ဝံပုလွေကဲ့သို့ သတ္တဝါ
Vol. 19 Ch. 275
ခေါ်ဆိုသူ နာမည်ကို ကြည့်၍ ရွှီဖန်း ခါးသက်သက် ပြုံးမိသည်။ စစ်တပ်၏ ဗိုလ်မှူးကြီးကတောင် ခေါ်ဆိုလာခဲ့သည်။ ကြည့်ရတာ သူလည်း ထိုအကြောင်းကို သိနှင့်ပြီးပြီဖြစ်လိမ့်မည်။
ဆက်သွယ်မှုချိတ်ဆက်သွားသည်နှင့် ရွှီဖန်းဘက်မှ ပြောခါနီးတွင် ဝူထျန်းက အရင် ပြောလာသည်။
"ရွှီဖန်း ငါ မင်းကို ပေးထားတဲ့ အခွင့်အရေးထဲက နောက်ဆုံးတစ်ခုကို သုံးလိုက်ပြီ"
ဒါကိုကြားတော့ ရွှီဖန်း အံ့သြသွားခဲ့သည်။ ဒါ ဘယ်လို အခြေအနေပါလိမ့်။
"အာ...ဗိုလ်မှူးဝူ ရှင်းရှင်းလင်းလင်း ရှင်းပြပေးနိုင်မလား"
ရွှီဖန်း ဖုန်းပြောနေရင်း ခြောက်ကပ်စွာ ပြုံးမိပေသည်။ ယခုဆိုလျှင် သူ၏ ကျောထောက်နောက်ခံအားလုံး ပျောက်ကွယ်သွားလေပြီ။ ထိုအကူအညီတစ်ခုကိုပင် သူ့မှာ သုံးလို့မရတော့ပေ။
ဝူထျန်းက ဖုန်းမှတဆင့် ဖြည်းဖြည်းချင်း ပြောပြလာသည်။
"အခု လက်ရှိ တစ်နိုင်ငံလုံး အတိုင်းအတာအရ လျို့ဝှက်မိသားစုတွေအကုန်လုံး ပျောက်ကွယ်သွားတယ်၊ အထူးစုံစမ်းစစ်ဆေးရေးဌာနက လျို့ဝှက်မိသားစုနဲ့ ပတ်သက်တဲ့လူတွေကို လိုက်စုံစမ်းနေတယ်"
ဝူထျန်း၏ စကားကိုကြားလိုက်တော့ ရွှီဖန်းလည်း သူ့သံသယများကို အတည်ပြုနိုင်ခဲ့သည်။ ကြည့်ရတာ သာမန်သေမျိုးကမ္ဘာနှင့် မသက်ဆိုင်သည့် စွမ်းအားအရာအားလုံး ပျောက်ကွယ်သွားသည့်ပုံပင်။
"မင်းမှာ ကိုယ်ပိုင်လျို့ဝှက်ချက်တချို့ရှိတယ်ဆိုတာ ငါသိတယ်၊ မင်းကို သူတို့ စေ့စေ့စပ်စပ် စစ်ဆေးမှာကိုအလိုမရှိဘူးမဟုတ်လား၊ ဒါကြောင့် ငါ မင်းကို ဖုံးကွယ်ဖို့ ကူညီပေးမယ်ဆိုရင် မင်းမှာလည်း ကန့်ကွယ်စရာမရှိဘူး မဟုတ်လား"
ဖုန်းတစ်ဖက်မှာ ဝူထျန်းသည် ဒီအကြောင်းကို စိုးရိမ်နေခဲ့သည်။
ဝူထျန်း၏ ရည်ရွယ်ချက်ကို နားလည်ပြီးနောက်မှာ ရွှီဖန်းသည်လည်း သဘာဝကျစွာ ဘာမှ မပြောခဲ့တော့ပေ။ သူ ကျေးဇူးတင်ကြောင်းကိုသာ တီးတိုးပြော၍ ဖုန်းချခဲ့သည်။
ဖုန်းချပြီးနောက် သူ ကြက်ခြံရှိရာသို့ ဦးတည်သွားခဲ့သည်။
ယခု ထိုကိစ္စကို သူ ဂရုတစိုက် တွေးပြီးလေပြီ။ သူ့ထံ၌ ရှိသော အားသာချက်မှာ သူ၏ ကိုယ်ခံပညာနှင့် အဆောင်လုပ်နိုင်စွမ်းပင်။
