← Chapters

ဘာလို့ အဲ့လို လုပ်လိုက်ရတာလဲ

Vol. 34 Ch. 467

ဘာလို့ အဲ့လို လုပ်လိုက်ရတာလဲ

Vol. 34 Ch. 467

" ဘယ်သူလဲ "

" ဘယ်ကောင်လဲကွ အဲ့လို အဓိပ္ပါယ်မရှိတဲ့ စကား လျှောက်ပြောနေတာ "

ချင်းရှောင်ရှန်နှင့် ရှန့်မူချင်းတို့ နှစ်ယောက်လုံး တစ်ပြိုင်နက်တည်း ဒေါသတကြီး ပြောလိုက်ကြသည်။

ထိုစဥ်မှာပင် လူအုပ်ကြားထဲမှ လူတစ်ယောက် အေးအေးဆေးဆေး လမ်းလျှောက်ထွက်လာ၏။

ထိုလူ ဝတ်ထားသည့် အဝတ်စားများကိုဘမြင်သောအခါတွင်မူ... အားလုံး အံ့သြတုန်လှုပ်သွားကြသည်။

" ဟင်.. မဟာအလင်းတန်းဂိုဏ်းကပဲ... ။ သူတို့ကရော ဒီကို လူလွှတ်လိုက်တာလား.. "

" ယောင်ချီက ထျန်းယွမ်ကမ္ဘာကိစ္စမှာ ဘယ်ဘက်မှ

မလိုက်ဘဲ နေလာတာဆိုတော့ မဟာအလင်းတန်းဂိုဏ်းကို ဖိတ်တာ သဘာဝကျပါတယ်ကွာ "

" မဟာအလင်းတန်းဂိုဏ်းက ကောင်းကင်ဘုံပျက်စီးခြင်း ၃ ခု ကို သစ္စာခံထားပြီးတော့ ဝူလျန်နန်းတော်နဲ့ရော ၊ ထျန်းယွမ်ကျောင်းတော်နဲ့ရော ရန်ဘက်တွေလေ။ ဒီတစ်ခါတော့ စိတ်ဝင်စားစရာပွဲကောင်းတစ်ပွဲ ကြည့်ရတော့မယ်နဲ့ တူပါတယ်ကွာ "

အားလုံးက သူတို့သုံးယောက်အား ပွဲကြည့်နေသလိုပင် ကြည့်လိုက်ကြတော့သည်။

ထိုစဥ် ချင်းရှောင်ရှန်က မျက်မှောင်အနည်းငယ် ကြုံ့ရင်း ပြောလာ၏။

" မဟာအလင်းတန်းဂိုဏ်းက လူတွေပါလား။ မင်းက ငါတို့နှစ်ယောက်ကို ဘာမဟုတ်တဲ့ ကောင် ၂ ယောက် တိုက်ခိုက်နေတာလို့ ပြောလိုက်တာလား "

တဖက်လူက ချက်ချင်း လှောင်ပြုံးဖြင့် ပြန်ပြောသည်။

" ဒါပေါ့ကွ ၊ မင်းတို့ နှစ်ယောက်လုံးက အမှိုက်တွေပဲလေ။ ဒါနဲ့များတောင် ထျန်းယွမ်ကမ္ဘာရဲ့ လူငယ်

မျိုးဆက်သစ်တွေထဲက ပထမ နေရာကို ပြိုင်ချင်နေကြသေးတာ။ မင်းတို့ကို တစ်ခု ပြောပြလိုက်မယ်... ထျန်းယွမ်ကမ္ဘာ၊ လူငယ်မျိုးဆက်သစ်ရဲ့ နံပါတ် ၁ နေရာကို ငါတို့ အကိုကြီး ဟွမ်ဖုယွီပဲ ရမှာကွ "

ဟွမ်ဖုယွီဆိုသော အမည်ကို ကြားသည်နှင့် ချင်းရှောင်ရှန်ရော ရှန့်မူချင်းပါ မျက်မှောင်ကြုံ့သွားကြ၏။

မဟာအလင်းတန်းဂိုဏ်းမှ ဟွမ်ဖုယွီ ဆိုသော အမည်မှာ ကျုံ့ကျိုးဒေသမှ လူငယ်ပါရမီရှင်များအား ခေါင်းကျိန်းအောင် လုပ်နိုင်သည့် နာမည်တစ်ခုပါပင်..

