လုပ်ငန်း
Vol. 18 Ch. 262
ရွှီဖန်း၏စကားများကိုကြားသော် ယန်ပင်း အံကြိတ်လိုက်သည်။ သူ့အထောက်အထားက ဖော်ထုတ်ခံလိုက်ရပြီမှန်း သူသိလိုက်သည်။
"ငါ့ကိုပြော...မင်း ဘယ်လိုရှာတွေ့ခဲ့တာလဲ"
ယန်ပင်းသည် ရွှီဖန်းအားကြည့်၍ ဖြည်းညှင်းစွာပြောသည်။
ရွှီဖန်း ပေါ့ပေါ့ပါးပါးပင် ပြုံးလျက်...
"ဒါက လျို့ဝှက်ချက်၊ ပြီးတော့ ငါက မင်းကို မေးခွန်းထုတ်နေတဲ့လူ ကြားဖြတ်မပြောနဲ့"
ရွှီဖန်း၏စကားကြောင့် ယန်ပင်း မျက်မှောင်ကြုတ်
လိုက်သော်လည်း နှေးကွေးစွာ ခေါင်းညိတ်ခဲ့သည်။ သူသည် သေနတ်ပစ်ရာ၌သာ ကျွမ်းကျင်သူဖြစ်သည့်အပြင် သူရောက်နေတာ လက်ရှိ တရုတ်ပြည်မှာ ဖြစ်သောကြောင့် ကူကယ်ရာမဲ့နေလေပြီ။
တရုတ်ပြည်၌ သေနတ်ကိုင်ဆွဲခြင်းကို ပြင်းပြင်းထန်ထန်ကန့်သတ်ထားသည်။ ထို့အပြင် စိမ်းမြရောင်ဂိုဏ်းသည် ဤတစ်ကြိမ်တွင် သူ့အတွက် အလျင်စလို စီစဥ်ပေးခဲ့တာကြောင့် သူ့ညီအစ်ကို၏အထူးလက်နက်မှလွဲ၍ တခြားပေးလိုက်တာမရှိပေ။
ပို၍ အရေးကြီးသည်မှာ ယန်ပင်းသည် ဖုံးကွယ်လိုခဲ့ခြင်းပင်။
သေတ္တာပုံစံမှာ တစ်ကယ့် သေနတ်အစစ်ဖြစ်ခဲ့ပြီး စကိတ်ဘုတ်အသွင်ကဲ့သို့ ပြောင်းလိုက်ပြီးလျှင် အထဲရှိ အထူးသေနတ်အား လုံးဝပိုင်းခြားလိုက်သလို ဖြစ်သွားပေလိမ့်မည်။ ယခု ဤအရာမှာ စကိတ်ဘုတ်သာဖြစ်ပြီး တခြားဘာလုပ်ဆောင်ချက်မှမရှိတော့ပေ။ မဟုတ်လျှင် သူ၏စိတ်နေစိတ်ထားအရ ရွှီဖန်းအား တစ်ချက်တည်းဖြင့် ချက်ချင်း ပစ်သတ်ပြီးနေလေပြီ။
"ဟားဟား မင်းဒီတစ်ကြိမ်လာတော့ ငါ့ရဲ့ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို ဖတ်ခဲ့တယ်မဟုတ်လား"
ရွှီဖန်း ယန်ပင်းကိုကြည့်၍ အပြုံးဖြင့်ပြောခဲ့သည်။ ယန်ပင်းကလည်း ဘာမှမဖုံးကွယ်တော့ဘဲ ခေါင်းညိတ်၍ ပြောလာသည်။
"ငါ မင်းရဲ့အချက်အလက်တွေကိုဖတ်ခဲ့ပြီး မင်းရဲ့တိုက်ပွဲဗီဒီယိုတွေပါ ကြည့်ခဲ့တယ်၊ ငါ မင်းကို အနီးကပ်တိုက်ပွဲမှာ နိုင်အောင်မတိုက်နိုင်ဘူး၊ လိုချင်တာရှိရင် ပြောလိုက်"
"ကျေနပ်ဖွယ်ရာပါလား"
ရွှီဖန်းပြုံးလိုက်ကာ ယန်ပင်းကို ကြည့်၍ ဖြည်းညှင်းစွာ ပြောလိုက်သည်။
