← Chapters

မျိုးနွယ်စုဝင်အားလုံး၏ရှေ့တွင် မီးတောက်ဖန်တီးခြင်း

Vol. 7 Ch. 607

မျိုးနွယ်စုဝင်အားလုံး၏ရှေ့တွင် မီးတောက်ဖန်တီးခြင်း

Vol. 7 Ch. 607

" နတ်ဝိညာဥ်တော့ ရပြီကွ "

ပိုင်ရှောင်ချန်းမှာ စိတ်လှုပ်ရှားမှုများကို ထိန်း၍ပင်မရတော့ချေ။ သူ့တွင် ကောင်းကင်တာအို ယင်ယန်ဝိညာဥ်အဆင့်ဟူသော လမ်းတစ်လမ်းသာ လျှောက်ရန်ကျန်တော့သဖြင့် ထိုလမ်းကိုမလျှောက်ပါက သူ၏ ထာဝရအသက်ရှင်လိုသည်ဟူသော တာအိုမှာ ပျက်ပြားသွားရမည် မဟုတ်ပါလော။

သို့သော် ယခုတွင်မူ သူ့ထံတွင် နတ်ဝိညာဥ်လေးခု ရှိနေပြီဖြစ်သည်။ သတ္တုအမျိုးအစား နတ်ဝိညာဥ်တစ်ခုကို ထပ်ရှာရန်သာ လိုတော့သည်ဖြစ်ပြီး ရှာတွေ့ပါက ဓာတ်ကြီးငါးပါး စုံလင်သွားမည်ဖြစ်သည်။ ထိုဝိညာဥ်များကိုသုံး၍ ရွှေအမြုတေအဆင့်မှ ဖောက်ထွက်ကာ ယခုအချိန်အထိ ကောင်းကင်တံတားကျွန်းပေါ်တွင်နေထိုင်သည့် ကောင်းကင်ဧကရာဇ်ဆိုသူသာ အောင်မြင်စွာ ဖန်တီးနိုင်ခဲ့သည့် ကောင်းကင်တာအို ယင်ယန်ဝိညာဥ်တစ်ခုကို သူကဖန်တီးနိုင်မည်ဖြစ်သည်။

" ကောင်းကင်တာအို အခြေခိုင်မာခြင်းအဆင့်နဲ့ ကောင်းကင်တာအိုရွှေအမြုတေအဆင့်တွေကို ရောက်ခဲ့လို့ ငါ့ရဲ့သက်တမ်းက တော်တော်များများ ရှည်နေလောက်ပြီ။ ကောင်းကင်တာအို ယင်ယန်ဝိညာဥ်အဆင့်ကို ရောက်ဖို့က တော်တော်ကြီးကိုခက်ခဲတာဆိုတော့ ငါ့ရဲ့တိုးလာမဲ့သက်တမ်းကလည်း ကောင်းကင်က ကောင်းချီးပေးထားတဲ့အတိုင်း ဖြစ်သွားလောက်တယ် "

သူက မြေအမျိုးအစား နတ်ဝိညာဥ်ကို ရယူပြီးသွားသောအခါ သူ၏ သလင်းကျောက်သဏ္ဍာန်ရှိသော ဝိညာဥ်သိုလှောင်စေတီတော်ထဲသို့ ပစ်ထည့်လိုက်သည်။

" သူက နတ်ဝိညာဥ်ကို ယူသွားပြီဟေ့ "

" ပိုင်ဟောက်လိုချင်နေတာက နတ်ဝိညာဥ်ပါလား "

" သူ့ကိုယ်သူ ဘာတွေလုပ်နေမှန်းရော သိရဲ့လား။ သူက ပိုင်ချီကိုသတ်၊ သူ့ရဲ့အသွေးအသားတွေကိုသုံး၊ အချုပ်အနှောင်မန္တန်ကိုဖွင့်ပြီး နတ်ဝိညာဥ်ကို ယူခဲ့တာလေ။ အဲဒီလိုတွေ လုပ်ပြီးတာတောင် အဲဒီနတ်ဝိညာဥ်ကို နတ်သားရဲဝိညာဥ်ငါးခုပါတဲ့ တစ်စုံနဲ့လဲလို့ရမယ် ထင်နေသေးတာလား "

