ဇာတ်လမ်းကို ဆက်ကြည့်ကြတာပေါ့
Vol. 7 Ch. 608
ပိုင်ဟောက်ကား လုံးဝထင်ပေါ်ကျော်ကြားလာချေပြီ။ သူက ပိုင်ချီကို ချေမှုန်းခဲ့ပြီး နတ်ဝိညာဥ်ကို ခိုးယူခဲ့ကာ ပိုင်မျိုးနွယ်စုတစ်စုလုံးကို အံ့သြတုန်လှုပ်ခြင်းဒီရေလှိုင်းများ လွှမ်းမိုးသွားစေခဲ့သည်။
အခြားသော မျိုးနွယ်စုနှစ်စုမှ ကိုယ်စားလှယ်များမှာမူ အလွန်အမင်း အံအားသင့်သွားတော့သည်။
သရဲကြီးမြို့တော်မှ သံတမန်၏ မျက်လုံးများမှာ တလက်လက်တောက်ပနေပြီး ဖြစ်ပျက်နေသည်တို့အား အချိန်အတော်ကြာကတည်းက မြို့တော်ဆီသို့ ပြန်သတင်းပို့ထားခဲ့ပြီး ဖြစ်သည်။ အစောပိုင်းက သူသည် ဤမျှနှင့် ပြီးသွားပြီဟု ထင်ခဲ့ေသာ်လည်း ဇာတ်လမ်းက အစသာရှိသေးသည်ဖြစ်ကြောင်း သူ တစ်ခါမှ မတွေးမိခဲ့ပေ။
" အောက်လမ်းဆရာသခင်"
" ပိုင်ဟောက်က မျိူးနွယ်စုရဲ့ အမှိုက်၊ အဆင့်နိမ့်လွန်းလို့ အဖက်လုပ်ဖို့တောင်မတန်တဲ့ မျိုးမစစ်သားဆိုပြီး လူတိုင်းပြောပြောနေကြတာ။ သူ့ ပါရမီက အဆိုးဆုံးဆိုပြီးတောင် ပြောကြသေးတယ်။ ဒါပေမဲ့ အခုကျ အနိမ့်တကာ့ အနိမ့်ဆုံးက ကြားတောင်မကြားဖူးတဲ့ ကျင့်ကြံခြင်းအဆင့်ထိ ရောက်နေတာတဲ့လား "
" လူတွေကပြောတယ် သူက အောက်လမ်းပညာရပ်မှာလဲ ပါရမီမရှိဘူးတဲ့။ ဒါပေမဲ့ အခုတော့ တစ်ခါတည်းနဲ့ ခုနစ်ရောင်ခြယ်မီးတောက်ကို ဖန်တီးနိုင်ပြန်တယ်။ သူက ပါရမီရှင်မဟုတ်ရင် ဘာလဲ "
" အယောင်ဆောင်သာ မဟုတ်ရင်တော့ "
သို့သော် လူတိုင်း အံ့သြတုန်လှုပ်၍ ဒယိမ်းဒယိုင်ဖြစ်နေစဥ် ပိုင်ရှောင်ချန်းသည် ယခုထက်ထိ မီးတောက် ဖန်တီး၍မပြီးသေးဘဲ ဘိုးဘွားပိုင်နယ်မြေထဲတွင် ရှိနေသည်။ သူက လက်ကို ဝှေ့လိုက်သည်နှင့် ခုနစ်ရောင်ခြယ်မီးတောက်မှာ ပြန့်သွားပြီး ပို၍များပြားသော အမုန်းဝိညာဥ်များကို ဝါးမြိုလိုက်သည်။ ထိုနည်းလမ်းက သာမန်အောက်လမ်းဆရာများဆိုလျှင် သတိပင် ထားမိနိုင်မည်မဟုတ်သော်လည်း တရားစီရင်ရေးရာခန်းမမှ မဟာအကြီးအကဲနှင့် အခြားသောပညာရှင်များမှာ ပင့်သက်ရှိုက်သွားကြရတော့သည်။
" ဒါက "
မီးပင်လယ်ကြီး ပိုင်ရှောင်ချန်း၏လက်ဝါးအထဲ ပြန်စုဆုံသွားစဥ် ခုနစ်ရောင်ခြယ်မီးတောက်ထဲတွင် နောက်ထပ်အရောင်တစ်ခုကို မြင်နိုင်လေသည်။ ထို့နောက် သူက လက်ဖြန့်ပြလိုက်သည်တွင်..... ရှစ်ရောင်ခြယ်မီးတောက်တစ်ခု ပေါ်လာတော့သည်။