ယခင်က ဟွမ်ဖုယွီသည် တစ်ယောက်တည်း၏ ကိုယ်ပိုင်အစွမ်းဖြင့် ကျုံ့ကျိုးဒေသမှ ပါရမီရှင် လူငယ်များအားလုံးကို အနိုင်ယူခဲ့ဖူးပါသည်။

ထို့အပြင် သူနှင့်အတူ တောင်ပိုင်းဒေသမှ ပါရမီရှင်များစွာကိုပါ တစ်ပါတည်း ခေါ်လာပြီး ကျုံ့ကျိုးမှ လူများအား စိန်ခေါ်ယှဥ်ပြိုင်ခဲ့ပါသေး၏။

ဤသို့ဖြင့် နောက်ဆုံး၌.. ထျန်းယွမ်ကမ္ဘာ၏ အစွမ်းအထက်ဆုံး ဒေသနေရာကို တောင်ပိုင်းဒေသမှသာ ရသွားခဲ့သည်။

၎င်းမှာ ကျုံ့ကျိုးဒေသအတွက် အရှက်ရစရာ ကိစ္စကြီးတစ်ခုလည်း ဖြစ်၏။

" ဟွမ်ဖုယွီက တကယ်လဲ အစွမ်းထက်ပါတယ်။ ဒါပေမယ့် သူ ကျုံ့ကျိုးဒေသကို လွှမ်းမိုးခဲ့တုန်းက ငါက တော်တော်ငယ်သေးတယ်ကွ။ အခုဆို ငါ သူ့ကို ရှုံးမှာမဟုတ်ဘူး "

ချင်းရှောင်ရှန်က အေးစက်စက် မျက်နှာထားဖြင့် ပြောလိုက်သည်။

မဟာအလင်းတန်းဂိုဏ်းမှ လူငယ်က လှောင်ပြုံးဖြင့် ပြန်ပြော၏။

" သူ့ကို ရှုံးမှာ မဟုတ်ဘူး.. ဟုတ်လား.... ၊ အဲ့လောက် မတုံးစမ်းပါနဲ့ကွာ။ မင်းက အခုထိ မသိသေးဘဲကိုးကွ.. ငါတို့ အကိုကြီး ဟွမ်ဖုယွီက ကောင်းကင်ဘုံတံခါးဝ အဆင့်ကို ကျော်ဖြတ်ပြီး ကမ္ဘာပေါ်က မသေမျိုးတစ်ယောက်တောင် ဖြစ်နေပြီ "

" မင်း.. ဘာပြောလိုက်တယ် "

ထိုစကားကို ကြားပြီးချိန်တွင်မူ ချင်းရှောင်ရှန်တစ်ယောက် ပါးစပ်အဟောင်းသား ဖြစ်သွားရတော့သည်။

သူသည်သာ မက ၊ အနီးနားတွင် ရှိနေသည့် လူများအားလုံးလည်း အံ့သြတုန်လှုပ်သွားကြပါ၏။

ဟွမ်ဖုယွီက ကောင်းကင်ဘုံတံခါးဝအဆင့်ကို ဖြတ်ကျော်ကာ.. ကမ္ဘာပေါ်မှ မသေမျိုးတစ်ယောက်ပင် ဖြစ်နေပြီတဲ့လား...

၎င်းမှာ ဧရာမ သတင်းကြီး တစ်ခုပင်..

