အဖြေ
Vol. 18 Ch. 266
ရွှီဖန်း၌ ဤအမျိုးသမီးအား ဘယ်သူ့ကိုမှ ထိခွင့်မပေးထားသည့် စည်းမျဥ်းတစ်ခုရှိပေသည်။ ချိုးဆုအာထံမှ ထိုကဲ့သို့ကြားခဲ့ရသည့်အခါ နှလုံးသားထဲကနေတောင် သတ်ဖြတ်လိုစိတ်များ ထွက်လာခဲ့သည်။
သို့သော် ရွှီဖန်းသည် ချိုးဆုအာအရှေ့မှာတော့ များစွာ မပြသခဲ့ပေ။ သူမအား နှစ်သိမ့်ပေးလျက်...
"အဆင်ပြေတယ်...ဖြည်းဖြည်းချင်းပြောပြ၊ ကိုယ် အခု ဒီမှာရှိနေပြီပဲ"
ချိုးဆုအာလည်း လက်ခံကာ ရွှီဖန်းအား အိပ်ရာပေါ်၌ ထိုင်ရန် ဆွဲခေါ်သွားခဲ့သည်။ ထို့နောက်မှသာ လွန်ခဲ့သည့် အပတ်အတွင်း သူမ ကြုံတွေ့ခဲ့သည့် အတွေ့အကြုံများကို ဖြည်းဖြည်းချင်း ပြောပြခဲ့သည်။
ရွှီဖန်း ထွက်သွားပြီဟု သတင်းကြားခဲ့ရသည့် နောက်တစ်နေ့မှာပင် သူ၏ဆွေမျိုးက ရောက်လာခဲ့သည်။
ရွှီဖန်း၏ မိဘများသည် ဆက်ဆံရေးနှင့် ဂုဏ်ကို တန်ဖိုးထားသည့် လူများ ဖြစ်ကြရာ ချိုးဆုအာကို ချက်ချင်းခေါ်၍ ရွှီကွမ်းအတွက် တင့်တောင့်တင့်တယ်ရှိလှသော အလုပ်ကို စီစဥ်စေခဲ့သည်။
ရွှီဖန်းမိသားစုမှ ဆွေမျိုးဟု သိရသည်နှင့် ချိုးဆုအာလည်း မငြင်းပယ်ရဲဘဲ ချက်ချင်းပင် ပါဝင်ပစ္စည်းများပေးပို့သည့် အလုပ်နေရာကို ပေးအပ်ခဲ့သည်။
သို့သော် ရွှီကွမ်းသည် ဒီကို ရောက်ပြီးကတည်းက ချိုးဆုအာအပေါ်၌ စိတ်ကူးယဥ်နေလိမ့်မည်ဟု ဘယ်သူက ထင်ထားမည်နည်း။ ချိုးဆုအာသည် မုဆိုးမတစ်ဦးဖြစ်မှန်း သိခဲ့ရသည့်အချိန် သူ ပို၍ အရဲတင်းလာခဲ့သည်။
ရွှီဖန်းအတွက် ထည့်သွင်းစဥ်းစားခဲ့တာကြောင့် ချိုးဆုအာသည် ရွှီဖန်းနှင့် သူမကြားမှ ဆက်ဆံရေးကို မထုတ်ပြောနိုင်ခဲ့ပေ။ ဒါကြောင့် ရွှီကွမ်းကလည်း ပိုပြီး မကြောက်တော့ပေ။ သူ့အမြင်အရ ချိုးဆုအာသည် သူ့ဝမ်းကွဲအတွက် အလုပ်လုပ်ပေးရသော လူဖြစ်တာကြောင့် သူ့အတွက် အပြစ်ရှိစိတ် မခံစားခဲ့ရပေ။
သို့သော် ရွှီဖန်း၏မိဘများသည် ချိုးဆုအာအပေါ်၌ အလွန်ကောင်းမွန်တာကြောင့် ရွှီကွမ်းလည်း အလွန်အကျွံ မလုပ်ရဲခဲ့ပေ။
အခုလေးတင်အထိ ရွှီဖန်းမိဘများနှင့် ညီမလေးတို့ အိမ်အပြင်မှာ အသီးအရွက်များ ဆေးနေတုန်း ရွှီကွမ်းသည် ချိုးဆုအာကို လူမြင်ကွင်းမှာ စနောက်နေခဲ့သည်။
ဒါကြောင့် ချိုးဆုအာမှာ မည်းမှောင်သော မျက်နှာဖြင့် ထိုင်နေခဲ့ရခြင်း ဖြစ်သည်။
