← Chapters

စိတ်ဝိဥာဥ်အစွမ်းဖြင့် ကမ္ဘာပေါ်မှ မသေမျိုးတစ်ယောက် ဖြစ်လာခြင်း

Vol. 34 Ch. 471

စိတ်ဝိဥာဥ်အစွမ်းဖြင့် ကမ္ဘာပေါ်မှ မသေမျိုးတစ်ယောက် ဖြစ်လာခြင်း

Vol. 34 Ch. 471

" ထားလိုက်ပါလေ.. သူတို့အချင်းချင်း အတွင်းပြဿနာလေးတွေ ရှိလို့နေမှာပါ။ ရွှေယွဲ့ချီလဲ ရှိမနေဘူး ဆိုတော့ သူတို့ကိစ္စကို ဝင်မရှုပ်တော့ပါဘူး "

လောထျန်း ထိုသို့တွေးကာ သူ့ စိတ်ဝိဥာဥ်အစွမ်းကို ပြန်ရုတ်သိမ်း၍ အခြားနေရာများကိုသာ ရှာဖွေစစ်ဆေးကြည့်လိုက်သည်။

သူ့စိတ်ထဲတွင်လည်း ထိုကိစ္စနှင့် ပတ်သက်ပြီး များစွာ ဆက်တွေးမနေတော့ပါ။

သို့သော်... လောထျန်းက စိတ်ဝိဥာဥ်အစွမ်းအား ပြန်ရုတ်သိမ်းသွားချိန်၌.. ခန်းမထဲ ရှိနေသူများ၏ မျက်နှာထားများ ပြောင်းသွားကြပါ၏။

ထိုသူများထဲမှ အနည်းစုသာ စိတ်ဝိဥာဥ်ပညာရပ်များအကြောင်း နားလည်သည့်တိုင်..

အားလုံးမှာ ထိပ်တန်းအဆင့် သိုင်းပညာရှင်များ ဖြစ်ပါသည်။

ထို့အတွက်ကြောင့်လည်း စိတ်ဝိဥာဥ်အစွမ်းက မည်သို့ရှိသည်ကို သူတို့ အာရုံခံနိုင်ကြပြီး အများစုမှာလည်း စိတ်ဝိဥာဥ်သခင်ကြီးများနှင့် တိုက်ခိုက်ဖူးသည့် အတွေ့အကြုံများ ရှိထားကြပါ၏။

ပုံမှန်ဆိုလျှင် မိမိနှင့်အဆင့်တူ စိတ်ဝိဥာဥ်သခင်ကြီး တစ်ယောက်နှင့် ရင်ဆိုင်တိုက်ခိုက်ရပါက တဖက်ရန်သူ၏ စိတ်ဝိဥာဥ် တိုက်ကွက်များကို ရှောင်တိမ်းရန် သို့မဟုတ် ခုခံရန် နည်းလမ်းများ များစွာ ရှိပါသည်။

သို့သော်.. အစောက လောထျန်း၏ စိတ်ဝိဥာဥ်အစွမ်းနှင့် ရင်ဆိုင်နေရသည့် အချိန်တွင်မူ.. သူတို့ မည်သို့မှ ပြန်မလုပ်နိုင်ဘဲ ကြောက်စိတ်သာ ဖြစ်ခဲ့ရသည်။

၎င်းမှာ အလွန်အစွမ်းထက်ပြီး..

ကြောက်စရာပါပင် ။

သူတို့၏ ကိုယ်ပိုင်အစွမ်းဖြင့်ပင်လျှင် တဖက်လူသာ

စိတ်ရှိပါက သူတို့အား အလွယ်တကူ သတ်နိုင်မည် ဖြစ်ကြောင်း သူတို့ သိပါ၏။

" နတ်ဘုရား သခင်မကြီး.... ခုနက ဘာတွေ ဖြစ်သွားခဲ့တာလဲ "

ထိုစဥ် ယောင်ချီ၏ အကြီးအကဲတစ်ယောက်က သူတို့၏ နတ်ဘုရား သခင်မကြီးအား အသံတုန်တုန်ဖြင့် မေးလာသည်။

ခန်းမထဲရှိ အဓိကထိုင်ခုံပေါ်တွင် ထိုင်နေသော ယောင်ချီ၏ နတ်ဘုရားသခင်မကြီးမှာလည်း မျက်နှာထား အလွန်တည်နေသည်။

ထို့နောက် သူမ အသက်ပြင်းပြင်း တစ်ချက်ရှိုက်လိုက်ပြီးမှသာ တူန်လှုပ်နေဟန်ဖြင့် ပြောလာ၏။

" ခုနက လူရဲ့ စိတ်ဝိဥာဥ်အစွမ်းက... အဲ့လောက် ကြောက်စရာကောင်းတာလား "

ကြောက်စရာ ကောင်းသတဲ့လား...

