← Chapters

🍭 Runaway (1)

Vol. 4 Ch. 62

🍭 Runaway (1)

Vol. 4 Ch. 62

ဖုန်းသည် လုလီ၏လက်ထဲမှ လွတ်ကျပြီး မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။

ဖုန်းခေါ်ဆိုမှု လုပ်ဆောင်နေဆဲဖြစ်ကြောင်း ဖုန်းစခရင်တွင် ပြသနေပြီး ချောင်ကျာယိ၏ ထိတ်လန့်နေသောအသံသည် စပီကာထဲမှ ထွက်ပေါ်လာသည်။

"ဟယ်လို၊ ဟယ်လို၊ လုလီ၊နင် အဆင်ပြေရဲ့လား? ငါပြောတာ ကြားလား?"

"အများကြီးမစဉ်းစားနဲ့၊ နောက်တစ်ခါကျရင် အဲ့မကောင်းတဲ့မိန်းမကို ကိုင်တွယ်ဖို့ ငါ နင်နဲ့အတူလိုက်ခဲ့မယ်၊ ဟုတ်ပြီလား?"

"ဟယ်လို...လုလီ တစ်ခုခု ပြန်ပြောဦးလေ...

လုလီသည် ခဏမျှတုန်လှုပ်သွားပြီး နောက်ဆုံးတွင် ဖုန်းကိုကောက်ယူရန် မြေပြင်ပေါ်သို့ ဒူးထောက်ထိုင်ချလိုက်သည်။

ထို့နောက် သူမ နှာရှုံရင်း ပြောလာသည်။- "ငါ အဆင်ပြေပါတယ်"

"နောက်တစ်ခါ အဲ့မကောင်းတဲ့မိန်းမနဲ့ထိပ်တိုက်တွေ့ရင် ငါ့ဘေးမှာရှိနေဖို့

မမေ့နဲ့"

ချောင်ကျာယိ နောက်ဆုံးမှ သက်ပြင်းချနိုင်သွားပြီး- "နင် ငါ့ကို လန့်သေအောင် လုပ်နေတာပဲ"

"စိတ်ချ၊ ငါ နင့်ဘေးမှာရှိနေမယ်၊ ဒီမိန်းမက တကယ့်ကိုစက်ဆုပ်ဖို့ကောင်းတယ်"

လုလီ: "ငါ အရင်ဖုန်းချလိုက်တော့မယ်"

ချောင်ကျာယိ တစ်စုံတစ်ခု ပြောချင်နေသေးပုံပေါ်သည်- “အယ်…”

တဖက်မှ လုလီ ဖုန်းချသွားသည်။

သူမ ကလေးတစ်ယောက်လို ဒူးထောက်ကာ မြေကြီးပေါ် ထိုင်ချလိုက်သည်။

သူမသည် နောက်ဆုံးတစ်ခေါက် ချီမိသားစုအိမ်ကြီးသို့ သွားခဲ့စဥ်က ကြည့်ခဲ့သည့် ခင်ပွန်းဖြစ်သူ၏ အထက်တန်းကျောင်း ဓာတ်ပုံများကို ရုတ်တရက် သတိရသွားသည်။

ချီချန်းရန်သည် ရုပ်ရည်ချောမောလွန်းပြီး အထက်တန်း ကျောင်းဇာတ်လမ်းထဲမှ ကျောင်းသူများ အိမ်မက်မက်ခဲ့ရတဲ့ နတ်ဘုရားတစ်ပါးနှင့်တူသည်။ သူမ စိတ်တွေရှုပ်ထွေးနောက်ကျိသွားပြီး အချိန်နောက်ပြန်လှည့်ကာ ခင်ပွန်းဖြစ်သူနှင့်အတူ ကျောင်းတုန်းက အချစ်ဇာတ်လမ်းတစ်ပုဒ်ကို ဖန်တီးချင်သော်လည်း ကံဆိုးစွာဖြင့် ထိုအချစ်ဇာတ်လမ်းထဲတွင် သူမ မပါဝင်ခဲ့ပေ။