"ဒါဆို အခု အပေးအယူလုပ်ကြတာပေါ့"
ရွှီဖန်း၏စကားကို ကြားသော် ယန်ပင်းသည် ခဏတာ အံ့သြသွားခဲ့သည်။ ထို့နောက် သူ့ကိုကြည့်၍ မေးမိသည်။
"မင်း ငါ့ကို လွှတ်ပေးဖို့ ပြင်ဆင်ထားတာလား"
ရွှီဖန်း အပြုံးဖြင့် ခေါင်းညိတ်ခဲ့သည်။
"ငါ မင်းကို ဘယ်လို ဆက်ဆံမလဲဆိုတာက မင်းရဲ့သဘောထားအပေါ်မှာ မူတည်တယ်"
ယန်ပင်း ခေါင်းညိတ်၍
"ကောင်းပြီ ဆက်ပြောပါ"
"ဒါက ရိုးရှင်းပါတယ်၊ မင်း ငါ့ကို လုပ်ကြံတာ မအောင်မြင်ဘူးဆိုတော့ စိမ်းမြရောင်ဂိုဏ်းက ငါ့ကို ဆက်ကိုင်တွယ်ဦးမှာလား"
ရွှီဖန်း ပြုံး၍ မေးခဲ့သည်။
ယန်ပင်းသည် ဘာမှ မဖုံးကွယ်တော့ဘဲ...
"အမှန်ပဲ၊ ငါ့တာဝန်က မအောင်မြင်ခဲ့ဘူးဆိုတော့ ဂိုဏ်းက မင်းကို ထပ်ပြီးကိုင်တွယ်လိမ့်မယ်"
"အင်း မင်းက ငါသတ်တာခံလိုက်ရပြီဆိုတဲ့သတင်း ငါလွှင့်လိုက်မယ်၊ နောက်ပြီးရင် စိမ်းမြရောင်ဂိုဏ်းက လွှတ်လိုက်တဲ့လူတွေကို မင်း ဖြေရှင်းပေးရမယ်"
ရွှီဖန်း ပြုံး၍ သူ့အကြံကို ပြောပြခဲ့သည်။
သူတွေးထားသကဲ့သို့ပင် စိမ်းမြရောင်ဂိုဏ်းသည် သူ့အား ပစ်မှတ်ထားထားသည်ဖြစ်ရာ လွယ်လွယ်ကူကူ လက်လျှော့လိမ့်မည်မဟုတ်ပေ။
ဒါကြောင့် နောက်လွှတ်မည့်လူများအား သူ့အတွက် ကူညီဖြေရှင်းပေးရန် စိမ်းမြရောင်ဂိုဏ်းနှင့် ရင်းနှီးသော လူတစ်ဦးလိုအပ်သည်။ ယနေ့ ဤလူသတ်
သမားကလည်း သူ့လိုအပ်ချက်နှင့် ကိုက်ညီနေသည်။
ရွှီဖန်း၏အကြံကို ကြားသည့်အခါ ယန်ပင်း၏မျက်နှာမှာ ခါးသက်သွားပြီး ညည်းညူလိုက်သည်။
"မဖြစ်နိုင်ဘူး၊ မင်း ဒီလိုလုပ်လို့မရဘူး၊ မင်း အဲ့ဒီလိုလုပ်လိုက်ရင် ငါ အနာဂါတ်မှာ ဘာလုပ်ငန်းမှ လုပ်လို့ရတော့မှာမဟုတ်ဘူး၊ ဒါဆို ငါ ဘယ်လိုလုပ်မလဲ"
ရွှီဖန်း ညင်သာစွာ ခေါင်းခါယမ်းလိုက်သည်။
"မင်း နောက်လုပ်မယ့်ကိစ္စက ငါ့အလုပ်မဟုတ်ဘူး၊ ဒါပေါ့ မင်းအလိုရှိရင်တော့ ငါ မင်းကို အလုပ်ခန့်ပေးနိုင်တယ်"
ရွှီဖန်း၏စကားကိုကြားသော် ယန်ပင်းမှာလည်း ရွေးချယ်စရာမရှိတော့ပေ။ သူ အံကိုကြိတ်၍ ပြောလိုက်သည်။
