သန်မာသောကျောက်မိသားစု
Vol. 20 Ch. 297
ရွှီဖန်းနှင့်ယန်ပင်းတို့သည် အမျိုးသမီး၏အနောက်သို့ လိုက်သွားခဲ့သည်။ သူတို့ ထိုအမျိုးသမီးနှင့်အတူလိုက်ရန် သဘောတူခဲ့ကြရခြင်းမှာ ဤကိစ္စ၌ အကြီးဆုံးမျိုးနွယ်စုလေးခုပါဝင်နေခြင်းကြောင့်ဖြစ်ပြီး ထိုအမျိုးသမီး၏အဆင့်အတန်းကလည်း မနိမ့်ကျသောကြောင့် ပဋိပက္ခများမရှိဘဲ ပြေလည်အောင် အစွမ်းကုန်ကြိုးစားလိုခြင်းကြောင့်ပင်။ အကယ်၍ ထိုလူသာ လင်းမိသားစုက လူများကဲ့သို့ဖြစ်နေလျှင် ဒုက္ခအနည်းငယ်ရောက်လည်း ရွှီဖန်း ဂရုစိုက်မည် မဟုတ်ပေ။
လမ်းတစ်လျှောက် လျှောက်လာရင်း လင်းမိသားစု၏ ချမ်းသာကြွယ်ဝမှုကြောင့် သူအံ့အားသင့်ခဲ့ရသည်။ သူတို့၏ အိမ်ဝင်းထဲတွင်ပင် ကိုယ်ပိုင်လေယာဥ်အချို့ကို ချထားလေသည်။
လေယာဉ်ပေါ်မှာတော့ ရွှီဖန်းသည် အနည်းငယ် သံသယဝင်နေဆဲဖြစ်ပြီး အမျိုးသမီးကို မမေးဘဲမနေနိုင်ခဲ့ချေ။
"မင်း အဲဒီအသံကို ကြားလိုက်တာလား...သူ့ကို သိတာလား"
အမျိုးသမီးက ရွှီဖန်းကိုကြည့်လျက်...
"ကျွန်မ နည်းနည်းသံသယဖြစ်နေတာ၊ ဒါပေမယ့် သူ့ရဲ့အသံကို မကြားလိုက်ဘူး၊ မကြာသေးခင်က ရှေးဟောင်းဆေးပညာစွမ်းရည်ကို ခံယူခဲ့တဲ့ ရှင့်ကြောင့် ကျွန်မတို့ရဲ့ပေကျင်းမှာ မီးတောက်လောင်သွားခဲ့တယ်၊ မျိုးနွယ်စုလေးခုအနေနဲ့ ကျွန်မတို့မှာ မုရုန်၊ လင်း၊ ကျောက် နဲ့ လျိုမိသားစုတို့ရှိတယ်၊ သူတို့က မင်းကိုအနိုင်ရယူချင်နေကြတာလေ၊ ဒါပေမယ့် ဒီလိုနည်းလမ်းမျိုးသုံးနိုင်တဲ့သူက ကျောက်မိသားစုထဲက တစ်ယောက်ဖြစ်ဖို့ အခွင့်အလမ်းများတယ်၊ သူတို့ အရမ်းကို စိတ်မရှည်ဖြစ်နေလိမ့်မယ်လို့ ကျွန်မ မထင်ထားခဲ့ဘူး"
အမျိုးသမီးက ထိုစကားကို ပြောပြီးသည့်အခါ သူမ၏မျက်လုံးများသည် ပမာမထားသည့်
အကြည့်များဖြင့် တောက်ပနေခဲ့သည်။ မျိုးနွယ်စုကြီးလေးခုထဲမှာ ကျောက်မိသားစုက သူတို့ မကြိုက်
သည့်မိသားစု ဖြစ်နေပုံရ၏။
"မင်းတို့ ကျွန်တော့်အကြောင်းဘယ်လိုသိသွားကြတာလဲ"
နောက်ဆုံးတွင် ရွှီဖန်းသည် သူ့စိတ်ထဲရှိ သံသယများကိုမေးရန် အခွင့်အရေးကို အရယူလိုက်သည်။
မမျှော်လင့်ထားစွာ ထိုအမျိုးသမီးသည် ရွှီဖန်းကိုကြည့်၍ မတော်တဆအကြောင်းအရာအား ထုတ်ဖော်ပြော၍မရနိုင်သကဲ့သို့ သူ့အား ပေါ့ပေါ့ပါးပါးသာ ပြုံးပြလာသည်။ သူမ ဝန်လည်းမဝန်ခံသလို ငြင်းလည်းမငြင်းခဲ့ပေ။
ဒါကြောင့် ရွှီဖန်းအံ့အားသင့်သွားသော်ငြား ဘာမှတော့ထပ်မမေးတော့ပေ။ တစ်ဖက်လူက သူ့ကို မပြောပြချင်သည်မှာ သိသာထင်ရှားပေသည်။ ထိုသို့ဆိုလျှင်တော့ ရွှီဖန်း၌ ဘာသဲလွန်စမှ မရှိတော့ပေ။
မေ့လိုက်ပါတော့။ ထို့နောက်...
