ချုံခိုတိုက်ခိုက်ခြင်း
Vol. 16 Ch. 228
ရှယန်ယွိ၏ရုံးခန်း။
"မဖြစ်ဘူး ရွှီဖန်း! အဲ့ဒီလိုသာဆိုရင် Star City၊ ရှောင်းပုချီနဲ့ သေလောက်အောင် အမုန်းပွားသွားနိုင်တယ်"
ရွှီဖန်း၏စကားများကိုကြားသော် ရှယန်ယွိက စိုးရိမ်
ပူပန်စွာဖြင့် ပြောလာသည်။
"အဲ့ဒီရှောင်းပုချီက သာမန်လူမဟုတ်ဘူးနော်၊ သူ့မိသားစုက......"
ရွှီဖန်း လက်ဝှေ့ယမ်းလိုက်ကာ နားထောင်လိုစိတ်မရှိပေ။ ဒီလောကမှာ နောက်ခံရှိသည့် လူတွေက အများကြီးရှိလေသည်။ ထိုလူတွေကို သူက အမြဲကြောက်ပေးနေရမှာလား။
"အဲ့ဒီကိစ္စကို မစိုးရိမ်နဲ့၊ မင်းလုပ်ချင်လား မလုပ်
ချင်ဘူးလားပဲ ပြောပါ၊ မင်းမလုပ်ချင်ဘူးဆိုလည်း ကျွန်တော် တစ်ခြားတစ်ယောက်ကိုသွားရှာမှာပဲ"
ရွှီဖန်းက တည်ငြိမ်စွာ ပြော၏။ ရှယန်ယွိက သူ့အစီအစဥ်ကို လက်ခံလိမ့်မည်ဟု သူ ယုံကြည်သည်။
မျှော်လင့်ထားသကဲ့သို့ပင် ရှယန်ယွိသည် ရွှီဖန်းမှ တခြားတစ်ယောက်ကို သွားရှာမည်ဟု ပြောလာသောအခါ ထိတ်လန့်သွားပြီး အမြန်ပြောလာသည်။
"ဟေး ကျွန်မ လက်မခံဘူးလို့ မပြောခဲ့ဘူးနော်၊ ကျွန်မက ရှင့်ရဲ့လုံခြုံရေးကို စိတ်ပူမိတာ"
ရွှီဖန်း ရယ်လိုက်ကာ ရှယန်ယွိအား စိတ်သက်သာရာရစေမည့် အကြည့်မျိုးပေးခဲ့သည်။ ထို့နောက် သူမတ်
တပ်ရပ်ကာ စကားတစ်ခွန်းထားခဲ့၍ ထွက်သွားလေသည်။
"ကျွန်တော် ပြန်လာပြီး ဖော်မြူလာ လာပေးမှာကို ပိုက်ဆံပြင်ထားပြီး စောင့်နေလိုက်ပါ"
ရှယန်ယွိမှာ ကူကယ်ရာမဲ့စွာ ရယ်လိုက်ရသည်။ သူမ ရွှီဖန်းအပေါ်၌ ယုံကြည်မှု အပြည့်အဝရှိ၏။ သို့သော် ရှောင်းမိသားစုသည် ဆန့်ကျင်တိုက်ခိုက်ရန် မလွယ်ကူချေ။
ရွှီဖန်း၏ အစီအစဥ်က ရိုးရှင်းသည်။ သူဟာ ရှောင်းပုချီ၏ Star Cityဆေးဝါးထုတ်လုပ်ရေးကို ဖော်မြူလာအမြောက်အများ ရောင်းချမှာဖြစ်ပြီး ရှောင်းပုချီအား များများထုတ်လုပ်စေမည်ဖြစ်သည်။ ရွှီဖန်းက သူမ၏ရှရှီအတွက် ပိုကောင်းသည့်ဖော်မြူလာကို ပြန်ပေးမှာဖြစ်သည်။ ဒါ့အပြင် ကုန်ကျမှုကလည်း မကွာခြားပေ။
ဒါတွေကြောင့်ပဲ Star Cityနောက်ခံကို ရင်းနှီးထားသည့် ရှယန်ယွိသည် ရွှီဖန်းကို စိတ်ပူမိခဲ့ခြင်းပင်။
သူဟာ ရှယန်ယွိကို သူနှင့်အတူသရုပ်ဆောင်ပေးရန် တောင်းဆိုခဲ့ပြီး ရှရှီမှ လုံခြုံရေးအစောင့်များအား သူ့ကို အပြင်ဆွဲထုတ်ခိုင်းလေသည်။
"သခင်လေးစွန်း သူထွက်လာပြီ"
ရှရှီနှင့် တစ်ဖက်တစ်ချက်ရှိ အဆောက်အဦးတစ်
