ကောင်းကင်ဘုံ စိတ်ဝိဥာဥ်အိုးကြီး
Vol. 34 Ch. 470
လောထျန်း ထိုသို့ စဥ်းစားကာ သူ့ စိတ်ဝိဥာဥ်အစွမ်းအား အားပိုထည့်၍ ခန်းမဘက်သို့ ဆက်ထုတ်လွှတ်လိုက်သည်။
ထိုစဥ် ခန်းမတွင်း၌ ရှိနေသူများ အားလုံးမှာ မျက်နှာထားများ အလွန်တည်နေကြပါ၏။
" အဲ့ကောင်က ဘယ်သူလဲ ။ သူ့ရဲ့စိတ်ဝိဥာဥ်အစွမ်းက သခင်ကြီး ဖေးစစ်နန် နဲ့ ဘယ်လိုလုပ် ယှဥ်နေနိုင်တာလဲ "
စိတ်ဝိဥာဥ်နတ်ဘုရားဂိုဏ်းမှာ စိတ်ဝိဥာဥ်အစွမ်းကို ကျင့်ကြံသော ဂိုဏ်းတစ်ခု ဖြစ်ပြီး သူတို့ သုံးသည့် နည်းလမ်းများက အလွန်ရက်စက်ကြမ်းတမ်းသည်ဟု နာမည်ကျော်ပါသည်။ ထို့ကြောင့်လည်း စိတ်ဝိဥာဥ် သခင်ကြီးများ အဖွဲ့က သူတို့အား အဖွဲ့ဝင်အဖြစ် သတ်မှတ်ရန် ငြင်းထားခဲ့သေးပါ၏။
ထို့အပြင်... ဖေးစစ်နန်မှာလည်း စိတ်ဝိဥာဥ်နတ်ဘုရားဂိုဏ်း၏ လက်ထောက်ဂိုဏ်းချုပ်တစ်ယောက်
ဖြစ်ကာ မသေမျိုးအဆင့် စိတ်ဝိဥာဥ် သခင်ကြီးတစ်ယောက် ဖြစ်ပါသည်။
ဤတစ်ကမ္ဘာလုံးတွင်ပင် သူနှင့် စိတ်ဝိဥာဥ်အစွမ်းချင်း ယှဥ်နိုင်သူဆို၍ များများစားစား မရှိလှပါ။
ထို့ကြောင့်လည်း အားလုံးက အံ့သြမှင်သက်နေရခြင်းပင်။
" သခင်ကြီး ဖေးစစ်နန် ၊ အဲ့စိတ်ဝိဥာဥ်အစွမ်းကိုရော အရင်က မြင်ဖူးလားဗျ "
တစ်ယောက်က မေးလိုက်သည်။
ဖေးစစ်နန်က ခေါင်းယမ်း၍ ပြန်ပြော၏။
" ကျုပ် ဒါကို အရင်က တစ်ခုမှ မတွေ့ဖူးဘူးဗျ။ ဒီ စိတ်ဝိဥာဥ်အစွမ်းက တော်တော်လေးလဲ ထူးဆန်းတယ်။ ဒါပေမယ့် စိတ်မပူကြပါနဲ့ဗျာ... ဒီကောင်က ကျုပ်နဲ့ စိတ်ဝိဥာဥ်အစွမ်းချင်း ယှဥ်လို့ရတယ် ဆိုရင်တောင် သုံးတဲ့ နည်းစနစ်နဲ့ ပညာရပ်တွေကပဲ ပိုအရေးကြီးတာ။ ဘယ်သူ့ရဲ့ စိတ်ဝိဥာဥ်အစွမ်းက ပိုအစွမ်းထက်လဲဆိုတာ အဓိက မကျဘူး "
သူ့စကားအား အားလုံးက ခေါင်းတဆတ်ဆတ် ညိတ်ကာ ထောက်ခံလိုက်ကြသည်။
ဖေးစစ်နန် ပြောသွားခဲ့သလိုပါပင်... စိတ်ဝိဥာဥ်အစွမ်း မည်မျှ ရှိသည်မှာ စိတ်ဝိဥာဥ် သခင်ကြီးတစ်ယောက်၏ အခြေခံ အစွမ်းမျှသာ ဖြစ်ပြီး..
