← Chapters

🍭 Look Forward (1)

Vol. 4 Ch. 60

🍭 Look Forward (1)

Vol. 4 Ch. 60

လုလီ ထိုအကြောင်းတွေးမိပြီး ခေါင်းခါယမ်းလိုက်သည်။

မဟုတ်ဘူး၊ မဟုတ်ဘူး... တခြားသူတွေရဲ့ စကားကို အခြေခံပြီး ငါခင်ပွန်းရဲ့ ခံစားချက်ကို မခန့်မှန်းသင့်ဘူး။

သူမအနေဖြင့် အများစကားကို နား ထောင်ပြီး ခင်ပွန်းဖြစ်သူအပေါ် ကောက်ချက်ချတာမျိုး မပြုလုပ်သင့်ပေ။ ခင်ပွန်း ဖြစ်သူအပေါ် မည်သို့ထင်မြင်ကြောင်းကို သူမတစ်ယောက်တည်းသာ သိသည်။

သူမ ထိုသို့ အတွေးများလွှင့်ပျံနေသည်မှာ အိမ်ထဲတွင် မိမိကိုယ်ကို အချိန်အတော်ကြာ ပိတ်လှောင်နေမိသည့်အတွက် ဖြစ်နိုင်သည်ဟု တွေးလိုက်သည်။

လုလီသည် ပြင်ပအခြေအနေကို ကြည့်လိုက်ပြီး ရာသီဥတုကောင်းနေသဖြင့် အပြင်ထွက်ရန် ဆုံးဖြတ်လိုက်သည်။

ချောင်ကျာယိသည် သူမချစ်သူနှင့်ချိန်းတွေ့နေသဖြင့် လုလီ ချင်ရုံကိုခေါ်ပြီး ကုန်တိုက်သို့ ထွက်လာခဲ့သည်။

အဝတ်အစား၊ ဖိနပ်နှင့်အိတ်များ ဝယ်ယူပြီးနောက် သူမ စိတ်လက်ပေါ့ပါးသွားသည်။ D-Brand ဆိုင်မှ ထွက်လာသော အခါ ဆန့်ကျင်ဘက်စတိုးဆိုင်တွင် ပြုပြင်မွမ်းမံနေသည်ကို တွေ့လိုက်ရသည်။ Brand အသစ်တစ်ခု၏ဆိုင်နေရာအဖြစ် ပြောင်းလဲတော့မည်ပုံပေါ်သည်။

ဤသည်မှာ သိပ်အထူးအဆန်းတော့မဟုတ်ပေမယ့် အလုပ်သမားများ တပ်ဆင်နေသည့် လိုဂိုအား ကြည့်လိုက်ရာ 'YING' အမှတ်တံဆိပ် ဖြစ်နေသည်ကို လုလီ တွေ့လိုက်ရသည်။

ပိုင်ရှန့်ယင်၏ အမှတ်တံဆိပ် 'YING'။

လုလီသည် ရေပူစမ်းဟိုတယ်တွင် ပိုင်ရှန့်ယင်နှင့် နောက်ဆုံးအကြိမ်တွေ့ဆုံခဲ့ချိန်ကို ပြန်တွေးမိသွားသည်။

S City တွင် 'YING' အမှတ်တံဆိပ်၏ ဖက်ရှင်ရှိုးတစ်ခုပြုလုပ်ရန် စီစဉ်နေခြင်းမှာ အံ့သြစရာမဟုတ်တော့ပေ။တရုတ်ပြည်တွင် ဆိုင်ခွဲများပင် ဖွင့်လှစ်ဖို့စီစဥ်နေပြီဖြစ်သည်။

'YING' အမှတ်တံဆိပ်သည် ချောင်ကျာယိ အကြိုက်မှန်း သိထားသဖြင့် လုလီ ဆိုင်ပုံကို ဖုန်းနှင့်ဓာတ်ပုံရိုက်ယူပြီး သူမဆီသို့ ပို့လိုက်သည်။

[ဂုဏ်ယူပါတယ်၊ နောက်ဆို 'YING' ကို S City မှာ တိုက်ရိုက်ဝယ်လို့ရတော့မယ်။]

ချောင်ကျာယိ တစ်စက္ကန့်အတွင်း ပြန်ဖြေလာသည်-

[ငါသိပြီးသွားပြီ!]

