← Chapters

🍭 Runaway (3)

Vol. 4 Ch. 64

🍭 Runaway (3)

Vol. 4 Ch. 64

ချောင်ကျာယိ စကားကိုနားထောင်ရင်း ချီချန်းရန် မျက်လုံးများမှိတ်ကာ ပြောလိုက်သည်။ "လုလီ အိမ်က ထွက်သွားပြီ"

ချောင်ကျာယိ ထိတ်လန့်သွားပြီး "ဘာ? ထွက်သွားပြီ?! ဘယ်ကို ထွက်သွားတာလဲ?"

ချီချန်းရန်- "မသိဘူး၊ မစ်ချောင်ရော သူ ဘယ်သွားတတ်လောက်လဲ သိလား? ဒါမှမဟုတ် သူဘယ်မှာရှိနေလောက်လဲ? မင်းကို ပြောပြထားလား?"

ချောင်ကျာယိ: "မသိဘူး! သူ ကျွန်မကိုမပြောဘူး!"

ချီချန်းရန်- "ကောင်းပြီလေ ကျေးဇူးပဲ၊ ကျွန်တော် သူ့ကို ရှာလိုက်ဦးမယ်"

ချောင်ကျာယိ: "ကျွန်မလည်း ကူရှာပေးမယ်"

ချီချန်းရန် ဖုန်းချလိုက်သည်။

ချီချန်းရန် သူကိုယ့်သူ စိတ်တည်ငြိမ်အောင်ထိန်းရင်း ဖုန်းကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားလိုက်သည်။

လုလီ အိမ်က ထွက်သွားတာ မကြာသေးသဖြင့် ဝေးဝေး မသွားနိုင်လောက်သေးပေ။

ချီချန်းရန်သည် လက်ထောက်ကျောက်ကို ချက်ချင်းဖုန်းဆက်ပြီး လုလီ၏တည်နေရာကို စစ်ဆေးခိုင်းလိုက်သည်။

ချီချန်းရန်သည် ကားကို လှည့်ပတ်မောင်းကာ သူမအား ရှာဖွေနေခဲ့ပြီး bluetooth နားကြပ်မှတဆင့်လည်း လုလီထံ အဆက်မပြတ်ဖုန်းခေါ်နေခဲ့သည်။

မိုးကောင်းကင်သည် တဖြည်းဖြည်း မှောင်လာပြီး လမ်းမီးများ တစ်လုံးပြီးတစ်လုံး တဖြုတ်ဖြုတ်လင်းလာသည်။

သူ ကားကို လမ်းဘေးတွင်ချရပ်ပြီး ကားစတီယာရင်ကို လက်သီးဖြင့်ထုလိုက်သည်။

လူတစ်ယောက်ကို ရှာဖွေရန် မခဲယဉ်းလှပေမဲ့ မတွေ့ချင်၍ တမင်ရှောင်ပုန်းနေသူကိုတော့ ရှာဖွေရန်ခက်ခဲလှသည်။

အကယ်၍ ယခုချိန်တွင် လုလီ တစ်ယောက်တည်း အန္တရာယ်တစ်စုံတစ်ခု ဖြစ်နေမည်ဆိုပါက သူဘာလုပ်ရမည်နည်း?

လုလီ အပြင်ထွက်တိုင်း ဒရိုင်ဘာ၊ချင်ရုံတို့နှင့်သာ အမြဲအတူရှိနေခဲ့တာဖြစ်ပြီး City S တွင် ညစီး မြေအောက်ရထားများရှိသည်ကိုပင် သူမ သိလိမ့်မည်မထင်ပေ။

ယခုချိန်တွင် ယခင်က လုလီပဲဖြစ်ဖြစ် ယခုလို မှတ်ဉာဏ်ပျောက်ဆုံးနေသော လုလီပဲဖြစ်ဖြစ် သူမ ဖြတ်သန်းရာ ဘဝတစ်လျှောက်လုံး မကောင်းသောသူများနှင့် မတွေ့ခဲ့ဖူးသောကြောင့် လှည့်စားခံရနိုင်သည်ဟု သူစိုးရိမ်နေခဲ့သည်။

ထိုအချိန်တွင် သူ့ဖုန်း မြည်လာသည်။

ချီချန်းရန် ချက်ချင်းကိုင်လိုက်သည်။

လက်ထောက်ကျောက်ထံမှ ဖြစ်သည်။ လုလီ၏ တည်နေရာကို ရှာတွေ့သွားပြီး စုဟယ်ဗီလာနှင့် မနီးမဝေးသော ကြယ်ငါးပွင့်ဟိုတယ်တွင် လွန်ခဲ့သည့် နှစ်နာရီက သူမ၏ ကိုယ်ပိုင်မှတ်ပုံတင်နှင့် စာရင်းသွင်းထားသည်ဟုဆိုသည်။

