လျင်မြန်လှသော တိုးတက်နှုန်း
Vol. 34 Ch. 465
ဝီ...
နျိုထျဲ့ချူ၏ ကိုယ်ပေါ်တွင် သေသပ်လှပသော ကြေးခွံများ ပေါ်လာပြီး သူမခေါင်းထက်မှ ဦးချိုကလည်း စတင်ပြောင်းလဲလာသည်။
ဝုန်း..
ချက်ချင်း ဆိုသလိုပင် သူမကိုယ်မှ အစွမ်းထက်သော အရောင်အဝါတစ်ခုလည်း ပေါက်ကွဲထွက်လာ၏။
ဝေါင်း...
နဂါးအော်သံ တစ်ခုလည်း ဟိန်းထွက်လာသည်။
" ဟင်... နဂါးအဖြစ် အသွင်ပြောင်းသွားတာလား "
အားလုံး နျိုထျဲ့ချူအား သတိထားမိသွားကြသည်။ သို့သော် သူတို့ သိပ်မအံ့သြလှပါချေ။
နျိုထျဲ့ချူက နဂါးအသွင်ပြောင်းနိုင်သည်ကို သူတို့အားလုံး သိထားကြပြီး..
သူမအား ထိုအသွင်ပြောင်း အခြေအနေမျိုးဖြင့် သူတို့ မြင်ဖူးထားကြသည် မဟုတ်ပါလား... ။
သို့သော် ထိုအချိန်တွင်..
ဝုန်း..
နျိုထျဲ့ချူ၏ အရောင်အဝါက ကြောက်မက်ဖွယ် အဆင့်ထိ တိုးတက်သွား၏။
သူမခေါင်းထက်ရှိ နဂါး ဦးချိုနှစ်ခုကလည်း ရွှေရောင်တလက်လက် ဖြစ်နေကာ တချွင်ချွင် မြည်သံပေးလာသည်။ ၎င်းတို့မှာ မသေမျိုးဓားနှစ်လက် လိုပါပင်...
သူမ၏ ဆံပင်များကလည်း နှင်းကဲ့သို့ ဖွေးဖြူသွားပြီး လေမတိုက်ဘဲ လွင့်နေသည်။
ထို့နောက်..
နျိုထျဲ့ချူက မျက်လုံးများ ရုတ်တရက် ဖွင့်လိုက်ရာ အေးစက်စက် အလင်းတန်းနှစ်ခု ထွက်လာပြီး တောင်တန်းများနှင့် မြစ်များကို ဖြတ်၍ မိုင်ထောင်ချီ အကွာအဝေးသို့ တမဟုတ်ချင်း ရောက်သွားသည်။
ဝုန်း...
သူမ၏ ကိုယ်မှ ကြောက်မက်ဖွယ် အရောင်အဝါလည်း ဆက်ထုတ်လွှတ်နေကာ နဂါးအရိပ်တစ်ခု လူးလွန့်စုစည်းလာသည်။
လောထျန်းသည်ပင် ထိုနဂါးအရိပ်ကို ကြည့်ကာ ခေတ္တမျှ အံ့အားသင့်သွားရပါ၏။
အဘယ့်ကြောင့်ဆိုသော် ထိုနဂါးအရိပ်ကို သူ ရင်းရင်းနှီးနှီး သိနေပြီး... ၎င်းက သေဆုံးသွားသော ထျန်းလုံကြီးနှင့် အလွန်တူနေသောကြောင့်ပင်။
" ဒါ.... နဂါးအသွင်ပြောင်းခြင်းလား... ။ မဟုတ်
သေးဘူး.. ၊ နဂါးအသွင်ပြောင်းခြင်းထက် အများကြီး ပိုအစွမ်းထက်တယ် "
တစ်ယောက်က တအံ့တသြ ပြောလာသည်။
လောထျန်း ခေါင်းယမ်း၍ ပြန်ပြောလိုက်သည်။
" မဟုတ်ဘူး... ဒါကို ထျန်းလုံအသွင်ပြောင်းခြင်း လို့ ခေါ်ရမယ် ထင်တယ် "
" ထျန်းလုံ အသွင်ပြောင်းခြင်း... ဟုတ်လား "
အားလုံး အံ့သြမှင်သက်ကုန်ကြ၏။
ထျန်းလုံအသွင်ပြောင်းခြင်း ဆိုသည့် အဓိပ္ပါယ်ကို သူတို့ သေချာမသိသည့်တိုင် အမည်မှတဆင့် ခန့်မှန်း၍ ရပါသည်။
၎င်းက သာမာန် နဂါးအသွင်ပြောင်းခြင်းထက် များစွာ ပိုကြောက်စရာကောင်းသည်မှာ အသိသာပင်။
ယခု နျိုထျဲ့ချူ တိုးလာသည့်အစွမ်းက သာမာန်နဂါးအသွင်ပြောင်းခြင်းထက် အဆများစွာ ပိုအစွမ်းထက်နေ၏။
သို့သော်.. အားလုံး အံ့သြတုန်လှုပ်သွားရသည်မှာ ထိုအချက် တစ်ခုတည်းကြောင့် မဟုတ်ပါ။
နျိုထျဲ့ချူ၏ ခန္ဓာကိုယ်ထဲ၌ လူးလွန့်လှုပ်ရှားနေသော အရာတစ်ခုကြောင့် ဖြစ်ပါသည်။
ထိုအစွမ်းကို သူတို့ ထင်ထင်ရှားရှား မမြင်ရသည့်တိုင် အစွမ်းထက်လွန်းလှသောကြောင့် အားလုံးမှာ အသက်ရှူပင် မဝဘဲ ဖြစ်သွားရသည်။
၎င်းအစွမ်းမှာ ဤထျန်းယွမ်ကမ္ဘာကြီး အပြင်ဘက်မှ လာနေသလိုပါပင်....