ဘိုးဘွားပိုင်နယ်မြေ အပြင်ဘက်ရှိ မျိုးနွယ်စုဝင်များမှာ အဖြေရှာမရဖြစ်နေကြသည်။ ပိုင်ဟောက်နေရာမှာ သူတို့ဆိုလျှင် မည်သို့ဆက်လုပ်မည်နည်းဟု သူတို့ကတွေးနေကြသည်။ ပိုင်ချီကိုသတ်လိုက်သဖြင့် သူသည် မျိုးနွယ်စု၏ သစ္စာဖောက်ဟု သတ်မှတ်ခံလိုက်ရပြီဖြစ်သောကြောင့် နတ်ဝိညာဥ်ကို ရယူပြီးသည့်တိုင်အောင် မျိုးနွယ်စုတစ်ခုလုံး၏ အမျက်ဒေါသကို ရင်ဆိုင်ရဦးမည်သာဖြစ်သည်။

" ဒီကောင် ရူးသွားပြီပဲ။ မျိုးနွယ်စုကို သစ္စာဖောက်ရုံတင်မကဘူး ငါတို့ရဲ့ နတ်ဝိညာဥ်ကိုပါ ခိုးယူဖို့ ကြိုးစားနေတာ "

မျိုးနွယ်စုအကြီးအကဲများ၏ မျက်နှာများပေါ်တွင် အေးစက်သောအမူအရာအများ ပေါ်ထွက်နေကြပါသော်လည်း သွေးနှောမျိုးဆက်မှ အဖွဲ့ဝင်အချို့၏ မျက်လုံးများမှာ အရောင်တောက်နေကြသည်။

" အဲဒီလိုလည်း ပြောလို့မရဘူးကွ။ ပိုင်ဟောက်က ပိုင်ချီကို ကိုယ်ရေးကိုယ်တာကိစ္စအချို့ကြောင့် သတ်လိုက်တာမှန်ပေမဲ့ နတ်ဝိညာဥ်ကတော့ ဦးတဲ့သူရမှာပဲလေ "

" ဟုတ်တယ်ကွ။ ပိုင်ဟောက်သာ ဘိုးဘွားပိုင်နယ်မြေထဲက ထွက်လာပြီး အဲဒီနတ်ဝိညာဥ်ကို နတ်သားရဲဝိညာဥ်ငါးခုနဲ့ လဲလှယ်ပေးဖို့ တောင်းဆိုမယ်ဆိုရင် သူ့ဆီမှာ သစ္စာဖောက်လိုတဲ့စိတ် မရှိဘူးလို့ ဆိုလို့ရတယ်။ "

မျိုးနွယ်စုဝင်များအားလုံးမှာ အတွေးများကိုယ်စီနဲ့ ဖြစ်နေကြတော့သည်။ သို့သော် သခင်မချိုင်၏ အော်ဟစ်သံများကမူ ပို၍ကျယ်လောင်ပြင်းထန်လာပြီး သူ၏အဆိပ်ပြင်းသောအမျက်ဒေါသများမှာ တဖြည်းဖြည်းကြီးထွားလာသည်။

ထို့အပြင် ပင်မသွေးမျိုးဆက်မှ အဖွဲ့ဝင်များမှာလည်း ဒေါသတကြီး အော်ဟစ်နေကြပြီဖြစ်သည်။

" သူ သေကိုသေရမယ်။ သူငါ့ရဲ့ ချီအာကိုသတ်တာ။ သူသေကိုသေရမယ် "

" မင်းမှာဘယ်လို ဆင်ခြေတွေရှိရှိ ငါဂရုမစိုက်ဘူး ပိုင်ဟောက်။ မင်း သေကိုသေမှရမယ်။ ဘိုးဘွားပိုင်နယ်မြေထဲမှာ တစ်စုံတစ်ယောက်ကို သတ်ခဲ့အတွက် သူက သစ္စာဖောက်ပဲ "

