← Chapters

ကောင်းကင်ဘုံပျက်စီးခြင်း

Vol. 34 Ch. 474

ကောင်းကင်ဘုံပျက်စီးခြင်း

Vol. 34 Ch. 474

ထျန်းမင်ကမ္ဘာ...

ထျန်းမင်ကမ္ဘာသည် ကောင်းကင်ဘုံပျက်စီးခြင်း ကိုးခုထဲတွင် အကြီးကျယ်ဆုံး ကောင်းကင်ဘုံ ပျက်စီးခြင်း ပထမသုံးခုထဲမှ တစ်ခုဖြစ်ပြီး ..

ဒုတိယမြောက် အစွမ်းအထက်ဆုံး ကမ္ဘယတစ်ခုလည်း ဖြစ်ပါ၏။

ထိုကမ္ဘာမှာ ထျန်းယွမ်ကမ္ဘာ၏ နံပါတ် ၁ ရန်သူလည်း ဖြစ်ကာ ၊ မဟာအလင်းတန်းဂိုဏ်းကို ကျောထောက်နောက်ခံ ပေးထားသည့် ကမ္ဘာတစ်ခုဖြစ်သည်။

ထို ကမ်းလှမ်းမှုကို ကြားသောအခါ ယောင်ချီ နတ်ဘုရားသခင်မကြီး အံ့သြမှင်သက်သွားသလို ယွဲ့ယန်ကမ္ဘာမှ လူများလည်း မျက်နှာတည်သွားကြသည်။

ကျန့်လင်ကျိုးက လူအုပ်၏ တုန့်ပြန်ပုံကြောင့် စိတ်ကျေနပ်သွားဟန်ဖြင့် စကားဆက်၏။

" နတ်ဘုရားသခင်မကြီး ၊ သခင်မကြီးသာ ထျန်းမင်ကမ္ဘာရဲ့ အဖွဲ့ဝင်အဖြစ် သဘောတူလိုက်တာနဲ့ ယောင်ချီက ထျန်းမင်ကမ္ဘာရဲ့ ဂိုဏ်းတစ်ခု ဖြစ်သွားပြီးတော့ ထျန်းမင်ကမ္ဘာရဲ့ ကာကွယ်ပေးတာကို ခံရမှာဗျ "

ထို့နောက် သူ ယွဲ့ယန်ကမ္ဘာမှ လူများဘက် လှည့်ကြည့်ကာ ဆက်ပြောသည်။

" သူတို့က ဘယ်ကပဲလာလာ ၊ ယောင်ချီကို တိုက်ခိုက်တာနဲ့ ထျန်းမင်ကမ္ဘာကို တိုက်ခိုက်သလို ဖြစ်သွားလိမ့်မယ် "

ထိုစကားကို ကြားသည့်အချိန်တွင်ကား တဖက်ရှိ ယွဲ့ယန်ကမ္ဘာမှ လူများ မျက်နှာပျက်ကုန်ကြတော့သည်။

ထျန်းယွမ်ကမ္ဘာကို သူတို့ ဘာမှ ဂရုစိုက်စရာမလိုဘဲ စိတ်ကြိုက်မွှေနှောက်၍ လူများအား သတ်ချင်သလောက် သတ်နိုင်သည့်တိုင်...

ထျန်းမင်ကမ္ဘာကိုမူ ထိုသို့ သွားလုပ်၍ မရပါချေ။

ထျန်းမင်ကမ္ဘာအား စိတ်အနှောင့်အယှက် ဖြစ်အောင်ပင် သူတို့ မလုပ်ရဲပါ...

ထို့ကြောင့် သူတို့လူစုအားလုံး ယောင်ချီ နတ်ဘုရားသခင်မကြီးအား စိုးရိမ်မကင်းသည့် မျက်နှာများဖြင့် လှမ်းကြည့်လိုက်ကြသည်။

" နတ်ဘုရားသခင်မကြီး ၊ ဒါ ရခဲလှတဲ့ အခွင့်အရေးကြီးနော် "

ကျန့်လင်ကျိုးကလည်း ယောင်ချီ နတ်ဘုရားသခင်မကြီးကို ကြည့်ကာ အသံတိုးတိုးဖြင့် အကြံပေး၏။

ယောင်ချီ နတ်ဘုရားသခင်မကြီးမှာလည်း စိတ်ယိုင်လုဆဲဆဲ ဖြစ်သွားတော့သည်။

သို့သော်... ထိုအချိန်မှာပင်..