ဟွမ်ဖုယွီမှာ ယခုထိ အသက် တစ်ရာပင် မကျော်သေးပါချေ ။

သူက ဤအရွယ်လေးနှင့် မသေမျိုးတစ်ယောက်ပင် ဖြစ်လာတော့မည်တဲ့လား..

ကျင့်ကြံသူ အများစုမှာ သေဆုံးသွားရသည်အထိပင် ထိုသို့သော အဆင့်သို့ မရောက်နိုင်ကြပေ..

" ဒါ... လုံးဝ မဖြစ်နိုင်ဘူး ။ ဒါဆို တောင်ပိုင်းဒေသက ကျုံ့ကျိုးဒေသကို နောက်ထပ် နှစ်ထောင်ချီကြာအောင် ထပ်ပြီး ဖိနှိပ်နိုင်နေဦးမှာပေါ့.. "

" နှစ်ထောင်ချီ.. ဟုတ်လား ၊ ငါ မှတ်မိသဘောက်ဆိုရင် ဟွမ်ဖုယွီမှာက ထူးခြားတဲ့ ခန္ဓာကိုယ်လဲ ရှိသေးတယ်နော်။ သူသာ မသေမျိုးတစ်ယောက် ဖြစ်လာလို့ကတော့... တစ်ကမ္ဘာလုံးမှာ အကောင်းဆုံး မဟုတ်ရင်တောင် အစွမ်းထက်ဆုံး သူတွေထဲက တစ်ယောက် ဖြစ်မှာတော့ အသေချာပဲ "

" မဟာအလင်းတန်းဂိုဏ်းမှာ... ကမ္ဘာပေါ်က မသေမျိုး နှစ်ယောက် ဖြစ်သွားမှာပေါ့... "

ထိုစကားကို ကြားသည်နှင့် ကျုံ့ကျိူးဒေသမှ လူများ မျက်နှာပျက်သွားကြတော့သည်။

မဟာအလင်းတန်းဂိုဏ်းမှ လူမှာမူ မျက်နှာကြီး ဝင်းပနေပါ၏။

ထိုလူက ရှေ့မှ ချင်းရှောင်ရှန်တို့ နှစ်ယောက်ကို ကြည့်ရင်း စကားဆက်ပြောသည်။

" ဘယ်လိုလဲ... ငါ ခုနက ပြောခဲ့တဲ့ ဘာမှမဟုတ်တဲ့ ကောင်နှစ်ယောက် တိုက်ခိုက်နေတာ ဆိုတဲ့စကားကို ငြင်းချက် ထုတ်ချင်သေးလား "

ကျန်နှစ်ယောက်မှာ ထိုတခဏ၌ မည်သို့မှ ပြန်မပြောနိုင်ဘဲ ဆွံ့အနေကြတော့သည်။

ထိုအချိန်မှာပင်..

ဝီ..

သူတို့နှင့် မလှမ်းမကမ်းရှိ တည်နေရာရွှေ့ပြောင်းခြင်း အစီအမံက အရောင်လက်လာပြန်၏။

" ဟင်.. နောက်တစ်ယောက် ထပ်လာနေပြီနဲ့တူတယ် "

" ဒီတစ်ခေါက်ကရော ဘယ်သူဖြစ်မလဲ "

" အဲ့ဒါတော့ မသိဘူးလေကွာ။ ဒါပေမယ့် ဒီ တည်နေရာရွှေ့ပြောင်းခြင်း အစီအမံကို သုံးတဲ့သူက သာမာန်လူတစ်ယောက် မဟုတ်တာတော့ လုံးဝ သေချာတယ် "

အားလုံးက အစီအမံ ရှိရာဘက်သို့ စိတ်ဝင်တစား လှည့်ကြည့်လိုက်ကြသည်။

ထိုစဥ် မဟာအလင်းတန်းဂိုဏ်းမှ လူငယ်ကလည်း လက်နောက်ပစ်ပြီး လှောင်ပြုံးဖြင့် ပြောလာ၏။

" လာစမ်းပါဦး... ဒီတစ်ခေါက် ဘယ်လိုလူသစ်လေး ထွက်လာမလဲ ကြည့်ရအောင် "

