အခန်း (၇၁၁)
Vol. 48 Ch. 711
“နတ်ဆိုးလောကကြီးရဲ့ သတ္တဝါတွေ အနောက်က လိုက်လာသေးလား” သတ္တမဘိုးဘေးကြီးသည် စိတ်ကို တည်ငြိမ်အောင် ထိန်းချုပ်ပြီးသည့်နောက် ဘေးတစ်ဖက်တွင် ရှိနေသည့် လျှိုချင်းကျီနှင့် လျှိုရွှမ်ချမ်ကို လှမ်းကာ ကြည့်ရှုရင်း စိုးရိမ်ပူပန်စွာ မေးမြန်းလိုက်၏။
သူတို့သည် နတ်ဆိုးလောကကြီးအား ခပ်ဝေးဝေး တည်နေရာတွင် ချန်ထားခဲ့သည် ဆိုလျှင်တောင်မှ လုံခြုံသည့် တည်နေရာဆီသို့ မရောက်ရှိသေးသလို ခံစားနေရ၏။ လက်ရှိတည်နေရာသည် ရှုပ်ထွေးလွန်းသည့် လေဟာနယ် တည်နေရာ လမ်းကြောင်းကြီးဖြစ်ပြီး နတ်ဆိုးလောကမှ သတ္တဝါများ လိုက်ပါလာဖို့ဆိုသည်မှာ မဖြစ်နိုင်သည့် အရာမျိုးပင်။
“အဲလိုတော့ မထင်ဘူး” လျှိုရွှမ်ချမ်သည် ခေါင်းကို ခါယမ်းလိုက်သည်။
“အင်း” သူ၏ ဘေးတစ်ဖက်တွင် ရှိနေသော လျှိုချင်းကျီသည် ခဏလောက် စဉ်းစားကာဖြင့် တည်ငြိမ်စွာ တုံ့ပြန်လိုက်၏။
“ကောင်းတယ်” သတ္တမဘိုးဘေးကြီးသည် စိတ်သက်သာရာ ရသလို သက်ပြင်းချလိုက်၏။ ကွာစီအင်မော်တယ် အင်ပါယာ တစ်ယောက်၏ လက်ထဲမှ အသက်ရှင်လျက် လွတ်မြောက်လာခြင်း ဆိုသည်မှာ တကယ့်ကို ကံကောင်းခြင်းပင် ဖြစ်သည်။
ဤခရီးစဉ်မှ သူတို့သည် လုံလောက်သည့် အရာများကိုလည်း ရရှိခဲ့၏။ စီနီယာနန်းဆောင်သခင် ပေးခဲ့သည့် ကျောက်စိမ်းပြားပေါ်တွင် ရှိနေသည့် အချက်အလက်များသည် တကယ်ပင် တိကျခဲ့၏။ ထိုလမ်းညွှန်ချက်နောက် လိုက်ပါခဲ့ပြီးသည့်နောက် အင်မော်တယ် အင်ပါယာ ယွမ်ဟောင် ချန်ထားခဲ့သည့် အမွေအနှစ်များကို သူတို့ ရှာဖွေတွေ့ရှိခဲ့၏။ ထိုအရာသည် လျှိုချင်းကျီကို သိသိသာသာ တိုးတက်စေခဲ့၏။ ၎င်း၏ အားအင်အဆင့်သည် ပိုမိုကာ တိုးတက်သွားခဲ့၏။ လျှိုချင်းကျီ၏ အကူအညီနှင့်ဆိုလျှင် လျှိုကလန်အနေနှင့် ကွာစီအင်မော်တယ် အင်ပါယာ အခွင့်အရေးကို ရရှိရန်အတွက် ဖြစ်နိုင်ဖွယ်ရာနှုန်း ပိုမိုကာ တိုးတက်လာပေလိမ့်မည်။
“သတ္တမဘိုးဘေးကြီး.. ကျုပ် သတိမေ့နေတဲ့ အတောအတွင်း ဘာတွေဖြစ်ခဲ့တာလဲ။ ပြီးတော့ ကျုပ်ရဲ့ အားအင်အဆင့်က ဘာကြောင့် ....” လျှိုချင်းကျီက မေးမြန်းလိုက်၏။ သူသည် စိတ်ထဲတွင် ဇဝေဇဝါ နဝေတိမ်တောင် ဖြစ်မှုများ နိုးထလာကတည်းက ဖြစ်နေခြင်းဖြစ်၏။ ဌာနေအရှင် ရုတ်တရက် ပေါ်ပေါက်လာခဲ့ပြီး တိုက်ခိုက်ခဲ့သောကြောင့် သူ့အနေနှင့် ထုတ်ဖော်မေးမြန်းရန် အခွင့်အရေး မရရှိခဲ့ပေ။ နောက်ဆုံးမှာတော့ ထိုမေးခွန်းကို မေးမြန်းရန် အခွင့်အရေး ရရှိခဲ့ပြီ ဖြစ်၏။