ခုတွင် အမျိုးသားတစ်ဦးသည် မှန်ပြောင်းဖြင့် ကြည့်နေပြီး ဝေါ့ကီတော့ကီဖြင့် စကားပြောနေသည်။
"ကောင်းပြီ၊ အစ်ကိုချန်းက မင်းနဲ့အတူရှိနေမှာမလို့ သူ့အနောက်ကို လိုက်သွား၊ မင်းတို့ ဝေးလံတဲ့နေရာကိုရောက်တာနဲ့ တိုက်ခိုက်လို့ရပြီ"
စွန်းဖုကျန်းသည် အပန်းဖြေဟိုတယ်တစ်ခု၏ အပြင်ဘက် ရေကူးကန်တွင် လှဲလျောင်းနေပြီး ဝေါ့ကီတော့ကီဖြင့် စကားပြောနေ၏။
အခင်းဖြစ်ပွားမည့်နေရာ၌ သူရှိနေရလောက်အောင် သူ မတုံးအပေ။ ထိုလူသေဆုံးသွားလျှင်တော့ ကောင်းသောအရာပင်။ အကယ်၍ သူသာ ထိုနေရာ၌ ရှိနေခဲ့ပါက ရှာဖွေတွေ့ရှိသွားမလား မတွေ့ဘူးလားဆိုတာ ပြောရန်ခက်သည်။
"ဟုတ်ကဲ့ သခင်လေး"
ဝေါ့ကီတော့ကီကို ဆွဲချပြီးနောက် မှန်ပြောင်းဖြင့် ကြည့်နေသော အမျိုးသားသည် ချန်းရုန်၏နံပါတ်ကိုခေါ်၍ ရွှီဖန်းထွက်သွားပြီဖြစ်ကြောင်း တင်ပြခဲ့သည်။
ထိုအခိုက်အတန့်တွင် ရွှီဖန်းသည် Star Cityဆေးဝါးစက်ရုံကို ပြောင်းရွှေ့နိုင်ရန်အတွက် မည်သည့်
ဆေးဖော်မြူလာအား ပေးသင့်သည်ကို တွက်ချက်နေခဲ့သည်။ ထိုမှသာ သူ့အတွက် ကြီးကြီးမားမားအကျိုးမြတ်ကျန်ခဲ့မှာဖြစ်သည်။
ထိုကဲ့သို့ တွေးရင်း ရွှီဖန်း၏ စိတ်လည်း တဖြည်းဖြည်းရှင်းလင်းလာကာ Star Cityဆေးဝါးစက်ရုံရှိရာသို့ တိုက်ရိုက်မောင်းသွားခဲ့သည်။ Star Cityက ရှရှီကို အမြဲပစ်မှတ်ထားနေတာမလား။ ဟုတ်ပြီလေ...အခု ရှရှီ၌ ပင်မဆေးဝါးခြောက်မျိုးရှိနေလေပြီ။ အားလုံးဟာ အမျိုးမျိုးသောရောဂါများကို ကုသရန်အတွက် အထူးဆေးဝါးများပင်။ ဒါပေါ့...စစ်တပ်က သူ့ကို သူတို့အသိုင်းအဝိုင်းထဲ ဆွဲသွင်းခဲ့တာ မရှင်းလင်းလွန်းဘူးလား။
ဒါကြောင့် သူသာ အဆင်မြင့်ဆေးဖော်မြူလာတွေ Star Cityအား ပေးမည်ဆိုလျှင် သူတို့သည် လက်ခံရန် အလွန်အမင်း ဆန္ဒရှိကြလိမ့်မည်။
ထိုအကြောင်းကိုတွေးရင်း သူ မရယ်ဘဲ မနေနိုင်ခဲ့ချေ။ ယခုအချိန် သူ မြို့ပြင်ကို ရောက်နေလေပြီဖြစ်သည်။ Star City၏ စက်ရုံက မြို့အပြင်ဘက်တွင် ရှိတာကြောင့်ပင်။
"ဟမ်"
ရွှီဖန်း နောက်ကြည့်မှန်ကို ကြည့်ကာ ထူးဆန်းသော အသံထွက်မိသွားသည်။ သူ့အနောက်မှ buickကားသည် သုံးလှမ်းအကွာကနေ လိုက်နေသည်။
ရွှီဖန်း အနည်းငယ် စိတ်ရှုပ်ထွေးသွားသော်လည်း မကြာခင်မှာပင် ဘဝင်မြင့်သူဌေးသုံးယောက်ကိုမြင်ယောင်သွားခဲ့သည်။
ဟမ့်! မင်းတို့က ငါ့ကို လာရှုပ်ချင်နေတာလား။
