နတ်ဟင်းလျာ
Vol. 15 Ch. 216
ရွှီဖန်း ဆေးရုံထဲသို့ ဝင်လိုက်သည်နှင့် ဆရာဝန်များအားလုံးနှင့် သူနာပြုများအားလုံးသည် သူ့အား ကိုးကွယ်တော့မလို အကြည့်များဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရသည်။
"နတ်ဆရာဝန်ရွှီ ရှင့် ရှင့်ရဲ့ ဖုန်းနံပါတ်ကို တောင်းလို့ရမလား"
လှပနုပျိုသော သူနာပြုမလေးသည် ရွှီဖန်းထံသို့ ရဲရဲရင့်ရင့် လျှောက်လာလေသည်။ ရွှီဖန်း အံ့သြသွားခဲ့သည်။ ထိုသူနာပြုက အခုလေးတင် သူ့အား နတ်ဆရာဝန်ရွှီဟု ခေါ်ဆိုခဲ့သည်။
"အာ...ငါ နာမည်ကြီးနေတာလား၊ ဘာလို့ သူတို့ကပါ နတ်ဆရာဝန်ရွှီလို့ လာခေါ်နေကြတာလဲ"
ရွှီဖန်း ခါးသက်စွာ ပြုံး၍ သူနာပြု၏ တောင်းဆိုမှုကိုယဥ်ကျေးစွာ ငြင်းပယ်ခဲ့သည်။ လူအုပ်ကြီး၏ စူးစူးရှရှ အကြည့်အောက်တွင် ရွှီဖန်းသည် ဝမ့်သာကျွမ်း၏ အခန်းသို့ ပြေးဝင်လာခဲ့သည်။
သူ ဝင်သွားသည်နှင့် အဒေါ်ဝမ်၏ နောက်ကြောကို နှိပ်ပေးနေသည့် ချိုးဆုအာလည်း ချက်ချင်း မတ်တပ်ရပ်လာသည်။ ထို့နောက် အဒေါ်ဝမ်၏ အကြည့်ကို အာရုံမစိုက်နိုင်တော့ဘဲ ရွှီဖန်း၏ ရင်ခွင်ထဲ တိုးဝင်ကာ ငိုကြွေးတော့သည်။
"ရွှီဖန်း နောက်ဆုံးတော့ ပြန်လာပြီပဲ၊ အစ်မ မင်းကို အရမ်းစိတ်ပူနေတာ"
ချိုးဆုအာသည် ရွှီဖန်း၏ ရင်ခွင်ထဲတွင် ငိုကြွေးနေလေသည်။ ရွှီဖန်းလည်း သူမ၏ ပုခုံးကို ခပ်ဖွဖွပုတ်ပေးရင်း ပြောလိုက်သည်။
"ဆုအာ ကိုယ် အခု ပြန်ရောက်လာပြီပဲ မဟုတ်လား၊ နောက်ပြီး ကိုယ်ထွက်သွားတာဖြင့် နှစ်နာရီတောင် မပြည့်သေးဘူးလေ"
အချိန်အတော်ကြာပြီးနောက် ချိုးဆုအာသည် ကြောင်တက်တက်ဖြစ်နေခြင်းမှ သတိပြန်ဝင်လာသည်။ ထိုအခါမှသာ ရှုချိုးယာတစ်ယောက် တံခါးနားတွင် အချိန်အတော်ကြာ ရပ်ကြည့်နေခဲ့တာကို သူမသတိထားမိသွားခဲ့သည်။ သူမ နောက်ပြန်ဆုတ်ရင်း အနည်းငယ် နေရခက်သလို ခံစားခဲ့ရသည်။
"ရှင် ပြန်ရောက်လာတာ ကောင်းတယ်"
ရှုချိုးယာကတော့ တော်တော်လေး တည်ငြိမ်နေခဲ့သည်။ သူမက ရွှီဖန်းကို ယုံလို့ပဲလား ဘာကြောင့်လဲတော့ မသိနိုင်ပေ။
