လေဟုန်ခွင်းလက်ဝါး
Vol. 7 Ch. 605
ပိုင်ရှောင်ချန်း၏ အသံက ပဲ့တင်ထပ်သွားလေရာ ဘိုးဘွားပိုင်နယ်မြေထဲရှိ အရာအားလုံး တုန်လှုပ်သွားတော့သည်။ ကောင်းကင်ယံတွင် ကောင်းကင်ဘုံ၏ အမျက်ဒေါသကို ကိုယ်စားပြုဟန်တူသော ဧရာမလေပွေကြီးတစ်ခု ဖြစ်ပေါ်လာလေသည်။
ဘိုးဘေးတောင်သည် အပြင်းအထန် တုန်ခါလာရာ ကျောက်တုံးကျောက်ခဲများ၊ အပျက်အစီးများ နေရာအနှံ့ တဝုန်းဝုန်းပြိုကျလာတော့သည်။ တောင်ပေါ်တွင် ရပ်နေဆဲဖြစ်သော မျိုးနွယ်စုဝင်များမှာမူ အလွန်တရာ တုန်လှုပ်သွားကြသဖြင့် ဖြောင့်ဖြောင့်ပင် မတွေးနိုင်တော့ဘဲ ဖြစ်ပေါ်နေသော အဖြစ်အပျက်ကြီးကို ပါးစပ်များအဟောင်းသားဖြင့်သာ ကြည့်နေနိုင်တော့သည်။
ဤသည်မှာ ညီအစ်ကိုများ တစ်ယောက်နှင့်တစ်ယောက် သတ်သော ဖြစ်ရပ်တစ်ခုဖြစ်လေသည်။
တစ်ယောက်က ပိုင်မျိုးနွယ်စု၏ ချီလင်သားဖြစ်ပြီး အခြားတစ်ယောက်က မျိုးမစစ်သားဖြစ်သည်။ တစ်ယောက်သည် ထွန်းလင်းတောက်ပနေသာ နေတစ်စင်းဖြစ်ခဲ့စဥ် အခြားတစ်ယောက်က အသုံးမကျသူတစ်ယောက်သာ ဖြစ်ခဲ့သည်။
သို့သော် ယခုတွင် အရာအားလုံး ကပြောင်းကပြန်ဖြစ်ကုန်လေပြီ။ ချီလင်သားက အသုံးမကျသူတစ်ယောက်ဖြစ်နေပြီး မျိုးမစစ်သားသည် ထွန်းလင်းတောက်ပနေသော သူရိန်နေမင်းကြီးဖြစ်သွား၏။
ပိုင်ရှောင်ချန်းသည် အလွန်တရာ အရပ်မမြင့်သော်လည်း ပိုင်ချီ၏ရှေ့ ရပ်နေစဥ်တွင် သူက ခရမ်းရောင်ကောင်းကင်ကြီးကိုပင် ပိတ်ကွယ်ကာ အပေါ်ရှိ ကြက်သွေးရောင် နေလုံးကြီးကို မည်းမှောင်သွားစေတော့မည့်ပုံပင်။
လူတစ်ယောက်က ကောင်းကင်ကို ကျော်လွန်၍ နေမင်းကို ဖုံးကွယ်ထားသော မြင်ကွင်းသည် ဝိုင်းဝန်းကြည့်နေကြသောမျိုးနွယ်စုဝင်များကို ပို၍အံ့သြတုန်လှုပ်သွားစေသော ပုံရိပ်ကြီးတစ်ခု ဖန်တီးနေတော့သည်။ တိုက်ရိုက်သွေးမျိုးဆက်နှင့် သွေးနှောမျိုးဆက် အဖွဲ့ဝင်များမှာ အလွန်တရာအံ့သြတုန်လှုပ်သွားကြသဖြင့် အသက်ရှုရန်ပင် မေ့နေကြပြီး အသိစိတ်များ လွတ်သွားတော့သည်။
ပိုင်လဲ့၏ ဦးခေါင်းခွံမှာ ပေါက်ကွဲတော့မည့်အလား အလွန်တရာကျိန်းစပ်နေပြီး မမလေးငါး၏ မျက်လုံးများမှာမူ အံ့အားသင့်မှုများဖြင့် ငေးကြောင်ကြောင် ဖြစ်နေတော့သည်။ ယခုပိုင်ရှောင်ချန်းလုပ်နေသော ဖြစ်ရပ်မှာ သူတို့၏ ကျန်ရှိသောဘဝတစ်လျှောက်လုံး မေ့နိုင်မည်မဟုတ်သော အရာတစ်ခုဖြစ်တော့သည်။ နှစ်များစွာ မည်မျှကုန်လွန်သွားစေကာမူ ဤအမှတ်တရကို ခေါင်းထဲမှ ဖျောက်ပစ်နိုင်မည် မဟုတ်ပေ။