ထိုအစွမ်းက နျိုထျဲ့ချူ၏ ခန္ဓာကိုယ်မှ ကြိမ်ဖန်များစွာ ပေါက်ကွဲထွက်လာပြီး နောက်ဆုံးမှသာ တဖြည်းဖြည်းချင်း ပြန်လျော့ကျသွား၏။
တစ်ချိိန်တည်းမှာပင် နျိုထျဲ့ချူ၏ အရောင်အဝါကလည်း လျင်မြန်စွာ ကျလာသည်။
" ချီး... မလုံလောက်သေးဘူးနဲ့ တူတယ် "
နျိုထျဲ့ချူက နောင်တရနေဟန်ဖြင့် အံကြိတ်လိုက်သည်။
ဘာတွေ ဖြစ်နေပါသနည်း..
အားလုံး နားမလည်နိုင် ဖြစ်သွားကြပါ၏။
ထိုစဥ်မှာပင် နျိုထျဲ့ချူက သက်ပြင်းချကာ စကားဆက်လာသည်။
" ဟူး.... ကမ္ဘာပေါ်က မသေမျိုးအဆင့်ကို ရောက်ဖို့ တကယ်မလွယ်တာပါလား "
ထိုစကားကို ကြားသည့်အချိန်တွင်မူ အားလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားကြတော့သည်။
ကမ္ဘာပေါ်မှ မသေမျိုး တစ်ယောက်တဲ့လား...
နျိုထျဲ့ချူက ကမ္ဘာပေါ်မှ မသေမျိုးတစ်ယောက် ဖြစ်လာအောင် ကြိုးစားနေခဲ့တာတဲ့လား ။
သူမ ကျရှုံးသွားရသည်မှာ စိတ်မကောင်းစရာပင်..
အကယ်၍ သူမသာ အောင်မြင်သွားခဲ့ပါက ကမ္ဘာ
ကြီး အမှန်တကယ်ပင် ပြောင်းလဲသွားပေလိမ့်မည်။
ဝှစ်..
ထိုအချိန်တွင် နျိုထျဲ့ချူက သူမ၏ အရောင်အဝါအား ပြန်ရုတ်သိမ်းလိုက်ပြီး လောထျန်းရှေ့သို့ ရောက်လာ၏။
" ဟင်... မင်း စုပ်ယူနိုင်တဲ့ သွေးအစွမ်း ပမာဏ အကန့်အသတ် မရောက်သေးဘူး မဟုတ်လား "
လောထျန်းက သူမကိုကြည့်ကာ မေးလိုက်သည်။
နျိုထျဲ့ချူက ခေါင်းညိတ်ပြ၏။
" မရောက်သေးဘူး သခင်လေး ။ ဒါပေမယ့် ဒီကောင်းကင်ဘုံနဂါးသွေးက ကျမအတွက် ဘာမှ ထပ်အသုံးမဝင်တော့တာကို ခံစားလိုက်ရတယ်။ အဲ့တော့ ဒီသွေးအစွမ်းတွေကို ကျွန်မကြောင့် အကုန်ခံမယ့်အစား ဟိုနှစ်ယောက်ကို စုပ်ယူခိုင်းလိုက်တာ ပိုကောင်းပါတယ် "
ထို့နောက်တွင်မူ လောထျန်းက မည်သို့မှ ပြန်မပြောတော့ဘဲ တဖက်လှည့်၍ လောရုံနှင့် လောရှောင်
ရှောင်းတို့ကိုသာ အာရုံစိုက်လိုက်သည်။
ထိုအချိန်တွင် လောရုံတို့ နှစ်ယောက်၏ ကျင့်ကြံခြင်းမှာ အလွန်အရေးကြီးသော အခြေအနေသို့ ရောက်နေသည်ဟု ပြော၍ ရပါ၏။
ဤသို့ဖြင့် လောထျန်းက ဆယ့်တစ်စက်မြောက် ကောင်းကင်ဘုံနဂါးသွေးအား ထုတ်သုံးလိုက်သည့် အချိန်တွင်မူ လောရုံတို့နှစ်ယောက်လုံး တစ်ပြိုင်နက်တည်း နီးပါးပင် ကျင့်ကြံခြင်း အဆင့်တက်သွားကြတော့သည်။
ဝီ...