အားလုံးမှာ သူ့စကားကို ကြားပြီး ဒေါသထွက်သွားကြသည့်တိုင် မည်သို့မှ ပြန်မပြောရဲကြပါချေ။

တဖက်လူက အင်အားကြီးပြီး အစွမ်းထက်လှသော မဟာအလင်းတန်းဂိုဏ်းမှ လူ ဖြစ်နေသည် မဟုတ်ပါလား..

ထို့အပြင် သူတို့ဂိုဏ်းမှ ဟွမ်ဖုယွီကလည်း အလွန်အစွမ်းထက်နေသောကြောင့် .. သူ စိတ်တိုင်းကျ ပြုမူ၍ ရနေခြင်းပင်။ ချင်းရှောင်ရှန်နှင့် ရှမ့်မူချင်း တို့ နှစ်ယောက်သည်ပင် မည်သို့မှ ပြန်မပြောနိုင်ဘဲ ပါးစပ်ပိတ်သွားကြရသည်ကို သူတို့က ဘာများ တတ်နိုင်ပါဦးမည်နည်း။

သူတို့အားလုံး၏ စိတ်ထဲတွင်ကား အစီအမံထဲမှ အစွမ်းထက် ကျင့်ကြံသူတစ်ယောက် ထွက်လာကာ ထိုမဟာအလင်းတန်းဂိုဏ်းမှ လူအား ဖိနှိပ်ရန် ကြိတ်ဆုတောင်းလိုက်ကြပါ၏။

သို့သော်.... ၎င်းက ဖြစ်နိုင်ချေ အလွန်နည်းပါးကြောင်းကို သူတို့ သိကြပါသည်။

ထိုစဥ်မှာပင် တည်နေရာရွှေ့ပြောင်းခြင်း အစီအမံမှ အလင်းတန်းများ ပြန်တည်ငြိမ်သွားပြီး ...

လူအယောက် လေး၊ငါး ဆယ်ခန့် ပါဝင်သော လူတစ်စု အားလုံးရှေ့ ရောက်လာသည်။

" ဟင်... လူတွေ အများကြီးပါလား။ ဘယ်အဖွဲ့ကတွေလဲ ။ အဲ့လူတွေကို ဘယ်သူ သိကြလဲ "

" သူတို့ အဝတ်စားပေါ်က အမှတ်တံဆိပ်တွေကိုလဲ

တစ်ခါမှ မမြင်ဖူးဘူး ၊ လူတွေကလဲ လူစိမ်းတွေ ။ ဘယ်သူတွေလဲကွ "

" တခြား သိတဲ့သူ ဘယ်သူရှိသေးလဲ "

အားလုံးက စိတ်ရှုပ်ထွေးနေသော မျက်လုံးများဖြင့် တစ်ယောက်ကိုတစ်ယောက် လှည့်ကြည့်လိုက်ကြသည်။

ပုံမှန်ဆိုပါက ထို တည်နေရာရွှေ့ပြောင်းခြင်း အစီအမံထဲမှ ထွက်လာသူများမှာ အားလုံး သိကြသည့် သူများသာ ဖြစ်သင့်ပါသည်။

" သခင်လေး... ဒါ ယောင်ချီလား ။ ကျုပ် ကြားထားတာတော့ ယောင်ချီမှာ အချောလှလေးတွေ အများကြီးပဲဆို ။ အခုက ဘယ်လိုဖြစ်ပြီး ရုပ်ကြမ်းကြမ်းနဲ့ ယောကျာ်းကြီးတွေပဲ ရှိနေရတာလဲ "

