ငွေများများထွက်သွားခြင်း
Vol. 20 Ch. 292
"ကျေးဇူးပါ ယောကျ်ား"
လက်ရှိအချိန်တွင် ရှယန်ယွိ၏ နှလုံးသားလေးသည် ပျားရည်ကဲ့သို့ ချိုမြိန်နေလေသည်။ ရွှီဖန်း၏ လက်မောင်းကြားထဲ အိပ်ရသည်ထက် သူမကို ပျော်
ရွှင်စေမည့်အရာမရှိပေ။
"ဟားဟား"
ရှယန်ယွိ ပျော်နေတာကို မြင်လိုက်ရမှသာ ရွှီဖန်း စကားစလိုက်သည်။
"ဒီည လျိုကျင်းနဲ့ စာချုပ်ချုပ်ဖို့ ရှိတယ်၊ ကိုယ်နဲ့ လိုက်ခဲ့ပေး၊ မင်းက ဒီနယ်ပယ်မှာ အတွေ့အကြုံတွေ အများကြီး ရှိတယ်၊ ကိုယ် တစ်ခုခုလွဲချော်သွားမှာ စိုးမိလို့"
"ကောင်းပြီ ဒါဆို ကျွန်မ အခုပဲ စာချုပ်သွားပြင်ဆင်လိုက်မယ်လေ၊ ခြောက်နာရီတောင် ထိုးနေပြီ"
ရှယန်ယွိသည် နာရီကို ကြည့်ပြီးပြီးချင်း ပြောလာသည်။ ရွှီဖန်း လက်ကို ဝှေ့ယမ်းကာ...
"အဆင်ပြေပါတယ်၊ အလျင်လိုဖို့မလိုဘူး ဖြည်းဖြည်းပဲလုပ်...ပြီးရင် တစ်ခုခုသွားစားကြတာပေါ့"
"အိုကေ ဒါဆို စာချုပ်သွားပြင်လိုက်ဦးမယ်"
ဤအရာသည် ရှယန်ယွိတစ်ယောက် စီးပွားရေးကိစ္စများအား လျင်မြန်စွာနှင့် တိကျပြတ်သားစွာ လုပ်ကိုင်သည့်ပုံစံပင်။ သူမ စကားပြောပြီးသည်နှင့် အပြင်ထွက်ကာ စာချုပ်ပြင်ဆင်တော့သည်။
တံခါးအပြင်ဘက်မှာ ရပ်နေသည့် ယန်ပင်းကို မြင်သောအခါ ရှယန်ယွိမှာ အနည်းငယ် ဇဝေဇဝါဖြစ်သွားရသည်။ မတိုင်ခင်က ယန်ပင်းကို သူမ တစ်ခါမှ မမြင်ဖူးပေ။
တစ်ဖက်တွင် ယန်ပင်းသည် တည်ငြိမ်စွာဖြင့်...
"မရီး"
"အာ...."
ထိုသတ်မှတ်ခေါ်ဝေါ်လိုက်သော အမည်က ရှယန်ယွိ၏ မျက်နှာလေးအား အနီရောင်တိမ်တိုက်အလား ဖြစ်သွားစေသည်။ သူမ အမြန်ပင် ယန်ပင်းကို နှုတ်ဆက်ပြီး ပြေးထွက်သွားခဲ့သည်။
ယန်ပင်းတစ်ယောက် ရှယန်ယွိအား ကြည့်ပြီး ပြောမိသည်။
"အစ်ကိုကြီးကတော့ ဒီလိုပုံစံနဲ့ အချစ်ကြွေးကို လွယ်လွယ်ကူကူ ဆပ်နိုင်လိမ့်မယ်လို့ ငါမထင်ဘူး"
ရှယန်ယွိသည် ယန်ပင်းမြင်ခဲ့ရသည့် သုံးယောက်
မြောက်အမျိုးသမီးပင်။ မုရုန်လင်ကိုပါ သူ ထည့်တွက်ထားခဲ့သည်။ အချိန်အတော်ကြာ အတူတူရှိပြီးနောက်မှာ ယန်ပင်းသည် ရွှီဖန်း၏စတိုင်နှင့် သဘောထားပုံစံကို လုံးဝ လက်ခံနိုင်သွားလေပြီ။ လက်ရှိအချိန်၌ ရွှီဖန်းအား သူ့အစ်ကိုကြီးကဲ့သို့ပင် ဆက်ဆံမိနေလေပြီ။
