ဝပ်နေသောကျားနှင့် ပုန်းကွယ်နေသောနဂါး
Vol. 16 Ch. 233
"ဟမ်...ဒေါက်တာရွှီဆိုလိုတာက မင်းရဲ့တိုက်ခိုက်စွမ်းရည်က အပြည့်ပဲလို့ဆိုလိုတာလား"
ဝူမင်သည် ခဏတာ အံ့သြသွားခဲ့ကာ ချက်ချင်းမေးလာသည်။
"အာ...အခုလေးတင်ပြောလိုက်တာက လျှာချော်သွားတာပါ...ဘာမှမဟုတ်ပါဘူး တစ်ကယ်မဟုတ်ပါဘူး၊ ကျွန်တော်က ဆရာဝန်သာသာပဲရှိတာ ဘယ်က တိုက်ပွဲစွမ်းရည်က လာရမှာလဲ"
ရွှီဖန်း ကသိကအောင့်နိုင်စွာ ရယ်လိုက်မိသည်။ ဒီအသက်အရွယ်၊ ဒီဆေးပညာနှင့်တောင် စစ်တပ်၏အာရုံကို ဆွဲဆောင်နိုင်ခဲ့လေရာ အကယ်၍ မိုးကောင်းကင်ကိုအံတုနေသည့်စွမ်းရည်ပါရှိနေမှန်းသိသွားခဲ့လျှင်.....
စစ်တပ်မှ သူ့အပေါ် စိတ်ဝင်စားနေတာမျိုး သူမလိုချင်ပေ။ စစ်ဆေးစုံစမ်းခံနေရပါက သူ တစ်ကယ် နေရထိုင်ရခက်ခဲသွားလိမ့်မည်။
"အမ်...ဒါဆိုလည်း ကားမောင်းရင်း ဖုန်းပြောနေတာရပ်လိုက်ပါဦး၊ ငါ အပေါက်ဝမှာစောင့်နေပြီး မင်းအနောက်လိုက်လာတဲ့လူတွေကို ဂရုစိုက်လိုက်မယ်"
သို့နှင့် ဝူမင်က ဖုန်းချသွားလေသည်။
ရွှီဖန်း အသက်ပြင်းပြင်းရှူသွင်းလိုက်မိသည်။ ကံကောင်းစွာဖြင့် ဝူမင်သည် အတင်းအကြပ် ဆက်ပြီးမမေးမြန်းခဲ့ပေ။
သို့သော် သူ ဝူမင်ကို မလျှော့တွက်ပေ။ သူဟာ သူ့အဖေကြောင့် တပ်သားခေါင်းဆောင်ဖြစ်လာတာမဟုတ်ပေ။
ဝူမင်သည် ဖုန်းချပြီးနောက် သူ၏ကိုယ်ပိုင်အကြံပေးအရာရှိထံ ဖုန်းခေါ်ခဲ့သည်။
"ဟယ်လို ခေါင်းဆောင်ဝူ ညွှန်ကြားစရာရှိပါသလားခင်ဗျ"
ဝူမင်၏ အကြံပေးအရာရှိသည် မတ်တပ်ရပ်ကာ ဖုန်းကို ဖြေဆိုခဲ့သည်။ ဝူမင်ဘက်မှာ မမြင်ရသော်လည်း ထိုအရာကို ကြည့်ခြင်းဖြင့် ဝူမင်သည် ယုံကြည်
အားထားရသောလူဖြစ်မှန်း သက်သေပြနေ၏။
"ဒီနေ့ မစ်ရှင်မရှိတဲ့ လက်ရွေးစင်တပ်သားတွေကို ကွင်းမှာ စုခိုင်းလိုက်ပါ၊ ဒီနေ့ ကိုယ်ခံပညာပြိုင်ပွဲ လုပ်မယ်၊ ငါလည်း အဲ့ဒီမှာ ရှိနေမယ်"
"ဟုတ်ကဲ့ ခေါင်းဆောင်"
ဝူမင်၏အကြံပေးအရာရှိသည် အမိန့်ကို လက်ခံပြီးနောက် လက်ရွေးစင်အတန်း၏ လေ့ကျင့်ရေးကွင်းသို့ပြေးသွားခဲ့သည်။
ထိုအချိန် ဝူမင်လည်း ကွင်းကို ရောက်ရှိလာသည်။ စစ်သားများသည်လည်း ကြိုရောက်နှင့်နေ၏။ ဤလက်ရွေးစင်အတန်းသည် သန်မာသော အတန်းဖြစ်ပြီး လူနှစ်ဆယ်ရှိလေသည်။ မစ်ရှင်ထမ်းဆောင်နေသည့် လူများကို ဖယ်လိုက်လျှင် ကျန်ရှိသော ၁၁ဦးက ကွင်းထဲ ရောက်နေလေပြီ။ ဤလက်ရွေးစင်အတန်းမှ တပ်သားတစ်ယောက်ချင်းစီတိုင်းကို သူဂရုတစိုက်ရွေးချယ်ထားတာဖြစ်သည်။