သူမ၏ စကားကြောင့် အားလုံး ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြသည်။

ယောင်ချီ၏ နတ်ဘုရားသခင်မကြီးသည် ကမ္ဘာပေါ်မှ မသေမျိုးတစ်ယောက် ဖြစ်ရာ...

သူမအတွက်ပင် ကြောက်စရာကောင်းနေသည် ဆိုပါက... တစ်ဖက်လူ မည်မျှ အစွမ်းထက်ကြောင်း အသိသာပါပင်။

" နတ်ဘုရားသခင်မကြီး... အဲ့လူရဲ့ အစွမ်းက... "

တစ်ယောက်က စကားစလိုက်သည်။

နတ်ဘုရားသခင်မကြီးက မျက်မှောင်အနည်းငယ် ကြုံ့ရင်း ပြန်ပြော၏။

" အဲ့ဒါတော့ ကျွန်မလဲ မသိဘူး။ ဒါပေမယ့် စိတ်ဝိဥာဥ်အစွမ်း တစ်ခုတည်းကို ကြည့်ပြီး ပြောရရင်တော့ သူ ခုနကသာ စိတ်ဝိဥာဥ်အစွမ်းနဲ့ ကျွန်မကို တိုက်ခိုက်လာမယ်ဆိုရင် ကျွန်မဘက်က ခုခံနိုင်ပါ့မလား မသေချာဘူး "

သူမ စကားဆုံးသည်နှင့် တစ်ခန်းလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။

ယောင်ချီ၏ နတ်ဘုရားသခင်မကြီးသည်ပင် တဖက်လူကို အနိုင်ယူရန် မပြောနိုင်ဘူးတဲ့လား...

ဝှစ်..

ထိုအချိန်တွင် ခန်းမထဲရှိအမျိုးသမီးတစ်ယောက်က ရုတ်တရက် ထရပ်ကာ ပြောလာ၏။

" နတ်ဘုရားသခင်မကြီး ၊ ဒါဆို... အဲ့လူက ထျန်းယွမ်ကမ္ဘာမှာ တစ်ယောက်တည်း လျှို့ဝှက်ကျင့်ကြံနေတဲ့ ကမ္ဘာပေါ်က မသေမျိုးတစ်ယောက် ဖြစ်နိုင်ချေ အများကြီး ရှိတယ်နော်.... "

သူမ စိတ်လှုပ်ရှားနေဟန်ကို မထိန်းနိုင်ဘဲ အသံတုန်တုန်ဖြင့် ဆက်ပြောသည်။

" ပြီးတော့... ကြည့်ရတာ.. စိတ်ဝိဥာဥ်အစွမ်းနဲ့ ကမ္ဘာပေါ်က မသေမျိုးအဆင့်ကို ရောက်သွားတာနဲ့ တူတယ် "

ထိုစကားကြောင့် အားလုံး ဆူဆူညံညံ ပြန်ဖြစ်သွားကြသည်။

ကမ္ဘာပေါ်မှ မသေမျိုးများမှာ အလွန်ရှားပါးလှပြီး...

စိတ်ဝိဥာဥ်အစွမ်းကို သုံး၍ မသေမျိုးအဆင့် တက်နိုင်သူများမှာ ပို၍ပင် ရှားပါသေး၏။

ဤထျန်းယွမ်ကမ္ဘာတွင် ရှေးယခင်အချိန်များတည်းက စ၍ ယနေ့အချိန်ထိ စိတ်ဝိဥာဥ်အစွမ်းဖြင့် ကမ္ဘာပေါ်မှ မသေမျိုးအဆင့်သို့ ရောက်သွားနိုင်သူ တစ်ဦးတလေပင် မရှိခဲ့သေးပါ။

