ရဲခေါ်တာ အသုံးမဝင်ဘူး
Vol. 17 Ch. 254
ကြမ်းပြင်ပေါ်မှ ကျန်းဖန်ပင်းကို ကြည့်၍ ရွှီဖန်း အေးစက်စွာ မေးလိုက်သည်။
"မင်းတို့နှစ်ယောက်က ဆွေမျိုးတွေဆိုတာ မင်းလည်း သိသားပဲ၊ ရှောင်ယင်တို့ စားဝတ်နေရေးအတွက် နည်းလမ်းရှာနေရပြီး ပိုက်ဆံလိုက်ချေးနေရတဲ့အချိန် မင်း ဘယ်ရောက်နေတာလဲ"
"ငါ အဲ့ဒီတုန်းက ပိုက်ဆံမရှိဘူး၊ ပိုက်ဆံမရှိမှတော့ ဘာလုပ်ပေးလို့ရမှာလဲ"
ရွှီဖန်း၏မေးခွန်းကိုကြားသော် ကျန်းဖန်ပင်းသည် ယုံကြည်ချက်ရှိစွာဖြင့် ပြန်ဖြေလာလေသည်။
ရွှီဖန်းမှာတော့ ကျန်းဖန်ပင်းကိုကြည့်ပြီး ဒီလူကဲ့သို့သော လူစားမျိုးသည် လူရမ်းကားဖြစ်သည်ဟု စိတ်ထဲမှတ်ချက်ချခဲ့သည်။ ထိုကဲ့သို့သော လူမျိုးအား ရွှီဖန်းမှ အကျိုးသင့်အကြောင်းသင့်ဆက်ဆံရန် မဖြစ်နိုင်ပါချေ။
ဒါကြောင့် ရှောင်းချောင်၏ဖုန်းနံပါတ်ကိုသာ တိုက်ရိုက် ခေါ်ဆိုခဲ့သည်။ ထိုကဲ့သို့သောလူမျိုးနှင့် ဆက်ဆံရန်အတွက်ဆိုလျှင် ရှောင်းချောင်လို ဂိုဏ်းစတားခေါင်းဆောင်ထံ၌ နည်းလမ်းများစွာရှိပေသည်။
"ဟယ်လို ရွှီဖန်း ကိစ္စရှိလို့လား"
ဖုန်းဖြေပြီးနောက် ရှောင်းချောင်က ချက်ချင်း အမေးရှိလာသည်။ ရွှီဖန်းသည် အလုပ်ရှုပ်နေတာကြောင့် ကိစ္စတစ်ခုခုသာ မရှိလျှင် သူမကို ဖုန်းခေါ်လိမ့်မည်မဟုတ်မှန်း သူမသိသည်။
ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို ရွှီဖန်း ပြောပြခဲ့သည်။
သူ ပြောပြီးသည်နှင့် ရှောင်းချောင်သည် စိတ်ဆိုးတကြီးဖြင့်
"ဒီလူတွေ ဘာကို သောက်ကျိုးနည်း လုပ်နေကြတာလဲ၊ ခဏစောင့်...ကျွန်မလည်းအခုမြို့ထဲရောက်နေတာ လူနှစ်ယောက်ခေါ်ပြီးလာခဲ့မယ်"
ဖုန်းချပြီးနောက် ရွှီဖန်း ဆောင့်ကြောင့်ထိုင်၍ ကျန်းဖန်ပင်းကို ပြောလိုက်သည်။
"လုံလောက်ပြီ၊ ကိုယ်ကျင့်တရားကောင်းသလို ထပ်ပြီးဟန်ဆောင်မနေနဲ့တော့၊ မင်း မရှက်ဘူးလား၊ အခု မင်းလှည့်စားပြီး ငမ်းငမ်းတက်ယူထားတဲ့ ပိုက်ဆံတွေအကုန်လုံးပြန်လွှဲပေးလိုက်"
ရွှီဖန်းပြောခဲ့သည့်စကားများကြောင့် ကျန်းဖန်ပင်းသည် အလုပ်ထုတ်ခံရမည်ကို ပြင်ဆင်ထားလေသည်။ သို့သော် ပိုက်ဆံပြန်လွှဲပေးရမည်ဆိုလျှင်တော့ မတူတော့ပေ။ ပြီးခဲ့သည့် တစ်ပတ်အတွင်းမှာ သူ စုစုပေါင်း ယွမ်၁သိန်း၃သောင်းခန့် ရှာနိုင်ခဲ့လေသည်။
"မပေးနိုင်ဘူး! ဘာလို့ ငါ့စွမ်းရည်နဲ့ရှာထားခဲ့ရတဲ့ ပိုက်ဆံတွေကို ပြန်ပေးရမှာလဲ"
ကျန်းဖန်ပင်းသည် ချက်ချင်းပင် ရွှီဖန်း၏အကြံကို ငြင်းပယ်လာသည်။
"မင်းရဲ့စွမ်းရည်ကိုအသုံးပြုပြီး ရှာထားတယ်
ဟုတ်လား၊ မင်းက ဒီစားသောက်ဆိုင်ရဲ့ကျော်ကြားမှုကနေ စောက်အမြတ်ကို ထုတ်ထားတာကွ!"
