← Chapters

စွန့်စားမှု

Vol. 18 Ch. 257

စွန့်စားမှု

Vol. 18 Ch. 257

ရွှီဖန်းတစ်ယောက် လျို့ဝှက်နေသည့်အခါ ရှောင်းချောင်လည်း သဘာဝကျစွာပင် သူဘာလုပ်မလဲ မြင်ချင်လာသည်။

သို့နှင့် သူမ လျှောက်သွားကာ အားလုံဘေးမှ လူကို ပြောလိုက်သည်။

"ခဏနေရင် အထဲဝင်လာပြီး တစ်ခုခုလာပေးဖို့ ငါပြောလိုက်မယ်၊ အခွင့်အရေးရတာနဲ့ ရွှီဖန်းကို သတ်ပါ"

ထိုလူက အံ့အားသင့်သွားခဲ့သည်။ ရှောင်းချောင်နှင့် ရွှီဖန်းတို့ အခုလေးတင် စကားပြောကောင်းနေကြသည်ကို သူတွေ့ခဲ့ပေသည်။ အခု ဘယ်လိုဖြစ်တာလဲ။

သို့သော် အမိန့်ပေးသူမှာ ခေါင်းဆောင်ဖြစ်

သည့်အတွက် မနာခံဘဲ မနေဝံ့ပေ။ ဒါ့အပြင် သူလုပ်ရမည်မှာ အခြေခံအကျဆုံးအလုပ်ဖြစ်နေသည်။ သူ ရှောင်းချောင်အား လက်ဖဝါးနှစ်ဖက်ဖြင့် ချက်ချင်းဦးညွတ်လိုက်သည်။

"ဟုတ်ကဲ့!"

ရှောင်းချောင်မှ အမိန့်ပေးလိုက်သည့်အခိုက်အတန့်

တွင် သူ့ရင်ဘတ်က တင်းကြပ်သွားသည်ကို ရွှီဖန်း ခံစားခဲ့ရသည်။ သူ့မျက်လုံးကနေတဆင့်လည်း ရှုထောင့်အမျိုးမျိုးကို မြင်တွေ့လာရသည်။ ရှောင်းချောင်၏ နောက်လိုက်အား အနက်ရောင်တံခါးမှတဆင့် ထိုးဖောက်မြင်နေရပြီး သူ့ကိုသတ်ရန်ရည်ရွယ်နေသည့် ထိုနောက်လိုက်၏ လှုပ်ရှားမှုတိုင်းကို သူ ရှင်းရှင်းလင်းလင်းခံစားသိမြင်နေရသည်။

အရမ်းပြင်းလွန်းတယ်...

ရွှီဖန်း တစ်ကိုယ်တည်း ရေရွတ်မိသည်။ အာ့လန်ရှန်းပေးခဲ့သောပစ္စည်းသည် တစ်ကယ်ကို နတ်ဘုရားပစ္စည်းဖြစ်လိမ့်မည်။ သို့သော် ဘေးထွက်ဆိုးကျိုးရှိမရှိကို မသိသေးပေ။ 

ဒါကိုတွေးလျက် ရွှီဖန်းသည် ဖုန်းကို အမြန်ထုတ်၍ wechatကနေ အာ့လန်ရှန်းထံ စာပို့ခဲ့သည်။

"အရှင်အာ့လန်ပေးခဲ့တဲ့ ဆွဲသီးရဲ့ အကျိုးသက်ရောက်မှုကို ကျွန်တော်စမ်းနေတာ၊ ဒါပေမယ့် ဘေးထွက်ဆိုးကျိုးရှိနေမလားလို့ တွေးမိသွားလို့ပါ"

စာပို့ပြီးနောက် ရွှီဖန်း စိတ်လှုပ်ရှားစွာ စောင့်နေမိသည်။ ဘေးထွက်ဆိုးကျိုးမရှိလျှင်တော့ အကောင်းဆုံးပင်။ ရှိခဲ့ပါကလည်း သက်ရောက်မှုမကြီးရန် မျှော်လင့်မိပေသည်။ မဟုတ်လျှင် သူ ဒုက္ခရောက်လိမ့်မည်။