မိန်းကလေးနှစ်ယောက် ရွှီဖန်းနှင့် ဖလစ်နေတာ ရပ်သွားသည့်အခါကျမှ အဒေါ်ဝမ်သည် ရွှီဖန်းအား သူမ၏ ကျေးဇူးတင်မှုကို ပြသရန်အတွက် ထရပ်လာသည်။ သို့သော် ရွှီဖန်းက မလိုကြောင်း တားလာသည်။
ဝမ်သာ့ကျွမ်းမှ ပြန်ကောင်းလာသည်ကို မြင်သည့်အခါ ရွှီဖန်းလည်း အိမ်ပြန်ချင်သည့် ဆန္ဒရှိလာသည်။ သို့သော် ရှုချိုးယာက မပြန်ချင်သေးတာကြောင့် ချိုးဆုအာနှင့်သာ အောက်ပြန်ဆင်းလာခဲ့ရသည်။
ထိုအချိန် ကျန်းထျန့်၏ ဆူငေါက်ခြင်းကို ခံခဲ့ရသည့် ကျန်းလောင်နှင့် ကျန်သည့်နှစ်ယောက်ကတော့ စားသောက်ဆိုင်မှာ သောက်နေလေသည်။
သို့သော် မတိုင်ခင်ကလို ပျော်ရွှင်ဖွယ်လေထုတော့ မရှိနေပေ။ သိသာစွာပင် ရွှီဖန်း၏ ရုတ်တရက်ပေါ်လာသော နောက်ခံကြောင့် သူတို့စိတ်ပျက်ကာ တိတ်ဆိတ်နေကြသည်။
"ရွှီဖန်းမှာ စစ်တပ်နောက်ခံရှိကတည်းက ငါ့မှာလည်း ရွေးချယ်စရာမရှိတော့ဘူး၊ ငါ သူနဲ့ပတ်သက်ပြီး ဘာမှမလုပ်နိုင်ဘူး"
ကျန်းလောင်က စိတ်ဓာတ်ကျစွာ ပြောလာသည်။
စွန်းဖုကျန်းက ခဏကြာပြီးနောက် နောက်ဆုံးမှာ ပြောလာသည်။
"ငါတော့ သည်းမခံနိုင်ဘူး ခဏပဲစောင့်လိုက်၊ ငါ့အဖေကို ငါဆက်သွယ်ပြီးပြီ၊ သူက ငါ့အတွက် လုပ်ကြံရေးသမားတစ်ယောက် ပို့ပေးလိုက်တယ်၊ ငါ သူ့ကို သုံးရက်လောက်တော့ ပေးအသက်ရှင်လိုက်ပါဦးမယ်"
စွန်းဖုကျန်း ထိုသို့ပြောပြီးသည်နှင့် လေထုက ပြန်၍ အသက်ဝင်လာခဲ့သည်။ ဒီဘဝင်မြင့်သူဌေးသားသုံးယောက်လိုချင်သည်က လက်စားချေမှုပင်။ တခြားလူတွေရဲ့ အသက်လား? ဘယ်သူက ဂရုစိုက်မှာလဲ။
ထိုအချိန် ရွှီဖန်းကတော့ သူ့ကားဖြင့် ထွက်ပြေးနေသည်။ သူ ဘာကြောင့် ထွက်ပြေးလာတာလဲ။ အဓိကအကြောင်းအရင်းကတော့ သူဆေးရုံပြန်ရောက်လာသည့်သတင်းက ပျံ့နှံသွားခဲ့ရာ သူခွဲစိတ်တုန်းက ဗီဒီယိုကို အစအဆုံးကြည့်ထားသည့် ဆေးရုံအုပ်ကလည်း ဆရာဝန်များ ဝန်းရံ၍ သူ့ကိုလာတွေ့ပြီး ဆေးရုံမှာ တာဝန်ထမ်းဆောင်ပေးရန် တောင်းဆိုနေတာကြောင့်ပင်။ ထိုဆေးရုံသာမဟုတ်ဘဲ သတင်းရထားသည့် တခြားဆေးရုံတွေကတောင် သူ့ကိုတွေ့ရန် လူများစေလွှတ်ခဲ့တာကြောင့် ထိုလူများကို ရှောင်ရန်အတွက် ချိုးဆုအာကိုခေါ်ကာ ထွက်ပြေးလာခဲ့ရသည်။