" ဟား ဟား... ခုလို ကမ်းလှမ်းပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ငါတို့ ယောင်ချီက ထျန်းယွမ်ကမ္ဘာကို ဘယ်တော့မှ သစ္စာဖောက်မှာ မဟုတ်ဘူး "

နတ်ဘုရားသခင်မကြီး ဘေးမှ သဘာဝစိတ်ဝိဥာဥ်

က ဝင်ပြောလိုက်၏။

" ဟမ်.... "

ကျန့်လင်ကျိုး အံ့သြမှင်သက်သွားကာ သူမဘက်သို့ ချက်ချင်း လှည့်ကြည့်လိုက်သည်။

" အကြီးအကဲ ၊ ခင်ဗျား ဘာပြောနေလဲဆိုတာ ကိုယ့်ကိုကိုယ်ရော သိရဲ့လား "

သူ အေးစက်စက် ပြောလိုက်၏။

ထို့နောက် ကျန့်လင်ကျိုးက ယောင်ချီ နတ်ဘုရားသခင်မကြီးဘက် လှည့်ကြည့်ကာ ဆက်ပြောသည်။

" နတ်ဘုရားသခင်မကြီး ၊ ကျုပ် အခု ပြောတဲ့ဟာက သခင်မကြီးအတွက်ရော.. ယောင်ချီအတွက်ရော တစ်ခုတည်းသော ထွက်ပေါက်နော်။ သခင်မကြီး မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို ချနိုင်မယ်လို့ မျှော်လင့်ပါတယ် "

ယောင်ချီ နတ်ဘုရားသခင်မကြီးမှာ တွန့်ဆုတ်နေသော မျက်နှာ ဖြစ်သွားသည်။

သို့သော် ထိုစဥ်မှာပင် သဘာဝစိတ်ဝိဥာဥ်က အသက်ပြင်းပြင်း တစ်ချက်ရှိုက်ပြီး ထပ်ပြောလာ၏။

" နတ်ဘုရား သခင်မကြီး ၊ ပြီးခဲ့တဲ့ ကောင်းကင်ဘုံပျက်စီးခြင်း ကိုးခုတုန်းက သခင်မကြီးရဲ့ မျက်စိရှေ့မှာတင် သခင်မကြီးရဲ့ ဆရာနဲ့ ညီအမတွေ ဆယ်ယောက်ကျော်လောက် ထျန်းမင်ကမ္ဘာသားတွေရဲ့ ရက်ရက်စက်စက် အသတ်ခံခဲ့ရတာကို မေ့သွားပြီလား။ အခု ရန်သူတွေရဲ့ လက်အောက်မှာ လက်နက်ချ အညံ့ခံလိုက်တော့မယ်ပေါ့ "

ထိုစကားကြောင့် ယောင်ချီနတ်ဘုရားသခင်မကြီး တစ်ကိုယ်လုံး ဆတ်ခနဲ တုန်သွားသည်။

ယခင်.. ထျန်းမင်ကမ္ဘာက ထျန်းယွမ်ကမ္ဘာအား ကျူးကျော်လာသည့် အချိန်ကိုလည်း သူမ ပြန်အမှတ်ရသွားပါ၏။

ထိုစဥ်က အဖြစ်မှာ ထျန်းယွမ်ကမ္ဘာသားများအတွက် မျှော်လင့်မထားသော အဖြစ်ဆိုးကြီး တစ်ခုဖြစ်ပြီး ဂိုဏ်းများအားလုံးနီးပါး ပြင်းပြင်းထန်ထန် ထိခိုက်သွားခဲ့ရပါသည်။

သူမတို့ ယောင်ချီဂိုဏ်းသည်လည်း အပါအဝင်ပင်..

