အခန်း (၇၀၅)
Vol. 48 Ch. 705
“ဘုန်း”
လေထုထဲတွင် အသံကျယ်ကြီး တစ်ခု ထွက်ပေါ်လာခဲ့ပြီး ဌာနေအရှင်သည် ရုတ်တရက် မတ်တပ် ထရပ်လိုက်၏။ သူ၏ အနောက်ဘက်တွင် ရှိနေသည့် သွေးစွမ်းအင်များသည် စုစည်းလာခဲ့ပြီး ၎င်းသည် ကြောက်မက်ဖွယ်ရာ ကောင်းသည့် တိုက်ခိုက်ချက် တစ်ခုကို ထုတ်ဖော်လိုက်၏။
လက်သီးချက်သည် အသာတိုက်ခိုက်လိုက်သည် ဆိုသော်လည်း ကောင်းကင်ယံထက်တွင်ရှိသည့် ကြယ်များ ပင်လျှင် လှုပ်ခါသွားခဲ့သည်။
ဘုန်း
ကောင်းကင်ယံထက်တွင် ဝိညာဉ်နှင့်နတ်ဆိုးတောအုပ်၏ ဌာနေအရှင်သည် လက်သီးတစ်ချက်ကို ထိုးလွှတ်လိုက်၏။ နတ်ဆိုးစွမ်းအင်များသည် ၎င်း၏ ခန္ဓာကိုယ်ကို ရစ်သိုင်းလျက် ရှိနေပြီး လက်သီးချက်သည် တစ်ဖက်လူဆီသို့ တည့်တည့်ပင် ရောက်ရှိသွားခဲ့၏။
“ဟမ်”
ထွက်ခွာသွားရန် ပြင်ဆင်နေသည့် သွေးဘုရင်သည် ထိုမြင်ကွင်းကို မြင်ရသည့် အချိန်မှာတော့ မျက်လုံးထဲတွင် ဒေါသတရား များ ပြည့်နှက်သွားခဲ့၏။ သူက အော်ဟစ်လိုက်သည်။ “ခင်ဗျား လုပ်ရဲတာလား”
သို့ပေမဲ့ စကား မဆုံးသေးခင်မှာဘဲ ၎င်း၏ ခန္ဓာကိုယ်ထဲတွင် ရှိနေသည့် သွေးစွမ်းအင်များကို စုစည်းကာဖြင့် တစ်ဖက်လူ၏ တိုက်ခိုက်ချက်ကို ထိပ်တိုက်ဆိုသလိုပဲ ရင်ဆိုင်လိုက်၏။
နတ်ဆိုးလောကကြီး တစ်ခုလုံးသည် တုန်ခါသွားခဲ့၏။ ကောင်းကင်ယံတွင် ရှိနေသည့် ဥက္ကာခဲများလည်း အောက်သို့ ကျဆင်းလာခဲ့သည်။
ဘန်း .....။
တောနက်တစ်ခုအတွင်းမှာတော့ နှစ်ပေါင်းများစွာတည်းက မားမားမတ်မတ် ရပ်တည် တည်ရှိခဲ့သော ရှေးဟောခန်းကြီးက တုန်ခါသွားခဲ့၏။ သွေးများသည် နေရာအနှံ့သို့ ပျံ့နှံ့သွားခဲ့၏။ စုတ်ပြတ်သတ်လျက် ရှိနေသည့် ခန္ဓာကိုယ်နှင့် လူတစ်ယောက်သည် မြေပြင်ပေါ်သို့ ပြုတ်ကျသွား၏။ ထိုလူသည် သွေးဘုရင်ပင်။
အားကောင်းလှပါသည်ဆိုသော အင်မော်တယ်ဘုရင်တစ်ယောက်သည် တစ်ဖက်လူ၏ တစ်ချက်တည်းသော တိုက်ခိုက်ချက်ကြောင့် မြေပြင်ပေါ်တွင် ခွေးသေကောင်ကဲ့သို့ပင် လဲလျောင်းလျက် ရှိနေ၏။
“……”
သွေးဘုရင်နှင့်အတူ မဟာမိတ်အဖွဲ့ဆီမှ ထွက်ခွာသွားရန် ပြင်လျက်ရှိနေသည့် အင်မော်တယ်ဘုရင် တော်တော် များများတို့သည် အမှတ်မထင်ဆိုသလိုပဲ ၎င်းတို့၏ ခြေထောက်များကို ပြန်လည်ရုတ်သိမ်းလိုက်ကြ၏။