မျိုးနွယ်စုဝင်များက ထိုသို့ဆူပူနေကြစဥ် မျိုးနွယ်စုခေါင်းဆောင်က ရုတ်တရက် ကျောက်ဂိတ်တံခါးကြီးကို ရိုက်နှက်နေခြင်းအား ရပ်တန့်လိုက်သည်။ ထို့နောက် နောက်ဘက်သို့ ချာကနဲလှည့်ကာ ရက်စက်ကြမ်းကြုတ်ဖွယ်အကြည့်ကြီးဖြင့် ဘေးဘီဝဲယာကိုကြည့်လိုက်ပြီး သတ်ဖြတ်လိုစိတ်များပြည့်နှက်နေသည့်အမူအရာနှင့် မိုးခြိမ်းသံကြီးအလား အော်ဟစ်လိုက်ရာ အခြားအသံများအားလုံး တိတ်ဆိတ်သွားရတော့သည်။

" မျိုးနွယ်စုခေါင်းဆောင် တစ်ယောက်အနေနဲ့ အခုဒီနေရာကနေပဲ ပိုင်ဟောက်က သစ္စာဖောက်တစ်ယောက်ဖြစ်တယ်လို့ ကြေငြာလိုက်ပြီ။ သူ့ရဲ့ ခန္ဓာကိုယ်ရော ဝိညာဥ်ပါမကျန် ဇီဝိန်ချုပ်မှရမယ်။ သူ့ခြေရာလိုက်နင်းမဲ့ ကောင်တွေအတွက် သတိပေးစာတစ်ခုအနေနဲ့ သူ့ရဲ့နာမည်ကို မျိုးနွယ်စုစာရင်းထဲကထုတ်မယ်ဟေ့ "

သူ၏စကားသံများမှ ရေခဲတမျှအေးစက်နေမှုကိုကြည့်၍ သူသည် သူ၏ရာထူးအာဏာကို ပေါ်ပေါ်ထင်ထင် အသုံးချကာ ပိုင်ဟောက်ကို သစ္စာဖောက်တစ်ယောက်အဖြစ် ကြေငြာလိုက်သည်ဖြစ်ကြောင်း သိနိုင်သည်။

ထိုစဥ် မျိုးနွယ်စု၏ သင်္ချိုင်းဂူထဲရှိ လျှို့ဝှက်အခန်းတစ်ခန်းထဲတွင် အဘိုးကြီးတစ်ယောက်မှာ အစိမ်းရောင်မီးတောက်များတောက်နေသည့် ဖယောင်းတိုင်များဖြင့် ဝိုင်းထားသည့်စက်ဝိုင်းထဲတွင် ထိုင်နေသည်။ သူသည် ထူးဆန်းစွာ တောက်ပနေသည့် မျက်ဝန်းများဖြင့် မျိုးနွယ်စုထဲတွင် ဖြစ်ပျက်နေသည့် ရှုတ်ထွေးမှုများနှင့် အော်ဟစ်သံများကို လျစ်လျှူရှုထားသည်။

သူသည် ဖန်သားပြင်ပေါ်ရှိ ပိုင်ရှောင်ချန်းကို မျက်စိမခွာတမ်းကြည့်နေရင်း သူ၏မျက်ဝန်းများမှာ စိတ်လှုပ်ရှားမှုများ၊လိုချင်တပ်မက်မှုများဖြင့် တဖြည်းဖြည်း တောက်ပလာတော့သည်။

" သူက ငါနောက်ထပ် လူဝင်စားနိုင်ဖို့အတွက် အပြီးပြည့်စုံဆုံး ရွေးချယ်မှုပဲ "

သူမတ်တတ်ထရပ်ရန် ပြင်လိုက်သောအခါ ခေါင်းဆောင်ကြီး၏ အရေခွံများ ရွံ့တွနေသည့် ရင်ဘတ်မှာ မြင့်ချည်နိမ့်ချည် လှုပ်ရှားကာ လှိုက်ဖိုလာတော့သည်။ သို့သော် သူ၏ပတ်ပတ်လည်ရှိ ဖယောင်းတိုင်ခုနစ်တိုင်ကို ကြည့်လိုက်ပြီးနောက် သူက ပြန်ထိုင်လိုက်လေသည်။