"အဟွတ်၊ ဒီနေ့ မင်းတို့ ကိုယ်ခံပညာပြိုင်ရမယ်၊ ဒါပေမယ့် ငါ့မှာ မင်းတို့ကို ပေးမယ့် နောက်ထပ်မစ်ရှင်ရှိထားတယ်"
ဤတပ်သားများအရှေ့တွင် ဝူမင်သည် ခေါင်းကိုမော့ထား၍ ရင်ဘတ်ကိုမြင့်ထားကာ ပြောနေ၏။
"ခဏနေရင် မင်းတို့ရဲ့ကိုယ်ခံပညာပြိုင်ပွဲကို ကြည့်ဖို့ ဧည့်သည်တစ်ယောက်ကို ငါခေါ်လာခဲ့မယ်၊ မင်းတို့ အစွမ်းကုန်ကြိုးစားပြီး နိုင်အောင်လုပ်ကြပါလို့ ငါတောင်းဆိုချင်တယ်၊ သေချာပေါက် အဲ့ဒီလူရဲ့ခွန်အားကို ငါစစ်ဆေးရမှာမလို့ပဲ အားလုံးနားလည်ကြလား!!"
"နားလည်ပါတယ် ခေါင်းဆောင်!!!"
တပ်သားများ၏ဖြေသံကြောင့် ဝူမင်သည် စိတ်ကျေနပ်စွာ ခေါင်းညိတ်လေသည်။
"အားလုံး သတိ!"
သူတို့၏အပြုအမူများ စံနှုန်းပြည့်မီသည်ကို တွေ့လိုက်ရသဖြင့် ဝူမင်လည်း ကွင်းထဲမှ ထွက်လာခဲ့သည်။ မကြာမီ ရွှီဖန်း ရောက်လာတော့မည်။
ထိုလက်ရွေးစင်အတန်းကို မကြာသေးခင်ကမှ ဖွဲ့စည်းခဲ့တာဖြစ်ပြီး အစပိုင်းတွင် သူတို့၏ခွန်အားကို ဘယ်သူကမှ မယုံကြည်ခဲ့ကြပေ။ အဖွဲ့လိုက်လုပ်ဆောင်ခြင်းကာလတစ်ခုပြီးသွားသည့်အနောက်မှာတော့ လက်ရွေးစင်အတန်းအဖြစ် သတ်မှတ်ခံခဲ့ရလေသည်။
ထိုအချိန် ရွှီဖန်း၏ကားကတော့ စစ်တပ်နယ်မြေထဲ ဝင်လာပြီဖြစ်သည်။ ဝူမင်၏ခေါ်သံအောက်မှာ ကားလည်း တံခါးရှေ့မှာ ရပ်သွားလေသည်။ ဝူမင် ပြေးလာသည်ကို ရွှီဖန်းမြင်လိုက်ရသည်။
"ဒေါက်တာရွှီ ရောက်လာပြီလား"
ဝူမင်က ပြုံးပြုံးရွှင်ရွှင်ဖြင့် လျှောက်လာလေသည်။
"ခေါင်းဆောင်ဝူ ကျွန်တော့်နောက်လိုက်လာတဲ့ကားရဲ့ လိုင်စင်နံပါတ်က XXXXXXဖြစ်ပြီး အနီရောင်ကားပဲ"
တစ်ဖက်ကားမှ ခုနစ်ကြိမ်လောက် အလဲအလှယ်လုပ်ခဲ့သော်လည်း ရွှီဖန်းသည် မြင်ကွင်းထိုးဖောက်အဆောင်၏ အကူအညီဖြင့် အတိအကျတွေ့နိုင်သေးတာကြောင့် ဝူမင်ကိုလည်း ပြန်ပြောနိုင်ခဲ့သည်။
"အင်း စိတ်မပူနဲ့၊ ငါ ဒီနေ့ပဲ ဖြေရှင်းပေးမယ်"
ဝူမင်က ရွှီဖန်းအား ကတိပေးလေသည်။
"အိုး ဟုတ်သားပဲ၊ မင်းက အချိန်မှန် ရောက်လာတာ သိရဲ့လား၊ မကြာသေးခင်တုန်းက ငါတို့ လက်ရွေးစင်အတန်းကို ဖွဲ့ထားတယ်လေ၊ ဒါကြောင့် မင်းလည်း လိုက်ကြည့်လို့ရတယ်"
ရွှီဖန်း အံ့အားသင့်သွားကာ