ဝိညာဉ်နတ်ဆိုးတောအုပ်၏ အရှင်သည် ၎င်းတို့ထက် ပိုမိုကာ အားကောင်းသည်ကို သိရှိပြီးဖြစ်၏။ သို့ပေမဲ့ အနည်းငယ်သာ အားကောင်းမည်ဟု ထင်မှတ်ထားခဲ့၏။ မထင်မှတ်ထားလောက်အောင်ဘဲ ၎င်းတို့နှင့် အလုံးစုံ ကွာခြားနေသော အားအင်အဆင့်ကို ပိုင်ဆိုင်လျက်ရှိနေသည်။
“သူက အင်မော်တယ်ဘုရင် တစ်ယောက်ကော ဟုတ်ရဲ့လား” အားလုံးသော သူတို့၏ စိတ်ထဲတွင် ထိုအတွေးတစ်ခုက ပေါ်ပေါက်လာခဲ့၏။ အင်မော်တယ်ဘုရင် တစ်ယောက်ဆိုလျှင် အဘယ်ကြောင့် ဤမျှ အားကောင်းရသနည်း။
“အခု ဝိညာဉ်နတ်ဆိုးတောအုပ်ကနေ ထွက်ခွာချင်တဲ့လူ ရှိသေးလား”
ဝိညာဉ်နှင့်နတ်ဆိုးတောအုပ်၏ ဌာနေအရှင်သည် ရုတ်တရက် ခြေလှမ်းတစ်လှမ်းချင်းစီ လှမ်းလျက်ရှိပြီး ၎င်း၏ ခြေနင်းသံသည် လောကကြီး တစ်ခုလုံးကို တုန်ခါနေစေ၏။
လူပေါင်းများစွာတို့သည် အံ့အားတသင့် ဖြစ်လို့နေခဲ့၏။ လူတစ်ယောက်ချင်းစီတိုင်းသည် အမှတ်မထင်ဆိုသလို နောက်သို့ လှမ်းဆုတ်လိုက်မိကြ၏။ ၎င်းတို့၏ ပခုံးထက်ဆီသို့ တောင်ကြီးတစ်လုံး ကျဆင်းလာသကဲ့သို့ပင် ကြီးမားသည့် ဖိအားဒဏ်ကို ခံစားနေရပြီး အသက်ပင် ရဲရဲမရှူနိုင်ခဲ့ကြချေ။
သူတို့ရှေ့တွင် ရှိနေသည့်လူသည် ကြောက်မက်ဖွယ်ရာ ကောင်းသည့် စွမ်းအင်အဆင့်ကို ပိုင်ဆိုင်ပြီး လောက အသီးသီးတို့ကို လွှမ်းမိုးနိုင်သူ ဖြစ်ကြောင်း သေချာသိရှိသွားခဲ့၏။
ဝိညာဉ်နတ်ဆိုးတောအုပ်အရှင်သည် အားလုံးသောသူတို့၏ မျက်လုံးများကို စူးစိုက်ကာ ကြည့်ရှုနေ၏။ သို့ပေမဲ့ မည်သူမှသည် ၎င်းနှင့် အကြည့်ချင်း မဆုံရဲကြချေ။
“ခင်ဗျားတို့က ထွက်ခွာသွားဖို့ စိတ်ဆန္ဒမရှိဘူးဆိုမှတော့ ... ဒါဆိုရင်....” ဌာနေအရှင်သည် အေးစက်လွန်းသော လေသံဖြင့် ပြောဆိုနေ၏။ အားလုံးသော သူတို့သည် ဒူးများပင် ခွေလုမတတ် ဖြစ်နေကြ၏။ ဆန်းကြယ်လှပါသည် ဆိုသော မီးတောက်ဘုရင်ပင်လျှင် လက်ရှိအချိန်၌ တိတ်ဆိတ်ငြိမ်သက်စွာ နေ နေ၏။ မထင်မှတ်ထားလောက်အောင်ဘဲ အခြေအနေက ပြောင်းလဲသွားခဲ့ခြင်းပင်။
ဘုန်း
