← Chapters

🍭 Look Forward (2)

Vol. 4 Ch. 61

🍭 Look Forward (2)

Vol. 4 Ch. 61

နှစ်ယောက်သား စကားစမြည်ပြောဆိုပြီးနောက် လုလီ ပိုင်ရှန့်ယင်အား နှုတ်ဆက်ကာ ထွက်လာခဲ့သည်။ သူမသည် ပိုင်ရှန့်ယင် ပြောခဲ့သည့်စကားများကို ခေါင်းထဲကထုတ်လို့မရပဲ ဖုန်းကိုထုတ်ပြီး ချီချန်းရန်ထံ WeChat မက်ဆေ့ချ်တစ်စောင် ပို့လိုက်သည်။

[လောင်ကုန်း....ရှင်ရော ကျွန်မကို ပိုက်ဆံတွေ သုံးဖြုန်းနေတယ်လို့ ထင်တာလားဟင်?]

[ကျွန်မ ပိုက်ဆံတွေသုံးဖြုန်းနေတာကို စိတ်ညစ်ပေမယ့် ပြောရမှာအားနာလို့ စိတ်ထဲမှာပဲ တိတ်တိတ်လေး ညည်းနေတာလား?]

[ဝမ်းနည်းနေသော အီမိုဂျီ (လုလီ ဗားရှင်း)]

ရုံးခန်းထဲတွင်ရှိနေသော ချီချန်းရန်သည် လုလီထံမှ WeChat မက်ဆေ့ဝင်နေသည်ကို တွေ့လိုက်ရ၏။

မက်ဆေ့ချ်ပါ အကြောင်းအရာကို ဖတ်ရှုပြီးနောက် သူ့မျက်နှာပေါ်တွင် သံသယဝင်နေသော အမူအရာပေါ်လာသည်။

လုလီ ရုတ်တရက်ကြီး သူ့ကို ဘာကြောင့် ဒီမေးခွန်းကို မေးရတာလဲ?

၎င်းတို့ အိမ်ထောင်သက်သုံးနှစ်တာ သက်တမ်းတစ်လျှောက် အတုအယောင်ဇနီးမောင်နှံအဖြစ် ရှိနေစဥ်ကာလအတွင်း လုလီ၏လစဉ် ကုန်ကျစရိတ်များကို မည်သည့်အခါမှ စစ်ဆေးမေးမြန်းခြင်းမရှိဘဲ လက်မှတ်ရေးထိုးပေးခဲ့သည်။

လုလီသည် ပထမနှစ်လအတွင်း သူ၏ကတ်ကို ထိုအတိုင်းကိုင်ထားပြီး အသုံးမပြုခဲ့သော်လည်း ချီချန်းရန်သည် သူမ၏အသုံးစရိတ်အားလုံးကို သူ့အကောင့်မှတဆင့် အလိုအလျောက်ဖြတ်ပေးခဲ့သည်။ ဤသည်ကိုမြင်တော့ သူမအား အမှန်တကယ် ထောက်ပံ့ပေးချင်နေမှန်း သိရှိသွားပြီး နောက်ဆုံးတွင် ထိုကတ်ကို အသုံးပြုခဲ့သည်။

ချီချန်းရန်သည် လုလီ၏အီမိုဂျီကို မြင်သောအခါ မနေနိုင်ပဲ ပြုံးလိုက်မိသည်။

သူ ပြန်ဖြေလိုက်သည်- [ဟင့်အင်း၊ ကိုယ် အဲ့လိုမတွေးဖူးပါဘူး]

[မင်း နေကောင်းရဲ့လား?]

ချင်ရုံသည် လုလီကို အိမ်ပြန်လိုက်ပို့ပြီးနောက် သူမ၏အစီအစဥ်ကို ချီချန်းရန်ထံသို့ ပုံမှန်အတိုင်း အစီရင်ခံတင်ပြခဲ့သည်။

လုလီနှင့်အမျိုးသမီး ဒီဇိုင်နာ ပိုင်ရှန့်ယင်တို့ တွေ့ဆုံပြီး စကားပြောခဲ့ကြသည်ကို ကြားသောအခါ ချီချန်းရန် အံ့ဩသွားသည်။

လုလီသည် ပိုင်ရှန့်ယင်နှင့် မည်သည့်အချိန်ကတည်းက သိကျွမ်းနေကြမှန်း သူ မသိခဲ့ပေ။

ချင်ရုံသာ ထိုနာမည်ကို မဖော်ပြခဲ့ပါက သူကိုယ်တိုင် ပိုင်ရှန့်ယင်အကြောင်း မတွေးဖြစ်တော့သည်မှာ နှစ်အတော်ကြာပြီဖြစ်ကြောင်း သတိထားမိမည် မဟုတ်ချေ။