သူမတို့ ယောင်ချီမှာ ယခင်ကတည်းက ကောင်းကင်ဘုံပျက်စီးခြင်း ကိုးခုနှင့် ပတ်သက်၍ မည်သည့်ဘက်မှ မပါဘဲ နေခဲ့သည့်တိုင် နောက်ဆုံး၌ သူမတို့ဂိုဏ်းမှ လူများစွာပင် အသတ်ခံခဲ့ကြရပါ၏။

ထိုသွေးချောင်းစီးပွဲကြီးမှာ နောက်ပိုင်း အချိန်အတန်ကြာသည်အထိပင် သူမအတွက် အိမ်မက်ဆိုးကြီး တစ်ခုဖြစ်လာခဲ့ပြီး မေ့ပျောက်ရန် အလွန်ခက်ခဲခဲ့ပါသည်။

ယောင်ချီ နတ်ဘုရားသခင်မကြီးက မျက်လုံးများ ခေတ္တမျှ မှိတ်ကာ အသက်ပြင်းပြင်း တစ်ချက်ရှိုက်လိုက်သည်။

" ကျန့်လင်ကျိုး ၊ မင်းတို့ မဟာမလင်းတန်းဂိုဏ်းကို ပြန်သွားပြီးတော့ ပြောလိုက်ပါ။ ငါတို့ ယောင်ချီက ထျန်းမင်ကမ္ဘာရဲ့ လက်အောက်ခံ အနေနဲ့ ဘယ်တော့မှ နေမှာ မဟုတ်ဘူး "

ထိုစကားကို ကြားချိန်တွင်ကား.. သဘာဝစိတ်ဝိဥာဥ်

က စိတ်သက်သာရာ ရသွားဟန်ဖြင့် သက်ပြင်းချလိုက်၏။

ကျန့်လင်ကျိုးက မျက်မှောင်ကြုံ့၍ ပြောလာသည်။

" နတ်ဘုရားသခင်မကြီး .... သခင်မကြီးက ယောင်ချီဂိုဏ်းသူတွေရဲ့ အသက်ကို လုံးဝ ဂရုမစိုက်ဘူးလား "

ယောင်ချီ နတ်ဘုရားသခင်မကြီးက အံကြိတ်ကာ ပြန်ပြော၏။

" ငါတို့ ယောင်ချီဂိုဏ်းမှာက မိန်းမသားတွေချည်းပဲ ဆိုပေမယ့် ဘယ်ဟာက မှန်ကန်ပြီး ဂုဏ်သိက္ခာရှိတဲ့ လုပ်ရပ်လဲ ၊ ဘယ်ဟာက ရှက်စရာကောင်းတဲ့ လုပ်ရပ်လဲဆိုတာ အားလုံး နားလည်ကြတယ် "

ထို့နောက် သူမ ယောင်ချီဂိုဏ်းမှ လူများဘက် လှည့်ကာ အသံကျယ်ဖြင့် အော်ပြောလိုက်သည်။

" ယောင်ချီဂိုဏ်းဝင်တို့... အားလုံး နားထောင်ကြပါ။ ဒီနေ့က ငါတို့ ယောင်ချီနဲ့ ကောင်းကင်ဘုံပျက်စီးခြင်း ကိုးခု .. လက်နက်မချဘဲ သူသေကိုယ်သေ တိုက်ခိုက်ကြမယ့် နေ့ပဲ "

" လက်နက်မချဘဲ သူသေကိုယ်သေ တိုက်ခိုက်ကြမယ် "

သူမ အနောက်ဘက်ရှိ ယောင်ချီဂိုဏ်းသူများကလည်း အသံကျယ်ဖြင့် ပြန်အော်ပြောလာကြ၏။

သို့သော် ယောင်ချီမှ အချို့သူများကမူ ထိုဆုံးဖြတ်ချက်ကို မကျေနပ်ဟန်ဖြင့် မျက်နှာမသာမယာ ဖြစ်သွားကြသည်။

ထို့နောက်တွင်... လူအုပ်ကြားထဲမှ အကြီးအကဲဟွာက အော်ပြောလာ၏။

" နတ်ဘုရားသခင်မကြီး ၊ ကျေးဇူးပြုပြီး စိတ်လိုက်မာန်ပါ မလုပ်လိုက်ပါနဲ့ရှင် "

သူမဘေးမှ အခြားတစ်ယောက်ကလည်း သံယောင်လိုက်သည်။

" အမှန်ပဲ နတ်ဘုရားသခင်မကြီး ။ ထျန်းမင်ကမ္ဘာက သဘောကောင်းပြီးတော့ သေချာကမ်းလှမ်းနေတာလေ။ ဟိုစကားတောင် ရှိသေးတာပဲ... လက်ရှိ အခြေအနေကို နားလည်တဲ့သူကသာ တကယ့် သူရဲကောင်း.. ဆိုတာလေ။ အခု လက်ရှိမှာ ကျွန်မတို့ ယောင်ချီက ထျန်းမင်ကမ္ဘာနဲ့ ပူးပေါင်းတာ ကျိုး