ရွှီဖန်းသည် ထိုလူအား အော်ခဲ့သော်လည်း ဘာမှတော့ မလုပ်ခဲ့ပေ။ လူဆိုးအား အရိုးကြိတ်ရန်အတွက် လူဆိုးကိုပဲ လိုအပ်ပေသည်။ သူ ရှောင်းချောင်ရောက်လာမည့်အချိန်ကိုသာ စောင့်ရန်လိုအပ်ပြီး သူမဂိုဏ်းလက်ထဲကို လွှဲပေးလိုက်မည်။
ဒါကြောင့် သူ စကားဆက်ပြောရန် စိတ်မဝင်စားတော့ဘဲ ကျန်းဖန်းယင်နှင့်အတူ ထိုင်ခုံတွင်အတူထိုင်တာ ရှောင်းချောင်ရောက်လာမည်ကို စောင့်နေခဲ့သည်။
ရှောင်းချောင်၏တည်နေရာသည် ဆိုင်နှင့် သိပ်မဝေးပေ။ သူမသည် လူနှစ်ယောက်ကို ခေါ်၍ အမြန်ရောက်လာသည်။ သူတို့ထဲကတစ်ယောက်ကတော့ ရွှီဖန်းနှင့် နှစ်ကြိမ်တိုက်ခိုက်ဖူးသည့် အားလုံပင်။
"သူပဲ၊ သူ အလစ်သုတ်ထားတဲ့ပိုက်ဆံတွေ ပြန်ထုတ်ပေးပြီး နောင်မှာ ဒီစားသောက်ဆိုင်ရဲ့နာမည်ကိုရော ဟွားမန်ရှင်းရဲ့နာမည်ကိုပါ ထပ်ပြီးအသုံးမပြုဖို့ ကတိပေးအောင် လုပ်ပေးပါ"
ရွှီဖန်းသည် အာလာပသလ္လာပပြောရန် အလွန်ပျင်းနေတာကြောင့် ကြမ်းပြင်ပေါ်ရှိ ကျန်းဖန်ပင်းကိုသာ ညွှန်ပြလိုက်သည်။
အားလုံက ခေါင်းညိတ်သည်။ ထိုကဲ့သို့သောကိစ္စမျိုးသည် သူ့အတော်ဆုံးအရာဖြစ်သည်။
"အစ်ကိုလုံ အစ်ကိုလုံ ကျွန်တော်ပါ ဖန်ပင်းလေ!"
အားလုံကိုမြင်သည့်အခါ ကျန်းဖန်ပင်းသည် သူ့ကျေးဇူးရှင်အား မြင်တွေ့လိုက်ရသကဲ့သို့ ပြုမူလာသည်။ သူ ချက်ချင်းမတ်တပ်ရပ်ကာ စိတ်လှုပ်တရှား အော်လာလေသည်။
ထိုမြင်ကွင်းကြောင့် ရှောင်းချောင်လည်း အားလုံဘက် လှည့်၍ မေးခဲ့သည်။
"သူ့နဲ့ သိတာလား"
အားလုံသည် ခေါင်းခါယမ်း၍
"စားသောက်နေတဲ့အချိန်တုန်းက မြင်ဖူးတာထင်တယ်၊ မမှတ်မိဘူး"
"အစ်ကိုလုံ!"
အားလုံပြန်ဖြေသည်ကို ကြားသည့်အခါ ကျန်းဖန်ပင်းသည် ထိတ်လန့်မှုဖြင့် မျက်လုံးများပြူးကျယ်လာပြီး အော်လာသည်။ အားလုံကတော့ ဘာကိုမှ ဂရုမစိုက်နေဘဲ ရှေ့ကိုတက်ကာ ကန်ချလိုက်သည်။
ထို့နောက် ဆောင့်ကြောင့်ထိုင်၍ ကျန်းဖန်
ပင်း၏လက်တစ်ဖက်ကို ဆွဲယူကာ ပြောလိုက်သည်။
"အစ်ကိုရွှီ အခုပဲ ပြောလိုက်တာကို မင်း မကြားဖူးလား"
ပြောပြီးသည်နှင့် အားလုံမှ သူ့လက်ကို ချိုးလိုက်ရာ အရိုးကျိုးသည့်အသံက ထွက်လာခဲ့သည်။
"အား!!!!!"