သူ့မှတ်ဉာဏ်ထဲတွင် ထိုနာမည်နောက်ဆုံးရှိခဲ့သည်မှာ လွန်ခဲ့သော ငါးနှစ်ခန့်ကဖြစ်သည်။ တရုတ်နိုင်ငံမှ ဒီဇိုင်နာ ပိုင်ရှန့်ယင်၏ဘွဲ့ယူဒီဇိုင်းသည် နိုင်ငံတကာဆုများ ရရှိခဲ့ပြီး ၊ ဆုရရှိသည့် ဒီဇိုင်းသည် သူမ၏အချစ်ဦးအား အမှတ်တရဖြစ်စေရန် ရည်ရွယ်ပြီး ဖန်တီးခဲ့ခြင်းဖြစ်ကြောင်း ကော လာဟလ သတင်းများ ထွက်ပေါ်နေခဲ့သည်။

ထိုစဥ်က သူသည် ရှန့်ကျင်ကို လက်လွှဲယူနေချိန်ဖြစ်ပြီး နေ့ရောညပါ အလုပ်များနေသဖြင့် ထိုသတင်းကို မြင်လိုက်သော်လည်း မေ့လျော့သွားခဲ့သည်။

သတင်းတွင် ဖော်ပြထားသောအချစ်ဦးသည် သူနှင့် မည်သို့ပတ်သတ်ဆက်နွယ်မှုမှမရှိဟု ထင်ရသည်။

ချီချန်းရန် ရုတ်တရက်သတိထားလိုက်မိသည်က ၎င်းတို့၏ဇာတ်လမ်း မည်သို့စတင်ခဲ့ပြီး မည်သည့်အချိန်တွင် အဆုံး သတ်ခဲ့မှန်း သူမမှတ်မိတော့ဘူးဆိုတာကိုပင်။ ၎င်းတို့၏ အထက်တန်းကျောင်းသားဘဝတွင် တိုတောင်းသောဆက်ဆံရေးသာ ရှိခဲ့ဖူးသည်ကို သူမှတ်မိတော့သည်။

ချီချန်းရန်သည် စားပွဲပေါ်ရှိ စာရွက် စာတမ်းများကို ခွဲထုတ်လိုက်သည်။

ပြီးဆုံးခဲ့ပြီးသော အရာများသည် အတိတ်မှာသာ ကျန်ရစ်ခဲ့ပြီး လူတိုင်းသည် အရှေ့ကိုသာ မျှော်ကြည့်ရမည်ဖြစ်သည်။ တစ်ချိန်က ဖြတ်ဆုံခဲ့ဖူးသည့် မျဉ်းပြိုင်နှစ်ကြောင်းသည် ကွဲထွက်သွားပြီးနောက်တွင် မည်သည့်အခါမှ ပြန်မဆုံနိုင်တော့သည့် မျဉ်းပြိုင်တွေအဖြစ်သာ ရှိနေကြမည်ဖြစ်သည်။

…

လုလီ အိမ်ပြန်ရောက်ပြီးနောက် ဝယ်လာသော ပစ္စည်းများကို အိမ်အကူများအား သယ်ခိုင်းလိုက်ပြီး အဝတ်အစားခန်းထဲသို့ ပို့ခိုင်းလိုက်သည်။

ထို့နောက် ယနေ့ ပိုင်ရှန့်ယင်နှင့် သူမပြောခဲ့သော စကားဝိုင်းကို ချောင်ကျာယိထံ မက်ဆေ့ပို့ကာ ပြောပြလိုက်သည်။

လုလီ : [ငါ အတွေးလွန်နေတာလား?]

[ချမ်းသာတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်တာ ဘာမှားနေလို့လဲ? ငါ့ဘာသာ အလုပ်မလုပ်ပဲ သုံးဖြုန်းနေပါစေ ငါ့လောင်ကုန်းရှာတဲ့ပိုက်ဆံ ငါသုံးတာပဲ၊ အဲ့ဒါ ဘယ်သူ့ကို ထိခိုက်နေလို့လဲ? လမ်းပေါ်ထွက်ပြီး မေးကြည့်စမ်းပါ၊ ဒီလိုဘဝမျိုး မလိုချင်တဲ့သူရှိလားလို့?]

[ဟုတ်ပါတယ်၊ လောကကြီးမှာ ရှေ့ဆုံးက ဦးဆောင်နိုင်တဲ့ အမျိုးသမီးတွေက စွမ်းရည်ရှိပြီး ထူးချွန်တဲ့သူတွေဖြစ်ပြီး ချီးကျူးသင့်ပါတယ်၊ ထူးချွန်တဲ့သူတွေမို့လို့လေ၊ ဒါပေမယ့် အဲ့လူတွေက ငါတို့လို အလုပ်မလုပ်တဲ့ အမျိုးသမီးတွေကို ဘာလို့ အထင်သေးရတာလဲ?]