ကြောင်းဆီလျော်ပါတယ် "

" ဟုတ်တယ်.... ထျန်းမင်ကမ္ဘာက ထျန်းယွမ်ကမ္ဘာထက် အများကြီးပိုပြီး အစွမ်းထက်တာဆိုတော့.. သူတို့က ထျန်းယွမ်ကမ္ဘာကို အုပ်ချုပ်တာ ဖြစ်သင့်တယ်။ နတ်ဘုရားသခင်မကြီး .. သူတို့ လက်အောက်ခံအဖြစ် လက်ခံလိုက်သင့်တယ်နော် "

လူတစ်စုကလည်း အသံကျယ်ဖြင့် သံပြိုင်အော်ပြောလာကြသည်။

ဘေးနားမှ လူများကမူ ထိုသူများအား ရန်လိုသည့် အကြည့်ဖြင့် ကြည့်လိုက်ကြ၏။

ယောင်ချီ နတ်ဘုရားသခင်မကြီးက အသက်ပြင်းပြင်း တစ်ချက်ရှိုက်ရင်း ပြောလာသည်။

" တော်ပြီ.. ပါးစပ်ပိတ်ကြတော့။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ငါ ဆုံးဖြတ်ချက် ချပြီးသွားပြီ။ ဒါကိုမှ မကျေနပ်ပဲ ထပ်ပြောလာဦးမယ်ဆိုရင် ဂိုဏ်းရဲ့ စည်းမျဥ်းတွေအတိုင်း အပြစ်ပေးခံရမယ် "

ထိုစကားဖြင့်ပင် အားလုံး ပါးစပ်ပိတ်သွားကြ

တော့သည်။

သို့သော် အကြီးအကဲဟွာတို့ လူစုကမူ နတ်ဘုရားသခင်မကြီးအား မုန်းတီးရန်လိုသော အကြည့်ဖြင့် ကြည့်နေကြ၏။

ထိုစဥ် ယောင်ချီနတ်ဘုရားသခင်မကြီးက ကျန့်လင်ကျိုးဘက် လှည့်ကြည့်ကာ ဆက်ပြောသည်။

" ငါ့ရဲ့ ဆုံးဖြတ်ချက်ကို ပြောပြီးသွားပြီဆိုတော့ မင်း တောင်ပိုင်းဒေသကို ပြန်လိုက်ပါ "

ကျန့်လင်ကျိုး မျက်မှောင်ကြုံ့သွား၏။

" ကောင်းပါပြီ ၊ သခင်မကြီးအနေနဲ့ ကိုယ့်ဆုံးဖြတ်ချက်ကိုယ် နောင်တမရဖို့ မျှော်လင့်ပါတယ် "

ထိုသို့ ပြောပြီးသည်နှင့် သူ နောက်လှည့်ထွက်ရန် ပြင်လိုက်သည်။

သို့သော် ထိုအချိန်၌..

ချွှင်...

ကောင်းကင်ယံမှ ဓားသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာ၏။

ဝီ....

ထို့နောက်တွင်မူ ဓားအလင်းတန်းတစ်ခုက အချိန်နဲ့နေရာ အကန့်အသတ်များကို ဖြတ်ကျော်လာနေသည့်အလား တဝီဝီ မြည်သံပေး ချဥ်းကပ်လာသည်။

" ဟင်... "

ထိုအချိန်တွင် ယောင်ချီ နတ်ဘုရားသခင်မကြီးသာမက၊ ယွဲ့ယန်ကမ္ဘာမှ မသေမျိုးများပါ မည်သို့မှ မတုန့်ပြန်လိုက်နိုင်ကြပါ။

ကျန့်လင်ကျိုး၏ ခေါင်း လေထဲ မြောက်တက်သွားတော့၏။

ယွဲ့ယန်ကမ္ဘာမှ လူများထဲတွင်လည်း ခေါင်းဆောင်တစ်ယောက်တည်းကသာ ထိုဓား မည်သည့်ဘက်မှ လာသည်ကို ရှင်းရှင်းလင်းလင်း တွေ့လိုက်ပါသည်။