ထိုအခြင်းအရာက ပို၍ အံ့သြတုန်လှုပ်ခြင်းများ
ဂယက်ရိုက်သွားစေသည်။ အထူးသဖြင့် ပိုင်ရှောင်ချန်းက အလုပ်ကို မည်သို့ ချောချောမွေ့မွေ့ ပြုလုပ်သွားခဲ့ကြောင်း စဥ်းစားလိုက်သောအခါမှာ ဖြစ်ပေသည်။ သူ့အတွက် ရှစ်ရောင်ခြယ်မီးတောက်ဖန်တီးခြင်းကဲ့သို့ ရိုးရှင်းသောအလုပ်မရှိသည့်အလား။
ထိုမြင်ကွင်းက မျိုးနွယ်စုခေါင်းဆောင်၏ မျက်လုံးများကို ကျဥ်းမြောင်းသွားစေသည်။ သို့သော် ရှစ်ရောင်ခြယ်မီးတောက် ပြန့်သွားပြီး ပို၍များပြားသော အမုန်းဝိညာဥ်များအား ဝါးမြိုကာ နောက်ထပ်မီးတောက်တစ်ခု ပေါ်လာသည်တွင် သူ၏ မျက်လုံးများသည် လက်ဖက်ရည်ပန်းကန်ပြားတမျှ ဝိုင်းစက်ပြူးကျယ်သွားလေသည်။
ယခုအခါ…
ကိုးရောင်ခြယ်မီးတောက်။
တအံ့တဩအော်ဟစ်သံများ ထွက်ပေါ်မလာခင်မှာပင် ပိုင်ရှောင်ချန်းက လက်ချောင်းများကို ဖြန့်လိုက်ရာ ကိုးရောင်ခြယ်မီးတောက်က အရပ်မျက်နှာတစ်ခွင် ပျံ့နှံ့သွားတော့သည်။
သူသည် မီးပင်လယ်တစ်စင်း ခြံရံလျက် လေပေါ်ဝဲနေစဥ် သူ၏ ဝိညာဥ်သိုလှောင်စေတီထဲမှ ပိုမိုများပြားသော အမုန်းဝိညာဥ်များ ထွက်လာပြီး ကိုးရောင်ခြယ်မီးတောက်က ဝါးမျိုသွား၏။ ပိုင်ရှောင်ချန်းက သူ့လက်ကို ပိတ်လိုက်ပြီးနောက် ပြန်ဖွင့်လိုက်စဥ်.....သူ့လက်ထဲတွင်ကား ဆယ်ရောင်ခြယ်မီးတောက် ။
" ဆယ်ရောင်ခြယ်မီးတောက်"
" အောက်လမ်းဆရာသခင်အဆင့်ရဲ့ ထိပ်ဆုံး"
" ဘုရားရေ ငါများ ထင်ယောင်ထင်မှားဖြစ်နေတာလား။သူက တစ်ရောင်ခြယ်မီးတောက်ကနေ ဆယ်ရောင်ခြည်မီးတောက်အထိ တစ်ခါတည်း သွားနေတာပါလား။ ဘယ်လိုလုပ် ဖြစ်နိုင်မှာတုန်း "
ထိုအချိန်တွင် တစ်ယောက်မှ တအံတသြ မအော်ဟစ်ဘဲ မနေနိုင်ကြတော့ပေ။ ဤအခြင်းအရာကြောင့် သူတို့ ကြက်သေသေပြီး မလှုပ်မရှားနိုင်ဖြစ်သွားမည်ဟု တွေးနေနိုင်သော်လည်း ပိုင်ရှောင်ချန်းက ထိုသို့တွေးရန်အတွက် အချိန်ပင် မပေးချေ။ သူ့၏ လှုပ်ရှားမှုတစ်ခုစီတိုင်းက သူတို့ကို တုန်လှုပ်ခြင်းဓားသွားများဖြင့် တစွပ်စွပ်ထိုးနေရာ သူတို့မှာ မယုံကြည်နိုင်သောအဆင့်ထိပင် ရောက်သွားတော့သည်။ သို့တိုင်အောင် ယခုတွင် လူအများသည် နောက်ထပ်ဖြစ်လာမည့်အရာကို မျှော်လင့်ချက်ကြီးစွာဖြင့် စောင့်မျှော်နေကြလေသည်။
