← Chapters

အကုန်လုံးပျောက်သွားတာလား

Vol. 19 Ch. 273

အကုန်လုံးပျောက်သွားတာလား

Vol. 19 Ch. 273

ထိုအခိုက်အတန့်တွင် ယန်ပင်းသည် ညောင်ပင်ကြီးရှိရာသို့ သူတတ်နိုင်သည့် အလျင်မြန်ဆုံးအရှိန်ဖြင့် ပြေးနေခဲ့သည်။ ကံမကောင်းသည်မှာ သူ့ အရှိန်က နှေးနေသေး၏။

လူသတ်သမားသည် ကျောက်တုံးပေါ် မတ်တပ်ရပ်၍ ယန်ပင်း၏ နောက်ကျောကို ချိန်ထားခဲ့သည်။

ဒိုင်း!

ပစ်ခတ်မှုတစ်ချက်! ဒီတစ်ကြိမ်မှာတော့ ယန်ပင်း သိပ်ကံမကောင်းခဲ့ပေ။ သူ့မှာ နှလုံးအကာမှန် ရှိသော်လည်း နောက်ကျောအကာတော့ မရှိခဲ့ပေ။

ထိုပစ်ခတ်မှုကြောင့် ယန်ပင်းသည် မြေပြင်ပေါ်သို့ လဲကျသွားခဲ့သည်။ စနိုက်ပါ၏အစွမ်းက သံသယဖြစ်ဖွယ်ရာမရှိပေ။

ထို့အပြင် ယန်ပင်းသည် ရွှီဖန်းကဲ့သို့ ကိုယ်ခံပညာမတတ်မြောက်ထားသည်ဖြစ်ရာ သူ့ကြွက်သားများက အလွန်သန်မာခြင်းမရှိပေ။ ထိုပစ်ခတ်မှုသည် သူ့နောက်ကျောထံ၌ အချင်း နှစ်စင်တီမီတာလောက်ရှိသည့် အပေါက်တစ်ပေါက် ဖြစ်သွားစေခဲ့သည်။

"ဖာ့ခ်!!!"

ယန်ပင်း ဒေါသတကြီး ကျိန်ဆဲကာ သူ့ခန္ဓာကိုယ်အား လှိမ့်ရန် ကြိုးစားခဲ့သည်။ ထို့နောက် သူ့သေတ္တာကို အမြန်ဖြုတ်ကာ တပ်ဆင်ခဲ့သည်။ ဒါဟာ သူ့အတွက် နောက်ဆုံးသော အခွင့်အရေးပင်။ 

ကံကောင်းစွာပင် တစ်ဖက်လူ၏ သေနတ်သည် semi-automatic သေနတ်ဖြစ်ကာ တစ်ခါပစ်ပြီးသည်နှင့် ချက်ချင်းဆက်တိုက်ထပ်ပစ်၍ မရချေ။ မဟုတ်လျှင် ယန်ပင်း သေနေလေပြီ။

ယန်ပင်း၏ လက်အရှိန်မှာ အလွန်မြန်ပေသည်။ ထို့အပြင် သူ့ထံ၌ အချိန်များစွာ မကျန်ရှိမှန်း သိထားတာကြောင့် နောက်ဆုံးသောခွန်အားကို ပုံအောနေသကဲ့သို့ အလွန်မြန်ဆန်နေခဲ့သည်။ သို့သော်ငြား သူ ဘယ်လောက်ပဲ မြန်ဆန်ပါစေ တစ်ဖက်ရန်သူမှ ပြန်ပစ်နိုင်မည့် အရှိန်ထက်တော့ မမြန်ခဲ့ပေ။

ထိုအခိုက်အတန့်တွင် လူသတ်သမားသည် သူ၏သေနတ်အား ထပ်မြှောက်လာပြီး ယန်ပင်း၏ ဦးခေါင်းကို ချိန်ရွယ်ထားခဲ့သည်။ သူ ပြုံးလိုက်ပြီး...

