ရှောင်းချောင်၏သတ်သေမှု
Vol. 20 Ch. 300
"အာ...အဲ့ဒါ ချဲ့ကားလွန်းတာမဟုတ်ဘူးလား"
ရွှီဖန်းသည် လင်းရှောင်ရှောင်းကိုကြည့်၍ ဆွံ့အနေလေသည်။
"ဟား ဟား"
ယန်ပင်းက ရယ်မောလျက် လေယာဉ်ပေါ်သို့ အရင်
တက်သွားလေသည်။
"တက်နိုင်ရဲ့လား"
ရွှီဖန်းသည် လင်းရှောင်ရှောင်းအား လေယာဉ်ပေါ်
တက်ရန် ကူညီပေးလိုက်သည်။
"ကျွန်မ ရှင့်အပေါ်မှာ အန်ချလိုက်သင့်တာ"
"အာ.."
ရွှီဖန်း ထိုစကားကို စိတ်ထဲမထားပေ။ လင်းရှောင်
ရှောင်းအပေါ်၌ သူ ကောင်းမွန်သောအမြင်ရှိပေသည်။ သူမသည် သူ့အတွက် ရပ်တည်ပေးခဲ့တာကြောင့် ရွှီဖန်းသည် သူ့စိတ်ထဲတွင် အမှတ်များ တိုးပေးထားလေသည်။
ရွှီဖန်း သူမနှင့် မငြင်းခုံတော့ဘဲ တစ်ဖက်ကို လှည့်
ကြည့်ကာ လေယာဉ်မှူးအား လှုံ့ဆော်လိုက်သည်။
"ထွက်ခွာလို့ရပါပြီ၊ တတ်နိုင်သမျှ ရှောင်းမိသားစုဆီ အမြန်ဆုံးရောက်အောင် မောင်းပေးပါ"
ရွှီဖန်း သူ့လက်ပတ်နာရီကို ကြည့်လိုက်ရာ လေးဆယ့်ငါးမိနစ်မျှသာ ကျန်တော့သည်ကို တွေ့လိုက်ရသည်။ ယခုအချိန်တွင် ရှောင်းချောင်ကို ကယ်တင်
ရန်အတွက် ရှောင်းမိသားစုထံသို့ အလျင်အမြန်သွားရန်လိုအပ်ပေသည်။ သို့သော်လည်း ရဟတ်ယာဉ်၏ အမြန်ဆုံးအရှိန်ဖြင့်သာဆိုလျှင် သူတို့ အချိန်မီ ရောက်ရှိနိုင်လိမ့်မည်။
"ယန်ပင်း ငါ ခဏကြာရင် စွမ်းအားမဲ့တဲ့ အခြေအနေကို ရောက်သွားလိမ့်မယ်၊ မင်း ငါ့ကို ၂၄ နာရီအတွင်း ကောင်းကောင်း ကာကွယ်ပေးရမယ်။"
ရွှီဖန်းသည် ထိုစကားကိုပြောနေစဥ် လင်းရှောင်
ရှောင်းအား လေးလေးနက်နက် စိုက်ကြည့်နေခဲ့သည်။
မျှော်လင့်ထားသည့်အတိုင်းပင် လင်းရှောင်ရှောင်းသည် ရွှီဖန်း၏စကားကိုကြားသောအခါ သူမ၏မျက်လုံးများ တောက်ပသွားခဲ့သည်။
"ရှင် ရှင်ဘာလို့ ကျွန်မကို လာကြည့်နေတာလဲ၊ ရှင့်ကို ဘာမဟုတ်တာ လုပ်မှာကျလို့"
"မဟုတ်ရင်လည်း အကောင်းဆုံးပေါ့၊ ဒီနေ့ ကျွန်တော့်ခွန်အားကို မင်းမြင်ပြီးပြီပဲ၊ ဒါကြောင့် မင်းရဲ့အဘိုးကို ကယ်တင်ချင်တယ်ဆိုရင်လည်း အဆင်ပြေပါတယ်၊ ကျွန်တော်က ခက်ထန်တဲ့လူမဟုတ်ဘဲ စိတ်နူးညံ့တဲ့လူတစ်ဦးပါ"
ထိုအရာကို ရွှီဖန်း ရည်ရွယ်ချက်ရှိရှိပြောနေတာဖြစ်သည်။ လင်းရှောင်ရှောင်းက သူ့အား ဒုက္ခပေးလာလိမ့်မယ်ဆိုသည့်အချက်အား သူ့စိတ်ထဲတွင် သံသယမရှိ ယုံကြည်ပေသည်။
ထိုအချိန်မှာ ရှောင်းမိသားစု၌...
