ဆွေမျိုးများ
Vol. 17 Ch. 253
ထိုလူ၏ ရုပ်ဆိုးသောမျက်နှာအား ကြည့်ပြီး ရွှီဖန်း သူနှင့် ထပ်ပြီး အချိန်မဖြုန်းတော့ပေ။ သူ့ဖုန်းကို ထုတ်၍ ကျန်းဖန်းယင်အား တိုက်ရိုက်ခေါ်ခဲ့သည်။
"ဘာလဲ လူခေါ်ချင်သေးတာလား၊ စားဖို့တော့ မတတ်
နိုင်ပေမယ့် အကူအညီတောင်းဖို့တော့ သတ္တိရှိတုန်းပေါ့"
ရွှီဖန်း ဖုန်းခေါ်နေသည်ကိုမြင်တော့ ထိုလူက လှောင်ပြောင်လာသည်။ ထို့နောက် လက်ကိုဝှေ့ယမ်းလိုက်ရာ စားပွဲထိုးအနည်းငယ်သည် ရွှီဖန်းကို ဝိုင်းရံလာကြသည်။
စားပွဲထိုးများ၏ပုံစံကို ကြည့်ပြီး ရွှီဖန်း ထပ်ပြီး အံ့အားသင့်ရပြန်သည်။ စားပွဲထိုးများသည် အလွန်မြင့်ပြီး သန်မာကြကာ သူ ဘယ်လိုပဲကြည့်ပါစေ ထိုလူများသည် စားပွဲထိုးနှင့် မတူပါချေ။
"ဟယ်လို အစ်ကိုကြီးရွှီ ဘာလို့ ညီမကို ဖုန်းခေါ်တာလဲ"
ဆက်သွယ်မှုချိတ်ဆက်ပြီးသည်နှင့် ကျန်းဖန်းယင်၏ ချိုသာ၍သာယာသောအသံလေးက အံ့သြတကြီးထွက်လာသည်။
"ရှောင်ယင် ဘယ်မှာလဲ"
ရွှီဖန်း မေးလိုက်သည်။
"ငါ မင်းရဲ့ဆိုင်မှာ ရောက်နေတာ"
"အာ ကောင်းပါပြီ ညီမ ထွက်လာမယ်"
ရွှီဖန်း၏စကားကိုကြားသော် ကျန်းဖန်းယင်သည် အထိတ်တလန့်ဖြစ်ကာ ဖုန်းချသွားတော့သည်။
ရွှီဖန်း ဖုန်းချလိုက်သည်ကို မြင်သော် ထိုလူက ပြောလာသည်။
"လူကြီးမင်း စဥ်းစားပြီးပြီလား၊ ဆိုင်မှာ စားလို့ရတယ် ဒါမှမဟုတ် ထွက်သွားလို့ရတယ်၊ ဒါပေမယ့် ဒုက္ခရှာချင်ရင်တော့ သေချာစဥ်းစားပါ၊ ကျွန်တော်တို့ စားသောက်ဆိုင်ရဲ့ ကျောထောက်နောက်ခံက ဟွားမန်ရှင်းပဲ"
ဒီတစ်ကြိမ်မှာတော့ ရွှီဖန်းနားလည်သွားခဲ့လေပြီ။ ဒီကောင်က သူလုပ်နေသည့်ကိစ္စများကို ကျန်းဖန်းယင်အား ဖုံးကွယ်ထားသည့်ပုံပင်။ မဟုတ်လျှင် ရွှီဖန်း အခုလို ပြောနေသည့် ပုံစံအရ သူတို့ သူ့ကို တိုက်ခိုက်ကြမည်ပင်။ သူတို့ အခု မတိုက်ခိုက်ရသည့်အကြောင်းအရင်းမှာ စားဖိုဆောင်တွင် ရှိနေသော ကျန်းဖန်းယင် ကြားသွားမှာ စိုးသောကြောင့်ပင်။
မကြာလိုက်ပေ၊ ကျန်းဖန်းယင်သည် စားဖိုဆောင်မှ ထွက်လာပြီး အော်ပြောလာသည်။
"အစ်ကိုကြီးရွှီဖန်း ဘယ်မှာလဲ"
"ငါ ဒီမှာ"
"ဟုတ်"
ရွှီဖန်း၏ ဂရုမစိုက်ဟန်ဖြင့် ဖြေလိုက်ခြင်းက ထိုလူအုပ်ကို ချက်ချင်း ထိတ်လန့်သွားစေခဲ့သည်။ ဒီစားသုံးသူက ကျန်းဖန်းယင်ကို သိနေတာလား။
