ကမ္ဘာနှစ်ခုကြားမှ တံခါးပေါက်
Vol. 34 Ch. 472
လောထျန်းရင်ထဲ ဒေါသဖြင့် ဗလာင်ဆူလာပြီး လူသတ်အရိပ်အငွေ့ကို သတိမထားမိဘဲ ထုတ်လွှတ်မိသွား၏။
၎င်းကို မြင်သောအခါ ဘေးတွင် ရှိနေသော ရွှေယွဲ့ချီ ကြောက်လန့်တုန်လှုပ်သွားရတော့သည်။
သူမ စိတ်ထဲတွင်လည်း... လောထျန်းက သူ ချစ်ရသည့် မိန်းမလှလေးအတွက် ဒေါသထွက်နေသည်ဟုသာ ထင်လိုက်သည်။
" လောထျန်း.... မလုပ်ပါနဲ့..... "
သူမ စကားပြောရန် ပြင်လိုက်ချိန်မှာပင်..
ဝုန်း..
ကောင်းကင်နှင့် မြေကြီး စတင်တုန်ခါလာ၏။
သူတို့ အနီးနားမှ လေထုလည်း စတင်ပြိုကွဲလာ
သည်။
" ဘာတွေ ဖြစ်နေတာလဲ "
လောထျန်း ခေတ္တမျှ အံ့သြမှင်သက်သွားကာ ရွှေယွဲ့ချီအား လှည့်ကြည့်လိုက်သည်။
ရွှေယွဲ့ချီမှာလည်း သူ့နည်းတူပင် အံ့သြမှင်သက်နေရှာ၏။
သို့သော် ထိုအချိန်မှာပင် လေထု ပြိုကွဲမှုမှ ဖြစ်ပေါ်လာသော လေပြင်းကြောင့် ရွှေယွဲ့ချီတစ်ယောက် အဝေးသို့ လွင့်ပါသွားသည်။
" အား... လောထျန်း ၊ ကျွန်မကို ကယ်ပါဦး "
ရွှေယွဲ့ချီ လောထျန်းအား ကြောက်လန့်တကြား အော်ခေါ်လိုက်သည်။
လောထျန်းမှာလည်း ၎င်းကို မြင်သည်နှင့် တုန့်ဆိုင်းမနေဘဲ သူမရှိရာသို့ ချက်ချင်း တည်နေရာရွှေ့ပြောင်းသွားကာ သူမလက်ကို ဖမ်းဆုပ်ထားလိုက်သည်။
လောထျန်းက လက်ကို လာဆုပ်ကိုင်လိုက်သည်နှင့်
ရွှေယွဲ့ချီ တစ်ကိုယ်လုံး တောင့်တင်းသွားပြီး ရင်ထဲတွင်လည်း ဟင်းလင်း ဖြစ်သွားသလိုပါပင်။
" သွားကြစို့ "
ထိုစဥ် လောထျန်းက ပြောလိုက်ပြီး ရွှေယွဲ့ချီနှင့်အတူ တည်နေရာရွှေ့ပြောင်းကာ နေရာမှ ပျောက်ကွယ်သွားသည်။
သူသည် အစပိုင်းတွင် ရွှေယွဲ့ချီအား အစောက နေရာသို့ ပြန်ပို့ပေးမည်ဟု စဥ်းစားထားသော်လည်း..
