ငွေပေးလာပါက ကြီးမားစွာ ကျေးဇူးတင်ကြလိမ့်မည် ဖြစ်၏။ ဒီဇာတ်ကွက်က မမှားနေဘူးလား။ တခြားလူသာဆို ဤပိုက်ဆံကို လိုချင်လိမ့်မည်ဖြစ်သော်ငြား ကျန်းဖန်းယင်ကတော့ မဟုတ်ပေ။ သူမက ပိုက်ဆံပြန်ဆပ်မယ်ဟု ပါ ပြောခဲ့ပြီး အနာဂါတ်မှာ ရွှီဖန်း ပြန်မတောင်းမှာကိုလည်း ကြောက်နေသေး၏။
ဘေးနားရှိ စားဖိုမှူးကျန့်နှင့် လင်မုကလည်း ရွှီဖန်းအား ကျေးဇူးတင်စွာ ကြည့်နေကြသည်။
ကျန်းဖန်းယင်ကလည်း သူတို့အား လှည့်ကြည့်၍...
"ဦးလေးကျန့် လင်မု ဒီပိုက်ဆံတွေက ဒီအတောအတွင်း ကျေးဇူးတင်လို့ပါ"
လင်မုက သူမ၏လက်များကို အဆက်မပြတ်ခါရမ်းလာသည်။
"ရှောင်ယင် နင် ဘာတွေပြောနေတာလဲ၊ ငါတို့က ညီအစ်မတွေလေ...နင် အရမ်းယဥ်ကျေးလွန်းနေတာ မဟုတ်ဘူးလား၊ ဦးလေးအတွက် လိုအပ်တဲ့နေရာတွေ အများကြီးရှိလို့ ဒီပိုက်ဆံတွေကို နင်သိမ်းထားသင့်
တယ်"
စားဖိုမှူးကျန့်ကလည်း ရိုးသားသူ ဖြစ်ရာ ဘာပြောရမှန်းမသိတာကြောင့် ခေါင်းတညိတ်ညိတ်ဖြင့်ထောက်ခံလာသည်။
တစ်ဖက်တွင် ကျန်းဖန်းယင်ကလည်း ခေါင်းခါရမ်းကာ တိုက်တွန်းနေတုန်းပင်။ သူတို့က အခုလို တောင့်ခံနေတာကြောင့် သူ့မှာလည်း တတ်နိုင်သည့်အရာမရှိ
ပေ။
"ဒီလိုဆို ဘယ်လိုလဲ၊ ဦးလေးရဲ့တူက decoration နယ်ပယ်မှာ အလုပ်လုပ်နေတာ၊ အဆောက်အဦးနဲ့ ဆိုင်က အပြင်အဆင်တွေ သူ့ကို လုပ်ခိုင်းမလား၊ ဦးလေးတို့က မိသားစုတွေဆိုတော့ ယုံကြည်လို့လည်းရတယ်၊ ဈေးကလည်း ပိုပြီးသက်သာမှာပဲ"
အစက ရွှီဖန်းသည် ဆိုင်အပြင်အဆင်အတွက် ဟုန်ဖေးကို အကူအညီတောင်းရန် စီစဥ်ထားခဲ့သည်။ သို့သော်ငြား စားဖိုမှူးကျန့်မှ ထိုအကြောင်းကို အရင်စပြောလာတာကြောင့် သူနေထိုင်ရခက်မည်ကို မလိုလားမိရာ သူထုတ်မပြောတော့ပေ။
ကျန်းဖန်းယင်ကလည်း အပြုံးဖြင့် ခေါင်းညိတ်ကာ ပြောလာသည်။
"ဒါပေါ့ အဆင်ပြေတယ်၊ သမီးတို့ တစ်ယောက်နဲ့တစ်ယောက်သိကြတော့ ပိုပြီးလွယ်ကူသွားတာပေါ့၊ ဒါဆို ဆိုင်ကို ပြန်ပြီးမွမ်းမံအသက်သွင်းဖို့ ဦးလေးကျန့်လက်ထဲ အပ်ထားလိုက်ပြီ"
ကျန်းဖန်းယင်က တစ်ဖက်ကို ပြန်လှည့်၍ ရွှီဖန်းကို ကြည့်လာသည်။ သူမ၏နှုတ်ခမ်းကိုကိုက်လျက် စိတ်လှုပ်ရှားစွာ သူ့ကို ပြေးဖက်လေသည်။ သူမရင်ဘတ်ပေါ်မှ ရွှေယုန်တစ်စုံက ရွှီဖန်း၏ရင်အုပ်ကို ထိနေကာ ပျက်စီးမတတ် အဖိခံနေရသည်။
"အစ်ကိုကြီးရွှီဖန်း ကျေးဇူးအများကြီးတင်ပါတယ်၊ အစ်ကိုကြီးက ညီမရဲ့ကယ်တင်ရှင်ပါ"
ရွှီဖန်း၏နှလုံးခုန်ထွက်လုနီးပါးဖြစ်နေသော်ငြား သူမ၏နောက်ကျောကို ငြင်သာစွာ ပုတ်၍ ပြောမိသည်။
"ကောင်းပါပြီ၊ မှောင်လည်းမှောင်နေပြီ၊ အမြန် ပြန်ရတော့မယ်၊ မင်းကို ဘယ်ဆေးရုံဆီ ဝင်ပို့ခဲ့ပေးရမလဲ"
ကျန်းဖန်းယင်က လင်မုနှင့်လိုက်သွားမည်ဟုဆိုကာ ခေါင်းခါယမ်းလေသည်။ ရွှီဖန်းလည်း အတင်းအကြပ်မခေါ်တော့ဘဲ ချိုးဆုအာနှင့်သာ မြစ်အောက်ပိုင်းရွာသို့ ပြန်လာခဲ့ကြသည်။ သူ သူမကို အချိန်ခဏကြာစနောက်ခဲ့တာကြောင့် ချိုးဆုအာသည် နီမြန်းသောမျက်နှာထားဖြင့် အိမ်သို့ ပြန်သွားခဲ့သည်။
မူလက ရွှီဖန်းသည် ချိုးအုအာကို သူနှင့်အတူ အိမ်ပြန်စေချင်ခဲ့သည်။ သို့သော်ငြား အိမ်၌ ဖြစ်ပျက်ခဲ့သော ရှက်ဖွယ်ရာကိစ္စကြောင့် ချိုးဆုအာ အိမ်ပြန်မလိုက်ဝံ့ပေ။ ထို့ကြောင့် ရွှီဖန်းမှာ အဆီအနှစ်ပြည့်နေသည့် အသားကို ကြည့်ရုံသာကြည့်ရပြီး မစားနိုင်ခဲ့ပေ။
ညဘက် ကုတင်ပေါ်လှဲနေတုန်း ရွှီဖန်း၏ ဖုန်းက မြည်လာသည်။
ဖုန်းကို ယူကြည့်လိုက်တော့ ကောင်းကင်ဘုံနန်းတော်မှ ကလေးလေးဆီက စာတစ်စောင်ကို တွေ့လိုက်ရသည်။
"ဘယ်လိုလုပ်ရမလဲ အစ်ကိုကြီးရွှီ၊ ငါ နောက်ထပ် ဆေးတစ်စုံကို ဖြုန်းတီးလိုက်မိပြန်ပြီ! ဆရာက သေချာပေါက်ကို ဆူလိမ့်မယ်! ကူညီပါဦး! ကျွန်တော့်ကို ကူညီပါဦး"
*******************