ထိုစဥ် ဘိုးဘွားပိုင်နယ်မြေထဲတွင် ပိုင်ရှောင်ချန်းမှာ နတ်ဝိညာဥ်ကို သိမ်းဆည်းလိုက်ပြီး သူ၏စိတ်လှုပ်ရှားမှုများကို ချုပ်တည်းလိုက်သည်။ ထို့နောက် သူ၏ ကောင်းကင်တံတားဓမမ္မမျက်လုံးကို အနည်းငယ်မျှဖွင့်လိုက်ပြီး အပြင်ဘက်မှနေ၍ ဘိုးဘွားပိုင်နယ်မြေကိုဖွင့်နေခြင်းမှာ မည်မျှ ပြီးစီးသွားပြီဖြစ်ကြောင်းကို စစ်ဆေးလိုက်သည်။

" အမွှေးတိုင်တစ်ဝက်လောင်ကျွမ်းစာ အချိန်လောက်ရသေးတယ်။ အဲဒါပြီးရင်တော့ သူတို့က ဒီနေရာကိုဖွင့်ပြီးသွားတော့မှာပဲ "

သူက စိုးရိမ်ကာစိတ်လှုပ်ရှားနေသော်လည်း အသက်ပြင်းပြင်းရှူကာ စိတ်ကိုတည်ငြိမ်အောင်ပြန်ထိန်းလိုက်ပြီး သူ၏လက်ကိုဝှေ့ယမ်းကာ ထည့်စရာအိတ်တစ်လုံးကို ထုတ်ယူလိုက်သည်။

၎င်းမှာ ပိုင်ချီ၏ အိတ်ဖြစ်သည်။ သူသေဆုံးသွားပြီးနောက် သူ၏ကိုယ်ပိုင်အမှတ်အသား ပျောက်ကွယ်သွားခဲ့သည်ဖြစ်ပြီး အိတ်မှာ ပိုင်ရှင်မဲ့ဖြစ်သွားသည်။ ပိုင်ရှောင်ချန်းသည် ထိုအိတ်ထဲသို့ နတ်ဘုရားအာရုံများကို လျင်မြန်စွာစေလွှတ်ပြီး မွှေနှောက်ရှာဖွေလိုက်သောအခါ သူ၏မျက်လုံးများမှာ အရောင်တောက်လာတော့သည်။

ထိုထည့်စရာအိတ်ထဲတွင် ပိုင်ဟောက်၏တဲထဲရှိကြမ်းပြင်ပေါ်တွင် သူရေးခဲ့ကာ နောက်ပိုင်းတွင် အဖျက်ခံလိုက်ရသည့် စမ်းသပ်မှုနှင့်ပတ်သတ်သော မှတ်စုများ အားလုံး ပြီးပြည့်စုံစွာ ရေးထားသည့် အရိုးပေလွှာတစ်ခု ရှိသည်။

" ဆယ့်ငါးရောင်ခြယ်မီးတောက်အတွက် ဖော်စပ်နည်းရယ်။ ပိုင်ဟောက်ရဲ့ နိမိတ်ဖတ်ခြင်းအတတ်ရယ်ပဲ "

ပိုင်ရှောင်ချန်းက ကျေနပ်အားရသွားပြီး အသက်ပင်မှန်မှန် မရှူနိုင်တော့ချေ။ ယခုသူရရှိလိုက်သည့် ဤအချက်အလက်များ၏ တန်ဖိုးမှာ သူယခုလေးတင်ရရှိလိုက်သည့် နတ်ဝိညာဥ်ထက် မနည်းပေ။ ဆယ့်ငါးရောင်ခြယ်မီးတောက်၏ဖော်စပ်နည်းမှာ အရန်မျှသာဖြစ်သည်။ အရေးအကြီးဆုံးမှာ မီးတောက်ဖန်တီးခြင်းနှင့် ပတ်သတ်သည့် အသိပညာများစွာ ပါဝင်နေသည့် ပိုင်ဟောက်၏ နိမိတ်ဖတ်ခြင်း အတတ်ပင်ဖြစ်သည်။