မျက်နှာပေါ်တွင် အမာရွတ်များဖြင့် လူတစ်ယောက်
သည် ဘေးတွင် ကြိုးချည်ခံထားရသော ရှောင်းချောင်ကို မသေချာမရေရာသော အကြည့်များဖြင့်
ကြည့်နေခဲ့သည်။ ကျောက်ချန်းယွီမှ ပြောလို့မပြီးသေးခင် ဖုန်းလိုင်းပြတ်တောက်သွားတာကြောင့် ရှောင်းချောင်ကို သတ်ရ၊ မသတ်ရက မသေချာပေ။
သို့သော်လည်း ထိုအချိန်တွင် မန်ဇီသည် ဖုန်းခေါ်ဆိုမှုတစ်ခုကို လက်ခံရရှိခဲ့သည်။ ဖုန်းပြောဆိုမှု တစ်
မိနစ်အတွင်းမှာပင် မန်ဇီ ဖုန်းပြန်ချလိုက်သည်။ သူသည် ရှောင်းချောင်အား ရက်စက်သော မျက်လုံးအကြည့်များဖြင့် ကြည့်နေခဲ့သည်။
ထို့နောက် လက်ထဲတွင် ဓားတိုလေးတစ်ချောင်းကို ကိုင်ကာ သူမ အနားကို လျှောက်သွားလိုက်သည်။
"ဘာလုပ်မလို့လဲ!"
ရှောင်းချောင် အော်လိုက်သည်။
"ဟမ့်! ဒီလောက်လှတဲ့ ကောင်မလေး ဒီအတိုင်းသေသွားမှာကို ငါမမြင်ရက်ဘူး"
မန်ဇီ၏မျက်နှာပေါ်တွင် စက်ဆုပ်ဖွယ် အပြုံးတစ်ခုရှိနေခဲ့သည်။
ရှောင်းချောင်၏အသွင်အပြင်အရ သူမအား ဘယ်ယောက်ျားမှ မထိရသေးကြောင်း သိနိုင်သည်။ မန်ဇီသည် ရှောင်းချောင်ကို ရက်အနည်းငယ်ကြာ စောင့်ကြည့်နေခဲ့ကာ သူ့စိတ်တွင်လည်း မကောင်းသော အကြံများ ရှိနေခဲ့သည်။ သို့သော် ဤမိန်းကလေးကို ကျောက်ချန်းယွီက အသုံးပြုလိုသောကြောင့် မန်ဇီမှာ ကမောက်ကမ ဖြစ်အောင် ပြုမူရဲခြင်းမရှိခဲ့ပေ။
"မင်း ဘာလုပ်တာလဲ!"