လုလီသည် ချီမိသားစုအိမ်ကြီးတွင် ရှိခဲ့စဥ်က မက်ခဲ့သော အိမ်မက်ကို ပြန် တွေးနေမိသည်။

ဤသည်မှာ အိပ်မက်တစ်ခုမဟုတ်ပဲ တကယ့်အဖြစ်အပျက်ဖြစ်ကြောင်း နောက်ဆုံးတွင် သူမသိလိုက်ရသည်။ သို့သော် ကျောင်း၏ အချောဆုံးနတ်ဘုရားတစ်ပါးနှင့် ချစ်ကြိုက်မိသွားသူမှာ အလှပန်းလေးဖြစ်ကြောင်း မှန်ကန်သော်လည်း သူမသည် ထိုဇာတ်လမ်း၏ ချမ်းသာသော အလှပန်းကလေးနေရာကနေတောင် ပါဝင်ခွင့်မရခဲ့ခြင်းပင်။

အိမ်မက်မဟုတ်ပဲ တကယ့်လက်တွေ့တွင် သူမအတွက် နေရာမရှိခဲ့ပေ။ ခင်ပွန်းဖြစ်သူ အထက်တန်းတက်နေချိန်တွင် သူမ အလယ်တန်းကျောင်းသူပဲ ရှိသေးသည်။ သို့ဖြစ်ရာ ချမ်းသာသော အလှပန်းကလေးနေရာ ကိုယ်စားပြုမှာ သူမ မဖြစ်နိုင်ချေ။

လုလီ စဥ်းစားမိတိုင်း ဝမ်းနည်းစွာ ငို ကြွေးနေမိသည်။

သူမ ရင်ထဲတွင် မွန်းကြပ်လာပြီး အသက်ရှူကြပ်လာသည်အထိ ငိုကြွေးလိုက်သည်။

အလယ်တန်းကျောင်းတုန်းက ခင်ပွန်းဖြစ်သူနှင့် ပထမဆုံး ချစ်ကြိုက်ခဲ့သည့် ထိုအလှပန်းကလေးကို သူမ မုန်းတီးမိသည်။ သူမသည် ချီချန်းရန်အတွက် အချစ်ဦး မဟုတ်ခဲ့ပဲ ဒုတိယလူဖြစ်နေသောကြောင့်လည်း ဝမ်းနည်းနာကျင်ရသည်။ ခင်ပွန်းဖြစ်သူ၏ ကျောင်းသားဘဝ အချစ်ဇာတ်လမ်းတွင် သူမပါဝင်ခွင့်မရခဲ့ပေ။

ဘတ်စကတ်ဘောကစားနေစဉ် ခင်ပွန်းဖြစ်သူအား ရေဘူးကမ်းပေးခဲ့သူ၊ ခင်ပွန်းဖြစ်သူနှင့် လက်ချင်းတွဲတာ ကျောင်းစာများ ဆွေးနွေးခွင့်ရခဲ့သူ၊ ခင်ပွန်းဖြစ်သူ၏ပထမဆုံးအနမ်းကို ပိုင်ဆိုင်ခွင့်ရရှိသူ ထိုကျောင်းအလှပန်းကလေးသည် ပိုင်ရှန့်ယင်ဖြစ်နေသည်။

လုလီသည် ထိုအတွေးများကို ဆက်မတွေးချင်တော့ပေ။ သူမ မျက်ရည်များ ကြမ်းပြင်ပေါ်သို့ ဒလဟော စီးကျလာသည်။ ဘဝသည် ဤမျှ ကံဆိုးနေနိုင်မှန်း သူမ ယခင်က မသိခဲ့ချေ။

ဤကမ္ဘာပေါ်ရှိ ဝမ်းနည်းစရာအကောင်းဆုံးအရာမှာ မိမိလိုချင်သောအရာကို မပိုင်ဆိုင်ရခြင်းထက် ထိုအရာသည် တပါးသူလက်ထဲ အချိန်အတော်ကြာ ရောက်ရှိခဲ့ဖူးကြောင်း သိလိုက်ရသည့်အချိန်ပဲ ဖြစ်သည်။

အဟင့်…အဟင့်…အဟင့်…

သူမ မျက်ရည်များကို လက်ဖဝါးဖြင့် သုတ်လိုက်ပြီး လက်ကိုင်ဖုန်းကိုထုတ်ကာ ဖွင့်လိုက်သည်။ သူမ ခင်ပွန်းဖြစ်သူထံ ဖုန်းခေါ်ဆိုရန် ကြိုးစားလိုက်သော်လည်း contact list ထဲရှိ 'လောင်ကုန်း' ဟူသော နာမည်အသုံးအနှုန်းကို ကြည့်ပြီး ဖုန်းခေါ်သည့် ခလုတ်ကို မနှိပ်ပဲ တုံ့ဆိုင်းနေခဲ့သည်။