ကံကောင်းစွာဖြင့် ထိုက်ပိုင်ကျင့်စစ်ပေးခဲ့သော အဆောင်လုပ်နည်းများသည် သေမျိုးကမ္ဘာ၌ ပစ္စည်းများ လွယ်ကူစွာ ရှာ၍ရပေသည်။
ရွှီဖန်းသည် သူ၏ လက်ရှိအခြေအနေအား ဖြည်းဖြည်းချင်း လက်ခံနိုင်ခဲ့လေပြီ။
သူသာ တိုးတက်ချင်သည်ဆိုလျှင် အနာဂါတ်၌ ရှင်သန်ရန် ဤအရာများကိုသာ သူ မှီခိုရပေလိမ့်မည်။
မကြာခင်မှာပင် ကြက်ခြံသို့ သူ ရောက်ရှိလာခဲ့သည်။ ချိုးဆုအာနှင့် တွေ့ဆုံပြီးနောက် ဘာမှ အများကြီး မပြောခဲ့ဘဲ ယန်ပင်း ရှိရာ အခန်းလွတ်ကိုသာ မေးခဲ့သည်။
သူ အခန်းတံခါးကို ဖွင့်လိုက်သည်နှင့် ထိုင်ခုံမှာ ချည်နှောင်ခံထားရသည့် လူသတ်သမားကို တွေ့ခဲ့ရသည်။ သူ့လက်ချောင်းများစွာမှာ ကျိုးနေပြီး ခြေထောက်ပေါ်တွင် သံချောင်းတချို့ စိုက်နေခဲ့သည်။
လူသေ၊ လူသတ်သည့် အတွေ့အကြုံများ ကြုံထားဖူးသည့် ရွှီဖန်းတောင်မှ ထို စိတ်မချမ်းမြေ့ဖွယ်ရာ မြင်ကွင်းအား မကြည့်နိုင်ခဲ့ပေ။
သူ့ခေါင်းကို လှည့်၍ ယန်ပင်းကိုသာ ကြည့်မေးလိုက်သည်။
"ဘယ်လိုလဲ သူ တစ်ခုခု ပြောသေးလား"
ရွှီဖန်း၏ မေးခွန်းကို ကြားသည့်အခါ ယန်ပင်းသည် သူ့ခေါင်းကို အနည်းငယ် ညိတ်၍ ရွှီဖန်းဘေးမှ စားပွဲပေါ်ရှိ မှတ်စုစာအုပ်အသေးစားကို ကောက်ယူကာ စပြောပြခဲ့သည်။
လူသတ်သမား၏ နာမည်မှာ လုံဟွားဖြစ်ပြီး ကြောက်မက်ဖွယ်အရိပ်ဟုခေါ်သော လုပ်ကြံရေးအဖွဲ့အစည်းမှ ဖြစ်သည်။ ဒီတစ်ကြိမ် သူ ရောက်လာခဲ့ရသည့် အကြောင်းအရင်းမှာ ရွှီဖန်း သတ်လိုက်သော လူသတ်သမား ချန်းရုန်ကြောင့်ဖြစ်ပြီး ချန်းရုန်သည် သူတို့အဖွဲ့အစည်မှ လူဖြစ်သည်။
ယန်ပင်း၏ တင်ပြမှုကို နားထောင်ပြီးနောက် ရွှီဖန်း အနည်းငယ် ခေါင်းညိတ်လိုက်မိသည်။ ဒါဆို ဒါတွေအားလုံး၏ အရင်းခံမှာ ချန်းရုန်ဖြစ်နေခဲ့သည်ပင်။ ချန်းရုန်ကို သူ သတ်ပြီးနောက် စွန်းဖုကျန်းပါ သေသွားခဲ့တာ အံ့သြစရာ မဟုတ်တော့ပေ။
ချန်းရုန်သည် စွန်းဖုကျန်းမှ ငှားရမ်းခဲ့သောလူဖြစ်သည်။
ဒါတွေအားလုံးကို နားလည်ပြီးနောက်မှာတော့ ရွှီဖန်း ဘာကိုမှ ထပ်စိတ်မဝင်စားတော့ပေ။ သူ ယန်ပင်းအား လက်ဝေ့ယမ်းပြကာ...