"နှုတ်ဆက်ပါတယ်"

လူသတ်သမားသည် ပစ်ပြီးသည်နှင့် သေနတ်ကိုချကာ  သူ့မျက်လုံးကို မှိတ်ထားခဲ့သည်။ 

ထိုအရာမှာ သူ့အတွက် ပရော်ဖက်ရှင်နယ်ဆန်သော အလေ့အကျင့်ဖြစ်သည်။ သူ ပစ်ခတ်၍ သတ်ပြီးသည့်အချိန်တိုင်း တစ်ဖက်လူ၏ စိတ်မချမ်းမြေ့ဖွယ်ရာ သေဆုံးခြင်းကို မမြင်ချင်တာကြောင့် မျက်လုံးမှိတ်မှိတ်ထားတာ အကျင့်ဖြစ်နေခဲ့သည်။

ငါးစက္ကန့်အကြာမှာ သူ တဖန် မျက်လုံးပြန်ဖွင့်ခဲ့သည်။ သို့သော်ငြား မျက်လုံးဖွင့်လိုက်သည်နှင့် သူ တောင့်တင်းသွားခဲ့သည်။

မူလကတော့ သူ မျက်လုံးဖွင့်လိုက်သည်နှင့် ဦးနှောက်ဒဏ်ရာဖြင့် အလောင်းကို တွေ့မြင်ရလိမ့်မည်ဟု ထင်ခဲ့သည်။ သို့သော်ငြား သူ မျက်လုံးကို ဖွင့်ခဲ့သည့်အခါ ရှင်းလင်းနေသော မြေပြင်ကို တွေ့ခဲ့ရသည်။

ဘယ်ရောက်သွားတာလဲ!!

သူ စိတ်ထဲ၌ မအော်ဟစ်ဘဲ မနေနိုင်ခဲ့ပေ။ ဘာတွေဖြစ်သွားခဲ့မှန်း သူမသိသော်လည်း သူ့သေနတ်ကို သိမ်း၍ ထွက်ပြေးရန် ပြင်လိုက်သည်။

သို့သော် သူ ရှင်းရှင်းလင်းလင်းသိသွားရသည့် အရာတော့ ရှိပေသည်။ ဤအချိန်၌ သူ ဒီကိစ္စအား မဖြေရှင်းနိုင်တော့ပေ။

ထိုကဲ့သို့သော ကိစ္စမျိုးဖြစ်လာလျှင် ထွက်ပြေးခြင်းက အကောင်းဆုံးအရာဖြစ်သည်။

သို့သော်ငြား သေနတ်ကို သူ့နောက်ကျော၌ တင်လိုက်ရုံပဲ ရှိသေး၊ ရှင်းလင်းသော ယောကျ်ားလေးအသံက သူ့အနောက်မှ ထွက်လာသည်။

"မင်းက လူသတ်သမားလို့ ခေါ်တဲ့လူလား"

ဒါကိုကြားသည့်အခါ သူတောင့်တင်းသွားခဲ့သည်။ သူ့လက်အား နှေးကွေးစွာ မြှောက်၍ တုန်ယင်နေသည့်အသံဖြင့် ပြောမိသည်။

"တစ်ခုခု အရင်ပြောတာ ပိုကောင်း..."

သူ့စကားမဆုံးသေးခင်မှာပင် ပိတ်ရိုက်ခံရပြီး မြေပြင်ပေါ်သို့ အသိစိတ်မရှိစွာ ကန်ခံလိုက်ရသည်။

မြေပြင်ပေါ်မှ သတိမရှိတော့သည့် လူသတ်သမားကိုကြည့်၍ သူ့နောက်မှ အမျိုးသားက သက်ပြင်းချလေသည်။

"ဘာတွေပြောနေတာလဲ...မင်းက လူသတ်သမားပဲဟာ"

သို့နှင့် ထိုလူအား သူ့ပုခုံးပေါ်မှာ တင်၍ ရွှီဖန်း၏ အိမ်သို့ အမြန်ဦးတည်ခဲ့သည်။

ထိုပုဂ္ဂိုလ်မှာ ရွှီဖန်း၏ ခြံထဲ၌ ပေါ်လာခဲ့သော လူမှ လွဲ၍ တခြားလူ မဖြစ်နိုင်ပေ။ 

ထိုအချိန်တွင် ရွှီဖန်းသည် တည်ငြိမ်သော အမူအရာဖြင့် နံရံကို မှီကာ ရပ်နေ၏။ သူ့ဘေး၌ ဗလာကင်းမဲ့သော အမူအရာဖြင့် ရင်ဘတ်ကို ဖိကြည့်နေသော ယန်ပင်းအား သူ ကြည့်လိုက်မိသည်။

