ကျော်ကြားလာခြင်း
Vol. 15 Ch. 213
ထိုအခိုက်အတန့်တွင် ရွှီဖန်း၏ဘေးမှာစောင့်ကြည့်နေသော တာဝန်ရှိဆရာဝန်သည် ရွှီဖန်း၏ စကားကို ကြားကာ လူနာ၏မျက်နှာကို အထိတ်တလန့်ကြည့်လိုက်မိပြီး သူ့အမူအရာဟာ သိသိသာသာ ပြောင်းလဲသွားခဲ့သည်။
တာဝန်ရှိဆရာဝန်သည် ကိရိယာနှင့် အပ်ချည်ကို ကိုင်ရခြင်း၏ အဓိပ္ပာယ်ကို သဘာဝကျစွာ နားလည်ပေသည်။ ဆိုလိုသည်မှာ ရွှီဖန်းသည် ပျက်စီးနေသော သွေးကြောကို ရှာတွေ့ပြီး ၎င်းကို ပြန်လည်
ချိတ်ဆက်ရန် အဆင်သင့်ဖြစ်နေပြီဟု ဆိုလိုတာပင်။
"ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ၊ ဘယ်လောက်ပဲကြာသေးတာမို့လို့...မင်းတစ်ယောက်တည်း ဘယ်လိုလုပ်ရှာတွေ့မှာလဲ"
တာဝန်ရှိဆရာဝန်ဟာ ရွှီဖန်းအား သရဲတဘက်မြင်သလို ကြည့်နေ၏။
ရွှီဖန်းသည် မည်သူ့အကူအညီကိုမှ မယူဘဲ လက်နှစ်
ဖက်ကိုအားကိုးကာ ညာဘက်လက်ဖြင့် Hemostatic pliersကို ကိုင်၍ သွေးများပြည့်နေသော ကြွက်သားများကို ထိန်းပြီး ဘယ်ဘက်လက်ဖြင့် ဇာဂနာကို ကိုင်၍ ကြွက်သားကို ဖွင့်လိုက်သည်။ ထို့နောက် Hemostatic pliersဖြင့် ညှပ်၍ စုဆောင်းထားသည့်သွေးများကို ညင်သာစွာ လွှတ်လိုက်သည်။
ထို့နောက် ဘယ်ဘက်လက်ရှိ ဇာဂနာကို ဖယ်ပြီး ကွေးကောက်နေသည့်အပ်၏ အဆုံးမှ အပ်ချည်ကို လက်နှစ်ဖက်ဖြင့် ဆွဲယူ၍ Hemostatic pliersအနားတစ်ဝိုက်မှာ ချုပ်လိုက်သည်။ သပ်ရပ်စွာဖြင့် ထုံးပြီးနောက်မှာ ရွှီဖန်းသည် Hemostatic pliersအား သူနာပြုကမ်းပေးနေသည့် ကတ်ကြေးကိုယူကာ ၎င်းအား သွေးထဲ၌ ပေါ့ပါးစွာ ဖြတ်တောက်လိုက်သည်။
အပ်ချည်ကို ဖြတ်ပြီးတာနှင့်အတူ ရွှီဖန်းသည် လေတစ်ချက်ရှူထုတ်ကာ သူ့လက်ကို ထပ်မံ ဆန့်ထုတ်၍ သူနာပြုအား အပ်ချည်ဆက်ကမ်းပေးရန် အချက်ပြခဲ့သည်။
ထိုအချိန်၌ တာဝန်ရှိဆရာဝန်နှင့် ဒေါက်တာလီသာ မကဘဲ လက်ရှိ ရှိနေသည့် လူအားလုံးဟာ ရှော့ရနေကြသည်။ ဒီခွဲစိတ်မှုဟာ အချိန်အတော်ကြာမည်ဟု သူတို့ထင်ခဲ့သော်လည်း ရွှီဖန်း၏ လက်ထဲတွင် မိနစ်၃၀တောင်မကြာဘဲ အောင်မြင်ခဲ့သည်။