"ဖြေရှင်းလိုက်ပါ၊ မင်းလည်း ဒီမှာမနေဘဲ အနောက်တောင်ကို ပြန်သွားလိုက်၊ သူကို သတ်ပြီးတာနဲ့ မြေမြုပ်ဦး"
ထိုလူသတ်သမားအား ဖြေရှင်းရသည်မှာ အလွန်လွယ်ကူသည်။ ယန်ပင်းသည် သူ့ခါးမှ ဓားကို ထုတ်၍ တစ်ချက်တည်းဖြင့် သတ်ပစ်ခဲ့သည်။
ထို့နောက် ရွှီဖန်းနှင့်အတူ တောထဲလိုက်သွားခဲ့ကာ တူးရွင်းဖြင့် မြေကြီးတူး၍ အလောင်းကို မြှုပ်ခဲ့သည်။
ဒါတွေအားလုံးကို ယန်ပင်း ဖြေရှင်းလိုက်နိုင်သည်ကို မြင်သည့်အခါ ရွှီဖန်းသည် အနည်းငယ် ခေါင်းညိတ်၍...
"ဒါဆို တောင်ပေါ်က သေနေတဲ့လူသတ်သမားကိုလည်း မင်း ဖြေရှင်းနိုင်တယ်မလား"
"သေချာတာပေါ့ ဘာကူညီပေးစရာရှိသေးလဲ"
သူတွေ့ခဲ့ရသည့် ထိုစွမ်းအားလွန်ယောကျ်ားသည် ရွှီဖန်းအား ကူညီပေးခဲ့သည့်လူမှန်း ယန်ပင်း သိခဲ့ရပြီးနောက် သူ လုံးဝ ရွှီဖန်းအပေါ်၌ နာခံနေမိသည်။
သူ့အမြင်ရဆိုလျှင် ရွှီဖန်းသည် ထိုကဲ့သို့ စွမ်းအားကြီးသောလူကိုတောင် သူ့နောက်လိုက်ဖြစ်အောင်
လုပ်နိုင်ခဲ့သည်ဖြစ်ရာ သူ့ကို ဆန့်ကျင်မိလျှင် ကိုယ့်ကိုယ်ကိုယ် မြေကြီးအောက်သွင်းနေသည်နှင့် ဆင်တူပေသည်။
"မလိုတော့ဘူး၊ အကုန်လုံး လုပ်ပြီးသွားရင် ပြန်လို့ရပြီ၊ တစ်ခုခုလိုအပ်ရင် အကြောင်းကြားလိုက်မယ်၊ မင်း ပြန်ရောက်လို့ ရှိရင် လုပ်ကြံသတ်ဖြတ်ရေးအဖွဲ့အစည်းကို မျက်စိထောင့်ဒေါက်ကြည့်ထားပေးပါ"
ယန်ပင်း ခေါင်းညိတ်ပြီးနောက် လှည့်ထွက်လာခဲ့သည်။
ယန်ပင်းထွက်ခွာသွားပြီးနောက် ရွှီဖန်းသည် အသက်ပြင်းပြင်းရှူသွင်းကာ တောင်အတွင်းဘက်သို့ လျှောက်သွားခဲ့သည်။
ယခု ခွေးလေးခုနစ်ကောင်ကို သူ ရှာတော့မှာဖြစ်ပြီး အာ့လန်ရှန်း သူ့အတွက် ကျန်ထားပေးခဲ့သည့် စပရိုက်ကို တွေ့ချင်နေလေပြီ။
မူလကတော့ ယန်ပင်းကို သူနှင့်အတူ ခေါ်သွားချင်ခဲ့သည်။ သို့သော် လူသတ်သမား၏ အလောင်းကိစ္စအပြင် ဤတောင်ကလည်း သူ့အတွက် အန္တရာယ်မရှိတာကြောင့် မခေါ်ခဲ့တော့ပေ။