သူ တည်နေရာရွှေ့ပြောင်းလိုက်စဥ်မှာပင် ထိုနေရာမှ လေထုက ပေါက်ကွဲထွက်သွား၏။
" ဘာတွေ ဖြစ်နေတာလဲ "
လောထျန်း ဘေးဘီအား အေးစက်စက် တစ်ချက်ကြည့်ကာ ချက်ချင်း တည်နေရာပြန်ရွှေ့ပြောင်းလိုက်သည်။
သို့သော် သူ တည်နေရာ ပြန်ရွှေ့ပြောင်းလိုက်ချိန်မှာပင် ထိုလေထုကလည်း ပေါက်ကွဲထွက်သွားပြန်၏။
" ဟင်.. ဒီမှာ တစ်ခုခုတော့ ဖြစ်နေပြီ။ အနီးနားက လေထုကလဲ ပြိုကွဲနေတော့ နီးနီးလေး တည်နေရာရွှေ့ပြောင်းဖို့ အဆင်မပြေနိုင်ဘူး။ ခပ်ဝေးဝေးကို ပြောင်းမယ်ကွာ "
လောထျန်း ထိုသို့ ဆုံးဖြတ်ချက်ချကာ သူ့ကိုယ်ထဲမှ စိတ်စွမ်းအင်များ အားလုံးကို အသက်သွင်းလိုက်သည်။
ဤတစ်ကြိမ်တွင် သူ မိုင်ထောင်ချီအကွာအဝေးအထိ တည်နေရာရွှေ့ပြောင်းရန် ဆုံးဖြတ်လိုက်၏။
သူ့လက်ရှိ အစွမ်းဖြင့် ဆိုပါကလည်း လူအပို ပါသည့်တိုင် ထိုမျှအကွာအဝေးအထိ တည်နေရာရွှေ့ပြောင်းရခြင်းက သူ့အတွက် အခက်အခဲတစ်ခု မဟုတ်ပါ။
ထိုအချိန်မှာပင် လောထျန်း၏ စိတ်စွမ်းအင်များ အရောင်လက်လာကာ သူ၏ ကောင်းကင်ဘုံခန္ဓာကိုယ်ကျင့်စဥ်လည်း အသက်ဝင်လာသည်။
သို့သော်... လောထျန်း တည်နေရာ ရွှေ့ပြောင်းခါနီး ဆဲဆဲမှာပင် ကောင်းကင်ဘုံမှ ကမ္ဘာမြေကြီးထိတိုင်
ဆက်နေသော တံခါးနှစ်ခု ရုတ်တရက် ပေါ်လာ၏။
ထို တံခါးနှစ်ခုမှာလည်း လောထျန်း တည်နေရာရွှေ့ပြောင်းလိုသော နေရာ၏ ရှေ့တည့်တည့်ပင်..
ဤသို့ဖြင့် လောထျန်း မည်သို့မှ မတုန့်ပြန်လိုက်နိုင်ခင်မှာပင် တည်နေရာရွှေ့ပြောင်းခြင်း အသက်ဝင်သွားပြီး...
ဝှစ်...
လောထျန်းနှင့် ရွှေယွဲ့ချီတို့ နှစ်ယောက် နေရာမှ ပျောက်ကွယ်သွားကြ၏။
တစ်ချိန်တည်းမှာပင်... ယောင်ချီတွင်လည်း ရုတ်ရုတ်သဲသဲ ဖြစ်နေလေပြီ ။
လေထုကြီး တုန်ခါလာကာ ယောင်ချီရှေ့၌ တံခါးပေါက် နှစ်ခု ပေါ်လာ၏။
ယောင်ချီမှ လူများအားလုံးလည်း အသည်းအသန် ပြေးထွက်လာကြသည်။
" ကမ္ဘာနှစ်ခုကြားက တံခါးပေါက်ပါလား... ။ ဘာလို့ အဲ့လောက်တောင် မြန်နေတာလဲ "
တစ်ယောက်က တအံ့တသြ ရေရွတ်လိုက်သည်။
" အကြီးအကဲ ၊ ကမ္ဘာနှစ်ခုကြားက တံခါးပေါက် ဆိုတာ ဘာလဲဗျ "
လူငယ်လေးတစ်ယောက်က မေး၏။
အကြီးအကဲက သက်ပြင်းရှည်ပြီး ချလိုက်ပြီးမှ မျက်နှာပျက်စွာဖြင့် ပြန်ပြောသည်။
" ကောင်းကင်ဘုံ ပျက်စီးခြင်း ကိုးခု ရောက်လာပြီ.... "
ထိုစကားကို ကြားသောအခါ အနီးနားတွင် ရှိနေကြသော လူငယ်များအားလုံး မျက်လုံးပြူးသွားပြီး ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြတော့သည်။
ဒဏ္ဍာရီကျော်... ကောင်းကင်ဘုံ ပျက်စီးခြင်း ကိုးခု.. အမှန်တကယ် ရောက်လာခဲ့ပြီတဲ့လား ။
ရောက်လာသည့် နှုန်းမှာလည်း ကြောက်စရာပင်..