ထို နိမိတ်ဖတ်ခြင်းအတတ်နှင့်ဆိုလျှင် ပိုင်ရှောင်ချန်းမှာ မီးတောက်များ၏ အဓိပ္ပါယ်ကို ပို၍နက်နဲစွာ သိနားလည်နိုင်မည်ဖြစ်သည်။ ထို့အပြင် ကောင်းကင်တံတားဒေသထဲတွင် ဆေးပညာနှင့် ပတ်သတ်သည့်ဗဟုသုတများကို ရရှိတိုင်း ဆေးဖော်စပ်ရာတွင် လက်တွေ့အသုံးချခဲ့သလို ယခုတွင်လည်း သူ၏ မီးတောက်ဖန်တီးခြင်းနှင့်ပတ်သတ်သည့် ကျွမ်းကျင်မှုများကိုလည်း တမဟုတ်ခြင်းတိုးတက်အောင် အသုံးချနိုင်မည်ဖြစ်သည်။

ပိုင်ရှောင်ချန်းက ထိုအရိုးပေလွှာကို သိမ်းဆည်းလိုက်ပြီး ပြတ်သားမှုများ တောက်ပနေသည့် မျက်ဝန်းများဖြင့် ဘေးဘီဝဲယာကို အကဲခတ်လိုက်သည်။ ယခုတွင်မူ ပိုင်မျိုးနွယ်စုထဲတွင် သူမျှော်မှန်းထားသည့် ကိစ္စများအားလုံးနီးပါးကို အောင်မြင်စွာ လုပ်ဆောင်ပြီးသွားပြီဖြစ်သည်။ အခြားကိစ္စ အနည်းငယ်ကျန်နေသေးပါသော်လည်း ယခုသူကြုံတွေ့နေရသည့် ကာလံဒေသံအရ လုပ်၍ရမည်မဟုတ်ပေ။

" အခုလောလောဆယ် အရေးကြီးဆုံးက ဒီနေရာကနေ ဘေးမသီရန်မခ ထွက်သွားဖို့ပဲ "

ပိုင်ရှောင်ချန်းမှာ ပုံမှန်အတိုင်းပင် သူ၏သနားစရာအသက်ကလေးအား အန္တရာယ်ထဲသို့ ကျရောက်မည်ကို လုံးဝမလိုလားပေ။ ထိုသို့ အန္တရာယ် မရှိကြောင်း သေချာသွားသည့်အခါတွင်လည်း သူ၏အသက်ကို ဘေးကင်းလုံခြုံစွာ ထားရန်ကြိုးပမ်းဦးမည် ဖြစ်သည်။

ဤအချိန်တွင် သူသည် ထာဝရပြုစားခြင်းပညာရပ်ကို သုံးကာ ဘိုးဘွားပိုင်နယ်မြေ၏ နယ်နိမိတ်များကို အလွယ်တကူ ကျော်လွှားသွားနိုင်သည်။ ကံကောင်းလျှင် မျိုးနွယ်စု၏ မဟာမန္တန်အစီအရင်ကိုပင် ကျော်ဖြတ်၍ ရနိုင်မည်ဖြစ်သည်။ သို့သော် သူက ဘေးကင်းနေပြီဟု မခံစားရသေးပေ။ လူသတ်ဝိညာဥ်ဆူးချွန်များကိုပါ နေရာတကျ ထားရှိထားသည်ဖြစ်ပါသော်လည်း သူက ပို၍ ယုံကြည်ရသည့် အကြံတစ်ခုကို လိုချင်နေသေးသည်။

" ငါ့မှာ အသက်က တစ်ချောင်းပဲပါတာ။ နည်းနည်းလေးမှားယွင်းသွားခဲ့ရင်ဖြစ်ဖြစ် ယုံကြည်မှုလေး တစ်ချက်လောက် လွန်ကဲသွားရင်ဖြစ်ဖြစ် ဘေးအန္တရာယ်နဲ့ ကြုံရနိုင်တယ် "