[တစ်ပါးသူရဲ့ပိုင်ဆိုင်မှုကို ခိုးယူတာ၊ လုယူတာ မဟုတ်ပဲ လူတိုင်းရဲ့ကံတရားက မတူညီကြတာလေ]

လုလီသည် သူမ၏ရှည်လျားသော ပေါက်ကွဲသံစဥ်ကို ဖွင့်ထုတ်ပြီးနောက် ချောင်ကျာယိ ၏ အဖြေကို စောင့်ဆိုင်းနေခဲ့သည်။

ချောင်ကျာယိသည် ပုံမှန်အားဖြင့် ဖုန်းနှင့်မကွာရှိနေတတ်ပြီး စက္ကန့်ပိုင်းအတွင်း စာပြန်လေ့ရှိသော်လည်း ယခုမူ သူမ စာပို့ပြီး ဆယ်မိနစ်ကြာသည်အထိ အကြောင်းပြန်လာခြင်း မရှိပေ။

လုလီ 'Poke' အီမိုဂျီ ထပ်ပို့လိုက်သည်။

နောက်ဆုံးတွင် ချောင်ကျာယိထံမှ စာပြန်လာသည်။

[နင်… ပိုင်ရှန့်ယင်နဲ့ တွေ့ခဲ့တာလား?]

လုလီ : [ဟုတ်တယ်၊ သူ့ဆိုင်အတွက် Decoration လုပ်တာကို စစ်ဆေးဖို့ ရောက်နေတာ]

ချောင်ကျာယိ တစ်စုံတစ်ခုပြောရန် ဝန်လေးနေသကဲ့သို့ ထပ်မပြောလာပဲ ရပ်နေသည်။ ထို့နောက် စာရိုက်လျှင် ကြာမည်စိုး၍ လုလီထံ တိုက်ရိုက်ဖုန်းဆက်လိုက်သည်။

လုလီ : "Hey ငါ ပြောတာမှန်တယ်လို့ထင်လား?

ချောင်ကျာယိသည် အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး "နေ့လည်က ငါ့ရည်းစားနဲ့ ချိန်းတွေ့ခဲ့သေးတယ်"

လုလီ - "ငါ သိပါတယ်၊ နင် ငါ့ကို ပြောပြီးသားလေ၊ ဘာလို့ ဒါကို ထပ်ပြောနေတာလဲ?"

ချောင်ကျာယိ - "နင် ချီချန်းရန်ကို မေးဖူးလား?"

လုလီသည် ခင်ပွန်းဖြစ်သူအား အဘယ်ကြောင့် ဆွဲထည့်လာရသည်ကို နားမလည်ပဲ - "ဘာကိုလဲ?"

ချောင်ကျာယိ: "အင်း... ဒီနေ့ ငါနင့်ကို ဓာတ်ပုံပို့လိုက်တုန်းက ငါ့ရည်းစား ဘေးမှာရှိနေတယ်၊ သူမြင်သွားတယ်။"

လုလီ : "ပြီးတော့?"

ချောင်ကျာယိ - "ငါ့ရည်းစားက တရုတ်ပြည်မှာ အထက်တန်းကျောင်းတက်ခဲ့တာ၊ သူသတိထားမိသွားတာက ပိုင်ရှန့်ယင်နဲ့သူနဲ့ တစ်ကျောင်းတည်းလို့ ပြောတယ်"

"ပြီးတော့ နင့်လောင်ကုန်း ချီချန်းရန်လည်း အဲ့ကျောင်းကပဲလို့ ပြောတယ်"

လုလီ မျက်မှောင်ကြုတ်လိုက်ပြီး "အဲ့တော့ ဘာဖြစ်လဲ?"