" သိပ်လွန်မလာနဲ့ ပိုင်ဟောက် "
ပိုင်ချီ၏မျက်လုံးထဲရှိ စိတ်ပျက်အားငယ်မှုများမှာ မဖော်ပြနိုင်သော အတိုင်းအတာတစ်ခုထိပင် ရောက်နေပြီး သူသည် မလှုပ်ရှားနိုင်အောင် ဖြစ်နေဟန်တူသည်။ သူက ပြန်လည်တိုက်ခိုက်ချင်သော်လည်း ပိုင်ရှောင်ချန်းထံမှ သူ့အပေါ်သက်ရောက်နေသော ဖိအားကြောင့် တိုက်ခိုက်၍မရပေ။ ကြီးမားပြင်းထန်လှသော အင်အားကြီး လေပြင်းမုန်တိုင်းကြီးတစ်ခုကို ရင်ဆိုင်နေရသည့်အလား ဖြစ်နေကာ သူ့ကို လုံးဝစွမ်းအားကင်းမဲ့သွားစေသည်။
သူသည် အမြုတေအဆင့်၏ မဟာစက်ဝန်းတွင် ဖြစ်သည်က အရေးမကြီးတော့။ ပိုင်မျိုးနွယ်စု၏ ချီလင်သားဖြစ်သည်ကလည်း အရေးမပါတော့။ ပိုင်ရှောင်ချန်းရှေ့တွင် ရပ်နေရသည်မှာ ငရဲတံခါးဝများရှေ့တွင် ကြောက်ကြောက်လန့်လန့်ရပ်နေရသည့် အလားပင်။
ပိုင်ချီက နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်ရင်း စူးစူးဝါးဝါးအော်လိုက်သည်။
" မင်းငါ့ကို သတ်ရင် ပိုင်မျိုးနွယ်စုက မင်းကို မတွေ့မချင်း လိုက်သတ်မှာနော်။ မင်း သူတို့လက်က လွတ်မှာမဟုတ်ဘူး။ မြေရိုင်းဒေသဘယ်လောက်ကျယ်ကျယ် မင်း ဘယ်တော့မှ ထွက်ပြေးနိုင်မှာ မဟုတ်ဘူး "
ထိတ်လန့်ချောက်ခြားခြင်းများက ပိုင်ချီ၏စိတ်ဝိညာဥ်ကို ကြီးစိုးထားပြီး သူသည် ရူးသွပ်လုမတတ်ဖြစ်နေကာ အော်ဟစ်လိုက်တော့သည်။
'' ပိုင်ဟောက်ရာ အလျင်မလိုပါနဲ့ ။ ငါတို့ စကားပြောလို့ရတယ်လေ။ ငါ.....ငါက မင်းအစ်ကိုကြီးလေကွာ"
" ဘယ်သူက ဂရုစိုက်လို့လဲ "
ပိုင်ရှောင်ချန်း၏ အသံသည် အမြင့်ဆုံးကောင်းကင်ဘုံမှ လာသော မိုးခြိမ်းသံကြီးအလား ပဲ့တင်ထပ်သွားတော့သည်။ ထို့နောက် သူက ညာလက်ဖြင့် လက်လှမ်းလိုက်ရာ ထိုလှုပ်ရှားမှုလေးတစ်ခုပင် ခရမ်းရောင်ကောင်းကင်ကြီးနှင့် အနီရောင်နေလုံးကြီးကို ရှုံ့တွသွားစေပြီး သူ၏ စွမ်းအားသည် တဟုန်ထိုး မြင့်တက်လာကာ ယခင် ပြင်းအားထက် တစ်ရှိန်ထိုး သာလွန်သွားတော့သည်။
ဝုန်းးးး
အားပြင်းလှသော စွမ်းအားကြီး ဖြစ်တည်လာသဖြင့် သူ့ပတ်လည်ရှိ မြေပြင်များသည် အလွန်ပြင်းထန်စွာ တုန်ခါလာတော့သည်။ ဘိုးဘွားပိုင်နယ်မြေတစ်ခုလုံး ပျက်စီးပြိုကျတော့မည့်အလားဖြစ်နေသည်။
တောင်ပေါ်ရှိ လူတိုင်းမှာ နားအူသွားကြပြီး မျက်လုံးများ ဗလာကျင်းသွားတော့သည်။ ထိုလက်ကြီး၏ သက်ရောက်မှုမခံရသော မည်သည့်စိတ်ဝိညာဥ်၊ မည်သည့်စိတ်အစဥ်ဟူ၍ မရှိချေ။