ရန်သူနှင့် ရင်ဆိုင်ရာ၌ စိတ်ဝိဥာဥ်အစွမ်း သိုင်းပညာရပ်များကိုသာ အားကိုးအားထား ပြုကြရပါသည်။
ထို့အပြင် သခင်ကြီး ဖေးစစ်နန်၏ စိတ်ဝိဥာဥ် သိုင်းပညာရပ်များကလည်း ကမ္ဘာကျော်ပင် မဟုတ်ပါလား။
ထိုစဥ်မှာပင် ဖေးစစ်နန်က လက်ဝေ့ယမ်းလိုက်ရာ ..
ဝီ...
သူ့ စိတ်ဝိဥာဥ်အစွမ်းက ဧရာမ ခြေသုံးချောင်းထောက် အိုးအရိပ်ကြီးတစ်ခုအဖြစ် ရုတ်ချည်း စုစည်းသွား၏။
ထို အရိပ်အိုးကြီး ပေါ်ခါသည်နှင့် တစ်ပြိုင်နက် သူ့ကိုယ်မှ အရောင်အဝါလည်း လုံးဝ ပြောင်းလဲသွားသည်။
လေထဲတွင် တန်းလန်းဖြစ်နေသော ခြေသုံးချောင်းထောက် အရိပ်အိုးကြီး ထံမှလည်း တောက်ပသော စိတ်ဝိဥာဥ်အလင်းတန်းတစ်ခု လင်းလက်လာကာ ကမ္ဘာကြီးတစ်ခုလုံးကိုပင် ဖိနှိပ်နိုင်သည့် ဖိအားတစ်ခုကို ထုတ်လွှတ်လာသည်။
" အဲ့ဒါ ဘာကြီးလဲ "
တစ်ယောက်က တအံ့တသြမေးလိုက်၏။
" အဲ့ဒါ စိတ်ဝိဥာဥ်နတ်ဘုရားဂိုဏ်းရဲ့ အတုမဲ့ ပညာရပ်သုံးခုထဲက တစ်ခုဖြစ်တဲ့ ကောင်းကင်ဘုံ စိတ်ဝိဥာဥ် မီးအိုးကြီး ပေါ့ကွာ ။ ဒီအကွက်က စိတ်ဝိဥာဥ်ကို မှော်လက်နက်တစ်ခုအဖြစ် အသွင်ပြောင်းပြီး တိုက်ခိုက်တဲ့နည်းပဲကွ "
" စိတ်ဝိဥာဥ် နတ်ဘုရားဂိုဏ်းရဲ့ အတုမဲ့ ပညာရပ် သုံးခုက ကမ္ဘာပေါ်မှာ ရှိတဲ့ စိတ်ဝိဥာဥ်ပညာရပ်တွေထဲ
မှာ အစွမ်းအထက်ဆုံးလို့ ကျုပ် ကြားဖူးတယ်။ စိတ်ဝိဥာဥ်သခင်ကြီးများ အဖွဲ့ကတောင် အဲ့သိုင်းကွက်တွေကို ကြောက်ရတယ်တဲ့။ ဒါပေမယ့် စိတ်ဝိဥာဥ်နတ်ဘုရားဂိုဏ်းရဲ့ သမိုင်းတလျှောက်လုံးမှာတောင် အဲ့ပညာရပ်တွေကို ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်တဲ့သူက အတော်ရှား ဆိုပဲ "
" ဒါဆို... ဖေးစစ်နန်က ကမ္ဘာပေါ်မှာရှိတဲ့ အစွမ်းအထက်ဆုံး စိတ်ဝိဥာဥ် သခင်ကြီးတွေထဲက တစ်ယောက်လို့ ပြောလို့ရတာပေါ့ "
" အင်း.. အဲ့လောက်နီးပါးပဲ "
" ဟား ဟား... ဒီနေရာကို စိတ်ဝိဥာဥ်အစွမ်း သုံးပြီး စစ်ဆေးရဲတဲ့ ကောင်သာ အဲ့အကြောင်းတွေ သိသွားရင် ဘယ်လိုနေမယ် မသိဘူး "
" သေလောက်အောင် ကြောက်နေတော့မှာပေါ့ကွာ "
အားလုံးက ပြောရင်းဆိုရင်း ဖေးစစ်နန်အား တလေးတစား လှမ်းကြည့်လိုက်ကြသည်။
" ငါ့ရဲ့ စိတ်ဝိဥာဥ်အစွမ်းကို လာယှဥ်ရဲတဲ့ကောင်... သေစမ်းကွာ "
ဖေးစစ်နန်က ထိုသို့ ပြောပြီး ဧရာမ ခြေသုံးချောင်းအိုးကြီးအား ထိန်းချုပ်၍ လောထျန်း၏ စိတ်ဝိဥာဥ်အစွမ်းကို တိုက်ခိုက်လိုက်သည်။
သို့သော် ထိုအချိန်မှာပင် လောထျန်း ထပ်မံထုတ်လွှတ်လိုက်သည့် စိတ်ဝိဥာဥ်အစွမ်း ရောက်လာခဲ့ပြီး...