"ကောင်းပြီလေ တစ်လကို ယွမ်နှစ်သိန်းပဲ၊ ဒါဆို မင်းအမိန့်ကို ငါနာခံမယ်"
သေချာသည်မှာ ထိုကဲ့သို့သော လစာမျိုး သူမရနိုင်
ပေ။ သို့သော် ရွှီဖန်း၏အဝေးမှာ သူနေချင်ခဲ့သည်။ ရွှီဖန်း အဝေးသို့ထွက်သွားသည်နှင့် သူ ဘာပဲထပ်လုပ်ပါစေ သူ ဂရုစိုက်နိုင်တော့မည် မဟုတ်ချေ။ ဒါကိုတွေး၍ ထိုစကားကို သူပြောခဲ့ခြင်းဖြစ်သည်။
ယန်ပင်း၏ပြောစကားကြောင့် ရွှီဖန်း စိတ်ထဲ၌ ရယ်မောလိုက်သည်။ ယန်ပင်း၏အတွေးကို သူဖောက်ထွင်းမြင်နေသည့်အလားပင် သိုလှောင်လက်စွပ်ထဲမှ ဆေးတစ်ပြားကို ထုတ်၍ ပေးလိုက်သည်။
"စားလိုက်"
ယန်ပင်းကို ရွှီဖန်း အပြုံးဖြင့် ပြောလိုက်သည်။
"ဒီဆေးက ငါကိုယ်တိုင် အထူးဖော်စပ်ထားတာ၊ စားပြီးတာနဲ့ မင်းခန္ဓာကိုယ်က ဘာပြောင်းလဲမှုမှ ခံစားရမှာမဟုတ်ဘူး၊ မင်း ဘယ်လောက်ပဲစစ်ဆေးပါစေ အဆင်ပြေနေလိမ့်မယ်၊ ဒါပေမယ့် တစ်လအတောအတွင်း မင်း ငါ့ဆီက ဖြေဆေးမရခဲ့ဘူးဆိုရင် အဆိပ်က စပြီး သက်ရောက်လာလိမ့်မယ်"
ယန်ပင်းသည် တံတွေးမြိုချကာ မသိစိတ်မှအလိုလို ခြေတစ်လှမ်း နောက်ဆုတ်မိခဲ့သည်။ သူ ရွှီဖန်းအား သတိဖြင့်ကြည့်၍ အပြုံးဖြင့် ပြောလိုက်သည်။
"မလိုပါဘူး၊ ငါတို့လူသတ်သမားတွေမှာ ကျင့်ဝတ်ရှိပြီးသား၊ ဒီလိုအရာကို လုံးဝမလိုအပ်ဘူး"
ယန်ပင်း၏အမူအရာကို ကြည့်၍ ရွှီဖန်း ညင်သာစွာ ရယ်မောခဲ့သည်။
ထို့နောက် သူ၏ကိုယ်ခံပညာစွမ်းရည်ကို တိတ်တဆိတ်အသက်သွင်းကာ ခြေတစ်လှမ်းရှေ့တိုး၍ ယန်ပင်း၏ လည်ပင်းကို သူလက်ဖြင့် ညှစ်လိုက်သည်။ ယန်ပင်းသည်လည်း မသိစိတ်မှအလိုလို ပါးစပ်ဟမိသွားကာ ရွှီဖန်းသည် ပါးစပ်ထဲ ဆေးပြားပစ်ထည့်၍ မြိုချစေခဲ့သည်။
"ကောင်းပြီ အခု မင်းလုပ်မလား မလုပ်ဘူးလား ဆုံးဖြတ်လို့ရပြီ၊ ငါ မင်းကို တွန်းအားပေးမှာ မဟုတ်ဘူး၊ ဒါပေါ့ မင်း မလုပ်ချင်ဘူးဆိုရင် ငါ မင်းကို ဖြေဆေးလည်းပေးမှာမဟုတ်ဘူး"
ရွှီဖန်းသည် ယန်ပင်းအား အနည်းငယ်သာ ပြုံး၍ ကြည့်နေပြီး ဆုံးဖြတ်ချက်ကို စောင့်နေခဲ့သည်။
ထိုအချိန် ယန်ပင်း၏မျက်နှာကတော့ စိမ်းဖန့်နေလေပြီ။ ကြိမ်ဖန်များစွာ သူ တံတွေးထွေးခဲ့သော်လည်း ဆေးသည် ပါးစပ်ထဲရောက်ပြီးကတည်းက အရည်ပျော်ပြီး ဗိုက်ထဲသို့ ရောက်သွားလေပြီ။