ထိုသူ ချက်ချင်း မျက်မှောင်ကြုံ့သွား၏။

" ဒီဓားက.. အစွမ်းထက်လိုက်တာ "

သူ တအံ့တသြ ပြောလိုက်သည်။

ထိုအချိန်မှာပင် အေးစက်စက် အသံတစ်သံလည်း ထွက်ပေါ်လာ၏။

" ကွမ်မင်ဂိုဏ်းသားတွေ ၊ မင်းတို့က ငါ့စကားကို အလကားပြောတယ် ထင်နေကြတယ်ပေါ့။ မင်းတို့ကောင်တွေက ကျုံ့ကျိုးကိုတောင် လူလွှတ်လိုက်သေးတယ်။ အဲ့လိုဆိုရင်လဲ သေတော့ကွာ "

စကားသံ ဆုံးသည်နှင့် ဓားရောင် လက်သွားကာ ကမ္ဘာနှစ်ခုကြားမှ တံခါးပေါက် ရှိရာဆီသို့ ဝှစ်ခနဲ တိုးဝင်သွားသည်။

ချွှင်..

ထို့နောက်တွင်မူ ကမ္ဘာနှစ်ခုကြား တံခါးပေါက်ဆီသို့ ဓားရှည်ကြီးတစ်လက် ရောက်လာ၏။ ဓားအလင်းတန်း တစ်ခုလည်း ကောင်းကင်ယံသို့

ချက်ချင်း ထိုးတက်သွားကာ လေထဲတွင် ဓားရာကြီးတစ်ခု ပေါ်လာသည်။

" ထျန်းယွမ်ကမ္ဘာကို လာပြီး စည်းကျော်တဲ့ကောင် မှန်သမျှ သေရမယ်သာမှတ် "

အေးစက်ပြီး ကြောက်စရာကောင်းသည့် အသံ အရပ်မျက်နှာပေါင်းစုံမှ ထွက်ပေါ်လာပြန်၏။ သို့သော် အသံပိုင်ရှင်ကား အားလုံး၏ မြင်ကွင်းမှ ပျောက်လျက်...

အားလုံးမှာလည်း ၎င်းကို ကြည့်ကာ အံ့သြမှင်သက်ကုန်ကြသည်။

ထိုစဥ်.. လူတစ်ယောက်က တစ်စုံတစ်ခုကို တွေးမိသွားဟန်ဖြင့် ရုတ်တရက် ပြောလာ၏။

" ဒီဓားက သွမ့်ခုန်း နတ်ဘုရားဓားလား... ။ ထျန်းယွမ်ကမ္ဘာရဲ့ နံပါတ်တစ် ဓားသမား၊ သွမ့်ချန်ချိုးရဲ့ ဓားလေ... "

" ဘယ်လို... သွမ့်ချန်ချိုး.. ဟုတ်လား။ မသေမျိုး သွမ့်ချန်ချိုးက ဒီရောက်နေတာလား "

" ကောင်းတာပေါ့ကွာ။ သွမ့်ချန်ချိုး ရောက်လာပြီဆိုတော့ ယောင်ချီအတွက် အားကိုးစရာ လူတစ်ယောက် ရသွားတာပေါ့ "

အားလုံး ဝမ်းသာအားရ အော်ဟစ်လိုက်ကြသည်။

သို့သော်.. ထိုစဥ် လူအုပ်ကြားထဲတွင် ရှိနေသော နျိုထျဲ့ချူတစ်ယောက်မှာ မျက်မှောင်ကြုံ့သွားပါ၏။

" ဒီအရောင်အဝါက.. ဟို မျိုးမစစ်ကောင်ရဲ့ အရောင်အဝါပဲ "

သူမ နဖူးကြောကြီးများပင် ထောင်သွားသည်။

" အမေ... မဟုတ်မှလွဲရော.. အဲ့ကောင်က "

နျိုဝူဖုန်းက လေသံတိုးတိုးဖြင့် မေးလာသည်။

နျိုထျဲ့ချူ နှာခေါင်းရှုံ့၍ ပြန်ပြော၏။

" အမှန်ပဲ.. အဲ့ကောင်ရဲ့ ဓားချက်နဲ့ ငါ သေရမလိုတောင် ဖြစ်ခဲ့တာ။ အဲ့ကောင်နဲ့ ဒီမှာ တွေ့ရလိမ့်မယ်လို့... ငါ ထင်မထားခဲ့ဘူး "