“ဒီကိစ္စက နည်းနည်း ရှုပ်ထွေးတယ်” သတ္တမဘိုးဘေးကြီးသည် အနှစ်ချုပ်ကာဖြင့် ကောင်းကင်လျှို့ဝှက်နန်းဆောင် ထဲသို့ သူတို့ ဝင်ရောက်ခဲ့ခြင်းနှင့် နတ်ဆိုးလောကဆီသို့ သူတို့ ရောက်ရှိလာခဲ့သည့် အကြောင်းကို တစ်ခုချင်းစီ ပြန်လည်ကာ ပြောပြလိုက်၏။ သူတို့သည် အင်မော်တယ် အင်ပါယာ ယွမ်ဟောင်၏ အမွေအနှစ်များကို လာရောက်ကာ ယူခဲ့ခြင်း ဖြစ်ကြောင်းပင်။
“ကျုပ်နားလည်ပြီ” သတ္တမဘိုးဘေးကြီး၏ စကားကို ကြားရပြီးသည့်နောက် လျှိုချင်းကျီ၏ မျက်လုံးထဲတွင် နားလည်မှုများ ပေါ်ပေါက်လာ၏။ ၎င်းသည် ကျေးဇူးတင်တရားများကို ခံစားမိ၏။ သူ့အတွက်ဖြင့် သတ္တမ ဘိုးဘေးကြီး နှင့် တခြားသူများသည် များပြားသည့် အန္တရာယ်များကို ကြုံဆုံခဲ့ရသည်။
ထို့အပြင် နတ်ဆိုးလောကထဲသို့ ဝင်ရောက်ခြင်းဆိုသည်မှာ တော်ရုံသတ္တိနှင့် ပြုလုပ်၍ ရသည့်အရာမျိုး မဟုတ်ချေ။
ယနေ့အချိန်မှာတော့ သူတို့သည် ဌာနေအရှင်နှင့် ရင်ဆိုင်တွေ့ခဲ့ရပြီး ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်အပြင် တခြား တည်ရှိနေသည့် ကွာစီအင်မော်တယ် အင်ပါယာတစ်ယောက်နှင့် ရင်ဆိုင်တွေ့ခဲ့ရ၏။
“ပြောရမယ်ဆိုရင် ဌာနေအရှင်က ကျုပ်တို့ကို ဘာလို့ လွှတ်ပေးလိုက်တာလဲ” လျှိုရွှမ်ချမ်သည် မျက်မှောင်ကုတ် လိုက်မိ၏။ သူ၏ အလိုလို သိစိတ်အရဆိုလျှင် ဤနေရာတွင် ဖုံးကွယ်ထားသည့် အဓိပ္ပာယ်များ ပါဝင်လျက် ရှိနေပေလိမ့်မည်။ အချိန်ကာလတစ်ခုအထိ သူတို့သည် ဌာနေအရှင်၏ ရည်ရွယ်ချက်ကို အဖြေရှာ၍ မရနိုင်ခဲ့ချေ။
“အင်း.. သူ့ဆီမှာ ရေရှည် အစီအမံ တစ်ခုခု ရှိနေလောက်တယ်။ ဒါမှမဟုတ် ဖြစ်နိုင်တာက”
ထိုအချိန်မှာတော့ သတ္တမဘိုးဘေးကြီး၏ အသံက လေးနက်လာခဲ့လေသည်။ သူသည် တီးတိုးပြောဆိုလိုက်သည်။ “သူ... ကျုပ်တို့ လျှိုကလန်ကို ခက်ခက်ခဲခဲ အခြေအနေရောက်အောင် တွန်းအားပေးချင်လို့ပဲနေမယ်”
“သတ္တမဘိုးဘေးကြီး... ဆိုလိုတာက ကျုပ်တို့ လျှို့ကလန်အနေနဲ့ ဘာတစ်ခုမှ ရှင်းပြခွင့် မရဘဲ အားလုံးရဲ့ အထင်မှားခြင်းကို ခံရမှာပေါ့” လျှိုချင်းကျီသည် အရေးအကြောင်း အခြေအနေမျိုးတွင် သိရှိနားလည်သွားခဲ့၏။