တအံ့တသြအော်သံများ ဆက်လက်ပဲ့တင်ထပ်နေစဥ် ပိုင်ရှောင်ချန်းက သူ့အလုပ်သူဆက်လုပ်နေ၏။ သူက တောက်ပလင်းလက်နေသော မျက်ဝန်းများဖြင့် လက်ကို ဝှေ့ယမ်းကာ ဆယ်ရောင်ခြယ်မီးတောက်ကို အရပ်မျက်နှာတစ်ခွင် ပြန့်သွားစေလိုက်သည်။ ဘိုးဘွားပိုင်နယ်မြေရှိ ကောင်းကင်ကြီးသည် မီးတဟုန်းဟုန်းတောက်နေပြီး မြောက်မြားစွာလှသော အမုန်းဝိညာဥ်များသည် သူ၏ ဝိညာဥ်သိုလှောင်စေတီထဲမှ တဝုန်းဝုန်းထွက်လာတော့သည်။
မီးတောက်များသည် ဝိညာဥ်များကို ဝါးမျိုနေသော ဧရာမပါးစပ်ကြီးပမာဖြစ်လာပြီး ယိမ်းနွဲ့ကခုန်နေသည်။ တချိန်တည်းမှာပင် စောင့်ကြည့်နေကြသူများ၏ နှလုံးများ တဒိန်းဒိန်းခုန်လာပြီး သူတို့၏ မျက်လုံးများ ပြူးထွက်နေကာ ခေါင်းများလည်း ချာချာလည်နေတော့သည်။
ပိုင်ရှောင်ချန်းက ဆယ့်တစ်ရောင်ခြယ်မီးတောက်အား ဖန်တီးရန် ကြိုးစားနေသည်ကို နားလည်သဘောပေါက်ရန် မည်သူမျှ စဥ်းစားနေဖို့မလိုပေ။
ဆယ်ရောင်ခြယ်မီးတောက်က အမုန်းဝိညာဥ်များကို အငမ်းမရ ဝါးမျိုနေစဥ် အကြီးအကဲများသည် အသက်ပင်အောင့်ထားကြရပြီး သူတို့၏ မျက်နှာများမှာ မရေမတွက်နိုင်သော ခံစားချက်များ အမျိုးမျိုးပြောင်းလဲနေတော့သည်။
“ သူ၊ သူက…. ဆယ့်တစ်ရောင်ခြယ်မီးတောက်ကိုတောင် ဖန်တီးနိုင်တယ်လား"
" မဖြစ်နိုင်တာ"
" ဆယ့်တစ်ရောင်ခြယ်မီးတောက်။ ဒါက မြေအောက်လမ်းဆရာအဆင့်ရဲ့ အမှတ်အသားပဲ။ ပိုင်ဟောက်က အဲဒီ မီးတောက်ကို ဘယ်နည်းနဲ့မှ မဖန်တီးနိုင်ဘူး"
မျိုးနွယ်စုထဲရှိ မည်သည့်အကြီးအကဲကမှ အောက်လမ်းဆရာသခင်အဆင့်ထက် မမြင့်သည့်အပြင် သူတို့မှာ ထပ်မံ အဆင့်တက်ရန် မျှော်လင့်ချက်မရှိကြပေ။
သို့တိုင်အောင် ပိုင်ဟောက်သည် သူတို့ကို ကျော်လွန်သွားခဲ့လေပြီ။ နောက်ထပ်ခြေလှမ်းတစ်လှမ်းနှင့် သာဆိုလျှင် သူသည် မြေအောက်လမ်းဆရာတစ်ယောက်ဖြစ်မည်ဖြစ်ပြီး လောလောဆယ်တွင် မျိုးနွယ်စုထဲ၌ မြေအဆင့်ဟူ၍ အမှန်တရားခန်းမနှင့် တရားစီရင်ရေးခန်းမမှ မဟာအကြီးအကဲနှစ်ယောက်သာရှိလေသည်။