အချိန်ခဏကြာစောင့်ပြီး နောက်ဆုံးမှာတော့ အာ့လန်ရှန်းက စာပို့လာသည်။

"ညီလေး စိတ်မပူနဲ့၊ ငါ အဲ့ဒီထဲမှာ အကာအကွယ်သုံးလွှာထည့်ထားပြီးသားပါ"

"ကျေးဇူးအများကြီးတင်ပါတယ်"

ရွှီဖန်း ညင်သာစွာ ပြုံးမိသည်။ အာ့လန်ရှန်းသည် သူ့အတွက် တစ်ကယ်ကောင်းသည့်သူဖြစ်သည်။ 

"အင်း မင်းနဲ့ငါနဲ့က ညီအစ်ကိုတွေပဲ ကျေးဇူးတင်ဖို့မလိုပါဘူး၊ ဒါဆို ငါ လုပ်စရာကျန်သေးလို့ သွားပြီ"

အာ့လန်ရှန်းက အမြန်ပြန်ဖြေလာသည်။ ကောင်းကင်ဘုံ၌ အရေးတကြီးတစ်ခုခု ဖြစ်နေသည့်ပုံပင်။ 

"အားမောင် ငါ့အိတ်ကို ယူလာခဲ့ပေးပါ"

ထိုအချိန် ရှောင်းချောင်လည်း စားပွဲရှိရာသို့ ပြန်ရောက်လာပြီဖြစ်ရာ ရုတ်တရက် တံခါးပေါက်မှ လူကို အော်ခေါ်ခဲ့သည်။ 

စကားလုံးများ ဖွင့်ထွက်သွားသည်နှင့် သူ့အင်္ဂါရပ်များ အဆပေါင်းများစွာ အားကောင်းလာသည်ကို သူ ခံစားခဲ့ရသည်။ မီတာအနည်းငယ်ခန့်အကွာမှ လူသတ်သမား၏ နှလုံးခုန်သံကိုတောင် သူကြားနေရသည်။

ထို့အပြင် ရွှီဖန်း၏ အကြည့်ကလည်းတောက်ပလာကာ အားမောင်၏မည်းမှောင်သောအင်္ကျီအရောင်ကပင် အလွန်ထင်ရှားနေလေသည်။

ရွှီဖန်း ခေါင်းအနည်းငယ်ညိတ်မိသည်။ ဤဆွဲသီးသည် နတ်ဘုရားပစ္စည်းဟု ခေါ်ဝေါ်ထိုက်ပေသည်။

မည်သို့ပင်ဆိုစေကာမူ ရှောင်းချောင်ကတော့ ရွှီဖန်းအား စိတ်ပူစွာ ကြည့်နေလေသည်။ လက်ရှိရွှီဖန်းသည် ဘာမှမဖြစ်သကဲ့သို့ ထိုင်နေသဖြင့် သူမမှာ အနည်းငယ် စိတ်မသက်မသာ ဖြစ်လာလေသည်။ရှောင်းချောင်ကိုယ်တိုင်ကလည်း ကိုယ်ခံပညာကိုမသိတာကြောင့် အကယ်၍ ရွှီဖန်းသာ အချိန်မီမတုံ့ပြန်နိုင်ပါက သူမ ချက်ချင်းတားနိုင်လိမ့်မည်မဟုတ်ပေ။

ထိုအချိန်၌ အားမောင်သည် ရှောင်းချောင်၏အိတ်ကိုယူ၍ လာနေသည်။ သူ ဝင်လာသည့်ပုံမှာ ဘာမှမဖြစ်

မည့်အလားပင်။ ဆွဲသီးကြောင့်သာ မဟုတ်ပါက သူ ပုံမှန်မဟုတ်သည်ကို သတိပြုမိရန် ခက်ခဲလိမ့်မည်။

ဒင်!

ကြည်လင်ရှင်းလင်းသော အသံက ရွှီဖန်း၏ခေါင်းထဲ၌  မြည်သွားခဲ့သည်။ အိတ်အကွယ်နောက်မှာ ဓားကိုလှုပ်လိုက်သည့် ထိုလူထံမှလွဲ၍ မဖြစ်နိုင်ပေ။ ဒါ့အပြင် ထိုလူသည် ရွှီဖန်း၏ဦးတည်ရာကနေကြည့်လျှင် အလွန်ကောင်းမွန်သောထောင့်အနေအထားကို ရွေးထားလေသည်။ ထိုလူ၏အိတ်ကိုင်ထားသောလက်ကတော့ အနည်းငယ်တုန်ယင်နေသည်။