ခဏအကြာမှသာ ယန်ပင်းသည် ခါးသီးနေသော မျက်နှာဖြင့် ပြောလာသည်။
"ကောင်းပြီ ငါလုပ်မယ်၊ မင်း ကတိတည်လိမ့်မယ်လို့ ငါမျှော်လင့်တယ်၊ နောက်လကျရင် ငါ မင်းကို လာတွေ့မယ်၊ ဒါပေမယ့် ဖြေဆေးနဲ့ ယွမ်နှစ်သိန်းကို မမေ့ပါနဲ့"
ရွှီဖန်း ပြုံးပြုံးရွှင်ရွှင်ဖြင့် ခေါင်းညိတ်ကာ နောက်
လှည့်၍ ကားပါကင်ကို သွားလိုက်သည်။
အဆိပ်က အဆိပ်မဟုတ်နေခဲ့ပေ။ ရွှီဖန်းတစ်ယောက် သူ့စိတ်စွမ်းအားကို လန်းဆန်းစေရန်အတွက် ကိုယ်တိုင်ဖော်စပ်ထားသော ဆေးလေးသာဖြစ်သည်။ ဒါကြောင့် သူ ဆေးရုံမှာ သွားစစ်ကြည့်လျှင်တောင်မှ အဆိပ်မမိထားဘူးဟူ၍သာ ရလဒ်ထွက်လာလိမ့်မည်။
လူသတ်သမားအနေဖြင့် ယန်ပင်းသည် ရွှီဖန်း၏ အချက်အလက်များကို အတိအကျ ဖတ်ထားလိမ့်မည်ဖြစ်ရာ သူ၏ ဆေးဘက်ဆိုင်ရာကျွမ်းကျင်မှုကိုလည်း သိထားမှာပင်။ ဆေးသောက်ပြီးနောက် ရွှီဖန်း၏ စကားကို ယန်ပင်းတစ်ယောက် မယုံရန်မှာ ခက်ခဲလှသည်။
ရွှီဖန်း ထွက်သွားသည်ကိုကြည့်ပြီး ယန်
ပင်း၏နှလုံးသားထဲ၌ ခါးသီးစွာ ခံစားခဲ့ရပေသည်။ သူ သေနတ်ကို ပြန်ပြင်၍ ရွှီဖန်းအား ပစ်ရန် မစောင့်နိုင်ခဲ့ပေ။ သို့သော် သူ အခု အဆိပ်သောက်ထားလေရာ အသက်ဆက်ရှင်ရန်အတွက် ရွှီဖန်း၏ဖြေဆေးကို လိုအပ်ပေသည်။ ဒါကြောင့် ထိုအကြံအား တိတ်တဆိတ်ပင် စွန့်လွှတ်ခဲ့သည်။
ယန်ပင်း ပထမဆုံးလုပ်မည့်အရာမှာ ဆေးရုံကို ပြေးသွား၍ ပုံမှန်မဟုတ်တာတစ်ခုခုတွေ့နိုင်မလားဆိုတာကို စစ်ဆေးလိုခြင်းပင်။ မဟုတ်လျှင် သူ ရွှီဖန်း၏ လက်ပါးစေအဖြစ်နှင့်သာ အဆုံးသတ်သွားရလိမ့်မည်။
ထိုအချိန် ရွှီဖန်းသည် ကားထဲတွင်ထိုင်၍ အိတ်ကပ်ထဲမှ ဖုန်းကိုထုတ်ကာ ဝူမင်၏နံပါတ်ကို ခေါ်ခဲ့သည်။
"ဟေး ရွှီဖန်း ဘယ်လိုလဲ"
ဆက်သွယ်မှုချိတ်ဆက်သွားသည်နှင့် ဝူမင်က စိုးရိမ်စွာ မေးလာခဲ့သည်။
ရွှီဖန်း ပြုံးလိုက်ပြီး ဖြည်းညင်းစွာ ပြောလိုက်သည်။
"လူသတ်သမားကို ကျွန်တော် သတ်လိုက်တဲ့အကြောင်း သတင်းလွှင့်ပေးပါ"
*****************