ကျန်းဖန်ပင်း၏အော်သံကြောင့် ကျန်ရှိနေသော စားသုံးသူများလည်း ချက်ချင်း ထွက်ခွာသွားကြ
သည်။ သူတို့ထပ်ပြီးတော့ ပွဲကြည့်ပရိတ်သတ်မလုပ်ရဲတော့ချေ။ ရဲကို တိတ်တဆိတ်ခေါ်နေသည့် တစ်စုံတစ်ယောက်ကိုပင် ရွှီဖန်း တွေ့ခဲ့ရသည်။
"အစ်ကိုကြီးရွှီ ဒါ ဒါက အရမ်းမများလွန်းဘူးလား"
ကျန်းဖန်းယင်သည် တွန့်ဆုတ်ဆုတ်ဖြင့် ပြောလာသည်။
ရွှီဖန်း ခေါင်းခါယမ်းလိုက်သည်။ ဒီကနေ သူ သင်ခန်းစာကောင်းကောင်းသင်ယူရလိမ့်မည်။ မဟုတ်လျှင် ဒီနေ့ ပိုက်ဆံပြန်အပ်ပြီးလျှင်တောင် နောက်တစ်နေ့ကျ ဆိုင်နာမည်ကိုသုံး၍ စားသုံးသူတွေကို ထပ်ပြီး လှည့်စားနေလိမ့်မည်။
"ပိုက်ဆံ ပြန်ပေးမယ်!"
လက်မှနာကျင်မှုကို မခံစားနိုင်တော့တာကြောင့် ကျန်းဖန်ပင်းသည် ပြင်းပြင်းထန်ထန်မောဟိုက်နေသော်လည်း အံကြိတ်၍ ပြောလာသည်။
"နောက်တော့ရော"
အားလုံက အေးစက်စွာမေးသည်။ သူ့လက်ကိုလည်း တစ်ခြားလက်တစ်ဖက်ပေါ်မှာ တင်ထားလေသည်။
သူ၏ကျန်လက်တစ်ဖက်ပေါ်မှ အားလုံ၏လက်ကို ခံစားမိတာကြောင့် ကျန်းဖန်ပင်းသည် စိုးရိမ်တကြီး ကတိပေးလာသည်။
"ငါ ဒီစားသောက်ဆိုင်နဲ့ ဟွားမန်ရှင်းရဲ့နာမည်ကိုလည်း အလွဲသုံးစားမလုပ်တော့ဘူး"
ထို့နောက် ချက်ချင်းပင် အိတ်ထဲမှ ကတ်ကို ထုတ်ပေး၍
"ဒီထဲမှာ တစ်သိန်းသုံးသောင်းရှိတယ်၊ ငါရထားတာအကုန်ပဲ၊ လျို့ဝှက်နံပါတ်က ခြောက် ရှစ်"
အားလုံ ခေါင်းလှည့်၍ ရွှီဖန်းကိုကြည့်လိုက်သည်။ ရွှီဖန်း ခေါင်းညိတ်ပြလိုက်မှသာ သူ ကျန်းဖန်ပင်းကို လွှတ်ပေးလိုက်သည်။ ကျန်းဖန်ပင်းကတော့ ကြမ်းပြင်ပေါ်တွင် လှဲချကာ အသက်ပြင်းပြင်းရှူသွင်းနေသည်။
ရွှီဖန်း ရှေ့ကို တက်လာပြီး ကြမ်းပြင်ပေါ်မှ ကတ်ကိုကောက်ယူကာ ကျန်းဖန်းယင်ကို ပေးလိုက်သည်။
"မနက်ဖြန် စားသောက်ဆိုင်မှာ စားပွဲ၁၀၀ အခမဲ့လုပ်ပေးရမယ်၊ ဟင်းပွဲတွေရဲ့ဈေးနှုန်းကို သာမန်
အတိုင်းပြန်လျှော့ချပြီး တခြားစားသောက်ဆိုင်တွေထက် ၁၀ယွမ်ပဲ တိုးယူပါ"
ကျန်းဖန်းယင်က ကတ်ကိုလှမ်းယူပြီး ခေါင်းညိတ်လေသည်။
ထိုအချိန် ရဲကား၏အသံများကို ကြားလိုက်ရသည်။ စားသောက်ဆိုင်ရှေ့တွင် ရဲကားတစ်စီးရပ်သွားပြီး
ရဲတပ်ဖွဲ့ဝင်လေးဦးသည် ဆိုင်ထဲပြေးဝင်လာကြသည်။
ကြမ်းပြင်ပေါ်တွင်လဲနေသည့် လူငါးယောက်အပြင် ကျန်းဖန်ပင်း၏ ပုံပျက်နေသော လက်ကိုမြင်သည့်
အခါ သူတို့ အသက်ပြင်းပြင်းရှူသွင်းလိုက်မိသည်။
"မလှုပ်နဲ့ အားလုံး ခေါင်းကိုလက်နှစ်ဖက်နဲ့အုပ်ပြီး ထိုင်ကြစမ်း!!!"