ချောင်ကျာယိ အနည်းငယ် တုံ့ဆိုင်းသွားပြီးမှ "ထားလိုက်တော့၊ငါမပြောတော့ဘူး"

“ဒါတွေအားလုံးက အတိတ်မှာ ကျန်ခဲ့ပြီပဲ"

ချောင်ကျာယိ၏အသံအနေထားက လုလီ၏ သိချင်စိတ်ကို ပိုနှိုးဆွပေးသကဲ့သို့ ဖြစ်သွားသည်။

ထို့အပြင် တစ်ချိန်တည်းမှာပဲ သူမစိတ်ထဲ မကောင်းသော အငွေ့အသက်များကို ခံစားလိုက်ရသည်။

လုလီ: "ပြောစရာရှိတာ မြန်မြန်ပြောစမ်းပါ၊ ငါ့ကို ဖုံးကွယ်မနေနဲ့"

“အင်းပါ” ချောင်ကျာယိ သက်ပြင်းချလိုက်ရင်း "ငါ့ချစ်သူ၊ ပိုင်ရှန့်ယင်နဲ့နင့်လောင်ကုန်းက အထက် တန်းကျောင်းတူကြတယ်၊ သူပြောတာ ကျောင်းတုန်းက နင့်လောင်ကုန်းနဲ့ ပိုင်ရှန့်ယင်တို့ ချစ်ကြိုက်ဖူးခဲ့ကြတယ်တဲ့"

"နင့်လောင်ကုန်းက ချောလည်းချော ပိုက်ဆံလဲရှိ စာလည်းတော်တော့ ကျောင်းမှာ နာမည်ကြီးတယ်၊ နင့်လောင်ကုန်းနဲ့ပိုင်ရှန့်ယင် ငြိခဲ့ဖူးတဲ့ကိစ္စကို အဲ့တုန်းက ကျောင်းသားတော်တော်များများက သိထားကြတယ်"

ချောင်ကျာယိသည် လုလီဘက်မှ တိတ်ဆိတ်နေသည်ကို သတိထားမိသောအခါ ရုတ်တရက်စိတ်ပူသွားသည်။

"ဒါပေမယ့် ငါတော့ ဒါကို ကြီးကြီးမားမား ကိစ္စလို့မထင်ဘူး၊ အချိန်ကလည်း ဆယ်နှစ်နီးပါးကြာနေပြီမို့ ဘယ်သူမှ ရှင်းရှင်းလင်းလင်း မှတ်မိမှာ မဟုတ်ဘူး၊ ပြီးတော့ ဒီခွေးကောင်က ဉာဏ်သိပ်ကောင်းတာ မဟုတ်ဘူး၊ ငါ့မွေးနေ့ကိုတောင် မေ့ထားတာ၊ သူအမှတ်မှားတာလဲ ဖြစ်နိုင်တယ်"

[T/N- ခွေး ဟူသည် နှိမ့်ချသော သို့မဟုတ် လှောင်ပြောင်သော စကားလုံးအဖြစ် သုံးသော ဗန်းစကားဖြစ်သည်။]

“တကယ်ဟုတ်နေခဲ့ရင်တောင် ဒါက အတိတ်မှာကျန်ခဲ့ပြီ၊ နင့် ရှေ့ကိုပဲ ကြည့်ရမယ်"

"ဒီခွေးကောင်က US က သူ့ရည်းစားဟောင်းတွေအကြောင်းတောင် ငါ့ကိုပြောပြနေသေးတယ်၊ သူ့ ငါ့ကို ဘာလို့ ဒီအကြောင်းတွေ လာပြောပြနေတာလဲ? Damn!”

"ဒါပေမယ့် ပိုင်ရှန့်ယင်က တကယ့်ကိုမကောင်းဆိုးဝါးမပဲ။ လမ်းခွဲပြီးတာတောင် ဘွဲ့ယူဝတ်စုံကို ရည်းစားဟောင်းအတွက်ရည်ရွယ်ပြီး ဖန်တီးခဲ့တယ်ဆိုပဲ၊ သူ့လုပ်ရပ်က တကယ်ကို ရွံရှာစရာကောင်းတယ်။"

"ငါ သူ့အမှတ်တံဆိပ်ကို နောက်ဘယ်တော့မှမဝယ်တော့ဘူး။ သူ့နောက်ကြောင်းတွေ စုံစမ်းထားပြီးပြီ"

"သူ နင်နဲ့တွေ့တိုင်း နှုတ်ဆက်တယ်ဆိုတာထက် ရှောင်ထွက်သွားရမှာ မဟုတ်ဘူးလား? သူဒီလိုလုပ်တာ ဘာအဓိပ္ပါယ်လဲ?"

"ချီချန်းရန်လည်း သူ မကောင်းမှန်းသိလို့ လမ်းခွဲခဲ့တာ ဖြစ်မယ်"

"ပြီးတော့ အဲဒီတုန်းက အထက်တန်းကျောင်းသားအရွယ်ဆိုတော့ ငယ်သေးတော့ နားလည်ပေးလို့ရတယ်။ အခု နင့်လောင်ကုန်းက နင်နဲ့အတူ ရှိနေပေးပြီး တခြားသူတွေထက် အများကြီး ချစ်ပေးနေပြီပဲ"

ချောင်ကျာယိက ဆက်ပြောနေသည်။

All Chapters