အခန်း (၇၀၆)
Vol. 48 Ch. 706
“အင်မော်တယ်အင်ပါယာ ယွမ်ဟောင်ရဲ့အော်ရာတွေ ထွက်နေတာကိုး” ဘေးတစ်ဖက်တွင် ရှိနေသည့် မီးတောက်ဘုရင်သည် တစ်ဖက်ကို လှမ်းကာ ကြည့်ရှုနေ၏။
၎င်း၏ ခန္ဓာကိုယ် တစ်ခုလုံးတွင် အဆုံးအစမဲ့သည့် မီးများ တောက်လောင်လျက် ရှိနေပြီး ၎င်းသည် ပြိုင်ဘက်ကင်းသည့် မီးနတ်ဘုရားတစ်ပါး ကဲ့သို့ပင်။ ၎င်းသည် ငရဲလောကကြီး၏ တိုက်ပွဲ၌ ဝင်ရောက်တိုက်ခိုက်ခဲ့ဖူးသူ ဖြစ်သောကြောင့် အင်မော်တယ်အင်ပါယာ ယွမ်ဟောင်၏ နည်းစနစ်များနှင့် ရင်းနှီးလျက် ရှိနေ၏။
လူတော်တော်များများသည် အင်မော်တယ် အင်ပါယာ ယွမ်ဟောင်၏ ပြုမူဆောင်ရွက်ပုံများနှင့် ပတ်သက်၍ အထင်သေးခဲ့ကြသည် ဆိုသော်လည်း ထိုသူ၏ အားအင်အဆင့်မှာတော့ ချီးကျူးစရာ ကောင်း၏။ အားလုံးသော သူတို့သည် ကွာစီအင်မော်တယ် အင်ပါယာအဆင့်သို့ ရောက်ရှိနိုင်စွမ်း မရှိကြသည် မဟုတ်ပါလား။ ကွာစီ အင်မော်တယ် အင်ပါယာအဆင့်ကို ရောက်ရှိဖို့ ဆိုသည်မှာ တကယ့်ကို ခက်ခဲလွန်းလှသည်။
“ကျုပ်သာ မမှားဘူးဆိုရင် အင်မော်တယ် အင်ပါယာ ယွမ်ဟောင်ရဲ့ အင်ပါရီယာနန်းတော်ကို နတ်ဘုရားလောကရဲ့ ကျင့်ကြံသူတွေ လာယူသွားကြပုံပဲ”
ငရဲလောကကို ဝင်ရောက်ပြီးသည့်နောက် အင်မော်တယ် အင်ပါယာ ယွမ်ဟောင်သည် ၎င်း၏ အင်ပါရီယာ နန်းတော်ကြီး တစ်ခုလုံးအား နတ်ဆိုးလောကဆီသို့ ရွှေ့ပြောင်းလာခဲ့၏။ နောက်ပိုင်း ၎င်းသည် ငရဲလောကကို သစ္စာဖောက်၍ သူ၏နန်းတော်ကြီးနှင့်အတူ ထွက်ပြေးခဲ့၏။ အင်မော်တယ်လောကဆီမှ ကွာစီအင်မော်တယ် အင်ပါယာတစ်ယောက်သည် နတ်ဘုရားလောကဆီသို့ ၎င်း၏ တည်နေရာကြီး တစ်ခုလုံးကို ရွေ့ပြောင်းရန် ပြင်ခဲ့၏။
မထင်မှတ်ထားလောက်အောင်ဘဲ အင်မော်တယ် အင်ပါယာ ယွမ်ဟောင်တစ်ယောက် အဝေးသို့ ထွက်ခွာခွင့် မရခင်မှာဘဲ ငရဲလောကအရှင်သည် အဝေးဆီမှ ရုတ်တရက် တိုက်ခိုက်ခဲ့၏။ ထို့ကြောင့် ၎င်း၏ အင်ပါရီယာ နန်းတော်သည် နတ်ဆိုးလောက၌ ကျန်ရစ်ခဲ့ပြီး တခြားသော အမွေအနှစ် အစိတ်အပိုင်း တစ်ချို့မှာတော့ နတ်ဘုရား လောကဆီသို့ ရောက်ရှိသွားခဲ့သည်။