လောရုံ၏ ကိုယ်ပေါ်၍၌ အရှုပ်အထွေး အလင်းတန်းတစ်ခု ရုတ်တရက် လင်းလာကာ...
သူ့ကိုယ်မှ အစွမ်းထက်အရောင်အဝါ တစ်ခုလည်း ထွက်ပေါ်လာသည်။
" အရှုပ်အထွေး ခန္ဓာကိုယ်ပဲ.. အကိုလောရုံကလဲ အရှုပ်အထွေး ခန္ဓာကိုယ် ရသွားပြီ "
" ငါတို့ လောမိသားစုက မိသားစု တစ်ခုတည်းမှာတောင် အရှုပ်အထွေး ခန္ဓာကိုယ် နှစ်ခု ဖြစ်သွားပြီကွ။ ငါတို့ လောမိသားစုက တကယ်ကို အစွမ်းအထက်ဆုံး မိသားစုပဲ "
လောမိသားစုမှ လူများ တခဲနက် အော်ဟစ်အားပေးလိုက်ကြသည်။
ဤကိစ္စမှာ သူတို့အတွက် အလွန်ဝမ်းသာပျော်ရွှင်စရာကြီးပင်..
ထိုစဥ် တဖက်၌..
ဝုန်း..
လောရှောင်ရှောင်း၏ ထူးခြားသော စိတ်စွမ်းအင်ပင်လယ်မှ တောက်ပသော ရွှေရောင်အလင်းတန်းတစ်ခု လင်းလက်လာသည်။
ဝီ...
ခေါင်းကိုးလုံး သားရဲအရိပ်မှလည်း နဂါးအစွမ်း ထွက်လာ၏။
၎င်းက မည်သို့မှ မတိုက်ခိုက်သည့်တိုင် ကြောက်မက်ဖွယ် ဖိအားကြီးတစ်ခုကို အားလုံး ခံစားလိုက်ကြရသည်။
" ဒီ... ထူးခြားတဲ့ စိတ်စွမ်းအင်ပင်လယ်က အစွမ်းထက်လိုက်တာ... ။ ဒါကြီးက လောရုံရဲ့ အရှုပ်အထွေး ခန္ဓာကိုယ်ထက် အစွမ်းမနိမ့်တာ သေချာတယ် "
" ငါ ဘာမှ သိပ်မသိတာတောင် ဒီ ထူးခြားတဲ့ စိတ်စွမ်းအင်ပင်လယ်က ဘယ်သူ့ထက်မှ အစွမ်းမနိမ့်တာ သိသာပါတယ်ကွာ "
လောမိသားစုဝင်များ ဝမ်းသာအားရ ထပ်အော်လိုက်ကြပြန်သည်။
ဤသို့ဖြင့်...
