← Chapters

လောင်းကြေးထပ်ခြင်း

Vol. 34 Ch. 476

လောင်းကြေးထပ်ခြင်း

Vol. 34 Ch. 476

သခင်ကြီးထျန်းလုံ၏ စကားဆုံးပြီး နောက်တွင်ကား ယဲ့ကျီ၏ မျက်လုံးများ အေးသထက် ပိုအေးစက်လာသည်။

" ဆက်ပြောစမ်းပါဦး "

သခင်ကြီး ထျန်းလုံက အေးအေးဆေးဆေးပင် စကားဆက်၏။

" ကမ္ဘာပတ်လမ်းကြောင်း ထပ်ပြီးတော့ ကမ္ဘာတစ်ခုနဲ့တစ်ခု တိုက်ခိုက်တာတွေက ငါတို့ ထျန်းယွမ်ကမ္ဘာမှာပဲ ဖြစ်တာမဟုတ်ဘူးလေ... မင်းတို့ ယွဲ့ယန်ကမ္ဘာမှာလဲ ဖြစ်တာပဲ။ ပြီးတော့ ငါ တွက်ချက်ထားတဲ့အတိုင်းဆိုရင်.. မင်းတို့ ယွဲ့ယန်ကမ္ဘာကို မကြာခင် ထျန်းမင်ကမ္ဘာ ရောက်လာတော့မှာ မဟုတ်လား "

ထိုစကားကို ကြားသည်နှင့် ယဲ့ကျီနောက်တွင် ရှိနေကြသော မသေမျိုးများ၏ မျက်နှာထား ချက်ချင်းပြောင်းသွားကြသည်။

ထိုသူများကို ကြည့်ခြင်းဖြင့်ပင် သူ့ခန့်မှန်းချက်က မှန်ကန်ကြောင်း သခင်ကြီး ထျန်းလုံ နားလည်

လိုက်ပါ၏။

ထို့ကြောင့် သူ လှောင်ပြုံးဖြင့် ဆက်ပြောလိုက်သည်။

" အစွမ်းချင်း ယှဥ်လိုက်ရင် မင်းတို့ ယွဲ့ယန်ကမ္ဘာက ငါတို့ ထျန်းယွမ်ကမ္ဘာထက် အများကြီးပို အစွမ်းထက်တာ အမှန်ပဲ။ ဒါပေမယ့်... တကယ်လို့သာ မင်းတို့က ငါတို့နဲ့ ဒီနေ့ သူသေကို​ယ်သေ တိုက်ခိုက်ချင်တယ်ဆိုရင်... ငါတို့ဘက်ကလဲ ကိုယ့်အသက်ကို စတေးပြီးတော့ မင်းတို့ရဲ့ မသေမျိုး ဆယ်ယောက်ကျော်လောက်ကိုပါ သေတွင်းကို အတူခေါ်သွားနိုင်မယ်ဆိုတာ ငါ ယုံကြည်ချက် အပြည့်ရှိတယ် "

" မင်းတို့ ယွဲ့ယန်ကမ္ဘာက ချမ်းသာကြွယ်ဝပြီးတော့ အင်အားကြီးတဲ့ ကမ္ဘာတစ်ခု ဖြစ်နေစေဦးတော့... မင်းတို့ရဲ့ မသေမျိုး ဆယ်ယောက်ကျော်လောက်ကို အသေခံနိုင်ပါ့မလား "

သူ့စကားကြောင့် တဖက်မှ မသေမျိုးများအားလုံး တိတ်သွားကုန်ကြသည်။

သခင်ကြီး ထျန်းလုံကလည်း ၎င်းကိုကြည့်ရင်း သံကို ပူနေတုန်း ရိုက်ရမည်ဟု တွေးကာ ဆက်ပြောလိုက်၏။

" ကြည့်ရတာ ငါပြောတာတွေ အကုန်မှန်နေတဲ့ပုံပဲ ။ မင်းတို့က ဒီကို သူသေကိုယ်သေ တိုက်ခိုက်ဖို့ လာတာ မဟုတ်ဘူးဆိုတော့... မင်းတို့ ဒီကိုလာရတဲ့ ရည်ရွယ်ချက်အမှန်ကိုသာ ပြောစမ်းပါ "