မကြာလိုက်ပေ ရှယန်ယွိသည် စာချုပ်ဖြင့် ပြန်ရောက်လာသည်။
"ခဏနေရင် သူ့ဘက်က စာချုပ်ကို အရင်ကြည့်ကြတာပေါ့၊ ဒါကိုတော့ အရန်အနေနဲ့ သုံးရလိမ့်မယ်"
"ကောင်းပြီ အရင်သွားစားရအောင်"
ရွှီဖန်း ရှယန်ယွိကို ပြောလိုက်သည်။
"ဟွားမန်ရှင်းရဲ့ဆိုင်ခွဲတစ်ခုမှာ အရမ်းတော်တဲ့စားဖိုမှူးတစ်ယောက်ရှိတယ်လို့ ကျွန်မကြားဖူးတယ်၊ အဲ့ဒီစားသောက်ဆိုင်အသေးလေးက ချက်တဲ့ဟင်းပွဲတွေက မမေ့နိုင်စရာပဲတဲ့၊ ကျွန်မတို့ အဲ့ဒီမှာသွားစားပြီး ကောလာဟလထဲကလို အရသာတစ်ကယ်ကောင်းမကောင်း အတည်ပြုကြည့်ရအောင်"
အစားအသောက်ကြောင်း ပြောတော့ ရှယန်ယွိက ရုတ်တရက် ပြောလာသည်။
ကျန်းဖန်းယင် ဆိုင်လေး၏ ကျော်ကြားမှုက ချန်ဟိုင်းအထိတောင် ပျံ့နေလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ သို့သော်ငြား လက်ရှိအချိန်တွင် ရွှီဖန်း၏နှလုံးခုန်နှုန်းမှာ မြန်ဆန်နေလေပြီ။ ရှယန်ယွိမှ ထိုဆိုင်မှာ သွားစားမည်ဟူ၍ ပြောလာလိမ့်မည်ဟု သူ မတွေးထားခဲ့မိပေ။ ချက်ချင်းပင် သူ ခေါင်းကုတ်ကာ အပြစ်ရှိစိတ်ဖြင့် ရှယန်ယွိကို ပြန်ဖြေမိသည်။
"အိုခေ နောက်တစ်နေ့မှပေါ့၊ အချိန်ရှိတော့မှ သွားကြမယ်လေ"
ရှယန်ယွိ အံ့သြသွားခဲ့သည်။ သူမ ရွှီဖန်းအား ဇဝေဇဝါဖြင့် ကြည့်လျက်...
"အဲဲ့ဒီဆိုင်က ရှင့်ရဲ့ မွေးရပ်မြေမှာ မဟုတ်ဘူးလား"
"ဟုတ်တယ်"
ရွှီဖန်းသည် ရှယန်ယွိနှင့် ထိုအကြောင်းကို ဆက်မပြောရဲတော့ပေ။
"သွားစို့ ဒီနေ့ ကိုယ်မင်းကို စတိတ်ခ် ဝယ်ကျွေးမယ်"
အကြောင်းအရာကို လျှင်မြန်စွာ ပြောင်းရန် အလို့ငှာ ရွှီဖန်းသည် သူ့ပိုက်ဆံများကို ဖြုန်းရန် စီစဥ်လိုက်ပေသည်။
"ကောင်းပြီ ကောင်းပြီ ကျွန်မ အမဲမိုးခိုသားစားချင်တယ်"
ရွှီဖန်း၏စကားကို ကြားသည်နှင့် ရှယန်ယွိလည်း ချက်ချင်း ပြန်ပြောခဲ့သည်။ ရှယန်ယွိအား အလွယ်တကူ သိမ်းသွင်းလို့ရမည်ဟု သူ မထင်ထားခဲ့ပေ။ ဤတစ်နပ်စာအတွက် ဘယ်လောက်ကုန်ကျနိုင်သလဲဆိုတာကိုတော့ သူ ဂရုမစိုက်ပေ။ သူ ချက်ချင်းပင် ရင်ဘတ်ကို ပုတ်လိုက်ကာ...