ရွှီဖန်းကတော့ လက်ရှိအချိန်၌ အများကြီး အာရုံမစိုက်နိုင်ခဲ့ပေ။ မြင်ကွင်းထိုးဖောက်အဆောင်ကို ကြာမြင့်စွာ အသုံးပြုထားသူတစ်ယောက်အတွက် မူးဝေမှုကို ခံစားနေရသည်။ ဒဏ်ရာအားလုံးကို သူ အချိန်တိုအတွင်း အရှိန်မြှင့်ပြီး မြန်မြန်ချုပ်ရန်သာ အာရုံစိုက်ထားလေသည်။
နောက်ထပ်မိနစ်၂၀အကြာမှာ နောက်ဆုံးသော ဒဏ်ရာအား သူပိတ်ပြီးခဲ့သည်။ ရွှီဖန်းသည် Hemostatic pliersနှင့် ကတ်ကြေးအား ပစ်ထုတ်၍ လေးလံစွာဖြင့် အမောတကော ပြောလိုက်သည်။
"ဒဏ်ရာတွေအားလုံး ချုပ်ပြီးပြီ၊ ကျန်တဲ့အပိုင်းကတော့ ကျွန်တော်လုပ်ပေးစရာမလိုတော့ဘူးမလား"
ဒေါက်တာလီ၏ အကြည့်ကို အာရုံခံမိပြီးနောက် တာဝန်ရှိဆရာဝန်လည်း နောက်ဆုံးမှာ တုံ့ပြန်လာခဲ့သည်။ သူ ခေါင်းညိတ်၍ လျှောက်သွားကာ ကျန်
သည့်အပိုင်းကို တာဝန်ယူလုပ်ဆောင်လေသည်။
ထိုအချိန် ရွှီဖန်းမှာတော့ ကြာကြာမထိန်းထားနိုင်တော့ဘဲ ခွဲစိတ်ခန်းအတွင်း၌ ပိုင်းကန့်ထားသော အခန်းငယ်ထဲကို ဝင်ကာ ကြမ်းပြင်ပေါ်၌ပင် အိပ်ပျော်သွားခဲ့သည်။
အမည်မသိအချိန်တစ်ခုကြာပြီးနောက် ရွှီဖန်းပြန်နိုးလာသည်။ သူနာပြုများ၊ ဒေါက်တာလီနှင့် တာဝန်ရှိဆရာဝန်သည် သူ့ဘေးပတ်ပတ်လည်တွင် ဝိုင်းရံနေကြသည်ကို သူတွေ့လိုက်ရသည်။
"နတ်ဆရာဝန်ရွှီ ပင်ပန်းနေရင် ဆရာ့အတွက် အဆင့်မြင့်အခန်းကို စီစဥ်ပေးပါ့မယ်၊ ကျေးဇူးပြုပြီး သွားအိပ်လိုက်ပါ၊ အဲ့ဒီက ကုတင်က ပိုပြီးတော့ သက်သောင့်သက်သာ ရှိပါတယ်"
ရွှီဖန်း မတ်တပ်ရပ်တော့မည်ကိုမြင်တော့ ဒေါက်တာလီသည် သူ့ဆီ အလျင်အမြန်လာ၍...
"အရင်က မှော်ဆန်တဲ့ဆေးပညာကြောင့် လေးစားခဲ့ရတယ်ဆိုရင် ဒီနေ့မှာတော့ ဆရာရွှီရဲ့ ဆေးပညာကျွမ်းကျင်မှုကို တစ်ကယ် ယုံကြည်ပြီးလက်ခံနိုင်ခဲ့ပါပြီ၊ ဆရာရွှီ သိထားရမှာက ခွဲစိတ်ခန်းထဲမှာ စောင့်
ကြည့်ရေးစနစ်ပါတယ်ဆိုတာပါပဲ၊ အကယ်၍ ဆရာရွှီရဲ့ လုပ်ဆောင်မှုဗီဒီယိုကို ဖြန့်လိုက်မယ်ဆိုရင် နိုင်ငံအတွင်းမှာပါမကဘဲ နိုင်ငံခြားက အင်အားကြီးဆေးရုံတွေကပါ သူတို့နဲ့ လာပူးပေါင်းဖို့ ဖိတ်ခေါ်မှာပဲ၊ ဒဏ်ရာကို ရှာဖွေမှုနှုန်းနဲ့တိကျမှုက ကြောက်ဖို့ကောင်းလောက်အောင် မြန်လွန်းတယ်!"