ဘုန်း...
ယခင်ကတည်းက အစွမ်းထက်နေခဲ့သည့် စိတ်ဝိဥာဥ်အစွမ်းမှာလည်း ယခင်က ဆယ်ဆမက ပိုအစွမ်းထက်သွားပါ၏။
ထိုစဥ်မှာပင် ဖေးစစ်နန်၏ လေထဲမှ ခြေသုံးချောင်း အိုးကြီးလည်း ထိုအစွမ်းနှင့် ထိပ်တိုက် တွေ့သွားတော့သည်။
လွန်ခဲ့သော စက္ကန့်ပိုင်းလေးကပင် စိတ်ဝိဥာဥ် အလင်းတန်းများ ထုတ်လွှတ်နေခဲ့သည့် ခြေသုံးချောင်း အိုးကြီးမှာ လေထဲတွင် ချက်ချင်း ငြိမ်သက်
သွားကာ အောက်သို့ တဖြည်းဖြည်း ကျလာ၏။
" ဘယ်လို ဖြစ်ပြီးတော့... "
၎င်းကို မြင်သည်နှင့် ဖေးစစ်နန်၏ မျက်နှာ ရုတ်ချည်းပင် သွေးဆုတ်ဖြူရော်သွားတော့သည်။
အနီးနားမှ လူများမှာလည်း ထိုမြင်ကွင်းကို ကြည့်ကာ အံ့သြမှင်သက်နေကြပါ၏။
" မဖြစ်နိုင်တာ.... ဖေးစစ်နန်ရဲ့ ကောင်းကင်ဘုံ စိတ်ဝိဥာဥ်အိုးကြီးက တကယ်ကို ဖိနှိပ်ခံလိုက်ရတာလား။ တဖက်လူက ဘယ်လို စိတ်ဝိဥာဥ် ပညာရပ်မျိုးကို သုံးလိုက်တာလဲ "
" စိတ်ဝိဥာဥ် ပညာရပ် ဟုတ်လား... ငါလဲ စိတ်ဝိဥာဥ်ပညာရပ်ကို အကြောင်းကို နည်းနည်း နားလည်တဲ့အထဲ ပါပါတယ်ကွာ။ ဒါပေမယ့် ငါ ဘာမှ မတွေ့လိုက်ရဘူး "
" မမြင်လိုက်ရဘူးလား.... ။ ဒါဆို ဒီတိုင်း စိတ်ဝိူာဥ်အစွမ်းကို သုံးပြီး ရိုးရိုးလေး ဖိနှိပ်လိုက်တာများလား "
ထိုစကားကြောင့် အားလုံး အံ့သြတုန်လှုပ်သွားကြရပြန်သည်။
စိတ်ဝိဥာဥ်သခင်ကြီးများ အချင်းချင်း တိုက်ခိုက်ရာတွင် စိတ်ဝိဥာဥ် ပညာရပ်က မည်မျှ အရေးကြီးသည်ကို သူတို့အားလုံး ကောင်းကောင်းကြီး သိထားကြပါ၏။
စိတ်ဝိဥာဥ်ပညာရပ်ကောင်းတစ်ခုက နဂိုရှိနှင့်ပြီးသား စိတ်ဝိဥာဥ်အစွမ်းကို အဆပေါင်းများစွာ တိုးပွားအောင် လုပ်နိုင်သည် မဟုတ်ပါလား။
သို့သော်.. ယခုတွင်မူ တဖက်လူက မည်သို့သော စိတ်ဝိဥာဥ်ပညာရပ်မျိုးကိုမှ သုံးမသွားခဲ့ဘဲ သာမာန် စိတ်ဝိဥာဥ်အစွမ်းကို သုံး၍သာ ဖေးစစ်နန်၏ ကောင်းကင်ဘုံ စိတ်ဝိဥာဥ်အိုးကြီးအား ဖိနှိပ်သွားခဲ့ပါသည်။ ၎င်းက မည်သို့သော အဓိပ္ပါယ်ပါနည်း။
" မဟုတ်မှလွဲရော... အဲ့လူရဲ့ စိတ်ဝိဥာဥ်အစွမ်းက ဖေးစစ်နန်ထက် ဆယ်ဆလောက် ပိုအစွမ်းထက်နေတာများလား ။ ဒီကမ္ဘာကြီးမှာ အဲ့လောက်
အစွမ်းထက်တဲ့ သူမျိုး ဘယ်လိုလုပ် ရှိမှာလဲကွာ "