"မင်းရဲ့လင်းမိသားစုနဲ့ ယှဉ်ရင် ကျောက်မိသားစုက အရမ်းသန်မာလား"
အမျိုးသမီးက သူ့ကို တစ်ချက်ကြည့်လာပြီးနောက် ခေါင်းကိုမော့ကာ လေယာဉ်အပြင်ဘက်ကို ကြည့်
သွားသည်။
"ကျောက်မိသားစုက ကျွန်မတို့နဲ့အတူတူပဲ ပေကျင်းရဲ့ ကြီးကျယ်မြင့်မြတ်တဲ့ မျိုးနွယ်စုလေးခုထဲတစ်ခုဖြစ်ပြီး သူတို့မှာ တိမ်တွေလိုပဲ ကျွမ်းကျင်သူတွေ အများကြီးရှိတယ်"
ထိုစကားကိုပြောပြီးနောက် သူမသည် ရုတ်တရက်ပင် သူ့မျက်လုံးများကို လှည့်ကြည့်လာသည်။
"ခုနက ရှင်နဲ့တွေ့ခဲ့တဲ့လူနှစ်ယောက်က ကျွန်မတို့လင်း
မိသားစုရဲ့ အကိုင်းအခတ်အစလေးတစ်ခုပဲ"
ထိုအမျိုးသမီးပြောသည့် အဓိပ္ပါယ်က ရှင်းပေသည်။ သူမသည် ရွှီဖန်းအား ကိုယ့်ကိုယ်ကိုယ် အံ့သြစရာကောင်းသည်ဟု မထင်စေလိုခြင်းပင်။
"သြော် ဒါကြောင့်ကို...ကျွန်တော့်ဘက်က အင်အားအများကြီးသုံးစရာ မလိုခဲ့တဲ့အပြင် ထိုးနှက်ချက်တစ်ခုကိုတောင် သူတို့ ခံနိုင်ရည်မရှိတာ မထူးဆန်းတော့ဘူး"
ရွှီဖန်း ရယ်မောလိုက်သည်။ ထုံးစံအတိုင်းပင် သူသည် အရှုံးပေးမည့်သူမဟုတ်ပေ။
သို့သော် အမျိုးသမီး၏ မျက်လုံးထဲတွင် အထင်သေးသော အရိပ်အယောင်များ ရှိနေခဲ့သည်။ ရွှီဖန်းက သူ၏ခွန်အားကို အပြည့်အဝ ထုတ်ဖော်ပြီးနေပြီဟု သူမ ခံစားမိသော်လည်း ထိုကဲ့သို့ စကားမျိုးကို ထုတ်မပြောခဲ့ပေ။ ဒီလူဟာ ကိုယ်ရည်ကိုယ်သွေးမကောင်းပေ။ ရွှီဖန်းအပေါ်၌ သူမ၏အကဲဖြတ်မှုမှာ အနှုတ်လက္ခဏာဘက် ရောက်သွားလေပြီ။
"လျို့ဝှက်မိသားစုတွေထဲက နက်နဲခြင်းအဆင့်နဲ့ အထက်က ကျွမ်းကျင်သူတွေအားလုံး ပျောက်
ကွယ်သွားကြပြီ၊ မင်းတို့လည်း အဲ့ဒီလိုပဲမလား"
ရွှီဖန်းသည် သူ့အတွက်လိုအပ်သော အချက်အလက်များကို ဆက်လက်စုံစမ်းခဲ့သည်။
"ဟုတ်တယ်"
အမျိုးသမီးကလည်း ခေါင်းညိတ်ရန် လုံးဝမတွန့်ဆုတ်ပေ။ ရွှီဖန်းသည် မိသားစုလေးခု၏အင်အားကို သိရှိရန် ကြိုးစားနေမှန်း သူမသိသော်လည်း သူတို့သည် သူတို့၏ နောက်ခံကို မှီခိုအားထားနေရကြောင်း သူမသိပေသည်။ ရွှီဖန်းသည် သူတို့နှင့် တူညီသောသိုင်းအဆင့်မှာရှိလျှင်တောင် သူမတို့ဘက်မှ လူအင်အားနှင့် အာဏာကြောင့် ရွှီဖန်းအား ချက်ချင်းသတ်ပစ်နိုင်လိမ့်မည်ဖြစ်သည်။ ထို့ကြောင့် သူမ လုံးဝ စိတ်မပူခဲ့ပေ။ ရွှီဖန်းက သူမကို ခြိမ်းခြောက်မှုတစ်ခုမဟုတ်ဟု ထင်နေသော်လည်း လက်တွေ့တွင်မူ သူမသည် ရွှီဖန်းအပေါ်၌ မထီမဲ့မြင်ပြုခြင်းများဖြင့် ပြည့်နှက်နေခဲ့သည်။