ယဲ့ကျီက သက်ပြင်းရှည်ကြီး ချလိုက်ပြီးမှ ပြန်ပြောလာသည်။

" မင်းလိုကောင်မျိုးနဲ့ ပတ်သက်ရတာ ငါ ကြိုက်ကို မကြိုက်ဘူး.... ကဲလေ.. ဒါဆိုလဲ လိုရင်းကိုပဲ ပြောကြတာပေါ့။ ငါတို့ကို မင်းတို့ရဲ့ မြင့်မြတ်နယ်မြေအဆင့် စိတ်စွမ်းအင်သွေးကြော သုံးခု ပေးပါ... အဲ့ကျရင် ငါတို့ အေးအေးဆေးဆေး ထွက်သွားမယ် "

ထိုစကားကို ကြားသည်နှင့် ချင်းဝူရှန် ဒေါသထွက်သွားပြီး ပြန်အော်ပြော၏။

" မြင့်မြတ်နယ်မြေအဆင့် စိတ်စွမ်းအင်သွေးကြော သုံးခု... ဟုတ်လား ။ မင်းက အဲ့လိုအဆင့် စိတ်စွမ်းအင်သွေးကြောတွေကို ဘယ်လို ထင်နေတာလဲ ။ ဟင်းရွက်ကန်စွန်းလို လွယ်လွယ်ရတယ် ထင်နေတာ

လား "

ထျန်းယွမ်ကမ္ဘာမှာ အလွန်ကျယ်ပြောသည် မှန်သော်လည်း မြင့်မြတ်နယ်မြေအဆင့် စိတ်စွမ်းအင်သွေးကြောများ အများဆုံး အခု ၂၀ ပင် မပြည့်ပါချေ။

ထို့အပြင် ထို မြင့်မြတ်နယ်မြေအဆင့် စိတ်စွမ်းအင်သွေးကြောများ အားလုံးမှာလည်း ပိုင်ရှင်အသီးသီး ရှိထားကြပါ၏။

ထိုသို့သော အဖိုးတန် စိတ်စွမ်းအင်သွေးကြောမျိုးကို မည်သူက အခြားသူအား အလကား ပေးလိုက်ချင်ပါမည်နည်း။

ယဲ့ကျီက ထိုအဖြေကို ကြိုမျှော်လင့်ထားသည့်အလား ပြန်ပြောလာသည်။

" ကောင်းပြီလေ.. ဒါဆိုလဲ ငါ့ဘက်က တစ်ထစ်လျှော့လိုက်မယ်။ ငါတို့ကို မြင့်မြတ်နယ်မြေအဆင့် စိတ်စွမ်းအင်သွေးကြော ၂ ခုပဲပေး.. "

ချွှင်..

ဓားသံတစ်သံနှင့်အတူ သွမ့်ချင်းချူ၏ စကားသံ ထွက်လာသည်။

" နှစ်ခု မပြောနဲ့.. တစ်ခုတောင် မရှိဘူး "

ယဲ့ကျီ၏ မျက်နှာ ချက်ချင်း သုန်မှုန်သွားကာ ပြန်ပြော၏။

" အားလုံး... တစ်ဖက်နဲ့တစ်ဖက် ညှိနှိုင်းတယ်ဆိုတာ အဲ့လိုပုံမျိုး မဟုတ်ဘူးနော် "

သခင်ကြီး ထျန်းလုံကလည်း အေးစက်စက် ခွန်းတုန့်ပြန်သည်။

" ဒါဆို ဘယ်လိုပုံစံမျိုးနဲ့ ဆွေးနွေးညှိနှိုင်းရမှာလဲ ပြောစမ်းပါဦး ။ မင်းတို့ ယွဲ့ယန်ကမ္ဘာမှာ အဲ့လို မြင့်မြတ်နယ်မြေအဆင့် သဘာဝစိတ်စွမ်းအင်သွေးကြောတွေ အများကြီး မရှိဘူး မဟုတ်လား ။ စိတ်စွမ်းအင် သွေးကြောဆိုတာ ကမ္ဘာတစ်ခုရဲ့ အခြေခံ အုတ်မြစ်ပဲကွ။ အဲ့လိုအရာမျိုးကို ဘယ်သူက လွယ်လွယ်နဲ့ ပေးနိုင်မှာလဲ "

ယဲ့ကျီ ချက်ချင်း မျက်မှောင်ကြုံ့သွား၏။

" ကောင်းပြီလေ ၊ ဒါဆို ငါ့ဘက်က နောက်တစ်ဆင့်

ထပ်လျှော့ပေးမယ်။ ငါ ယောင်ချီရဲ့ စိတ်စွမ်းအင်သွေးကြော တစ်ခုတည်းပဲ လိုချင်တယ် "

ချွှင်..