လောရုံနှင့် လောရှောင်ရှောင်းတို့က သူတို့၏
အရောင်အဝါများ တစ်ပြိုင်နက်တည်း သိမ်းလိုက်ချိန်မှာပင် လောထျန်းလက်ထဲမှ ဆယ့်တစ်စက်မြောက် ကောင်းကင်ဘုံနဂါးသွေးလည်း ကုန်သွားခဲ့သည်။
" ဒီ တစ်ခေါက် သွေးစက်က တော်တော်လေး အလုပ်ဖြစ်သွားခဲ့တာပဲ "
လောထျန်း ခေါင်းအသာ ညိတ်လိုက်၏။
" အကိုထျန်း... "
ထိုစဥ်မှာပင် လောရုံက လောထျန်းဘေးသို့ စိတ်လှုပ်ရှားစွာ ရောက်လာသည်။
" မဆိုးဘူးပဲကွ... မင်းက အရှုပ်အထွေး ခန္ဓာကိုယ်ကို တကယ်ကြီး အသက်သွင်းနိုင်ခဲ့တာပဲ။ ကဲ.. မင်းရဲ့ အရှုပ်အထွေး ခန္ဓာကိုယ်က ဘယ်လောက်အစွမ်းထက်တယ် ဆိုတာ ငါ့ကို ပြစမ်းပါဦး "
လောထျန်းက အပြုံးဖြင့် ဆိုလိုက်သည်။
အကယ်၍ လောရုံ၏ အရှုပ်အထွေး ခန္ဓာကိုယ်သာ သူ့ကို မှီသည်ဆိုပါက သူ အားကိုးရမည့် အစွမ်းထက် လူတစ်ယောက် ရသွားပေမည်။
" ဟုတ်ကဲ့ပါ အကိုထျန်း "
လောရုံက စိတ်လှုပ်ရှားစွာ ပြန်ပြောပြီး အရှုပ်အထွေး ခန္ဓာကိုယ်အား ချက်ချင်းပင် အသက်သွင်းလိုက်သည်။
ဝုန်း..
" ဝိုး... ဒါ အရှုပ်အထွေး ခန္ဓာကိုယ်အစွမ်းလား... ကြောက်စရာ ကောင်းလိုက်တာ "
" သခင်လေး လောထျန်းရဲ့ အရှုပ်အထွေး ခန္ဓာကိုယ်နဲ့ အကိုလောရုံရဲ့ဟာ ယှဥ်လိုက်ရင် ဘယ်ဟာက ပိုအစွမ်းထက်နိုင်လဲ "
" ငါလဲ မသိဘူးကွ... အတူတူပဲ ဖြစ််ထင်တယ်။ အားလုံးက အရှုပ်အထွေး ခန္ဓာကိုယ်တွေပဲ ဆိုတော့ "
အားလုံး ထင်ရာ ပြောလိုက်ကြသည်။
ထိုစဥ် လောထျန်းက ခေါင်းအသာညိတ်၍ ပြော၏။
" ကောင်းတယ်ကွ... သိုင်းကွက် တစ်ကွက်လောက်
ရော သုံးကြည့်ပါဦး "
လောထျန်းက ထိုသို့ ပြောပြီးသည်နှင့် သူ့ အရှုပ်အထွေး ခန္ဓာကိုယ်ကိုပါ တစ်ပြိုင်နက်တည်း အသက်သွင်းလိုက်သည်။
အရှုပ်အထွေး အလင်းတန်း ချက်ချင်းပင် လင်းလက်လာ၏။ သူတို့နှစ်ယောက်လုံးမှာ အရှုပ်အထွေး ခန္ဓာကိုယ်များ ဖြစ်ကြသည့်တိုင် လောထျန်းကိုယ်မှ ထွက်နေသည့် နတ်ဘုရားအလင်းတန်းက ပို၍ ကျစ်လျစ်သိပ်သည်းပေသည်။
" သတိထားနော် "
လောထျန်း ထိုသို့ပြောကာ လက်တစ်ဖက်ကို ဖြည်းငြင်းစွာ ဆန့်ထုတ်လိုက်သည်။
ထို့နောက်တွင်မူ ၎င်းလက်ကြီးက လောရုံအား ရိုက်လိုက်တော့၏။
ဖြန်း...
လောရုံတစ်ယောက် ဥက္ကာခဲကြီး တစ်ခုအလား လွင့်
ထွက်သွားရတော့သည်။
သူ လေထဲ လွင့်နေစဥ်မှာပင် သွေးလည်း အန်သွားပါ၏။
" အင်.... "
လောထျန်း အံ့အားသင့်သွားသလို..
ကျန်လူများလည်း သူ့နည်းတူ အံ့သြမှင်သက်သွားကြရသည်။
ဘာတွေ ဖြစ်နေပါသနည်း..