ရွှီဖန်းလည်း ချက်ချင်းပင် သူ့ကိုယ်ခံပညာကို ထုတ်သုံးနိုင်အောင် အသင့်ပြင်ထားခဲ့သည်။ ဆွဲသီး၏လုပ်နိုင်စွမ်းကို သူစမ်းသပ်ချင်ခဲ့သော်လည်း ၎င်းကြောင့် ဒဏ်ရာတော့ မရချင်ပါပေ။

"ခေါင်းဆောင် ဒီမှာ အိတ်ပါ"

ထိုလူသည် ရွှီဖန်း၏အနောက်တွင်ရပ်၍ ရှောင်းချောင်အား အပြုံးဖြင့် အိတ်လှမ်းပေးသည်။ တစ်

ချိန်တည်းမှာပင် သူ့လက်တစ်ဖက်သည် ဓားကိုကိုင်ထားပြီး ရွှီဖန်းကို ပြင်းထန်စွာထိုးရန် အသင့်ဖြစ်နေလေပြီ။ 

ဓားနှင့်ထိုးခံရနီးအချိန်မှာ ရွှီဖန်းသည် သူ့အာရုံများ ထုံကျင်သွားသည်ကို ခံစားခဲ့သည်။

"အချိန်က"

ရွှီဖန်းခေါင်းကို လှည့်လိုက်ရာ သူ့ခါးကို ဓားဖြင့်ထိုးနေသည့်ထိုလူကို တွေ့လိုက်ရသည်။ သို့သော် လှုပ်ရှားမှုက နှေးကွေးနေသည်။

"ပိုနှေးလာတာပဲ"

ရွှီဖန်း အံ့အားသင့်စွာပြောရင်း ချက်ချင်း မတ်တပ်ရပ်လိုက်သည်။ သူ့လက်ကို လှည့်၍ အားမောင်၏လက်ကောက်ဝတ်ကို နောက်ကျောသို့ ဆွဲလိမ်ခဲ့သည်။

"ဟင်း!"

အားမောင်သည် နာကျင်မှုကြောင့် ညည်းတွားလိုက်သော်လည်း မျက်ရည်တော့ မကျနိုင်ခဲ့ပေ။ တစ်ချိန်တည်းမှာပင် ဘေးမှာကြည့်နေသည့် အားလုံနှင့် ရှောင်းချောင်လည်း မျက်လုံးများကျဥ်းမြောင်းသွားကြသည်။ 

အရမ်းမြန်တယ်!

သူတို့အမြင်အရသာဆိုလျှင် ရွှီဖန်းတစ်ယောက် ထိုင်နေရာမှ အားမောင်၏လက်ကို နောက်ကျောသို့ ချိုးလိမ်သည့်ဖြစ်စဥ်သည် တစ်စက္ကန့်တောင် မကြာလိုက်ပေ။ သူတို့၏မျက်စိရှေ့မှာတင် ရွှီဖန်းသည် ဖြစ်စဥ်တစ်ခုလုံးကို လျှပ်တပြတ် လုပ်ဆောင်သွားခဲ့သည်။

"လုံလောက်ပြီ ရွှီဖန်း၊ အားမောင်ကို လွှတ်ပေးလိုက်တော့"

အားမောင်၏နာကျင်နေသောမျက်နှာကြောင့် ရှောင်းချောင်သည် မနေနိုင်တော့ဘဲ အော်တားမိတော့သည်။

ရွှီဖန်းသည် အပြုံးဖြင့် အားမောင်၏လက်ကိုပြန်ချပေး၍ ပြောလိုက်သည်။ 

"မင်းကမဆိုးပါဘူး၊ ငါ မင်းလှုပ်ရှားလိုက်တာကို သတိတောင်မထားမိလိုက်ဘူး"

အားမောင် စိတ်ထဲ၌ ဆဲမိတော့သည်။ မင်း ငါ့ကို မမြင်ဘူးလို့လည်းပြောပြီး ဘယ်လိုတောင် မြန်မြန်လှုပ်ရှားလိုက်တာလဲကွ!

