မြူမိုး
Vol. 17 Ch. 247
အမျိုးမျိုးသော စီမံခန့်ခွဲမှုစွမ်းရည်များကို အဆုံးမရှိ ပြောပြနေသော ရှယန်ယွိ၏ စကားများကို နားထောင်ရင်း ရွှီဖန်း တစ်ချိန်လုံး ပြုံးနေခဲ့သည်။
ရှယန်ယွိသည် ဘာမှ မထိန်ချန်ထားဘဲ သူမသိသမျှအရာအားလုံးကို ရွှီဖန်းအား သင်ကြားပေးနေမှန်း သိသာပေ၏။
ရှယန်ယွိသည် နေဝင်ခါနီးအထိ အချိန် နှစ်နာရီကျော်ကြာအောင် ပြောပြခဲ့သည်။
"ကျွန်မပြောပြတာတွေအကုန်လုံးရော နားလည်လိုက်လား"
ရွှီဖန်း၏ တွေးဆဆအမူအရာကို ကြည့်၍ ရှယန်ယွိ နူးညံ့စွာ မေးလိုက်သည်။
"နားလည်တယ်ထင်တာပဲ၊ လက်တွေ့လုပ်ဆောင်ရလို့ ကိုယ့်မှာ မေးခွန်းရှိလာရင် မင်းကို ပြောမယ်"
ရွှီဖန်း ပြုံး၍ မတ်တပ်ရပ်ကာ ရှယန်ယွိကို ချီလိုက်သည်။
"သွားကြစို့"
ရှယန်ယွိ အံ့အားသင့်သွားသည်။
"ဘယ်သွားမလို့လဲ"
"အရူးမလေး ဗိုက်မဆာဘူးလား၊ တစ်ခုခုစားဖို့ သွားမှာပေါ့"
သူမခေါင်းကို ပုတ်၍ ရွှီဖန်း ဖြေလိုက်သည်။
"အိုး ဟုတ်သားပဲ မေ့နေခဲ့တာ၊ ဒါဆို ကျွန်မတို့ ဘယ်မှာသွားစားမှာလဲ"
ရွှီဖန်း ခေတ္တတွေးလိုက်ကာ
"ဒီမှာပဲ စားလိုက်ကြရအောင်၊ ပြီးရင် ကိုယ်တို့ ဓာတ်ခွဲခန်း သွားရမယ်၊ ဝူမင်ကို မနက်ဖြန်ကျရင် ဆေးစမ်းသပ်ဖို့ လူခေါ်လာခဲ့ဆိုပြီး ပြောထားတယ်၊ ဒီည ဖော်မြူလာကို ထုတ်ရမယ်"
ရှယန်ယွိ၏ မျက်လုံးများက ပြူးကျယ်သွားကာ ရွှီဖန်းကို စိုက်ကြည့်၍ မေးလိုက်သည်။
"ရှူလိုက်တာနဲ့ အချိန်ခဏ သတိမေ့သွားစေမယ့် အရောင်မရှိ၊ အနံ့အရသာမရှိတဲ့အဆိပ်ကိုပေးဖို့လား၊ ရှင် သေချာရဲ့လား၊ ဘာတစ်ခုမှလည်း မလုပ်ရသေးဘဲနဲ့"
ရှယန်ယွိ၏ အံသြနေသော အမူအရာကို ကြည့်၍ ရွှီဖန်း ရယ်မောကာ ပြောလိုက်သည်။
"ဒါပေါ့ မင်းယောကျ်ားက ဘယ်သူဆိုတာ မသိဘူးလား"
ရှယန်ယွိသည် သူမနှုတ်ခမ်းကို မဲ့၍ ပြုံးလိုက်မိသည်။ ရွှီဖန်းကတော့ သူမကို ခဏခဏ အံ့သြစေခဲ့သည်။
မေ့လိုက်ပါတော့၊ သူက ဒီလိုပဲကို။ နောက်ဆုံးကျလျှင် ထိုကိစ္စများက သူ့အတွက် အကျိုးအမြတ်ရှိစေမည့် အရာများ ဖြစ်နေဆဲပင်။
ဒါကိုတွေးလိုက်ပြီးနောက် ရှယန်ယွိသည် ဒီအတိုင်း လွှတ်ထားပေးလိုက်ရန်သာ ဆုံးဖြတ်ခဲ့သည်။ ထို့နောက် သူမ၏ အတွင်းရေးမှူးသစ်ကို ခေါ်၍ ဟင်းပွဲများ ပြင်စေခဲ့သည်။
ဘေးမှာ ရပ်နေသည့် ရွှီဖန်းသည် သက်ပြင်းမချဘဲ မနေနိုင်ခဲ့ချေ။ သူဌေးဖြစ်ရတာ ကောင်းပေသည်။ ဖုန်းကောလေးတစ်ခုခေါ်ရုံဖြင့် ဟင်းပွဲက အဆင်သင့်ပင်။
သို့သော် အတွင်းရေးမှူးမှ ဟင်းပွဲတွေ လာပို့ပေးသည့်အခါ ရှယန်ယွိ၏ သူမ အတွင်းရေးမှူးအပေါ်ထားသည့် သဘောထားက ပြောင်းလဲသွားသည်ကို ရွှီဖန်း ခံစားခဲ့ရသည်။