လူငယ်တစ်ယောက်က အံ့သြနေဟန်ဖြင့် မေးလိုက်သည်။

ထိုစကားကို ကြားသွားသူများ အားလုံး လူငယ်အား မယုံနိုင်စွာ ကြည့်လိုက်ကြ၏။

ထိုစဥ်တွင် မဟာအလင်းတန်းဂိုဏ်းမှ လူငယ်က တဟားဟားအော်ရယ်ရင်း ပြောလာသည်။

" ရယ်ရလွန်းလို့ သေတော့မှာပဲကွာ ။ ကျုံ့ကျိုးက လူတွေက တစ်နှစ်ထက် တစ်နှစ် ပိုပိုပြီး ကြောင်တောင်တောင် ဖြစ်လာကြတာလား မသိတော့ပါဘူး။ ဒီလိုလူမျိုးကိုများ ယောင်ချီညီလာခံထဲ အဝင်ခံရတယ်လို့ "

သူ့စကားကြောင့် ကျုံ့ကျိုးမှ လူများ၏ မျက်နှာထားများ ပြောင်းသွားကြပြန်သည်။

မည်မျှ အရှက်ရစရာ ကောင်းလိုက်သော ကိစ္စကြီးပါနည်း။

" အဲ့ဒါ ဘယ်က တောသားကောင်တွေလဲကွာ.. ရှက်စရာ ကောင်းလိုက်တာ "

" ဟုတ်တယ်.. တခြားနေရာမှာဆို နည်းနည်း တော်ပါသေးရဲ့... ၊ အခုတော့ မဟာမလင်းတန်းဂိုဏ်းက လူတွေရှေ့မှာမှ လာအရှက်ခွဲရတယ်လို့ကွာ.

အားလုံးက တည်နေရာရွှေ့ပြောင်းခြင်း အစီအမံမှ လူများအား ဒေါသတကြီး ကြည့်လိုက်ကြသည်။

ထိုစဥ် မဟာအလင်းတန်းဂိုဏ်းမှ လူငယ်က လက်နောက်ပစ်ထားရင်း မာထန်ထန် မျက်နှာထားဖြင့် ထပ်ပြောလာ၏။

" ဟေ့... ငါ့ကို ပြောစမ်းပါ ၊ မင်းတို့က ဘယ်ဂိုဏ်းကတွေလဲ ။ နာမည်ရော ဘယ်လိုခေါ်လဲ... ။ ရှက်မနေနဲ့နော် "

သူ ထိုသို့ပြောကာ အားလုံးအား လှောင်ပြောင်လိုသည့် မျက်နှာထားဖြင့် ကြည့်လိုက်သည်။

သူ ထိုလူသစ်များကို အသုံးချပြီး ကျုံ့ကျိုးဒေသမှ လူများအား အရှက်ရအောင် ထပ်လုပ်ချင်နေသည်မှာ အသိသာပါပင် ။

သို့သော် တဖက်လူအုပ်မှ လူငယ်တစ်ယောက်က သူ မျှော်လင့်မထားသော စကားကို ပြောလာပါ၏။

" ကျုပ်တို့က မြောက်ပိုင်းဒေသ ၊ ပျောင်ပိုင်မြို့ကပဲ။ ကျုပ်နာမည်က လောထျန်း လို့ ခေါ်တယ် "

ယခု ရောက်နေကြသည့် လူသစ်များမှာ လောထျန်းနှင့် ပျောင်ပိုင်မြို့မှ သူ့လူများပါပင်..

မဟာအလင်းတန်းဂိုဏ်းမှ လူမှာ စစချင်း သူတို့အဖွဲ့ကို လှောင်ပြောင်ရန် စဥ်းစားထားခဲ့သော်လည်း..