ရှောင်းချောင်သည် စူးရှစွာ အော်ဟစ်လိုက်သည်။ သူမ၏ လက်များနှင့် ခြေထောက်ကို ကြိုးများဖြင့် ချည်နှောင်ထားတာကြောင့် သူမ အနောက်သို့ တရွေ့ရွေ့သာ ဆုတ်နိုင်ခဲ့သည်။
"ဘာမှမလုပ်ပါဘူး ဟီးဟီး"
မန်ဇီက ရှောင်းချောင်ဆီသို့ တစ်လှမ်းပြီးတစ်လှမ်းချဉ်းကပ်လာလေသည်။
ထိုအချိန်တွင် ရွှီဖန်းနှင့် အခြားသူများလည်း ရောက်ရှိလာသည်။ ကံမကောင်းစွာပင် ရှောင်းမိသားစုတွင် အခန်းပေါင်းများစွာရှိနေခဲ့ပြီး ဂိုဒေါင်များစွာလည်းရှိနေတာကြောင့် သူတို့သည် နေရာမသိဘဲဖြစ်နေရာ တစ်နေရာပြီးတစ်နေရာ လိုက်ရှာရုံသာ တတ်နိုင်ခဲ့သည်။
"အား! ထွက်သွား!"
ရှောင်းချောင်သည် မျက်ရည်များ ကျဆင်းနေပြီဖြစ်သည်။ သူမ ရင်ဆိုင်ရတော့မည့်အရာကို သူမ သိသော်လည်း ယခုအချိန်တွင် သူမ ချည်နှောင်ခံထားရပြီး ခုခံနိုင်စွမ်းမရှိပေ။ မည်မျှကြာအောင် ရုန်းကန်ခဲ့ရသည်ကိုပင် သူမ မသိတော့ပေ။ သူမ၏မျက်လုံးများသည် စိတ်ပျက်အားငယ်မှုများကြောင့် တဖြည်းဖြည်း မှေးမှိန်လာလေသည်။
ရှောင်းချောင်သည် သူ့မိသားစုက ကျောက်မိသားစုကို မှီခိုနေလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။ ပိုဆိုးသည်မှာ သူတို့သည် ရွှီဖန်းအား ခြိမ်းခြောက်ရန်အတွက် သူမကိုပင် အသုံးချလိမ့်မည်လို့ ဘယ်တုန်းကမှ မထင်ထားခဲ့ပေ။ ရှောင်းချောင်သည် သူတို့၏ အစီအစဥ်အားလိုက်လျောရန် ငြင်းဆိုခဲ့သည်။ ရွှီဖန်းကိုလည်း သူမ အဆင်ပြေသည့်အကြောင်း ဖုန်းဆက်ပြောခဲ့သည်။
"အခုလေး ရှောင်းချောင်ရဲ့အော်သံကို ကြားလိုက်ရသလိုပဲ"
"ငါကျ ဘာလို့မကြားလိုက်တာလဲ"
ရွှီဖန်း အနည်းငယ် ထိတ်လန့်သွားသည်။
"ရှောင်းချောင် တစ်ခုခုဖြစ်နေပြီ ဖြစ်မယ်"
မန်ဇီက ရှောင်းချောင်၏အနားတွင် ရပ်လိုက်သည်။
"ထွက်သွားစမ်း!"
ရှောင်းချောင် အော်ဟစ်ကာ လှုပ်လှုပ်ရွရွဖြင့် ရုန်းကန်နေခဲ့သည်။
"ဟားဟားဟား"
မန်ဇီသည် အရူးအမူးပင် ရယ်မောကာ သူ့မျက်လုံးများကမူ ဆန္ဒများဖြင့် ပြည့်နှက်နေလေသည်။
ရှောင်းချောင်၏ရုန်းကန်မှုမှာ လက်ရှိအချိန်တွင် အလွန်အားနည်းနေခဲ့သည်။ မန်ဇီသည် သူ့လက်ကို ဆန့်ထုတ်၍ ရှောင်းချောင်၏မျက်နှာအား ညင်သာစွာ ပွတ်သပ်လိုက်သည်။
"ဂလု"
မန်ဇီ တံတွေးမမြိုချဘဲ မနေနိုင်ခဲ့ချေ။
ထိုအချိန် ရှောင်းချောင်၏အကြည့်များသည် လျော့ရဲလာပြီး အသက်မဲ့လာခဲ့သည်။ ရှောင်းပုချီသည် သူမကို သူကိုယ်တိုင်ဖမ်းခဲ့ပြီး ရှောင်းမိသားစုအတွက် သူမကိုယ်သူမ စတေးရမည်ဟု ပြောခဲ့သည်။ ရှောင်းမိသားစုမှ တခြားလူများကလည်း သူမကို အလားတူသနားစိတ်များဖြင့်သာ ကြည့်လာခဲ့ကြပြီး ဘာမှဝင်မပြောခဲ့ကြပေ။
သို့သော်ငြား ရွှီဖန်းကို တွေးလိုက်မိသောအခါတွင် ဆုံးဖြတ်ချက်တစ်ခုကို သူမ ချလိုက်တော့သည်။
"ဇွပ်!"
