အခန်း (၇၀၈)
Vol. 48 Ch. 708
“ကွာစီအင်မော်တယ် အင်ပါယာ”
ထိုအော်ရာများကို အာရုံခံပြီးသည့်နောက် သတ္တမဘိုးဘေးကြီးသည် ချောက်နက်ထဲသို့ ကျဆင်းသွားသကဲ့သို့ပင် ခံစားနေမိ၏။ သူသည် ခက်ခက်ခဲခဲနှင့်ပင် ထိုစကားစုကို မနည်းဖြစ်ညှစ်ကာ ပြောဆိုလိုက်မိသည်။
ကွာစီအင်မော်တယ် အင်ပါယာ - နှစ်ပေါင်းများစွာအတွင်း ပေါ်ပေါက်မလာသည့် စွမ်းအားမြင့် ကျင့်ကြံသူ ဖြစ်၏။ ငရဲလောကကြီး သုတ်သင်ရှင်းလင်းခံရသည့်အချိန်တွင် ကွာစီအင်မော်တယ် အင်ပါယာများ တည်ရှိခဲ့ကြောင်း အင်မော်တယ်ဘုရင်များက ယုံကြည်၏။ ကွာစီအင်မော်တယ် အင်ပါယာသည် အပြင်ဘက်သို့ ထွက်ပေါ်မလာခဲ့သောကြောင့် ၎င်းတို့တည်ရှိကြောင်းကို အတည်ပြုရန်တော့ ခက်ခဲလွန်းခဲ့၏။
ပါရမီရှင် ကွာစီအင်မော်တယ် အင်ပါယာသည် ရုတ်တရက်ဆိုသလိုပဲ နတ်ဆိုးလောကကြီး၌ ပေါ်ပေါက် လာခဲ့ပြီ ဖြစ်၏။ ထိုအရာသည် အမှန်ပင် တုန်လှုပ်စရာကောင်းပြီး မယုံကြည်နိုင်ဖွယ်ရာပင်။ ထိုကဲ့သို့သောသူကို မြင်ရသည့်အချိန်မှာတော့ ကောင်းကင်နှင့်မြေပြင် တစ်ခုလုံးတွင် ရှိနေသည့် အဆီအနှစ်များ အားလုံး တုန်ခါလျက် ရှိသည်။
လက်ရှိအခြေအနေတွင် သတ္တမဘိုးဘေးကြီး၏ အတိတ်တွင် ဖြစ်ခဲ့သည့် ဇဝေဇဝါ ကိစ္စရပ်များအားလုံးက ရှင်းလင်းလာခဲ့၏။ ဌာနေအရှင်သည် များပြားလွန်းသည့် အသင်္ချေလောကများ၏ ဝိုင်းဝန်းတိုက်ခိုက်မှုကို တစ်ယောက်တည်း ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်ခဲ့ခြင်းမှာ အံ့အားသင့်စရာ မဟုတ်တော့ချေ။
၎င်းသည် ဌာနအရှင် တည်နေရာအား နှစ်ပေါင်းများစွာကြာ မတ်မတ်ရပ် အပိုင်စီးယူထားခြင်းမှာလည်း အံ့အားသင့်စရာ မဟုတ်တော့ပေ။
၎င်း၏ အစစ်အမှန် အားအင်အဆင့်သည် ကျိန်းသေပေါက် ကွာစီအင်မော်တယ် အင်ပါယာ ဖြစ်နေခြင်းပင်။ သူတို့အနေနှင့် ကွာစီအင်မော်တယ် အင်ပါယာ တစ်ယောက်ဖြစ်ရန် အခွင့်အရေးကို ရရှိရန် ကျားကုပ်ကျားခဲ ကြိုးစားလျက် ရှိနေတုန်းမှာပဲ တစ်စုံတစ်ယောက်သည် ကွာစီအင်မော်တယ် အင်ပါယာ ဖြစ်လို့နေ၏။ ဤအရာသည် သူတို့အား ခဏတာမျှ စိတ်ပျက်လက်ပျက် ခံစားရစေ၏။