လောထျန်းစကားကို ကြားပြီးနောက်တွင်ကား သူ့မျက်နှာထက်မှ အပြုံးက ရုတ်ချည်းပျောက်ကွယ်သွား၏။

" မင်း... မင်းက ဘယ်သူ... "

သူ အသံတုန်တုန်ဖြင့် ထပ်မေးလိုက်သည်။

" ငါလား... ငါ့နာမည်က လောထျန်းလို့ ခေါ်တယ်လေ။ ဘာဖြစ်လို့လဲ "

လောထျန်းက နားမလည်ဟန်ဖြင့် ပြန်မေး၏။

ဂလု...

တဖက်လူ တံတွေးကို ခက်ခက်ခဲခဲ မြိုချလိုက်ရသည်။

" ငါ သွားတော့မယ် "

ထိုသို့ ပြောပြီးသည်နှင့် သူ ချက်ချင်း နောက်လှည့်ထွက်ခွာသွားပြီး အားလုံး၏ မြင်ကွင်းမှ ပျောက်ကွယ်သွား၏။

အားလုံးမှာလည်း အံ့သြမှင်သက်လျက် ကျန်နေခဲ့ကြသည်။

" ဟေ့.. ဟိုမဟာအလင်းတန်းဂိုဏ်းက ကောင်က ဘာဖြစ်သွားတာလဲ "

" ငါလဲ မသိဘူးကွ။ သူက ဘာဖြစ်လို့ ဘာအကြောင်းရင်းမှ မရှိဘဲ ထွက်ပြေးသွားရတာလဲ "

" အဲ့ကောင်က စိတ်မှ နှံ့သေးရဲ့လားကွာ။ အစကတော့ ငါက ဒီကောင် ပြဿနာရှာတော့မယ် ထင်နေတာ "

" အခု အဲ့ဒါကို ခဏထားလိုက်ပါဦးကွာ ။ ဟိုလူတွေက... မြောက်ပိုင်းဒေသကလို့ ပြောလိုက်တာလား "

" မြောက်ပိုင်းဒေသက ဟုတ်လား... အဲ့လူတွေက ဒီ တည်နေရာရွှေ့ပြောင်းခြင်း အစီအမံကို သုံးဖို့ရော အရည်အချင်း ပြည့်လို့လားကွာ။ တစ်ခုခုများ လွဲနေတာလား "

အားလုံးက လောထျန်းအား နားမလည်နိုင်စွာ ကြည့်လိုက်ကြသည်။

ထိုအချိန်မှာပင် လောထျန်းက ဖိတ်စာကို ထုတ်ပြီး ပြော၏။

" ဒီထဲမှာ ယောင်ချီကလူ ဘယ်သူရှိလဲ ။ ကျုပ်တို့က ယောင်ချီညီလာခံကို တက်ဖို့ လာခဲ့တာ ။ အခု ဘယ်ကို သွားရမှာလဲ "

လောထျန်းလက်ထဲမှ ဖိတ်စာအား မြင်လိုက်ရသည့် အချိန်တွင် အားလုံး အံ့သြမှင်သက်သွားကြရပြန်၏။

" ဒီဖိတ်စာက... လုံးဝ မမှားနိုင်ဘူး။ အဲ့ဒါ ယောင်ချီရဲ့ အဆင့်အမြင့်ဆုံး ဖိတ်စာပဲ "

" မဖြစ်နိုင်တာ.... ဒီတောသားကောင်တွေက ဘာလို့ အဲ့လိုအဆင့်နဲ့ ဖိတ်စာကို ရထားကြတာလဲ "

အားလုံး အံ့သြမှင်သက်နေကြစဥ်မှာပင်...

ယောင်ချီမှ အကြီးအကဲတစ်ဦးက ထိုစကားများကို ကြားသွားကာ နောက်လှည့်ကြည့်လာ၏။

သူမ စကားပြောရန် ပြင်လိုက်စဥ်တွင်...

လေထုကို ဖြိုခွင်း၍ လာနေသော အသံတစ်သံ ထွက်ပေါ်လာသည်။

All Chapters