ဓားသွားတစ်လျှောက် သွေးများ စီးကျလာသည်။ မန်ဇီတစ်ယောက် တဏှာစိတ်ဖြင့် မူးမော်နေသည်ကို အခွင့်ကောင်းယူ၍ ရှောင်းချောင်သည် သူမ၏ ခန္ဓာကိုယ်ကို ရှေ့သို့ အစွမ်းကုန်တွန်းကာ မန်ဇီလက်ထဲရှိ ဓားဖြင့် သူမကိုယ်သူမ ထိုးသွင်းခဲ့သည်။ ထို့နောက် သူမ မြေပြင်ပေါ်သို့ ဖြည်းညှင်းစွာ လဲကျသွားခဲ့သည်။ သို့သော်ငြား သူမ၏ပါးစပ်ထောင့်တွင် အပြုံးတစ်ခုရှိနေပြီး သူမ၏စိတ်ထဲတွင်မူ ရွှီဖန်း၏ပုံရိပ်များသာ စွဲနေခဲ့သည်။
"သေစမ်း!"
မန်ဇီမျက်လုံးထဲရှိ တပ်မက်မှုများမှာလည်း ချက်ချင်းပင် ငြိမ်းသွားတော့သည်။ သူ ရှောင်းချောင်၏မျက်နှာကို ရိုက်ပစ်ကာ သူမ၏ခန္ဓာကိုယ်ကို သူ့ဘေးမှ ကန်ထုတ်၍ အခန်းထဲမှ ထွက်သွားခဲ့သည်။
ထိုအချိန် ရွှီဖန်းနှင့် ယန်ပင်းတို့ စိုးရိမ်တကြီး လိုက်ရှာနေချိန်တွင် လင်းရှောင်ရှောင်းသည် အမာရွတ်များ ပြည့်နှက်နေသော အမျိုးသားတစ်ဦးကို တွေ့လိုက်ရသည်။
"ဟိုမှာ လူတစ်ယောက်"
"ငါ သူ့နောက် လိုက်သွားလိုက်မယ်!"
ထိုလူကိုမြင်သည်နှင့် ယန်ပင်းသည် မတွန့်မဆုတ်ပင်
အနောက်မှ လိုက်သွားခဲ့သည်။ ခြေလှမ်းအနည်းငယ်
နှင့်ပင် ဓားဒဏ်ရာအမာရွတ်ရှိသောအမျိုးသားကို သူတားလို့ မီသွားခဲ့သည်။
"မင်းက ဘယ်သူလဲ"
မန်ဇီက ယန်ပင်းကို သတိဖြင့် ကြည့်လာသည်။
ယန်ပင်းကမူ သူနှင့်စကားစမြည်ပြောရန် ပျင်းမိသဖြင့် လှုပ်ရှားမှုတချို့စလုပ်ကာ ထိုလူကို ချုပ်ထားလိုက်သည်။
"ပြောစမ်း မိန်းကလေးက ဘယ်မှာလဲ"
"ငါပြောမယ် ငါပြောမယ်!"
မန်ဇီသည် နှစ်ခါခြောက်လှန့်စရာပင်မလိုဘဲ ချက်ချင်း ပြောပြခဲ့သည်။
ထို့နောက် သူတို့ လျို့ဝှက်ဂိုထောင်တစ်ခုဆီသို့ ရောက်လာသည်။
"ရှောင်းချောင်!"