"ယန်ယွိ ဘာဖြစ်လို့လဲ၊ အတွင်းရေးမှူး အသစ်ကို မကြိုက်ဘူးလား၊ သူမအလုပ်လုပ်တာ မဆိုးဘူးလားလို့"
ရှယန်ယွိက သူမခေါင်းကိုခါယမ်း၍
"ရှောင်ယွင်က Star Cityမှာ သစ္စာခံလိုက်ကတည်းက ကျွန်မ အတွင်းရေးမှူးတွေအပေါ်မှာ အထင်အမြင်ကောင်းကောင်း ထားလို့မရတော့ဘူး၊ သူတို့တွေက ကျွန်မအလုပ်ကိစ္စတွေကို ကူညီပေးဖို့ပဲ လိုပါတယ်၊ ပုဂ္ဂိုလ်ရေးဆိုင်ရာဆက်ဆံရေးလိုမျိုး ထပ်ဖြစ်ဖို့ကတော့ ထားလိုက်ပါတော့"
ရှယန်ယွိ၏ စကားကိုနားထောင်ရင်း ရွှီဖန်း ခေါင်းယမ်းမိသည်။ ရှောင်ယွင်နှင့် ဆေးဝါးပညာရှင်အများအပြား Star Cityကို ပြောင်းသွားပြီးကတည်းက ရှယန်ယွိသည် လူသားများအပေါ်၌ ပို၍ အေးစက်လာခဲ့သည်။
ထမင်းစားပြီးနောက် သူတို့ ဓာတ်ခွဲခန်းသို့ ထွက်လာခဲ့ကြသည်။
ရွှီဖန်း၏ကတိကြောင့် ရှယန်ယွိသည် ဆေးဝါးပညာရှင်အသစ်များ ထပ်မခေါ်ခဲ့ပေ။ ကျန်ရှိခဲ့သော ဆေးဝါးပညာရှင်နှစ်ဦးကိုမူ ရှယန်ယွိသည် စီမံခန့်ခွဲရေးနှင့်ဆိုင်သော ရာထူးများ ပေးအပ်ခဲ့သည်။
"ယန်ယွိ ဒီလောက်ကြီးတဲ့ ဓာတ်ခွဲခန်းကြီးနဲ့က...အခုကစပြီး ဒါက ကိုယ့်ဟာပေါ့လေ"
ဓာတ်ခွဲခန်းကြီးကို ကြည့်ပြီး ရွှီဖန်း သက်ပြင်းချမိသည်။
"မဟုတ်ရင်ရော ရှင်ပဲ ဆေးဝါးပညာရှင်တွေ မလိုတော့ဘူးဆိုပြီး ပြောခဲ့တာ မဟုတ်ဘူးလား၊ ဘာလဲ စကားပြန်ရုတ်သိမ်းချင်နေပြီလား၊ ဒါဆို ကျွန်မ ဟိုဆေးဝါးပညာရှင်နှစ်ယောက်ကို ပြန်ခေါ်လိုက်မယ်"
သူမပြောရင်း ဖုန်းကောက်ကိုင်လိုက်သည်။
"မလုပ်နဲ့...ကိုယ်က သက်ပြင်းချရုံပါပဲကွာ၊ သူတို့နောက်ဆုံးမှာ ဒီအလုပ်ကနေ နားသွားပြီကို ဘာလို့ ပြန်ခေါ်နေဦးမှာလဲ"
ရှယန်ယွိအား ရွှီဖန်း အမြန်တားခဲ့သည်။
ထို့နောက် ဒီမှာရှိနေသည့် ဆေးပင်များကို လှန်လှောရှာဖွေခဲ့သည်။ ရွှီဖန်း အခု လုပ်ရမည့်အရာသည် စိမ်းပြာရောင်ဆေးအိတ်တွင် မှတ်တမ်းတင်ထားသော အဆိပ်ကို ဖြစ်သည်။ အဆိပ်မိသွားသောလူများသည် မူးဝေ၍ ထင်ယောင်ထင်မှားဖြစ်သည့် အခြေအနေမှသည် နောက်ဆုံး အိပ်ပျော်သွားကြလိမ့်မည်ဖြစ်သည်။ ဖြေဆေးနှင့်သာ မကုပါက ငါးနာရီကျော်ကြာအောင် ပြန်၍ နိုးလာနိုင်မည်မဟုတ်ချေ။
ရိုးရိုးရှင်းရှင်းပြောရလျှင် ၎င်းအဆိပ်သည် ဦးနှောက်အတွင်းရှိ အာရုံကြောများမှလွဲ၍ တခြားသော ချိတ်ဆက်မှုများအားလုံးကို တစ်ခါတည်းပိတ်ဆို့စေပြီး အဆိပ်ရှူမိသူတိုင်းကို သတိလစ်သွားစေနိုင်သည်။
"ဘိန်းမှုန်း (၃)ဂရမ် ၊ သာမန်ဝတ်မှုန် (၃)ဂရမ်..."