ဘုန်း..
ထိုစဥ်မှာပင် ယောင်ချီ၏ နတ်ဘုရားသခင်မကြီးက ကမ္ဘာနှစ်ခုကြားမှ တံခါးပေါက်ရှေ့သို့ ဝုန်းခနဲ ရောက်လာ၏။
သူမ လက်နှစ်ဖက်ကို စုလိုက်ရာ သူမကိုယ်မှ မသေမျိုး အရောင်အဝါတစ်ခု ချက်ချင်း ထွက်လာသည်။
ဝီ..
ထို့နောက် သူမက ရှိသမျှ အစွမ်းကုန်သုံးပြီး ဖိနှိပ်လိုက်သဖြင့် ဘေးပတ်ဝန်းကျင် လေထုပြိုကွဲမှုများ တဖြည်းဖြည်း ရပ်တန့်သွား၏။
သို့သော်.. ၎င်းက ကမ္ဘာနှစ်ခုကြားမှ တံခါးပေါက်အား မတားဆီးနိုင်သည်မှာ အသိသာပင်။
ယောင်ချီ၏ နတ်ဘုရားသခင်မကြီးသည်လည်း ထိုအချက်ကို ကောင်းစွာပင် သိပါ၏။
ကမ္ဘာများ၏ လည်ပတ်မှု စည်းမျဥ်းများမှ ဖြစ်
ပေါ်လာသော ကောင်းကင်ဘုံ ပျက်စီးခြင်း ကိုးခုကို သူမကဲ့သို့ အညတရ မသေမျိုးတစ်ယောက်က မည်သို့ တားနိုင်ပါအံ့နည်း။
သို့သော်... သူမတို့ ကြိူတင်တွက်ချက်ထားသည့် အတိုင်း ဆိုပါက ကမ္ဘာနှစ်ခုကြားမှ တံခါးပေါက် ပွင့်လာရန်မှာ အလွန်စောနေသေးပါသည်။
ဝှစ်..
ထိုအချိန်မှာပင် ယောင်ချီ၏ နတ်ဘုရားသခင်မကြီးဘေးသို့ သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ယောက် ရုတ်တရက် ပေါ်လာ၏။ ထိုအမျိုးသမီး၏ မျက်နှာမှာလည်း အလွန်ပျက်ယွင်းနေသည်။
" သခင်မကြီးရဲ့... ကျန်းမာရေးက "
ထိုသူကို မြင်သည်နှင့် နတ်ဘုရားသခင်မကြီး၏ မျက်နှာထား အနည်းငယ် ပြောင်းသွားသည်။
" လောလောဆယ် မသေနိုင်သေးပါဘူးကွယ်။ ဟို ထျန်းယွမ်ကျောင်းတော်နဲ့ ဝူလျန်နန်းတော်က ကောင်လေးနှစ်ယောက်ရော ဘယ်မှာလဲ "
သက်လတ်ပိုင်းအရွယ် အမျိုးသမီးက မေးလာ၏။ သူမ၏ လေသံမှာလည်း အလွန်မောက်မာခက်ထန်ပုံပင်။
သို့သော် ယောင်ချီ၏ နတ်ဘုရားသခင်မကြီးက ၎င်းကို မည်သို့မှ စိတ်ထဲထားဟန် မတူဘဲ ပြန်ပြောသည်။
" သူတို့တွေက သူတို့ရဲ့ သခင်လေးတွေကိုပဲ လွှတ်လိုက်တာ။ ဒါပေမယ့် အခု ဒီမှာ လှုပ်လှုပ်ရှားရှား ဖြစ်နေတာကို ကြားကြမှာဆိုတော့ မကြာခင် ရောက်လာမယ်နဲ့ တူတယ် "
ထိုစကားကို ကြားသောအခါ သက်လတ်ပိုင်းအရွယ် အမျိုးသမီးက အထင်သေးစိတ်ပျက်သွားဟန်ဖြင့် ခေါင်းယမ်းပြီး ပြန်ပြော၏။
" ဒီအချိန်လောက်မှ မလာရင် လာတော့မယ် မထင်ဘူး "
" ဘာလို့ အဲ့လို ဖြစ်နိုင်မှာလဲ "
ယောင်ချီ၏ နတ်ဘုရားသခင်မကြီး အံ့သြမှင်သက်သွားရတော့သည်။
ကောင်းကင်ဘုံ ပျက်စီးခြင်း ကိုးခု ရောက်လာပြီဖြစ်ရာ...