ဒါတွေ အကုန်လုံးကို ကြားပြီးနောက် ရွှီဖန်းသည် သူ့နှလုံးသားထဲ၌ ယားယံနေမှုကို ဖိနှိပ်ရန် အသက်ပြင်းပြင်းရှူသွင်းခဲ့သည်။ ချိုးဆုအာကို သူ အသာနမ်း၍ ပြောလိုက်သည်။
"စိတ်မပူနဲ့တော့၊ ကိုယ် ဒီမှာရှိနေမှတော့ မင်းကို ဘယ်သူမှ ထပ်ပြီး အနိုင်မကျင့်စေရဘူး"
ချိုးဆုအာလည် ခေါင်းညိတ်၍ ဘာမှထပ်မပြောတော့ပေ။
ပါဝင်ပစ္စည်းတွေကို ပို့ဆောင်ဖို့ တာဝန်ပေးခံထားရတဲ့လူပေါ့...ဒါက ရွှီဖန်း လိုက်ရှာချင်နေသည့်လူလည်း ဖြစ်နေသည်။
ရွှီကွမ်းကို သူသိသည်။ သူ့မိသားစုသည် မြို့ထဲ၌ ကုန်စုံဆိုင်လေးတစ်ခုဖွင့်ကာ ပိုက်ဆံတချို့တော့ ရှိသည်ဟု ဆို၍ရသည်။
ထပ်ပြောရလျှင် ရွှီကွမ်းသည် သူ့မိသားစု၏ တစ်ဦးတည်းသော သားဖြစ်ကာ ငယ်စဥ်ကတည်းက မောက်မောက်မာမာ ပြုမူနေတတ်သည်။ ပြီးလျှင် မိသားစုက ရောက်လာပြီး သူရှာသမျှ အရှုပ်တွေကို ဖြေရှင်းပေးလိမ့်မည်ပင်။
ဒါ့အပြင် သူ့အမေ ပြောပြခဲ့သည်ကို သူ သတိရပေသည်။ သူ့အဖေ အပြင်းအထန်နေမကောင်းဖြစ်ခဲ့စဥ်က ရွှီကွမ်းမိသားစုသည် သူတို့ကို ရှောင်တိမ်းခဲ့သည်။ သူ့အမေသည် ဘတ်စ်ကားတောင် မစီးနိုင်ဘဲ သူတို့၏တံခါးရှေ့၌ နှစ်နာရီထက်ကြာအောင် စောင့်ခဲ့သော်လည်း ရွှီကွမ်းအမေသည် ရေတစ်ခွက်သာ တိုက်၍ အဝေးကို နှင်ထုတ်ခဲ့လေသည်။
ထိုကဲ့သို့ မိသားစုမျိုးက ဆွေမျိုးဆိုသည့်ဆက်ဆံရေးကို အသုံးချ၍ အလုပ်ရရန် သူတို့ဆီလာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
ဒါကိုတွေးရင်း ရွှီဖန်း ပိုပြီးတော့တောင် စိတ်ပျက်သွားခဲ့သည်။
တိုက်ဆိုင်စွာပင် ရွှီဖန်း၏မိဘများလည်း ချက်ပြုတ်မှု ပြီးသွားလေပြီ။ သူတို့က သူ့အခန်းထဲသို့ အော်ပြောလာကြသည်။
"သားကြီး ဆုအာ စားဖို့ အချိန်ရောက်ပြီ"
ရွှီဖန်းသည် သူမ၏ ကျောပြင်ကို ပုတ်ပေး၍ တီးတိုးပြောလိုက်သည်။
"စောင့်ကြည့်နေလိုက်၊ မင်းယောကျ်ားက မင်းရဲ့ဒေါသတွေ ပြေပျောက်အောင် ကူညီပေးမယ်"
ယနေ့ အိမ်မှာ ဧည့်သည်များစွာ ရောက်နေတာကြောင့် ရွှီဖန်း၏မိသားစုသည် စားပွဲကြီးနှစ်လုံးပြင်ထားရသည်။ တစ်လုံးက အတွင်းခန်း၌ဖြစ်ပြီး တစ်လုံးက ခြံထဲမှာပင်။
သူတို့သည် လူကြီးများနှင့် ကလေးများဟူ၍ ခွဲခြားထားသည့် ခုံ၌ အသီးသီး ဝင်ထိုင်ခဲ့ကြသည်။ ကလေးဆိုသည်မှာ ရွှီဖန်းကဲ့သို့သော အရွယ်များကို ရည်ညွှန်းခြင်းပင်။
