← Chapters

🍭 Little Wife (3)

Vol. 4 Ch. 49

🍭 Little Wife (3)

Vol. 4 Ch. 49

ချောင်ကျာယိသည် လုလီ လေးလေးနက်နက် စဉ်းစားနေသည်ကို မြင်သောအခါ သူမ၏လက်မောင်းကို တွန်းထိုးလိုက်ပြီး— "ဟေး နင် တကယ်ပဲ ချီချန်းရန်နဲ့ကလေးယူဖို့ စဥ်းစားနေတာလား? ငါက ဒီတိုင်း ရယ်စရာပြောလိုက်တာနော်၊ ငါ့စကားကို အလေးအနက်မထားနဲ့!"

လုလီခေါင်းမော့လာပြီး "ဘာလို့မဖြစ်နိုင်ရမှာလဲ?"

ချောင်ကျာယိ ချက်ချင်း အသက်ရှူကြပ်သွားပြီး "နင်...နင် ဘာတွေတွေးနေတာလဲ? မဖြစ်ဘူးနော်! ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူး!"

ချောင်ကျာယိ စကားမှားသွားသည်။ လုလီ ကလေးယူဖို့ မစဥ်းစားသင့်ပေ။ ယခု သူမသည် ချီချန်းရန်အား အစစ်အမှန် ခင်ပွန်းအဖြစ် ထင်မှတ်နေသောကြောင့် သူနှင့် ကလေးယူချင် နေခြင်းဖြစ်သည်။ သို့သော် ကလေးမွေးပြီး နောက်ပိုင်း လုလီ အသိပြန်ဝင်လာချိန်တွင် ထိုခင်ပွန်းအတုနှင့်ကလေးယူထားသည်ကို သိသွားခဲ့ပါက သူမ ရူးခါသွားလိမ့်မည်ဖြစ်သည်။

လုလီ ခိုင်မာစွာခေါင်းညိတ်လိုက်ပြီး "ငါ လုပ်နိုင်မယ်ထင်တယ်"

ချောင်ကျာယိသည် လုလီ၏ ခိုင်မာသောမျက်လုံးများကို မြင်လိုက်ရသည် နှင့် တပြိုင်နက် သူမ၏ခန္ဓာကိုယ်မှ မွှေးညင်းများ တစ်ချောင်းပြီးတစ်ချောင်း ထောင်မတ်သွားသလို ခံစားလိုက်ရပြီး လုလီအား ကလေးမွေးရန် အကြံပေးမိသည်ကိုပင် နောင်တရသွားသည်။ ကလေးမွေးရန် ဆုံးဖြတ်ပြီးဖြစ်သော လုလီအား ဤအတွေးမှ ရပ်တန့်ရန် မဖြစ်နိုင်တော့ဟု ထင်ရသည်။

ချောင်ကျာယိသည် လုလီ၏ရှုပ်ထွေးနေသော အသိဥာဏ်ကြောင့် ဖြစ်ရသည်ဟုသာ သူ့ကိုယ်သူ နှစ်သိမ့်ပေးရုံမှတပါး ရွေးချယ်စရာလမ်းမရှိတော့ပေ။ သို့သော် ချီချန်းရန်ကတော့ ပုံမှန်အတိုင်းရှိနေသည်မဟုတ်ပါလား?

၎င်းတို့သည် တရားဝင်လက်ထပ်ထားခြင်း ဖြစ်သော်လည်း အတုအယောင်ဇနီးမောင်နှံများသာဖြစ်သည်။ ယခုချိန်တွင် ချီချန်းရန်သည် လုလီစိတ်မတည်မငြိမ်ဖြစ်နေသည်ကို အခွင့်ကောင်းယူပြီး လှည်ဖြားနေသည်ကို သူမ အပြင်းအထန်ဝေဖန်ရန် မသင့်သော်လည်း အကယ်၍ လုလီအား ကလေးယူဖို့ အခွင့်ကောင်းယူမည်ဆိုလျှင် သူမ သေချာပေါက် တစ်ခုခုလုပ်ရမည်ဖြစ်သည်။