ကွာစီအင်မော်တယ် အင်ပါယာနှင့် အင်မော်တယ်ဘုရင်ဆိုသည်မှာ လုံးဝကို မတူညီသည့် အဆင့်နှစ်ခုပင် ဖြစ်၏။ ကွာစီအင်မော်တယ် အင်ပါယာသည် အင်မော်တယ်ဘုရင်တစ်ယောက်ကို ဖိနှိပ်သတ်ဖြတ် ချင်သည် ဆိုပါက အတွေးတစ်ချက်နှင့်ပင် လုံလောက်သည်။
သမိုင်းမှတ်တမ်း အဆက်ဆက်တွင် ရှေးခေတ်တည်းက လက်ရှိအချိန်ထိ ကျယ်ပြောလွန်းသည့် အချိန်၏ မြစ်ရေစီးကြောင်းတလျှောက်တွင် ကွာစီအင်မော်တယ် အင်ပါယာတစ်ယောက်ကို အင်မော်တယ်ဘုရင် အဆင့်ဖြင့် စိန်ခေါ်နိုင်သည့်လူဟူ၍ တစ်ဦးမှ ထွက်ပေါ်မလာခဲ့ချေ။ အနိုင်ယူဖို့ ဆိုသည်မှာ ဝေးလာဝေးပင် ဖြစ်၏။
အင်မော်တယ်ဘုရင် တစ်ယောက်သည် ကွာစီအင်မော်တယ် အင်ပါယာ၏ တစ်ချက်လေးသော တိုက်ခိုက်ချက်ကို ခုခံနိုင်သည် ဆိုလျှင်တောင်မှ ဂုဏ်ယူထိုက်စရာ အနေအထားမျိုးဖြစ်သည်။
ဂလု ....။
လျှိုရွှမ်ချမ်သည် တံတွေးကို မြိုချလိုက်၏။ လက်ရှိအခြေအနေတွင် သူ၏ ခြေထောက်များသည်ပင်လျှင် တုန်ယင်လျက်ရှိနေ၏။ သူသည် ကွာစီအင်မော်တယ် အင်ပါယာတစ်ယောက်ကို ပထမဦးဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်၏။ ထို့အပြင် နောက်ဆုံးမြင်ဖူးခြင်းလည်း ဖြစ်ကောင်းဖြစ်သွားနိုင်၏။
နတ်ဆိုးလောကထဲတွင် ရှိနေသည့် အရာပစ္စည်းများကို ကွာစီအင်မော်တယ် အင်ပါယာ၏ နှာခေါင်းအောက်မှ သွားရောက်ကာ လုယူခဲ့ခြင်းဆိုသည်မှာ မဖြစ်သင့်သည့် ကိစ္စရပ်ပင် မဟုတ်ပါလား။ အသက်ရှင် ရပ်တည်ဖို့ ဆိုသည်မှာ မဖြစ်နိုင်သလောက်နီးပါးပင်။
“စီနီယာနန်းဆောင်သခင်ပြောခဲ့တာ အံ့အားသင့်စရာကလွဲရင် ဘာအန္တရာယ်မှ မရှိဘူးဆို” သတ္တမ ဘိုးဘေးကြီးက တီးတိုးရေရွတ်လိုက်၏။
မည်သည့်အန္တရာယ်မှ မရှိဘဲ အံအားသင့်စရာများသာ ရှိသည် ဆိုသည်မှာ ကွာစီအင်မော်တယ် အင်ပါယာဖြစ်နေသည်လား။ ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှချေ၏။ ဤအရာမှာ အံ့အားသင့်စရာ မဟုတ်ချေ။ သောက်ကျိုးနည်း ကိစ္စကြီးပင်။