"ဟဲဟဲ ဆုအာ မင်းရဲ့ယောကျ်ားက ဒီလောက်ထိ ဆွဲဆောင်မှုရှိလိမ့်မယ်လို့ မထင်ခဲ့ဘူးမဟုတ်လား၊ ဆရာဝန်အိုကြီးတစ်သိုက်တောင်မှ ကိုယ့်ကိုတွေ့ဖို့ ပြေးလာကြတယ်"
ချိုးဆုအာမှာ ကူကယ်ရာမဲ့စွာ ပြုံးလိုက်မိသည်။ ဒီရွှီဖန်းဟာ သူမကို ဘယ်လိုစနောက်ရမလဲ သိပေသည်။
ထိုအခိုက်အတန့်တွင် ရွှီဖန်း၏ဖုန်းက တုန်ခါလာသည်။ သူ အံ့သြသွားခဲ့သည်။ ရှယန်ယွိဆီမှ စာဝင်လာခြင်းပင်။
ရွှီဖန်း အပြုံးဖြင့် စာပြန်လိုက်သည်။ ဒီမိန်းကလေးက သူ့ကျေးဇူးကိုဆပ်ဖို့ရန်အတွက် ရဲလက်ထဲမှ လွတ်အောင် အကူအညီတောင်းခဲ့မှန်း သိပေသည်။ သူကိုယ်တိုင်ကလည်း ဒီပုဂ္ဂိုလ်ရေးရာကျေးဇူးကို မှတ်ထားလိုက်သည်။
ရွှီဖန်း သူ့ဖုန်းကို အိတ်ကပ်ထဲ ပြန်ထည့်လိုက်သော်
လည်း ထပ်တုန်လာပြန်သည်။
အာ...ကြည့်ရတာ ဒီနေ့ လူတော်တော်များများက သူ့ကို ရှာနေကြသည့်ပုံပင်။
သို့သော်ငြား ထုတ်ကြည့်ပြီးနောက် သူ ချက်ချင်းပြုံးလိုက်မိသည်။ ဒီစာက မသေမျိုးကလေးလေးမှ ပို့လာသော စာကလွဲ၍ တခြားစာမဟုတ်ပေ။
"အစ်ကိုကြီးရွှီ ကျွန်တော် အစားအသောက်နတ်ဘုရားရဲ့ ချက်ပြုတ်နည်းကို မရခဲ့ဘူး၊ ဒါပေမယ့် သူ့တပည့်ရဲ့ ချက်ပြုတ်နည်းကိုတော့ ရလာခဲ့တယ်၊ လိုချင်လား"
ရွှီဖန်း အံ့သြသွားခဲ့သည်။ တပည့်ရဲ့ချက်ပြုတ်နည်းလား။ သေချာပေါက် သူ ယူရမှာပေါ့။ သိထားရမည်မှာ ထိုတပည့်၏ ဆရာသခင်သည် အချက်အပြုတ်နတ်ဘုရားဖြစ်သည်။
"နတ်ကလေးထုန် ပို့ပေးလိုက်ပါ၊ တပည့်ဟာလည်း အဆင်ပြေပါတယ်"
မက်ဆေ့ပို့ပြီးနောက်မှာ ရွှီဖန်း စာအိတ်နီတစ်အိတ်ရခဲ့သည်။ သို့သော် ချိုးဆုအာ၏အကြည့်ကို ခံစားမိကာ ချက်ချင်းမဖွင့်ရန် ဆုံးဖြတ်ခဲ့သည်။ မဟုတ်လျှင် သူ့ဖုန်းထဲမှ စာအိတ်ကြီးထွက်လာပါက သူမ သေအောင် လန့်ဖြတ်သွားလိမ့်မည်။