ရွှီဖန်း ပြုံးလိုက်ရာ မျက်လုံးထဲ၌ အေးစက်မှု အရိပ်အယောင်များ ဖြတ်သန်းသွားခဲ့သည်။ သူ ရှေ့လမ်းဆုံသို့ရောက်သော် ဘယ်ဘက်သို့ ကွေ့၍ မြို့ငယ်လေးဆီ ဦးတည်သွားလိုက်သည်။ ထိုမြို့လေးက နာမည်မကြီးသည့်အတွက် လမ်းမှာ ကားမရှိသလောက်ပင်။
မျှော်လင့်ထားသည့်အတိုင်း ရွှီဖန်း ထောင့်ကို ကွေ့သွားသည်နှင့် Buickကား ကလည်း အနောက်မှ လိုက်လာသည်။
ရွှီဖန်း ကားကို ရပ်တန့်ရန် လုပ်ခဲ့သော်ငြား ထိုအချိန်၌ သူ့ဖုန်းက မြည်လာသည်။
"ဟမ် ရှောင်းချောင်လား"
ရွှီဖန်း ဖုန်းကိုကြည့်၍ တိုးတိုးလေးပြောမိသည်။ ထို့နောက် ကားကို ဖြည်းညှင်းစွာ မောင်း၍ ဖုန်းကို ကောက်ကိုင်လိုက်သည်။
"ရွှီဖန်း မင်း ဘယ်မှာလဲ"
ဖုန်းထဲ၌ ရှောင်းချောင်၏ အသံက အနည်းငယ် စိတ်မရှည်ဖြစ်နေကာ သူမ၏ အထက်ဆီးဆန်သော အပြုအမူက ပျောက်ဆုံးနေသည်။
"ဘာဖြစ်လို့လဲ"
ရွှီဖန်း သိလိုစိတ်ဖြင့် မေးလိုက်မိသည်။ ထိုအရာက ရှောင်းချောင်၏ စတိုင်မဟုတ်ပေ။
"ငါမေးတာ ဖြေစမ်းပါ"
ရှောင်းချောင်က တစ်ခုခုကို ကြောက်နေသည့်အလား အလျင်လိုနေသည်။
"အာ...ငါ အခု ပြည်နယ်မြို့အပြင်ဘက်မှာ ကားမောင်းနေတာ၊ ငါ့အနောက်ကို ကားတစ်စီးလိုက်နေတာမလို့ မင်းငါ့ကို ဖုန်းမဆက်ခင်က ငါ ကားပေါ်ကနေ ဆင်းပြီး သူတို့ကို ဖယ်ရှားဖို့လုပ်နေတာ"
ရွှီဖန်း ပြောပြီးသည်နှင့် ဖုန်းချရန်လုပ်သည်။ သို့သော်လည်း ဖုန်း၏တခြားတစ်ဖက်တွင်ရှိသော ရှောင်းချောင်သည် စိုးရိမ်တကြီးဖြင့်
"ရွှီဖန်း ဖုန်းမချနဲ့ဦး!"
ရွှီဖန်း မျက်မှောင်ကြုတ်လိုက်သည်။ ရှောင်းချောင် ဘာဖြစ်နေတာလဲ။
"ရွှီဖန်း ငါ့စကားကို နားထောင်ပါ၊ ငါခုနကပဲ သတင်းရထားတယ်၊ မင်း နောက်ဆုံးအကြိမ်က ရိုက်ခဲ့တဲ့ သုံးယောက်ကို မှတ်မိသေးလား၊ သူတို့က အာရှလုပ်ကြံရေးသမားထိပ်တန်းအဆင့်ကို ခေါ်ထားတယ်၊ မင်းကို သတ်ဖို့လုပ်ထားတဲ့ပုံပဲ၊ ကြည့်ရတာ အဲ့ဒီကားထဲမှာ ပါလာလောက်တယ်၊ သူက သက်သေလုံးဝမချန်ဘဲ လူ ၄၇ယောက်ကို လုပ်ကြံတာ အောင်မြင်ခဲ့တဲ့ အာရှထိပ်တန်းအဆင့်လုပ်ကြံရေးသမားပဲ"
ဖုန်း၏တခြားတစ်ဖက်တွင် ရှောင်းချောင်က စိုးရိမ်တကြီးပြောလာသည်။
"မြန်မြန်လုပ် မင်းအနောက်ကလိုက်လာတဲ့လူကို ဖယ်ရှားဖို့ နည်းလမ်း စဥ်းစား၊ မင်းအဆင်မပြေဘူးဆိုရင် ဖြေရှင်းဖို့ ငါ တစ်ယောက်ယောက်လွှတ်လိုက်မယ်"
ရှောင်းချောင်၏ စကားကိုကြားသော် ရွှီဖန်း စိတ်လှုပ်ရှားသွားရသည်။ ဒီကောင်မလေးကတော့.......