သူတို့သည်သာလျှင် ထိုသို့ ခံစားလိုက်ရသူများ မဟုတ်ပေ။ ကျောက်တံခါး၏ အပြင်ဘက်ရှိ မျိုးနွယ်စုဝင်များအားလုံး အံ့အားသင့်သွားကြပြီး သခင်မချိုင်သည် ဒေါသတကြီး အော်ဟစ်နေတော့သည်။
" နင့်လက်ဖယ်လိုက်စမ်း ပိုင်ဟောက်"
မျိုးနွယ်စုအကြီးအကဲများမှာ တုန်လှုပ်ခြင်းများဖြင့် ချာချာလည်မူးသွားကြပြီး ပိုင်ဟောက်၏ လက်က ဖြူဆုတ်နေသော မျက်နှာဖြင့် သွေးပျက်စွာ အော်ဟစ်နေသော ပိုင်ချီထံလှမ်းလိုက်သော မြင်ကွင်းကြောင့် သူတို့၏ အရှိန်အဝါများ မတည်မငြိမ်ဖြစ်သွားကြတော့သည်။
မျိုးနွယ်စုရှိ အခြားလူအပေါင်းသလည်း အလားတူ တုန်လှုပ်သွားကြ၏။ မျက်လုံးများအားလုံး ၊ နတ်ဘုရားအာရုံစီးကြောင်းများအားလုံးသည် မျက်နှာပြင်နှင့် ပိုင်ရှောင်ချန်းပေါ်တွင်သာ အာရုံစိုက်ထားကြသည်။
"အဲဒါ တကယ် ပိုင်ဟောက်လား"
"ဒီလက်ဝါးက...ဒ....ဒါ...."
" ပိုင်ဟောက်.... သစ္စာဖောက်ဖြစ်တော့မယ်"
မျိုးနွယ်စုခေါင်းဆောင်မှာ ဂယောင်ခြောက်ခြားဖြစ်နေပြီး ဒေါသများ ဆူပွက်နေကာ ကျောက်တံခါးကြီးနှင့် မန္တန်အစီအရင်ကို အားပြင်းစွာ ထုနှက်လိုက်၏။ သူ၏ သား အသတ်ခံရတော့မည်ကို မည်သို့မျှမလုပ်နိုင်ဘဲ ကြည့်နေရသောကြောင့် သူ၏ မျက်လုံးထောင့်မှ သွေးမျက်ရည်များ စီးကျလာတော့သည်။
" မင်းကို အရှင်လတ်လတ် အရေခွံစုတ်ပစ်မယ် ပိုင်ဟောက်"
သူက အော်လိုက်သည်။ ထိုအခိုက်အတန့်တွင် သူသည် မျိုးနွယ်စုခေါင်းဆောင် မဟုတ်တော့ဘဲ ဖခင်တစ်ယောက်ဖြစ်နေသည်။
သို့သော် ထိုအရာအားလုံးအပြင် သူသည် ပိုင်ချီ၏ ဖခင်တင်မဟုတ်ဘဲ....ပိုင်ဟောက်၏ ဖခင်လည်း ဖြစ်ကြောင်း မမေ့နိုင်ပေ။
ပိုင်မျိုးနွယ်စုတစ်ခုလုံး အုန်းအုန်းကြွက်ကြွက် အံ့သြတုန်လှုပ်နေကြစဥ် မျိုးနွယ်စု၏ အောက်ခြေရှိ သင်္ချိုင်းဂူများထဲရှိ လျှို့ဝှက်အခန်းတစ်ခန်းတွင်လည်း တစ်စုံတစ်ခု ဖြစ်ပေါ်နေ၏။ ထို လျှို့ဝှက်အခန်းထဲတွင် လက်ကောက်ဝတ်မျှ လုံးပတ်ကြီးသော ဖယောင်းတိုင်ကြီး ခုနစ်တိုင်သည် စက်ဝိုင်းသဏ္ဍာန်တည်ရှိနေပြီး အစိမ်းရောင်မီးတောက်များဖြင့် တောက်လောင်နေသည်။
စက်ဝိုင်းသဏ္ဍာန် ဖယောင်းတိုင်ကြီးများ၏ အလယ်တွင် ပါးရေနားရေများတွန့်နေသော အဘိုးအိုတစ်ယောက်သည် တင်ပျဥ်ခွေလျက် တရားထိုင်နေ၏။ သူသည် အရိုးပေါ်အရေတင်ဖြစ်နေပြီး ခေါင်းမှာလည်း ဆံပင် မရှိသလောက်ဖြစ်နေရာ သင်္ချိုင်းထဲမှ ယခုလေးတင် တွားသွားထွက်လာသည့်အလား ထင်မှတ်ရသည်။