ဓားသံ ထပ်ထွက်လာပြီး သွမ့်ချန်ချိုး တိုက်ခိုက်ရန် အသင့်ပြင်လိုက်သည်။

သို့သော် ယဲ့ကျီက လက်ကာပြရင်း ပြန်ပြောလာ၏။

" ငါ့စကား မဆုံးသေးဘူးလေကွာ။ ငါတို့ချင်း ပြိုင်ပွဲတစ်ခု လုပ်ပြီးတော့ ယောင်ချီရဲ့ စိတ်စွမ်းအင်သွေး ကြောကို လောင်းကြေးစားကြေးအနေနဲ့ သဘောထားလိုက်မယ်လေ။ တကယ်လို့ မင်းတို့ဘက်က နိုင်သွားရင် ငါတို့ ချက်ချင်း လှည့်ပြန်သွားပေးမယ်။ ငါတို့ဘက်က နိုင်သွားရင်တော့ စိတ်စွမ်းအင်သွေးကြောက ငါတို့အပိုင် ဖြစ်သွားပြီ... ဘယ်လိုလဲ "

သခင်ကြီး ထျန်းလုံတို့ လူစု ယောင်ချီနတ်ဘုရားသခင်မကြီးအား လှည့်ကြည့်လိုက်ကြသည်။

" ဒီ လောင်းကြေးက သိပ်ပြီး မမျှတသလိုပဲနော်.. ဟုတ်တယ်မလား "

ယဲ့ကျီ၏ မျက်လုံးထဲတွင် အေးစက်စက် အလင်းတန်းတစ်ခု လင်းလက်သွား၏။

" ကိုယ့်လူတို့.. လက်ရှိမှာ ငါတို့ ယွဲ့ယန်ကမ္ဘာက ပိုအစွမ်းထက်နေတာနော်။ အခု ငါပြောတဲ့ ကမ်းလှမ်းချက်ကလည်း တော်တော်လေး တရားတယ်လို့ ပြောလို့ရတယ်။ ဒါ ငါတို့ လုပ်နိုင်တာ နောက်ဆုံးပဲ။ တကယ်လို့ မင်းတို့ဘက်က သဘောမတူဘူး ဆိုရင်တော့လဲ တိုက်ရိုက်ပဲ တိုက်ခိုက်လိုက်ကြတာပေါ့ကွာ "

ချင်းဝူရှန်ကလည်း လှောင်ပြုံးဖြင့် ပြန်ပြောသည်။

" ကောင်းပြီလေ.. ဒါဆိုလဲ တိုက်ခိုက်ကြတာပေါ့။ ငါက မင်းတို့ကို ကြောက်မယ်ထင်နေလား "

ဝုန်း...

သူ့ကိုယ်မှ စိတ်စွမ်းအင်များလည်း ပေါက်ကွဲထွက်လာကာ တိုက်ခိုက်ရန် အသင့်ပြင်လိုက်သည်။

သို့သော် ထိုအချိန်တွင် ယောင်ချီ နတ်ဘုရားသခင်မကြီးက ရုတ်တရက် ပြောလာ၏။

" သခင်ကြီး ချင်း ၊ ကျေးဇူးပြုပြီး ခဏနေပါဦးရှင် "

