မိုးထိမြင့်တဲ့ဈေးနှုန်း
Vol. 17 Ch. 252
သူ့ဘက်မှ စကားပြောလာမည်ကို လေးနက်စွာ စောင့်နေသော ရွှီဖန်းကြောင့် ဝမ်ပင်းလည်း ပြုံးနေခြင်းကိုရပ်ကာ လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။
"ဂန္တဝင်မိုးပျံအိုးကျမ်းကို မင်း ဘယ်မှာ သင်ခဲ့တာလဲ"
ရွှီဖန်း အနည်းငယ်မျက်မှောင်ကြုတ်မိသည်။ ကြည့်ရတာ သူကျင့်ထားတဲ့သိုင်းပညာက တော်တော် မျက်စိဖမ်းစားစဖွယ်ဖြစ်နေသည့်ပုံပင်။
"ဒီလိုကိုယ်ခံပညာအမျိုးအစားက သူ့ရဲ့ဆက်ခံသူဆီကနေ သင်ထားတာ သိသာနေတာပဲမဟုတ်လား"
ရွှီဖန်း ပြောလိုက်သည်။ အဘိုးရှ သူ့ဆရာကို မေးတုန်းက သူ့မျက်နှာပေါ်ရှိ စိတ်လှုပ်ရှားမှုကို မသိစိတ်မှအလိုလို သူပြန်သတိရသွားခဲ့သည်။
"အဲ့ဒီလူက အမျိုးသမီးလား"
ရွှီဖန်း၏စကားကိုကြားသော် ဝမ်ပင်း၏မျက်နှာပေါ်၌ ချက်ချင်းထိတ်လန့်မှုအရိပ်အယောင်များ ပေါ်လာသည်။
ရွှီဖန်း မျက်ခုံးပင့်မိသည်။ ကြည့်ရတာ ဂန္တဝင်မိုးပျံအိုးကျမ်း၏ဆက်ခံသူသည် သိုင်းလောက၌ နာမည်ကြီးသည့်ပုံပင်။
"ဒါပေါ့ မင်း ဒါကိုမေးတာ ဘာဖြစ်လို့လဲ"
ရွှီဖန်းသည် ဝမ်ပင်းကိုကြည့်၍ သံသယဖြင့် မေးခဲ့သည်။
ဝမ်ပင်းသည် ပြန်မဖြေဘဲ ခေါင်းသာညိတ်၍
"အိုခေ အဲ့ဒီတစ်ချက် အတည်ပြုပြီးရင်လုံလောက်ပြီ၊ နောက်ကျမှ ငါမင်းကို လာရှာမယ်"
သို့နှင့် ဝမ်ပင်းသည် တစ်ဖက်ကိုလှည့်ကာ ထွက်သွားတော့သည်။
ရွှီဖန်းသာလျှင် စိတ်ရှုပ်ထွေးမှုဖြင့် မျက်မှောင်ကြုတ်ပြီး ဘာမှမပြောနိုင်ခဲ့ပေ။ ထို့နောက် သူလည်း ကားထဲကို ဝင်ကာ ဟွားမန်ရှင်းသို့ ဆက်မောင်းခဲ့သည်။
ဝမ်ပင်းဆိုလိုသည်ကို ရွှီဖန်း နားမလည်သော်လည်း ၎င်းအားတွေးရန် သူ ပျင်းမိပေသည်။ သူ ဘာလုပ်
သင့်လဲဆိုတာ သူသိသည်။ သေချာပေါက် သူ့ကိုယ်သူတော့ အရှုံးပေါ်အောင် ခံစားခွင့်ပြုမည်မဟုတ်ပေ။
ရွှီဖန်း အရင်ဆုံးသွားခဲ့သည့် စားသောက်ဆိုင်သည် တုံးအသောသူဌေးပေါက်စ ကျန်းဖန်းယင်၏ဆိုင်ပင်။ ဆိုင်ဝင်ပေါက်ကို ရောက်သည့်အခါ သူ ရှော့ရသွားတော့သည်။