သူတို့ကြားခဲ့ဖူးသော ကောလဟာလများအရ ၊ သခင်ကြီး ယွမ်ကမူ ထိုအဆင့်သို့ ရောက်နိုင်ရန် အခွင့်အရေး ရခဲ့ဖူးသည်ဟု ဆိုပါသည်။

သို့သော်.. သူက ကမ္ဘာကြီးကို ကယ်တင်ရန်အတွက် ထိုအခွင့်အရေးနှင့် လွဲချော်ခဲ့ရပြီး ... ၎င်းက သူ့အတွက် အကြီးဆုံး နောင်တတစ်ခု ဖြစ်သွားခဲ့ရသည်ဟု ဆိုပါ၏။

ယခုတွင်ကား... ထိုအဆင့်မျိုးရှိသည့် အစွမ်းထက် ကျင့်ကြံသူတစ်ယောက် ပေါ်လာခဲ့လေပြီ ။

သူတို့ မတုန်လှုပ်ဘဲ မည်သို့ နေနိုင်ပါမည်နည်း။

" နတ်ဘုရားသခင်မကြီး... ၊ အဲ့လူက ကျွန်မတို့ကို ကူညီပေးနိုင်မယ် ထင်တယ် "

ထိုစဥ် ယောင်ချီမှ အခြား အကြီးအကဲတစ်ယောက်လည်း ပြောလာသည်။

နတ်ဘုရားသခင်မကြီးမှာလည်း ထိုစကားကို ကြားမှသာ အသိဝင်သွားပြီး ခန်းမအပြင်ဘက်သို့ ချက်ချင်း ပြေးထွက်သွား၏။

" သခင်ကြီးက ဘယ်သူဆိုတာ ကျွန်မ မသိပါဘူး ။ ဒါပေမယ့် အခု ယောင်ချီကိုတောင် ရောက်နေမှတော့ ကျေးဇူးပြုပြီး ကျွန်မကို ထွက်တွေ့ပါရှင် "

နတ်ဘုရားသခင်မကြီးက လေထဲပျံတက်လိုက်ပြီး ဦးညွှတ်အရိုအသေပေး၍ ပြောလိုက်သည်။

သို့သော်.. မည်သည့် တုန်ပြန်သံမှ ပြန်မလာဘဲ အရာအားလုံး တိတ်ဆိတ်နေပါ၏။

နတ်ဘုရားသခင်မကြီး မျက်မှောင်အနည်းငယ် ကြုံ့သွားကာ ထပ်ပြောလိုက်သည်။

" သခင်ကြီး ယောင်ချီကို လာခဲ့တာ ကျွန်မတို့ ယောင်ချီအတွက် ကောင်းချီးတစ်ခုပါပဲရှင်။ ကျေးဇူးပြုပြီး

ထွက်တွေ့ဖို့ ကျွန်မ တောင်းဆိုပါတယ် "

အရာအားလုံး တိတ်ဆိတ်မြဲ တိတ်ဆိတ်လျက်..

" ဘယ်လို ဖြစ်ပြီးတော့... "

နတ်ဘုရားသခင်မကြီး အံ့သြမှင်သက်သွားရတော့၏။

အစောပိုင်းတွင် တဖက်လူက စိတ်ဝိဥာဥ်အစွမ်းကို သုံးပြီး ခန်းမအား ရှာဖွေစစ်ဆေးခဲ့ခြင်းမှာ သူမကို ထွက်တွေ့ရန် ဖိတ်ခေါ်လိုက်ခြင်း မဟုတ်ပါလား.... ။

သို့သော်.. ယခု သူမ အပြင်ထွက်လာသည့် အချိန်တွင်မူ.. တဖက်လူက ပျောက်ခြင်းမလှ ပျောက်နေလေပြီ။

သူမ ချက်ချင်း အပြင်မထွက်လာဘဲ လျစ်လျူရှုထားမိသလို ဖြစ်သွားသောကြောင့် တဖက်လူ ဒေါသထွက်သွားခြင်းပေလား။

နတ်ဘုရားသခင်မကြီးမှာ ထိုတခဏ၌ အလွန်စိုးရိမ်

မိသွားတော့သည်။

အမှန်တွင်ကား... လောထျန်းမှာ ထိုခန်းမအား မတော်တဆ တွေ့သွားခြင်း ဖြစ်သည်ကို သူမ မည်သို့ သိနိုင်ပါမည်နည်း။

ထိုအချိန်တွင် လောထျန်း၏ အာရုံမှာ အခြားနေရာဘက်သို့သာ လုံးဝ ရောက်နေပါ၏။

" ဟင်... ဒါ ရွှေယွဲ့ချီရဲ့ အရောင်အဝါပဲ "

လောထျန်း အနည်းငယ် စိတ်လှုပ်ရှားသွားသည်။

ထို့​နောက် သူ ချက်ချင်းပင် တည်နေရာရွှေ့ပြောင်းကာ နေရာမှ ပျောက်ကွယ်သွားပြီး..