နတ်ဘုရားလောကမှ အားကောင်းသောသူများသည် ထိုအရာကို လိုလိုချင်ချင်နှင့် လက်ခံခဲ့၏။ ကောကဟလများ အရ အင်မော်တယ် အင်ပါယာ ယွမ်ဟောင်၏ ရှေးနည်းစနစ်များသည် နတ်ဘုရားလောက၊ လျှိုကလန်၏ လက်ထဲသို့ ရောက်ရှိသွားခဲ့၏။
“နတ်ဘုရားလောက၊ လျှိုကလန်က လူတွေ တော်တော်ကြီး ရဲတင်းကြတာပဲ။ နတ်ဆိုးလောကကြီးက သူတို့ လာချင်တိုင်းလာ၊ သွားချင်တိုင်း သွားလို့ရတဲ့ နေရာလို့ ထင်နေတာလား” သုံးပေသာသာရှိသည့် သတ္တဝါသည် အေးစက်စက် ပြောဆိုလိုက်သည်။
၎င်း၏ အကြည့်များသည် တကယ့်ကို ကြမ်းတမ်းလွန်းလှ၏။ တစ်ဖက်လူများကို အမုန့်ချေချင်သည့် အရိပ်အယောင်များ ပေါ်ပေါက်နေ၏။ အင်မော်တယ်ဘုရင် တစ်ယောက်၏ ဒေါသတရားသည် အားလုံးသော သူများကို စိတ်လှုပ်ရှားစေခဲ့၏။
“ခဏလောက် စောင့်ကြည့်တာပေါ့”
ဝိညာဉ်နတ်ဆိုးတောအုပ်၏ ဌာနေအရှင်သည် ပေါ့ပေါ့ပါးပါးဖြင့် ပြောလိုက်၏။ ထိုစကား ထွက်ပေါ်လာပြီးနောက် ဟောခန်းကြီးတစ်ခုလုံးက တိတ်ဆိတ်ငြိမ်သက်သွားခဲ့၏။ စောဏတုန်းက အပြင်ဘက်သို့ ထွက်ကာ တိုက်ခိုက်ချင်စိတ် ရှိနေသည့် လူများသည် ၎င်းတို့၏ စိတ်များကို လျော့လိုက်ကြသည်။
…………
တစ်ချိန်တည်းမှာပဲ ခပ်ဝေးဝေးတောင်ထွတ်၊ မိုင်သန်းနှင့်ချီသည့် တည်နေရာတစ်ခုတွင်တော့ လျှိုရွှမ်ချမ်နှင့် သတ္တမဘိုးဘေးကြီးတို့သည် ဘေးချင်းယှဉ်ကာ ရပ်တန့်လျက်ရှိ၏။ ၎င်းတို့သည် လေဟာနယ်ထဲသို့ လှမ်းကာ ကြည့်ရှုပြီးသည့်နောက် မျက်မှောင်ကုတ်ကာဖြင့် လေးနက်တည်ကြည်သည့် အမူအရာများ ပေါ်ပေါက်လာ၏။
အခြေအနေသည် သူတို့ ထင်မှတ်ထားသည်ထက်ပင် ကြောက်မက်ဖွယ်ရာ ကောင်း၏။ နတ်ဆိုးလောကကြီး တစ်ခုလုံး …… အားလုံးသောသူတို့သည် မျက်စိကန်းနေသည်သာ မဟုတ်ပါက ဤပုံမှန်ထက်ပိုကာ ထူးခြားသည့် အခြေအနေတစ်ခုကို မျက်မြင်တွေ့ကြမှာ သေချာ၏။ လက်ရှိအခြေအနေတွင် နတ်ဆိုးလောက၏ အင်မော်တယ် ဘုရင်များသည် ဤနေရာသို့ ရောက်ရှိလာမှာ သေချာသည်။
နတ်ဆိုးလောကကြီးသည် နတ်ဘုရားလောကကြီးထက် အားမနည်းချေ။ သူတို့၏ အထင်အရဆိုလျှင် ပိုမိုကာ အားကောင်းလျှင်ပင် အားကောင်းနေနိုင်၏။ နတ်ဆိုးလောကကြီးသည် များပြားလွန်းသည့် အသင်္ချေလောကကြီး များ၏ တိုက်ခိုက်မှုကို ကြံ့ကြံ့ခံ ရပ်တည်နိုင်ခဲ့ပြီး လက်ရှိအခြေအနေထိတိုင် ငြိမ်ငြိမ်သက်သက်နှင့် တည်ရှိခဲ့၏။
