လာနေပြီ
Vol. 18 Ch. 259
ရွှီဖန်း ဖုန်းချပြီးသည့်နောက် ဘေးတွင်ထိုင်နေသည့် ရှောင်းချောင်သည် ရှော့ရစွာ မေးလာခဲ့သည်။
"အခုလေးတင်....မင်း စစ်တပ်က ဗိုလ်မှူးကြီးနဲ့ စကားပြောနေခဲ့တာလား"
ရွှီဖန်း ခေါင်းညိတ်၍ မေးလိုက်မိသည်။
"အင်း ဘာဖြစ်လို့လဲ"
ရှောင်းချောင်သည် သူမ၏ရှော့ရမှုမှ တဖြည်းဖြည်း ပြန်တည်ငြိမ်လာလေသည်။ သူမ ခေါင်းခါယမ်း၍ နူးညံ့စွာပြောခဲ့သည်။
"ဘာမှမဖြစ်ပါဘူး ဘာမှမဖြစ်ပါဘူး...မင်းက ပိုပိုပြီး လျို့ဝှက်ဆန်းကြယ်လာတာပဲ"
ရွှီဖန်း ပြုံးလိုက်၍
"လျို့ဝှက်ဆန်းကြယ်တဲ့ကိစ္စလား၊ အဲ့ဒါရှိလို့လား...ငါဘာလို့မခံစားမိပါလိမ့်"
"ဟုတ်တယ်လေ အချိန်တိုတိုလေးပဲရှိသေးတာ၊ အပြင်လူတစ်ယောက်က စစ်တပ်က ဗိုလ်မှူးကြီးနဲ့ နှိမ့်ချတာလည်းမဟုတ်၊ မောက်မာတာလည်းမဟုတ်တဲ့ ပုံစံမျိုးနဲ့ စကားပြောနိုင်တာကိုက လျို့ဝှက်ဆန်းကြယ်နေပြီ"
ရှောင်းချောင်သည် သူမခေါင်းကိုမော့၍ ရွှီဖန်းအား စိုက်ကြည့်ကာ လေးလေးနက်နက်ပြောလာခဲ့သည်။
"နောက်ပြီး ပိုအရေးကြီးတာက လွန်ခဲ့တဲ့နှစ်လသုံးလလောက်ကပဲ မင်း ငါနဲ့ တောင်ပေါ်က စာချုပ်တွေချုပ်ဖို့ လာရှာခဲ့တာလေ၊ ရွှီဖန်း မင်းရဲ့တိုးတက်လာတဲ့အရှိန်က အရမ်းမြန်လွန်းတယ်"
ရှောင်းချောင်ပြောတာကိုကြားတော့ ရွှီဖန်းလည်း လေးလေးနက်နက်တွေးမိသည်။ တစ်ကယ်တော့ အများအမြင်၌ သူ၏တိုးတက်မှုသည် ကြောက်ဖို့ကောင်းသော်လည်း သူ့အတွက်မူ နှေးကွေးသည်ဟု ခံစားရပေသည်။
"ကောင်းပြီ သွားကြရအောင်"
ရွှီဖန်း မတွေးချင်တော့တာကြောင့် ခေါင်းခါယမ်းလိုက်သည်။ မည်သို့ပင်ဆိုစေကာမူ လောလောဆယ်တွင်တော့ ထိုအရာအားလုံးကို ဘေးဖယ်ထားရဦးမည်။
ခဏအကြာမှာ သူတို့ ကျင်းရှရင်ပြင်သို့ ရောက်ရှိလာသည်။ ကားပါကင်ရှာတွေ့ပြီးနောက်မှာတော့ ရွှီဖန်းသည် သူ့လက်အား ရှောင်းချောင်ကို ကိုင်ခွင့်ပြု၍ အထဲလျှောက်လာခဲ့သည်။
"ရွှီဖန်း အဲ့ဒီမှာ!"
