← Chapters

သောက်ကျိုးနည်း ပိုင်ဟောက်

Vol. 7 Ch. 603

သောက်ကျိုးနည်း ပိုင်ဟောက်

Vol. 7 Ch. 603

လူတိုင်းမှာ မြင်တွေ့နေရသော အရာအားလုံးကြောင့် အလွန်တရာ တုန်လှုပ်သွားကြသည်။ ပြိုးပြိုးပြက်ပြက် လင်းလက်နေသည့် မရေမတွက်နိုင်သော မှော်ပစ္စည်းများ၊ မြောက်မြားလှစွာသော ဝိညာဥ်ဆေးများနှင့် အဆုံးမရှိရုပ်ဝိညာဥ်များကြောင့် ကောင်းကင်ယံတွင် ရှုပ်ယှက်ခတ်နေတော့သည်။

တောင်ပေါ်ရှိ ကျင့်ကြံသူများအားလုံးမှာ ခြေစုံရပ်ရန်ပင် ခက်ခဲနေကြသော်လည်း ပစ္စည်းအမြောက်အမြား ပျံထွက်လာသည်ကို မြင်လိုက်ရသည်တွင် သူတို့၏ မျက်လုံးများမှာ စိတ်အားထက်သန်မှုများတောက်လောင်လာပြီး တစ်ခဲနက် ဟစ်ကြွေးလိုက်ကြလေသည်။

"ဟိုဟာက အလယ်အဆင့်ဝိညာဥ်ဆေးပါလား"

" ပျက်သုဥ်းခြင်းမှော်ဓား။ ဘုရားဘုရား။ အဲဒါက ငါတို့ မျိုးနွယ်စုထဲမှာ စွမ်းအားအကြီးဆုံး မှော်ပစ္စည်းတွေထဲက တစ်ခုပဲ"

ပိုင်ရှောင်ချန်းက လက်ကို ဝှေ့ယမ်းလိုက်သောကြောင့် ပစ္စည်းအားလုံးသည် သူထံသို့ အရှိန်အဟုန်ပြင်းစွာ ပြေးဝင်လာလေရာ ပိုင်လဲ့မှာ မိန်းမောတွေဝေ၍သာကြည့်နေမိတော့သည်။

ထိုပစ္စည်းများတွင် တောင်ပေါ်မှာရှိနေခဲ့သည့် ပစ္စည်းများအားလုံးနီးပါးဖြစ်သော်လည်း ပိုင်ရှောင်ချန်းက သူတို့ကို လျစ်လျူရှုကာ မမလေး ငါးကိုသာ ပစ်ပေးနေတော့သည်။

" မြန်မြန် ယူ မမလေးငါး"

မမလေးငါးမှာ အလွန်တရာ အံ့သြတုန်လှုပ်သွားလေသည်။ ဤသို့သောဖြစ်ရပ်အတွက် ပြင်ဆင်ထားသည့်တိုင်အောင် သူမ၏မျက်စိေရှ့မှောက်တွင် အမှန်တကယ် ဖြစ်ပေါ်လာသည်ဝယ် သူမမှာ ကြက်သေသေသွားတော့သည်။ ပိုင်ရှောင်ချန်းခြေတစ်ချက်က ဘိုးဘေးတောင်ပေါ်ရှိ အချုပ်အနှောင်မန္တန်အလုံးစုံနှင့် တောက်ပနေသော ရောင်ခြည်ကွန်ခြာများကို ဖျက်စီးခဲ့ကြောင်း စဥ်းစားကြည့်လျှင် ပိုဆိုးပေသည်။

မျိုးနွယ်စုစောင့်အကြီးအကဲများပင်လျှင် ထိုသို့ လုပ်နိုင်ကြောင်း သူမ တစ်ခါမှ မကြားခဲ့ဖူးပေ။

သူမသတိလက်လွတ်ကြည့်နေမိစဥ် ပိုင်ရှောင်ချန်း၏ အသံက သူမ၏နားထဲတိုးဝင်လာကာ သူမကို သတိပြန်ဝင်သွားစေတော့သည်။ သူမ၏မျက်ဝန်းကလေးများက စူးရှတောက်ပနေသာအလင်းများလက်နေရင်း ပစ္စည်းများကို အလျင်အမြန် တွက်ချက်ပြီးနောက် အံတင်းတင်းကြိတ်ကာ အိတ်ဖွင့်လိုက်သည်။