ထို့အပြင် ကွာစီအင်မော်တယ် အင်ပါယာတစ်ယောက်၏ လက်ထဲမှ လွတ်မြောက်လာခြင်း ဆိုသည်မှာ အဓိပ္ပာယ် ရှိသည့် အရာမျိုး မဟုတ်ချေ။ လျှိုကလန်တွင် ရှိနေသည့် ဘုရင်သုံးပါးလုံး ပူးပေါင်းတိုက်ခိုက်မည် ဆိုလျှင်တောင်မှ ကျိန်းသေပေါက် လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ချေ။ သို့ပေမဲ့ သူတို့သည် လွတ်မြောက်လာခဲ့သည်။
ဤသတင်းအချက်အလက်သည်သာ အပြင်ဘက်သို့ ပေါက်ကြားသွားသည်ဆိုပါက ကွာစီအင်မော်တယ် အင်ပါယာ တစ်ယောက် သူတို့၏ အသက်ကို ချမ်းသာပေးလိုက်ခြင်း ဆိုသည်မှာ တခြားသော အဓိပ္ပာယ်များ ပါဝင်နေမည် ဖြစ်ကြောင်း အားလုံးက တွေးတောကြပေလိမ့်မည်။ ထို့အပြင် နတ်ဆိုးလောကကြီးနှင့် နတ်ဘုရားလောက ကြားထဲတွင် ကြီးမားသည့် ရန်ငြှိုးများကလည်း တည်ရှိခဲ့၏။ သူတို့သည် ပြဿနာတက်လေပြီ။
“အင်း.. ဒီဖြစ်နိုင်ချေကို ဖယ်ရှားလို့ မဖြစ်ဘူး” သတ္တမဘိုးဘေးကြီးက ခေါင်းညိတ်လိုက်၏။
“ဒါဆို ကျုပ်တို့ ဘာလုပ်ကြမလဲ။ နတ်ဘုရားလောကကို ပြန်သင့်လား” လျှိုချင်းကျီက စုံစမ်းလိုက်သည်။
“မလိုသေးဘူး။ ကျုပ်တို့ အခု ကောင်းကင်မူလလောကကြီးကို ပြန်မယ်။ နတ်ဘုရားလောကကြီးကို ပြန်တယ်ဆိုတာ ကျုပ်တို့အတွက် ဒုက္ခပိုများလိမ့်မယ်” သတ္တမဘိုးဘေးကြီးက စဉ်းစားလိုက်၏။ သူသည် အခြေအနေကို ကောင်းကောင်းနားလည်၏။ အဆိုးဆုံး နတ်ဘုရားလောကထဲတွင် ရှိနေသည့် စွမ်းအားမြင့် ကျင့်ကြံသူပေါင်း များစွာတို့သည် သူတို့ကို လိုက်လံကာ တိုက်ခိုက်နိုင်၏။
ငရဲလောကထဲသို့ သူတို့ ဝင်ရောက်ခြင်း၊ မဝင်ရောက်ခြင်း ထိုအရာများသည် လက်ရှိအခြေအနေ၌ အရေးမကြီးတော့ချေ။ တခြားသောသူများ၏ ထင်မြင်ချက်ကသာလျှင် အရေးကြီးလာသည်။ တခြားတစ်ဖက်တွင် ရှိနေသည့် ကောင်းကင်မူလလောကကြီးမှာတော့ ရှုပ်ထွေးမှုများကြားရှိ အလယ်ဗဟို၌ တည်ရှိနေသည့် အရာတစ်ခုဖြစ်သော်လည်း ထိုနေရာဆီသို့ သွားခြင်းသည် အကောင်းမွန်ဆုံးသော ရွေးချယ်မှု တစ်ခုပင် ဖြစ်သည်။
အရေးအကြောင်း အခြေအနေမျိုးတွင် သူတို့သည် တော်ဝင်သဲကန္တာရမြို့ထဲသို့ ဝင်ရောက်ကာ ခိုလှုံခွင့်ကို တောင်းခံနိုင်၏။ ကွာစီအင်မော်တယ် အင်ပါယာတစ်ယောက်ဖြစ်သော စီနီယာနန်းဆောင်သခင် တည်ရှိနေသည် ဆိုပါက မည်သူမှသည် သူတို့ကို အလျင်စလိုနှင့် အဆင်ခြင်မဲ့ ပြုလုပ်ရဲလိမ့်မည် မဟုတ်ချေ။