ရှောင်းချောင်သည် ရွှီဖန်း၏လက်ကို ဆုပ်ကိုင်၍ အဝတ်အထည်ဆိုင်ကြီးသို့ တည့်တည့်ပြေးသွားလေသည်။
အဝတ်လဲအခန်းထဲ၌ အဝတ်များတစ်ထည်ပြီးတစ်ထည်ဝတ်ကြည့်နေသော ရှောင်းချောင်ကိုကြည့်၍ ရွှီဖန်း အပြုံးဖြင့် မေးခဲ့သည်။
"ဘာဖြစ်လို့လဲ၊ ငါ မတတ်နိုင်ဘူးလို့ မှတ်နေတာလား၊ သဘောကျရင် ဘာလို့ မဝယ်တာလဲ"
"ကြိုက်တာနဲ့ပဲ ဝယ်ရမယ်လို့ ဘယ်သူပြောလဲ၊ ငါက ဒီအတိုင်း ဝတ်ကြည့်ရတာကို ပျော်တာ"
ရှောင်းချောင်သည် နောက်တစ်ထည်လဲဝတ်၍ အပြုံးဖြင့် ပြန်ဖြေလာသည်။ ဆိုင်ထဲရှိ အဝတ်အထည်
အားလုံး သူမ စမ်းဝတ်ကြည့်တာ အချိန်တစ်နာရီပင် ကြာသွားလေပြီ။
"သွားကြရအောင်၊ ဘာမှကြည့်စရာမရှိတော့ဘူး"
ရှောင်းချောင်သည် နောက်ဆုံးတစ်ထည်ကို ဝတ်ဆင်ပြီးနောက် သူမ၏အဝတ်များကို ပြန်လဲခဲ့လေသည်။ ထို့နောက် ရွှီဖန်းဆီလာရင်း ပြောလာခဲ့သည်။
ရွှီဖန်း သက်ပြင်းချမိသည်။ နောက်ဆုံးတော့ သူ စမ်းသပ်မှု ပြီးဆုံးခဲ့လေပြီ။
ရှောင်းချောင်အနောက်မှ သူ လိုက်ထွက်ရန်ပြင်တုန်းမှာ အရောင်းစာရေးမလေးသည် အနောက်မှ လိုက်ဖမ်းလာသည်။
"ခဏလေးပါ ကျေးဇူးပြုပြီး တစ်ချက်ကြည့်ပေးပါဦး"
ရှောင်းချောင်နှင့် ရွှီဖန်းသည် အချင်းချင်း ဗလာအကြည့်ဖြင့် ခဏတာ ကြည့်ပြီးနောက် တစ်ဖက်ကို လှည့်ကြည့်လိုက်လေရာ သူမ နောက်ဆုံးစမ်းဝတ်ကြည့်ခဲ့သည့်အဝတ်ကို တွေ့လိုက်ရသည်။ သူမ နောက်တစ်ဆိုင်လည်ရန် အလျင်လိုသွားခဲ့တာကြောင့် အဝတ်ကိုချိတ်လိုက်တာ အရမ်းမြန်သွားခဲ့သည်။ ရလဒ်အနေဖြင့် ဝတ်စုံ၏ပုခုံးနားရှိ ဇာလေးသည်ခြစ်မိသွားလေသည်။
ဒါကိုမြင်သည့်အခါ ဝယ်ရတော့မည်မှန်း ရွှီဖန်း သေချာပေါက်သိလိုက်သည်။ သူ မနေနိုင်ဘဲ ရှောင်းချောင်ကို ကြည့်လိုက်မိသည်။
ရှောင်းချောင်ကမူ လျှာလေးထုတ်၍ အရောင်းစာရေးမလေးအား ပြုံး၍ ပြောလေသည်။
"တောင်းပန်ပါတယ်၊ ဒီအင်္ကျီက ဘယ်လောက်ကျလဲ"
အရောင်းစာရေးမလေးသည် တံဆိပ်အားကြည့်၍ ရွှီဖန်းကို ပြောပြလာသည်။
"လူကြီးမင်း ဒီအဝတ်လေးက ယွမ်နှစ်သိန်းနဲ့တစ်သောင်းကျပါတယ်၊ ဝယ်ချင်တယ်ဆိုရင်တော့ ၂၀%လျှော့ဈေးရမှာဖြစ်ပါတယ်"
ရွှီဖန်းသည် ခဏတာအံ့သြသွားခဲ့ပြီး မနေနိုင်ဘဲ ထုတ်မေးမိတော့သည်။
"ဘာအဝတ်မလို့ ဒီလောက်ဈေးကြီးရတာလဲ"
"အားနာပါတယ် လူကြီးမင်း၊ ဒါပေမယ့် ကျွန်မတို့ဆိုင်က အဝတ်တွေရဲ့ဈေးနှုန်းက ဒီလိုပါပဲ၊ ပြီးတော့ ကျွန်မတို့ ဈေးအမှတ်အသားလည်းလုပ်ထားပါတယ်၊ ဝယ်ဖို့ မတတ်နိုင်ဘူးဆိုရင်တော့ ပြုပြင်ခပဲ ပေးချေသွားနိုင်ပါတယ်"