" ပိုင်ဟောက်က မျိုးနွယ်စုကို သစ္စာဖောက်ဖို့ ကြံနေရင်တောင်မှ " သူမက တွေးလိုက်သည်။

"ငါ ဒီဟာတွေရနေတယ်လေ။ ဘယ်သူမှ ငါ့ဆီက ယူမသွားစေရဘူး"

မမလေးငါးသည် အားနည်းပျော့ညံ့ပုံပေါ်သော်လည်း အမှန်တကယ်တွင် အလွန်တရာ ဇွဲကြီးလေသည်။ တစ်ချက်လေးပင် တုံ့ဆိုင်းမနေဘဲ သူမက ကျင့်ကြံခြင်းအခြေခံစွမ်းအားကို ဆင့်ခေါ်ကာ သူမ၏အိတ်ထဲသို့ အရာအားလုံး သိမ်းကျုံးဆွဲထည့်နေတော့သည်။

ပိုင်ရှောင်ချန်းက သူ၏ ထိန်းချုပ်ခြင်းစွမ်းအားကို သုံး၍ ကူညီပေးလေသည်။ မှော်ပစ္စည်းများ၊ ဝိညာဥ်ဆေးများနှင့် ရုပ်ဝိညာဥ်များအားလုံး မမလေးငါးထံ ပျံသွားနေကြပြီး သူမအိတ်ထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားကြသည်။

တောင်ပေါ်ရှိ လူတိုင်းသည် ဖြစ်ပျက်နေသမျှတို့အား မြင်လိုက်ကြရသည်တွင် ပါးစပ်အဟောင်းသားဖြစ်သွားကြပြီး ဆူညံပွက်လောရိုက်သွားတော့သည်။ သို့သော် အားလုံးအထဲ အံ့သြမဆုံးဖြစ်နေသောလူသည်ကား ပိုင်လဲ့ပင်ဖြစ်သည်။

အခြေအနေတစ်ရပ်လုံးသည် အလွန်လျင်မြန်စွာပြောင်းလဲသွားသဖြင့် သူရပ်သာ ကြည့်နေမိတော့သည်။ ပိုင်ဟောက်က သူ ထင်မှတ်ထားခဲ့သော အရူးကောင်လေးအစား ယခုအခါ အဆုံးစွန်ထိ လေးစားဖွယ်ကောင်းသော နတ်ဘုရားတစ်ပါး ဖြစ်နေလေပြီ။

ပို၍ စိတ်လှုပ်ရှားဖွယ်ကောင်းသည်မှာ ဘိုးဘေးတောင်ပေါ်ရှိ ရတနာများအားလုံး မမလေးငါးဆီသို့ ရောက်ရှိနေသည်။ ပိုင်ရှောင်ချန်းထံမှ မယုံကြည်နိုင်ဖွယ် ဖိအားကြောင့် ပိုင်လဲ့မှာ စကားတစ်ခွန်းသော်မှ မဟရဲသလို မကျေမနပ်ဖြစ်နေသည့် မျက်နှာအမူအရာကိုပင် မပြဝံ့ချေ။ သူ၏ အလိုလိုသိစိတ်က သူ့ကို ဤသို့ ပြောနေ၏။

ပိုင်မျိုးနွယ်စုထဲမှာ ကိစ္စကြီးတစ်ခုတော့ ဖြစ်နေပြီ။

သူ၏ ထင်မြင်ချက် မှန်ပေသည်။ အမှန်တွင် ဘိုးဘွားပိုင်နယ်မြေထဲရှိ လူအားလုံးနီးပါး ထိုသို့ တွေးနေကြလေသည်။ ကျောက်ဂိတ်တံခါးပေါ်ရှိ မျက်နှာပြင်ကို စောင့်ကြည့်နေကြသည့် အပြင်ဘက်က လူအများတွင်.... အများစုသည်လည်း စိတ်ထဲတွင် သိလိုက်ကြ၏။

