ဘာသောက်ကျိုးနည်းတွေ ဖြစ်သွားတာလဲဟ
Vol. 19 Ch. 274
ရွှီဖန်း၏ စိုးရိမ်နေသော အမူအရာကို ကြည့်၍ စစ်မာထျန်းဟယ်သည် ကူကယ်ရာမဲ့စွာပင် သူ့လက်များကို ဖြန့်၍ ပြောလာခဲ့သည်။
"ဒီကိစ္စအပေါ်မှာ စည်းမျဥ်းတွေ ရှိတယ်၊ ကျွန်တော် ပြောပြလို့မရဘူး၊ ဒါကြောင့် လူကြီးမင်း နားလည်ပေးဖို့ မျှော်လင့်ပါတယ်"
ရွှီဖန်း အသက်ပြင်းပြင်းရှူသွင်းမိသည်။ သူ ပြောပြရန် ဆန္ဒမရှိပါက ရွှီဖန်းဘက်မှ ဘာပဲ ထပ်ပြောပါစေ အသုံးမဝင်မှန်း သူ သိပေသည်။ ဒါကြောင့် ဤမေးခွန်းအား မေးရန်သာ တတ်နိုင်ခဲ့သည်။
"မင်းကရော ဘယ်လိုလဲ၊ ဘယ်အချိန် ပြန်မှာလဲ"
စစ်မာထျန်းဟယ်သည် ခေါင်းကိုမော့၍ ကောင်းကင်ပေါ်မှ နေလုံးကြီးကို ကြည့်ကာ ဖြည်းဖြည်းချင်း ပြောလာလေသည်။
"တစ်နာရီကျန်နေသေးတယ်...ကျွန်တော် ပြန်တော့မှာပါ၊ ကျွန်တော် ပြန်သွားပြီဆိုတာနဲ့ လူကြီးမင်းရွှီရဲ့ အိမ်အနောက်ဘက် တောင်ပေါ်က တွင်းပေါက်ကြီးက အချိန်တစ်ခုအထိတော့ ပိတ်သွားပါလိမ့်မယ်၊ လူကြီးမင်းရွှီ ဒီကိစ္စကို အနာဂါတ်မှာ ဘယ်သူ့ကိုမှ မပြောဖို့ မျှော်လင့်ပါတယ်"
စစ်မာထျန်းဟယ်၏စကားများကို ကြားသည့်အခါ ရွှီဖန်းသည် အနည်းငယ် ကူကယ်ရာမမဲ့ဘဲ မနေနိုင်ခဲ့ချေ။ ဤကိစ္စကို ကြည့်ခြင်းအားဖြင့် ကောင်းကင်ဘုံနန်း၌ တစ်စုံတစ်ရာ ကြီးကြီးမားမားကို ကြုံနေရတာ ဖြစ်ရမည်။
ထိုကိစ္စမှာ ရုတ်ချည်းဖြစ်သွားခဲ့တာ ဖြစ်ပြီး သူတို့အားလုံး မပျောက်ကွယ်သွားခင်မှာ ဘာအသိပေးစာလေးမှ မရခဲ့ဘဲ သူ့အား နှုတ်ဆက်စာပေးရန်အတွက် ဤတပ်သားလေးကိုသာ ချန်ထားပေးခဲ့လေသည်။
သူ့အရှေ့မှ လူကို ကြည့်မိရာ သေမျိုးကမ္ဘာမှ စစ်သားများနှင့် ဆင်တူလိမ့်မည်မှန်း သူသိသည်။ သူတို့သည် အမိန့်များအား မလွဲမသွေ နားထောင်ရမည့် တာဝန်ရှိကာ သဘာဝကျစွာပင် မလိုက်နာ၍ မရချေ။
ထို့အပြင် စစ်မာထျန်းဟယ်တွင် ကောင်းကင်ဘုံနန်းသို့မပြန်ခင် တစ်နာရီကျန်သေး၏။ သူ တစ်ခုခုလုပ်ခိုင်းလျှင်လည်း မမီတော့ဘဲ နောက်ကျနေလေပြီ။
ရုတ်တရက်ပင် ရွှီဖန်းသည် တစ်ခုခုအား တွေးမိသွားသကဲ့သို့ အံ့သြသွားခဲ့သည်။
အာ့လန်ရှန်း၏ သစ္စာစောင့်သိမှု အတိုင်းအတာအရ သူတို့ အနာဂါတ်၌ ထပ်တွေ့ရန် အခွင့်အရေး မရှိတော့မည်ဖြစ်ရာ အာ့လန်ရှန်းသည် သေချာပေါက် သူ့အား ဒီအတိုင်းလွှတ်ပေးလိမ့်မည် မဟုတ်ချေ။
ဒါကို တွေးမိရင်း ရွှီဖန်းသည် စစ်မာထျန်းဟယ်အား တန်းမေးခဲ့သည်။
"ဒါနဲ့ စစ်မှန်သောအရှင်အာ့လန်က ကျွန်တော့်ကို တစ်ခုခု လွှဲအပ်ပေးဖို့ မင်းကို တောင်းဆိုထားတာ ရှိလား"
ရွှီဖန်း၏ စကားကို ကြားသည့်အခါ စစ်မာထျန်းဟယ်သည် ခေါင်းကို မခါယမ်းခင် ခဏတာလောက် ဂရုတစိုက် ပြန်တွေးနေခဲ့သည်။
"စစ်မှန်သောအရှင်အာ့လန်က အဲ့ဒီစကားကိုပဲ ပြောပေးဖို့ ကျွန်တော့်ကို တောင်းဆိုထားတာ...အိုး ဟုတ်သားပဲ!"