နှစ်ယောက်လုံးက အရှုပ်အထွေး ခန္ဓာကိုယ်များ ဖြစ်နေပါလျက်... အဘယ့်ကြောင့် တစ်ယောက်က ချက်ချင်း လွင့်ထွက်သွားရပါသနည်း။
ထို့အပြင် အစောက တိုက်ခိုက်မှုကို ကြည့်ရသည်မှာလည်း လောထျန်းက အစွမ်းများစွာ သုံးခဲ့ဟန် မတူပါ။
" အကိုလောရုံ.. အဆင်ပြေရဲ့လား... "
" အကိုလောရုံက အရိုးကျိုးသွားတယ်ကွ ။ ဆေးတွေ မြန်မြန်ယူလာခဲ့ကြဟေ့ "
" အကိုလောရုံ... ကျေးဇူးပြုပြီး မသေပါနဲ့ဗျာ "
လောမိသားစုဝင်များ စိုးရိမ်တကြီး အော်ဟစ်လိုက်ကြသည်။
လောထျန်းမှာလည်း အံ့သြမှင်သက်နေကာ သူ့ဘေးတွင်ရှိသော ပန်းလင်ဘက်လှည့်၍ မေးလိုက်သည်။
" ဒါ.. ဘယ်လိုလုပ်ပြီး အဲ့လို ဖြစ်သွားရတာလဲ "
ပန်းလင်က သုန်မှုန်နေသော မျက်နှာကြီးဖြင့် ပြန်ဖြေ၏။
" အရှုပ်အထွေး ခန္ဓာကိုယ်ဆိုတာ လူတစ်ယောက်မှာ ရှိထားတဲ့ အစွမ်းကို ပိုတိုးအောင် လုပ်ပေးနိုင်တဲ့ အရာတစ်ခုပဲ။ ဥပမာ .. လောရုံရဲ့ လက်ရှိအစွမ်းက ၁၀ ရှိနေတယ် ဆိုရင် ၊ အရှုပ်အထွေး ခန္ဓာကိုယ်ကို အသက်သွင်းတဲ့အခါ ၁၀၀ ဖြစ်သွားမှာ။ သခင်လေးရဲ့ အစွမ်းကတော့ တစ်သောင်းလောက် ရှိထားပြီး
သား ဖြစ်တဲ့အတွက် အရှုပ်အထွေးခန္ဓာကိုယ်ကို အသက်သွင်းလိုက်တဲ့အခါ တစ်သိန်းလောက် ဖြစ်သွားတာပေါ့ "
" အခု လောရုံရဲ့ပုံက အစွမ်းထက်တယ်လို့ ထင်ရပေမယ့် သူက တစ်ရာနဲ့ တစ်သိန်း ယှဥ်လိုက်ရတာလေ။ သခင်လေးလက်ချက်နဲ့ သူ သေမသွားတာတောင် ကံကောင်းတယ်လို့ ပြောရမယ် "
စကားဆုံးအောင် နားထောင်ပြီး နောက်တွင်ကား လောထျန်းတစ်ယောက် ဆွံ့အသွားရတော့သည်။
ထိုအချိန်မှသာလည်း ထူးခြားသော ခန္ဓာကိုယ် အမျိုးအစားချင်း တူသည့်တိုင် ၊ လူအပေါ်လိုက်၍ အစွမ်းများ ပြောင်းလဲနိုင်ကြောင်း သူ နားလည်လိုက်ရပါ၏။
ထို့နောက် သူ လောရုံဆီသို့ လျှောက်သွားကာ လောရုံကိုယ်မှ ဒဏ်ရာများအား ရှက်နေသည့် မျက်နှာဖြင့် ကြည့်လိုက်သည်။
" လောရုံ မြန်မြန် ပြန်ကောင်းလာအောင် လုပ်နော်။
အဲ့ကျရင် ငါ ပထမအကြီးအကဲကို မင်းအတွက် မှော်လက်နက်တစ်ခု ရှာခိုင်းလိုက်မယ်။ ပြီးကျရင် လာမယ့် ယောင်ချီညီလာခံကိုလဲ မင်းကို ခေါ်သွားမယ် "
လောထျန်းက အပြစ်မကင်းသည့် စိတ်ဖြင့် ပြောလိုက်သည်။
" ကျေးဇူးတင်ပါတယ် အကိုထျန်း "
လောရုံကလည်း သွေးအန်ရင်း ပြန်ပြောရှာ၏။
ကံကောင်းစွာပင် သူ ဒဏ်ရာပြင်းပြင်းထန်ထန် ရမသွားခဲ့ပါ။
ဤသို့ဖြင့် လောရုံ၏ ဒဏ်ရာများ ရက်အနည်းငယ် အကြာမှာပင် ပြန်ကောင်းလာခဲ့ပြီး.. ယောင်ချီညီလာခံသို့လသွားမည့်ရက် ရောက်လာခဲ့ပါ၏။