← Chapters

အကြီးအကဲ မူအား အုပ်စုလိုက် တိုက်ခိုက်ခြင်း

Vol. 34 Ch. 468

အကြီးအကဲ မူအား အုပ်စုလိုက် တိုက်ခိုက်ခြင်း

Vol. 34 Ch. 468

ယောင်ချီမှ အကြီးအကဲက အသံလာရာဘက် ချက်ချင်း လှည့်ကြည့်လိုက်သည်။

သူမနောက်သို့ ရောက်လာသော အသက်ကြီးကြီး အမျိုးသမီးတစ်ယောက်ကို တွေ့သည့်အချိန်တွင်ကား ..

အကြီးအကဲ၏ မျက်နှာထား အနည်းငယ်ပြောင်းသွားကာ ပြောလိုက်၏။

" အရိုအသေပေးပါတယ် အကြီးအကဲမူ "

အကြီးအကဲမူ မှာလည်း သူမကဲ့သို့ပင် ယောင်ချီမှ အကြီးအကဲတစ်ယောက် ဖြစ်ပါသည်။

သို့သော်.. အကြီးအကဲမူသည် အကြီးအကဲဟွာ၏ လက်အောက်မှ လူတစ်ယောက်ဖြစ်ပြီး..

အကြီးအကဲဟွာသည် ယောင်ချီ၏ အစွမ်းထက် မသေမျိုးများထဲမှ တစ်ယောက်ဖြစ်ကာ.. အကြီးအကဲများ၏ ခေါင်းဆောင်လည်း ဖြစ်ပါ၏။

ထိုသို့သော သူတစ်ယောက်ကို သူမဘက်မှ ရန်စစော်ကားလိုက်၍ မဖြစ်ပါချေ။

ထို့ကြောင့်လည်း သူမ သတိကြီးကြီး ထားလိုက်ရသည်။

" အင်း.. "

အကြီးအကဲမူက ခေါင်းတစ်ချက် ဆတ်ပြပြီး ဘေးဘီသို့ ဝေ့ဝဲကြည့်လိုက်၏။ ထို့နောက် ချင်းရှောင်ရှန်နှင့် ရှန့်မူချင်းတို့အား တွေ့သွားကာ သူမ၏မျက်နှာ ချက်ချင်း ဝင်းပသွားသည်။

" တူလေး နှစ်ယောက်... ခုလို အရီးအဝေးကြီးက လာခဲ့ကြတဲ့အတွက် ကျေးဇူးတင်ပါတယ်ကွယ်။ အခု ယောင်ချီကို မြန်မြန်သွားလိုက်ပါ... အားလုံးကို သေချာစီစဥ်ထားပါတယ် "

အကြီးအကဲမူက အပြုံးဖြင့် ဆိုသည်။

လူငယ်တစ်ယောက်က တစ်ယောက်ကိုတစ်ယောက် လှည့်ကြည့်ရင်း ခေါင်းညိတ်ပြလိုက်ကြ၏။

" ကျေးဇူးတင်ပါတယ်ဗျာ "

ထိုစဥ် အကြီးအကဲမူက တဖက်မှ လောထျန်းတို့ လူစုအား တွေ့သွားကာ မျက်မှောင်ကြုံ့သွားသည်။

" သူတို့က ဘယ်က လာခဲ့ကြတာလဲ ။ ဘာလို့ အဲ့ဒီ တည်နေရာရွှေ့ပြောင်းခြင်း အစီအမံထဲက ထွက်လာကြတာလဲ "

အကြီးအကဲမူ မေးလိုက်သည်။

တဖက်မှ အကြီးအကဲက မြန်မြန်ပြန်ရှင်းပြ၏။

" အကြီးအကဲမူ... သူတို့မှာ ဖိတ်စာ ပါလာပါတယ်ရှင်... "

" ဖိတ်စာ.... အဲ့ဖိတ်စာကို ပြစမ်း ၊ ငါ ကြည့်ဦးမယ် "