ထိုစဥ် တဖက်မှ ဖေးစစ်နန်မှာ အားလုံး ပြောနေကြသည့် စကားများကို နားထောင်ရင်း မျက်နှာကြီး ပျက်သထက် ပျက်နေပါ၏။
" ဟမ့်.. အဲ့ကောင် အရူးလုပ်တာကို ခံမနေနဲ့။ ဒီကမ္ဘာကြီးမှာ အဲ့လောက်အစွမ်းထက်တဲ့ စိတ်ဝိဥာဥ် သခင်ကြီး ရှိမှမရှိတာ။ အဲ့ကောင်က ထူးခြားတဲ့ စိတ်ဝိဥာဥ် ပညာရပ် တစ်မျိုးမျိုးကို သုံးသွားတာပဲ ဖြစ်မယ် "
ဖေးစစ်နန်က လောထျန်း၏ စိတ်ဝိဥာဥ်အစွမ်းအား ခက်ခက်ခဲခဲ တောင့်ခံရင်း အံကြိတ်၍ ပြောလိုက်သည်။
ထိုစဥ် လူတစ်ယောက်က တစ်စုံတစ်ခုကို ရုတ်တရက် နားလည်သွားဟန်ဖြင့် ဝင်ပြောလာ၏။
" ဟုတ်တယ် ၊ အဲ့လိုပဲ ဖြစ်ရမယ်။ သခင်ကြီး စစ်ဖေးနန်ကို စိတ်ဝိဥာဥ်အစွမ်း တစ်ခုတည်းနဲ့ ဖိနှိပ်နိုင်တဲ့ စိတ်ဝိဥာဥ်သခင်ကြီးမျိုး ရှိမှ မရှိတာ "
" ဟုတ်တယ် ။ သခင်ကြီး ယွမ်တောင် အဲ့လို လုပ်နိုင်တာ မဟုတ်ဘူးလေ "
ကျန်လူများလည်း ခေါင်းညိတ် ထောက်ခံလိုက်ကြသည်။
သို့သော် ထိုစကားကို မယုံသူ အနည်းငယ် ရှိနေဆဲပါပင်။
အဘယ့်ကြောင့်ဆိုသော်.. သူတို့ အချိန်အတန်ကြာ စောင့်ကြည့်နေခဲ့သည့်တိုင် တဖက်လူက စိတ်ဝိဥာဥ်အစွမ်းတစ်ခုတည်းကိုသာ သုံး၍ ဖိနှိပ်နေသည်ကို သူတို့ ခံစားခဲ့ရပြီး အခြားသော စိတ်ဝိဥာဥ်ပညာရပ်မျိုး၏ အရိပ်အယောင်လေးကိုမှ မတွေ့ခဲ့ရသောကြောင့် ဖြစ်သည်။
သို့သော် ဖေးစစ်နန် ကိုယ်တိုင်က ထိုစကားမျိုး ပြောနေသည်ဖြစ်ရာ သူတို့ မည်သို့မှလည်း ပြန်မငြင်းနိုင်ပါချေ။
ထိုစဥ် တဖက်မှ လောထျန်းမှာကား သူ့စိတ်ဝိဥာဥ်အစွမ်းဖြင့် ယောင်ချီဂိုဏ်းတစ်ခုလုံးကို မွှေနှောကိရှာဖွေနေပါ၏။
သို့သော်... ထိုစဥ်မှာပင် သူ ရုတ်တရက် မျက်မှောင်ကြုံ့သွားရ၏။
" ဟင်... ငါ့ရဲ့ စိတ်ဝိဥာဥ်အစွမ်းက တကယ်ကြီး ပိတ်ဆို့ခံထားရတာပါလား "
သူ ချက်ချင်းပင် ခန်းမဆောင် ရှိသည့်ဘက် လှမ်းကြည့်လိုက်သည်။
" ဒါ ယောင်ချီက လုပ်ထားတဲ့ အကန့်အသတ်များလား... ။ ရွှေယွဲ့ချီကို အဲ့မှာ ချုပ်နှောင်ထားတာလား မသိဘူး "
လောထျန်း တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။
" အဲ့လိုဆိုရင်.... "
သူ ထိုသို့တွေးကာ စိတ်ဝိဥာဥ်အစွမ်းများ အားလုံးကို ခန်းမဆောင် ရှိသည့်ဘက် ပို့လွတ်လိုက်သည်။
ထိုအချိန် ခန်းမဆောင်ထဲ၌..