ချင်းဝူရှန်က သူမဘက် ချက်ချင်း လှည့်ကြည့်လိုက်သည်။

ယောင်ချီ နတ်ဘုရားသခင်မကြီးက စကားဆက်၏။

" သူတို့ပြောသလို ကျွန်မတို့ ယောင်ချီရဲ့ စိတ်စွမ်းအင်သွေးကြောကို ဘောင်းကြေးစားကြေးအဖြစ် သတ်မှတ်ပြီး လုပ်လိုက်ကြတာပေါ့ရှင်။ တကယ်လို့ သခင်ကြီးတို့ဘက်ကသာ ရှုံးသွားတယ်ဆိုရင် ကျွန်မတို့ ယောင်ချီကလဲ စိတ်စွမ်းအင်သွေးကြောကို လိုလိုလားလား အဆုံးရှုံးခံပါ့မယ် "

အကယ်၍ ကမ္ဘာနှစ်ခုမှ လူများကြားတွင် တိုက်ပွဲသာ အမှန်တကယ် ဖြစ်သွားခဲ့ပါက .. သူမတို့ယောင်ချီ၏ စိတ်စွမ်းအင်သွေးကြောကို ဆုံးရှုံးရမည်မှာ သေချာသလောက်နီးပါး ဖြစ်သည့်အပြင်...

အသေအကြေ အပျက်အစီးလည်း များမည် ဖြစ်ပါသည်။

သို့ဖြစ်ရာ.. လက်ရှိတွင် စိတ်စွမ်းအင်သွေးကြောအား လောင်းကြေးအဖြစ် အသုံးချမည့် နည်းကို

ရွေးချယ်ခြင်းက အကောင်းဆုံးပင်။

ထိုစကားကို ကြားသောအခါ သခင်ကြီး ထျန်းလုံက ခေါင်းညိတ်၍ ပြောလာ၏။

" ယောင်ချီ နတ်ဘုရားသခင်မကြီးက အဲ့လို ပြောလာမှတော့... ကျုပ်ဘက်ကလဲ သဘောတူပါတယ် "

ချင်းဝူရှန်ကမူ မကျေနပ်ဟန်ဖြင့် မျက်ခုံးပင့်သွားပြီးမှ ရှေ့သို့ ခြေတစ်လှမ်းတိုးကာ ပြော၏။

" လောင်းကြေး... ဟုတ်လား ။ အဲ့လိုဆိုတော့လဲ တိုက်ခိုက်ကြတာပေါ့ကွာ ။ ငါ အရင်ဆုံး တိုက်မယ်... ဘယ်သူ လာမလဲ... လာလေ "

သူ့ မျက်လုံးများတွင်လည်း စိန်ခေါ်မှု အရိပ်အယောင်တို့ အပြည့်ပါနေသည့်အတွက် ယဲ့ကျီနောက်တွင် ရှိနေသူများ ချက်ချင်း ထွက်ပြီး တိုက်ခိုက်ချင်စိတ် ပေါက်သွားကြသည်။

သို့သော်.. ယဲ့ကျီက အားလုံးကို လက်ပြတားကာ ပြော၏။

" ခဏနေကြပါဦးကွာ... ၊ ခုနက ပြောခဲ့သလိုပဲ ငါတို့ ကမ္ဘာနှစ်ခုလုံးက လက်ရှိမှာ ထျန်းမင်ကမ္ဘာက

ပေးတဲ့ ဒုက္ခကြီးနဲ့ ရင်ဆိုင်နေကြရတာ။ အဲ့တော့ ကမ္ဘာပေါ်က မသေမျိုးတွေအားလုံး ဘာမဟုတ်တာလေးနဲ့ ဒဏ်ရာရသွားလို့ မဖြစ်ဘူး "

ချင်းဝူရှန် မျက်မှောင်ကြုံ့သွားကာ မေးလိုက်သည်။

" မင်းက ဘာကို ဆိုလိုတာလဲ "

ယဲ့ကျီက ဆက်ပြော၏။

" ငါ့သဘောကတော့ ငါတို့ အဘိုးကြီးတွေ ဘေးဖယ်နေပြီးတော့ လူငယ်မျိုးဆက် အချင်းချင်းကိုပဲ တစ်ယောက်နဲ့တစ်ယောက် ယှဥ်ပြိုင်စေချင်တယ်။ ဘယ်လို သဘောရလဲ "

" ဒါ... "

ချင်းဝူရှန်မှာ တဖက်မှ ထိုသို့ အဆိုတင်သွင်းလာမည် ထင်မထားသဖြင့် အံ့သြမှင်သက်သွားရသည်။