"ဖန်းယင် ဒီလူကို သိလို့လား၊ ဒီလူက စားဖို့လာတယ်ဆိုပြီး ဘာဟင်းပွဲမှ မမှာတဲ့အပြင် ဒုက္ခရှာချင်နေတာ"
ရွှီဖန်း ဘာမှမပြောရသေးခင် ထိုလူက ဦးအောင် ပြောလာသည်။
ကျန်းဖန်းယင်သည် သူတို့ကို ကြည့်၍
"ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ၊ ငါ့စားသောက်ဆိုင်ရဲ့မီနူး၊ ဆိုင်အပြင်အဆင်စရိတ်နဲ့ ဟွားမန်ရှင်းရဲ့ ပံ့ပိုးကူညီမှုတွေအကုန်လုံးကို အစ်ကိုကြီးရွှီဖန်းက ပေးထားတာ၊ သူက ဒီဆိုင်ကို ဘာလို့ ဒုက္ခလာပေးရမှာလဲ"
ကျန်းဖန်းယင်၏စကားကြောင့် ထိုယောကျ်ားများ အံ့အားသင့်သွားကြသည်။
"ရှောင်ယင် သူတို့က ဘယ်သူတွေတွေလဲ၊ ဘယ်ကလာပြီး အလုပ်လာလုပ်နေကြတာလဲ"
ကျန်းဖန်းယင် လျှောက်လာသည်ကို မြင်သည့်အခါ ရွှီဖန်း မေးလိုက်သည်။
ကျန်းဖန်းယင်သည် ခဏတာ အံ့သြသွားပြီးနောက် ရှက်ရွံ့စွာ ပြောလိုက်သည်။
"သူတို့က ညီမရဲ့ နယ်ဝေးက ဆွေမျိုးတွေပါ၊ အခု ညီမရဲ့စားသောက်ဆိုင်လေး အဆင်ပြေလာတော့ သူတို့အလုပ်လာလုပ်ကြတာ"
ရွှီဖန်း ခေါင်းညိတ်လိုက်သည်။ နောက်ဆုံးတော့ သူ နားလည်သွားလေပြီ။ ဆိုရိုးစကားအတိုင်း ချမ်းသာသောမြို့၌ ဆင်းရဲငတ်မွတ်မှုကို ဘယ်သူမှ မမေးကြပေ။ ကျန်းဖန်းယင်၏မိသားစု ဆေးဖိုးဝါးခဖြင့် ခက်ခဲနေသည့်အချိန် ထိုလူများကို မတွေ့ခဲ့ရပေ။ ယခုတစ်ကြိမ်တွင် ကျန်းဖန်းယင်၏ စားသောက်ဆိုင်မှာ ပိုမိုကောင်းမွန်လာတာကြောင့် သူတို့ လာပြီး အလုပ်
လာလုပ်နေကြသည်။
"ဒါကိုကြည့်စမ်း၊ မင်း လုပ်ထားတာလား"
ရွှီဖန်းသည် စားပွဲပေါ်ရှိ မီနူးကို ကျန်းဖန်းယင်အား ပေးလိုက်သည်။
"ဘာလုပ်ဖို့လဲ"
ကျန်းဖန်းယင်မှ မီနူးစာအုပ်ကို လှမ်းယူသည့်အခါ ထိုလူက မီနူးကို လှမ်းဆွဲလာသည်။
ရွှီဖန်း သူ့ကိုကြည့်၍ အေးစက်စွာပြောလိုက်သည်။
"မီနူးပြလိုက်၊ ဘယ်လိုလူတွေကို သူဖိတ်ခေါ်ထားမိလဲ သိအောင်လို့"
"အစ်ကိုကြီးရွှီ ဘာပြောလိုက်တာလဲ"
ကျန်းဖန်းယင်သည် ရွှီဖန်းအားကြည့်၍ သူမဘေးမှ လူတွေကို ရှော့ရစွာ ကြည့်လိုက်မိသည်။
"အစ်ကိုဖန်ပင်း ဘာတွေဖြစ်နေတာလဲ"
ကျန်းဖန်ပင်းက အေးစက်စွာပြော၏။
"ဖန်းယင် စိတ်မပူနဲ့၊ သူ ဒီကိုလာတာ ပြဿနာလာရှာတာပဲ"
ထို့နောက် သူ့လက်ကိုဝှေ့ယမ်း၍ သူ့အနောက်မှ ကြီးထွားသန်မာသောလူလေးယောက်ကို ပြောလိုက်သည်။
"သူ့ကို အပြင်ထုတ်လိုက်!"