"အခု ဘယ်သွားကြမလဲ"
ချိုးဆုအာက ရွှီဖန်းကို ကြည့်၍ မေးလာသည်။
"သူဌေးပေါက်စရဲ့စားသောက်ဆိုင်ကိုသွားရအောင်၊ ကိုယ် သူမနဲ့ ပြောစရာတချို့ရှိတယ်"
ချိုးဆုအာကို ဖြေပြီးနောက် ရွှီဖန်း ကားစက်နှိုး၍ သူဌေးပေါက်စ၏ ဆိုင်ကို မောင်းလိုက်သည်။
ပြောရမယ်ဆိုလျှင် ပိုက်ဆံရှိနေတာက လုပ်စရာရှိတာတွေကို ပိုပြီး လွယ်ကူသွားစေသည်။ ရက်ပိုင်းအနည်းငယ်အတွင်းမှာ ရှောင်ယင်၏ ဆိုင်က ပြုပြင်လို့ပြီးသွားခဲ့သည်။ အရမ်းကြီး အဆင့်မမြင့်သွားသော်လည်း အရင်ကထက်တော့ ပိုပြီးရှင်းလင်းကာ သပ်ရပ်လှပသွားခဲ့သည်။
"သုံးဆောင်ကြပါရှင့်...အယ် အစ်ကိုကြီးရွှီပါလား"
စားပွဲထိုးသည် ကျန်းဖန်းယင်၏ အတန်းဖော်ပဲဖြစ်တာကြောင့် သဘာဝကျစွာ ရွှီဖန်းကို မှတ်မိလေသည်။
"အင်း ရှောင်ယင်ရှိလား၊ ခေါ်ပေးပါဦး...အစ်ကို ပြောစရာရှိလို့၊ အခု သန့်စင်ခန်းအရင်ဝင်လိုက်ဦးမယ်"
သန့်စင်ခန်းတံခါးကိုပိတ်ပြီးနောက် ရွှီဖန်းသည် သူ့ဖုန်းကိုထုတ်၍ နတ်ကလေးထုန်ပေးခဲ့သည့် စာအိတ်နီကို နှိပ်လိုက်သည်။
သူ ရလိုက်သည်က ရှေးဟောင်းမှတ်စုစာအုပ်ပင်။ ရွှီဖန်း သေသေချာချာဖတ်ကြည့်လိုက်သည်။ သိသာထင်ရှားစွာပင် ၎င်းသည် လက်ရေးမိတ္တူဖြစ်ပေသည်။ သို့သော် ၎င်းတွင် ရေးထားသော ပါဝင်ပစ္စည်းများ၏ အချက်အလက်များနှင့် နားလည်သဘောပေါက်နိုင်မှုက ရွှီဖန်းအား စိတ်ကျေနပ်စေခဲ့သည်။ ခဏလောက်ဖတ်ပြီးနောက် ရွှီဖန်း စာအုပ်ဖြင့် ထွက်လာခဲ့သည်။
သူမကို ရက်အတော်ကြာမတွေ့ခဲ့ရပြီးနောက်မှာ သူမကလည်း သူမ၏ဆိုင်နှင့် အတူတူဖြစ်လာသည်။ ယခင်က တုံးအအအူကြောင်ကြောင်ပုံရိပ်လေးကနေ အခုပိုပြီး သွက်လက်ချက်ချာလာသည်။
"အစ်ကိုကြီးရွှီ"
ကျန်းဖန်းယင်က ရွှီဖန်းကို မြင်သည်နှင့် ထခုန်၍ တင်းတင်းကြပ်ကြပ်ဖက်လာသည်။ အာ...ရွှီဖန်းမှာ ရှက်ရွံ့မှုဖြင့် ခေါင်းကုတ်လိုက်မိသည်။ ဒီသူဌေးပေါက်စက တစ်ကယ်ကို ကောင်းပေသည်။