ယခင်က ကျန်းဖန်းယင်၏ဆိုင်သည် ဆိုင်သေးလေးသာဖြစ်ပြီး ၎င်း၏ဘေးတွင် အဝတ်အစားဆိုင်တချို့ရှိလေသည်။ တိုတောင်းသော ဆယ်ရက်အတွင်းမှာတင် ပတ်ဝန်းကျင်ရှိ အဝတ်အစားဆိုင်များသည် ကျန်းဖန်းယင်၏ ဝယ်ယူခြင်းကို ခံခဲ့ရပြီး လက်ရှိတွင် ပိုမိုကောင်းမွန်အောင် ပြုပြင်နေလျက်ရှိသည်။ သူမ၏ဆိုင်တွင်မူ လမ်းဘေးမှာပါ ဒါဇင်ခန့်ခုံများချထားရပြီး စားသုံးသူများဖြင့် ပြည့်နှက်နေသည်။
ရွှီဖန်း ကျစ်ခနဲမြည်အောင် နှုတ်ခမ်းစုပ်လိုက်မိသည်။ ကြည့်ရတာတော့ အချက်အပြုတ်နတ်ဘုရား၏တပည့်ဆီမှ ရခဲ့သော ဟင်းချက်နည်းများသည် သေမျိုးလောကတွင် တော်တော်လေးကောင်းနေသည့်ပုံပင်။
စားသုံးသူများပြားစွာရှိနေတာကြောင့် ရွှီဖန်းသည် သူ့ကားအား ယခင်အဝတ်အစားဆိုင်၏အပေါက်နားတွင် ခဏရပ်ရန်သာတတ်နိုင်ခဲ့ပြီး ဘေးပတ်လည်ကို ကြည့်လိုက်မိသည်။ တစ်ကယ်ကို သူ့ကားရပ်စရာနေရာပင် မရှိခဲ့ပေ။
"လူကြီးမင်း စားသုံးဖို့ရောက်လာတာလားခင်ဗျ"
ရွှီဖန်းတစ်ယောက် ကားရပ်ရန် တုံ့ဆိုင်းနေသည့်အချိန် အသက်၂၀အရွယ်ယောကျ်ားလေးတစ်ယောက်က သူ့အနားရောက်လာသည်။
ရွှီဖန်း ခဏအံ့သြသွားပြီး ခေါင်းညိတ်ခဲ့သည်။
"ကျွန်တော် ကားပေါ်တက်လို့ရမလား"
ထိုလူက ရွှီဖန်းကို ကြည့်၍ ပြောသည်။
"ကျွန်တော်တို့စားသောက်ဆိုင်ရဲ့ အနီးအနားမှာ ကားပါကင်ရှိပါတယ်၊ ဒါပေမယ့် အခကြေးငွေတော့ ပေးရပါတယ်"
ရွှီဖန်း ခေါင်းညိတ်၍ သဘောတူလိုက်သည်။
ကျန်းဖန်းယင်သည် စီးပွားရေးအမြင်ရှိပုံရသည်။ ဆိုင်ဖွင့်စပဲရှိသေးသော်လည်း စားသုံးသူများ၏ လိုအပ်ချက်အား အရင်ဆုံး ဖြည့်ပေးရမည်ကို သိပေသည်။
မကြာလိုက်ပေ၊ ထိုလူသည် ကားပေါ်သို့တက်ကာ ရွှီဖန်းကို လမ်းညွှန်ပြလာသည်။ လမ်းဆုံကို ဖြတ်မောင်းပြီးနောက်မှာ ကားပါကင်ကို တွေ့ခဲ့ရသည်။
ကားပါကင်အပေါက်ဝသို့ရောက်သော် ထိုလူသည် အစောင့်ကို လက်ဝှေ့ယမ်းပြ၍ အထဲဝင်စေခဲ့သည်။
သို့သော် ရွှီဖန်းစိတ်ရှုပ်ထွေးသွားရသည့်ကိစ္စမှာ စားသောက်ဆိုင်ထဲ သူလှမ်းကြည့်တုန်းက အယောက်၁၀၀လောက်တွေ့ခဲ့သော်ငြား ကားပါကင်နှင့် စားသောက်ဆိုင်ရှေ့တွင် ရပ်ထားသော ကားအစီးရေပေါင်းမှာ ၂၀လောက်သာရှိပေသည်။
တက္ကစီစီးလာတဲ့လူတွေများလား။