အကြီးအကဲမူက မာထန်ထန်ဖြင့်ပင် ဆက်ပြောလာ၏။

လောထျန်းကလည်း ထိုစကားကို ကြားသည်နှင့် ဖိတ်စာအား လှမ်းပေးလိုက်သည်။

သို့သော်... မျှော်လင့်မထားစွာပင် အကြီးအကဲမူက ဖိတ်စာအား လှမ်းယူကာ လှောင်ပြုံးဖြင့် အပိုင်းပိုင်း

ဆွဲဖြဲပစ်လိုက်ပါ၏။

" အမှိုက်ကောင်တွေ... မင်းတို့ကများ ယောင်ချီညီလာခံ ဖိတ်စာအတု လုပ်ရဲတယ်ပေါ့လေ။ မင်းတို့က သေချင်နေကြတာပဲ။ ဒီကို လာကြစမ်းဟေ့.. အဲ့ကောင်တွေကို ရှင်းပစ်လိုက် "

အကြီးအကဲမူက လေသံမာမာဖြင့် အော်လိုက်သည်။

အနီးနားတဝိုက်​တွင် ရှိနေကြသော လူများအားလုံးလည်း ရုတ်ရုတ်သဲသဲ ဖြစ်သွားကြတော့သည်။

" ဟင်... ဖိတ်စာက အတု ဖြစ်နေတာတဲ့.. "

" သဘာဝကျပါတယ်ကွာ ။ မြောက်ပိုင်းဒေသက ဘာမဟုတ်ကဲ့ ကောင်တွေက ယောင်ချီရဲ့ ထိပ်တန်းအဆင့် ဖိတ်စာကို ဘယ်လိုလုပ် ရခဲ့တာလဲလို့ ငါက တွေးနေတာ "

အားလုံး ထင်ရာ ပြောလိုက်ကြသည်။

ထိုစဥ် လူတစ်စုကလည်း လောထျန်းနှင့် အခြားသူများအား ယောင်ချီအတွက် ဖမ်းဆီးပေးရန် ပြင်

လိုက်ကြပါ၏။

ထိုအချိန်တွင် လောထျန်း၏ မျက်နှာမှာ အေးစက်နေခဲ့လေပြီ။

" ခင်ဗျားက ကျုပ်ကို ဖိတ်စာအတု လုပ်တယ်လို့ စွပ်စွဲလိုက်တာလား "

သူ အေးစက်စက် မေးလိုက်သည်။

" အမှန်ပဲလေ ၊ ငါ ပြောတာ ဘာမှားလို့လဲ "

အကြီးအကဲမူက လှောင်ပြုံးဖြင့် ပြန်ပြော၏။

လောထျန်း မျက်မှောင်အနည်းငယ် ကြုံ့သွားပြီး ဒေါသကို ကြိုးစားထိန်းကာ ဆက်ပြောလိုက်သည်။

" ဒီဖိတ်စာကို ခင်ဗျားတို့ ယောင်ချီရဲ့ နတ်ဘုရားမ ၊ ရွှေယွဲ့ချီကိုယ်တိုင် ပေးထားတာ။ ဖိတ်စာက အတုလား ၊ အစစ်လား သိချင်ရင် ရွှေယွဲ့ချီကို ထွက်လာခိုင်းပြီးတော့ ကိုယ်တိုင်ပဲ မေးလိုက်ပါ "

သူနှင့် ရွှေယွဲ့ချီတို့ကြားတွင် မိတ်ဆွေအဖြစ် ပတ်သက်မှု ရှိထားသောကြောင့်လည်း လောထျန်းက ချက်ချင်း ဒေါသတကြီး ပြန်မတုန့်ပြန်ခြင်းပင်။