တစ်ဖက်မှာ ရွှီဖန်းကတော့ များစွာ မတွေးပေ။ သူက ဒီအတိုင်း အဒေါ်ဝမ်တစ်ယောက် အထီးကျန်စွာ ဝမ်းနည်းနေမှာကို မလိုလားခဲ့ခြင်းပင်။ ဒေါက်တာလီ၏ ကောင်းမွန်သော ရည်ရွယ်ချက်အား ငြင်းဆိုရန် သူခေါင်းခါခဲ့ပြီး ခွဲစိတ်ခန်းဝတ်စုံကို ချွတ်ကာ ခွဲစိတ်ခန်းထဲမှ ထွက်လာခဲ့သည်။
သူထွက်လာသည့်အခိုက်အတန့်မှာပဲ ရွှီဖန်း ရှော့ရသွားရသည်။ ခွဲစိတ်ခန်း၏ဝင်ပေါက်၌ ဆရာဝန်တစ်
ဒါဇင်လောက်က စောင့်နေကာ ဦးဆောင်သူက ဆေးရုံအုပ်ကြီး လီဟုန်ဖြစ်နေသည်မှာ အံ့သြဖွယ်ရာပင်။
ရွှီဖန်းက တစ်ယောက်တည်း ခွဲစိတ်ခန်းထဲမှ ထွက်လာတာကို မြင်သည့်အခါ လီဟုန်၏ နှလုံးခုန်နှုန်းစည်းချက်က မှားယွင်းသွားတော့သည်။ ဒီခွဲစိတ်မှုဖြစ်ရပ်၏ အကြောင်းအရင်းနှင့် အကျိုးဆက်ကို သူ အကြမ်းဖျင်းနားလည်ထားပြီး ဒေါက်တာလီအား ဆုံးဖြတ်ခွင့်ပေးခဲ့မိတာကို သူနောင်တရနေမိသည်။ ဤအပြင်လူက ဆေးလိုင်စင်မရှိထားတာကြောင့် ခွဲစိတ်မှု ကျရှုံးမှာပင်။ ဒါကြောင့် သူ ဆေးရုံတစ်ခုလုံးမှ ထိပ်တန်းဆရာဝန်တွေကြီး သူ ခေါ်လာခဲ့သည်။ အကယ်၍ ခွဲစိတ်မှုကျရှုံးပါက ဘာပဲဖြစ်ဖြစ် ထိုလူနာ၏အသက်ကို သူမရရအောင် ကယ်တင်မှဖြစ်
မည်။
သို့သော်ငြား လီဟုန်တစ်ယောက် သူခေါ်လာသည့် ဆရာဝန်များအား အထဲကို ခေါ်သွားတော့မည့်
အချိန်မှာပဲ ဒေါက်တာလီနှင့် အခြားလူများ ထွက်လာသည်ကို ထိတ်လန့်စွာ မြင်လိုက်ရသည်။ သူတို့၏အနောက်မှာလည်း လူနာကုတင်ကို တွန်းလာသည့် သူနာပြုများ ပါလာသည်။
"ဒါက ဘာတွေဖြစ်သွားတာလဲ"
လီဟုန်သည် ဒေါက်တာလီအား စိတ်ရှုပ်ထွေးနေသည့် အမူအရာဖြင့် မေးမိသည်။ သူဟာ လူနာ၏ဆေးမှတ်တမ်းကို ဖတ်ခဲ့ရပြီး ခွဲစိတ်မှုဟာ ၆နာရီမှ ၁၂နာရီအတွင်း ကြာမြင့်လိမ့်မည်ဟု ခန့်မှန်းထားခဲ့သည်။ အခု ခွဲစိတ်မှုစတာကဖြင့် တစ်နာရီမပြည့်သေးပေ။ သူတို့ ကျရှုံးသွားပြီလော။