ရွှီဖန်း ကားကိုရပ်ပြီးနောက် အပြင်ထွက်လိုက်သည်။
"လူကြီးမင်း ကားပါကင်အချိန်က နှစ်နာရီဖြစ်ပါတယ်၊ အချိန်ကျော်သွားပါက ပြန်လည်ကောက်ခံပါ့မယ်၊ ယာဥ်ရပ်နားခကတော့ ယွမ်၂၀၀ပါ၊ ငွေသားပဲလက်ခံပြီး ပြေစာတော့မပါပါဘူးခင်ဗျ"
ရွှီဖန်း ကားထဲမှ ထွက်လာသည်နှင့် ထိုလူက အပြုံးဖြင့် ပြောလာသည်။
ရွှီဖန်း မျက်မှောင်ကြုတ်လိုက်သည်။ ဘာကြောင့် ဒီမှာ ကားလာမရပ်ကြလဲ သူနားလည်ခဲ့လေပြီ။
သို့သော်ငြား ရွှီဖန်း ဘာမှမပြောဘဲ ထိုလူအား ငွေပေးလိုက်သည်။ ဤစိတ်ကူးအား ဘယ်သူလုပ်ခဲ့သလဲဆိုတာကို သူ ကျန်းဖန်းယင်အားမေးချင်နေသည်။
ရွှီဖန်းမှ ဘာမှမပြောဘဲ ပိုက်ဆံထုတ်ပေးလာသည့်အခါ ထိုလူက အံ့သြသွားသည်။ သို့သော်ငြား ရွှီဖန်းပေးလာသည့် သူ့အရှေ့မှ ပိုက်ဆံကို ကြည့်ရင်း သူ ချက်ချင်း ပြုံးလိုက်သည်။ သိသာစွာပင် ရွှီဖန်းသည် ပိုက်ဆံများစွာရှိသောလူမှန်း သူ ခံစားမိခဲ့သည်။
"ကောင်းပါပြီ လူကြီးမင်း၊ ကျွန်တော်နဲ့ လိုက်ခဲ့ပေးပါ"
ထိုလူသည် ပိုက်ဆံကိုယူ၍ အိတ်ကပ်ထဲထည့်ပြီးနောက် ရွှီဖန်းကို ပြုံးပြလာသည်။
"ဒီကားပါကင်မှာရပ်တဲ့လူတွေက စားသောက်ဆိုင်ရဲ့ အထဲမှာ စားခွင့်ရှိပြီး ဒီမှာ မရပ်တဲ့သူတွေအတွက်တော့ အပြင်ကခုံတွေမှာပဲ စားခွင့်ရှိပါတယ်၊ ပြီးတော့ လူကြီးမင်းက ဒစ်စကောင့်လည်းရဦးမှာပါ"
ထိုလူသည် ရွှီဖန်း၏ဘေးတွင် လျှောက်နေပြီး ဂုဏ်ယူစွာဖြင့် ပြောနေသည်။
ဤစားသောက်ဆိုင်သည် ချမ်းသာသော စားသုံးသူများအတွက် ပိုကောင်းမွန်သော ဝန်ဆောင်မှုများပေးနိုင်လေသည်ဖြစ်ရာ ထိုအတွက် ဂုဏ်ယူနေခဲ့ခြင်းပင်။
ရွှီဖန်း အနည်းငယ် ခေါင်းညိတ်၍ ဘာမှပြန်မပြောခဲ့ပေ။
သူ့နှလုံးသားကတော့ ဒေါသများပြည့်နှက်နေလေပြီ။ ကျန်းဖန်းယင်တစ်ယောက် ဘာတွေလျှောက်လုပ်နေတာလဲ။
မကြာခင်မှာပင် သူ စားသောက်ဆိုင်အတွင်းသို့ ရောက်လာပြီး ထိုင်လိုက်သည်။ ထိုလူကတော့ ရွှီဖန်းမှာနိုင်ရန် မီနူးယူလာပေး၏။