သို့သော် မျှော်လင့်မထားစွာပင် အကြီးအကဲမူက လှောင်ပြုံးဖြင့် ပြန်ပြောလာ၏။

" ဟား ဟား.. အဲ့ သူခိုးမလေးလား ၊ အဲ့ကောင်မလေးက မကြာခင်မှာတောင် သူ့ရဲ့ နတ်ဘုရားမ ရာထူးကနေ ထုတ်ပယ်ခံရတော့မှာလေ။ သူ့နာမည်နဲ့ ဘာသုံးစားရမယ် ထင်နေတာလဲ "

" ခင်ဗျား.. ဘာပြောလိုက်တယ် "

လောထျန်း အံ့အားသင့်သွားရတော့သည်။

ရွှေယွဲ့ချီက သူမ၏ နတ်ဘုရားမ ရာထူးမှ ထုတ်ပယ်ခံရတော့မည်တဲ့လား ။

သူ ၎င်းကို မည်သို့ လက်ခံရပါမည်နည်း။

သူမဘက်မှ သူ့ကို ပေးစရာ အကြွေးများ များစွာ ကျန်နေသေးသည် မဟုတ်ပါလား...

အကယ်၍ သူမသာ ရာထူးမှ ထုတ်ပယ်ခံရမည် ဆိုပါက သူ့ကို ပေးမည်ဟု ကတိပေးခဲ့သော အရာများကိုလည်း ဆုံးရှုံးရပေတော့မည်။

လောထျန်း၏ မျကိလုံးထဲတွင် အေးစက်စက်အလင်းတန်းများ ဖျတ်ခနဲ လက်သွားသည်။

" လောရုံ... "

သူ ခေါ်လိုက်သည်။

" ဟုတ်ကဲ့ အကိုထျန်း "

သူ့နောက်မှ လောရုံက ချက်ချင်း ပြန်ထူး၏။

" မင်းနဲ့အတူ ဟင်းလင်းပြင်လက်စွပ်တွေ ဘယ်လောက် ပါလာလဲ "

လောထျန်းက မေးလိုက်သည်။

ထိုစကားကို ကြားသည်နှင့် လောရုံ၏ ခန္ဓာကိုယ် ဆတ်ခနဲ တုန်သွား၏။

လောထျန်း ဆိုလိုသည့် အဓိပ္ပါယ်ကို သူ သဘောပေါက်ကာ ချက်ချင်း စိတ်လှုပ်ရှားသွားသည်။

ကျုံ့ကျိုး၏ မြင့်မြတ်နယ်မြေ တစ်ခုဖြစ်သော ယောင်ချီကို အင်အားသုံး ဖျက်ဆီးတော့မည်လား..

လောရုံတစ်ယောက် အိပ်ချင်စိတ်များလည်း ပြေသွားကာ ချက်ချင်း တက်ကြွသွားပါ၏။

ယောင်ချီ၏ အဖိုးတန်ရတနာများ မည်သို့ရှိသည်ကို သူ မြင်ရပေတော့မည်...

" ကျုပ် အများကြီးတော့ မယူလာမိဘူးဗျ။ ဒါပေမယ့်.. အကူအညီ ပြန်ခေါ်လိုက်ရမလား အကိုထျန်း "

လောရုံ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

တဖက်ရှိ အံ့အားသင့်နေသော အကြီးအကဲမူက လှောင်ပြုံးဖြင့် ပြောလာ၏။

" ဘာလဲ... မင်းရဲ့ ဟင်းလင်းပြင်လက်စွပ်နဲ့ ငါ့ကို လာဘ်ထိုးမလို့လား ။ ဒါပေမယ့် ရမယ်မထင်နဲ့နော်။ အခု မြန်မြန် လှည့်ပြန်လိုက်ကြတော့ "

သူမက ပြောပြောဆိုဆိုပင် လောထျန်းတို့လူစုအား လက်ဖြင့်တွန်းရန် ပြင်လိုက်သည်။

သို့သော် သူမလက်က လောထျန်းအား ထိခါနီး အချိန်မှာပင်..

ဝုန်း..