"ဘာလဲ"
ထိုတပ်သားမှ တစ်ခုခုအား တွေးမိသွားသည့်ပုံကို ပြလာသည့်အခါ ရွှီဖန်း၏ မျက်လုံးများ တောက်ပသွားခဲ့သည်။ သူ ထိုတပ်သားအား ကြည့်၍ အာ့လန်ရှန်း သူ့အတွက် ချန်ထားပေးခဲ့မည့်အရာကို သိချင်နေခဲ့သည်။
စစ်မာထျန်းဟယ်သည် သူ့ခေါင်းကိုရိုက်၍ ပြောလာခဲ့သည်။
"စစ်မှန်သောအရှင်အာ့လန်က လူကြီးမင်းနဲ့ ကောင်းကင်နတ်ခွေးကြားက ကံကြမ္မာ စတင်ခဲ့တဲ့နေရာမှာ ကောင်းမွန်တဲ့တစ်ခု ချန်ထားပေးခဲ့တယ်ဆိုပြီး ပြောခဲ့ပါတယ်"
ဒါကို ကြားသည့်အခါ ရွှီဖန်း ခဏတာ အံ့သြသွားခဲ့သည်။ ထို့နောက် ခွေးလေးခုနစ်ကောင်ကို သတိရသွားခဲ့သည်။
သူတို့ပျောက်ဆုံးသွားတာက အာ့လန်ရှန်းနဲ့များ တစ်ခုခုပတ်သက်နေမလား။
ဟုတ်၏။ ဤအကြောင်းအား အာ့လန်ရှန်းနှင့် သူနှစ်ယောက်တည်းသာ သိထားသည်။ ဒါကြောင့် လက်ရှိအခိုက်အတန့်မှာ ထိုခွေးလေးခုနစ်ကောင်နှင့်
လည်း သက်ဆိုင်နေမှန်း ရွှီဖန်း သေချာပေသည်။
ဒါကို တွေးမိကာ ထိုခွေးလေးများအား သွားရှာရန် မစောင့်နိုင်တော့ပေ။ သူ ချက်ချင်းပင် စစ်မာထျန်းဟယ်ဘက်သို့ လှည့်ကာ ပြောခဲ့သည်။
"ဒါနဲ့ မင်း ဘာပြောချင်တာ ကျန်သေးလဲ၊ မရှိတော့ဘူးဆိုရင် ပြန်လို့ရပါပြီ"
စစ်မာထျန်းဟယ် အံ့သြသွားခဲ့သည်။ အစက ထင်ထားခဲ့သည်မှာ ရွှီဖန်းမှ သူအား တစ်ခုခုတောင်းဆိုလိမ့်မည်ဟူ၍ပင်။
သို့သော်ငြား ရွှီဖန်းမှ အခုလို ပြောလာမှတော့ သူ ထပ်ပြီး နေတော့မည်မဟုတ်ပေ။ သူ လမ်းမပေါ် လျှောက်သွားပြီး ရွှီဖန်းအိမ်၏ အနောက်ဘက်မှ တောင်သို့ ဦးတည်သွားခဲ့သည်။
စစ်မာထျန်းဟယ်၏ နောက်ကျောကို ကြည့်ရင်း ရွှီဖန်း၏ အစောပိုင်း ပျော်ရွှင်မှုများသည် သူ၏ ဆင်ခြင်တုံတရားကြောင့် လွင့်ပြယ်သွားခဲ့ရသည်။