“ဒါပေမဲ့ လျှိုကလန်ရဲ့ တခြားလူတွေကကော” လျှိုရွှမ်ချမ်က တွန့်ဆုတ်သွားမိ၏။
“စိတ်မပူနဲ့။ ကျုပ်တို့ လျှိုကလန်က အဲလောက်ကြီး အားမနည်းဘူး။ ကျုပ်တို့သုံးယောက်သာ ဒီမှာရှိနေတယ်ဆိုရင် တခြား အင်မော်တယ်ဘုရင်တွေကလည်း အဲကို ပြန်လာကြမှာပဲလေ။ ဒါဆိုရင် နတ်ဘုရားလောကမှာ ရှိနေတဲ့ စွမ်းအားမြင့် ကျင့်ကြံသူတွေက လျှိုကလန်ကိုတော့ ထိခိုက်အောင် ပြုလုပ်ရဲမှာ မဟုတ်ဘူး”
ယနေ့ နတ်ဆိုးလောကထဲတွင် ဖြစ်နေသည့် အဖြစ်အပျက်များသည် အပြင်လောကဆီသို့ ပေါက်ကြားသွားသည် ဆိုလျှင်တောင်မှ လုံလောက်သည့် သက်သေပြချက် မရှိချေ။ ထို့ကြောင့် နတ်ဘုရားလောကတွင် ရှိနေသည့် လူများသည် အလျင်စလိုဖြင့် လျှိုကလန်ကို သွားရောက်ကာ တိုက်ခိုက်လိမ့်မည် မဟုတ်ချေ။ တခြားသူများ၏ ပြောစကားကို အခြေခံ၍ လျှိုကလန်ကို တိုက်ခိုက်ဖို့ ဆိုသည်မှာ ဖြစ်နိုင်သည့် အရာမျိုး မဟုတ်ပေ။
နတ်ဆိုးလောက၏ ရည်ရွယ်ချက်က ဘာဖြစ်သနည်း။ နတ်ဘုရားလောကတွင် ရှိနေသည့် စွမ်းအားမြင့် ကျင့်ကြံသူများကို အသုံးပြု၍ လျှိုကလန်ကို သုတ်သင်ရှင်းလင်းစေချင်ခြင်းလား။ ရှိရှိသမျှ အပြစ်အားလုံးတို့ကို သူတို့လျှိုကလန်၏ ခေါင်းပေါ်သို့ တင်ရန် ကြံစည်ခဲ့လေခြင်းလား။
“ချင်းကျီ... ချင်းဟုန်နဲ့ ဒုတိယဘိုးဘေးတို့ကို မြန်မြန်သတင်းပို့လိုက်။ နတ်ဆိုးလောကရဲ့ အနီးအနားကို မြန်မြန် လာခဲ့ကြဖို့။ ပြီးတော့ ကွာစီအင်မော်တယ် အင်ပါယာ အခွင့်အရေးနားမှာ အစီအရင် တစ်ခုကို မြန်မြန်ချထား။ ဒီအတောအတွင်း ငါတို့သုံးယောက် ကောင်းကင်မူလလောကကြီးကို သွားပြီးတော့ အခြေအနေကို သွားပြီး စုံစမ်းကြမယ်” သတ္တမဘိုးဘေးကြီးက မြန်မြန်ဆန်ဆန် ဆိုသလိုပဲ ညွှန်ကြားလိုက်၏။
လျှိုကလန်ထဲတွင် ဘုရင်သုံးပါးတို့သည် တူညီသည့် ဂုဏ်သိက္ခာကို ပိုင်ဆိုင်ကြ၏။ အပြင်လူများအတွက် ၎င်းတို့၏ အားအင်အဆင့်သည် သိသိသာသာ ကွာခြားနေခြင်း မဟုတ်ချေ။ သို့ပေမဲ့ လျှိုချင်းဟုန်နှင့် ဒုတိယဘိုးဘေးကြီး တို့မှာတော့ ခြားနား၏။