သူ့အတွက် အနည်းငယ် ခက်ခဲသည့်တိုင် ဖေးစစ်နန်မှာ လောထျန်း၏ စိတ်ဝိဥာဥ်အစွမ်းကို နောက်ဆုံး
ပိတ်ဆို့နိုင်သွားခဲ့ပါ၏။
" ဟ ဟ... ဒီကောင်က အစွမ်းတော့ မဆိုးဘူးပဲ။ သူ့ရဲ့ စိတ်ဝိဥာဥ်ပညာရပ်က ငါ့ဘောက် အစွမ်းထက်မယ်လို့ ထင်တောင် မထင်ထားမိဘူး။ ဒါပေမယ့် နောက်ဆုံးတော့ ငါက ပိုကျွမ်းကျင်နေတာ သူ့အတွက် ကံဆိုးသွားတာပဲ "
ဖေးစစ်နန်က ပြောလိုက်သည်။
သူသည် အများရှေ့တွင် မျက်နှာပျက်ရမည်ကို အလွန်စိုးရိမ်သူ တစ်ဦးဖြစ်ကာ... အထူးသဖြင့် ယောင်ချီရှေ့၌ ထိုသို့ ဖြစ်သွားမည်ကို အစိုးရိမ်ဆုံးပါပင်။ သူ ယောင်ချီနှင့် ပတ်သက်၍ အခြားရည်ရွယ်ထားသည်များ ရှိနေသေးရာ.. အားလုံးရှေ့၌ သူမည်မျှ အစွမ်းထက်ကြောင်း ပြသရန် လိုပါသည်။
ထို့ကြောင့်လည်း သူ ခေါင်းမာမာဖြင့် အများ၏ စကားကို ငြင်းပြီး ဘူးခံပြောလိုက်ခြင်း ဖြစ်၏။
ထို့အပြင် ခန်းမထဲ ရှိနေသူအများစုမှာလည်း စိတ်ဝိဥာဥ် ပညာရပ်အကြောင်း နားမလည်ကြသူများဖြစ်သဖြင့်..
ဖေးစစ်နန်၏ စကားကို ယုံကြည့်ရန်သာ ဆုံးဖြတ်လိုက်ကြပါ၏။
" သခင်ကြီး ဖေးစစ်နန်က နာမည်နဲ့လိုက်အောင် တကယ်ကို အံ့သြစရာကောင်းတာပဲဗျာ "
" ဒီတိုင်းဆို စိတ်ဝိဥာဥ် ပညာရပ်နဲ့ ပတ်သက်လာရင် စိတ်ဝိဥာဥ်နတ်ဘုရားဂိုဏ်းက စိတ်ဝိဥာဥ်သခင်ကြီးများ အဖွဲ့နဲ့ ယှဥ်နိုင်တာပဲ "
အားလုံးက ချီးကျူးစကားများ ဆိုလိုက်ကြသည်။
ဖေးစစ်နန်မှာလည်း အများ၏ စကားကို နားထောင်ရင်း ပြုံးဖြီးဖြီး ဖြစ်သွား၏။
သို့သော်.. ထိုအချိန်မှာပင်..