"လက်ရွေးစင်အတန်းလား အဲ့တာက ဘာလဲ"
"ငါတို့တပ်ဖွဲ့မှာ ကိုယ်ခံပညာပြိုင်ပွဲအမျိုးမျိုးလုပ်တယ်လေ၊ နောက်ပိုင်းကျတော့ ငါတို့ အစီအစဥ်တစ်ခုစီစဥ်ပြီး ပြိုင်ပွဲမှာ အကောင်းဆုံးစွမ်းဆောင်နိုင်တဲ့ အယောက်၂၀ကို အတန်းတစ်ခုဖွဲ့ဖို့ စုစည်းလိုက်တယ်၊ ဒါကြောင့် အင်အားကလည်း တော်တော် ထိရောက်မှုရှိတယ်"
ဝူမင်၏စကားကိုကြားသော ရွှီဖန်း စိတ်ဝင်စားသွားခဲ့သည်။ ထိုလက်ရွေးစင်အတန်းသည် မည်ကဲ့သို့သောအင်အားမျိုးရှိနေသည်ကို သူလည်း မြင်တွေ့ချင်ပေသည်။
"ဒေါက်တာရွှီ မြန်မြန်လာ ငါ မင်းကို စောင့်နေတာ၊ မဟုတ်ရင် ပွဲက စတော့မှာ"
ဝူမင်က တိုက်တွန်းလာသည်။
ရွှီဖန်း ဘာမှမပြောဘဲ ခေါင်းညိတ်ကာ ဝူမင်အနောက်မှ လိုက်သွားခဲ့သည်။
"လူတိုင်းမှာ အခွင့်အရေးရှိတယ်၊ ကိုယ်ခံပညာပြိုင်ပွဲက စတော့မှာဖြစ်ပြီး ပထမအချီနဲ့ ဒုတိယအချီဆိုပြီး ရှိလိမ့်မယ်၊ အနိုင်ရရှိတဲ့လူတွေက နောက်တစ်ချီမှာ ဆက်ပြိုင်နိုင်တယ်၊ ပထမဆုက သုံးရက်ဆက်
တိုက်စားခွင့်ရမယ့် ကြက်ခြေထောက်ကြီးပဲ"
ဝူမင်မှ ထိုကဲ့သို့ ပြောလာသောအခါ မူလက ပေါ့ပေါ့ပါးပါးနေနေသော တပ်သားများသည် ချက်ချင်းပင် စိတ်ဝင်တစားဖြစ်လာကြတော့သည်။ သုံးရက်ဆက်တိုက်စားရမယ့် ကြပ်ခြေထောက်ကြီးဆိုပါလား။ တွေးကြည့်ရုံနှင့် စိတ်လှုပ်ရှားစရာကောင်းပေသည်။
ထို့နောက် ဝူမင်သည် ရွှီဖန်းဘက်ကို လှည့်၍
"ဒေါက်တာရွှီ ဒိုင်လုပ်ပါလား"
ရွှီဖန်း ခေတ္တတောင့်တင်းသွားကာ ဝူမင်၏ ရည်ရွယ်ချက်ကို အကြမ်းဖျင်း သဘောပေါက်သွားခဲ့သည်။
"ကျွန်တော်လား မလုပ်နိုင်ဘူး၊ တစ်စုံတစ်ယောက်ကို ကယ်တင်ခိုင်းတာတော့ လုပ်နိုင်ပေမယ့် ဒီကိုယ်ခံပညာပြိုင်ပွဲတော့ မလုပ်နိုင်ဘူး"
"ဟေး ဒေါက်တာရွှီ မတုံ့ဆိုင်းပါနဲ့ ဒိုင်လူကြီးလုပ်
လိုက်ပါ၊ ဘယ်သူရှုံးမလဲကြည့်ကြရအောင်"
ဝူမင်က ရယ်မောကာ ပြောလေသည်။ ထိုသူတွန်းအားပေးနေတာကြောင့် ရွှီဖန်း မငြင်းတော့ဘဲ ခေါင်းအသာညိတ်ခဲ့သည်။
မကြာခင် ပွဲစတော့သည်။
ပထမအချီ၌ လူနှစ်ဦးထွက်လာပြီး တစ်ယောက်မှာ အရပ်ရှည်ကာ နောက်တစ်ယောက်သည် အရပ်ပု၏။
ရွှီဖန်းမှ စတင်ရန် အော်ပြောပြီးနောက်မှာ အရပ်ရှည်
ရှည်နှင့် တပ်သားက အော်ကာ ပြေးထွက်လာသည်။ အရပ်ပုသည့်တပ်သားက အလျင်မလိုဘဲ ငြိမ်သက်စွာ စောင့်နေသည်။
