← Chapters

🍭 You Are My Pride! (1)

Vol. 4 Ch. 50

🍭 You Are My Pride! (1)

Vol. 4 Ch. 50

ရှန့်ကျင်Group သည် သောကြာနေ့တွင် ၎င်း၏နှစ်ပတ်လည် သတင်းစာရှင်းလင်းပွဲကို ပြုလုပ်ခဲ့သည်။ အချိန်ကို နေ့လည်သုံးနာရီ သတ်မှတ်ထားသော်လည်း နှစ်နာရီခွဲ၌ ပွဲကျင်းပရာနေရာတွင် လူပြည့်လုနီးပါး ဖြစ်နေပြီဖြစ်သည်။

အခန်းထဲတွင် မရေမတွက်နိုင်သော သတင်းထောက်များ၊ စီးပွားရေး လုပ်ငန်းရှင်များနှင့် စီးပွားရေး အမှုဆောင်များသည် ဧည့်သည်ထိုင်ခုံများတွင် ထိုင်နေကြသည်။ လေအေးပေးစက်၏ အရှိန်ကြောင့် အခန်းတွင်းအလွန်အေးစိမ့်နေပြီး လက်ဖက်ရည်ခန်းတွင် လတ်ဆတ်သောသစ်သီးများနှင့် အဆာပြေမုန့်များ စီစဥ်ပေးထားသည်။

ချင်ရုံသည် ခါးကိုကိုင်းလျက် ထိုင်ခုံ၏တတိယတန်းနောက်မှ လျင်မြန်စွာဖြတ်သန်းကာ အလယ်သို့ရောက်လာပြီးနောက် သူ့လက်ထဲတွင် ပါလာသော ခပ်ပါးပါးစောင်တစ်ထည်ကို လုလီအား လှမ်းပေးလိုက်သည်။ "မဒမ်"

လုလီ စောင်ကိုယူလိုက်ပြီးနောက် "ကျေးဇူးပါပဲ"

ချင်ရုံ သူ့ခါးကိုကိုင်းလျက် ပြန်ထွက်သွားသည်။

လုလီသည် စောင်ကို ပေါင်ပေါ်တင်ပြီး အချိန်ကို စစ်ဆေးရန် ဖုန်းကို ထုတ်လိုက်သည်။

အချိန်မှာ ၂:၄၅ သို့ ချဥ်းနင်းဝင်ရောက်နေပြီဖြစ်၍ မကြာမီအချိန်တွင်း စတင်တော့မည်ဖြစ်သည်။

လုလီသည် ရုတ်တရက် ခင်ပွန်းဖြစ်သူအတွက် စိတ်လှုပ်ရှားနေမိပြီး သူမ နောက်သို့လှည့်ကြည့်လိုက်သောအခါ အနောက်ဘက်တွင် ပရိတ်သတ်များဖြင့် ပြည့်ကျပ်နေသော ထိုင်ခုံများကို တွေ့လိုက်ရသည်။

ဘေးနှစ်ဖက်နှင့်နောက်ဆုံး ဧရိယာမှာ သတင်းထောက်များအတွက်ဖြစ်ပြီး လူအများစုသည် tripods များဖြင့် အရွယ်အစားစုံလင်သည့် ကင်မရာများကို ကိုင်ဆောင်ထားကြသည်။ နိုင်ငံခြားသတင်းထောက် အချို့လည်းရှိနေသည်။

ထိုသတင်းစာရှင်းလင်းပွဲအား ကြီးမားသောဝက်ဘ်ဆိုက်များနှင့် ဖိုရမ်များတွင် တိုက်ရိုက်ထုတ်လွှင့်သွားမည်ဖြစ်သည်။

ထိုတင်မကသေးဘဲ တစ်ချို့ဧည့်သည်များသည် ၎င်းတို့၏မိုဘိုင်းဖုန်းများနှင့် တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေကြသည်။

လုလီသက်ပြင်းချလိုက်သည်။ သူမ ကျင်လည်ရာ အလှအပနှင့်ဖက်ရှင်လောကဘက်တွင် ထိုကဲ့သို့သော သတင်းစာရှင်းလင်းပွဲမျိုးကို သိပ်ပြီးအာရုံစိုက်လေ့မရှိကြပေ။ သူမကဲ့သို့ပင်၊ ထိုဝန်းကျင်ရှိလူများသည် သတင်းဖတ်ပြီး ဝယ်စရာထုတ်ကုန်အသစ်များ ရှိသည်ဆိုတာပဲသိကြသည်။ သို့သော် ဒီတစ်ခါတော့ သူမသည် အသေးစိတ် အချက်အလက်တိုင်းကို နားထောင်ပြီး အာရုံစိုက်ရန် လိုအပ်သည်။