"ရွှီ ရွှီဖန်း တစ်ကယ်ပဲ ဘာတွေဖြစ်နေတာလဲ"

ယန်ပင်းသည် ဂရုမစိုက်သောပုံစံဖြင့် နေနေသော ရွှီဖန်းကို ကြည့်၍ ရှော့ရစွာ မေးမိသည်။

ရွှီဖန်းသည် သူ့လက်ကို ဝှေ့ယမ်း၍ 

"ခဏနေရင် အဲ့ဒီလူသတ်သမားကို ဘယ်သူမှ မရှိတဲ့နေရာဆီ ခေါ်သွားပေးပါ၊ ကျန်တဲ့မမေးသင့်တဲ့ မေးခွန်းတွေကိုတော့ ငါ့ကို မမေးပါနဲ့"

ထိုအချိန် လူတစ်ယောက်ကို သယ်လာသည့် အမျိုးသားကလည်း သူတို့အရှေ့ ပြန်ရောက်လာခဲ့သည်။

ယန်ပင်း ခေါင်းညိတ်၍ ဘာမှမပြောတော့ပေ။ ထိုလူ၏ ခန္ဓာကိုယ်ပေါ်မှ စနိုက်ပါကို ရိုးရိုးတန်းတန်းချွတ်ယူ၍ သူ့နောက်ကျောမှာ သယ်လိုက်ကာ ရွှီဖန်း အိမ်၏ အနောက်တောင်သို့ လျှောက်သွားလိုက်သည်။

"ခဏ!"

ယန်ပင်းမှ အနောက်တောင်ဘက်သို့ သွားနေသည်ကို မြင်သည့်အခါ ရွှီဖန်းသည် အမြန်ပင် ပြန်လာခဲ့ရန် လက်ယက်ခေါ်လိုက်သည်။

ယန်ပင်း အံ့သြသွားခဲ့သည်။ သူ ပြန်လှည့်၍ ရွှီဖန်းကို ကြည့်ကာ မေးမိသည်။

"ဘာဖြစ်လို့လဲ"

"ငါ့အထင် မင်း ငါ့ကြက်ခြံဆီ သွားပြီး သူ့ကို စစ်ဆေးသင့်တယ်၊ မင်းအတွက် တိတ်ဆိတ်တဲ့နေရာကို ရှာပေးဖို့ ငါ အမိန့်ပေးလိုက်တယ်ဆိုပြီး ချိုးဆုအာကို ပြောလိုက်ပါ"

"အာ...ဖြစ်နိုင်ပါ့မလား၊ ငါ သေနတ်ကြီးသယ်ထားတာ တစ်ယောက်ယောက် မြင်သွားရင်ရော"

ယန်ပင်းက ခါးသက်သော မျက်နှာဖြင့် မေးလာခဲ့သည်။

ရွှီဖန်းသည် သူ့ကို စိုက်ကြည့်၍ ပေါ့ပေါ့ပါးပါး ပြန်ပြောခဲ့သည်။

"မင်းက ကျွမ်းကျင်တဲ့လူသတ်သမား မဟုတ်ဘူးလား၊ ဒီလိုအရာလေးကိုတောင် မလုပ်နိုင်လို့လား"

ရွှီဖန်း၏ စကားကိုကြားသည့်အခါ ယန်ပင်းသည် အပြုံးတစ်ခုကို ညှစ်ထုတ်ကာ ဘာမှ မပြောနိုင်ခဲ့တော့ပေ။ သူ လူသတ်သမားအား သယ်ဆောင်၍ ထွက်လာခဲ့သည်။

ယန်ပင်း ထွက်ခွာသွားသည်နှင့် ရွှီဖန်း အသက်ပြင်းပြင်းရှူသွင်းကာ သူ့အရှေ့မှ အမျိုးသားကို ကြည့်၍ ခပ်ဖြည်းဖြည်း မေးလိုက်သည်။

"မင်းက ဘယ်သူလဲ"

"ကျွန်တော်လား၊ ကျွန်တော်က ကောင်းကင်ဘုံနန်းက အဆင့်နိမ့်တပ်သား စစ်မာထျန်းဟယ်ပါ လူကြီးမင်းရွှီဖန်းကို နှုတ်ဆက်ပါတယ်"

ရွှီဖန်း၏ မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။ ကောင်းကင်ဘုံက တပ်သားလား။