ထူးဆန်းသော တစ်နေရာ၌ ပြန်ပေါ်လာ၏။

ဝုန်း...

သူ့ခေါင်းထက်တွင် ကောင်းကင်ယံကို ဖြတ်ကာ စီးဆင်းနေသော ပိုးမျှင်လို မြစ်တစ်စင်း ရှိနေကာ.. သူ့အနီးတဝိုက်မှ စိတ်စွမ်းအင်မှာလည်း ချုပ်နှောင်

ခံထားရဟန် တူပါသည်။

ထို ချုပ်နှောင်ခံထားရသော စိတ်စွမ်းအင်များ၏ အလယ်တွင်မူ... မိန်းမပျိုလေး တစ်ယောက်က တင်ပျဥ်ခွေထိုင်လျက် ရှိနေ၏။

ထိုမိန်းမပျိုမှာ ရွှေယွဲ့ချီပင်..

လောထျန်းရင်ထဲ အနည်းငယ် လှုပ်ရှားသွားကာ ရွှေယွဲ့ချီဘေးသို့ ချက်ချင်း သွားလိုက်သည်။

ရွှေယွဲ့ချီမှာလည်း တစ်စုံတစ်ခုကို အာရုံခံမိသွားဟန်တူကာ မျက်လုံးများ ဖြည်းညင်းစွာ ဖွင့်လာသည်။

ရှေ့မှ လူကို မြင်သည့်အခါတွင်ကား သူမ အံ့သြမှင်သက်သွားရှာ၏။

" လောထျန်း.... "

သို့သော် ချက်ချင်း ဆိုသလိုပင် သူမ ခေါင်းယမ်းကာ နွမ်းလျလျ အပြုံးလေးဖြင့် ဆိုသည်။

" ကြည့်ရတာ စိတ်စွမ်းအင် အတားအဆီးက

အစွမ်းထက်လွန်းလို့ ငါ လျှောက်ပြီး မြင်ယောင်နေတာနဲ့ တူပါတယ်။ သူက ဘယ်လိုလုပ်ပြီး ဒီကို ရောက်နေနိုင်မှာလဲ "

သူမဘေးတွင် ရပ်နေသည့် လောထျန်းက မျက်မှောင်ကြုံ့ကာ ပြန်ပြောလိုက်သည်။

" မင်း ဘာတွေပြောနေတာလဲ "

ထိုအသံကို ကြားသည့်အချိန်တွင်မူ ရွှေယွဲ့ချီတစ်ယောက် အလန့်တကြား ဖြစ်သွားရ၏။

" လောထျန်း... တကယ်ကြီး ရှင်လား "

လောထျန်း ခေါင်းညိတ်ပြလိုက်သည်။

" ဒါပေါ့ ၊ ကျုပ်ပဲလေ "

ရွှေယွဲ့ချီ၏ မျက်လုံးများ ချက်ချင်း နီသွားကာ ငိုချတော့မလို ဖြစ်သွား၏။

လောထျန်းက အလောတကြီး ဝင်တားလိုက်သည်။

" အခု မငိုနဲ့ဦးနော် ၊ ကျုပ် မင်းကို မေးစရာတွေ ရှိသေးတယ်။ ကျုပ် သတင်းကြားထားတာ.. မင်း နတ်ဘုရားမ ရာထူးကနေ အထုတ်ခံရတော့မှာဆို "

သူ့စကားကြောင့် ရွှေယွဲ့ချီ၏ မျက်နှာလေး ချက်ချင်း ညိုးငယ်သွား၏။

" ဟုတ်တယ်ရှင် "

" ဘာဖြစ်လို့လဲ "