ထိုအချိန်မှာပဲ အသံကြီးတစ်ခု ပေါ်ပေါက်လာခဲ့ပြီး မြေပြင်တစ်ခုလုံး တုန်ခါသွားခဲ့၏။ လှိုင်းများသည် တည်နေရာအနှံ့ဆီသို့ ပျံ့နှံ့သွားခဲ့ပြီး နတ်ဆိုးလောကကြီး တစ်ခုလုံး တဝုန်းဝုန်းနှင့်ပင်။ မဲမှောင်လျက် ရှိနေသည့် နတ်ဆိုးလောကကြီး၏ ကောင်းကင်ယံထက်တွင် လကြီးနှစ်စင်းက ပေါ်ပေါက်လာခဲ့၏။ ကြောက်မက်ဖွယ်ရာ ကောင်းသည့် ဖိအားဒဏ်ကြီး ဖြစ်တည်လာခဲ့လေ၏။
“အင်မော်တယ်ဘုရင်… ဒါ နတ်ဆိုးလောကရဲ့ သတ္တဝါတွေ မဟုတ်ဘူး” ဟောခန်းကြီးအတွင်းမှာတော့ များပြားလှသည့် လူများသည် အသံထွက်ပေါ်လာရာ တည်နေရာဆီသို့ လှမ်းကာ ကြည့်ရှုလိုက်ကြသည်။
သူတို့၏ အကြည့်အဆုံး ..... မိုးကုတ်စက်ဝိုင်း အစွန်း၌ တောက်ပသည့် နေလုံးကြီး တစ်ခုက တည်ရှိနေပြီး ထိုအရာဆီမှ ရောင်စဉ်ရောင်ဝါများ ထွန်းတောက်လျက် ရှိနေ၏။ ထိုနေရာတွင် နတ်ဘုရားအော်ရာများ ထွန်းတောက်လျက် ရှိနေသည့် လူတစ်ယောက်သည် မတ်မတ်ရပ်နေ၏။
ဤကဲ့သို့သော မြင်ကွင်းသည် ရှားရှားပါးပါးပင် ဖြစ်၏။ နှစ်ပေါင်းမည်မျှ ကြာမြင့်ခဲ့သနည်း။ အပြင်လောကတွင် ရှိနေသည့် အင်မော်တယ်ဘုရင်များ သူတို့လောကထဲသို့ ဝင်ရောက်မလာသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်၏။ သူတို့ နတ်ဆိုးလောက၏ အင်မော်တယ်ဘုရင်များကလည်း အပြင်ဘက်သို့ မထွက်ခွာကြချေ။
လက်ရှိအခြေအနေ၌ အခြားသောလောက၏ အင်မော်တယ်ဘုရင်တစ်ယောက်သည် မထင်မှတ်ထားလောက် အောင်ဘဲ ကျူးကျော်လာခဲ့၏။
ဘာကိုဆိုလိုသနည်း။ အသင်္ချေများပြားသည့် လောကအသီးသီးတို့သည် နတ်ဆိုးလောကကို တိုက်ခိုက်ရန်အတွက် အစောကြီးတည်းက စီစဉ်ထားခဲ့လေသည်လား။
လက်ရှိအခြေအနေမှတော့ ဟောခန်းထဲတွင် ရှိနေသည့် အင်မော်တယ်ဘုရင်များ အားလုံးတို့သည် ဝိညာဉ်နတ်ဆိုး တောအုပ်၏ ဌာနေအရှင်ဆီသို့ လှမ်းကာ ကြည့်ရှုလိုက်သည်။
တစ်ဖက်လူ၏ အားအင်အဆင့်ကို အတည်ပြုပြီးပြီ ဖြစ်သောကြောင့် တစ်ဖက်လူ၏ ထိန်းချုပ်မှုအောက်မှ သူတို့ ထွက်ခွာသွားရန် ရည်ရွယ်ချက် မရှိတော့ချေ။ သို့ပေမဲ့ အပြင်လူတစ်ယောက် ဝင်ရောက်လာသည်ကို ဌာနေအရှင် ငြိမ်ငြိမ်သက်သက်နှင့် ကြည့်ရှုနေလေမည်လား။ ထိုသို့ဆိုလျှင် ၎င်းတို့လောကကြီး၏ ဂုဏ်သိက္ခာသည် ကျဆင်းသွားမည် မဟုတ်လား။
“ကျုပ် သူ့ကို ထွက်ပြီး တိုက်ခိုက်ဖို့ လိုအပ်လား ဌာနေအရှင်” တကိုယ်လုံး မီးတောက်များ တောက်လောင်လျက် ရှိနေသည့်လူသည် အသာလှမ်းလျှောက်ထွက်လိုက်၏။