"ဟဲဟဲ ဆေးရုံအုပ်ကြီး ကျွန်တော်က နတ်ဆရာဝန်ရွှီအတွက် ယုံကြည်ချက်ရှိရှိ အာမခံပေးခဲ့တယ်၊ ခွဲစိတ်မှုအောင်မြင်ဖို့က မလွယ်ဘူးလား"
ဒေါက်တာလီက ဆေးရုံအုပ်ကြီးအား ပြုံးပြုံးလေးဖြင့် ပြောလာသည်။
ယခုတစ်ကြိမ်တွင် လီဟုန်သာမကဘဲ ပြည်နယ်ဆေးရုံမှ ကျန်သည့် ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူများအားလုံး အံ့အားသင့်သွားကြသည်။ ဒီလူနာ၏ ဆေးမှတ်တမ်းကို သူတို့လည်း ဖတ်ထားဖူးပေသည်။
"မယုံရင် ထိန်းချုပ်အခန်းကို သွားကြည့်လိုက်ပါ၊ ဒါက အရိုးရှင်းဆုံးပဲ"
ဒေါက်တာလီက သူ့လက်ကို ဝေ့ယမ်းလာသည်။ ထိုအချိန်မှသာ လီဟုန်သည် စောင့်ကြည့်ရေးစနစ်တစ်ခုရှိကြောင်း သတိရသွားခဲ့သည်။ ဒါကြောင့် သူနှင့်အတူ ဆရာဝန်အုပ်စုကို ထိန်းချုပ်အခန်းသို့ ခေါ်
ဆောင်သွားခဲ့သည်။
"နတ်ဆရာဝန်ရွှီ ဒီတစ်ခါတော့ နာမည်ကြီးသွားနိုင်တယ်၊ ပြင်ဆင်ထားလိုက်ပါ"
ဒေါက်တာလီက ရွှီဖန်းကို ပြောလာသည်။
ရွှီဖန်း ခေါင်းယမ်းလိုက်သည်။ သူ လုံးဝ ဂရုမစိုက်ပေ။ သူ နာမည်ကြီးလာရင်တောင် ဒီဆေးရုံကို ဂရုမစိုက်
နိုင်ပေ။
ရှေ့သို့ နှစ်လှမ်းလျှောက်လိုက်ရာ စင်္ကြန်တွင်ထိုင်နေသော ချိုးဆုအာနှင့် ရှုချိုးယာတို့အပြင် အိပ်ပျော်နေသော အဒေါ်ဝမ်ကိုပါ တွေ့လိုက်ရသည်။
"ရွှီဖန်း"
ချိုးဆုအာသည် ရွှီဖန်းကို အရင် သတိထားမိပြီး မတ်တပ်ထရပ်လာသည်။
"ခွဲစိတ်မှုအောင်မြင်လား"
တစ်ဖက်တွင် ရှုချိုးယာကတော့ တည်ငြိမ်နေသည်။ လူနာကို ခွဲစိတ်ကုသနေသည့် အရပ်သားဆရာဝန်ရွှီဖန်း၏အကြောင်းက တောမီးလို ပျံ့နှံ့နေတာ သိသာပေ၏။
"အင်း ခွဲစိတ်မှု အောင်မြင်ပါတယ်"
ရွှီဖန်း ခေါင်းညိတ်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူနာပြုနှစ်ယောက်ကလည်း ဝမ်သာ့ကျွမ်းကို တွန်းလာကြသည်။
"ကြည့်လိုက်ပါ၊ သွေးကတော့ ပုံမှန် ပြန်လည်ပတ်နေပါပြီ၊ သူ သွေးသွင်းဖို့တော့ လိုအပ်ပါသေးတယ်၊ ပြီးရင်တော့ ခဏလောက်အနားယူပြီးရင် ဆေးရုံက ဆင်းလို့ရပါပြီ"