သို့သော် သူမ သိသလောက်၊ ချီချန်းရန်သည် ဝံပုလွေတစ်ကောင်ဖြစ်သော်ငြား၊ ထိုကဲ့သို့သော အရာမျိုးကို အရှက်မရှိ အခွင့်ကောင်းယူတာမျိုးတော့ လုပ်လောက်မည်မထင်ပေ။

ချောင်ကျာယိသည် ဤအတွေးဖြင့် သူ့ကိုယ်သူ နှစ်သိမ့်ခဲ့သည်။

လုလီကတော့ ကလေးယူမည့်ကိစ္စကို နှလုံးသွင်းနေခဲ့သည်။

-

ရှန့်ကျင် Group ၏ အရေးအကြီးဆုံး စက်မှုလုပ်ငန်းမှာ ရှန့်ကျင်နည်းပညာဖြစ်ပြီး ၎င်း၏ဥက္ကဋ္ဌမှာ ချီချန်းရန်ဖြစ်သည်။

လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း ရှန့်ကျင် Technology သည် အီလက်ထရွန်းနစ်ပစ္စည်းများ၏ အခြေခံကျသော နည်းပညာများနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အာရုံစိုက်လုပ်ဆောင်ခဲ့သည်။ အီလက်ထရွန်းနစ် ထုတ်ကုန်များအတွက် ဆက်စပ်ပစ္စည်းများကို အဓိကထုတ်လုပ်ပြီး သာမန်အသုံးပြုသူ စျေးကွက်တွင် တိုက်ရိုက်ဝင်ရောက်ခြင်းမရှိပေ။ သို့သော် ရှန့်ကျင် Technology မှ ထုတ်လုပ်သော စနစ်ဆော့ဖ်ဝဲ (System) နှင့် ဆက်စပ်အစိတ်အပိုင်းများသည် ဈေးကွက်ရှိ အရွယ်စုံအီလက်ထရွန်းနစ် ပစ္စည်းများတွင် အမြဲတမ်းပါဝင်နေသည်။ အပြင်ဘက်မှ မမြင်ရသော်လည်း ၎င်းတို့၏ နည်းပညာများသည် နေရာတိုင်းတွင်ရှိနေသည်ဟု ဆိုနိုင်သည်။ ချီချန်းရန်၏ မိဘများ ကွယ်လွန်ချိန်တွင် ရှန့်ကျင်အုပ်စုအတွင်းရှိ အတွင်းပိုင်းအင်အားစုများစွာသည် လှုပ်ရှားရန် အသင့်ရှိနေခဲ့သည်။ မဒမ်ချီသည် ဘုတ်အဖွဲ့ဥက္ကဋ္ဌဖြစ်လာပြီးမှသာ ထိုအခြေအနေကို နှိမ်နင်းနိုင်ခဲ့သည်။ သို့သော် နောက်ဆုံးတွင် သူမအသက်အရွယ် အိုမင်းလာပြီဖြစ်သည်။ ယခင်နှစ်များတွင် ရှန့်ကျင်၏ဖွံ့ဖြိုးတိုးတက်မှုသည် အလွန်ဆိုးရွားသည် မဟုတ်သော်လည်း ပင်မနည်းပညာသည် အရှိန်အဟုန်ဖြင့် လျင်မြန်စွာ တိုးတက်ပြောင်းလဲနေလေရာ ရှန့်ကျင်နည်းပညာအနေဖြင့် ထိုအခြေအနေတွင် စျေးကွက်မထိုးဖောက်နိုင်ပါက စိုးရိမ်ရသည့်အနေထားဖြစ်နေသည်။