လောထျန်းက လက်ဆန့်ထုတ်ကာ သူမလက်အား ဆုပ်ကိုင်လာ၏။

" ဟင်... မင်းက ငါ့ကို ပြန်ခုခံရဲလောက်အောင် သိပ်ကို သတ္တိကောင်းနေတယ်ပေါ့လေ "

အကြီးအကဲမူ လန့်သွားကာ ဒေါသတကြီး အော်လိုက်၏။

လောထျန်းက လှောင်ပြုံးဖြင့် ပြန်ပြောသည်။

" သတ္တိကောင်းတယ်.. ဟုတ်လား။ ကျုပ် သတ္တိက နည်းတယ်လို့တောင် ပြောလို့ရသေးတယ် "

သူ ထိုသို့ပြောကာ အကြီးအကဲမူအား နောက်သို့ အရှိန်ပြင်းပြင်း လွင့်ပစ်လိုက်တော့သည်။

" သူ့ကို ရိုက်ကြ "

လောထျန်း အေးစက်စက် ဆက်ပြောလိုက်၏။

သူ့အမိန့်ကို ကြားသည်နှင့် ပျောင်ပိုင်မြို့မှ လူများ

ဝုန်းခနဲ ရှေ့တိုးလာကြ၏။

အကြီးအကဲမူက လောထျန်းအား အထင်မြင်သေးသည့် စကားများကို ပြောနေစဥ်ကတည်းက သူတို့ ဒေါသထွက်နေခဲ့ကြပြီ ဖြစ်ပါသည်။

လောထျန်း၏ မူလအစီစဥ် ပျက်သွားမည်ကိုသာ မစိုးရိမ်ပါက သူတို့ထဲမှ တစ်ယောက်ယောက် ရှေ့ထွက်ပြီး အကြီးအကဲမူအား တိုက်ခိုက်သည်မှာလည်း ကြာနေလောက်လေပြီ။

ယခုတွင်ကား လောထျန်းဆီမှ တရားဝင် အမိန့်ကို ရလိုက်ပြီဖြစ်ရာ.. သူတို့ ဆက်သည်းခံစရာ အကြောင်းမရှိတော့ပါချေ။

" အဘွားကြီး... မင်းကများ ငါတို့ အကိုထျန်းကို အဲ့လိုစကားမျိုး ပြောရဲတယ်ပေါ့ "

" စုန်းမအိုကြီး.. မင်းကို သေအောင်ကို လုပ်ပစ်ဦးမယ် "

" ဒါနဲ့များ ယောင်ချီရဲ့ အကြီးအကဲတဲ့ ။ မင်းတို့

ယောင်ချီမှာ အဲ့လိုလူမျိုးတွေပဲ ရှိတာလား "

" ရှေ့ကကောင်.. နည်းနည်းပါးပါးလဲ အလိုက်သိဦးလေကွာ။ မင်း ကျေနပ်အောင် ထိုးကြိတ်ပြီးသွားရင်လဲ ရှေ့က ဖယ်ပေးဦး ။ ဒီမှာ မင်းနောက်မှာ ဘာမှ ဝင်မလုပ်ရသေးတဲ့သူတွေ အများကြီး တန်းစီနေတာ မတွေ့ဘူးလား။ သောက်ကျိုးနည်း အကုန်လုံးက လက်ယားနေကြပြီ"

ပျောင်ပိုင်မြို့မှ လူများ ဒေါသတကြီး ဆဲရေးကာ အားရပါးရ ရိုက်ပုတ်ထိုးကြိတ်နေကြတော့သည်။ သူတို့အသွင်များမှာလည်း အဆင့်အတန်းရှိ ကျင့်ကြံသူ သခင်ကြီးများနှင့်မတူဘဲ လမ်းဘေးတိုက်ပွဲတစ်ခု တိုက်နေဟန်သာ ပေါက်နေပါ၏။

သို့သော်... အားလုံးကို အံ့သြသွားစေသည့် အချက်မှာ အကြီးအကဲမူက သူမ၏ စိတ်စွမ်းအင်ကို ကြိမ်ဖန်များစွာ သုံးပြီး ထိုလူစုလက်မှ လွတ်ရန် ကြိုးစားနေခဲ့သည့်တိုင် လုံးဝ မအောင်မြင်ခဲ့ခြင်းပင်။