တခြားလူများကတော့ မသိနိုင်ပေ။ သူ့လက်ထဲမှာ ရှိသည့် အရာအားလုံးက ကောင်းကင်ဘုံနန်းနှင့် ဆက်စပ်နေမှန်း သူကတော့ သိပေသည်။ ယခု ကောင်းကင်ဘုံနန်းမှာ ပျောက်ကွယ်သွားပြီဖြစ်ရာ အနာဂါတ်၌ သူ့လက်ထဲရှိ အရာများကိုသာ အသုံးပြု၍ သူ့စီးပွားရေးကို နှေးကွေးစွာဖြင့်သာ တိုးတက်အောင် လုပ်ရတော့မည်။
ယခင်ကလို ဗလာကျင်းသော အရှေ့သို့ အလျင်စလို မလျှောက်လှမ်းနိုင်တော့ပေ။ သူ အရင်က ကိစ္စတစ်ခုခု ကြုံတွေ့ရသည့်အခါတိုင်းမှာ ကောင်းကင်ဘုံနန်းကို အကူအညီတောင်းနိုင်သည်။ သို့သော် ယခုမှာ ကွဲပြားသွားလေပြီ။ ကောင်းကင်ဘုံနန်းက မရှိတော့ပေ။
တစ်နည်းအားဖြင့်ဆိုရလျှင် ရွှီဖန်း၏ အနာဂါတ်ရွှေလက်ချောင်းများမှာ ထိုက်ပိုင်ကျင့်စစ်၏ စိမ်းမြရောင်ဆေးအိတ်၊ စစ်မှန်သော အရှင့်အာ့လန်၏ မိုးပျံအိုးသိုင်းကျမ်းနှင့် မိုးကြိုးနတ်ဘုရားပေးထားသည့် လျှပ်စီးဆင့်ခေါ်ခြင်းအဆောင်အား မွမ်းမံနည်းသာ ကျန်တော့သည်။
ဟုတ်သားပဲ!
လျှပ်စီးဆင့်ခေါ်ခြင်းအဆောင်!!!
ထိုအရာသည် ကောင်းမွန်သော ပစ္စည်းတစ်ခုဖြစ်သည်။ ချက်ချင်းပင် ရွှီဖန်းတစ်ယောက် မိုးကြိုးနတ်ဘုရားပေးခဲ့သည့် လျှပ်စီးဆင့်ခေါ်ခြင်းအဆောင်အား မွမ်းမံနည်းကို သိုလှောင်လက်စွပ်ထဲမှ ထုတ်ယူကြည့်လိုက်သည်။
လျှပ်စီးဆင့်ခေါ်ခြင်းအဆောင်၏အာနိသင်ကို ဘယ်သူကမှ မသိနိုင်ပေ။ သူ့ဆီမှာသာ ကောင်းကင်ဘုံစွမ်းအားအဆောင်ကဲ့သို့ မရေမတွက်နိုင်သော လျှပ်စီးဆင့်ခေါ်ခြင်းအဆောင်များ ရှိပါက ရွှီဖန်း အလွန်
အားနည်းနေတော့မည် မဟုတ်ပေ။
သို့သော်ငြား ၎င်းအား သန့်စင်ရန်အတွက် သူ ထိုမွမ်းမံနည်းကို ယူကြည့်ခဲ့သည့်အခါ လုံးဝ ကြောင်အသွားရတော့သည်။
"မိုးကြိုးနဂါး၏ကြေးခွံတစ်ခု၊ အပြာရောင်သမုဒ္ဒရာမှ သလင်းကျောက်တစ်ခု၊ ကောင်းကင်ဘုံကိုးခု..."
ဖာ့ခ်!!!!