[ပိုင်ရှန့်ယင်က သူ့Weibo မှာ အရင်တည်းက တင်ထားတယ်]

[ပြီးတော့ အထက်တန်းကျောင်းတက်တုန်းက ဓာတ်ပုံတွေပါ တင်ထားသေးတယ်၊ အထက် တန်းကျောင်းတုန်းက သူ့ရဲ့အချစ်ဦးအကြောင်း ပြောထားသေးတယ်။ ဓာတ်ပုံတွေကို ကြည့်ကြည့်လိုက်...တကယ်လိုက်တယ်၊ လူတွေလည်း သူ့ပထမအချစ်ကို အားကျနေကြတယ်]

ချောင်ကျာယိသည် ပိုင်ရှန့်ယင်၏ ဓာတ်ပုံကို လုလီထံပို့ပေးလိုက်သည်။

လုလီ အစပိုင်းတွင်သိပ်စိတ်ဝင်စားခြင်းမရှိသော်လည်း ချောင်ကျာယိပို့လာသဖြင့် ကလစ်နှိပ်ပြီး ဝင်ကြည့်လိုက်သည်။

ဓာတ်ပုံထဲက ပိုင်ရှန့်ယင်သည် တည်တည်ငြိမ်ငြိမ်နှင့် ချောမောလှပကြောင်းကိုတော့ သူမ ဝန်ခံသည်။ ရှည်လျားဖြောင့်စင်းသောဆံပင်နှင့် ကျောင်းဝတ်စုံကို ဝတ်ဆင်ထားကာ ရိုးရှင်းတဲ့ပုံစံရှိသလို ကြည့်နေသည်။ သူမ၏ပုံစံသည် ကျောင်း၏အလှပန်းလေး တစ်ပွင့်လိုဖြစ်နေသည်။

လုလီ ချောင်ကျာယိကို ပြန်ပြောလိုက်သည်- [အင်း၊ ဟုတ်တယ်။]

သူမ ထပ်ကြည့်ဖို့ အစီအစဉ်မရှိပေမယ့် တစ်ချက်ကြည့်လိုက်ပြီးနောက် ဓာတ်ပုံထဲက ပိုင်ရှန့်ယင် ဝတ်ထားသောကျောင်းဝတ်စုံသည် သူမနှင့်ရင်းနှီးနေသကဲ့သို့ ခံစားလိုက်ရသည်။

လုလီသည် ဓာတ်ပုံကိုချဲ့ကြည့်ရာ ပိုင်ရှန့်ယင်၏ ဘယ်ဘက်ရင်ဘတ်ရှိ ကျောင်းလိုဂိုကို မြင်လိုက်ရသောအခါ သူမ မျက်လုံးများ ပြူးကျယ်သွားသည်။

ဤသည်မှာ S City ရှိ အကောင်းဆုံး အထက်တန်းကျောင်း၏ ယူနီဖောင်းဖြစ်နေသည်။

သူမခင်ပွန်းလည်း ဤအထက် တန်းကျောင်းမှ ဘွဲ့ရထားခြင်းဖြစ်သည်။

ဒါ မမျှော်လင့်ထားသည့် တိုက်ဆိုင်မှုတစ်ခုပင်ဖြစ်သည်။

လုလီသည် ဖုန်းကိုပြန်ချလိုက်ပြီး ယနေ့အတွက် အလုံအလောက်ဝယ်ပြီးပြီဟု တွေးကာ အိမ်ပြန်ရန် ပြင်လိုက်စဥ် ရုတ်တရက် 'YING' ဆိုင်ထဲမှ လူတစ်ယောက်ထွက်လာသည်ကို တွေ့လိုက်ရသည်။

ပိုင်ရှန့်ယင်ဖြစ်သည်။ သူမ သွားလေရာတွင် 'YING' ၏ပုံစံကို ကိုယ်စားပြုနေပုံရကာ နုပျိုပြီး အဆင့်အတန်းမြင့်မားသည့် အရှိန်အဝါမျိုးထုတ်လွှင့်နေသည်။

သူမဘေးတွင် အသက် ၄၀ ဝန်းကျင် အမျိုးသားတစ်ယောက်က ဒီဇိုင်းစာရွက်များကိုင်ပြီး သူမနှင့်စကားပြောနေသည်။ ပုံစံမှာ ဒီဇိုင်နာ ဖြစ်လောက်မည်ထင်သည်။

လုလီသည် သူမ၏စိတ်နေစိတ်ထားနှင့် မလိုက်ဖက်သော ဤပုံစံကို အဘယ် ကြောင့် သဘောကျနေမိမှန်း မသိသဖြင့် အံ့သြကာခေါင်းကိုခါယမ်းလိုက်သည်။ သူမ ထွက်သွားရန်ပြင်လိုက်စဥ် ပိုင်ရှန့်ယင် မော့ကြည့်လာကာ မှတ်မိသွားပုံပေါ်သည်။