ထိုစဥ် ယဲ့ကျီက လက်ယမ်းလိုက်ရာ အနောက်နားဘက်မှ လူငယ် ဆယ်ယောက် ချက်ချင်း ပျံသန်းထွက်လာပြီး သူ့အနောက်ဘက်တွင် ရပ်လိုက်ကြသည်။

" အရိုအသေပြုပါတယ် သခင်ကြီး ယဲ့ကျီ "

လူငယ်များ သံပြိုင် အော်လိုက်ကြသည်။

ယဲ့ကျီက နှုတ်ခမ်းတွန့်ရုံ ပြုံးပြီး ချင်းဝူရှန်တို့ လူစုဘက် ကြည့်ကာ ပြော၏။

" အခု ငါ့နောက်မှာ ရှိနေတဲ့ လူငယ်ဆယ်ယောက်က ယွဲ့ယန်ကမ္ဘာရဲ့ ထိပ်သီးသိုင်းသမားတွေပဲ။ ဒီနေ့တော့ ငါက နောက်မှာပဲနေ ပြီး ဒီလူငယ်ဆယ်ယောက်ကိုပဲ ပြိုင်ခိုင်းမှာ "

" မင်းတို့ ထျန်းယွမ်ကမ္ဘာဘက်ကတော့ လူတွေ ကြိုက်သလောက် လွတ်လို့ရတယ်နော်။ နေမဝင်ခင် ငါတို့လူ ဆယ်ယောက်ကို အနိုင်ယူနိုင်တာနဲ့ မင်းတို့ဘက်က အနိုင်ပဲ။ အနိုင်မယူနိုင်ရင်တော့ ငါတို့ဘက်က အနိုင်ပေါ့ကွာ။ ဒါပေမယ့် အခြေအနေ တစ်ခုတော့ ရှိတယ်နော်... မင်းတို့ဘက်က လွတ်တဲ့ လူတွေအားလုံးက အသက်တစ်ရာအောက် ငယ်ရမယ်.. ဘယ်လိုလဲ "

သူ ထိုသို့ ပြောပြီးနောက် ချင်းဝူရှန်နှင့် သခင်ကြီး ထျန်းလုံတို့အား ရန်စလှောင်ပြောင်လိုသော အကြည့်ဖြင့် ကြည့်လိုက်သည်။

တဖက်လူ နှစ်ယောက်မှာလည်း စိုးရိမ်မကင်းသည့် အကြည့်ဖြင့် တစ်ယောက်ကိုတစ်ယောက် လှမ်းကြည့်လိုက်ကြ၏။

" အကိုထျန်းလုံ ၊ ယဲ့ကျီက သူ့ကိုယ်သူ သိပ်ပြီး ယုံကြည်ချက်အပြည့် ရှိနေတဲ့ပုံပဲဗျ ။ ကြည့်ရတာ.. သူ့နောက်က လူငယ်ဆယ်ယောက်က အရမ်းအစွမ်းထက်ကြတယ်နဲ့ တူတယ်။ ကျုပ် စိုးရိမ်တာက... "

ချင်းဝူရှန်က စိုးရိမ်မကင်းသည့် မျက်နှာဖြင့် စကားစလိုက်သည်။

သခင်ကြီး ထျန်းလုံကလည်း သုန်မှုန်နေသော မျက်နှာဖြင့် ပြန်ပြော၏။

" ငါ ထင်တာတော့ သူတို့ဘက်မှာ ဖုံးကွယ်ထားတဲ့ လှည့်ကွက်တစ်ခုခု ရှိနေတယ်နဲ့တူတယ်။ ဒါပေမယ့် လောလောဆယ်မှာ ငါတို့အတွက် တခြားပိုကောင်းတဲ့ အဖြေ မရှိသေးဘူးဆိုတော့ တိုက်ပွဲကိုပဲ သဘောတူလိုက်ရုံပေါ့ကွာ။ ပြီးတော့ ငါတို့ ထျန်းယွမ်ကမ္ဘာက လူငယ်သူရဲကောင်းတွေကလဲ သူတို့ကို ရှုံးချင်မှ ရှုံးမှာပါ "