ရွှီဖန်းလည်း ဂိုထောင်ထဲသို့ ဝင်လိုက်သည်။ သို့သော် သူ့ရှေ့မှ မြင်ကွင်းက သူ့အား ဒေါသအဟုန်နှင့်အတူ မျက်လုံးများ ပြူးကျယ်သွားစေခဲ့သည်။ သူ့မျက်လုံးများ နီရဲသွားသည်မှာ သွေးများ ထွက်လာတော့မည့်အလားပင်။
ရှောင်းချောင်၏ခန္ဓာကိုယ်အပေါ်ပိုင်းသည် တစ်ဝက်တစ်ပြတ် လှစ်ဖော်ခံထားရပြီး သူမ၏အဝတ်အစားများသည် ညစ်ပတ်နေ၏။ သူမ၏ ဝမ်းဗိုက်မှာလည်း ဓားတိုဖြင့် ထိုးခံထားရပြီး ထောင့်တစ်နေရာတွင် လဲကျနေလေသည်။ သူမခန္ဓာကိုယ်ထဲရှိ သွေးများမှာ အဆက်မပြတ်ယိုစီးနေလေသည်။
ရွှီဖန်းသည် ချက်ချင်းပင် သူမအား စစ်ဆေးရန် ပြေးသွားခဲ့သည်။ ရှောင်းချောင်၏ ဝမ်းဗိုက်မှာ သွေးများထွက်နေဆဲပင်။
"မင်း ဘယ်လိုနေလဲ"
ရှောင်းချောင်ကို ပွေ့ချီ၍ သူ့ရှပ်အင်္ကျီကို ချွတ်ကာ သူမ၏ ဒဏ်ရာအပေါ်တွင် တင်ထားစဥ်၌ ရွှီဖန်း၏အသံမှာ တုန်လှုပ်နေခဲ့သည်။ ထို့နောက် ငွေရောင်အပ်အနည်းငယ်ကို ထုတ်လိုက်ပြီး သွေးထွက်နေခြင်းကိုရပ်တန့်စေရန်အတွက် ရှောင်းချောင်၏လက်ချောင်းအချို့ကို သူ အမြန်ထိုးသွင်းလိုက်သည်။ ရှောင်းချောင်၏ဒဏ်ရာ သွေးတိတ်သွားရန်မှာ မိနစ်အနည်းငယ်သာ ကြာခဲ့သည်။
"ရွှီ....ရွှီဖန်း"
ရှောင်းချောင်၏မျက်လုံးများက တစ်ဝက်မျှ မှိတ်နေလေပြီ။ သူမစကားပြောလိုက်သည်နှင့် ပါးစပ်ထဲမှသွေးများကိုအန်ထုတ်မိကာ ရွှီဖန်းကို ကြည့်လိုက်မိသည်။
"...အိပ်မက်မက်...နေတာတော့ မဟုတ်ဘူးလား"
ဤရက်အတွင်းမှာ သူမအရှေ့တွင် ပေါ်လာသည့် ရွှီဖန်း၏ပုံရိပ်များကို ခဏခဏ အိပ်မက်မက်ခဲ့ရလေသည်။
ရှောင်းချောင်သည် ရွှီဖန်း၏မျက်နှာကို ထိတွေ့ရန် လက်ကိုမြှောက်လိုက်သော်လည်း သူမ၏ခန္ဓာကိုယ်