စုဝေးနေသော လူအုပ်ကြီးသည် ပိုင်ဟောက် ရုတ်တရက် အစွမ်းထက်လာပြီး ဘိုးဘေးတောင်ကို ထိုးခွင်း၍ ၄င်း၏ ရတနာများအားလုံး ယူနေသည်ကို ကြည့်နေကြလေသည်။ သူတို့မှာ မိုးကြိုးပေါင်း သောင်းခြောက်ထောင် ခေါင်းကို ပစ်ချခံလိုက်သည့်အလား ခံစားနေရတော့သည်။

" ဒါ....ဒါက..... ဘုရားရေ။ ဘာတွေ ဖြစ်နေတာတုန်း"

" အဲဒါ.....ပိုင်ဟောက်လား။ မဖြစ်နိုင်တာ။ သူ့ကို အစောပိုင်းအခြေခိုင်မာခြင်းအဆင့်မှာလို့ ထင်နေတာ။ အခုတော့ကြည့်စမ်း အစောပိုင်းအခြေခိုင်မာခြင်းအဆင့်မဟုတ်ဘူး၊ ယင်ယန်ဝိညာဥ်အဆင့်နဲ့တောင် ပိုတူတယ်"

"ဒီမှာ ဘာတွေ ဖြစ်နေတာတုံး။ ပိုင်ဟောက်မှာ... ကြောက်စရာကောင်းတဲ့ ထိန်းချုပ်နိုင်စွမ်းရှိပါလား။ အမှန်က သူ့မှာ ယင်ယန်ဝိညာဥ်အဆင့်ကျင့်ကြံခြင်းအခြေခံရှိပေမယ့် တချိန်လုံး လျှို့ဝှက်ထားခဲ့တာပဲ"

" မဖြစ်နိုင်တာ"

" ကိစ္စကြီးတစ်ခုတော့ ဖြစ်တော့မယ်။ အခုအချိန်မှာ ဘိုးဘွားပိုင်နယ်မြေထဲမှာ ပိုင်ဟောက်ကို ကျော်နိုင်တဲ့လူမရှိတော့ဘူး။ ဘုရား ဘုရား၊ နတ်ဝိညာဥ်။ သူရဲ့ ရည်ရွယ်ချက်က.... နတ်ဝိညာဥ်ပဲ"

"ပိုင်ချီတော့ ဒုက္ခရောက်ပြီ"

လူတိုင်း ရုတ်ရုတ်သဲသဲ အော်ဟစ်နေကြစဥ်တွင် အံသြတုန်လှုပ်နေသာ အမူအရာများဖြင့် မျိုးနွယ်စုအကြီးအကဲများ ထရပ်လိုက်ကြတော့သည်။

သူတို့အားလုံး လုံးလုံးလျားချား တုန်လှုပ်နေကြလေပြီ။ ပရိသတ်ထဲရှိ လူတစ်ယောက်မှ ပိုင်ရှောင်ချန်း၏ ကျင့်ကြံခြင်းအခြေခံကို အမှန်တကယ်မမြင်ရလေရာ သူက ယင်ယန်ဝိညာဥ်အဆင့်သို့ ရောက်ရှိနေပြီဟုသာ ယူဆလိုက်ကြတော့သည်။ သို့သော် မျိုးနွယ်စုအကြီးအကဲများအားလုံးသည် ယင်ယန်ဝိညာဥ်အဆင့်ကျင့်ကြံသူများဖြစ်လေရာ အခြေအနေအစစ်အမှန်ကို တိတိကျကျသိနိုင်လေသည်။

" ပိုင်ဟောက်က တကယ်တော့ အယောင်ဆောင်ယင်ယန်ဝိညာဥ်အဆင့်မှာပဲ"

" မင်းဘကြီး။ ပိုင်ဟောက်အစစ်မဟုတ်ဘဲ အယောင်ဆောင်ဖြစ်နေရင်ရော "

" မဟုတ်လောက်ဘူး။ ယင်ယန် ဝိညာဥ်နဲ့ ဆိုရင်တောင်မှ ပိုင်မျိုးနွယ်စုရဲ့ သွေးမပါပဲ မျိုးနွယ်စုမန္တန်အစီအရင်ကို ဖြတ်လို့ရမှာ မဟုတ်ဘူး"