"ကိစ္စမရှိဘူး အခုပဲ သွားကြစို့"
တစ်ဖက်မှာတော့ ယန်ပင်းသည် မျက်လုံးလှိမ့်ကာ တွေးလိုက်မိသည်။
"ချမ်းသာတဲ့လူတွေများ..."
သူတို့ အနောက်တိုင်းစားသောက်ဆိုင်သို့ ရောက်ရှိပြီး အထဲကို ဝင်လိုက်သည်နှင့် နွေးထွေးသော ကြိုဆိုမှုများဖြင့် လွှမ်းခြုံခံလိုက်ရသည်။ မစ်ရှင်ပြီးဆုံးပြီးကတည်းက ရွှီဖန်းနှင့် ယန်ပင်းသည် အဝတ်အစားများ မလဲလှယ်ရသေးတာကြောင့် မြို့သားများအတိုင်းဖြစ်သော်လည်း ရှယန်ယွိ၏အသွင်အပြင်ကတော့ နတ်သမီးလေးအလားပင်။ သူတို့နှင့်အတူ သူမ ပါလာတာကြောင့် သဘာဝကျစွာပင် ရွှီဖန်းတို့နှစ်ယောက်ကိုလည်း ဝန်ထမ်းများက မလျှော့တွက်ခဲ့ကြပေ။
ရှယန်ယွိက ရွှီဖန်း၏ လက်ကို ကိုင်ထားပြီး ယန်ပင်းက သူမ၏အနောက်မှာ ရှိနေသည်ကို မြင်သောအခါ အမျိုးသမီးဝန်ထမ်းများထဲမှ တစ်ယောက်သည် ရွှီဖန်းက ဦးဆောင်လာသူမှန်း သိလိုက်ပေသည်။ သူမ ချက်ချင်းပင် ရှေ့တက်၍ နှုတ်ဆက်လိုက်သည်။
"မင်္ဂလာပါ Sir ဒီလမ်းကို ကြွပါ"
ထိုအမျိုးသမီးဝန်ထမ်းကိုကြည့်၍ ရွှီဖန်း ခေါင်းညိတ်ပြလိုက်သည်။
"Sir ဒီနေရာကို ပထမဆုံးအကြိမ် လာတာလားရှင့်"
"မင်း ဘယ်လိုသိလဲ"
"ဒီမှာရှိတဲ့ ကျွန်မတို့ရဲ့စားသုံးသူတွေက ပုံမှန်ဖောက်သည်တွေပါ၊ ဒါကြောင့် သူတို့အများစုကို သိပါတယ်၊ Sirလို မျက်နှာသစ်ကို ကျွန်မ ပထမဆုံးအနေနဲ့ တွေ့လိုက်ရလို့ပါ"
"အင်း မင်း ခန့်မှန်းတာ မှန်တယ်၊ ဒါဆိုလည်း မီနူးနဲ့ မိတ်ဆက်ပေးပါဦး"
"ကောင်းပါပြီရှင့် ပထမဆုံးအနေနဲ့ ကျွန်မတို့ဆိုင်က နာမည်အကြီးဆုံးဟင်းပွဲကတော့ အမဲမိုးခိုသားဖြစ်ပါတယ်၊ စားဖိုမှူးကတော့ Xနိုင်ငံကနေ Michelinအသိအမှတ်ပြု၊ ကြယ်သုံးခု ရထားတဲ့သူဖြစ်ပါတယ်"
"အင်း သိပြီ၊ ဒီအမဲမိုးခိုသားကိုပဲ...သုံးယောက်စာအတွက် ပြင်ဆင်ပေးပါ"
ထို့နောက် ရွှီဖန်းသည် ရှယန်ယွိအား မီနူးကမ်းပေးလိုက်သည်။
ရွှီဖန်းသည် ငွေဖြုန်းရသည်ကို သဘောမကျခြင်း မဟုတ်သော်လည်း ထိုဟင်းပွဲတစ်ပွဲက ယွမ်၁၈၀၀ ကျသင့်သည့်အတွက် အံ့တော့အံ့သြခဲ့ပေသည်။ ထည့်ရသည့်ပါဝင်ပစ္စည်းဖိုးကို ဖယ်တွက်လျှင်တောင်မှ အမြတ်၉၅%ထက် ပိုရလိမ့်မည်ဟု ရွှီဖန်း ခန့်မှန်းနိုင်ပေသည်။ ထိုကဲ့သို့ ဈေးကြီးသော စတိတ်ခ်မျိုးက သူတို့၏ ဟင်းချက်နည်းများကို လိုက်မီနိုင်မလားဆိုတာ သိချင်တာကြောင့် စမ်းချင်နေမိ၏။