ရွှီဖန်းသည် သူယူလာသော ဆေးပင်များအား အမှုန့်ဖြစ်အောင် ထောင်း၍ တစ်ယောက်တည်း ရေရွတ်နေခဲ့သည်။
ဘေးမှာရပ်ကြည့်နေသည့် ရှယန်ယွိသည် ပို၍ပို၍ အံ့သြလာခဲ့သည်။ ရွှီဖန်း ပြောခဲ့ပုံအရဆိုလျှင် ပါဝင်ပစ္စည်းပထမတစ်ဝက်ခန့်မှာတင် အဆိပ်၏ ဂုဏ်သတ္တိများကို ပြုလုပ်ပြီးနေလေပြီ။ သာမန်ဝတ်မှုန်ကဲ့သို့သော ပါဝင်ပစ္စည်းများသည် အဆိပ်၏ အနံ့ကို ပျောက်ပျယ်စေပြီး အရောင်နှင့် အရသာကိုပါ လျော့ကျစေသည်။
တစ်နာရီကျော်ကြာပြီးနောက် ရွှီဖန်းသည် ဖောက်ထွင်းမြင်ရသော သလင်းကျောက်ကဲ့သို့ အဆိပ်မှုန့် ၅၀ဂရမ်ခန့်ကို နောက်ဆုံးမှာ ထုတ်နိုင်ခဲ့သည်။
သဲမှုန့်အရွယ်လောက်သာရှိသည့် အဆိပ်မှုန့်အနည်းငယ်ကို ကိုင်၍ ရှယန်ယွိကို ပြုံးကာ ပြောပြလိုက်သည်။
"ဒီလောက်ပမာဏဆိုရင် ရှုရှိုက်မိတာနဲ့ လူကြီးတစ်ယောက်က ခန္ဓာကိုယ်တစ်ခုလုံး ထုံကျင်သွားလိမ့်မယ်၊ ရှုရှိုက်တာ ၀.၅ ဂရမ်ထက် ပိုများသွားရင် အဆိပ်ရဲ့ အကျိုးသက်ရောက်မှုကို မျှော်လင့်ထားလို့ရပြီ"
ရှယန်ယွိ ခေါင်းညိတ်လိုက်သည်။ သူမသည် ဆေးဝါးစက်ရုံ၏ ဥက္ကဌဖြစ်သော်ငြား ဆေးတွေအကြောင်း သေချာမသိပေ။ သူမသိသည်မှာ မည်သို့ စီမံခန့်ခွဲရမည်ဆိုသည့် အသေးစိတ်အချက်အလက်များသာ ဖြစ်သည်။
"ကောင်းပြီ၊ ကိုယ်တို့ အခု အဆိပ်ဖြေဆေး ထပ်ထုတ်ဖို့ လိုလိမ့်မယ်"
ရွှီဖန်း ပေါ့ပေါ့ပါးပါးပြုံးကာ ဘေးပတ်ပတ်လည်တွင် ထပ်၍ စမ်းသပ်ခဲ့သည်။ သို့သော် ဖြေဆေးက ပို၍ မြန်သည်။ ဆယ်မိနစ်မကြာခင်မှာပင် ရွှီဖန်း ပြီးသွားခဲ့သည်။
အကြောင်းအရင်းက ရိုးရှင်းပေသည်။ ဖြေဆေးအား စိမ်းပြာရောင်ဆေးအိတ်တွင် သေချာမှတ်တမ်းတင်ထားခဲ့သော်လည်း အဆိပ်ကိုမူ အကြမ်းဖျင်းသာ ရေးထားခဲ့သည်။ ထို့ကြောင့် ရွှီဖန်းမှာ အဆိပ်ကို စမ်းတဝါးဝါးဖြင့် ဖော်စပ်ခဲ့ရပြီး အဆိပ်ဖြေဆေးအလှည့်မှာတော့ မှတ်တမ်းတင်ထားသည့်
ညွှန်ကြားချက်အတိုင်း လိုက်လုပ်ရုံနှင့် ရခဲ့သည်။