သို့သော်ငြား ရှိခိုးကောင်က ပုစဥ်းရင်ကွဲကို ချောင်းနေစဥ်မှာ စာကလေးက သူတို့အနောက်မှာ ရှိနေလေသည်။ ရွှီဖန်း စိတ်ထဲရှိအတွေးများကို ဒီအမျိုးသမီးမသိခဲ့ပေ။
လေယာဉ်၏အရှိန်က အလွန်မြန်ပေသည်။ သုံးနာရီမပြည့်ခင်မှာပင် သူတို့ ထျန်းတယ်လ်တောင်တန်းကို ရောက်လာလေပြီ။
ရွှီဖန်းနှင့် အခြားသူများလည်း လေယာဉ်ပေါ်မှဆင်းလာခဲ့ကြသည်။ လေယာဉ်ပေါ်မှ မဆင်းခင်မှာ ထိုအမျိုးသမီးကို လင်းရှောင်ရှောင်းဟုခေါ်ပြီး လက်ရှိလင်းမိသားစုဘိုးဘေး၏ သမီးလည်းဖြစ်သည်ကို ရွှီဖန်း သိခဲ့ရသည်။ သူမ၏အဆင့်အတန်းက ဤမျှမြင့်မားနေသည်မှာ အံ့သြစရာမရှိတော့ပေ။
လေယာဉ်ပေါ်မှဆင်းပြီးနောက် လင်းရှောင်ရှောင်း၊ ရွှီဖန်းနှင့် ယန်ပင်းတို့ သုံးယောက်သည် ထျန်းတယ်လ်
အိမ်ရာဆီသို့ အမြန်သွားခဲ့ကြသည်။
ထျန်းတယ်လ်တောင်တန်းသည် အလွန်မတ်စောက်သော တောင်တန်းတစ်ခုဖြစ်သည်။ ထျန်းတယ်လ်အိမ်ရာကို တွေ့ရသည်အထိ ဘယ်လောက်ထိ တက်ခဲ့ရသလဲဆိုတာကိုပင် မခန့်မှန်းနိုင်တော့ပေ။ ထျန်းတယ်လ်အိမ်ရာသည် ကျော်ကြားသော ရိုးရာဗီလာကြီးဖြစ်ရာ ရှေးဟောင်းအလှဆင်ပစ္စည်းမျိုးစုံဖြင့် ပြည့်နှက်နေလေသည်။ ဖျော်ဖြေရေးခန်း၊ လက်ဖက်ရည်ခန်း၊ တည်းခိုခန်း စသည်ဖြင့် ခရီးသွားများ အသုံးပြုနိုင်ပေသည်။ သေချာပေါက်ပင် ခရီးသွားများအတွက် ဆွဲဆောင်မှုတစ်ခု ဖြစ်နေခဲ့သည်။
ထျန်းတယ်လ်အိမ်ရာသို့ဝင်ရောက်ပြီးနောက်မှာ ထျန်းတယ်လ်အိမ်ရာသည် အရင်ကလို အသက်ဝင်
ခြင်းမရှိမှန်း သတိထားမိခဲ့သည်။ ဤနေရာကို တစ်စုံတစ်ယောက်က သိမ်းပိုက်ထားသလိုမျိုး ခံစားချက်ပင်။
ထိုအချိန်၌ ခြံဝင်းအလယ်တွင် လက်ဖက်ရည်
သောက်သုံးနေသူ အနည်းငယ်ရှိနေလေသည်။
တစ်ယောက်က အနက်ရောင်ဝတ်စုံ၀တ်ဆင်ထားသော အသက်ခြောက်ဆယ် သို့မဟုတ် ခုနစ်ဆယ်ကျော် အဘိုးကြီးဖြစ်သည်။
အဘိုးအိုသည် ရွှီဖန်းနှင့် တခြားလူများ ရောက်ရှိလာသည်ကို မြင်သောအခါ ကျန်လူများကို တစ်ခုခုပြော၍ ရွှီဖန်းနှင့် တခြားလူများရှေ့သို့ လျှောက်လာခဲ့သည်။
အဘိုးကြီး လျှောက်လာနေတာကိုမြင်တော့ လင်းရှောင်ရှောင်း၏မျက်လုံးများက ကျဉ်းမြောင်းသွားကာ အံ့သြမှုတချို့ဖြင့် ပြောလာသည်။