တစ်ယောက်သည် သတ္တမဘိုးဘေးထက်ပင် ပိုမိုကာ အတွေ့အကြုံများသည့် ကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး ငရဲလောက၏ ကြီးမားသည့် တိုက်ပွဲကြီး ကြားထဲတွင် အသက်ရှင်ရပ်တည် ကျန်ခဲ့သည့်လူဖြစ်၏။ တိုက်ပွဲကြီး အတွင်းတွင် လျှိုကလန်၏ ဘုရင်ခုနှစ်ပါးထဲမှ လေးပါး သေဆုံးသွားခဲ့သော်လည်း ၎င်းသည် အနည်းငယ်သော ဒဏ်ရာများကိုသာ ရရှိခဲ့၏။ သတ္တမဘိုးဘေးကြီး၊ ဒုတိယဘိုးဘေးကြီးတို့သည် အသက်ရှင် ကျန်ရစ်ခဲ့ပြီး ဒုတိယဘိုးဘေးကြီး၏ အားအင်အဆင့်သည့် ခန့်မှန်း၍ မရနိုင်သည့် အခြေအနေဆီသို့ပင် ရောက်ရှိနေသည်။
လျှိုချင်းဟုန် - ၎င်းသည် လျှိုကလန်၏ ပါရမီရှင်တစ်ယောက်ဖြစ်ပြီး ကွာစီအင်မော်တယ် အင်ပါယာအဆင့်ကို ချိုးဖြတ်နိုင်စွမ်း ရှိသည့် စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက်ဟု အားလုံးက သတ်မှတ်ထားခဲ့ကြ၏။ ၎င်းတို့ နှစ်ယောက်သည်သာ ပူးပေါင်းရောက်ရှိလာမည်ဆိုပါက ကျိန်းသေပေါက် အားကောင်းသည့် အခြေအနေတစ်ခုကို ဖန်တီးထားနိုင်၏။
ထို့အပြင် ကွာစီအင်မော်တယ် အင်ပါယာ၏ အမွေအနှစ် တည်နေရာသည် နတ်ဆိုးလောကကြီး၏ အနောက်ဘက်ခြမ်းတွင် တည်ရှိသည်ဟု ပြောဆိုခဲ့၏။ နတ်ဆိုးလောကမှ လူများသည် အနည်းငယ် စုံစမ်းမည် ဆိုပါက ကျိန်းသေပေါက် ကွာစီအင်မော်တယ် အင်ပါယာ၏ အခွင့်အရေးအကြောင်းကို သိရှိမှာဖြစ်၏။ ထိုသို့ဆိုလျှင် ထိုအရာကို ရရှိရန် ကြိုးစားကြမည် မဟုတ်ပါလား။
“ဒီကိစ္စကို ချက်ချင်း လုပ်လိုက်ပါ့မယ်” လျှိုချင်းကျီသည် ခေါင်းညိတ်ပြီးသည့်နောက် ကျောက်စိမ်းပြားတစ်ခုက သူ၏ လက်ထဲ ပေါ်ပေါက်လာ၏။ ချက်ချင်းဆိုသလိုပဲ အသံပို့လွှတ်လိုက်သည်။
သတ္တမဘိုးဘေးကြီးသည် လျှိုရွှမ်ချမ်ဘက်သို့ လှည့်ကြည့်ကာ ပြောလိုက်၏။ “ကျုပ်တို့ လျှိုကလန်ရဲ့ သတင်းက တောမီးလိုပဲ တည်နေရာအနှံ့ကို ပျံ့နှံနေတယ်။ အခု အခြေအနေ ဘယ်လိုရှိလဲ”
ထိုအရာကို ကြားသည့်အချိန်မှာတော့ လျှိုရွှမ်ချမ်သည် ချက်ချင်းပဲ ကျောက်စိမ်းပြားကို ထုတ်ယူပြီး ပါဝင်သည့် အကြောင်းအရာများကို လှမ်းကာ ကြည့်ရှုလိုက်သည်။ “ထင်ထားတဲ့ အတိုင်းပဲ နတ်ဘုရားလောကနဲ့ အင်မော်တယ် လောကတစ်ခုလုံးကို ပျံ့နှံ့နှင့်နေပြီ။ အင်မော်တယ်ဘုရင် တော်တော်များများက လောကကို ဖြတ်သန်းပြီး နက်နဲမီးတောက်လောကကြီးဆီကို လာဖို့လမ်း ရှာနေကြတယ်။ အဲထဲမှာ လွင့်မျောမြို့က လူတွေနဲ့ အင်မော်တယ်ရှေးလမ်းစဉ်က လူတွေလည်း ပါတယ်တဲ့”