ရွှီဖန်းသည် ချက်ချင်း ရှောင်းချောင်ကို နှစ်သိမ့်ပေးလိုက်သည်။
"ရှောင်းချောင် စိတ်မပူနဲ့၊ ငါ အဆင်ပြေတယ်၊ ဖုန်းကို အရင်ချလိုက်တော့မယ်၊ ငါ ပြီးမှ ဖုန်းထပ်ခေါ်လိုက်မယ်"
သို့နှင့် ရွှီဖန်း ဖုန်းချလိုက်သည်။ သိထားရမည်မှာ သူ့သိုလှောင်လက်စွပ်ထဲ၌ လျှပ်စီးဆင့်ခေါ်ခြင်းအဆောင်သုံးခု ကျန်သေးသည်။
အသက်ပြင်းပြင်းရှူရင်း သူသာ ထို အာရှထိပ်တန်းအဆင့်လုပ်ကြံရေးသမားကို သတ်ဖြတ်နိုင်ခဲ့လျှင်ဟု တွေးမိသွားသည်။ ဒါဆို နောက်ကျလျှင် သူနှင့် ဘယ်သူမှ လာမရှုပ်ရဲတော့ဘူးမဟုတ်လား။
ထိုသို့တွေးရင်း ရွှီဖန်းအသက်ပြင်းပြင်းရှူကာ ကားပေါ်မှ ဆင်းလိုက်သည်။
သို့သော်ငြား ရွှီဖန်းမှာ ကားရပ်လိုက်သော်လည်း သူ့အနောက်မှ Buickကားကတော့ ရပ်တန့်မည်ပုံမပေါ်
ပေ။ သူ့ကားဘေးမှ ပွတ်ကာသီကာဖြတ်သွားကာ သူ့အရှေ့ရှိ အကွာအဝေးတစ်ခုမှာ ရပ်တန့်သွားခဲ့သည်။
ရွှီဖန်း မျက်မှောင်ကြုတ်လိုက်သည်။ သူသာ ကားအပေါ်မှ ချက်ချင်းဆင်းခဲ့လျှင် ထိုကားဖြင့် အတိုက်ခံရမည့်လူက သူဖြစ်သွားလိမ့်မည်။
နောက်ဆုံးမှာ ရွှီဖန်းသည် သူ့ကိုယ်သူ တည်ငြိမ်အောင်လုပ်ရင်း ကားပေါ်မှ ဆင်းလိုက်သည်။ ထို့နောက် ကားဘေးမှာရပ်ရင်း သူ့အရှေ့မှ ကားကို စိုက်ကြည့်လိုက်သည်။
ခဏအကြာမှာ အနက်ရောင်ဝတ်စုံဝတ်ဆင်ထားသည့် လူပုလေးတစ်ယောက်က ကားထဲမှ ထွက်လာသည်။ သူ့ပုံစံကြည့်ရတာ အုပ်ထိန်းသူပျောက်ဆုံးနေသည့် အသက်မပြည့်သေးသော ကလေးနှင့်တူနေလေသည်။
"အာ...တောင်းပန်ပါတယ် ခင်ဗျားအဆင်ပြေရဲ့လား၊ ကျွန်တော် ခင်ဗျားကားနဲ့ အတူ လိုက်ခဲ့ပြီး အာမခံချက်လုပ်ပေးပါ့မယ်"
ချန်းရုန်ပြောပြီးသည်နှင့် ရွှီဖန်းဆီသို့ ခြေလှမ်းလျင်မြန်စွာ လျှောက်လာလေသည်။
ရွှီဖန်း မျက်မှောင်ကြုတ်လိုက်သည်။ ဒီလူကို ကြည့်ရတာ လူသတ်သမားနှင့်မတူပေ။ ထိုအစား အခုမှ ကား
မောင်းသင်ပြီးသည့် ကောလိပ်ကျောင်းသားနှင့် တူနေလေ၏။
သို့သော် ထိုကဲ့သို့ တွေးလိုက်သော်ငြား ရွှီဖန်းသည် သူ့လက်ထဲ၌ လျှပ်စီးဆင့်ခေါ်ခြင်းအဆောင်ကို ပြင်ထားတုန်းပင်။
ထိုသို့ဖြင့် ရွှီဖန်းသည် တိတ်တဆိတ်ရပ်ရင်း ထိုလူ သူ့ဆီရောက်လာမှာကို စောင့်နေခဲ့သည်။
ထိုလူ တစ်ခုခုထူးဆန်းတာ လုပ်ရဲလာသရွေ့ သူ့အရှေ့မှလူကို ပြာအဖြစ် ပြောင်းရန် တုံ့ဆိုင်းနေမည်မဟုတ်ချေ။
******************