မျိုးနွယ်စုခေါင်းဆောင်ပင်လျှင် မြေအဆင့်မဟုတ်ပေ။ လက်ရှိအချိန်တွင် ပိုင်ဟောက်က လက်ရွေးစင်တစ်ယောက်ထက်ပိုနေလျှင်ပင် အရေးမကြီးပေ။ မျိုးနွယ်စုခေါင်းဆောင်က သူ့ကို သတ်ချင်နေသေးသည်။
သခင်မချိုင်က ပို၍ပင် ဒေါသထွက်နေပြီး သူမ၏မျက်လုံးများအတွင်းမှ အမုန်းအာဃာတမီးတောက်များက သောကကင်းဝေးကိုးသွယ်ငရဲမှ ဆင်းသက်လာသည့်အလား။
မျက်လုံးပေါင်းမြောက်များစွာက ဆယ်ရောက်ခြယ်မီးတောက်ပေါ်တွင်သာ ကော်နှင့်ကပ်သကဲ့သို့ ရှိနေကြပြီး လူတိုင်း၏နှလုံးခုန်နှုန်းများမြန်နေကြ၏။ မီးပင်လယ်ထဲသို့ အမုန်းဝိညာဥ်များ ကျွေးလိုက်စဥ် နောက်ထပ်အရောင်တစ်ခု တဖြည်းဖြည်း ပေါ်လာလေသည်။
ထိုအခိုက်တန့်တွင် ပွက်လောရိုက်သံများ ဆိတ်သုဥ်းသွားပြီး တစ်ကမ္ဘာလုံး အပ်ကျသံပင် မကြားရအောင် တိတ်ဆိတ်သွားတော့သည်။
ပိုင်ရှောင်ချန်းက သူ၏ လက်ချောင်းများကို ပိတ်လိုက်လေရာ မီးပင်လယ်သည် သူ့လက်ဝါးပေါ်တွင် စုဆုံလာ၏။ ထို့နောက် သူ့လက်ကို ပြန်ဖွင့်လိုက်သည်ဝယ် ဝင်းလက်တောက်ပနေသော အလင်းတန်းတစ်ခုက ဘိုးဘွားပိုင်နယ်မြေတစ်ခွင်လုံး ပြည့်သွားသည်။
" ဆယ့်တစ်ရောင်"
"သူက… သူက အောက်လမ်းဆရာသခင်မဟုတ်ဘူး။ သူ၊ သူက..."
"သူက မြေအောက်လမ်းဆရာ"
" မဖြစ်နိုင်တာ ။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ "
အသက်အရွယ်မရွေး ပိုင်မျိုးနွယ်စုထဲရှိ လူတိုင်းသည် အံသြတုန်လှုပ်၍ ဒယိမ်းဒယိုင် ဖြစ်သွားကြပြီး မယုံနိုင်အောင်ဖြစ်နေကြလေသည်။
" မြေအဆင့်"
မျိုးနွယ်စုအကြီးအကဲများမှာ တုန်ရီနေကြပြီး အသက်ရှူမမှန်တော့ဘဲ မျက်လုံးများမှာ ခေါင်းခွံထဲက ထွက်ကျတော့မတတ် ဖြစ်နေတော့သည်။ သူတို့ ယခုမြင်နေရသော အရာမှာ အလွန်တရာ မယုံနိုင်စရာကောင်းေနပြီး ပိုင်ဟောက်က ပိုင်ချီအားသတ်သည်ကို ကြည့်ရသည်ထက်ပင် မယုံနိုင်စရာကောင်းနေသည်။
မဟာအကြီးအကဲနှစ်ယောက်သည် ပါးစပ်အဟောင်းဖြစ်နေကြပြီး ထိန်းချုပ်နိုင်သောအတိုင်းအတာကို ကျော်လွန်၍ ခေါင်းများချာချာလည်နေချပြီ။
အမှန်တကယ်တော့ လူအားလုံးအနက် အတုန်လှုပ်ဆုံးမှာ သခင်မချိုင်နှင့် မျိုးနွယ်စုခေါင်းဆောင် ဖြစ်သည်။ သခင်မချိုင်သည် ကြက်သေသေ၍ ရပ်နေပြီး သူမ၏မျက်နှာပေါ်ရှိ ရက်စက်ကြမ်းကြုတ်သော အသွင်သည် တုန့်ဆိုင်းသွားတော့သည်။ မျိုးနွယ်စုခေါင်းဆောင်မှာ သူ့ခေါင်းတည့်တည့်သို့ မိုးကြိုးပေါင်းများစွာ ပစ်ချနေပြီး ရပ်နေရုံမှလွဲ၍ မတတ်နိုင်တော့သည့်အလား ခံစားသွားရသည်။