လုလီ ခါးကိုမတ်မတ်ထားလိုက်ပြီး သူမ လက်ချောင်းများဖြင့် ဆံပင်များကို သပ်လိုက်ကာ စိတ်မလှုပ်ရှားနေရန် ကိုယ့်ကိုကိုယ်သတိပေးလိုက်သည်။ ခင်ပွန်းဖြစ်သူက မည်သည့်အကြောင်းအရာပြောမည်ကို မသိလျှင်တောင် သူ့အတွက် အားပေးစကားပြောဖို့ရန် အာရုံစိုက်ဖို့လိုသည်။

သူမသည် ယနေ့ အပြင်မထွက်မီ ဤပွဲအတွက် အချိန်အတော်ကြာယူပြီး ပြင်ဆင်ခဲ့သည်။ ယနေ့တွင် သူမ V-brand မှ ခရမ်းရောင် ဇာပန်းထိုးစကတ်ကို ၀တ်ဆင်ထားသည်။ သူမအသွင်အပြင်မှာ မြင့်မြတ်သောနတ်သမီးတစ်ပါး ကဲ့သို့ ဖြစ်နေပြီး ဤသည်မှာ ခင်ပွန်းဖြစ်သူ၏ ခရမ်းရောင်လည်စည်းနှင့်လည်း လိုက်ဖက်ပေသည်။

လုလီသည် တတိယတန်းတွင် နေရာယူထားသည်။ ပထမနှစ်တန်းသည် ရှန့်ကျင်၏အကြီးတန်းအမှုဆောင်များနှင့် ဒါရိုက်တာများအပြင် အထူးဖိတ်ကြားထားသည့် အရေးကြီးဧည့်သည်တော်များအတွက် ဖြစ်သည်။

ချီချန်းရန်သည် သူမအား ရှေ့ဆုံးတန်းတွင် ထားစေချင်သော်လည်း လုလီသည် ဘုတ်အဖွဲ့ဝင်ဟောင်းများနှင့်အတူ မထိုင်ချင်သည့်အပြင် ပထမတန်းနှစ်တန်းသည် အလွန်နီးကပ်နေသဖြင့် သက်တောင့်သက်သာမရှိသလို ခံစားမိတာကြောင့် မိမိသဘောဖြင့် တတိယတန်းတွင် နေရာယူခဲ့သည်။

သူမဘေးပတ်လည်တွင် ထိုနယ်ပယ်ရှိ နာမည်ကြီးသော စက်မှုလုပ်ငန်းရှင်ကြီးများနှင့် အဆင့်မြင့် ပညာရှင်အချို့တို့ ဝန်းရံထားသည်။

လုလီသည် သူမဘေးတွင် ထိုင်နေသောသူအား ဘလော့ဂါတစ်ယောက် ဖြစ်လိမ့်မည်ဟုထင်သည်။ ထိုသူသည် လက်ကိုင်ဖုန်းအား ဆုပ်ကိုင်ထားပြီး Fan များကို ခပ်တိုးတိုး နှုတ်ဆက်နေခဲ့သည်။

မကြာခင် အချိန် ၃ နာရီ ၃၀ သို့ ရောက်ရှိပြီဖြစ်ကြောင်း နာရီလက်တံက ညွှန်ပြနေသည်။

အခန်းထဲရှိ မီးရောင်များ ပြတ်တောက်သွားပြီး စင်မြင့်ပေါ်၌ အထူးဒီဇိုင်းထုတ်ထားသော မီးများ လင်းကျင်းလာသည်။ ထို့နောက် ဖန်သားပြင်ကြီးတွင် ရှန့်ကျင်၏လိုဂိုနှင့် "Go" အမှတ်တံဆိပ် ပေါ်လာသည်။

ပရိတ်သတ်အားလုံး တိတ်ဆိတ်သွားကြပြီး အားလုံး၏မျက်လုံးများက တစ်နေရာတည်းတွင် စုဝေးသွားကြသည်။

မိနစ်ဝက်ခန့်အကြာတွင် အားလုံးစောင့်မျှော်နေသော အမျိုးသားတစ်ယောက် ပေါ်ထွက်လာသည်။

ချီချန်းရန်သည် သူ့လက်ထဲတွင် ကြီးမားသော ဖိုင်အိတ်ကို ကိုင်ထားပြီး စင်ပေါ်တက်လာသည်။