အနောက်မှာ ရပ်နေသည့် အရပ်မြင့်သောတပ်သားက ပြိုင်ဘက်ကို တည့်တည့်ချိန်ရွယ်လိုက်သည်ကို သူမြင်နေရသည်။
အရပ်ပုသောတပ်သားသည် တိုက်ခိုက်မှုကို ရှောင်ရှားရန် ခန္ဓာကိုယ်ကိုနှိမ့်ကာ တန်ပြန်ပုခုံးတိုက်ချက်ဖြင့် အရပ်မြင့်သောလူကို တစ်မီတာခန့် လွင့်သွားစေသည်။
"လူကောင်ကြီး ငါ ပြောခဲ့ပါတယ်၊ မင်းရဲ့ကြမ်းကြုတ်တဲ့ခွန်အားတွေ မဖြုန်းတီးမိအောင် ငါ ထိန်းသိမ်းပေးခဲ့တာနော်၊ အခု နည်းနည်းလေး ပိုမြန်အောင် မင်းလေ့ကျင့်ထားရင်ပိုကောင်းတယ်၊ ဟုတ်တယ်မလား"
အရပ်ပုသောတပ်သားက တည်ငြိမ်စွာပြောလေသည်။
ထိုစကားများကိုကြားသည့်အခါ ပတ်ပတ်လည်မှ တပ်သားများသည် အော်ရယ်ကုန်ကြလေ၏။ အရပ်မြင့်သောလူမှာ အရပ်ပုသောလူဆီမှ ပထမဆုံးအကြိမ် သင်ခန်းစာပေးခံရတာ မဟုတ်မှန်း သိသာပေသည်။
အရပ်မြင့်သောလူ၏ မျက်နှာက နီရဲသွားလေသည်။ သူ့ခေါင်းကိုပွတ်၍ တိုက်ပွဲနယ်မြေမှ ခုန်ဆင်းသွားခဲ့သည်။
ထိုအခါမှသာ ရွှီဖန်းလည်း တုံ့ပြန်လာပြီး အရပ်ပုသောလူကို အနိုင်ပေးလိုက်သည်။
သို့သော် တခြားလူများမသိသည်မှာ ရွှီဖန်းသည် အရာအားလုံးကို မြင်လိုက်လေသည်။ အရပ်မြင့်သောလူသည် မနှေးရုံသာမကဘဲ မြန်ဆန်ပေသည်။
အရပ်ပုသောလူမှ ခန္ဓာကိုယ်ကိုနှိမ့်၍ ပုခုံးကိုတိုက်တော့မည့်အချိန် အရပ်မြင့်သောလူသည် ဘေးကို ရွှေ့လိုက်သည်ကို သူမြင်လိုက်ရသည်။ ထိုအကွက်ကြောင့် သူ့ခန္ဓာကိုယ်ဟာ အရပ်ပုသောလူ၏တိုက်ကွက်နှင့် လိုက်လျောညီထွေဖြစ်သွားစေခဲ့သည်။
ထိုအရှိန်နှင့်သာဆိုလျှင် ရွှီဖန်းသည် လျှပ်စီးအဆောင်သုံး၍ သူ့အရှိန်ကို မြှင့်ခဲ့လျှင်တောင်မှ အောင်မြင်ရန်ခက်ခဲလိမ့်မည်မှန်း သူ လက်ခံမိသည်။
ဒီစစ်တပ်သည် ဝပ်နေသောကျားများနှင့် အရိပ်ထဲပုန်းကွယ်နေသောနဂါးများရှိသည့် နေရာဖြစ်လေ၏။
ရွှီဖန်း ပေါ့ပါးစွာ မျက်တောင်ခတ်လိုက်သည်။ သို့သော် သူ မသိသည်မှာ သူ လေးနက်စွာတွေးတောနေသည့်အချိန်တွင် ဝူမင်၏မျက်နှာပေါ်၌ အပြုံးတစ်ခု ပေါ်သွားခဲ့သည်။
ရွှီဖန်းသာ ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်သာ ဖြစ်နေခဲ့မည်ဆိုလျှင် အခုလို ပျင်းစရာကောင်းသော ပြိုင်ပွဲအား အပြင်းအထန်စိတ်ဝင်စားနေလိမ့်မည်ဟု သူ မယုံကြည်ပေ။
"ကောင်းပြီ နောက်တစ်တွဲ တက်လာခဲ့ပါ"
ရွှီဖန်း လက်ကို ဝှေ့ယမ်းကာ အော်လိုက်သည်။
********************