ထိုသို့ ဆင်ခြင်သုံးသပ်လိုက်ရင်း သူက မျက်တောင်တဖျတ်ဖျတ်ခတ်ကာ အံကိုကြိတ်နေတော့သည်။

" ငါ့ရဲ့ သနားစရာ အသက်ကလေးနဲ့ ပတ်သတ်လာရင် ပိုပိုလိုလို ပြင်ဆင်ထားတာ အကောင်းဆုံးပဲ။ ဒီဘိုးဘွားပိုင်နယ်မြေထဲက ထွက်တဲ့အချိန်မှာ ပိုင်မျိုးနွယ်စုကြီးကို ကမောက်ကမဖြစ်အောင် လုပ်ခဲ့ဖို့လိုတယ်။ နတ်အဆင့်ခေါင်းဆောင်ကြီးကိုပါ ခြေချုပ်မိနေအောင် လုပ်မှရမယ်။ အဲဒါဆို ပိုဘေးကင်းနိုင်တယ် "

ထိုသို့တွေးလိုက်ပြီးနောက် သူ၏မျက်ဝန်းများမှာ အရောင်တောက်လာတော့သည်။

" ငါထွက်သွားတဲ့အချိန်မှာ ပိုင်မျိုးနွယ်စုပေါ်ကို မီးမိုးတွေရွာကျအောင်လုပ်ခဲ့မယ်ဆိုရင် သူတို့အားလုံး ယောက်ယတ်ခတ်နေမှာ သေချာတယ်။ နတ်အဆင့်ခေါင်းဆောင်ကြီးတောင် သူ့ရဲ့ မျိုးနွယ်စုကို ကာကွယ်ရင်း အလုပ်ရှုပ်နေရမှာ "

ဤအကြံအစည်အတိုင်းလုပ်ပါက သူ၏ အံ့သြဖွယ်ကောင်းသော အစွမ်းအစကြီးကို တစ်မျိုးနွယ်စုလုံးမြင်ရန် ပြသနိုင်တော့မည်ဆိုသည့် အတွေးဖြင့် သူ၏စိတ်နှလုံးမှာ လှုပ်ရှားလာတော့သည်။

သိုသိုသိပ်သိပ်နေခဲ့ပြီးမှ ကြွားဝါနိုင်တော့မည်ဆိုသည့် ခံစားချက်ကြီးကြောင့် သူ၏ စိတ်လှုပ်ရှားမှုများမှာ ထပ်မံတိုးပွားလာရတော့သည်။

" ပြီးတော့ ပိုင်မျိုးနွယ်စုကို မုန်းတီးနေတဲ့လူတွေက ငါ့ကို စိတ်ဝင်စားသွားကြမှာပဲ "

ထိုသို့တွေးကာ သူကရယ်မောရင်း လေပေါ်သို့ ပျံတက်သွားတော့သည်။

သူလေပေါ်သို့ ပျံတက်သွားသည့်မြင်ကွင်းကြီးကြောင့် တောင်ပေါ်ရှိ မျိုးနွယ်စုဝင်များ၏ နှလုံးသားမှာ ကြောက်ကြောက်လန့်လန့်နှင့် တုန်ရီသွားကြတော့သည်။ အပြင်ဘက်ရှိ မျိုးနွယ်စုဝင်များအားလုံးသည်လည်း သူတို့နည်းတူ သေသေချာချာ ကြည့်ရှုနေကြသည်။

ယခုအခါ ပိုင်ရှောင်ချန်းမှာ အလွန်အမင်း ရင်ခုန်နေပြီဖြစ်သည်။ တစ်ဘဝလုံးသူ အိပ်မက်မက်ခဲ့ရသည့် လူအများ၏ အာရုံကိုဖမ်းစားလိုသော အိပ်မက်မှာ အဏ္ဏဝါခေါ်သံဂိုဏ်းတွင် အထမမြောက်ခဲ့သော်လည်း မြေရိုင်းဒေသတွင်မူ အမှန်တကယ်ဖြစ်ပေါ်လာပြီဖြစ်သည်။

သူက သူ့ကိုယ်သူ အလွန်အမင်း ဂုဏ်ယူနေသည့်အမူအရာဖြင့် လက်ကိုဝှေ့ယမ်းလိုက်သောအခါ အမုန်းဝိညာဥ်များစွာမှာ သူ၏ ဝိညာဥ်သိုလှောင်စေတီတော်ထဲမှ ပျံထွက်လာကြတော့သည်။