ချင်းဝူရှန် ခေါင်းတစ်ချက် ညိတ်ကာ သခင်ကြီး ထျန်းလုံနှင့် ပြိုင်တူ ပြောလိုက်ကြသည်။

" ငါတို့ ဒီတိုက်ပွဲကို သဘောတူတယ် "

ထိုစကားကို ကြားသောအခါ ယဲ့ကျီ အားရပါးရ ပြုံးလိုက်သည်။

" သိပ်ကောင်းတယ်... ငါကလဲ မင်းတို့ ထျန်းယွမ်ကမ္ဘာက လူငယ်မျိုးဆက်သစ်တွေ ဘယ်လောက်အစွမ်းထက်ကြလဲ မြင်ချင်နေတာ ။ အခု မင်းတို့ ပြန်ပြီး ပြင်ဆင်စရာ ရှိတာတွေ ပြင်ဆင်လို့ ရတယ်နော်။ မင်းတို့ဘက်က အသင့်ဖြစ်ပြီ ဆိုတာနဲ့ တိုက်ပွဲ စလိုက်ကြတာပေါ့ "

ချင်းဝူရှန် နှာခေါင်းရှုံ့လိုက်ပြီး လူအချို့နှင့်အတူ သူတို့ နေသည့်နေရာသို့ ပြန်သွားကာ အားလုံးကို လောင်းကြေးအကြောင်း ပြောပြလိုက်သည်။

အားလုံးမှာလည်း အကြောင်းစုံကို နားထောင်ပြီး ဝမ်းသာအားရ ဖြစ်သွားကြပုံပင်။

" ဟား ဟား... နတ်ဘုရားသခင်မကြီး ၊ ဒီတစ်ခါတော့ ယွဲ့ယန်ကမ္ဘာဘက်က ရှုံးမှာ သေချာနေပြီဗျာ။

ဒီနေ့ ယောင်ချီညီလာခံမှာ ထျန်းယွမ်ကမ္ဘာရဲ့ လူငယ်ပါရမီရှင်တွေ တစ်ဝက်ကျော်လောက် ရောက်နေကြတာလေ။ ဒီလူတွေနဲ့ဆို သူတို့ဘက်က ဘာမဟုတ်တဲ့ လူငယ်ဆယ်ယောက်လောက်ကို မနိုင်စရာ အကြောင်း မရှိပါဘူး "

" အမှန်ပဲ... တခြားသူတွေကို အသာထားပြီး ၊ ချင်းရှောင်ရှန်ကိုပဲ ကြည့်လိုက်ပါဦး။ သူ့ရဲ့ ပါရမီနဲ့ အစွမ်းကို သာနိုင်တဲ့သူ ဘယ်လောက်များ ရှိမှာမို့လဲ "

" ဟုတ်တယ်ဗျ ၊ ထျန်းယွမ်ကျောင်းတော်က ဟိုတစ်ယောက်လဲ ရှိသေးတယ်လေ။ သူကလဲ တကယ့် ရှားပါးပါရမီရှင် တစ်ယောက်ပဲနော် "

" ပြီးတော့ ယောင်ချီမှာလဲ တခြားပါရမီရှင်တွေ အများကြီး ရှိသေးတယ်။ ဒီတိုက်ပွဲကို ကျုပ်တို့ဘက်က မနိုင်စရာ အကြောင်းမရှိဘူး "

အားလုံး တစ်ယောက်တစ်ပေါက် ပြောလိုက်ကြသည်။

လူအုပ်၏ နောက်နားလေးတွင် ရှိနေသော ပျောင်ပိုင်

မြို့မှ လူများမှာလည်း ထိုစကားများကို ကြားသွားပါ၏။

" လူငယ်မျိုးဆက် အချင်းချင်းကြားက တိုက်ပွဲမှာ အသက်တစ်ရာအောက် လူငယ်တွေပဲ ဝင်တိုက်လို့ရမှာတဲ့။ ဒါဆို... သခင်လေးသာ ဝင်တိုက်ခိုက်ရင် တဖက်က လူတွေအားလုံးကို ချက်ချင်း အနိုင်ယူလိုက်နိုင်မှာပဲ "

လောရုံက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

စာစဉ်ပြီး၏

All Chapters