ရွှီဖန်း ထိုင်ချလိုက်သည်နှင့် သူ့ဘေးနားမှ ရွှီကွမ်းသည် စီးကရက်ကောင်းတစ်ဘူးကို ထုတ်၍ ရွှီဖန်းကို တစ်ခု ကမ်းပေးလာခဲ့သည်။
"ငါ ပြောဦးမယ် ဝမ်းကွဲ မင်းအလုပ်က တစ်ကယ်မဆိုးဘူးကွ၊ ပါဝင်ပစ္စည်းတွေ ပို့ပေးဖို့ ဟွားမန်ရှင်းကို ငါသွားတုန်းက သူတို့က အရမ်းလေးစားသမှုပြုကြတယ်"
ရွှီဖန်းသည် သူ ဆေးလိပ်မသောက်ကြောင်း လက်ကို ဝှေ့ယမ်းပြခဲ့သည်။
ရွှီကွမ်း၏ မျက်နှာပေါ်၌ ကျေနပ်နေသော အကြည့်မျိုး ရှိနေခဲ့သည်။ ဒီနေ့ရောက်နေသည့် အမျိုးတွေအားလုံးကြားထဲမှာ သူတစ်ယောက်တည်းသာလျှင် အလုပ်ပေးခံထားရသည့် လူဖြစ်သည်။ ကျန်သောသူများကို အခုထိ မစီစဥ်ပေးရသေးချေ။
ဒါကိုတွေး၍ ရွှီကွမ်းသည် မနေနိုင်တော့ဘဲ ရွှီဖန်းအကြောင်း ချီးကျူး၍ စဖားခဲ့သည်။ ကြက်ခြံ၏ စီမံခန့်ခွဲမှုအား သူ့ကို လွှဲအပ်ပေးမည်ဟု မျှော်လင့်နေမိသည်။
ထို့နောက် သူ့ရင်ဘတ်ကို ပုတ်၍...
"ဟေး ဝမ်းကွဲ မင်းစိုက်ပျိုးမွေးမြူထားတဲ့ အပင်တွေနဲ့ ကြက်တွေကို ငါ ကောင်းကောင်း စားကြည့်ထားခဲ့တယ်၊ ငါ မြင်ဖူးသမျှထဲမှာ အကောင်းဆုံး သီးနှံတွေလို့ ပြောရမှာပဲ၊ ငါတို့ ဈေးနှုန်းကို တစ်ချက်တည်း မြှင့်တင်နိုင်တယ်!"
"ဒါ့အပြင် မင်း မသိသေးလို့၊ ငါ ဒီအလုပ်ကို စလုပ်ပြီးကတည်းက လူတွေအများကြီးက ငါ မျက်နှာသာပေးတာခံရဖို့ လာနေကြတာ၊ အဲ့ဒီလူတွေက မြို့နယ်၊ ခရိုင်၊ ပြည်နယ်တွေက စားသောက်ဆိုင်ပိုင်ရှင်တွေ ဖြစ်ပြီး သူတို့အားလုံး ငါ့ကို လက်ဆောင်တွေ လာပေးကြတယ်လေ"
ရွှီကွမ်းသည် ဆေးလိပ်အား တစ်ချက်ပြင်းပြင်းရှိုက်၍ ဟင်းတစ်လုပ်ခတ်စားကာ ဂုဏ်ယူလျက်ပြောပြနေခဲ့သည်။
"ငါ သူတို့ကို ပိုက်ဆံ နည်းနည်းလောက်ပေးဖို့ အကြိမ်ရေတချို့ အရိပ်အမြွက်ပြထားတယ်၊ ဒါပေမယ့် သူတို့အားလုံးက အရူးတွေလို ငါ့ကို လျစ်လျူရှုတယ်လေ၊ အဲ့ဒါနဲ့ တစ်ဝက်ပဲရင့်မှည့်သေးတဲ့ ကောက်ပဲသီးနှံတွေ ငါ ပို့ပေးလိုက်တယ်၊ ဟဲဟဲ သူတို့ကို ဆုံးရှုံးရတဲ့အရသာလေး ပေးခံစားကြတာပေါ့၊ ဒါမှ ငါတို့ ဘယ်လောက်သန်မာလဲ သူတို့သိမှာ"
ရွှီကွမ်း ပြောနေသည့် စကားများကို ကြားသည့်အခါ ရွှီဖန်း သည်းမခံနိုင်တော့ပေ။ မျှော်လင့်ထားသကဲ့သို့ပင် ဒီကောင်သည် ဘယ်နေရာသွားသွား ထိုကဲ့သို့သောစိတ်ထားမျိုး ရှိနေလေသည်။
ဖောင်း!!!