ရွှီဖန်း နှာမှုတ်လိုက်သည်။ သူအခုထိ ဘာလှုပ်ရှားမှုမှ မလုပ်ရသေးသော်လည်း ဒီလူတွေက သူ့ကို စတိုက်
ခိုက်လာလေပြီ။
လူသတ်သမားဆယ်ယောက်နှင့် ကြုံလာခဲ့ရတာကြောင့် ရွှီဖန်းသည် နဂိုကတည်းက ဒေါသအပြည့်ဖြစ်နေသည်ဖြစ်ရာ အခုတော့ သူ့ဒေါသကို ဖြေလျှော့ရန် အခွင့်အရေးတွေ့လေပြီ။
ရွှီဖန်း၏အနည်းငယ်မျှသော လှုပ်ရှားမှုနှင့်တင် လူအနည်းငယ်သည် မြေပြင်ပေါ်သို့ ပြိုလဲကျသည်အထိ ရိုက်နှက်ခံခဲ့ရသည်။
ထိုအခိုက်အတန့်တွင် တစ်ဖက်မှ ဖောက်သည်များသည်လည်း တစ်ခုခုမှားယွင်းနေမှန်း သတိထားမိကုန်ကြသည်။
လန့်သွားကြသည့်စားသုံးသူများအား ရွှီဖန်းကြည့်၍
"အားလုံးကို တောက်းပန်ပါတယ်၊ ဒီနေ့စားသမျှဟင်းပွဲတိုင်းက အလကားပါ၊ နောင်ကျရင်လည်း ဒီလောက်ဈေးကြီးမှာမဟုတ်တော့ပါဘူး"
အစကတည်းက စားသုံးသူများသည် အလွန်အမင်းချမ်းသာသူများမဟုတ်ကြပေ။ ဒီက အစားအသောက်များသည် အလွန်မွှေးကြိုင်၍ ကောင်းလွန်းကာ ၎င်း၏သက်ရောက်မှုကြောင့် အိမ်မှ အစားအစာများသည်ပင် မျိုချရခက်သည်ဟု သူတို့ခံစားခဲ့ရသည်။ ဒါကြောင့် ဈေးကြီးသော်လည်း ဆာလောင်သည့်ဝေဒနာကို ခံနိုင်ရည်ရှိရန် ဒီမှာ လာစားကြခြင်းဖြစ်သည်။ နောင်တွင် ဈေးကြီးတော့မည်မဟုတ်ဟု ရွှီဖန်းမှ ပြောလာသည့်အခါ သူတို့လည်း သဘာဝကျစွာ ပျော်ရွှင်သွားကြလေသည်။
ထိုအချိန် ကျန်းဖန်ပင်းသည် မြေပြင်ပေါ်ရှိ လူများကိုကြည့်ပြီး ထိတ်လန့်သွားခဲ့ကာ ခြေထောက်များပျော့ခွေပြီး မြေပြင်ပေါ်သို့ လဲကျသွားလေသည်။
ထိုလူများသည် ကျန်းဖန်းယင်၏စားသောက်ဆိုင်ကို အသုံးချ၍ ငွေအမြောက်အများရှာနိုင်ရန် ရွာမှ ခေါ်လာခဲ့သော သန်မာသောလူများဖြစ်သည်။ တစ်ပတ်အကြာမှာပင် ရွှီဖန်း ပေါ်လာလိမ့်မည်ဟု မထင်ခဲ့ပေ။
ရွှီဖန်းသည် မြေပြင်ပေါ်မှ မီနူးကို ကောက်၍ ကျန်းဖန်းယင်ကို ကမ်းပေးခဲ့သည်။
"မင်းဘာသာပဲ ကြည့်လိုက်"
ကျန်းဖန်းယင်သည်လည်း ရွှီဖန်း၏တိုက်ခိုက်မှုကြောင့် ထိတ်လန့်နေခဲ့သည်။ မီနူးအား သူကမ်းပေးလာသည့်အခါ သူမ ခေါင်းညိတ်၍ ယူလိုက်သည်။