"ဒါ ကျောက်မိသားစုထဲက တစ်ယောက်ပဲ"
ထို့နောက် ခေါင်းငုံ့ကာ ရွှီဖန်းအား နူးညံ့သောအသံဖြင့် ပြောပြလာသည်။
"သူက ကျောက်မိသားစုရဲ့ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ဝင်တစ်ယောက်ပဲ၊ သူ့နာမည်က ကျောက်ချန်းယွီဖြစ်ပြီး အဝါရောင်ထိပ်ဆုံးအဆင့်ပဲ"
သို့သော်ငြား ကျောက်ချန်းယွီသည် လင်းရှောင်ရှောင်းကို သေသေချာချာမသိသဖြင့် "မင်း ဘယ်သူလဲ" ဟူ၍ မေးလာသည်။ ဒါဟာ ကျောက်ချန်းယွီ၏ အပြစ်တော့မဟုတ်ပေ။ လင်းရှောင်ရှောင်းသည် လင်းမိသားစုအကြောင်းကို အခြားသူများအား ပြောပြသည်မှာ ရှားပေသည်။ ထို့အပြင် သူမက အမျိုးသမီးတစ်ဦးလည်းဖြစ်နေသေးသည်။ ထို့ကြောင့် လင်းမိသားစု၏မင်းသမီးငယ်လေးအကြောင်းကိုဘလူတချို့ကသာ သိထားပေသည်။
"ကျွန်မနာမည်က လင်းရှောင်ရှောင်း၊ ကျွန်မက လင်းမိသားစုကနေ တိုက်ရိုက်ဆင်းသက်လာတဲ့ သားစဥ်မြေးဆက်ပဲ"
ကျောက်ချန်းယွီ အံ့သြသွားခဲ့သည်။ ဤမိန်းကလေးသည် လင်းမိသားစုဝင်တစ်ယောက်ဖြစ်နေသည့်အပြင် လင်းမိသားစုမှ တိုက်ရိုက်ဆင်းသက်လာသော မျိုးဆက်လည်း ဖြစ်နေသေး၏။ ရွှီဖန်းက လင်းမိသားစုဝင်တစ်ယောက်နဲ့ ဘယ်လိုသိနေတာလဲ။
ကျောက်ချန်းယွီ၏ အမူအရာသည် အနည်းငယ် ပို၍ယဉ်ကျေးလာပြီး လေးစားမှုပြလာသည်။ နောက်ဆုံးမှာ သူသည် ကျောက်မိသားစု၏ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ဝင်သာ ဖြစ်နေသေးသည်။
"မစ္စလင်း ဟိုဘက်မှာ ထိုင်ပါဦး"
"ကျေးဇူးပါ"
ရွှီဖန်းနှင့် တခြားလူများသည် လက်ဖက်ရည်အိမ်လေးတွင် ဝင်ထိုင်ခဲ့ကြသည်။ ရွှီဖန်း ထိုင်ပြီးပြီးချင်းမှာပင် ချက်ချင်းမေးလိုက်သည်။
"ရှောင်းချောင် ဘယ်မှာလဲ"
ကျောက်ချန်းယွီမှာ ခဏတာမျှ အံ့သြသွားခဲ့သည်။ သတိပေးလိုသည့်အလား သူ ရွှီဖန်းကို စိုက်ကြည့်
လိုက်သည်။ ဒီလို ရိုင်းစိုင်းသည် အပြုအမူဖြင့် ထပ်ပြောရဲလျှင် သူ့ဘက်က ယဉ်ကျေးတော့မည်
မဟုတ်ပေ။
ကျောက်ချန်းယွီသည် လင်းရှောင်ရှောင်းအတွက် လက်ဖက်ရည်တစ်ခွက်ကို ငှဲ့ပေးနေပြီး ရွှီဖန်းကို လျစ်လျူရှုထားလေသည်။
ယခုအချိန်တွင် ကျောက်ချန်းယွီသည် အနည်းငယ်
အခက်တွေ့သလို ခံစားနေရသည်။ ရွှီဖန်းသည် လင်းမိသားစုမှလူများနှင့် မသိထားပါက သူလုပ်ချင်သလိုလုပ်နိုင်ပေသည်။
လင်းရှောင်ရှောင်းသည် ကျောက်ချန်းယွီကို တစ်
ချက်ကြည့်၍...