အင်မော်တယ်ဘုရင် သုံးယောက်တို့သည် အတူပူးပေါင်း တိုက်ခိုက်မည် ဆိုလျှင်တောင် တစ်ဖက်လူကို အနိုင်ရလိမ့်မည် မဟုတ်ချေ။ ကွာစီအင်မော်တယ် အင်ပါယာတစ်ယောက်၏ အားအင်သည် အင်္သေချေ များပြားသည့် လောကအသီးသီးကိုပင် လွှမ်းခြုံကာ အမိန့်ပေးနိုင်စွမ်းရှိနေ၏။ ၎င်း၏ အုပ်ချုပ်မှု အောက်တွင် အင်မော်တယ်ဘုရင် အရေအတွက်များများတို့ တည်ရှိနေမှာလည်း သေချာ၏။
“အင်း... စီနီယာနန်းဆောင်သခင်က မှားယွင်းတွက်ချက်မိတာလား” လျှိုချင်းကျီသည် ဘာတွေ ဖြစ်ခဲ့သည်ကို သေသေချာချာ မသိရှိသော်လည်း ကွာစီအင်မော်တယ် အင်ပါယာ ပေါ်ပေါက်လာသည်ကို မြင်ရသည့် အချိန်မှာတော့ အရာအားလုံးက သိသာရှင်းလင်းသွား၏။ သူတို့သည် ဤတစ်ကြိမ်တွင် သံပြားကို သွားရောက်ကာ ကန်မိခဲ့သည်။ ကွာစီအင်မော်တယ် အင်ပါယာ တစ်ယောက်ကို ရန်ပြုခဲ့ခြင်းသည် ကျိန်းသေပေါက် ဒုက္ခရောက်မည့် ကိစ္စရပ်မျိုးပင်။
“ကျုပ် ဒီလိုမထင်ဘူး” လျှိုရွှမ်ချမ်သည် တီးတိုးရေရွတ်လိုက်၏။ သူ့အနေနှင့် မယုံကြည်ဘဲ မနေနိုင်ချေ။ သို့ပေမဲ့ သူတို့ရှေ့တွင် ရှိနေသည့် အခြေအနေသည် ဤကဲ့သို့ပင် ဖြစ်၏။ လက်ကို လက်ခံ ရပေလိမ့်မည်။
နတ်ဘုရား တွက်ချက်မှုတွင် ကျွမ်းကျင်သူတစ်ယောက်ဖြစ်သော စီနီယာနန်းဆောင်သခင်သည် ဤကဲ့သို့သော အခြေအနေမျိုး၌ အဘယ်ကြောင့် အမှားပြုလုပ်ခဲ့သနည်း။ ကွာစီအင်မော်တယ် အင်ပါယာ တစ်ယောက်နှင့် ရင်ဆိုင်တွေ့ရသည့် အချိန်တွင် မည်သည့် အန္တရာယ်မှမရှိဘဲ အံ့အားသင့်စရာများနှင့် ကျန်ခဲ့မည်ဆိုသည်မှာ မည်သည့်အရာ ဖြစ်မည်နည်း။
“ဟမ့်”
ရှေးဓားကြီးလေးချောင်းသည် တဝုန်းဝုန်းနှင့် တုန်ခါလျက်ရှိနေပြီး ကောင်းကင်ယံအထက်တွင် မားမားမတ်မတ်နှင့် တည်ရှိနေ၏။ သတ်ဖြတ်လိုခြင်း ဆန္ဒများသည် တည်နေရာအနှံ့ကို တိုက်စားလျက် ရှိနေ၏။
ဌာနေအရှင်သည် ဟောခန်းထဲတွင် မတ်မတ်ရပ်လျက်ရှိနေပြီး ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်၏။ ၎င်း၏ ခန္ဓာကိုယ်တွင် လွှမ်းခြုံလျက် ရှိနေသည့် အမဲရောင်မြူများသည် အပြင်ဘက်သို့ ထွက်ခွာလာခဲ့ပြီး နတ်ဆိုးလောကကြီးတစ်ခုလုံးကို မဲနက်လာစေ၏။ ၎င်းသည် ကြောက်မက်ဖွယ်ရာကောင်းသည့် နတ်ဆိုးအရှင်တစ်ပါးကဲ့သို့ပင်။