ရှယန်ယွိသည် မီနူးကိုယူ၍ ရွှီဖန်းကို စိုက်ကြည့်လာသည်။
"ရှင့်မှာ ပိုက်ဆံတွေအများကြီးရှိတာ ကျွန်မသိတယ်၊ ရှင့်အတွက် ချွေတာပေးမှာ မဟုတ်ဘူး"
အရည်အသွေးအမြင့်ဆုံး ငါးဆားဥနယ်နှင့် ဝိုင်နီအမှာကို လက်ခံရရှိသည့်အခါ အမျိုးသမီးဝန်ထမ်း၏မျက်နှာပေါ်၌ အပြုံးများ ရှိနေခဲ့သည်။ အမှာစာကောင်းကောင်းရရှိခြင်းက သူမအတွက် ဘောနပ်စ်အပိုရပေသည်။
ရွှီဖန်းကတော့ ရှယန်ယွိအားအပြုံးဖြင့် ကြည့်ကာ ခေါင်းခါယမ်းနေသည်။ သူ့မျက်နှာပေါ်၌ တုန်နေအောင်ချစ်သော အမူအရာကို ထိန်းထားဆဲပင်။
ရွှီဖန်း၏မျက်နှာအမူအရာကို မြင်သော အမျိုးသမီးဝန်ထမ်းက ပြောလာသည်။
"မစ္စက တစ်ကယ်ကို ကံကောင်းတဲ့အမျိုးသမီးပဲ၊ မစ္စတာရဲ့ မျက်လုံးထဲမှာ မစ္စတစ်ယောက်တည်းပဲ ရှိနေတာ"
"အိုး တစ်ကယ်လား၊ ကျေးဇူးတင်ပါတယ်ရှင်"
ရှယန်ယွိသည် ဝန်ထမ်းမလေး၏ အပြောကြောင့် ရှက်ရွံ့သွားပြီး ဘာမှပြန်မပြောရဲခဲ့ပေ။ သူမ ခေါင်းလေးကို ငုံ့ရင်း ဟင်းပွဲအမှာများကို အပြီးသတ်လိုက်လေသည်။
"အချိန်ခဏလောက် စောင့်နေပေးပါရှင့်"
အမျိုးသမီးဝန်ထမ်းသည် မီနူးကို ပြန်ယူ၍ ထွက်သွားလေသည်။
ထိုစဥ် ယန်ပင်းက...
"ငါ ယွမ်၁၈၀၀တန် စတိတ်ခ်ကို စားနိုင်လိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး"
ယန်ပင်း၏စကားကိုကြားတော့ ရွှီဖန်း ရယ်မောကာ ကြိမ်းမောင်းလိုက်သည်။
"ငါတော့ လှည့်စားခံရပြီဆိုပြီး မင်းတွေးနေတာမလား"
"ဟေး ဟေး ဟေး မင်း ငါ့ကို မမေးနဲ့တော့"
ယန်ပင်းက သူ့လက်ကို ဝေ့ယမ်းလာလေသည်။ ဟင်းပွဲများရောက်လာသည်အထိ သူတို့သုံးယောက် ပျော်ပျော်ရွှင်ရွှင် စကားပြောနေခဲ့ကြသည်။
"အရသာက မဆိုးဘူး၊ ဒါပေမယ့် ကျန်းဖန်းယင်ဆိုင်လောက်တော့ မကောင်းဘူး"
ယွမ်၁၈၀၀တန်အမဲသားအား မြည်းစမ်း၍ ရွှီဖန်းသည် သာမန်ကာလျှံကာ ပြောမိသွားသည်။
"အိုး အဲ့ဒါက ကျွန်မကြားဖူးတဲ့ ဟွားမန်ရှင်းဆိုင်ခွဲလေးလား"