တစ်ခုလုံးမှာ ခွန်အားတစ်စိုးတစ်စိမျှ ကျန်တော့သည့်ပုံမပေါ်ပေ။ သူမသည် ရှိသမျှခွန်အားကို အသုံးပြု၍ သူမလက်ကို လေထဲသို့ မြှောက်လိုက်သော်လည်း ရွှီဖန်း၏ မျက်နှာကို မထိတွေ့နိုင်ခဲ့ပေ။
ဒါကိုမြင်တော့ ရွှီဖန်းသည် ရှောင်းချောင်၏လက်ကို အမြန်ဆွဲကာ သူ့မျက်နှာပေါ် တင်ပေးလိုက်သည်။ ထိုကဲ့သို့သော ရှောင်းချောင်ကို ကြည့်ရင်း ရွှီဖန်း၏ တစ်ကိုယ်လုံးမှာ တုန်ယင်သွားခဲ့သည်။
"စိတ်မပူပါနဲ့ စိတ်မပူနဲ့...ငါရောက်နေပြီပဲ၊ ငါ မင်းကို ဘာမှ ဖြစ်ခွင့်မပေးနိုင်ဘူး"
သူမ၏အခုလိုအခြေအနေကို သူပထမဆုံး မြင်ဖူးခြင်းပင်။ အခုမှသာ ရှောင်းချောင်သည်လည်း ကျိုးပဲ့လွယ်သောမိန်းကလေးတစ်ဦးဖြစ်နေသည်ကို သူနားလည်လိုက်ရသည်။ ရှောင်းချောင်သည် သူ့ထံမှ ဖြည်းညှင်းစွာ ထွက်ခွာနေသည်ဟု သူ ခံစားနေရသည်။
ရွှီဖန်းသည် သူမကို သူ့ရင်ခွင်ထဲတွင် ထည့်ထားရင်း သိုလှောင်လက်စွပ်ထဲရှိ ပစ္စည်းအားလုံးကို မြေကြီးပေါ် လောင်းချလိုက်သည်။
"အဆင်ပြေမှာပါ အဆင်ပြေသွားမှာ...ငါ့မှာ ရတနာတွေအများကြီးရှိတယ်၊ ရောဂါအားလုံးပျောက်ကင်းစေတဲ့ဆေးလည်းရှိတယ်၊ ငါ့မှာ ရောဂါအားလုံးပျောက်ကင်းစေတဲ့ဆေးရှိတယ်"
ရွှီဖန်း၏အသံမှာ အနည်းငယ်အက်ကွဲနေပြီး သူ့မျက်လုံးမှ မျက်ရည်ပေါက်များသည် ရှောင်းချောင်၏မျက်နှာပေါ်သို့ ကျဆင်းသွားလေသည်။ ထို့နောက် ရတနာပုံထဲ၌ သူ လှန်လောရှာနေခဲ့သည်။
"ဘယ်မှာလဲ ဘယ်မှာလဲ!"
ရွှီဖန်းသည် အရူးအမူးအော်ဟစ်နေပြီး မိုးကြိုးသားရဲ၏ဦးချိုကိုပင် ဖျက်ဆီးမိကာ ရတနာပုံထဲ ဆက်ရှာနေခဲ့သည်။
ရတနာပုံအောက်ခြေသို့ရောက်မှသာ ဆေးပုလင်းတစ်
ခုက ရွှီဖန်း၏လက်ထဲတွင် ပါလာလေသည်။
"တွေ့ပြီ တွေ့ပြီ!"