အကြီးအကဲမူမှာ အဆုံးအစမဲ့ ကျင့်ကြံခြင်းအဆင့်သို့ ရောက်ထားပြီးသူ တစ်ယောက် ဖြစ်ပါသည်။

ထိုသို့သော အစွမ်းထက် ကျင့်ကြံသူတစ်ယောက်က တဖက်လူစု၏ တိုက်ခိုက်မှုကို ခံရပြီးနောက် ဘာမှ ပြန်မတိုက်ခိုက်နိုင်ဘူး တဲ့လား..

အားလုံး အံ့အားသင့်နေကြစဥ်မှာပင်..

" အားလုံး ရပ်လိုက်ကြပါ "

လေထဲမှ အမျိုးသမီးသံတစ်သံ ထွက်လာပါ၏။

အသံနှင့် မရှေးမနှောင်းမှာပင် လေထဲမှ လူ ဆယ်ယောက်ကျော်ခန့် ဆင်းသက်လာကြသည်။

" ယောင်ချီရဲ့ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့တွေ ရောက်လာကြပြီပဲ "

" ဟိုလူတွေတော့ ဒုက္ခရောက်ပြီ "

အားလုံး တစ်ယောက်တစ်ပေါက် ပြောလိုက်ကြပြန်သည်။

ထိုစဥ် အကြီးအကဲမူက လူအုပ်ကြားထဲမှ ခက်ခက်ခဲခဲ တွားသွားထွက်လာကာ လက်ညိုးတထိုးထိုးဖြင့်

တိုင်၏။

" အကြီးအကဲဟယ် ၊ ကျွန်မကို ကယ်ပါဦးရှင် ။ ဒီ မျိုးမစစ်ကောင်တွေအားလုံးကို သတ်ပေးပါ "

သို့သော် သူမ ထိုသို့ အော်ဟစ်အကူအညီ တောင်းလိုက်ချိန်မှာပင် တစ်ယောက်က သူမခြေထောက်ကို ကိုင်ကာ လူအုပ်ကြားထဲ ပြန်ဆွဲလိုက်ပြီး ဆက်ရိုက်ပုတ်လိုက်ပြန်၏။

" ချီး... ရိုက်လို့တောင် မပြီးသေးတာကို ထွက်ပြေးချင်တယ်ပေါ့လေ "

" ဆက်ရိုက်ကြဟေ့ "

မကြာမီမှာပင် လူကြားထဲမှ အကြီးအကဲမူ၏ ငိုယိုအော်ဟစ်သံ ထပ်ထွက်လာတော့သည်။

မလှမ်းမကမ်းမှ အကြီးအကဲ ဟယ် ဆိုသူက သုန်မှုန်နေသော မျက်နှာကြီးဖြင့် လောထျန်းအား ကြည့်ကာ ဆိုသည်။

" သခင်လေးက သခင်လေး လောထျန်း မဟုတ်လား "

လောထျန်း ခေါင်းညိတ်ပြလိုက်၏။

" ဘာဖြစ်လို့လဲ ၊ ခင်ဗျားကရော သူ့ဘက်ကနေ ကာပေးမလို့လား "

အကြီးအကဲဟယ် သက်ပြင်းရှည်ကြီး တစ်ချက်ချ၍ ဆိုသည်။

" ကျွန်မက အဲ့လိုသဘောနဲ့ ပြောတာ မဟုတ်ပါဘူးရှင်။ ကျွန်မတို့ရဲ့ သခင်မကြီးကလဲ ဒီကိစ္စကို သိထားပြီးသားပါ။ သခင်လေးကို ဖိတ်စာ ပို့ထားပြီးသားဆိုတော့ ဘယ်လိုနည်းမျိုးနဲ့ပဲ ပို့ထားသည်ဖြစ်စေ ၊ သခင်လေးက ကျွန်မတို့ ယောင်ချီရဲ့ ဧည့်သည်ပါပဲ "