“နတ်ဆိုးလောကထဲကို ချိုးဖြတ်ဝင်ရောက်လာခဲ့တဲ့ လူတိုင်းက အပြစ်ပေးခံရမယ်” ဌာနေအရှင်သည် ကောင်းကင်ယံထက်ဆီသို့ လှမ်းတက်လာခဲ့၏။ သူ၏ မျက်လုံးနှစ်ခုသည် နေနှင့်လကဲ့သို့ပင် စူးရှ တောက်ပလျက် ရှိနေပြီး ရှိရှိသမျှသော အရာအားလုံးတို့သည် ၎င်းကို လမ်းကိုဖယ်ပေးရသည်။
လက်တစ်ဖက်ကို အသာမြှောက်လိုက်သည့် အချိန်မှာတော့ ရှေးဟောင်းဓားကြီးနှစ်စင်းသည် ကောင်းကင်ထက် ဆီမှ ကျဆင်းလာ၏။ လက်ရှိအခြေအနေတွင် နတ်ဆိုးလောကကြီးထဲရှိ လေဟာနယ်သည် ပိုင်းဖြတ်ခြင်း ခံလိုက်ရသကဲ့သို့ပင်။ တည်နေရာ တစ်ခုလုံးသည်လည်း တုန်ခါလျက် ရှိနေ၏။ ရှေးဓားကြီး လေးစင်းသည်လည်း ကြောက်မက်ဖွယ်ရာကောင်းသည့် နတ်ဘုရားရောင်စဉ်များကို ထုတ်ဖော်ကာဖြင့် သတ္တမဘိုးဘေးကြီးကို ခုတ်ပိုင်းလိုက်၏။
“သတ္တမဘိုးဘေးကြီး” အရှုပ်အထွေးများထဲမှာတော့ လျှိုချင်းကျီသည် သတ္တမဘိုးဘေးကြီးကို လှမ်းကာ ကြည့်ရှု၏။ သူသည် လေးလေးနက်နက်ဖြင့် လှမ်းကာကြည့်ရှုနေခြင်း ဖြစ်သည်။
“ကျုပ်တို့ အခွင့်အရေးကို အရယူရတော့မယ်” သတ္တမဘိုးဘေးကြီးသည် သက်ပြင်းကို အသာချပြီး လေးလေးပင်ပင်ပင် ပြောဆိုလိုက်၏။
သူသည် လက်ကို အသာမြှောက်လိုက်ပြီးသည့်နောက် စိမ်းပြာရောင် နတ်ဘုရားအိုးကြီးကို ထုတ်ယူကာ အပြင်ဘက်သို့ ပစ်လွှတ်လိုက်၏။ ဆန်းကြယ်လွန်းလှသည့် အင်မော်တယ်ဘုရင်တစ်ပါး၏ အော်ရာများ ထွက်ပေါ်လျက်ရှိသော ထိုအိုးကြီး၏နှုတ်ခမ်းပေါက်ဝမှ ရောင်စဉ်အလင်းတန်းများ ထွက်ပေါ်လာ၏။ ထိုအရာများသည် နေနှင့်လ၏ ရောင်စဉ်ရောင်ဝါများအားလုံးတို့ကို လွှမ်းခြုံကာ ကာကွယ်ပေးလိုက်သည်။
ဤအရာသည် ဘာမှန်းမသိသည့် နတ်ဘုရားရွှေတမျိုးဖြင့် ဖန်တီးပြုလုပ်ထားခဲ့သည့် အရာဖြစ်ပြီး ထိုအရာကို ဖန်တီးပြုလုပ်ရန်အတွက် သတ္တမဘိုးဘေးကြီးသည် နှစ်ပေါင်းများစွာ ကြိုးစားခဲ့ရ၏။ ဤအိုးကြီးသည် ငရဲလောက အင်မော်တယ်တစ်ယောက်၏ သွေးအဆီအနှစ်ကို သောက်သုံးခဲ့သည့်အရာဖြစ်ပြီး နတ်ဘုရား စွမ်းအင်များသည် အကန့်အသတ်မဲ့ ပိုင်ဆိုင်၏။ ထိုအိုး၏ နှုတ်ခမ်းပေါက်ဝမှ ထွက်ပေါ်လျက် ရှိနေသည့် ရောင်စဉ်ရောင် ဝါတန်းများသည် တကယ် ကြီးမားသည့် အကာအကွယ်ကြီး တစ်ခုကဲ့သို့ပင်။