" ဒီလို ကျင့်ကြံခြင်းအခြေခံမျိုးနဲ့ဆိုရင် ပိုင်ဟောက်အစစ်သာဆိုရင်တော့ ပိုင်မျိုးနွယ်စုရဲ့ ပါရမီရှင်ပဲ "

ထိုမျိုးနွယ်စုအကြီးအကဲများသည် စိတ်ဓာတ်ကြံ့ခိုင်ပြီး အံ့သြစရာကောင်းသော လူများဖြစ်သော်လည်း ယခုအခိုက်အတန့်တွင် သူတို့၏ မျက်လုံးများ၌ အံသြတုန်လှုပ်မှုများ ထင်ဟပ်နေလေသည်။

အမှန်တရား ခန်းမနှင့် တရားစီရင်ရေးရာခန်းမတို့မှ မဟာအကြီးအကဲများမှာလည်း အလားတူ တုန်လှုပ်နေပြီး အထူးသဖြင့် ဒုတိယ မဟာအကြီးအကဲ၏ မျက်လုံးများသည် မယုံကြည်နိုင်မှုများဖြင့် တောက်ပဝင်းလက်နေတော့သည်။

" အယောင်ဆောင် ယင်ယန်ဝိညာဥ်အဆင့်၊ ဒီကလေး ပိုင်ဟောက်က ကံကြမ္မာကပြောင်းလဲပေးတဲ့ ကံကောင်းခြင်းတွေကို ကြုံတွေခဲ့ရပေမယ့် လျှို့ဝှက်ချက် အဖြစ် ထိန်းသိမ်းထားနိုင်တယ်။ သူရဲ့ ထိန်းချုပ်နိုင်စွမ်းက ပင်ကိုယ်ကျင့်ကြံခြင်းအခြေခံထက်တောင် ကျော်နေပါရော့လား။ စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းမှာလည်း လက်ဖျားခါလောက်အောင် ကျွမ်းကျင်ရုံတင်မကဘူး၊ မယုံနိုင်စရာကောင်းတဲ့ ကျင့်ကြံခြင်းအခြေခံလဲ ရှိတယ်။ ဒီလို ပါရမီရှင်မျိုးက မျိုးနွယ်စုထဲမှာ နှစ်တစ်ထောင်မှ တစ်ကြိမ်ပဲ မြင်နိုင်တာ "

" ပိုင်မျိုးနွယ်စုရဲ့ ပါရမီရှင်ဆိုတာ အဲဒီလိုဖြစ်သင့်တာ "

မဟာအကြီးအကဲနှစ်ယောက်သည် ခေါင်းများချာချာလည်နေတော့သည်။ ပိုင်ရှောင်ချန်း၏ ရုတ်တရက် ထင်ပေါ်ကျော်ကြားတိုးတက်လာမှုသည် လုံးဝမထင်မှတ်ထားသောအရာဖြစ်ကာ နောက်မည်သို့ဆက်ဖြစ်မည်ကို မည်သူမျှ မခန့်မှန်းနိုင်သော ဖြစ်ရပ်တစ်ခုပင်ဖြစ်လေသည်။

သူတို့သည်သာ အံ့သြတုန်လှုပ်၍ သွေးရူးသွေးတမ်း ဖြစ်နေခြင်းမဟုတ်ပေ။ အခြားမျိုးနွယ်စုနှစ်စုမှ ကိုယ်စားပြုသူများနှင့် သရဲကြီးမြို့တော်မှ သံတမန်သည်လည်း ဦးခေါင်းခွံထဲမှ မျက်လုံးများ ပြူးထွက်ကျတော့မတတ် အံ့သြတုန်လှုပ်နေကြတော့သည်။ ထိုအဖွဲ့သည် ပိုင်မျိုးနွယ်စုသို့ အလည်ပတ်ခရီးတွင် အလွန်မယုံကြည်နိုင်ဖွယ်ကောင်းသောအရာတစ်ခုကို မျက်မြင်ကိုယ်တွေ့ကြံရလိမ့်မည်ဟု ဘယ်တုန်းကမှ တွေးပင် မတွေးခဲ့ဖူးပေ။