ချီချန်းရန်သည် ရှန့်ကျင်နည်းပညာကို လွှဲပြောင်းလက်ခံပြီး နောက်ပိုင်းတွင် အခြေအနေပြောင်းလဲလာခဲ့သည်။ ငယ်ရွယ်သော လူငယ်ခေါင်းဆောင်သည် ရှန့်ကျင်လုပ်ငန်းတစ်ခုလုံးကို အသက်သွင်းပေးနိုင်ခဲ့သည်။ လွန်ခဲ့သောနှစ် အနည်းငယ်အတွင်း ရှန့်ကျင်သည် ပိုမိုကောင်းမွန်စွာ ဖွံ့ဖြိုးလာခဲ့ပြီး ချီချန်းရန်သည် အသစ်အသစ်သော ထိုးဖောက်မှုများနှင့်ဆန်းသစ်တီထွင်မှုများကို ဆက်လက်ရှာဖွေနေခဲ့သည်။ လွန်ခဲ့သော သုံးနှစ်ခန့်က ရှန့်ကျင်ကိုယ်ပိုင်သုတေသနအဖွဲ့မှ ဖန်တီးထုတ်လုပ်သော 'Go'ထုတ်ကုန်သစ်ကို တိုက်ရိုက်သုံးစွဲသူဈေးကွက်ထဲသို့ မိတ်ဆက်ပေးနိုင်ခဲ့သည်။ စတင်လိုက်သည်နှင့် 'Go' ထုတ်ကုန်သည် ဈေးကွက်ကို အလျင်အမြန်သိမ်းပိုက်နိုင်ခဲ့ပြီး ကြီးမားသောအောင်မြင်မှုကို ရရှိခဲ့သည်။

ထို့နောက် ရှန့်ကျင်သည် ၎င်း၏ထုတ်ကုန် 'Go' ၏ ဆန်းသစ်တီထွင်မှုနှင့် အဆင့်မြှင့်တင်မှုအသစ်များကို ချပြရန် နှစ်စဉ်ပြပွဲတစ်ခု ကျင်းပခဲ့သည်။ ရှန့်ကျင်Technology သည် ယေဘူယျအားဖြင့် နောက်ဆုံးပေါ်ပြည်တွင်းနည်းပညာကို ကိုယ်စားပြုသောကြောင့် ရှန့်ကျင်၏နှစ်စဉ်ပြပွဲသည် နည်းပညာလောကမှ လူအများ၏အာရုံစိုက်မှုကို အမြဲရရှိခဲ့သည်။

ယခုနှစ် ရှန့်ကျင်၏သတင်းစာရှင်းလင်းပွဲကို သောကြာနေ့တွင်ပြုလုပ်ရန် စီစဉ်ထားပြီး ပြည်တွင်း၊ပြည်ပမှ နည်းပညာလုပ်ငန်းရှင်များသည် ၎င်းကိုကြည့်ရှုရန် စောင့်မျှော်နေကြသည်။

အချိန်နီးကပ်လာသည်နှင့်အမျှ ချီချန်းရန်သည် ပြပွဲကာလအတွင်း အလွန်အလုပ်များလာသည်။သူသည် ကုမ္ပဏီတွင် ရက်အတော်ကြာ ဆက်တိုက်အစည်းအဝေးများ တက်နေရပြီး အိမ်တွင်လည်းညဉ့်နက်သည်အထိ ဗီဒီယိုကွန်ဖရင့်များ ဆက်လက်လုပ်ဆောင်နေရသည်။

လုလီသည် အလိုက်သိစွာဖြင့် ယခုအချိန်တွင် ချီချန်းရန်အား အနှောင့်အယှက်မပေးဘဲ သူ၏အလုပ်များကို အာရုံစိုက်နိုင်စေရန် နေရာပေးထားသည်။ ထို့ကြောင့် ချီချန်းရန် အခန်းထဲ ပြန်ရောက်ချိန်တွင် လုလီ အိပ်ပျော်နေပြီဖြစ်သည်ကို တွေ့ရပေလိမ့်မည်။

မနက်ပိုင်းတွင် လုလီသည် ချီချန်းရန်၏ရှေ့တွင်ရပ်ကာ သူ၏နက်ကတိုင်ကိုချည်ပေးလိုက်ပြီး နှစ်ယောက်သား စကားအနည်းငယ် ပြောဖြစ်ကြသည်။

ချီချန်းရန်သည် သူမအား ကြည့်ကာ "သတင်းစာရှင်းလင်းပွဲကို လာမှာလား?" ဟု မေးလိုက်သည်။

လုလီသည် ဒီနှစ်အတွက် ရှန့်ကျင်သတင်းစာရှင်းလင်းပွဲအကြောင်း ချီချန်းရန်ပြောနေမှန်း သိလိုက်သည်။