နတ်ဘုရားလောကကြီး အနေနှင့် တခြားအသင်္ချေ များပြားသည့် လောကအသီးသီးတို့၏ ပူးပေါင်းတိုက်ခိုက်မှုကို ခံရသည်ဆိုပါက နတ်ဆိုးလောကကြီးကဲ့သို့ တည်ရှိနေနိုင်တော့မည် မဟုတ်ချေ။ ဤအရာမှာ ကွာခြားချက်ပင်။
လောကအသီးသီးတိုက်ပွဲတွင် နတ်ဘုရားအင်ပါယာနှင့် ငရဲလောကအရှင်တို့သည် ပျောက်ကွယ်သွားခဲ့၏။ တခြားသော ကွာစီအင်မော်တယ် အင်ပါယာများသည်လည်း ပျောက်ကွယ်သွားခဲ့၏။ မည်သို့ပင် ဆိုစေကာမူ တစ်ဖက်လူများသည် ကြောက်မက်ဖွယ်ရာကောင်းသည့် စွမ်းအားမြင့် ကျင့်ကြံသူများ ဖြစ်ကြောင်းတော့ သိရှိနိုင်၏။
“သတ္တမဘိုးဘေး… ချင်းကျီ အချိန် ဘယ်လောက်လောက် ကြာအုံးမယ်ထင်လဲ” လျှိုရွှမ်ချမ်သည် လေဟာနယ်ကို လှမ်းကြည့်ပြီးသည့်နောက် စိုးရိမ်ပူပန်လျက်ရှိသည်။
ဤအတောအတွင်း သူသည် ပုန်းအောင်းလျက် ရှိနေသည့် အန္တိမအဆင့် ကျင့်ကြံသူတော်တော်များများကို မြင်ရ၏။ မကြာခင်တွင် နတ်ဆိုးလောကကြီး၏ အင်မော်တယ်ဘုရင်များ ရောက်ရှိကောင်း ရောက်ရှိလာနိုင်၏။ နတ်ဆိုး လောကကြီး၏ အင်မော်တယ်ဘုရင်များသာ ရောက်ရှိလာသည်ဆိုပါက လျှိုရွှမ်ချမ်သည် သူ့ကိုသူ မေးခွန်း ထုတ်ရပေလိမ့်မည်။ မေးခွန်းဆိုသည်မှာ သူတို့သုံးယောက် နတ်ဆိုးလောကထဲမှ ထွက်ခွာနိုင်မည်လား ဆိုသည်ပင်။
“မကြာခင်ပေါ့” သတ္တမဘိုးဘေးကြီးသည် သေသေချာချာ မပြောနိုင်ချေ။ ဤအခွင့်အရေးသည် အင်မော်တယ် အင်ပါယာ ယွမ်ဟောင်နှင့် ဆက်စပ်နေသည့် အခွင့်အရေးသာ မဟုတ်ပါက သူတို့ နတ်ဆိုးလောကဆီသို့ လာလိမ့်မည် မဟုတ်ချေ။ အခွင့်အရေးကို ရရှိခဲ့သော်လည်း အခြေအနေတစ်ခုလုံးသည် ကြောက်မက်ဖွယ်ရာ ကောင်းလို့နေ၏။
တောက်ပသည့် နေလုံးကြီး ထွက်ပေါ်လာခဲ့ပြီး ရောင်စဉ်များကလည်း ထွန်းလင်းနေ၏။ ထိုအရာသည် နတ်ဆိုးလောက တစ်ခုလုံးဆီသို့ ပျံ့နှံ့သွားခဲ့ပြီ ဖြစ်၏။ အထဲတွင် အင်မော်တယ်ဘုရင်တစ်ယောက်၏ အော်ရာများ ပေါ်ပေါက်နေသည်ကို လူပေါင်းများစွာက သိရှိကြသည်။
နတ်ဘုရားလောကကြီးထဲတွင် ဤကဲ့သို့သော အသွင်အပြင်မျိုးသည် ကောင်းမွန်သည်ဆိုသော်လည်း နတ်ဆိုးလောက ထဲတွင်တော့ ဤအရာသည် သေလမ်းရှာခြင်းပင် ဖြစ်၏။