ထိုသူများက မလာဘဲ မည်သို့နေပါမည်နည်း။
သက်လတ်ပိုင်းအရွယ် အမျိုးသမီးက သူမအား တစ်ချက်လှည့်ကြည့်ရင်း ပြော၏။
" နင်က ဒီလောက် အသက်ထောင်ချီပြီး အရွယ်ရနေပြီကို အဲ့လောက် တုံးအနေတုန်းလားဟယ်။ ဟိုလူတွေက ကောင်းကင်ဘုံပျက်စီးခြင်း ကိုးခုကို တိုက်ခိုက်မယ်လို့ ကတိပြုထားကြပေမယ့် ဒီတစ်ခေါက် ကောင်းကင်ဘုံပျက်စီးခြင်း ကိုးခုက အရင်ဟာတွေနဲ့ မတူဘူးလေ။ ကောင်းကင်ဘုံ ပျက်စီးခြင်း ထိပ်ဆုံး သုံးခုက မကြာခင် ရောက်လာတော့မှာ။ အဲ့လို အချိန်မျိုးမှာ နင်ဆိုရင်ရော ဘာမဟုတ်တဲ့ ကောင်းကင်ဘုံပျက်စီးခြင်း အသေးလေးကို လာပြီး တိုက်ခိုက်ပါ့မလား "
ယောင်ချီ နတ်ဘုရားသခင်မကြီး၏ မျက်နှာထား အနည်းငယ် ပြောင်းသွားသည်။
" ဒါဆို သူတို့တွေက ယောင်ချီကို လက်လွတ်လိုက်ဖို့ စီစဥ်ထားခဲ့ကြတာပေါ့ "
သက်လတ်ပိုင်းအရွယ် အမျိုးသမီး သက်ပြင်းချ၍ ဆိုသည်။
" ပြီးခဲ့တဲ့ နှစ်တွေမှာ ယောင်ချီက ကောင်းကင်ဘုံပျက်စီးခြင်း ကိုးခုနဲ့ ပတ်သက်ပြီး ဘယ်ဘက်မှ မပါဘဲနေခဲ့တာ ဆိုတော့ သူတို့တွေ ငါတို့ကို ဂရုမစိုက်တာ နားလည်ပေးလို့ ရပါတယ်။ ဒီတစ်ခေါက် ကမ္ဘာနှစ်ခုကြားက တံခါးပေါက်က ယောင်ချီရှေ့မှာ ပွင့်လာတာ ငါတို့ ကံဆိုးသွားတာပဲပေါ့။ တခြား ဘာမှ မတွေးဘဲ ဒီ ကောင်းကင်ဘုံပျက်စီးခြင်းကို ကျော်ဖြတ်ဖို့ပဲ နည်းလမ်းရှာပါ "
ထိုစကားကို ကြားသည့်အချိန်တွင်မူ ယောင်ချီ နတ်ဘုရားသခင်မကြီး၏ မျက်နှာ ဆိုးရွားစွာ ပျက်ယွင်းသွားတော့သည်။
အကယ်၍ ထျန်းယွမ်ကမ္ဘာတွင် ရှိနေသူ အများစုသာ အားစိုက်ထုတ်ကြပါက ယောင်ချီအား ကာကွယ်ရန် မခက်ခဲလှပါချေ။
သို့သော်... ယခု သူမ တစ်ယောက်တည်းအစွမ်းဖြင့် အခြားကမ္ဘာတစ်ခုကို ရင်ဆိုင်တိုက်ခိုက်ရတော့မည် တဲ့လား ။
ထိုစဥ် ယောင်ချီမှ လူများမှာလည်း လေထဲတွင်ရပ်နေသည့် လူနှစ်ယောက်ကိုကြည့်ရင်း တီးတိုး ပြောနေကြပါ၏။