သူသည် မီးတောက်ဖန်တီးခြင်းပညာတွင် ပိုင်ဟောက်က ပါရမီရှိကြောင်း သိခဲ့သည်။ သို့သော် သူ၏ပါရမီက အရေးတယူလုပ်ရလောက်သည်အထိ မသိသာ မထင်ရှားပေ။ သို့သော် ယခုတွင် ပိုင်ဟောက်က တစ်ရောင်ခြယ်မှ ဆယ့်တစ်ရောင်ခြယ်မီးတောက်အထိ အရာရာကို ပေါ့ပေါ့ပါးပါးပင်ဖန်တီးခဲ့လေရာ မျိုးနွယ်စုခေါင်းဆောင်အား ရိုးတွင်းချဥ်ဆီအထိ တုန်လှုပ်ချောက်ချားသွားစေတော့သည်။
" ဒီလို မဖြစ်ရဘူး"
သူက အော်ဟစ်လိုက်သည်။ သူ၏ လည်ပင်းသည် အရှက်ကွဲခြင်းနှင့် မယုံကြည်နိုင်ခြင်းများကြောင့် နီရဲနေတော့သည်။ ထိုဆယ့်တစ်ရောင်ခြယ်မီးတောက်သည် သူ့ကမ္ဘာကြီးကို ပြာချပစ်တော့မည့်အလား။
မျိုးနွယ်စုကြီးများမှ ကိုယ်စားလှယ်နှစ်ဦးနှင့် သရဲကြီးမြို့တော်မှ သံတမန်တို့အားလုံး အံ့အားသင့်နေကြတော့သည်။ သရဲကြီးမြို့တော်၏ ထိန်းချုပ်မှုအောက်တွင်ရှိသော နယ်မြေများတွင် ဖီးနစ်ငှက်မွှေး သို့မဟုတ် ချီလင်ဦးချိုကို ရှာရသည်က ဤမျှငယ်ရွယ်သော မြေအောက်လမ်းဆရာကို ရှာရသည်ထက် လွယ်ကူပေဦးမည်။ ထို့ကြောင့် သူတို့အားလုံးသည် တူညီသောအရာတစ်ခုတည်းကို တွေးနေကြသည်။
" အခု… ဒါကမှ.. ပိုင်မျိုးနွယ်စုရဲ့ ချီလင်သားပဲ"
သို့သော် လူအများ အံသြနေ၍ပင် မပြီးသေး ပိုင်ရှောင်ချန်းက နောက်တစ်ဖန် သူ့လက်ကို ဝေ့ယမ်းလိုက်ပြန်ရာ သူ၏ ဝိညာဥ်သိုလှောင်စေတီထဲမှ အမုန်းဝိညာဥ်နောက်ဆုံးအသုတ် ထွက်လာပြန်သည်။
ယခုအခါ သူ့မှာ အမုန်းဝိညာဥ်များ မရှိသလောက်ဖြစ်သွားလေပြီ။ သို့သော် ဆယ့်တစ်ရောင်ခြယ်မီးတောက်ကို နောက်အဆင့်မြှင့်တင်နိူင်သည်အထိ လုံလောက်သေးသည်။ သူ့ပတ်လည်တွင် မီးတောက်ပြန့်သွားသည်နှင့် ကြည့်နေကြသည့် လူတိုင်းမှာ တွေဝေငေးမောသွားကြတော့သည်။
" သူ၊ သူက... ဆယ့်နှစ်ရောင်ခြယ်မီးတောက်ကို ဖန်တီးတော့မှာလား"
" ရူးပြီ။ ဒါက လုံးဝရူးချင်စရာကြီး "