ရွှီဖန်းသည် ရွှီကွမ်း၏ ပါးအား ရိုက်ချပြီး မြေပြင်ပေါ်သို့ ရက်စက်စွာ ကန်ထုတ်လိုက်သည်။
ရွှီကွမ်း၏ မျက်နှာက နီရဲသွားခဲ့သည်။ သူက မျက်နှာကို အုပ်၍...
"ရွှီဖန်း မင်းရူးသွားပြီလား!"
အော်ဟစ်သံများကြောင့် အတွင်းခန်းရှိ လူကြီးများအပါအဝင် စုဝေးလာကြသည်။
ရွှီကွမ်း၏ မိဘများသည် သူတို့သား မြေကြီးပေါ်သို့ လဲကျနေသည်ကို မြင်သည့်အခါ စိုးရိမ်စိတ်များ ဖြစ်သွားကြသည်။
"မင်း ငါ့သားကို ဘာလို့ ရိုက်တာလဲ"
"သူ့ကို မေးကြည့်လေ"
ရွှီဖန်း အသက်ပြင်းပြင်းရှူသွင်း၍ ထိုင်ခုံပေါ်တွင် ပြန်ထိုင်ကာ အေးစက်နေသော မျက်နှာဖြင့် ပြောခဲ့သည်။
"ဘာဖြစ်လို့လဲ! ငါတို့စက်ရုံအတွက် အကျိုးအမြတ်ကို ငါရှာပေးနေတာမဟုတ်လို့လား!"
ရွှီကွမ်းက မျက်လုံးများ ဖွင့်၍ အော်ပြောလာသည်။
ရွှီဖန်းသည် သူ့အတွက် မျက်နှာ ချန်ပေးချင်စိတ်မရှိတော့တာကြောင့် ထိုင်ချလိုက်ပြီး...
"ဒါက ငါ့စက်ရုံ..မင်းက အလုပ်သမားအဆင့်ပဲ"
"မင်း ငါတို့က ဆွေမျိုးတွေလေ! မင်း ပိုက်ဆံ နည်းနည်းရှာနိုင်တယ်ဆိုတိုင်း ဆွေမျိုးတွေကို မေ့လိုက်ပြီပေါ့!"
ရွှီဖန်း၏ပြောစကားကိုကြားတော့ ရွှီကွမ်း၏မိဘများသည် ဒီအတိုင်းမနေနိုင်တော့ဘဲ ရွှီဖန်း၏ နှာခေါင်းကို လက်ညှိုးထိုးကာ ကြိမ်းမောင်းလာကြလေသည်။
တခြားဆွေမျိုးများသည်လည်း အချင်းချင်း တီးတိုး ပြောဆိုလာကြသည်။
တခြားအရာအတွက်မဟုတ်ဘဲ သူတို့၏ ကိုယ်ကျိုးစီးပွားအတွက်ပင်။
ရုတ်ချည်းပင် လူအုပ်ကြီး၏ ကျိန်ဆဲသံတွေကြား ရွှီဖန်း နစ်မြုပ်သွားခဲ့သည်။ ရွှီဖန်းသည် သူ့မျက်နှာပေါ်၌ အေးစက်သောအမူအရာကို တင်ထားပြီး လူတိုင်းရပ်တန့်မည့်အချိန်ကို စောင့်နေခဲ့သည်။
ခဏအကြာမှာ ဆွေမျိုးများလည်း ဖြည်းညင်းစွာ ရပ်သွားကြပြီး ရွှီဖန်းအား တိတ်တဆိတ်ကြည့်၍ အဖြေပေးမည်ကို စောင့်နေခဲ့ကြသည်။
*************