မီနူးကို ဖွင့်လိုက်သည်နှင့် ရွှီဖန်း အံ့သြသွားခဲ့သည်။ ဆိုင်တွင် ဟင်းလျာများကို သာမန်ဟင်းပွဲတစ်ခုအတွက် ၁၈၈ယွမ်ဖြင့် ရောင်းချပြီး ဈေးအကြီးဆုံးဟင်းပွဲအတွက်ကိုမူ ယွမ်၂၀၀၀ကျသင့်နေသည်။ အထူးပါဝင်ပစ္စည်းများဖြင့်ချက်ထားသည့် ဟင်းပွဲများကို ဘေးဖယ်ထားလိုက်လျှင်တောင်မှ သာမန်ရိုးစင်းသောဟင်းပွဲတစ်ပွဲ၏ ဈေးနှုန်းမှာပင် အလွန်မြင့်လွန်းနေသည်။
ထိုအခိုက်အတန့်တွင် ရွှီဖန်း၏စိတ်ခံစားချက်က အလွန်အမင်းဆိုးရွားနေခဲ့သည်။ သူ အေးစက်စွာ မေးလိုက်သည်။
"မင်းရဲ့သူဌေး ဘယ်မှာလဲ"
"လူကြီးမင်း မေးချင်တာများရှိလို့လား"
ရွှီဖန်း၏ မေးခွန်းကိုကြားသော် အနားမှာရပ်နေသည့် ထိုလူက ချက်ချင်းမေးလာသည်။
"ဘာလို့ ဒီကဟင်းပွဲတွေက ဈေးအရမ်းကြီးနေတာလဲ"
ရွှီဖန်းက အေးစက်စက်မေးတုန်းပင်။
မေးခွန်းကိုကြားသော် ထိုလူသည် ရွှီဖန်းတစ်ယောက် ပိုက်ဆံမြန်မြန်ထုတ်ပေးခဲ့သည်ကိုပြန်တွေးမိပြီး ဟင်းပွဲများ၏ဈေးနှုန်းများကို စိတ်ဝင်စားနေခြင်းဟု ထင်မှတ်ခဲ့သည်။ ဒါကြောင့် သူ ပြုံးလိုက်ကာ...
"လူကြီးမင်း ကြည့်လိုက်ပါ၊ ဆိုင်မှာလာစားတဲ့လူတွေ ဒီလောက်များနေမှတော့ ကျွန်တော်တို့ဆိုင်က အစားအသောက်တွေ ဘယ်လောက်ကောင်းမှန်း သက်သေပြပြီးသားဖြစ်နေပါပြီ"
"ငါဆိုလိုတာက မင်းရဲ့သူဌေးက ဘယ်မှာလဲ"
ရွှီဖန်းမှာ ပေါက်ကွဲလုနီးပါးဖြစ်နေလေပြီ။ ဒီအတိုင်းသာဆက်သွားနေမည်ဆိုလျှင် ဖောက်သည်
အရေအတွက်မှာ လျော့ကျသွားတော့မှာဖြစ်သည်။
နောက်ဆုံးမှာတော့ ရွှီဖန်းက သူတို့သူဌေးကို တစ်
ကယ်တွေ့ချင်နေမှန်း ထိုလူ သဘောပေါက်သွားခဲ့ကာ အမူအရာပြောင်းသွားတော့သည်။
"သူဌေးက ဒီမှာ မရှိဘူး၊ လူကြီးမင်း စားဖို့ မတတ်နိုင်ဘူးဆိုလည်း ပြောပါ၊ ဒါပေမယ့် ကားပါကင်ဖိုးတော့ ပြန်ပေးမှာ မဟုတ်ပါဘူး"
ရွှီဖန်းသည် ဆိုးဆိုးဝါးဝါး မျက်မှောင်ကြုတ်မိပြီး သူ့အသက်ရှုသံများသည်လည်း မတည်ငြိမ်တော့ပေ။ ကျန်းဖန်းယင်ဆိုင်၏ အခြေအနေကို ထည့်သွင်းစဥ်းစားထား၍သာ မဟုတ်လျှင် သူ တစ်ယောက်ယောက်ကို ထရိုက်မိတော့မည်။
မည်သို့ပင်ဆိုစေကာမူ ဤကိစ္စများသည် ကျန်းဖန်းယင်၏ ပုံစံမဟုတ်ပေ။
ဒါတွေအားလုံးက ဒီလူကြောင့် ဖြစ်ပျက်နေတာများလား။
******************