" အကြီးအကဲ ၊ အခု နတ်ဘုရားသခင်မကြီးဘေးမှာ ရပ်နေတာ ဘယ်သူလဲ "
မိန်းမပျိုလေးတစ်ယောက်က မေးလိုက်သည်။
အကြီးအကဲက သူမကို ပြန်ကြည့်ကာ ပြော၏။
" အဲ့ဒါ ယောင်ချီရဲ့ အစောင့်အကြပ် စိတ်ဝိဥာဥ်လေ "
" အစောင့်အကြပ် စိတ်ဝိဥာဥ်... ဟုတ်လား "
ယောင်ချီဂိုဏ်းမှ တပည့်များအားလုံး သက်လတ်ပိုင်းအရွယ် အမျိုးသမီးအား တအံ့တသြ ကြည့်လိုက်ကြသည်။
ထိုအမျိုးသမီးမှာ ယောင်ချီ၏ အလျှို့ဝှက်ဆုံးသော သဘာဝစိတ်ဝိဥာဥ် တစ်ယောက်မှန်း ယခုမှသာ သူတို့ သိလိုက်ရခြင်းပင်။
လူများနှင့် လွယ်လွယ်မတွေ့တတ်သော ထို သခင်မကြီးက ယနေ့ အားလုံးရှေ့သို့ အမှန်တကယ် ထွက်လာခဲ့သတဲ့လား ။
၎င်းကို ကြည့်ခြင်းဖြင့်ပင် ယောင်ချီ ဒုက္ခကြီးကြီးနှင့် ရင်ဆိုင်နေရပြီဖြစ်ကြောင်း သိသာပါသည်။
ဝုန်း...
ထိုစဥ်မှာပင် ကမ္ဘာနှစ်ခုကြားမှ တံခါးပေါက် ဖြည်းညင်းစွာ ပွင့်လာ၏။
ကြောက်မက်ဖွယ် အငွေ့အသက် တစ်ခုလည်း ချက်ချင်း ထွက်ပေါ်လာသည်။
အားလုံး တံတွေးကို ခက်ခက်ခဲခဲပင် မြိုချလိုက်ကြရ၏။
၎င်းမှာ အခြားကမ္ဘာတစ်ခုမှ အရောင်အဝါဖြစ်ကြောင်း သူတို့ သိကြသည် မဟုတ်ပါလား။
ထိုအရောင်အဝါမှာ... ကောင်းကင်ဘုံပျက်စီးခြင်း ကိုးခု စတော့မည်ဆိုသည့် အဓိပ္ပါယ်ပါပင်။
ထိုအချိန်၌ ယောင်ချီ၏ နတ်ဘုရားသခင်မကြီးသည်ပင် အနည်းငယ် တုန်လှုပ်စိုးရိမ်နေပါသည်။
တဖက် တံခါးပေါက်မှ မသေမျိုးများ အနည်းငယ်သာ ထွက်လာရန်လည်း သူမစိတ်ထဲမှ ကြိတ်ပြီး ဆုတောင်းလိုက်ပါ၏။
မသေမျိုး အနည်းငယ်သာ ထွက်လာသည် ဆိုပါက သူမအတွက် ခုခံရန် အခွင့်အရေး ရှိနေသေးသည် မဟုတ်ပါလား။
ထိုအချိန်မှာပင် ကမ္ဘာနှစ်ခုကြားမှ တံခါးပေါက်က လုံးဝ အပြည့်ပွင့်သွား၏။
ယောင်ချီ နတ်ဘုရားသခင်မကြီး ချက်ချင်း မျက်မှောင်ကြုံ့သွားကာ တံခါးပေါက်အား စိုက်ကြည့်လိုက်သည်။ သူမရင်ထဲတွင်ကား အလွန်လေးလံလျက် ....