အရောင်းစာရေးမလေးသည် ယေဘုယျအရောင်းဝန်ထမ်းများကဲ့သို့ ပြင်းထန်သော စိတ်သဘောထားမရှိပေ။
"မိန်းကလေး ကြည့်လိုက်ပါ အဲ့ဒီအဝတ်က ဒီမှာ အချိန်အကြာကြီး ချိတ်ခံထားရတာ၊ မင်းလည်း အဲ့ဒီအဝတ်အစားကို နှစ်သက်တယ်လို့ ကျွန်တော်ထင်
တယ်၊ မင်းအတွက် ကျွန်တော် ဝယ်ပေးမယ်ဆို ဘယ်လိုလဲ"
ရွှီဖန်းစကားပြောခါနီးတွင် ရင့်ကျက်ပုံပေါ်ပြီး ဆွဲဆောင်မှုရှိသော ဝတ်စုံပြည့်ဝတ်ထားသည့် အမျိုးသားတစ်ယောက်ဟာ သူတို့အနောက်မှနေ၍ စကားဝင်ပြောလာလေသည်။
ရွှီဖန်း အံ့အားသင့်သွားပြီး တစ်ခုခုပြောတော့မည့်
အခိုက် ရှောင်းချောင်က ရုတ်တရက် ထရယ်လာခဲ့သည်။ သူမသည် ထိုအမျိုးသားဘက်လှည့်၍
"အဟုတ်ပဲ အဟုတ်ပဲ ကျွန်မ အဲ့ဒီအဝတ်ကို သဘောကျတယ်"
ရှောင်းချောင်မှ ရွှီဖန်းလက်အား ချက်ချင်းလွှတ်ပြီး သူ့ကို ပြုံး၍ စကားပြောလာသည်ကို မြင်သော် ထိုအမျိုးသားသည် အပျော်လွန်သွားခဲ့သည်။ ဒါကိုကြည့်ရုံဖြင့် ဒီမိန်းကလေးသည် ရွှေတူးသမားမှန်း သိနိုင်ပေသည်။
ဒါကိုတွေး၍ သူ မနေနိုင်ဘဲ ရှောင်းချောင်အား အကြိမ်ရေအနည်းငယ်ကြည့်လိုက်မိသည်။ သူမ၏မျက်နှာ၊ ခန္ဓာကိုယ်နှင့် စိတ်နေသဘောထားအပေါ် အခြေခံပြီး တွေးကြည့်ပါက သူ့ဘက်က အရှုံးမရှိပေ။
ဒါကိုတွေးပြီးနောက် ထိုအမျိုးသားသည် တစ်ဖက်ကိုလှည့်၍ အရောင်းစာရေးမလေးအား တည်ကြည်စွာ ပြောခဲ့သည်။
"အဲ့ဒီအဝတ်အစားကို ဒီအမျိုးသမီးအတွက် ဝယ်မယ်"
ပြောပြီးသည်နှင့် သူ့ဘဏ်ကတ်အား အရောင်းစာရေးမလေးထံ ကမ်းပေးခဲ့သည်။
တစ်စုံတစ်ယောက်မှ ပေးချေလာသည့်အခါ အရောင်းစာရေးမလေးသည် သဘာဝကျစွာ ဘာမှမပြောခဲ့ပေ။ သူမ ကတ်ကိုယူ၍ ထိုအမျိုးသားအား ကောင်တာသို့ ခေါ်သွားခဲ့သည်။
မကြာခင်မှာပင် ထိုအမျိုးသားသည် ပိုက်ဆံပေးချေ၍ပြီးသွားခဲ့ပြီး ထုတ်ပိုးထားသည့်အိတ်ဖြင့် လျှောက်လာလေသည်။ သူသည် ၎င်းအား ရှောင်းချောင်ထံသို့ ကမ်းပေး၍ ပြောလာခဲ့သည်။
"မိန်းမငယ်လေး ဒါက ကျွန်တော့်ရဲ့ နှုတ်ဆက်
လက်ဆောင်အသေးလေးပါ၊ ကျွန်တော်နဲ့အတူ နေ့လည်စာစားသောက်ဖို့ လိုက်ခဲ့ချင်လား"
ရှောင်းချောင်သည် လက်ဆောင်ထုပ်အား လက်ခံ၍ အားပါးတရပြုံးပြခဲ့သည်။ ထို့နောက် ရွှီဖန်း၏လက်ကို ပြန်ကိုင်၍ သူမ၏အမူအရာမှာ ပြောင်းလဲသွားခဲ့ကာ...
"အားနာပါတယ်၊ မလိုက်နိုင်လို့ပါ"
ထိုမြင်ကွင်းကြောင့် အမျိုးသားသည် အံ့သြထိတ်လန့်သွားသော်ငြား ခဏအကြာမှာ သူ့အမူအရာပြောင်းလဲသွားခဲ့ပြီး အေးစက်စွာ ပြောလာခဲ့သည်။
"မိန်းကလေး မင်းသေချာတွေးတာကောင်းလိမ့်မယ်၊ ငါ့ရဲ့ နှစ်သိန်းကို ဒီလို သာမန်ကာလျှံကာမပေးလိုက်
နိုင်ဘူး!"