ဝုန်း...
လေထဲ၌ စိတ်ဝိဥာဥ်အစွမ်းတစ်ခု ထပ်ပေါ်လာပြန်သည်။
" ဟင်... "
ဖေးစစ်နန်၏ မျက်နှာထက်မှ အပြုံး ရုတ်ချည်း ပျောက်ကွယ်သွားပြီးနောက်...
ခွပ်... ခွပ်...
သူ၏ ကောင်းကင်ဘုံ စိတ်ဝိဥာဥ်အိုးကြီးတွင်လည်း အက်ရာများ များစွာပင် ပေါ်လာ၏။
ထို့နောက်တွင်ကား.... ၎င်းက ခွမ်းခနဲ အစိတ်စိတ်အမွှာမွှာ ကွဲသွားတော့သည်။
ထို့နောက် ချက်ချင်း ဆိုသလိုပင် ကောင်းကင်ယံမှ ကြောက်မက်ဖွယ် စိတ်ဝိဥာဥ်အစွမ်း ကျလာကာ ဖေးစစ်နန်ဆီသို့ တိုက်ရိုက် တိုးဝင်သွားတော့သည်။
" ဒီ မအေ $#@#$ "
ဖေးစစ်နန်၏ မျက်နှာထား ချက်ချင်း ပြောင်းသွား၏။ သို့သော် သူ ရှောင်တိမ်းရန်လည်း နောက်ကျလွန်းသွားခဲ့လေပြီ။
ဝုန်း...
တခဏအတွင်း လောထျန်း၏ စိတ်ဝိဥာဥ်အစွမ်း အားလုံးနီးပါး သူ့အပေါ်သို့ ကျလာပါ၏။
ဖေးစစ်နန်မှာ သူ တတ်ထားသည့် စိတ်ဝိဥာဥ်ပညာရပ်များဖြင့် ၎င်းကို ခုခံရန် ကြိုးစားလိုက်သေးသော်လည်း... ကံဆိုးစွာပင် တဖက်မှ စိတ်ဝိဥာဥ်အစွမ်းက အလွန်အစွမ်းထက်နေသဖြင့်...
သူ့ ခုခံကာကွယ်မှုများက ဘာမှ အရာထင်မသွားခဲ့ပါ။
လောထျန်း၏ စိတ်ဝိဥာဥ်အစွမ်းက သူ့ကိုယ်အား ဖြတ်သန်းဝင်ရောက်သွားတော့သည်။
၎င်းမှာ ဖေးစစ်နန်၏ ခန္ဓာကိုယ်အား မဖျက်ဆီးသွားသည့်တိုင် သူ့ စိတ်ဝိဥာဥ်ကိုမူ ဖိချေလိုက်နိုင်ပါ၏။
ဘုတ်...
ဖေးစစ်နန်တစ်ယောက် ကြမ်းပြင်သို့ လဲကျသွားတော့သည်။ သူ့အသွင်မှာလည်း ကြောင်အအ အရူးတစ်ယောက်လိုပါပင်။
ခန်းမထဲ ရှိနေသူ အားလုံးမှာလည်း ထိုမြင်ကွင်းကြောင့် အံ့သြမှင်သက်သွားကြတော့သည် ။
တစ်ချိန်တည်းမှာပင် လောထျန်းက စိတ်ဝိဥာဥ်အစွမ်းကို သုံးပြီး ခန်းမထဲမှ အခြေအနေအား စစ်ဆေးကြည့်လာပါ၏။
" ဟင်.. ရွှေယွဲ့ချီရဲ့ အရိပ်အယောင်လဲ မတွေ့ရပါလား ။ ဒါပေမယ့် အစွမ်းထက်တဲ့ သူတွေတော့ အများကြီးပဲ။ ဟင်... ဟိုတစ်ယောက်က ဘာလို့ ကြမ်းပြင်ပေါ် လဲကျနေတာလဲ ။ ဘယ်သူ့လက်ချက်ကြောင့်ပါလိမ့်။ သေရည်အသောက်လွန်နေတာများလား "
လောထျန်း တစ်ကိုယ်တည်း တီးတိုး ရေရွတ်လိုက်သည်။