ရွှီဖန်း၏စကားကြောင့် ရှယန်ယွိက စိတ်ဝင်တစားမေးလာသည်။ ရွှီဖန်း သူမကို ကြည့်၍ ခေါင်းညိတ်ပြလိုက်သည်။
"အခု ရှင်ပြောလိုက်မှပဲ ကျွန်မ ပိုပြီးတော့ စိတ်ဝင်စားသွားပြီ၊ ဒီရက်ပိုင်းအတွင်း ကျွန်မကို အဲ့ဒီဆိုင်ခေါ်သွားပေးဖို့ ရှင် အချိန်ဖယ်ထားပေးရမယ်နော်"
ရှယန်ယွိက ရွှီဖန်းအား မျှော်လင့်တကြီးဖြင့် ကြည့်နေခဲ့သည်။
"အာ...ကောင်းပြီ"
ရွှီဖန်းသည် တုံ့ဆိုင်းနေခဲ့သော်လည်း သူမကိုတော့ မငြင်းဆန်ချင်ပေ။ နောက်ဖြစ်လာမည့်ကိစ္စကိုတော့ ကံကြမ္မာ စေလိုရာအတိုင်း လွှတ်ထားလိုက်မည်။ ရွှီဖန်းသည် သူ့ကိုယ်သူအပေါ်၌ ဖိအားများစွာ တင်ထားတတ်သော လူမျိုး မဟုတ်ပေ။
စားသောက်ပြီးသည်နှင့် သူ ဝူမင်ကို ဖုန်းခေါ်လိုက်
သည်။
"ခေါင်းဆောင်ဝူ စီစဥ်ထားတာဘယ်လိုလဲ"
"ငါ အကုန်စီစဥ်ပြီးသွားပြီ၊ မင်းဆီ အခုပဲဆက်သွယ်တော့မလို့ကို ဖုန်းဝင်လာတာ"
"ကောင်းပြီ ကျွန်တော့်မိသားစုရော ရောက်နေပြီလား"
"ငါ သူတို့နဲ့ တွေ့ပြီးပြီ၊ အခုပဲ စစ်တပ်မိသားစုအိမ်ရာဝင်းထဲမှာ ရောက်နေတာ၊ မင်း ဒီကိုလာရင် ငါမင်းကို ခေါ်သွားပေးမယ်၊ လမ်းသိရတာပေါ့"
"ကောင်းပြီ ကျွန်တော် အခုပဲ လာခဲ့မယ်"
အရာအားလုံး ဖြေရှင်းပြီးသွားကြောင်းကို ကြားသည့်အခါ ရွှီဖန်း ခေါင်းညိတ်၍ ဖုန်းချခဲ့သည်။
"ရှင့်မိသားစု ဒီကို ရောက်နေတာလား"
ရွှီဖန်းမှ ဖုန်းချလိုက်သည့်အခါ ရှယန်ယွိလည်း ချက်ချင်းမေးလိုက်မိသည်။ ထိုမေးခွန်းကြောင့် ရွှီဖန်း ခဏတာ အံ့အားသင့်သွားပြီးမှ ခေါင်းညိတ်ပြခဲ့သည်။
"အာ...ဘာလို့ မပြောပြခဲ့တာလဲ၊ ကျွန်မ ဒီအတွက် ဘာမှ မပြင်ဆင်ထားခဲ့ရဘူး၊ စာချုပ်ချုပ်လို့ပြီးတာနဲ့ ကျွန်မ တစ်ခုခု သွားဝယ်လိုက်မယ်"
ရှယန်ယွိက စိုးရိမ်ပူပန်စွာဖြင့် ချက်ချင်း ပြောလာသည်။ ထိုအရာကြောင့် ရွှီဖန်း ပို၍ စိတ်ရှုပ်ထွေးသွားခဲ့သည်။
"ဘာလုပ်ဖို့လဲ၊ ဘာဖြစ်လို့ တစ်ခုခုသွားဝယ်မှာလဲ"
"ကျွန်မ သူတို့ကို ဝင်တွေ့မှရမှာပေါ့ မဟုတ်ရင် မယဥ်ကျေးရာ ရောက်တယ်"
ထိုစကားကိုကြားသော် ရွှီဖန်း ထိတ်လန့်သွားခဲ့သည်။ ယောက္ခမများနှင့် တွေ့ရမှာဖြစ်တာကြောင့် ရှယန်ယွိ စိတ်လှုပ်ရှားနေမှန်း သိသာပေ၏။