လက်ခုပ်သံများသည် ဆူညံစွာ ထွက်ပေါ်လာသည်။

လုလီသည် ချီချန်းရန်အား သူမ၏ရှုထောင့်မှ ဦးခေါင်းကနေ ခြေဖျားအထိ အထက် အောက် စိုက်ကြည့်လိုက်သည်။

စင်မြင့်ပေါ်၌ ဆလိုက်မီးများ တစ်နေရာတည်းတွင် စုစည်းသွားပြီး ထိုအမျိုးသားသည် ရှည်လျားသော ခြေတံရှည်များဖြင့် လျှောက်လာခဲ့သည်။ သူ၏မျက်လုံးများသည် မည်သည့်နေရာကိုမှ မရွေ့ပဲ သူ့နားထဲတွင် သဘာဝရောင်မိုက်ခရိုဖုန်းကို တပ်ဆင်ထားသည်။ သူ၏သွင်ပြင်မှာ အလွန်ပင် ခန့်ညားထည်ဝါနေပြီး ယုံကြည်မှုအပြည့်ရှိနေသည်။

လုလီ ခင်ပွန်းဖြစ်သူကိုကြည့်ရင်း သူမ၏မျက်နှာပေါ်တွင် အပူချိန်မြင့်တက်လာသည်ကို ခံစားမိလိုက်သည်။ သူမ၏ နှလုံးသားသည် ရင်ဘတ်ထဲမှ အပြင်သို့ ခုန်ထွက်လုမတတ် ဖြစ်နေသည်။

"လောင်ကုန်း!" သူမသည် လက်ခုပ်သံကြားမှ အော်ဟစ်ကာ လက်များကိုမြှောက်ပြလိုက်ပြီး နှလုံးသားပုံသဏ္ဍာန် လုပ်ပြခဲ့သည်။ သူမ၏ အပြုံးသည် တောက်ပလို့နေပြီး မျက်လုံးထဲတွင် ကြယ်ပွင့်များမှာ ယှက်ပြေးနေသည်။

ထိုအမျိုးသားသည် သူမအပိုင်ဖြစ်၍ လောင်ကုန်းဟုခေါ်ဆိုခြင်းသည် ရှက်စရာ မဟုတ်ပေ။

ချီချန်းရန်သည် လက်ခုပ်သံများကြားမှ စင်မြင့်အလယ်သို့ မျက်လုံးရောက်သွားပြီး ဧည့်သည်ထိုင်ခုံကို မျက်နှာမူကာ တတိယတန်းအလယ်တွင် ထိုင်နေသည့် လုလီကို ချက်ချင်းမြင်လိုက်ရသည်။

သူမသည် မီးခိုးရောင်နှင့်ခရမ်းရောင်ရောစပ်ထားသော စကတ်အနုတစ်ထည် ဝတ်ဆင်ထားပြီး သူမ၏ ဖြူစွက်သော အသားအရေမှာ မှောင်နေသော ဧည့်သည်များကြားတွင် လင်းထွက်နေသည်။ သူမ၏ရှည်လျားသောဆံပင်သည် တောက်ပြောင်နေပြီး ဆွဲဆောင်မှုရှိနေသည်။ သူမသည် အနက်ရောင်၀တ်စုံကို ၀တ်ဆင်ထားသည့် ဧည့်သည်များကြားတွင် အလွန်ထင်ရှားနေသည်။

ချီချန်းရန်သည် ပြုံးပြလိုက်ပြီး သူ့ပါးစပ်ဘေးရှိ မိုက်ခရိုဖုန်းကို လက်ဖြင့် ကိုင်ကာ သူ့လက်ထဲရှိ ဖိုင်အိတ်ထဲမှ အရာများကိုထုတ်ယူနေသည်။

"ဝိုး~"

ချီချန်းရန် ဖိုင်အိတ်ထဲမှ ထုတ်ယူလိုက်သောအရာကိုမြင်သောအခါ တက်ရောက်လာသူအားလုံးထံမှ အာမေဋ္ဌိတ်သံများ ထွက်ပေါ်လာခဲ့သည်။

ဤသည်မှာ ယခုသတင်းစာရှင်းလင်းပွဲ၏ အဓိကဇာတ်ဆောင်ဖြစ်သော မျိုးဆက်သစ် "Go" ဖြစ်သည်။

ဖိုင်အိတ်သည် ပစ္စည်းများအထားခံလောက်အောင် ပေါ့ပါးသောဒီဇိုင်းဖြစ်သည်။

All Chapters