မျိုးနွယ်စုဝင် အားလုံးမှာ တအံ့တသြကြည့်နေကြစဥ် သူက သူ၏လက်ကို ဖမ်းဆုပ်သည့် အမူအရာလုပ်လိုက်သည်။

ချက်ချင်းပင် သူ၏လက်မှာ အနက်ရောင်ကျဥ်းကြီးတစ်ကျဥ်းအလား ဖြစ်သွားပြီး ဝိညာဥ်များအားလုံးကို သူ၏လက်ဖဝါးထဲသို့ ပျံဝဲလာစေတော့သည်။ သူက လက်သီးဆုပ်လိုက်ပြီး ဖြည်းညင်းစွာပြန်ဖွင့်လိုက်သောအခါ တစ်ရောင်ခြယ်မီးတောက်တစ်ခု ပေါ်ထွက်လာသည်။

ဘိုးဘေးတောင်ပေါ်တွင်သာမက အပြင်ဘက်ရှိလူများအားလုံး၏ မျက်လုံးများမှာ အံ့သြမှုကြောင့် ပြူးကျယ်သွားရတော့သည်။

" သူက မီးတောက်ဖန်တီးနေတာပါလား "

" မြန်ဆန် ချောမွေ့လှပါလား။ တစ်ရောင်ခြယ်မီးတောက်တစ်ခုပဲဆိုပေမဲ့ ချက်ချင်းကြီးပေါ်ထွက်လာတာ "

မျိုးနွယ်စုအကြီးအကဲများမှာ မျက်လုံးပြူးသွားရပြန်သည်။ တရားစီရင်ရေးခန်းမမှ မဟာအကြီးအကဲကြီးမှာ ရင်တုန်နေတော့သည်။ သူသည် မီးတောက်ဖန်တီးရာတွင်လည်း ကျွမ်းကျင်သည်ဖြစ်ရာ ပိုင်ရှောင်ချန်း အလွယ်တကူ မီးတောက်ဖန်တီးလိုက်ပုံကိုကြည့်၍ ချင်ချင်းပင် ဗဟုသုတအသစ်များ ရရှိသွားတော့သည်။

ပိုင်ရှောင်ချန်းမှာ ထိုမျှနှင့်် ရပ်မသွားပေ။ လူအားလုံးမှာ တအံ့တသြကြည့်နေကြစဥ် သူက တစ်ရောင်ခြယ်မီးတောက်ကို ဖယ်ရှားလိုက်ပြီး မီးတောက်ထဲသို့ ဝိညာဥ်များထပ်ထည့်လိုက်ပြီး သူ၏လက်ကို အသာယာပင် ဆုပ်လိုက်ပြန်သည်။

သုံးရောင်ခြယ်မီးတောက်...

ငါးရောင်ခြယ်မီးတောက်...

ခုနစ်ရောင်ခြယ်မီးတောက်....

မျက်စိတစ်မှိတ်အတွင်း ပိုင်ရှောင်ချန်းသည် အရပ်မျက်နှာအားလုံးသို့ အပူဓာတ်များထုတ်လွှတ်နေသည့် ခုနစ်ရောင်ခြယ်မီးတောက်တစ်ခုကို ဖန်တီးလိုက်တော့သည်။ ထို့အပြင် သူ၏လှုပ်ရှားမှုများအားလုံးမှာ သာသာယာယာ အေးအေးဆေးဆေးပင်။

" အောက်လမ်းဆရာသခင်တစ်ယောက်ပါလား "

" ဘုရားရေ။ သူ အောက်လမ်းဆရာသခင်တစ်ယောက်ဆိုတာ ငါယုံနိုင်ပါတယ်။ ဒါပေမဲ့ သူ့မီးတောက်ဖန်တီးမှုရဲ့ အမြန်နှုန်းနဲ့ အောင်မြင်နှုန်းက မဖြစ်နိုင်လောက်အောင် မြင့်နေတာပဲ "

" ငါအမြင်တွေများ မှားနေတာလား။ တစ်ခါထဲ... တစ်ခါထဲနဲ့ ခုနစ်ရောင်ခြယ်မီးတောက်အထိ လက်တန်း ဖန်တီးလိုက်တာပါလား "

All Chapters