"ဒါက မလိုပါဘူး ဟုတ်တယ်မလား"
"မရပါဘူး ဒါကျင့်ဝတ်ထုံးတမ်းပဲလေ"
ရှယန်ယွိသည် ရွှီဖန်း၏မိဘများနှင့်တွေ့ရန် အနည်းငယ်မျှ စိတ်လှုပ်ရှားပူပန်နေမိသော်လည်း သူတို့ သူမအပေါ်၌ အထင်မှား၊ အမြင်မှားသွားမည်ကိုတော့ မလိုချင်ပေ။
သို့သော်ငြား လက်ရှိအချိန်၌ ရွှီဖန်း၏စိတ်ထဲတွင် ခက်ခဲသောကာလကို ရင်ဆိုင်နေရလေပြီ။ ရှယန်ယွိအား မိဘများဆီ ခေါ်သွားရန် သူ တုံ့ဆိုင်းနေမိသည်။ သို့သော် ရှယန်ယွိ၏ အမူအရာကို မြင်သောအခါ မငြင်းရက်တော့ပေ။
"ကောင်းပြီ စာချုပ်ချုပ်ပြီးရင် ကိုယ်နဲ့အတူ သွားတွေ့တာပေါ့၊ ဒါပေမယ့် ဘာမှဝယ်ဖို့တော့မလိုပါဘူး...သူတို့က ရင်းနှီးလွယ်ပြီး မနောကောင်းကြပါတယ်"
"အင်းပါ"
ရှယန်ယွိ ခေါင်းညိတ်လိုက်သည်။
ထိုအချိန် ယန်ပင်းက ကားပါကင်မှ ကားမောင်းထွက်လာသည်။ ရွှီဖန်းနှင့် ရှယန်ယွိသည် ကားပေါ်သို့တက်၍ စစ်တပ်ရှိရာသို့ ဦးတည်ခဲ့ပေသည်။
"မင်း ရောက်လာပြီလား"
ဝူမင်သည် ရွှီဖန်းတို့အုပ်စုကိုမြင်သောအခါ ချက်ချင်းပြုံးပြလာပြီး နှုတ်ဆက်လေသည်။ ဝူမင်သည် ဉာဏ်ကောင်းသောလူဖြစ်တာကြောင့် ရွှီဖန်းကို ရန်မစတာ ပိုကောင်းမှန်း သိထားပေ၏။
ထိုမြင်ကွင်းကြောင့် ရှယန်ယွိလည်း အနည်းငယ် အံ့သြနေရသည်။ စစ်တပ်ချုပ်ရုံးမှ လူများသည် ရွှီဖန်းအား ဤကဲ့သို့သော လေးစားမှုဖြင့် ဆက်ဆံနေကြလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။ ထိုကြောင့် ရှယန်ယွိသည် ရွှီဖန်း၏အကြောင်းကို ပို၍ သိချင်လာပေသည်။
"သူ ဘယ်မှာလဲ"
ရွှီဖန်းက လျိုကျင်းကို မေးနေခြင်းဖြစ်သည်။
"အနောက်ကလိုက်ခဲ့"
ဝူမင်သည် များစွာမပြောတော့ဘဲ ရှေ့က တံခါးရှိရာကိုသာ ဦးတည်သွားလိုက်သည်။ သူတို့လည်း ဝူမင်နှင့် တခြားလူအနောက်သို့ လိုက်သွားခဲ့သည်။
"မင်း အပြင်မှာ စောင့်နေပေး"
ယန်ပင်းကို ပြော၍ ရွှီဖန်းတို့ အထဲဝင်လိုက်သည်။
"ခင်ဗျား ဘာလုပ်နေတာလဲ"
ဝူမင်ကလည်း သူတို့အနောက်ကို လိုက်လာသည့်အခါ ရွှီဖန်းသည် ဝူမင်အား စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်မိသည်။