မီးပင်လယ်ကို လှည့်ပတ်ကြည့်နေသည့် ပိုင်ရှောင်ချန်း၏ မျက်လုံးများမှ တောက်ပသောအလင်းများဖြာထွက်နေတော့သည်။ အမုန်းဝိညာဥ်များအား မီးတောက်ထဲထည့်လိုက်သည်နှင့် မတည်မငြိမ်သော အငွေ့အသက်များ ရုတ်တရုတ် ထွက်ပေါ်လာ၏။ ယခု သူလုပ်ရမည်မှာ ကိုယ်ပွား၏ အကူအညီကို သုံး၍ ရပ်လိုက်ရန်ဖြစ်ပြီး ထိုအခါမှသာ မီးပင်လယ်က တည်ငြိမ်သွားကာ ဆယ့်နှစ်ရောင်ခြယ်မီးပင်လယ်အဖြစ် ပြောင်းသွားမည်ဖြစ်ကြောင်း ပိုင်ရှောင်ချန်း ကောင်းကောင်းသိလေသည်။
ထိုနည်းအားဖြင့် သူ၏ မှော်မီးမိုး နောက်တစ်ဖန်ပေါ်ပေါက်လာမည်ဖြစ်သည်။
" ဒါက ငါလိုချင်တာပဲလေ "
သူက အံကြိတ်ထားသည် ကြားမှ ပြောလိုက်၏။ သူ၏ ကိုယ်ပွားတစ်ယောက်ဖြစ်သော သရဲပုံရိပ်တစ်ခုပေါ်လာတော့သည်။ ကိုယ်ပွားသည် မီးတောက်ကို ဖိနှိပ်ရန် ကြိုးစားလိုက်သောကြောင့် ကောင်းကင်ပြိုကွဲ၍ မြေပြင်တို့ အက်ကွဲစေနိုင်သော အလင်းက အရပ်မျက်နှာတစ်ခွင် ပျံ့နှံ့သွား၏။
အလင်းသည် အလွန်တောက်ပပြီး စူးရှလှသဖြင့် မျက်နှာပြင်ကို ကြည့်နေကြသော လူအများသည်လည်း မခံနိုင်တော့ဘဲ အကြည့်လွှဲလိုက်ကြရရာ ပိုင်ရှောင်ချန်း၏ ကိုယ်ပွားကို မမြင်လိုက်ကြပေ။
ဘိုးဘွားပိုင်နယ်မြေတွင် ရှိနေကြသော လူအများပင် ဖြစ်ပျက်နေသည်များအား သဲသဲကွဲကွဲမမြင်ကြရပေ။ သူတို့ မြင်ရသောအရာမှာ.... ကြောက်မက်ဖွယ် ဆယ့်နှစ်ရောင်ခြယ် မီးပင်လယ်ကြီးပင်။
ထိုအခိုက်အတန့်တွင် ဘိုးဘွားပိုင်နယ်မြေသို့ ဝင်ပေါက်ဖြစ်သော ကျောက်တံခါးကြီးသည်.... နောက်ဆုံးတွင် မျိုးနွယ်စုခေါင်းဆောင်ကို အလျှော့ပေးလိုက်ရပြီး ပွင့်သွားလေပြီ။
" သေဖို့ အချိန်ကျပြီ ပိုင်ဟောက်" မျိုးနွယ်စုခေါင်းဆောင်က ဟိန်းဟောက်လိုက်သည်။ ဝင်ပေါက်ပွင့်သွားသည်နှင့် သူက ရှေ့လှမ်းလာတော့သည်။
တချိန်တည်းမှာပင် ပိုင်ရှောင်ချန်းသည် မီးပင်လယ် အလယ်တွင်ဖြစ်သည်။ သူမော့ကြည့်လိုက်သည်တွင် ဧရာမအက်ကြောင်းကြီး ပွင့်လာပြီး ဘိုးဘွားပိုင်နယ်မြေအပြင်ရှိ မျိုးနွယ်စုဝင်များကို မြင်လိုက်ရလေသည်။ ထိုအချိန်တွင် ပိုင်ရှောင်ချန်း၏ မျက်နှာပေါ်၌ ဒေါသထွက်သွားသော အသွင်ပေါ်လာတော့သည်။
" အောင်မြင်တာ မအောင်မြင်တာအားလုံး ဒီအပေါ်မူတည်တယ်"
ပိုင်ရှောင်ချန်းသည် ဟိန်းဟောက်ရင်း သူနှင့်အတူ ဆယ့်နှစ်ရောင်ခြယ်မီးပင်လယ်ကိုယူ၍ ပိုင်မျိုးနွယ်စုဘိုးဘွားပိုင်နယ်မြေမှ ထွက်လာတော့သည်။