“မီးတောက်ဘုရင်” လူပေါင်းများစွာတို့က မျက်မှောင်ကုတ်လိုက်သည်။
ဤကဲ့သို့သော အခြေအနေမျိုးတွင် အဘယ်ကြောင့် မီးတောက်ဘုရင်သည် လိုလိုချင်ချင်ဖြင့် ပြင်ပမှ ရောက်ရှိလာသူများကို ဖိနှိပ်ရန် စဦးပြောဆို နေရသနည်း။ ပြောရမည်ဆိုလျှင် မီးတောက်ဘုရင်သည် လက်ရှိအခြေအနေ၌ ဝိညာဉ်နတ်ဆိုးတောအုပ်၏ ဌာနေအရှင် ထိန်းချုပ်မှုအောက်သို့ အစစ်အမှန် ရောက်ရှိသွားသည့် အပြုအမူမျိုးကို ထုတ်ဖော်ပြသနေသည် မဟုတ်ပါလား။
“အလျင်မလိုနဲ့”
ဝိညာဉ်နှင့်နတ်ဆိုးတောအုပ်၏ ဌာနေအရှင်သည် လက်နှစ်ဖက်ကို နောက်ပစ်ပြီး လှမ်းကာ ကြည့်ရှုနေ၏။ သူက တီးတိုး ရေရွတ်လိုက်၏။ “အင်မော်တယ် အင်ပါယာ ယွမ်ဟောင်”
“အင်မော်တယ် အင်ပါယာယွမ်ဟောင် ဟုတ်လား” ဟောခန်းထဲတွင် ရှိနေသည့် လူပေါင်းများစွာတို့က ဇဝေဇဝါ ဖြစ်သွားမိသည်။
သူတို့၏ မျက်နှာထက်၌ အထင်အမြင်သေးသည့် အသွင်အပြင်များ ဖြစ်တည်လာခဲ့၏။ ဤလူ၏ ဂုဏ်သတင်းသည် အားလုံးသောသူတို့ သိရှိပြီးသားဖြစ်၏။ နတ်ဆိုးလောကတွင်သာမက အသင်္ချေများပြားသည့် လောက အသီးသီးတွင်တောင်မှ အင်မော်တယ် အင်ပါယာ ယွမ်ဟောင်ကို မသိသူဟူ၍ မရှိချေ။
အကြောင်းအရာ နှစ်ခုအားဖြင့် ၎င်း၏ ဂုဏ်သိက္ခာနှင့် သက်ဆိုင်နေ၏။ ပထမဦးဆုံးအနေနှင့် ၎င်းသည် တကယ့်ကို ခန့်မှန်း၍ မရသော အားအင်အဆင့်ကို ပိုင်ဆိုင်ပြီး အသင်္ချေ များပြားသည့် လောကအသီးသီးတွင် ရှိနေသော သက်ရှိသတ္တဝါများကို ဖိနှိပ်ထားနိုင်စွမ်းရှိ၏။ ၎င်းသည် တကယ့်ကို အားကောင်းလှပါသည်ဆိုသော ကွာစီ အင်မော်တယ် အင်ပါယာ တစ်ယောက်ပင်။
ဒုတိယအားဖြင့် အင်မော်တယ် အင်ပါယာ ယွမ်ဟောင်သည် ၎င်း၏ ပြုမူဆောင်ရွက်ပုံများနှင့်ပတ်သက်၍ ဂုဏ်သတင်း မှေးမှိန်ခဲ့၏။ ပထမတုန်းက နတ်ဘုရားအင်ပါယာဘက်တွင် နေထိုင်ခဲ့သူဖြစ်၏။ ပြီးသည့်နောက် ငရဲလောကဆီသို့ ပူးပေါင်းခဲ့၏။ သို့ပေမဲ့ ငရဲလောကကြီး ပျက်စီးခါနီး အခြေအနေသို့ ရောက်ချိန်မှာတော့ ချက်ချင်းပဲ နတ်ဘုရားအင်ပါယာဘက်သို့ ရောက်ရှိသွားပြန်၏။
လောကကြီး လောကကြီးတိုင်းတွင် အင်မော်တယ် အင်ပါယာ ယွမ်ဟောင်၏ ပြုမူဆောင်ရွက်ပုံသည် ဟာသ လုပ်စရာပင် ဖြစ်ခဲ့သည်။