ရဲခေါင်းဆောင်က အော်လာသည်။
"အိုး အရာရှိခင်ဗျ အကြောင်းအရင်း မမေးတော့ဘူးလား"
ထိုရဲကိုမြင်တော့ ရွှီဖန်းသည် ရုတ်တရက်ရယ်မောပြီး ပြောခဲ့သည်။
ထိုနေ့က သူ့အား ရဲစခန်းသို့ ခေါ်ဆောင်သွားခဲ့သည့် ရဲမှလွဲ၍ တခြားရဲတပ်ဖွဲ့ဝင် မဟုတ်ခဲ့ပေ။
ရဲလည်း ခဏတာ အံ့သြသွားခဲ့သည်။ သူ လှည့်ကြည့်လိုက်တော့ ရွှီဖန်း၏ ပြုံးနေသော မျက်နှာကို မြင်လိုက်ရသည်။
မျက်စိတစ်မှိတ်စာအတွင်းမှာပင် အေးစက်သောလေကို သူ ရှူသွင်းလိုက်မိသည်။ ဒီလူအားထုတ်ပေးရန်
အတွက် ချန်ဟိုင်းစစ်တပ်ချုပ်ရုံးမှ တပ်သားခေါင်းဆောင်သည် ကောင်းစွာလေ့ကျင့်ထားသည့်
တပ်သားများကို ခေါ်လျက် သူတို့ရဲဌာနသို့ လာခဲ့သည်ကို သူမှတ်မိပေသည်။
"အမ် အာ...ဒီမှာ ဘာတွေဖြစ်နေတာလဲ"
ရဲက တည်ငြိမ်သောလေသံဖြင့် မေးသည်။
ရွှီဖန်းသည် မြေပြင်ပေါ်မှ လူကို ညွှန်ပြ၍
"ဒီလူတွေက ဒီဆိုင်မှာ ပြဿနာလာရှာကြတာလေ၊ ခင်ဗျား သူတို့ကို ဖမ်းပြီး ဆယ်ရက်ကနေ လတစ်ဝက်အထိ အချုပ်ချထားနိုင်တယ်"
ရွှီဖန်းသည် ထိုသို့ပြောပြီးနောက် တည်ငြိမ်စွာ ထပ်
ဖြည့်ပြောခဲ့သည်။
"ကျွန်တော်တို့က ကိုယ့်အတွက်ကိုယ် ကာကွယ်ကြတာပါ"
"အာ ကောင်းတယ် ကောင်းတယ်!"
ရဲသားက ခေါင်းအမြန် ညိတ်လာသည်။ သူ ဘာမှ မပြောရဲခဲ့ပေ။ ဒီဆရာကြီးဟာ သူ ရန်စရန် တတ်နိုင်သည့် လူမဟုတ်ပေ။ ဒါကိုတွေးလျက် သူ့အနောက်မှာ စိတ်ရှုပ်ထွေးစွာရပ်နေကြသည့် ရဲများကို အော်၍ ပြောလိုက်သည်။
"ဘာလုပ်နေကြတာလဲ၊ မကြားလိုက်ဘူးလား၊ သူတို့ကို ဖမ်းကြစမ်း!"
တခြားသောရဲသားများသည်လည်း သူတို့ခေါင်းဆောင်အား ယခုကဲ့သို့ မြင်လိုက်ရသည့်အခါ တခြားဘာမှ မတွေးရဲတော့ဘဲ သူ ပြောသလို ချက်ချင်း လုပ်ဆောင်ခဲ့သည်။ တစ်ချိန်တည်းမှာပင် သူတို့သည် မသိစိတ်မှအလိုလို ရွှီဖန်းကို ကြည့်လိုက်မိပြီး သူတို့စိတ်ထဲ၌ တွေးမိကြသည်။
"ငါတို့ ဒီလူကို အနာဂါတ်မှာ ရန်စလို့ လုံးဝမရဘူး"
ရွှီဖန်း ပြုံး၍ ကျန်းဖန်းယင်ကို ပြောလိုက်သည်။
"စားပွဲထိုးအသစ် ခေါ်လိုက်ပါ၊ ဆွေမျိုးတွေကို ထပ်ပြီး လက်မခံနဲ့"
****************