ထိုအချိန် တောင့်တင်းသန်မာသော လူထွားတစ်
ယောက်က ဆိုင်ထဲ ဝင်လာသည်။ သူသည် ပတ်ပတ်လည်ကို ကြည့်၍ ရွှီဖန်းဆီလျှောက်လာကာ ဘလူးတုနားကြပ်ကို ပေး၍ပြောလေ၏။
"မစ္စတာရွှီဖန်း ကျွန်တော်က ကျင့်တောင်တပ်စုရဲ့ခေါင်းဆောင်ပါ၊ ကျွန်တော်တို့တပ်စုက မစ်ရှင်အတွက် နေရာချထားပြီးပါပြီ၊ ဘယ်အချိန်မဆို မစ္စတာရွှီရဲ့အမိန့်အတွက် အဆင်သင့်ရှိနေပါမယ်"
ရွှီဖန်း ခေါင်းညိတ်လိုက်သည်။ ထို့နောက် ဘလူးတုနားကြပ်အား တပ်ဆင်၍ မေးလိုက်သည်။
"စနိုက်ပါတွေရော နေရာယူထားပြီးပြီလား"
"စနိုက်ပါတွေကို ရင်ပြင်ရဲ့တောင်နဲ့ မြောက်မှာ နေရာချထားပါတယ်"
တပ်စုခေါင်းဆောင်သည် ဘာမှမသိုဝှက်ဘဲ အရာအားလုံး ပြန်ဖြေလေသည်။
ရွှီဖန်း အနည်းငယ်ခေါင်းညိတ်၍ အံ့သြနေသော ထိုအမျိုးသားကို လက်ညှိုးထိုးကာဖြင့်...
"သူ့ကို ချုပ်ထားလိုက်ပါ၊ သူ အများကြီး ကြားထားခဲ့တာဆိုတော့ မစ်ရှင်မပြီးမချင်း သူ့ကို လွှတ်ပေးလို့မဖြစ်ဘူး"
တပ်စုခေါင်းဆောင်သည် ခေါင်းညိတ်၍ လက်ကို ဝှေ့ယမ်းခဲ့ရာ သန်မာသော အမျိုးသားနှစ်ယောက်က ဆိုင်ထဲ ဝင်လာလေသည်။ တမူထူးခြားသောအော်ရာများရှိသည့် တပ်သားတွေမှန်း သိသာထင်ရှားလှပေသည်။
"ကောင်းပြီ ခင်ဗျားတို့နှစ်ယောက်ဒီမှာနေပြီး သူ့ကို စောင့်ကြည့်ထားလိုက်ပါ၊ မစ်ရှင်မပြီးမချင်း သူ ဖုန်းဆက်ဖို့ တောင်းဆိုတာမျိုး ခွင့်မပြုပါနဲ့"
ရွှီဖန်းသည် လေသံပျော့ပြောင်းစွာဖြင့် ပြောခဲ့သည်။
တပ်သားနှစ်ယောက်သည် ခေါင်းညိတ်၍ ထိုအမျိုးသားအား နားနေခန်းသို့ တိုက်ရိုက်တွန်းပို့ခဲ့ကြ
သည်။
ရွှီဖန်းသည် ရှောင်းချောင်အား ကူကယ်ရာမဲ့စွာကြည့်ရင်း သူမနှင့်အတူ ဆိုင်ထဲမှ ထွက်လာခဲ့သည်။
ရွှီဖန်း ထွက်လာသည့်အခိုက်အတန့်တွင် သူ့နှလုံးသားက ခုန်သွားသည်ကို ခံစားခဲ့ရသည်။ ထို့နောက် ရုတ်ချည်းပင် ပတ်ဝန်းကျင်မှ အရောင်များသည်လည်း ပို၍ တောက်ပလာခဲ့သည်။
ချက်ချင်းပင် ရွှီဖန်း၏မျက်လုံးများသည် အဆောက်အဦးပတ်ပတ်လည်ဝန်းကျင်ကို ကြည့်
လိုက်မိသည်။ တစ်ချိန်တည်းမှာပင် ဘလူးတုနားကြပ်ပေါ်သို့ သူ့လက်ကိုတင်၍ ပြောခဲ့သည်။
"အဆင်သင့်ပြင်ထားပါ ပစ်မှတ်ရောက်နေပြီ!"
**********************