" အခု အကြီးအကဲ မူက သခင်လေးရဲ့ ဖိတ်စာကို ဖြဲပစ်လိုက်တာ ဆိုတော့ ယောင်ချီရဲ့ စည်းမျဥ်းတွေကို ချိုးဖောက်ရာ ကျသွားတာမို့ အပြစ်ပေးတာ ခံသင့်ပါတယ်။ ဒါ့ကြောင့်မို့ သခင်လေး အနေနဲ့ အကြီးအကဲမူကို ကျွန်မတို့လက်ကိုပဲ ပြန်အပ်ပြီးတော့ ယောင်ချီရဲ့ စည်းမျဥ်းအတိုင်း စီရင်တာ ခံပါစေရှင် "

အကြီးအကဲ ဟယ်က စကားကို ယဥ်ယဥ်ကျေးကျေးပင် ပြောလိုက်သည်။

လောထျန်းမှာလည်း သူ့အား စကားကြမ်းကြမ်း ပြောသည်ထက် စကားချိုချို ပြောခြင်းကိုသာ နှစ်သက်သဖြင့်.. စကားဆုံးအောင် နားထောင်ပြီးနောက် ခေါင်းအသာညိတ်၍ သူ့လူများဘက် လှည့်ကြည့်ကာ ပြောလိုက်သည်။

" ရပ်လိုက်ကြ "

သူ့စကားကို ကြားသည်နှင့် သူ့နောက်မှ လူများအားလုံး တုန့်ခနဲ ရပ်သွားကာ ဘေးဖယ်ပေးလိုက်ကြပါ၏။

" အကြီးအကဲဟယ်... သူတို့အားလုံးကို သတ်ပေးပါ။ အားလုံးကို သတ်ပေး ... သူတို့ကြောင့် ကျွန်မသွားတွေ အကုန်ကျွတ်သွားရပြီ "

အကြီးအကဲမူက လူအုပ်ကြားထဲမှ ခက်ခက်ခဲခဲ တွားသွားထွက်လာရင်း ပြောလိုက်သည်။ ပါးစပ်တစ်ခုလုံး သွေးများ ချင်းချင်းနီနေကာ သွားများ မြေပြင်တွင် ပြန့်ကျဲနေသော သူမအသွင်မှာ အလွန်ဆိုးရွားနေတော့၏။

၎င်းကိုကြည့်ကာ အကြီးအကဲဟယ် မျက်မှောင်ကြုံ့

သွားသည်။

" အကြီးအကဲမူ... လက်ရှိ ယောင်ချီမှာ နင့်အဆင့် နတ်ဘုရားသခင်မကြီးကို ကျော်ပြီလား "

ထိုစကားကို ကြားသောအခါတွင်မူ အကြီးအကဲမူ မည်သို့မှ ပြန်မပြောနိုင်ဘဲ တစ်ကိုယ်လုံး တုန်သွားတော့၏။

" အကြီးအကဲဟယ်... ကျွန်မ... "

သူမ မျက်နှာလည်း ဆိုးရွားစွာ ပျက်သွားသည်။

အကြီးအကဲဟယ်က အေးစက်စက် နှာခေါင်းရှုံ့ရင်း ဆက်ပြော၏။

" နင်က နတ်ဘုရားသခင်မကြီးရဲ့ ဖိတ်စာကိုတောင် ဖြဲရဲတာဆိုတော့ နတ်ဘုရားသခင်မကြီးကိုလဲ သိပ်အလေးမထားတဲ့ပုံပဲ။ လာကြဟေ့.. သူ့ကို ကောင်းကင်အချုပ်အနှောင်ထဲ ထည့်ထားလိုက်ကြ။ ယောင်ချီညီလာခံ ပြီးသွားတော့မှ သူနဲ့ ရှင်းမယ် "

All Chapters