အတွင်းရေးမှူးကျောက်သည် အတိုချုံးအစီရင်ခံပြီးနောက် ချီချန်းရန်ထံ လုလီရောက်ရှိနေသော ဟိုတယ်လိပ်စာနှင့် အခန်းနံပါတ်ကို ပေးပို့ခဲ့သည်။

ချီချန်းရန် နောက်ဆုံးတော့ သက်ပြင်းချလိုက်နိုင်သည်။

သူမကိုယ်ပိုင် ID ဖြင့် စာရင်းသွင်းခဲ့သောကြောင့် သူ့ထံမှ ပုန်းကွယ်ရန် ရည်ရွယ်ချက်မရှိကြောင်း သက်သေပြခဲ့သည်။

ဒါဆို သူဖုန်းကို ဘာကြောင့် မကိုင်တာလဲ?

ချီချန်းရန် သိပ်စဉ်းစားမနေတော့ပဲ ဟိုတယ်ရှိရာသို့ တိုက်ရိုက် မောင်းထွက်သွားသည်။

သူ ကားစမောင်းလာသည်နှင့် ဖုန်းသံမြည်လာသည်။

ချီချန်းရန် ဖုန်းကိုင်လိုက်သည်။

တဖက်မှ ဖုန်းထဲမှ နူးညံညင်သာစွာ“လောင်ကုန်း” ဟု ခေါ်လိုက်သော အသံထွက်လာသည်။

…

လုလီ ဟိုတယ်ခန်းထဲတွင် ထိုင်နေသည်။

လုလီသည် မရေမတွက်နိုင်သော ဖုန်းခေါ်ဆိုမှုများကို နားထောင်ရင်း အချိန်အတော်ကြာ နှုတ်ဆိတ်နေခဲ့ပြီးမှ နောက်ဆုံး ဖုန်းပြန်ခေါ်ရန် ဆုံးဖြတ်ခဲ့သည်။

သူမသည် အိမ်မှထွက်ပြေးလိုသည့် ရည်ရွယ်ချက်မရှိသလို ပုန်းအောင်းဖို့လည်း စိတ်ကူးမရှိခဲ့ပေ။ သူမ လိုချင်သည်မှာ တစ်ယောက်တည်း စိတ်ငြိမ်အောင် အချိန်ပေးဖို့ ဖြစ်သည်။

သူမကြောင့် အခြားသူများ စိတ်ပူနေမှာကိုလည်း မလိုချင်ပေ။

ထို့ကြောင့် သူမ ချီချန်းရန်ကို ဖုန်းပြန်ခေါ်လိုက်တာဖြစ်သည်။

ချီချန်းရန်သည် လုလီ၏အသံကို ကြားရမှသာ ရင်ထဲစို့နေသော ပူပန်မှုကျသွားသလို ခံစားလိုက်ရပြီး ဝမ်းသာသွားခဲ့သည်။

"မင်း X Hotel မှာရှိနေတယ်မဟုတ်လား? ကိုယ့်ကို ခဏစောင့်၊ကိုယ် ချက်ချင်းလာခဲ့မယ်"

"မလာနဲ့၊ လုံးဝ မလာနဲ့!" လုလီသည် ထိုစကားကိုကြားသည်နှင့် အကြောက်အကန် ငြင်းဆန်နေခဲ့ပြီး အဘယ်ကြောင့် ထိုသို့ ဖြစ်နေမှန်း သူမကိုယ်တိုင်လည်း မသိပေ။ ခင်ပွန်းဖြစ်သူ၏အသံကို ကြားလိုက်သည်နှင့် သူမမျက်ရည်များသည် ထိန်းမနိုင်သိမ်းမရ ကျဆင်းလာသည်။

သူမမျက်ရည်များကို လက်ဖဝါးဖြင့် သုတ်လိုက်ရင်း “အဟင့်…ဒီကိုမလာနဲ့…”

သူမ အသက်ရှုမဝသည်အထိ ငိုကြွေးထားသဖြင့် စကားကို ဖြောင့်ဖြောင့်တန်းတန်း မပြောနိုင်ပဲ ချောင်းဟန့်သံများ ရောစွက်နေသည်။ - " မလိုချင်ဘူး၊ အဟွတ်...အိမ်ကထွက်ပြေး...အဟွတ်... ကျွန်မ မရှာနဲ့...အဟွတ်...ကျွန်မ တစ်ယောက်တည်း နေချင်တယ်...အဟွတ်...ကျွန်မ တစ်ယောက်တည်း ဒီတိုင်းလေးပဲ နေချင်တယ်..."

"ခဏလောက်ပဲ...အဟင့်...အဟွတ်....စိတ်ငြိမ်အောင်...ခဏလောက် လွှတ်ထားပေးပါနော်…”

All Chapters