"ဒီလို ပါရမီရှင်၊ ပိုင်မျိုးနွယ်စုမှာ တစ်ခါမှ မပေါ်ဖူးဘူး။ ဒါ့အပြင် ဒီလူပိုင်ဟောက်က သူ့ မျိုးနွယ်စုနဲ့ အဆင်မပြေတာ သိသာတယ်"

" အင်း ဒီလိုဖြစ်လာတာ ကောင်းတဲ့အရာပဲ။ ပိုင်ဟောက်ကိုသာ ထောက်ခံတဲ့လူရှိရင် ပိုင်မျိုးနွယ်စုရဲ့ ခေါင်းဆောင်ဖြစ်လာနိုင်တယ် "

" ပိုင်ဟောက်၊ ဟမ်း... စိတ်ဝင်စားစရာပဲ။ အရှင်မင်းမြတ်ကို သတင်းပေးပို့ရမယ်။ ပိုင်မျိုးနွယ်စုထဲမှာ ဂိုဏ်းကွဲမှုတစ်ခု ပေါ်ပေါက်တော့မယ့်ပုံပဲ "

ကိုယ်စားလှယ်နှစ်ဦးနှင့် သံတမန်သည် မျိုးနွယ်စုအကြီးအကဲများထက်ပင် အံ့သြတုန်လှုပ်နေသည့်တိုင် ရှိသမျှလူအားလုံးထက် ကျော်လွန်၍ အံ့သြတုန်လှုပ်နေသော လူတစ်ယောက်ရှိသေးသည်။

သခင်မချိုင်သည် အလွန်တရာ တုန်ရီနေပြီး အော်ဟစ်လာတော့သည်။

" ပိုင်ဟောက်၊ ခွေးမသား မင်းသေရမယ်။ ခွေးကောင် မင်းသေရမယ်။ ဟဲ့အကောင်တွေ အဲဒီကိုသွားပြီး သူကို သတ်စမ်း။ သူ့ကို သတ်ပစ်။ သတ်ပစ်ကြ"

သူမ၏ မျက်လုံးများသည် ရဲရဲနီနေပြီး သွပ်သွပ်ခါရူးတော့မတတ် ဖြစ်နေပုံရလေသည်။ ဆံပင်များမှာလည်း ရှုပ်ပွနေပြီး သူမ၏ နားကွဲလုမတတ် စိတ်ပျက်ဖွယ် အသံစူးစူးအရ အခြေအနေကို မထိန်းချုပ်နိုင်တော့သည့်ဟန်တူသည်။

အမှန်တကယ်ပင် သူမအတွက် တုံ့ပြန်ရန် အခြားနည်းလမ်းမရှိတော့ပေ။ သူမ၏ရင်ထဲတွင် ပိုင်ချီ၏ ယခင်ကရှင်းပြချက် ဖြစ်သည့် ပိုင်ဟောက်က သူ၏လူသတ်သမားကို သတ်ရန် အပြင်လူအကူအညီယူခဲ့ရသည်ဆိုသည်မှာ မမှန်ကြောင်း သိလိုက်ရသောအခါ ကြောက်လန့်တုန်လှုပ်မှုများ ပြည့်နှက်လာတော့သည်။ သိသာစွာပင်.... ပိုင်ဟောက်သည် သူတစ်ယောက်တည်း သတ်ခဲ့ခြင်းဖြစ်သည်။

ပိုင်ဟောက်၏ ကျင့်ကြံခြင်းအခြေခံမည်မျှ စွမ်းအားကြီးပြီး ယခင်လူသတ်သမားများအား သူ သတ်ခဲ့ကြောင်း၊ ထို့အတူ ပိုင်ချီက လူသိရှင်ကြား သူ့ကို သတ်မည်ဟု ကြွေးကြော်ခဲ့ပုံတို့ကို သူမ သတိပြုမိလိုက်သောအခါ ဘိုးဘွားပိုင်နယ်မြေတွင် မည်သို့ဖြစ်တော့မည်နည်းဟု တွေးမိလာသည်။ သခင်မကိုင်၏ အမြင်အာရုံများ ဝေဝါးလာပြီး ကြောက်လန့်တကြား မအော်ဟစ်ပဲမနေတော့ချေ။