ရုတ်တရက် အဘိုးအို၏ မျက်လုံးများ ပွင့်သွားပြီး နေနှင့်လ၏ အလင်းသဖွယ် တောက်ပလာ၏။ ၄င်းသည် အလွန်ဖိနှိပ်လွှမ်းမိုးနိုင်သောအလင်းဖြစ်လေရာ ကြည့်လိုက်သည့်လူတိုင်း ထိုအဘိုးကြီး၏ မျက်လုံးများကလွဲ၍ အရာအားလုံးကို ချက်ချင်း မေ့သွားမည်ဖြစ်သည်။
အဘိုးအိုက တဖြည်းဖြည်းမော့လာပြီး သူ၏ အမြင်အာရုံသည် ကမ္ဘာမြေကြီးကို ဖောက်ထွင်း၍ နောက်ဆုံးတွင် ကျောက်တံခါး၏ မျက်နှာပြင်ပေါ်ရှိ ပိုင်ချီနှင့် ပိုင်ရှောင်ချန်းကို မြင်လိုက်ရလေသည်။
အဘိုးအိုက ပိုင်ချီကို အရေးပင်မစိုက်ပေ။ ထိုအစား သူ၏ မျက်လုံးများသည် ပိုင်ရှောင်ချန်းအပေါ်တွင်သာ အာရုံစိုက်နေ၏....
ကျောက်တုံးကို အရိုးဖြင့် ပွတ်တိုက်နေသည့်အလား အသံဖြင့် သူက ရွေရွတ်လိုက်သည်။
" ဒီလို ငုပ်လျှိုးနေတဲ့ပါရမီ၊ ဒီအရှိန်အဝါအရ ဒီကလေးက ပိုင်ချီထက် ငါလူပြန်ဝင်စားဖို့ ပိုသင့်တော်တယ် "
ထိုအချိန်တွင် ဘိုးဘွားပိုင်နယ်မြေထဲ၌ ပိုင်ရှောင်ချန်း၏ တဟုန်းဟုန်း တောက်လောင်နေသော စွမ်းအားများသည် ကောင်းကင်နှင့်မြေပြင်ခွင် ပြည့်နှက်နေကာ သူသည် အများ အာရုံစိုက်ရာဖြစ်နေတော့သည်။
သူ၏ လက်သည် အပြင်ပန်းအရ သိပ်မကြီးသော်လည်း ၄င်းသည် သက်ရှိသက်မဲ့အရာအားလုံးအား ဖယ်ရှားပစ်နိုင်ပုံရလေသည်။ ၄င်းမှာ အလွန်သန်မာလှသောကြောင့် နေနှင့်လကိုပင် ဖျက်စီး၍ ဘိုးဘေးတောင်ကို စုတ်ဖြဲကာ ကုန်းမြေကို တစစီလုပ်ပစ်နိုင်လေသည်။
ပိုင်ချီသည် မြင့်တက်လာနေသော လက်ကြီးကို ကြည့်နေစဥ် ခရမ်းရောင်ကောင်းကင်ကြီး ပျောက်ကွယ်ပြီး ကြက်သွေးရောင်နေလုံးကြီး ပျက်စီးတော့လုနီးပါးဖြစ်နေတော့သည်။ ပိုင်ချီအတွက် ပိုင်ရှောင်ချန်း၏ လက်သည် ကောင်းကင်ဘုံ၏ အလိုဆန္ဒဖြစ်လာပြီး ဘိုးဘေးမြေတွင် တည်ရှိသည့် တစ်ခုတည်းသောအရာဖြစ်လာတော့သည်။ ပိုင်ချီအတွက် ထိုလက်သည် သေမင်းကို ကိုယ်စားပြုခြင်း ဖြစ်လာတော့သည်။
သူ၏ မျက်လုံးများသည် ပေါက်ထွက်တော့မတတ်ဖြစ်နေပြီး သူ၏ သွေးများသည် သွေးကြောများသို့ပင် စီးဆင်းနိုင်သည့်ပုံမပေါ်တော့ပေ။
" မျိုးနွယ်စုကို ဆန့်ကျင်ပြီး သစ္စာဖောက်လုပ်တော့မယ်လို့ မပြောစမ်းပါနဲ့ ပိုင်ဟောက် "
အပြင်ဘက်တွင် သူ၏ အဖေနှင့် အမေသည် အထဲသို့ ချိုးဖောက်၍ သူ့ကို လာကယ်ရန် မည်သည့်အရာမဆိုလုပ်နေကြောင်း သူသိသည်။