ထို့အပြင် ဘယ်လောက်ပဲ ယန်ပင်းအား ယုံကြည်
မိသည်ဖြစ်စေ၊ သူ့လက်ထဲ၌ ဝှက်ဖဲတစ်ခုတော့ ချန်ထားရန် လိုအပ်သေးသည်။
ရွှီဖန်းသည် သူ၏ ကိုယ်ခံပညာအား အသက်သွင်း၍ တောင်အတွင်းပိုင်းရှိ မြွေကြီး၏ အသိုက်ဆီသို့ အမြန်နှုန်းဖြင့် ဦးတည်သွားခဲ့သည်။
စစ်မာထျန်းဟယ်၏ကုသပေးမှုကြောင့် လက်ရှိရွှီဖန်းသည် အကောင်းဆုံးအခြေအနေမှာ ရှိနေခဲ့သည်။
မြွေကြီး၏အသိုက်နှင့် နီးလာသည့် အခိုက်အတန့်၌ ရွှီဖန်း မျက်မှောင်ကြုတ်သွားခဲ့သည်။
အနံ့က တစ်ခုခု မှားနေလေပြီ။
ထိုအခိုက်အတန့်တွင် လေထဲ၌ အလွန်ပြင်းသော သွေးနံ့အရိပ်အယောင်များ ရှိနေခဲ့သည်။ ထို့အပြင် သွေးနံ့သည် လောလောလတ်လတ်မဟုတ်ဘဲ မတိုင်ခင်က ပျံ့လွင့်ထားခဲ့သော အရောင်အဝါများဖြစ်သည်။
တိုက်ပွဲဖြစ်ခဲ့တာလား။
ရွှီဖန်း ခဏတာတွေး၍ ခုန်တက်လိုက်ကာ သစ်ပင်တွေကြားမှ ပြေးလွှားခဲ့သည်။ နီးကပ်လာလေ သွေးနံ့က ပို သိပ်သည်းလာပြီး သူ အသက်ရှုကြပ်လုနီးပင် ဖြစ်လာခဲ့သည်။
ထိုသွေးနံ့သည် သာမန်သွေးနံ့များ မတူပေ။ ထိုအနံ့ကိုရသည့် လူတိုင်းထံ၌ ထိန်းချုပ်၍မရသော တိုက်ခိုက်လိုစိတ်များ ထွက်ပေါ်လာလိမ့်မည်။ ထို့ကြောင့် ရွှီဖန်းမှာလည်း လေရရှိရန်အတွက် ဆယ်ချယ်အောင့်ခံပြီးမှ တစ်ခါသာ ရှုနိုင်ခဲ့သည်။
သူ မြွေကြီး၏ အသိုက်ဆီသို့ လျှောက်သွားခဲ့ချိန်မှာတော့ သူ့မျက်နှာတစ်ခုလုံး မည်းမှောင်သွားခဲ့ရသည်။
မြွေကြီးသည် စက်ဝိုင်းသဏ္ဍာန်ရှိနေပြီး မလှုပ်မယှက်ဖြစ်နေသည်ကို သူ မြင်လိုက်ရသည်။ ကြည့်လိုက်ရုံဖြင့် ဒဏ်ရာအတော်ရနေမှန်း သိနိုင်ပေသည်။
တစ်ဖက်တွင် ခွေးလေးခုနစ်ကောင်ကလည်း ဒဏ်ရာများရထားပြီး ဝံပုလွေကဲ့သို့ပုံစံရှိသည့်သတ္တဝါအား ဝိုင်းရံထားကြလေသည်။
ရွှီဖန်း အနံ့ရရှိခဲ့သည့် သွေးနံ့ပြင်းပြင်းမှာ ထိုသတ္တဝါ၏ ဒဏ်ရာမှ ထွက်လာခြင်း ဖြစ်သည်။
******************