ရွှီဖန်းသည် ဆေးပုလင်းအား တုန်တုန်ယင်ယင်ဖြင့်
ဖွင့်လိုက်သည်။ ထိုက်ပိုင်ကျင့်စစ်မှ ဆေးဖော်စပ်ရာ၌ မအောင်မြင်သောကြောင့် စွန့်ပစ်ထားသော ဤဆေးသည် အကျိုးသက်ရောက်မှုရှိမရှိကို သူမသိသော်ငြား သူ့ထံ၌ ယခုရွေးချယ်စရာမရှိပေ။ ရှောင်းချောင်အား ဖောက်ထွင်းသွားသောဓားသည် သူ၏ အတွင်းအင်္ဂါများကိုပင် ထိသွားတာကြောင့် သူမသည် သွေးများစွာ ဆုံးရှုံးထားကာ အသက်အန္တရာယ်နှင့် ရင်ဆိုင်နေရသည်။
ရွှီဖန်း၏ ငိုကြွေးမှု၊ ရူးသွပ်မှုနှင့် မျက်ရည်များကိုမြင်တွေ့ခဲ့ရာ ရှောင်းချောင်သည် ရုတ်ချည်းပင် သူမ သေသွားရမည်ကို ကြောက်ရွံ့လာခဲ့သည်။ သူမ၏နှလုံးသားတစ်ခုလုံး နွေးထွေးနေခဲ့ပြီး ရွှီဖန်းအား နူးညံ့ညင်သာစွာ သူမ ကြည့်လိုက်သည်။
"ရွှီဖန်း....ကျွန်မ ရှင့်ကို ချစ်...တယ်"
"မပြောနဲ့...အဲ့ဒီစကားကို သိမ်းထားပေးပါ၊ ငါ အခု နားထောင်မှာမဟုတ်ဘူး။"
ရွှီဖန်းသည် ဆေးများကိုလက်ထဲသို့သွန်ကာ သူမကို တိုက်ကျွေးလိုက်သည်။
သို့သော်လည်း ထိုအချိန်တွင် ရွှီဖန်း၏ အမြင်အာရုံသည် ရုတ်တရက်မည်းမှောင်သွားခဲ့ပြီး သူ့ခေါင်းကလည်း မူးဝေသွားကာ သတိလစ်လုနီးပါး ဖြစ်သွားခဲ့သည်။ လက်ထဲရှိဆေးများသည်ပင် ဖိတ်ကျလုနီးပါးပင်။
ထိုအခိုက်အတန့်တွင် ရွှီဖန်းသည် သူ့ခန္ဓာကိုယ်တစ်ခုလုံး မီးလောင်ခံနေသလို ခံစားလိုက်ရသည်။ သူ့စိတ်သူ ထိန်းထားလေလေ မီးအပူက ပိုပြင်းလေဖြစ်သည်။ ရှောင်းချောင်၏ပါးစပ်ထောင့်ကို ကြည့်
ရင်း သူ့လက်များ တုန်လှုပ်သွားသည်။ မီးအပူက သူ့ဦးနှောက်ထဲသို့ပင် ရောက်လာလေသည်။ သူ့မျက်လုံးများကလည်း သွေးကြောများကြောင့် နီရဲနေခဲ့ပြီး သူ့ခန္ဓာကိုယ်တစ်ဝိုက်ရှိ သွေးကြောများလည်း ဖောင်းတင်းလာသည်ကို သူ ခံစားနေရသည်။
သူ့လက်မောင်းအား တစ်လက်မလောက်ရွေ့ဖို့ကိုပင် သူ့ခန္ဓာကိုယ်ထဲရှိ ခွန်အားအကုန်လုံး သုံးလိုက်ရသလို ရွှီဖန်း ခံစားခဲ့ရသည်။
သို့သော်ငြား ရွှီဖန်းသည် သူ၏တုန်ယင်နေသောလက်များဖြင့် ရှောင်းချောင်ကို မရရအောင် ဆေးတိုက်ခဲ့ပြီး လုံးဝမဖိတ်ကျစေခဲ့ပေ။
ရှောင်းချောင်၏ပါးစပ်ထဲသို့ ဆေးများဝင်သွားသည့် အခိုက်အတန့်ကို ရွှီဖန်း ကြည့်နေခဲ့သည်။ ထို့နောက် ရုတ်ချည်းပင် သူ့ မျက်လုံးများမှိတ်ကျသွားကာ သူ့တစ်ကိုယ်လုံး နောက်ပြန်လဲကျသွားခဲ့သည် ။
"ရွှီဖန်း!"