တောင်ပေါ်ရှိ မျိုးနွယ်စုဝင်ရာပေါင်းများစွာ သူ့ကို ကြည့်နေကြကြောင်းလည်း သူသိသည်။
သို့သော် ထိုတစ်ခုမှ အရေးမပါပေ။ ကောင်းကင်သို့မဟုတ် မြေကြီးရှိ မည်သည့်အရာကမှ သူ့ကို မကယ်နိုင်တော့ကြောင်း သဘောပေါက်လိုက်သောအခါ သူ့ရင်ထဲတွင် ကြောက်ရွံထိတ်လန့်ခြင်းများ ပြည့်နှက်လာတော့သည်။
သစ္စာဖောက်ဖြစ်မည်ဟု ပိုင်ချီပြောသည်ကို ကြားသည်နှင့် လေထုကိုပင် တုန်ခါသွားစေသည့် ပိုင်ရှောင်ချန်း၏အသံကို ကြားလိုက်ရလေသည်။
" သစ္စာဖောက်ဖြစ်တော့ ဘာဖြစ်လဲ "
ထိုစကားလုံးများ ထွက်ပေါ်လာစဥ် ပိုင်ချီ၏ အာရုံများသည် တစ်ခုတည်းသော အရာပေါ်တွင် စုဆုံသွား၏။ ဘိုးဘွားပိုင်နယ်မြေထဲရှိ အလင်း၊ စွမ်းအားနှင့် အခြားအရာများအားလုံးပျောက်ကွယ်သွားပြီး တစ်ကမ္ဘာလုံးတွင် လက်ဝါးတစ်ခုသာ ရှိသည့်အလား ဖြစ်သွားတော့သည်။
ထို့နောက်…. ထိုလက်ဝါးကြီး နိမ့်ဆင်းလာလေပြီ။
" မဟုတ်ဘူး "
ပိုင်ချီက ဆောက်တည်ရာမရ အော်ဟစ်လိုက်တော့သည်။ သူ မသေချင်သေးပေ။ ပိုင်ဟောက်၏ လက်ဖြင့် သေချာပေါက်မသေချင်ပေ။ သူ၏ မျက်လုံးများသည် ရဲရဲနီနေပြီး ဆံပင်များ ရှုပ်ပွနေကာ သူ့စိတ်ကို စိတ်ဆိုးဒေါသများက ဖမ်းဆုပ်ထား၏။ တစ်ချက်ကလေးပင် တုံ့ဆိုင်းမနေဘဲ သူက ရှိသမျှစွမ်းအားအကုန်သုံးကာ ကျင့်ကြံခြင်းအခြေခံစွမ်းအားကို ဆင့်ခေါ်လိုက်ပြီး လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက်ဖော်လိုက်ရာ သူ့ကိုယ်ထဲမှ ဝိညာဥ်စွမ်းအားများ ထွက်ပေါ်လာ၏။
ထို့နောက် သူက လက်နှစ်ဖက်လုံးကို လှုပ်ရှားကာ ပိုင်ရှောင်ချန်းကို ပြန်တိုက်လိုက်လေသည်။
သို့သော် ထိုသို့ ခုခံခြင်းသည် စစ်ရထားကို ရပ်ရန်ကြိုးစားနေသည့် ပုရွက်ဆိတ်လေးတစ်ကောင်ပမာ ဖြစ်နေတော့သည်။ သူ့အပေါ်နိမ့်ဆင်းကျလာသည် လက်ဝါးကြီးတွင် ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ စွမ်းအားအကုန်ဖြင့် ထောက်ပံ့ပေးထားလေရာ မြက်ခြောက်များကို နင်းခြေသည့်အလား ၄င်း၏လမ်းကြောင်းပေါ်ရှိ မည်သည့်အရာကိုမဆို ဖွတ်ဖွတ်ညက်ညက်ကြေအောင် နင်းခြေပစ်နိုင်စွမ်းရှိလေသည်။
လက်ဝါးကြီးသည် အခုအခံအကာအကွယ်အားလုံကို ဖျက်စီး၍ ပိုင်ချီ၏ခေါင်းပေါ် ကျဆင်းသွားလေသည်။ အက်ကွဲသံများပေါ်ထွက်သွားပြီး ထိုလက်ဝါးအားကို မည်သို့မျှ မခုခံနိုင်သဖြင့် သူ၏ခန္ဓာကိုယ် ပြိုလဲသွားလေတော့သည်။