ပိုင်ချီ.... ဒုက္ခရောက်ပြီ။

" ဟင့်အင်း မဖြစ်ရဘူး။ မဖြစ်နိုင်ဘူး။ ချီအာ ထွက်လာခဲ့တော့"

ကံဆိုးစွာပင် သခင်မချိုင်သည် မည်မျှအော်ဟစ်စေကာမူ သူမ၏ အသံက ဘိုးဘွားပိုင်နယ်မြေထဲမရောက်နိုင်ကြောင်း မေ့သွားလေပြီ။ သခင်မတစ်ပါးနှင့်လျော်ညီသော အမူအကျင့်များကို လျစ်လျူရှု၍ သူမခင်ပွန်းထံ ပြေးသွားကာ အရူးသဖွယ် သူ့လက်မောင်းကို ဆွဲလိုက်လေသည်။

" ချီအာက ပိုင်မျိုးနွယ်စုရဲ့ ပါရမီရှင်။ သူသေလို့မရဘူး"

မျိုးနွယ်စုခေါင်းဆောင်အတွက် ထိုအခြေအနေကို နားလည်သဘောပေါက်ရန် သခင်မချိုင်ထံမှ တိုက်တွန်းမှုတစ်စုံတရာ မလိုလိုက်ပေ။ သခင်မချိုင်က သူ့လက်မောင်းကို ဆွဲလိုက်သည်နှင့် သူက ခေါင်းနောက်လှန်ကာ ကောင်းကင်ဘုံကိုပင် ထိုးဖောက်သွားနိုင်သော ပူဆွေးသောက၊ အမျက်ဒေါသတို့ဖြင့် ဟိန်းဟောက်လိုက်သည်။

"ခွေးကောင် ပိုင်ဟောက်"

ထိုအခိုက်၌ မျိုးနွယ်စုခေါင်းဆောင်သည် ယခင်နေ့ကကဲ့သို့ တစ်ထပ်တည်း ပြုမူနေသည်။ ပိုင်ဟောက် ထင်ရှားကျော်ကြားလာသည်ကို ဂုဏ်ယူဝမ်းမြောက်ရမည့်အစား သူက ဒေါသူပုန်ထနေလေသည်။

" ဘာကြောင့် မင်းမှာ ဒီလို ပါရမီရှိတာလဲ။ ဘာကြောင့် ဒီလို ကျင့်ကြံခြင်းအခြေခံရှိတာလဲ။ မင်းကံကြမ္မာက အရှုံးပေးဖို့ပဲ။ မင်းက အနိမ့်တကာ့အနိမ့်ဆုံး မျိုးမစစ်သားပဲ။ မင်းဘာလို့ တိုက်ခိုက်ေနမှာတုံး "

သခင်မချိုင်နည်းတူ မျိုးနွယ်စုခေါင်းဆောင်သည် ပိုင်ချီအတွက် အလွန့်အလွန်စိုးရိမ်နေသောကြောင့် ရှေ့တစ်လှမ်းတိုးကာ ကျောက်ဂိတ်တံခါးကြီးကို လက်ချောင်းဖြင့် ဝှေ့ယမ်းလိုက်တော့သည်။

ထစ်ခြုန်းမြည်ဟည်းသံများကြားလိုက်ရပြီး ဂိတ်တံခါးကြီး တုန်ခါသွား၏။ အံသြတုန်လှုပ်ဖွယ်ကောင်းစွာ မျိုးနွယ်စုခေါင်းဆောင်သည် ဘိုးဘွားပိုင်နယ်မြေဝင်ပေါက်ကို ဖွင့်ရန် အစွမ်းကုန်ကြိုးစားနေလေသည်။ ထိုသို့ ပြုလုပ်နိုင်ပါက ဝင်ပေါက်ကို ဖြတ်၍ ပိုင်ရှောင်ချန်းကို ရှာကာ သတ်ပစ်နိုင်မည်ဖြစ်လေသည်။

All Chapters