လောထျန်း မျက်မှောင်ကြုံ့ရင်း မေးလိုက်သည်။

ရွှေယွဲ့ချီ သက်ပြင်းချ၏။

" သိပ်မကြာသေးခင်က ကျွန်မတို့ ယောင်ချီရဲ့ သဘာဝစိတ်ဝိဥာဥ်က ပုံမှန်မဟုတ်တဲ့ ပုံစံမျိုး ဖြစ်လာခဲ့တယ်ရှင့်။ အဲ့တော့ ဒီပြဿနာကို ဖြေရှင်းဖို့အတွက် ထိပ်တန်းအဆင့် စိတ်ဝိဥာဥ်သခင်ကြီးတစ်ယောက် လိုတာမို့ ကျွန်မတို့ဂိုဏ်းက စိတ်ဝိဥာဥ်သခင်ကြီးများအဖွဲ့ကို သွားပြီး အစွမ်းထက် စိတ်ဝိဥာဥ်သခင်ကြီးတွေ သွားရှာခဲ့ကြတယ်။ ဒါပေမယ့်... ဟိုကိုလဲ ရောက်ရော စိတ်ဝိဥာဥ်သခင်ကြီးများ အဖွဲ့ရဲ့ အစွမ်းထက် စိတ်ဝိဥာဥ်သခင်ကြီးတွေအားလုံး ထူးထူးဆန်းဆန်း ပျောက်နေကြတာကို သိခဲ့ရတယ် "

" အဲ့တော့ ဂိုဏ်းကလဲ တခြားရွေးချယ်စရာ မရှိတော့ဘဲ စိတ်ဝိဥာဥ်နတ်ဘုရားဂိုဏ်းကို အကူအညီ တောင်းလိုက်ရတော့တာပေါ့။ ဒါပေမယ့်... စိတ်ဝိဥာဥ် နတ်ဘုရားဂိုဏ်းက သူတို့ဂိုဏ်းရဲ့ နတ်ဘုရားသားတော်ကို ကျမနဲ့ လက်ထပ်ပေးမှသာ ကျွန်မတို့ဂိုဏ်းကို ကူညီပေးမယ်လို့ ပြောခဲ့တယ် "

" ကျွန်မကို ကျော​ထောက်နောက်ခံပေးမယ့်သူက ဟိုးအရင်တည်းက မရှိတော့တာကို ရှင်လဲ သိထားပြီးသားပဲ။ ပြီးတော့ ယောင်ချီရဲ့ သဘာဝ စိတ်ဝိဥာဥ်က ယောင်ချီမှာ ရာထူးရော သြဇာအာဏာရော တော်တော်ကြီးတယ်ရှင့်။ သူက ယောင်ချီရဲ့ အစောင့်အကြပ် စိတ်ဝိဥာဥ်အဖြစ်နဲ့ နေလာခဲ့တာ ဟိုးအရင် ယောင်ချီရဲ့ ပထမဆုံး နတ်ဘုရားသခင်မကြီး လက်ထက်ကတည်းကပဲ "

" အဲ့တော့.. တကယ်လို့ ကျွန်မကို ကျောထောက်နောက်ခံပေးမယ့်သူ ရှိနေခဲ့ရင်တောင်... လက်ရှိယောင်ချီရဲ့ နတ်ဘုရားသခင်မကြီးက သဘာဝစိတ်ဝိဥာဥ်ကို ကယ်ပေးမယ့် စိတ်ဝိဥာဥ်နတ်ဘုရားဂိုဏ်းကို ကျွန်မလို ဘာမဟုတ်တဲ့ မိန်းကလေးအတွက်ကြောင့်နဲ့ ရန်ငြိုးဖွဲ့မှာ မဟုတ်ဘူး "

ထိုစကားကို ပြောနေချိန်၌ သူမ၏ မျက်လုံးထဲတွင် ဝမ်းနည်းနေသော အရိပ်အယောင်များ အထင်းသား ပေါ်နေပါသည်။

ဂိုဏ်းကြီးတစ်ခု၏ အဖွဲ့ဝင်တစ်ယောက် ဖြစ်သော သူမအဖို့ ထိုသို့သော အရာမျိုးကို ကံတရားဟု တွေးပြီး လက်ခံထားပုံပါပင်။

သို့သော် မျှော်လင့်မထားစွာပင် လောထျန်းက မျက်မှောင်ကြုံ့၍ ပြောလာ၏။

" အခု ထပြီးတော့ ကျုပ်နဲ့လိုက်ခဲ့ "