ရွှီဖန်း၏ အောင်မြင်သော ခွဲစိတ်မှုအကြောင်း ကြားရသည့်အချိန် အပျော်ရွှင်ရဆုံးမှာ ချိုးဆုအာဖြစ်သည်။ ရွှီဖန်းသာ ကျရှုံးခဲ့ပါက လိုင်စင်မရှိဘဲ ဝင်ခွဲစိတ်ခဲ့တဲ့ ပြစ်မှုအတွက် တရားရုံးသို့ ဆွဲခေါ်ခံရလိမ့်မည်။
သို့သော် အခု ခွဲစိတ်မှုအောင်မြင်သွားပြီဖြစ်ရာ သူမ ထိုအကြောင်းကို ဆက်မပြောခဲ့ပေ။ ရှုချိုးယာက အဒေါ်ဝမ်ကို နှိုးဖို့ ပြင်နေတာကြောင့် ရွှီဖန်း ဝင်တားလိုက်သည်။
"ချိုးယာ အဒေါ်ဝမ်က လွန်ခဲ့တဲ့နှစ်ရက်လောက်
ကတည်းက စိတ်ပူနေခဲ့တာ၊ ကောင်းကောင်းအနားယူပါစေ"
"အင်း ဟုတ်ပြီလေ၊ ဒါဆို ကျွန်မတို့ ဒီမှာနေပြီး အ
ဒေါ်ဝမ်ကို စောင့်ရှောက်လိုက်မယ်၊ ရှင့်မှာ ကိစ္စတစ်ခုခုရှိရင် ပြန်နှင့်လိုက်လေ၊ အလုပ်များနေတယ်မလား"
ရှုချိုးယာကလည်း ရွှီဖန်း၏ ပင်ပန်နွမ်းနယ်မှုကို သတိထားမိပြီး ပြောလာသည်။
ထိုအချိန်မှာ ရုတ်တရက် ရဲတပ်ဖွဲ့က ရောက်လာပြီး ရွှီဖန်းကို ဝိုင်းရံလာကြသည်။
"ရွှီဖန်း ဟုတ်တယ်မလား၊ မင်းက လိုင်စင်မရှိတဲ့ဆရာဝန်ဆိုတာ ရဲတပ်ဖွဲ့ဘက်က သက်သေအခိုင်အလုံ ရရှိထားပါတယ်၊ ကျေးဇူးပြုပြီး စခန်းကို လိုက်ခဲ့ပေးပါ"
ရဲအရာရှိက သူ့လက်ကို ဆန့်ထုတ်၍ ရွှီဖန်းကို ခေါ်
ထုတ်သွားရန် ပြင်သည်။ ရွှီဖန်း အံ့အားသင့်သွားရသည်။ တစ်စုံတစ်ခုပြုလုပ်ရန် စည်းခဏကျော်ရုံလောက်ဖြင့် ချက်ချင်း ဖမ်းခံရလိမ့်မည်ဟု သူမထင်ထားခဲ့ပေ။
ရှောင်းချောင် ပြောပြခဲ့သည့် အစိုးရဘက်မှ ချမ်းသာသော ကလေးသုံးကောင်၏ လက်ချက်မှန်း သိနိုင်ရန် သူတွေးဖို့ပင် မလိုအပ်ခဲ့ချေ။
ဒီတစ်ကြိမ်မှာ ရွှီဖန်း တစ်ကယ်ဒေါသထွက်သွားရပြီး တီးတိုးရေရွတ်မိသည်။
"မင်းတို့က ကစားချင်တာလား၊ ကောင်းပြီလေ ငါ မင်းတို့နဲ့ ကစားပေးမယ်!"
***************************