လုလီသည် ဖုန်းခေါ်ဆိုမှုစာမျက်နှာမှထွက်လိုက်ပြီး သူမ ဖန်တီးထားသော ‘မက်မွန်သီးစုံတွဲ’ Super Chat သို့ ဝင်လိုက်သည်။

သူမ မှတ်ချက်များကို ကြည့်လိုက်သည်။

[ဒီမက်မွန်သီး စုံတွဲက ကြည့်ရတာ ချိုမယ့်ပုံမပေါ်ပါဘူး]

[ရှောင်လီလီဘက်ကပဲ ဝန်ခံဖို့ အမြဲကြိုးစားနေရတာ]

[ချီချန်းရန်က တစ်ခါမှ ဂရုစိုက်တာ မဟုတ်ဘူး]

လုလီ ကျနေသော နှာရည်ကို ရှုံသွင်းလိုက်သည်။ အဆိုပါမှတ်ချက်များသည် မှားယွင်းနေသည်တော့ မဟုတ်ပေ။ ခင်ပွန်းဖြစ်သူသည် သူမအား ကောင်းမွန်စွာ ဆက်ဆံသော်လည်း "ချစ်တယ်" ဟူသော စကားကိုမပြောဖူးသလို သူမနှင့်ကလေးယူရန် ဆုံးဖြတ်ချက်ကိုလည်း ငြင်းဆန်ခဲ့သည်။

လုလီ အတွေးများဖြင့် မွန်းကြပ်လာပြီး အရာအားလုံးပြိုလဲသွားသလို ခံစားလိုက်ရသည်။

သူမခင်ပွန်းသည် ထိုကျောင်းအလှပန်းကလေးကို ချစ်တယ်လို့ ပြောခဲ့ဖူးတာလား? သူမအား ဂရုစိုက်သကဲ့သို့ ထိုမိန်းကလေးကိုလည်း နွေးထွေးကြင်နာစွာ ဆက်ဆံခဲ့လေသလား?

သူမ မျက်ရည်များ မရပ်တန့်နိုင်တော့ဘဲ ဒလဟော ကျဆင်းလာပြန်သည်။

သူမ ဘာကြောင့် ထိုသို့ ခံစားနေရသနည်း? သူမနှင့်ခင်ပွန်းဖြစ်သူတို့၏ ဆက်ဆံရေး အဆင်ပြေနေသည်မှာ သိသာထင်ရှားနေသည်ပင်။ သို့သော်သူမ ဘာကြောင့် တစ်နေ့တခြား အားအင်ကုန်ခမ်းလာသလို ယုံကြည်မှုလည်း ဆုတ်ယုတ်လာရသနည်း?

သူမ မြေပြင်ပေါ်တွင် ထိုင်နေသည်မှာ အချိန်ကြာမြင့်ပြီဖြစ်၍ မတ်တပ်ထရပ်လိုက်ရာ ခြေထောက်များထုံကျင်နေသည်။ သူမ အချိန်ကို တစ်ချက် လှမ်းကြည့်လိုက်သည်။

သူမခင်ပွန်း မကြာခင် အလုပ်က ပြန်ရောက်လာတော့မည်။

လုလီသည် ပထမဆုံးအကြိမ်အဖြစ် ခင်ပွန်းဖြစ်သူ ပြန်လာမည့်အချိန်ကို မမျှော်လင့်မိဘဲ ယင်းအစား ကြောက်လန့်စိတ်သာ ကြီးစိုးလို့နေသည်။

သူမ ခင်ပွန်းသည်အား မည်သို့ရင်ဆိုင်ရမည်ဆိုတာ မသိတော့ပဲ ၎င်းရှေ့တွင် မျက်ရည်များ မထိန်းချုပ်နိုင်မည်ကို စိုးရိမ်နေမိသည်။

အချိန်နီးကပ်လာလေ ကြောက်ရွံ့စိတ်တို့ ကြီးစိုးလာလေဖြစ်သည်။

လုလီသည် အိမ်ပတ်ပတ်လည်ကို ကြည့်လိုက်ပြီးနောက် ရုတ်တရက် သူမ အခန်းထဲသို့ ပြေးဝင်သွားကာ ပစ္စည်းများကို အလျင်အမြန် ထုပ်ပိုးလိုက်သည်။

All Chapters