သို့သော် ရွှီဖန်းမှာ ရိုးရိုးသားသားပြောနေခဲ့ခြင်းဖြစ်သည်။ တစ်ကယ်ကို သူ့လှုပ်ရှားမှုအား မမြင်ခဲ့ပေ။  ဒီအတိုင်း သူ စလှုပ်ရှားတာကို ကြားခဲ့ရုံဖြစ်ပြီး အချိန်ကလည်း နှေးကွေးသွားခဲ့တာကြောင့် အခုလို ရှော့ရစရာမြင်ကွင်း ထွက်ပေါ်လာခြင်းဖြစ်သည်။ 

"ရပြီ အားမောင်၊ အားလုံနဲ့ လိုက်သွားပြီး နစ်နာကြေး ယွမ်၃၀၀၀ထုတ်ယူလိုက်ပါ၊ ထွက်သွားကြတော့"

အားမောင်၏မျက်လုံးထဲမှ ဒေါသကိုတွေ့၍ ထပ်ပြီး အန္တရာယ်များသောအလုပ်ကို လုပ်မည်စိုးကာ ရှောင်းချောင် အမြန်ပြောခဲ့သည်။

"ဒါပေမယ့် ခေါင်းဆောင်!"

အားမောင်သည် ခေါင်းကိုမော့၍ စိတ်ဓာတ်ကျစွာ အော်မိသည်။ သို့သော်ငြား ရှောင်းချောင်မျက်လုံးထဲမှ မေးခွန်းထုတ်မရသောအကြည့်ကြောင့် သူ တိတ်တဆိတ်ခေါင်းညိတ်ကာ တံခါးအပြင်မှာ သွားပြန်ရပ်ခဲ့သည်။

မတိုင်ခင်က သူပြောဖူးခဲ့သည့်အတိုင်းပင် ခေါင်းဆောင်၏ရည်ရွယ်ချက်က ဘာပဲဖြစ်နေပါစေ သူ့အား ရှင်းပြစရာမလိုအပ်ပေ။ သူလုပ်ရန်လိုအပ်

သည်မှာ အမိန့်နာခံခြင်းဖြစ်သည်။ ဒါနှင့်တင် လုံလောက်ပေသည်။

အားမောင်ထွက်သွားသည်နှင့် ရှောင်းချောင်သည် ရွှီဖန်းဘက် လှည့်၍ မေးခဲ့သည်။ 

"ရွှီဖန်း ငါမှတ်မိသလောက် မင်းအရင်က ဒီလောက်မမြန်ပါဘူး၊ ငါ့ကိုပြော ဘယ်လိုလုပ်လိုက်တာလဲ"

ရွှီဖန်း ပြုံး၍ ပုခုံးတွန့်လိုက်သည်။ 

"ဘာမှမလုပ်ပါဘူး၊ ငါ ပြီးခဲ့တဲ့ရက်တွေမှာ အတတ်ပညာတစ်ခုကိုလေ့ကျင့်နေခဲ့တာမလို့ စမ်းချင်မိရုံပါပဲ"

ရွှီဖန်း ဒီအရာကို ဖန်တီးလုပ်ဆောင်ခဲ့တာမဟုတ်ပေ။ ထိုအရာသည် အာ့လန်ရှန်းထံမှ ရခဲ့ခြင်းပင်။

သို့သော် ရှောင်းချောင်တစ်ယောက် မယုံဘူးဆိုတာ သိသာလှသည်။ သူမ ခေါင်းကိုသာ ညိတ်၍ သူ့အား စိုက်ကြည့်နေခဲ့သည်။ ထိုမျက်လုံးအကြည့်က ဤကဲ့သို့ပြောနေသည့်အလားပင်....

~မင်း မပြောချင်ရင် မပြောနဲ့ပေါ့ ငါလည်း မနားထောင်ချင်ပါဘူးနော်~

ရှောင်းချောင်၏ ရွှတ်နောက်နောက်အကြည့်ကြောင့် ရွှီဖန်းမှာ ထမရယ်ဘဲ မနေနိုင်ခဲ့ချေ။ 

"ဘာကိုရယ်နေတာလဲ၊ မင်း ထပ်ရယ်ရင် ငါ မင်းမျက်လုံးတွေကို ဆွဲထုတ်ပစ်မှာ!!"

ရှောင်းချောင်သည် မည်းမှောင်စွာဖြင့် ပြောခဲ့လေသည်။

*********************

All Chapters