“အင်း… ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်က ဘာပြောခဲ့တာလဲ” လျှိုရွှမ်ချမ်သည် တစ်စုံတစ်ခုကို စဉ်းစားမိပုံဖြင့် အားတက်သရော မေးမြန်းလိုက်၏။ စီနီယာနန်းဆောင်သခင်သည် အခြေအနေ တစ်ခုလုံးကို ကြိုတင်ကာ သိရှိပြီးဖြစ်၏။ ထို့ကြောင့် သူတို့ကို အရင်ဆုံး သတိပေးမှုများ ပြုလုပ်ထားသင့်သည်။
“ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင် ပြောတာက အံ့အားသင့်စရာတွေ ကြုံရမယ်ဆိုပေမဲ့ ထိခိုက်မှုတော့ မရှိနိုင်ဘူးတဲ့” သတ္တမဘိုးဘေးကြီးသည် ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင် ပြောဆိုခဲ့သည့် စကားလုံးများကို ပြန်လည်ကာ ရေရွတ်လိုက်၏။
ဤစကားစုတွင် နက်နဲသည့် အဓိပ္ပာယ်များ ပါဝင်လျက် ရှိနေသည်ကို သိရှိပြီး ဖြစ်၏။ စီနီယာနန်းဆောင် သခင်သည် မည်သည့်အန္တရာယ်မှမရှိဟု ပြောဆိုခဲ့သည်ဆိုမှတော့ ကျိန်းသေပေါက် အန္တရာယ် မရှိနိုင်ပေ။ ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်နှင့် စတင်တွေ့ဆုံစဉ်တည်းက စီနီယာနန်းဆောင်သခင် ကြိုတင် မမြင်နိုင်သည့် အရာဟူ၍ ဘာတစ်ခုမှ မရှိခဲ့ချေ။
“ဒီလိုဆိုရင်တောင်မှ ဒီနေရာက နတ်ဆိုးလောကကြီးရဲ့ အလယ်ဗဟို တည်နေရာနဲ့ မဝေးဘူးလေ” သတ္တမ ဘိုးဘေးကြီးသည် အဝေးလေဟာနယ်ကို လှမ်းကာကြည့်ရှု၏။
အဝေးရှိ နတ်ဆိုးလောကကြီး၏ အလယ်ဗဟိုကျသော တည်နေရာတွင် ဟောခန်းကြီးတစ်ခု ရှိနေပြီး ထိုနေရာထဲတွင် ဝိညာဉ်နတ်ဆိုးတောအုပ်အရှင် နေထိုင်သည်ကို သူသိရှိသည်။
ထိုလူ၏ အားအင်အဆင့်သည် ခန့်မှန်း၍ မရနိုင်ချေ။ ပြောင်းလဲမှု တစ်ခုခုကို အာရုံခံမိသည်နှင့်တပြိုင်နက် ဤနေရာသို့ ရောက်ရှိလာမှာသေချာ၏။ အရမ်း ဝေးကွာလျက် ရှိနေသည်ဆိုလျှင်တောင်မှ အင်မော်တယ်ဘုရင် များအတွက် ဤအကွာအဝေးသည် ဘာမှ မဟုတ်ချေ။ မျက်စိတမှိတ်အတွင်း ရောက်ရှိလာနိုင်သည့် အကွာအဝေးမျိုးပင်ဖြစ်၏။ တစ်ဖက်လူ၏ အားအင်အဆင့်သည် သူတို့သုံးယောက် ပူးပေါင်းတိုက်ခိုက်မှုထက် ပိုမိုကာ သာလွန်နေမှာတော့ သေချာ၏။