“ကာကွယ်ပေးထားအုံး” သတ္တမဘိုးဘေးကြီးက အော်ဟစ်လိုက်၏။
ချက်ချင်းဆိုသလိုပဲ လျှိုချင်းကျီနှင့် လျှိုရွှမ်ချမ်တို့ကလည်း တုံ့ပြန်လိုက်၏။ ၎င်းတို့သုံးယောက်သည် အတူပူးပေါင်းပြီးသည့်နောက် စိမ်းပြာရောင်အိုးကြီးကို စတင်ကာ အသက်သွင်းကြသည်။
ထိုအိုးကြီး၏ နှုတ်ခမ်းပေါက်မှ ထွက်ပေါ်လျက်ရှိနေသည့် ရောင်စဉ်ရောင်ဝါများသည် ကြယ်မြစ်ကြီးကဲ့သို့ပင် ဖြစ်ပေါ်နေပြီး ထိုအရာကြီးသည် အချိန်၏ မြစ်ရေစီးကြောင်းထဲသို့ တောက်လျှောက် စီးဝင်နေသကဲ့သို့ပင်။
လက်ရှိအခြေအနေမှာတော့ အင်မော်တယ်ဘုရင် သုံးယောက်တို့၏ ပူးပေါင်းတိုက်ခိုက်မှု ဖြစ်လာခဲ့သောကြောင့် အခြေအနေသည် တစ်ဆင့်ပိုမို မြင့်မားလာခဲ့၏။ စွမ်းအင်လှိုင်း အားလုံးတို့သည် နတ်ဆိုးလောကကြီး တစ်ခုလုံးကို ဖုံးလွှမ်းလျက် ရှိနေ၏။ ယနေ့တွင် သူတို့သည် ရှိရှိသမျှသော အားအင်အဆင့် ကို ထုတ်ဖော်ကာ ခုခံရပေမည်။
ဘန်း
ကျယ်လောင်သော အသံကြီး ထွက်ပေါ်လာခဲ့ပြီးသည့်နောက် စိမ်းပြာရောင် နတ်ဘုရားအိုးကြီးက တုန်ခါ သွားခဲ့၏။ ရှေးဓားလေးစင်းနှင့် ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်ပြီးသည့်နောက်မှာတော့ လောကကြီး တစ်ခုလုံးသည် တုန်ခါနေ၏။ ဓားအလင်းတန်းများသည် လေဟာနယ်ထဲတွင် ရစ်သိုင်းလျက် ရှိနေပြီး အရှိန်အဟုန်သည် မပျက်စီးသေးချေ။ လူပေါင်းများစွာတို့သည် ကြက်သီးမွှေးညှင်းများထ၍ ဒူးများပင် ခွေယိုင်လုမတတ်ဖြစ်နေ၏။
ဤကဲ့သို့သော အားအင်အဆင့်ကို မည်ကဲ့သို့သောလူမျိုးက ပိုင်ဆိုင်ရသနည်း။ အင်မော်တယ်ဘုရင် သုံးယောက် အတူတူပူးပေါင်းကာ ခုခံသည် ဆိုလျှင်တောင်မှ တစ်ဖက်လူ၏ တိုက်ခိုက်ချက်ကို မခုခံနိုင်ခဲ့ချေ။
ကံကောင်းစွာဖြင့် ဤကဲ့သို့သောလူသည် နတ်ဆိုးလောကမှ ပိုင်ဆိုင်သည့်လူဖြစ်၏။ တခြားသော အသင်္ချေများပြားသည့် လောကအသီးသီးတို့ဆီမှ တစ်စုံတစ်ယောက်သာဆိုပါက သူတို့ နတ်ဆိုးလောကကြီး သည် ယနေ့အချိန်တွင် ကျိန်းသေပေါက် သုတ်သင်ရှင်းလင်းခြင်းကို ခံရပေမည်။