မီနူးကိုဖွင့်လိုက်သည်နှင့် သူမ ထိတ်လန့်သွားခဲ့သည်။ မီနူးထဲတွင် မည်သည့်စားသောက်ဆိုင်ကဟု မရေးထားသော်လည်း ဟင်းပွဲများအားလုံးသည် သူတို့ဆိုင်မှ ဖြစ်သည်။
"ဘာလို့ ဒီလောက်တောင် ဈေးကြီးနေရတာလဲ"
ရွှီဖန်းသည် ကြမ်းပြင်ပေါ်မှ ကျန်းဖန်ပင်းကို လက်ညှိုးထိုး၍ အေးစက်စွာ ပြောလိုက်သည်။
"သူ့ကို မေးလိုက်"
ကျန်းဖန်းယင်သည်လည်း နောက်ဆုံးမှာတော့ ရွှီဖန်း ဘာလို့ သူမဆွေမျိုးအား အခုလို ဆက်ဆံနေရသလဲဆိုတာကို နားလည်သွားခဲ့လေပြီ။ လက်ရှိတွင် သူမ အလွန်ဒေါသထွက်နေမိသည်။ ကျန်းဖန်ပင်း၏လုပ်ဆောင်မှုသည်သူမ၏စားသောက်ဆိုင်အား ပျက်ဆီးအောင် တွန်းအားပေးနေခြင်းပင်။
"ကျန်းဖန်ပင်း ဒါတွေအားလုံးကို နင်လုပ်ခဲ့တာလား"
ကျန်းဖန်းယင်သည် ကြမ်းပြင်ပေါ်တွင် ထိုင်နေရသော ကျန်းဖန်ပင်းအား မောင်လေးဟုတောင် မခေါ်တော့ဘဲ နာမည်အရင်းကိုသာ ခေါ်၍ မေးခဲ့သည်။
ကျန်းဖန်းယင်၏ ဒေါသထွက်နေသော အမူအရာကို ကြည့်ပြီး ကျန်းဖန်ပင်း၏မျက်နှာမှာ အေးစက်သွားခဲ့သည်။
"ဖန်းယင် နင်မြင်တဲ့အတိုင်းပဲ ငါတို့ ဈေးကြီးကြီးရောင်းနေတာတောင် သူတို့လာဝယ်စားနေကြတာပဲ မဟုတ်လား၊ ဒါကြောင့် နည်းနည်းဈေးမြှင့်ရောင်းတော့ရော ဘာဖြစ်လို့လဲ၊ ငါက နင့်အကျိုးအမြတ်အတွက် တွေးပေးနေတာ"
"ပိုက်ဆံကရော ဘယ်လိုလဲ၊ ဘာလို့ ငါက နဂိုသာမန်ငွေပမာဏကိုပဲ ရနေခဲ့တာလဲ"
ကျန်းဖန်းယင်သည် မျက်နှာမထောက်တော့ဘဲ ဆက်မေးခဲ့သည်။
"ငါ....ဖန်းယင် ငါတို့အားလုံးက ဆွေမျိုးတွေလေ၊ နင့်မှာ ဒီလောက် စားသောက်ဆိုင်ကြီးရှိနေမှတော့ ငါ အဆီအနှစ်နည်းနည်းလောက် ယူလိုက်တာက သဘာဝကျတာပဲ မဟုတ်ဘူးလား၊ နင် လွန်လွန်ကဲကဲ မဖြစ်နေဘူးလား"
ထိုအချိန်၌ ကျန်းဖန်ပင်းသည် မျက်နှာဖုံးကို ဆွဲခွာလာပြီး ဆွေမျိုးဆိုသည့် ဆိုင်းဘုတ်ကြီးကို ထုတ်သုံးလာလေသည်။ ကျန်းဖန်ပင်း၏ အမူအရာကို ကြည့်ပြီး ကျန်းဖန်းယင်၏နှလုံးသားလည်း အေးစက်သွားခဲ့သည်။ သူမခေါင်းကို လှည့်၍ ရွှီဖန်းကို ပြောလိုက်သည်။
"အစ်ကိုကြီးရွှီ ဒီကိစ္စကို ဘယ်လိုဖြေရှင်းချင်လဲ၊ အစ်ကိုကြီး ဆန္ဒရှိသလို စီမံလိုက်ပါ"
*********************