သို့သော် ထိုအရာက ဝူမင်ကိုလည်း ကြောင်အစေသည်။ မင်းဘာကို ဆိုလိုတာလဲ...ငါက ဒီမှာ ဘာလုပ်ရ
မှာလဲ။ ဒါ ငါ့ပိုင်နက်ပဲလေ။ သို့သော်ငြား ရွှီဖန်း၏ အရှေ့မှာတော့ ထိုစကားများကို မပြောရဲပေ။
"ဘာဖြစ်လို့လဲ"
ဝူမင်သည် နောင်တရမှုအပြည့်ဖြင့် ရွှီဖန်းကို ကြည့်
လိုက်မိသည်။ ယခင်အတွေ့အကြုံကြောင့် ရွှီဖန်းအား စော်ကားမိသွားမည်ကို ကြောက်နေမိသည်။
"မဟုတ်ဘူးလေ၊ အခုက စီးပွားရေးကိစ္စပူးပေါင်းဆောင်ရွက်မှာ...လျှို့ဝှက်ချက်တချို့တလေတွေတော့ ရှိနေမှာပဲ၊ အပြင်လူတစ်ယောက်က ကျွန်တော်တို့နဲ့ အတူတူ လိုက်ဝင်လာလို့ ဘယ်ဖြစ်မလဲ"
ရွှီဖန်းသည် ဝူမင်အား လေးနက်သောအမူအရာ၊ တရားကျသောအပြုအမူနှင့်အတူ ကြည့်နေလေသည်။
ဝူမင်ခဗျာ ဒေါသထွက်လွန်း၍ သွေးများအန်ထုတ်မတတ်ပင်။ သူက ငါ့ရဲ့ ကိုယ်ပိုင်နယ်မြေထဲလာပြီး ငါ့ကို အပြင်လူလို့ ခေါ်တယ်ပေါ့လေ!
သို့သော် ဒီကိစ္စအတွက် သူ လုပ်နိုင်သည့်အရာမရှိပေ။ အခု ရောက်နေသည့်လူက သူ့ ဘိုးဘေးလေးဖြစ်နေသည်။
ရှယန်ယွိသည် မထိန်းနိုင်တော့ဘဲ သူမ၏ပါးစပ်ကိုကာ၍ ရယ်လိုက်မိသည်။
"ရှင်ကလည်းလေ ဘာမှလည်းမဟုတ်ဘဲနဲ့၊ သူက စစ်တပ်ကပဲလေ...နည်းနည်းလောက်ယဥ်ယဥ်ကျေးကျေးပြုမူလိုက်ပါ"
ရှယန်ယွိကို ပြုံးပြ၍ ရွှီဖန်း ဘာမှ မပြောခဲ့ပေ။ သူ ရည်ရွယ်ချက်ရှိရှိဖြင့် လုပ်ခဲ့ခြင်းဖြစ်သည်။ ဝူမင်ဆီမှ နောက်ဆုံးတစ်ခေါက် အဖမ်းခံရပြီးနောက်မှာ ရွှီဖန်းသည် ဝူမင်အား မျက်နှာသာမပေးချင်ခဲ့ပေ။
ရွှီဖန်းကို ကြည့်၍ ရှယန်ယွိသည် ခေါင်းအသာခါယမ်းမိသည်။ တစ်ကယ်တော့ လူတစ်ယောက်ထံ၌ ဘာတွေပဲဖြစ်ခဲ့ပါစေ အရွယ်ရောက်သူများ၏ လောကစည်းမျဥ်းကတော့ မင်းမှာ အကျိုးဆက်ကို ရင်ဆိုင်နိုင်စွမ်းရှိနေသ၍ မင်းအလိုရှိသလို နေထိုင်နိုင်သည်ဟူ၍ပင်။
"ကောင်းပြီ သူ့ကို ဆက်မစောင့်ခိုင်းနဲ့တော့"
ရွှီဖန်းသည် ကြမ်းပြင်ပေါ်မှာ ထိုင်နေသော လျိုကျင်းအား စိုက်ကြည့်လိုက်သည်။ ထိုအချိန် လျိုကျင်းကလည်း ရွှီဖန်းအား ပြောရခက်သည့်အမူအရာဖြင့် ကြည့်လာလေသည်။
***************************