သူမ အလွန်လည်း ဒေါသထွက်သွားသည်။

ထိုလူက စစချင်းတွင် သူမကို စီးတော်ယာဥ်အဖြစ် သူ့လက်အောက်၌ နေရန် ပြောခဲ့ပြီး ၊ သူမ ငြင်းလိုက်သောအခါ သူမကို ချုပ်နှောင်ထားခဲ့ပါ၏။

လောထျန်းကြောင့်သာ မဟုတ်လျှင် သူမ ယခုချိန်ထိလည်း ထိုအချုပ်အနှောင်ထဲ၌ နေနေရမည်မှာ သေချာသလောက်ပင်။

ထို့ကြောင့်လည်း သူမ အချုပ်အနှောင်မှ လွတ်လာပြီးနောက်ပိုင်း ထိုသူအား အလွန်လက်တုန့်ပြန်ချင်ခဲ့ပါသည်။

သို့သော် တဖက်လူက မည်သူမှန်း သူမ မသိခဲ့သဖြင့် မည်သို့မှ မတတ်နိုင်ခဲ့ပါ။

ယခုကား ထိုဓားပိုင်ရှင်နှင့် ပြန်တွေ့လိုက်ရလေပြီ။

သို့သော်.... ယခုမှသာလည်း တဖက်လူက မည်မျှအစွမ်းထက်ကြောင်း သူမ သတိထားမိလိုက်ခြင်း ဖြစ်၏။

ထိုသူ၏ လက်ရှိအစွမ်းဖြင့် ဆိုပါက...

သူမ ယခင်ထက် ပိုအစွမ်းထက်လာပြီး အလွန် လက်တုန့်ပြန်ချင်နေသည့်တိုင်.... သူမအတွက် မျှော်လင့်ချက် မရှိလှပါ။

တဖက်ရှိ ယွဲ့ယန်ကမ္ဘာမှ လူများမှာမူ သူတို့ရှေ့မှ မြင်ကွင်းကို ကြည့်ရင်း မျက်မှောင်ကြုံ့သွားကြပါ၏။

ထိုအချိန်မှာပင် ယွဲ့ယန်ကမ္ဘာမှ ဆယ့်နှစ်ယောက် နောက်တွင် ရှိနေသော လူ တစ်ယောက်က လှောင်သံဖြင့် ပြောလာသည်။

" စည်းကျော်တဲ့ကောင်တွေ သေရမယ် ဟုတ်လား... တော်တော်လေကြီးတာပဲကွာ။ ထျန်းယွမ်ကမ္ဘာက လူတွေက ရေတွင်းခေါင်းထဲကနေ လသာနေကြတာပဲ။ မင်းရဲ့ ဓားကို ဖျက်ဆီးပစ်ဦးမယ် "

စကားသံနှင့်အတူ လူတစ်ယောက် လေထဲ ပျံတက်လာ၏။

ဝုန်း...

ထိုသူ၏ ခန္ဓာကိုယ်မှ မသေမျိုး အရောင်အဝါတစ်ခုလည်း ပေါက်ကွဲထွက်လာသည်။ သူက သွမ့်ခုန်းနတ်ဘုရားဓားအား ဖမ်းဆုပ်ရန် လက်လှမ်းလိုက်၏။

သို့သော် ထိုအချိန်မှာပင်..

ချွှင်..

ဓားသံတစ်သံ မြည်သွားပြီး မည်သို့သော လှုပ်ရှားမှုမှ မရှိပါဘဲ... ယွဲ့ယန်ကမ္ဘာမှ မသေမျိုးမှာ အဝေးသို့ လွင့်ထွက်သွားတော့သည်။

ဘုန်း..

သူ့ခန္ဓာကိုယ်က ကမ္ဘာနှစ်ခုကြား တံခါးပေါက်နှင့် အရှိန်ပြင်းပြင်း ရိုက်မိသွားကာ ကိုယ်ပေါ်၌ မရေမတွက်နိုင်သော အပေါက်များ ပေါ်လာသည်။

ထိုသူ နေရာတွင်ပင် သေဆုံးသွားတော့၏။

All Chapters