"မစ်လု" သူမနူးညံစွာ ခေါ်လိုက်သည်။

လုလီ လှည့်ကြည့်လာတော့ ပိုင်ရှန့်ယင်က ဒီဇိုင်နာအားခေါင်းညိတ်ပြလိုက်သည်ကို တွေ့လိုက်ရသည်။ ဒီဇိုင်နာ သည် ဖိုင်တွဲနှင့်အတူ ထွက်သွားသည်။ ထို့နောက် သူမ ဘက်လှည့်ကာ

ပြုံးပြလာသည်။

ပိုင်ရှန့်ယင် လျှောက်လာပြီး သူ့လက်ကိုဆန့်ထုတ်လိုက်သည် - "တိုက်ဆိုင်လိုက်တာ....မစ်လုကို ထပ်တွေ့ရမယ်လို့ မထင်ထားဘူး"

လုလီ ခေါင်းညိတ်ပြလိုက်ပြီး ပိုင်ရှန့်ယင်၏လက်ကို ဆွဲကာ နှုတ်ဆက်လိုက်သည်။ “ဟယ်လို”

ပိုင်ရှန့်ယင်သည် လုလီ၏နောက်မှ ချင်ရုံကို ကြည့်လိုက်သည်။

လုလီ သူ့ကို မိတ်ဆက်ပေးလိုက်သည်။ "သူက ကျွန်မလက်ထောက်ပါ"

ချင်ရုံ ခေါင်းကိုညိတ်ကာ ပိုင်ရှန့်ယင်အား နှုတ်ဆက်လိုက်သည်။

ပိုင်ရှန့်ယင်သည် ချင်ရုံလက်ထဲက စျေးဝယ်အိတ်များကို သတိထားမိပြီး

- "မစ်လု ဈေးဝယ်ထွက်တာလား?"

လုလီ ပြုံးပြလိုက်ပြီး "ဒီလိုပဲ...လျှောက်ပတ်ကြည့်နေတာပါ"

ပိုင်ရှန့်ယင် အနည်းငယ် ရှက်သွားသည့်ပုံဖြင့်- "ကျွန်မ မစ်လုကို တကယ်အား ကျမိတယ်၊ ကျွန်မတော့ အခု မစ်လု မြင်တဲ့အတိုင်း အလုပ်များနေတာပဲ၊မဟုတ်ရင် မစ်လုကို ကော်ဖီသောက်ဖို့ ဖိတ်ချင်တယ်"

လုလီ- "ကျေးဇူးတင်ပါတယ်၊ နောက်တစ်ခါမှပေါ့"

ဘာကြောင့်မှန်းမသိ ပိုင်ရှန့်ယင်၏ စကားများ သည် သူမအား အနည်းငယ် စိတ်မသက်မသာ ဖြစ်စေသည်။ သူမအား အလုပ်အကိုင်မရှိ၊ စားလိုက် သောက်လိုက်နှင့် နေ့တိုင်း ပိုက်ဆံသုံးဖြုန်းကာ အချိန်ကုန်နေသည့် အိမ်ရှင်မတစ်ယောက်လိုမျိုး ခံစားရစေသည်။

ပိုင်ရှန့်ယင်- "YING" ရဲ့ ဖက်ရှင်ဆိုင်ဖွင့်တဲ့အခါကျရင်လည်း မစ်လု တက်ရောက်ဖို့ မမေ့နဲ့ဦးနော်"

လုလီ ခေါင်းညိတ်ပြီး “အင်း”

ရှေ့ပိုင်းက သူမ ခံစားရသော မသက်မသာမှုကို ထိန်းကာ အတွေးလွန်နေသည်ဟုပဲ ယူဆလိုက်သည်။ သူမသည် တက္ကသိုလ်တွင် စီးပွားရေးစီမံခန့်ခွဲမှုပညာကို သင်ယူခဲ့ပြီး ၎င်းသည် သူမ၏မိသားစုမှ သူမအတွက် ရွေးချယ်ပေးခဲ့သော မေဂျာတစ်ခုဖြစ်သည်။ သူမ ဘွဲ့ရစဥ်က အဆင့်များမှာ သိပ်မဆိုးလှပေမယ့် ဘွဲ့ရပြီးသည်နှင့် အိမ်ထောင်ပြုခဲ့ရသဖြင့် သူမသင်ယူခဲ့တဲ့ ပညာရပ်များကို အသုံးမချနိုင်ခဲ့ပေ။ သို့သော် သူမကိုယ်တိုင်လည်း ထိုဘာသာရပ်ကို သိပ်စိတ်မဝင်စားလှဖြင့် အသုံးချသည်ဖြစ်စေ ၊ အသုံးမချသည်ဖြစ်စေ အရေးမကြီးလှချေ။

All Chapters