ရှေ့နှစ်နှစ်တုန်းက ထိုပွဲကို မသွားဖြစ်ခဲ့မှန်း သူမမှတ်မိသည်။ အကြောင်းမှာ သူမသည် နည်းပညာကို စိတ်ဝင်စားသူ မဟုတ်သဖြင့် ထိုကဲ့သို့သော နည်းပညာဆိုင်ရာအောင်မြင်မှုများနှင့် ဆန်းသစ်တီထွင်မှုများကို စိတ်မဝင်စားသော ကြောင့်ဖြစ်သည်။

လုလီသည် ရှေ့နှစ်များက သူမ၏ ပျက်ကွက်မှုအတွက် နောင်တရခဲ့သည်။

သို့သော် သူမ ဤအရာကို စိတ်မဝင်စားသည့်အတွက် မည်သို့လုပ်ရမည်နည်း? မဖြစ်မနေ သွားရောက်ရမည်ဟူသော စည်းကမ်းသတ်မှတ်ထားမျိုးလည်း မရှိပေ။

ယခုတော့ ခင်ပွန်းဖြစ်သူကိုအားပေးဖို့ ထိုပွဲကို သွားကိုသွားမှဖြစ်မည်။

လုလီ ချက်ချင်းပင် ခေါင်းညိတ်လိုက်ပြီး "သေချာပေါက် လာခဲ့မယ်"

လုလီထံမှ သဘောတူကြောင်း တုံ့ပြန်မှုကို ကြားရသောအခါ ချီချန်းရန်သည် သူ့လက်ကို မြှောက်ပြီး သူမခေါင်းကို ပွတ်သပ်လိုက်သည်။

လုလီသည် ချီချန်းရန်အား ချစ်စဖွယ်မျက်လုံးများဖြင့် ပြန်မော့ကြည့်လိုက်သည်။

ယခုရက်ပိုင်းတွင် ချီချန်းရန် အလွန်အလုပ်ရှုပ်နေသဖြင့် ကလေးယူမည့်ကိစ္စကို သူ့အား လုလီ ပြောဖို့အချိန်မရခဲ့ပေ။

သူမသည် အရာအားလုံးကို တွေးတောပြီးဖြစ်၍ တိုးတက်မှုကို အရှိန်မြှင့်တင်ရမည်ဖြစ်သည်။ ဒီနှစ်တော့ တစ်ယောက်တည်းသွားရမည်ဖြစ်သော်လည်း နောက်နှစ်တွင် သူမ ဘေဘီလေးနှင့်အတူပွဲတက်ရမည်။

သတင်းစာရှင်းလင်းပွဲတွင် သူမ၏ခင်ပွန်းသည် လူတိုင်းကို အံ့အားသင့်စေသည့် ရလဒ်များနှင့် တီထွင်ဆန်းသစ်မှုများကို ပြသခဲ့သည်။ ထုတ်ကုန်တင်မကဘဲ သူ၏ဆွဲဆောင်မှုနှင့် အရည်အချင်းများက လူတိုင်းကို သဘောကျစေခဲ့သည်။

ထိုအချိန်တွင် သူ၏ဇနီးချောလေးသည် ပရိသတ်ထဲတွင် ထိုင်နေသည်။ သူမသည် ခင်ပွန်းဖြစ်သူအား ဂုဏ်ယူစွာကြည့်ရင်း သူမနံဘေးတွင် ၎င်းတို့နှစ်ဦးကြား ခိုင်မြဲသောချစ်ခြင်းမေတ္တာကို သက်သေပြနိုင်မည့် ကလေးလေးတစ်ယောက်ရှိလာမည့်အချိန်ကို စိတ်ကူးယဥ်နေမိသည်။

ထို့နောက် အခြေအမြစ်မရှိသည့် ကောလဟာလများ ပျက်ပြယ်သွားမည်ဖြစ် သည်။

ဘယ်လောက်တောင် ကောင်းချီးတွေနဲ့ပြည့်စုံပြီး ပျော်ရွှင်စရာကောင်းတဲ့ မိသားစုလေးဖြစ်နေလိမ့်မည်နည်း?

ဟင်...

ချီချန်းရန်သည် လုလီအားကြည့်လိုက်ရာ သူမ မည်သည့်အကြောင်းအရာကို အတွေးနယ်ကျွံနေမှန်း မသိသော်ငြား လည်း သူမ၏ အပြုံးသည် ချိုမြိန်လွန်းနေသည်။

All Chapters