ယန်ပင်းက အော်လိုက်မိပြီး ရွှီဖန်းကို အမြန်ထောက်ကူပေးလိုက်သည်။
ယခုအချိန်တွင် ရွှီဖန်းနှင့် ရှောင်းချောင်တို့နှစ်ဦးစလုံးမေ့လဲသွားကြပြီဖြစ်သည်။
"သူတို့ကို ဆေးရုံပို့ရအောင်"
"ကောင်းပြီ"
လင်းရှောင်ရှောင်းလည်း ရှောင်းချောင်၏ခန္ဓာကိုယ်ကို ဖေးမ၍ သူမကို ခေါ်ဆောင်သွားလိုက်သည်။
ထိုအချိန် ပေကျင်းဆေးဘက်ဆိုင်ရာတက္ကသိုလ်၌ ကျောက်ချန်းကျွင်းသည် လည်ပင်းကျောက်ပက်တီးဖြင့် ဆိုဖာပေါ်တွင် ထိုင်နေသည်။ တိုင်းတစ်ပါးမှလာပုံရသော အမျိုးသမီးတစ်ဦးသည် ကျောက်ချန်းကျွင်းအား တစ်ကြိမ်လျှင် အစားအစာနည်းနည်းဆီ ဖဲ့ကျွေးနေလေသည်။
ကျောက်ချန်းကျွင်း၏ ဆန့်ကျင်ဘက်တွင် ထိုင်နေသူက အမျိုးသားတစ်ဦးဖြစ်သည်။
"ကျောက်ချန်းကျွင်း ဒီတစ်ခါ ကျုပ်ညီမလေးကိုတောင် စတေးခဲ့ရတယ်၊ ခင်ဗျား စကားမတည်ရင် ကျုပ်သေသွားရင်တောင် ခင်ဗျားကို ခွင့်မလွှတ်ဘူး"
ထိုလူမှာ ရှောင်းချောင်၏အစ်ကို ရှောင်းပုချီဖြစ်သည်။
ကျောက်ချန်းကျွင်းသည် ရှောင်းပုချီအား မထီမဲ့မြင်အကြည့်ဖြင့် ကြည့်လာသည်။
"စိတ်မပူစမ်းနဲ့ ရွှီဖန်းက ငါ့အစ်ကိုကို ဟင်းသီးဟင်းရွက်တွေလိုဖြစ်သွားအောင် ရိုက်နှက်
ခဲ့တာ၊ ကျောက်မိသားစုက သူ့ကို အလွတ်ပေးမှာ မဟုတ်ဘူး၊ သူ့ကိုခြိမ်းခြောက်ဖို့ မင်းညီမကလည်း အသုံးမဝင်တော့ဘူးဆိုမှတော့ ကျောက်မိသားစုကပဲ ရွှီဖန်းကို ဖြေရှင်းလိမ့်မယ်"
"အဲ့ဒါ အကောင်းဆုံးပဲ၊ ခင်ဗျားတို့ ရွှီဖန်းကို ဖြေရှင်းမယ့်ကိစ္စမှာ ကျုပ်ဘက်ကလည်း အရာအားလုံးကို ထုတ်သုံးပြီး သေချာပေါက် ကူညီပေးမယ်၊ အခု ကျုပ် ရှောင်းမိသားစုကို အရင်ပြန်သွားပြီး စီစဉ်လိုက်ဦးမယ်"
ထိုကိစ္စကို ရှောင်းပုချီ ကြားလိုက်ရမှသာ သူ၏ အမူအရာမှာ ပြေလျော့သွားခဲ့သည်။
"ကောင်းပြီ"
ကျောက်ချန်းကျွင်းသည် အပြုံးတစ်ခုဖြင့် သူ့လက်ကို ဝှေ့ယမ်းပြလိုက်သည်။
ဒါကိုမြင်တော့ ရှောင်းပုချီလည်း သူ့လက်သီးများကို တင်းတင်းကြပ်ကြပ်ဆုပ်ကာ...
"နှုတ်ဆက်ပါတယ်"
ထို့နောက် သူလှည့်ထွက်လာခဲ့သည်။
********************