သူ့အရှေ့မှ လူသည် လက်တစ်ချက်ကို ဝှေ့ယမ်းရုံဖြင့် ရွှီဖန်းနှင့် ယန်ပင်း၏ ဒဏ်ရာများကို ကုသပေးနိုင်ခဲ့သည်။ ထိုကဲ့သို့သော သူကပင် ကောင်းကင်ဘုံ၌ အဆင့်နိမ့်တပ်သား အဆင့်သာ ရှိသည်။

သို့သော်ငြား ရွှီဖန်းထံ၌ ထိုကိစ္စအား ဂရုစိုက်ရန် အချိန်မရှိနေပေ။ ကောင်းကင်ဘုံမှ လူက သေမျိုးကမ္ဘာကို တိုက်ရိုက် ရောက်လာခဲ့သည်။ ကိစ္စတွေက ထင်သလောက် မရိုးရှင်းမှန်း ရွှီဖန်း သတိထားမိပေသည်။

အသက်ပြင်းပြင်းရှူသွင်း၍ ရွှီဖန်း မေးမိသည်။

"ပြောပါ ဒီကိုလာတာ တာဝန်တချို့တလေများ ရှိလို့လား"

"တာဝန်နှစ်ခု ရှိပါတယ်၊ ပထမတစ်ခုက လူကြီးမင်းရွှီဖန်းကို အန္တရာယ်ကနေ ကယ်တင်ဖို့ပါ"

စစ်မာထျန်းဟယ်သည် ဖြည်းညင်းစွာပြော၍ အနည်းငယ် ပြုံးလိုက်လေသည်။ 

"ဒါဆို နောက်ထပ် တာဝန်ကရော"

စစ်မာထျန်းဟယ်သည် ဘာမှမဖုံးကွယ်တော့ဘဲ တိုက်ရိုက်ပြောလာသည်။ 

"ဒုတိယတာဝန်က စစ်မှန်သောအရှင်အာ့လန် ကိုယ်စားလူကြီးမင်းကို နှုတ်ဆက်စကား လာပြောပေးတာဖြစ်ပါတယ်၊ ဒီတစ်ခါနှုတ်ဆက်စကားဆိုပြီးရင် ဘယ်အချိန်မှ ပြန်တွေ့မလဲဆိုတာ မသိဘူး...မင်းကိုယ်မင်း ဂရုစိုက်ပါဆိုပြီး လူကြီးမင်း ရွှီဖန်းကို စကားပါးခဲ့ပါတယ်"

ရွှီဖန်း ခေါင်းညိတ်လိုက်သည်။ စစ်မာထျန်းဟယ်အား တစ်ခုခုပြောတော့မည့်အချိန် ရုတ်တရက် သူ အံ့အားသင့်သွားခဲ့သည်။ သူ ချက်ချင်းပင် ဖုန်းထုတ်ကြည့်လိုက်သည်။

ထို့နောက် wechatကို ဖွင့်၍ အမြန်ဝင်ကြည့်လိုက်သည်။ ယခု သူ၏ wechatသည် သာမန်လူတစ်ယောက်၏ wechatအခြေအနေကဲ့သို့ ပြန်ဖြစ်သွားခဲ့ကာ နတ်ဘုရားအားလုံး၏ wechat အကောင့်များ ပျောက်ကွယ်သွားခဲ့ပြီး သူ့ထံသို့ ပို့ထားသော သူငယ်ချင်းအဖြစ်တောင်းဆိုခွင့်များလည်း ပျောက်သွားခဲ့သည်။

"ဘာတွေ ဖြစ်သွားတာလဲ"

ရွှီဖန်းသည် စစ်မာထျန်းဟယ်အား ကြည့်၍ အလောတကြီး မေးမိသည်။

ကောင်းကင်ဘုံနန်း တစ်ခုလုံး ပျောက်ကွယ်သွားမှုက ဟာသမဟုတ်ပေ။ ဒီတစ်လျှောက်လုံးမှာ ကောင်းကင်ဘုံနန်းကသာ သူအမှီခိုရဆုံး အရာတစ်ခု ဖြစ်ခဲ့သည်။ အခု တစ်ကယ်ကိုပင် လုံးဝ ပျောက်ကွယ်သွားလေသည်။

ဤအရာမှာ ရွှီဖန်းအတွက် သတင်းကောင်းတစ်ခု မဟုတ်ခဲ့ပေ။

*****************

All Chapters