အဆိပ်ဖြေဆေးသည် အရည်တစ်ခွက်ဖြစ်ပြီး အဆိပ်မှုန့်နှင့် လုံးဝကွာခြားပေသည်။ စစ်တပ်မှ သယ်ယူပြောင်းရွှေ့ရတာ လွယ်ကူစေရန် အလို့ငှာ ရွှီဖန်းသည် ပန်းရောင်ပွင့်ဖတ်များကို ယူ၍ ရေထဲမြှုပ်ထားခဲ့သည်။ သူ ပြန်ထုတ်ယူလိုက်သည့်အချိန် ပွင့်ဖတ်များက တောက်ပနေလေသည်။
"ရပြီ၊ ဒီလိုပဲ လုပ်လိုက်မယ်"
အားလုံးပြီးမြောက်သွားသည့်အခါ ရွှီဖန်း ပြုံးလိုက်သည်။
တစ်ဖက်မှာ ရှယန်ယွိသည် သူမလက်ကို မြှောက်၍ နာရီကြည့်လိုက်သည်။ ရွှီဖန်းတစ်ယောက် အဆိပ်နှင့်ဖြေဆေးကို စဖော်စပ်သည့်အချိန်မှစ၍ သုံးနာရီတောင် မပြည့်သေးပေ။
ဒါ ဘယ်လို မွန်းစတားမျိုးလဲ။
သိထားရမည်မှာ သာမန်ဆေးဝါးပညာရှင်တစ်
ယောက်အနေဖြင့် အလွန်အမင်း ယုံကြည်ချက်
အပြည့်အဝရှိခဲ့လျှင်တောင်မှ အောင်မြင်ပြီဟု ပြောနိုင်ရန်အတွက် ပါဝင်ပစ္စည်းများကို ထပ်ကာထပ်ကာ အကြိမ်ရေ ဒါဇင်လောက် စမ်းသပ်ကြလိမ့်မည်။
သို့သော် ရွှီဖန်းကတော့ အခုလို မအောင်မြင်ခင်မှာ တစ်ကြိမ်တစ်ခါမှလည်း ကြိုပြီး မစမ်းသပ်ထားဖူးပေ။
ရှယန်ယွိကတော့ ရွှီဖန်းပြောခဲ့သည့် သူအောင်မြင်
လိမ့်မည်ဟူသော စကားကို ယုံခဲ့လေသည်။
"ဒီအဆိပ်မှာ နာမည်ရှိလား"
ရှယန်ယွိ မေးလိုက်သည်။
ရွှီဖန်း အံ့အားသင့်သွားခဲ့သည်။ အဆိပ်၏နာမည်ကို မှတ်တမ်းမတင်ထားခဲ့ပေ။ သူ ခေတ္တ မျက်မှောင်ကြုတ်လိုက်မိသည်။ သူ့ခေါင်းကို ငုံ့၍ ဖြေဆေးအဖြစ် ရေထဲ ပြုတ်ခံထားရသည့် ပန်းရောင်
ပွင့်ဖတ်များကို ကြည့်လိုက်သည်။ ၎င်းက တောက်ပပြီး အနံ့မွှေးလေ၏။ ထို့နောက် သူ့ခေါင်းကို ပြန်မော့၍ သူ့အားစိုက်ကြည့်နေသည့် ရှယန်ယွိကို ကြည့်မိသည်။
ရွှီဖန်း ရယ်မောလိုက်သည်။ သူစိတ်ကူး ရသွားလေပြီ။
"ဘာကိုရယ်နေတာလဲ၊ နာမည်က ဘာလဲလို့"
ရှယန်ယွိသည် ရွှီဖန်းအားကြည့်၍ ထပ်မေးလိုက်သည်။
"မြူမိုး လို့ပဲ ခေါ်ကြရအောင်"
ရွှီဖန်း နူးနူးညံ့ညံ့ ရယ်လိုက်သည်။
အဆိပ်၏နာမည်ကို ရွှီဖန်းပြောလာသည့်အခါ ရှယန်ယွိတစ်ယောက် ရှက်သွားပြီး ဘာမှထပ်မပြောတော့ပေ။
( Translator's note - [ 烟雨 ]ခေါ် ယန်ယွိရဲ့ အဓိပ္ပာယ်က အုံ့မှိုင်းသော/မြူဆိုင်းသော မိုး လို့ အဓိပ္ပာယ်ရပါတယ်။ အဲ့ဒါကြောင့် ဟိုက ရှက်သွားတာပါ XD. )
*******************