ရွှီဖန်း စိတ်ထဲ၌ မဆဲရေးဘဲ မနေနိုင်တော့ချေ။ တချို့အခြေခံအရာကလွဲ၍ အဓိက လိုအပ်သော ပစ္စည်းများမှာ သေမျိုးလောက၌ ရှာတွေ့နိုင်သော အရာမဟုတ်ပေ။
ရွှီဖန်း ရင်ထဲ၌ အော်နေမိသည်။ ဒီတစ်ကြိမ်တော့ သူ ကူကယ်ရာမဲ့သွားလေပြီ။ ယခုဆိုလျှင် လျှပ်စီးဆင့်ခေါ်ခြင်းအဆောင်အတွက် မျှော်လင့်ချက်လည်း ပျောက်ဆုံးသွားလေပြီ။
ထို့ပြင် လျှပ်စီးဆင့်ခေါ်ခြင်းအဆောင်မရှိတော့တာကြောင့် လျှို့ဝှက်မိသားစုညီလာခံ၌ မန္တန်တာအိုယှဥ်ပြိုင်ပွဲသည် ရှယန်ယွိ၏မိသားစုအတွက် အားနည်းသောပွဲစဥ်တစ်ခု ဖြစ်သွားလိမ့်မည်။
ထိုအခိုက်အတန့်တွင် ရွှီဖန်း၏ဖုန်းက ရုတ်တရက် မြည်လာသည်။ သူ အံ့သြသွားကာ ဖုန်းကို ထုတ်ယူ၍ ကြည့်လိုက်သည်။ ရှယန်ယွိမှ ခေါ်ဆိုလာခြင်းပင်။
"ဟယ်လို ဘာလို့ ကိုယ့်ကို ခေါ်တာလဲ"
ဖုန်းဖြေပြီးနောက် ရွှီဖန်း သိချင်စိတ်ဖြင့် မေးမိသည်။
ဖုန်းတစ်ဖက်တွင် ရှယန်ယွိသည် အနည်းငယ် ပျာယာခတ်နေပုံပေါ်ပြီး ရွှီဖန်းကို မေးလာသည်။
"ရွှီဖန်း! ရှင် အဆင်ပြေတယ်မလား!"
ရွှီဖန်း မျက်မှောင်ကြုတ်မိသည်။ ဘာပါလိမ့်၊ ရှယန်ယွိတောင်မှ သူ့ကို သတ်ရန် ကြိုးစားခြင်းကို သိနေကြသည်လော။
"ကိုယ် အဆင်ပြေပါတယ် ဘာဖြစ်လို့လဲ"
ရှယန်ယွိသည် အနည်းငယ် သက်ပြင်းချလိုက်ပုံပေါ်ပြီး ဖုန်းထဲသို့ ပြောလာသည်။
"ကျွန်မအိမ်...ကျွန်မ မိသားစုတစ်ခုလုံး ပျောက်သွားတယ်"
"ဘာ!!!"
ရွှီဖန်း၏ မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။
ငါ့နောက်ခံဖြစ်တဲ့ ကောင်းကင်ဘုံနန်းတင်မက ရှမိသားစုကပါ တစ်ကယ်ကြီး ပျောက်သွားတာလားဟ!
ဆိုလိုသည်မှာ သာလွန်ထူးကဲသည့်စွမ်းအားအကုန် ပျောက်ကွယ်သွားသည်ဟူ၍ပင်။
သို့သော်ငြား ပြောရန် ခက်ခဲပေသည်။ ထို့ကြောင့် ရွှီဖန်းသည် ရှယန်ယွိအား တိုက်ရိုက်မေးခဲ့သည်။
"ဒါဆို ရှမိသားစုကလွဲလို့ တခြားမိသားစုတွေရော၊ လျှို့ဝှက်မိသားစုနဲ့ပတ်သက်ပြီး တခြား ဘာသတင်းတွေရှိလဲ"
"အဲ့ဒါက...ကျွန်မ မမေးခဲ့မိဘူး"
ရှယန်ယွိသည် သူမမျက်ရည်များကို သုတ်၍ ပြောလာသည်။
ရွှီဖန်းလည်း ဘာမှဆက်မပြောခင်မှာ ခဏတာ တွေးနေခဲ့သည်။
"စိတ်မပူနဲ့...အဲ့ဒီမှာပဲစောင့်နေ၊ ကိုယ်မင်းကို မနက်ဖြန် လာရှာမယ်၊ အဲ့ဒီအချိန်ကျ ကိုယ်တို့ အတူတူ ဖြေရှင်းမယ့်နည်းလမ်းကို ဆွေးနွေးကြတာပေါ့"
တစ်ဖက်မှ ရှယန်ယွိသည်လည်း နောက်ဆုံးမှာ စိတ်သက်သာရာရသွားခဲ့သည်။ သူမ ခေါင်းညိတ်၍...
"ကောင်းပြီ ကျွန်မ စောင့်နေမယ်"
ဖုန်းချပြီးနောက် ရွှီဖန်းမှာ လုံးဝ အကြံအိုက်သွားတော့သည်။ ဒီအချိန်လေးအတွင်း တစ်ကယ်ပဲ ဘာသောက်ကျိုးနည်းတွေ ဖြစ်သွားတာလဲ။
သူ အတွေးလွန်နေစဥ်မှာ ဖုန်းက ထပ်မြည်လာပြန်သည်။ ဒီတစ်ကြိမ် သူ့အား ခေါ်လာသည့်လူမှာ သူနှင့် ရင်းနှီးတာ မကြာသေးသော စစ်တပ်မှ ဗိုလ်မှူးကြီးဝူထျန်းပင်။
********************