"ရှောင်ယင် ဒီရက်ပိုင်း ဒီမှာ ဘာအလုပ်မှမရှိဘူးလား"
ရှက်ရွံ့မှုကို ရှောင်ကျဥ်ဖို့ရာအတွက် ရွှီဖန်းသည် သူမအား ချိုးဆုအာရှိနေမှန်း သတိပေးခဲ့သည်။ ချိုးဆုအာဘက်မှ သဝန်မတိုလောက်သော်လည်း သူ့ဘက်က သူမခံစားချက်ကို ထည့်စဥ်းစားပေးရန် လိုအပ်သေးသည်။
"အာ...ဆိုင်က ပြောင်းလဲမှုတွေလုပ်ပြီး အရင်ကထက် ပိုပြီးတောက်ပြောင်လာပေမယ့် စားသုံးသူတော့မရှိသေးဘူး၊ ရံဖန်ရံခါ လာစားတတ်တဲ့လူတွေလောက်ပဲ ရှိတယ်"
ကျန်းဖန်းယင်က ဝမ်းနည်းစိတ်အနည်းငယ်ဖြင့် ပြောလာသည်။ ဒါတွေအားလုံး၏ အကြောင်းပြချက်က သူမ၏ချက်ပြုတ်မှုက မလုံလောက်တာကြောင့်ဆိုတာ သူမသိပေသည်။
"အခု စိတ်ပူနေစရာမလိုတော့ပါဘူး၊ ဒါက မာစတာစားဖိုမှူးဆီက ရလာတဲ့ ချက်ပြုတ်နည်းပဲ၊ မင်း ပြင်းပြင်းထန်ထန်လေ့ကျင့်ရင် ရလဒ်ကောင်းကို ရမှာပါ"
ရွှီဖန်း ရယ်လိုက်ပြီး အစားအသောက်နတ်ဘုရားတပည့်၏ ချက်ပြုတ်နည်းစာအုပ်ကို ပေးလိုက်သည်။
"အယ်...အစ်ကိုကြီးရွှီ ဘာလို့ တရုတ်ရှေးခေတ်စာလုံးတွေနဲ့ရေးထားတာလဲ၊ ညီမ နားလည်ရခက်တယ်"
ကျန်းဖန်းယင်မှာ သူမလက်ထဲမှ စာအုပ်ကိုဖတ်ရင်း ကြောင်တောင်တောင် ဖြစ်သွားခဲ့သည်။ ရွှီဖန်းမှာ သူနဖူးသူရိုက်မိတော့သည်။ ဒီပြဿနာကို သူမေ့သွားခဲ့သည်။ ကံကောင်းစွာဖြင့် ကျန်းဖန်းယင်၏ အတန်းဖော်က ထရပ်၍ ပြောလာသည်။
"ရတယ်၊ ငါ တရုတ်ရိုးရာလက်ရေးလှရေးနည်းကို နားလည်တယ်၊ နင် နားမလည်တာရှိရင် ငါ့ကိုမေးလေ"
"ကောင်းပြီလေ ဒါဆို သွားကြရအောင်"
ချက်ပြုတ်နည်းစာအုပ်ရရှိထားသော ကျန်းဖန်းယင်က တခြားသူများထက် ပိုပြီး စိတ်အားထက်သန်နေသည်။ သူမ ရွှီဖန်းကိုပင် ဂရုမစိုက်နိုင်တော့ဘဲ သူမအတန်းဖော်ကို မီးဖိုချောင်ထဲသို့ တိုက်ရိုက်ဆွဲခေါ်သွားခဲ့သည်။
သူတို့နောက်ကျောကို ကြည့်ရင်း ရွှီဖန်း ချိုးဆုအာဘက် လှည့်ပြောလိုက်သည်။
"ကိုယ်တို့ ဒီမှာ ထိုင်စောင့်နေမယ်၊ ဒီဟင်းချက်နည်းတွေနဲ့ဆို အရသာရှိမှာ သေချာတယ်"
***********************