" ဟင်... "

ရွှေယွဲ့ချီ မျက်လုံးပြူးသွားကာ လောထျန်းအား ကြည့်လိုက်သည်။

လောထျန်းက အေးစက်စက် ဆက်ပြော၏။

" မင်းကို နတ်ဘုရားမ ရာထူးကနေ ဘယ်သူကမှထုတ်လို့မရဘူး "

သူ့စကားမှာလည်း အလွန်ပြတ်သားနေသဖြင့် ရွှေယွဲ့ချီ အံ့သြတုန်လှုပ်သွားရသည်။

“ရှင်….”

ထိုတခဏ၌ သူမရင်ခုန်သံလည်း အလွန်မြန် လာ၏။

ရွှေယွဲ့ချီဆိုသော သူမသည် ငယ်စဥ်ကတည်းက ယောင်ချီ၏ အပျိုစင် နတ်ဘုရားမ ရာထူးကို ရထားသူ ဖြစ်သဖြင့် အားလုံး၏ အမြင်၌ သြဇာအာဏာ ရှိသည်ဟုသာ မြင်ကြပါသည်။

သို့သော် သူမ၏ နတ်ဘုရားမ ရာထူးက မည်မျှ အန္တရာယ်များကြောင်းကို သူမသည်သာလျှင် အသိဆုံးပင်။

ပြီးခဲ့သော နှစ်များအတွင်း တစ်ဂိုဏ်းတည်းသားချင်း ဖြစ်သော အကြီးအကဲဟွာ ဆီမှ နည်းပေါင်းစုံသုံး ဖိနှိပ်မှုများကို သူမ ခံစားခဲ့ရပါ၏။

အပြင်မှ လူများကလည်း သူမကို လေးစားဟန် ပြကြသည့်တိုင်..

အမှန်တွင်မူ ထိုသူများက သူမ၏ အလှအပနှင့် ရာထူးကိုသာ လိုချင်တပ်မက်ကြကြောင်း သူမ မသိဘဲ မနေပါချေ။

သူမ ဘဝတစ်လျှောက်တွင် မည်သို့သော မျှော်လင့်ချက်မျိုးမှ မရှိဘဲ သူမအပေါ် စိတ်ရင်းဖြင့် ကောင်းကောင်းမွန်မွန် ဆက်ဆံသူအား မတွေ့ခဲ့ရဖူးပါ။

သို့သော်.. ယခု သူမ၏ ရာထူးသြဇာကို ဆုံးရှုံးရတော့မည့် အချိန်၌ လောထျန်းက သူမဘက်မှ ကာကွယ်ပေးသည့် စကားမျိုး ပြတ်ပြတ်သားသား ပြောလာပါ၏။

ထိုတခဏ၌ ရေခဲကဲ့သို့ အေးခဲမာကျောနေခဲ့သော သူမ၏ နှလုံးသားလေးလည်း အရည်ပျော်သွားရတော့သည်။

" မဟုတ်မှလွဲရော... သူက ငါ့ကို သဘောကျလို့ အဲ့လိုလုပ်ပေးတာများလား... "

ရွှေယွဲ့ချီတစ်ယောက် ရင်ခုန်သံ အလွန်မြန်လာ၏။

တဖက်မှ လောထျန်းမှာမူ နာကျည်းဒေါသထွက်နေသော မျက်နှာကြီး ဖြစ်နေသည်။

" မျိုးမစစ်ကောင်တွေ ၊ ရွှေယွဲ့ချီသာ ရာထူးက အထုတ်ခံလိုက်ရရင် ယောင်ချီက ငါ့ကို ပေးစရာရှိတဲ့ အကြွေးတွေကို ဘယ်သူ့ဆီ သွားတောင်းရပါတော့မလဲ။ အဲ့တော့ ရွှေယွဲ့ချီရဲ့ နတ်ဘုရားမ ရာထူးကို ထိတာက ငါ့ ပိုက်ဆံကို လာထိပါးတာနဲ့ အတူတူပဲ။ ငါ့ ပိုက်ဆံကို လာထိရဲတဲ့ကောင် မှန်သမျှကို သတ်ပစ်မှာ "

လောထျန်း စိတ်ထဲမှ ဒေါသတကြီး ဆဲရေးလိုက်သည်။

All Chapters