" ဆယ့်နှစ်ယောက်တောင်.... "
ကမ္ဘာနှစ်ခုကြားမှ တံခါးပေါက်ရှေ့ လေထဲတွင် ရပ်နေသည့် အရိပ်ဆယ့်နှစ်ခုကို မြင်သောအခါတွင်မူ ကြောက်ရွံ့နေသော အသံတုန်တုန်ဖြင့် သူမ တီးတိုး ရေရွတ်လိုက်သည်။
ထိုလူ ဆယ့်နှစ်ယောက်၏ အရောင်အဝါများမှာလည်း ကမ္ဘာပေါ်မှ မသေမျိုးများ ဖြစ်ပုံရပါ၏။
ထိုသူများ၏ အနောက်ဘက်တွင်လည်း... မရေမတွက်နိုင်သော အစွမ်းထက်ကျင့်ကြံသူ များစွာပင် ..
ထိုအဖွဲ့သာ ယောင်ချီအား တိုက်ခိုက်လာပါက... သူမ မည်သို့ ခုခံရပါမည်နည်း။
" ဟင်... ဒီ ထျန်းယွမ်ကမ္ဘာရဲ့ အရောင်အဝါကလဲ... အစွမ်းနိမ့်လိုက်တာ "
လှောင်ပြောင်သည့် မာထန်ထန် အသံတစ်သံ ထွက်ပေါ်လာသည်။
" ဒါပေမယ့် အနံ့လေးကတော့ မွှေးသားပဲကွ "
" ဟုတ်သားပဲ ၊ ဒါ ထျန်းယွမ်ကမ္ဘာရဲ့ ယောင်ချီလေကွာ "
" ယောင်ချီ ၊ ငါ မင်းတို့ဆီက မိန်းကလေး ဂိုဏ်းသူလေးတွေကို ဖမ်းပြီး ပြန်ခေါ်သွားချင်တယ်ကွ။ ယောင်ချီဂိုဏ်းသူလေးတွေက အရမ်းလှတယ်လို့ ကြားတယ် "
" ဟီးဟီး... ဂိုဏ်းသူလေးတွေကို ဖမ်းခေါ်သွားပြီး ဘာလုပ်မှာလဲကွာ။ ဖမ်းမယ့်ဖမ်းတော့ ယောင်ချီရဲ့ နတ်ဘုရား သခင်မကြီးကိုပဲ ဖမ်းခေါ်သင့်တာပေါ့ "
" နတ်ဘုရားသခင်မကြီး ဟုတ်လား... သူ့ကို ဖမ်းခေါ်သွားပြီးတော့ရော ဘာလုပ်ရမှာလဲကွာ။ သူက အခု အသက်ဘယ်လောင်တောင် ကြီးနေပြီလဲ ။ ငါ့အမြင်ကတော့ သူတို့ရဲ့ အပျိုစင်နတ်ဘုရားမလေးကိုပဲ ဖမ်းခေါ်သင့်တယ် "
“နတ်ဘုရားမလေးကို ကြိုးတုပ်ပြီး စိတ်တိုင်းကျ ကစားလိုက်ရရင်တော့ကွာ။ ကျေနပ်စရာကောင်းမှာပဲ”