"စီနီယာချန်းယွီ ရွှီဖန်းက ကျွန်မသူငယ်ချင်းပါ၊ ရှင် သူ့သူငယ်ချင်းကို ပြန်ပေးဆွဲထားတယ်လို့ ကျွန်မကြားထားတယ်၊ စီနီယာ ကျွန်မတို့လင်းမိသားစုဆီ သူ့သူငယ်ချင်းကို လွှဲပေးနိုင်မလား"
ကျောက်ချန်းယွီက အလျင်စလိုမဖြေပေ။ သူလက်ဖက်ရည်တစ်ငုံသောက်ကာ...
"မစ္စလင်း ဒါက နည်းနည်းတော့ ခက်ပါတယ်၊ မင်းက လင်းမိသားစုရဲ့တိုက်ရိုက်မျိုးဆက်ဖြစ်ပေမယ့် ဒီကိစ္စက ကျုပ်တို့ ကျောက်မိသားစုရဲ့ အနာဂတ်နဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်နေတယ်၊ ဒါကြောင့် မင်း ဒီကိစ္စနဲ့ ပက်သက်ပြီး ဝင်မနှောင့်ယှက်ဘူးလို့ ကျုပ်မျှော်လင့်ပါတယ်"
ထို့နောက် ကျောက်ချန်းယွီသည် လင်းရှောင်ရှောင်းကို ကြည့်၍...
"မစ္စလင်းက လင်းမိသားစုရဲ့ တိုက်ရိုက်မျိုးဆက်ဆိုပေမယ့် ကျုပ်က ကျောက်မိသားစုအတွက် အလုပ်လုပ်ပေးနေတာပါ"
လင်းရှောင်ရှောင်းသည် သူ့စကားကို ကြားသောအခါ ဒေါသထွက်သွားတော့သည်။ ဒီလူယုတ်မာအိုကြီးသည် သူမကို မျက်နှာသာလုံးဝမပေးဘဲ တိုက်ရိုက်ပြောချလာလေသည်။ သိထားရမည်မှာ လင်းမိသားစု၏ မင်းသမီးငယ်လေးအဖြစ် လင်းရှောင်ရှောင်း၏တည်ရှိမှုသည် ကျောက်ချန်းယွီထက် ပို၍ အဆင့်အတန်းမြင့်ပေသည်။
လင်းရှောင်ရှောင်းသည် ချက်ချင်းပင် မကျေမနပ်
ပြောလိုက်သည်။
"စီနီယာကျောက် ရွှီဖန်းမှာ အစွမ်းထက်တဲ့ နောက်ခံမရှိဘူးဆိုပေမယ့် ရှင် သူ့ဆီကနေ ဒီလိုခိုးယူထားရတာ နည်းနည်းလွန်နေတယ် မဟုတ်ဘူးလား"
ကျောက်ချန်းယွီသည် အေးစက်စွာ နှာမှုတ်၍ လင်းရှောင်ရှောင်းအပေါ်ရှိ လေးစားသမှုလည်း ပျောက်
ကွယ်သွားလေသည်။
"မင်းက ကျုပ်ကို ကိုယ်ကျင့်တရားအကြောင်း လာသင်ပေးနေတာလား၊ အနိုင်ကျင့်တဲ့အကြောင်းပြောရရင် မင်းတို့ လင်းမိသားစုကရော အရင်က တခြားလူတွေကို အနိုင်မကျင့်ဖူးလို့လား"
လင်းရှောင်ရှောင်းလည်း တောင့်တင်းသွားရသည်။
ကျောက်ချန်းယွီက ဆက်ပြောလာ၏။
"ဒါက ဒီကမ္ဘာကြီးထဲမှာ ရှင်သန်ခြင်းစည်းမျဥ်းပဲ၊ သန်မာတဲ့သူတွေက အားနည်းသူတွေကို စားတာ သဘာဝပဲ"
ဤကျောက်ချန်းယွီသည် လင်းမိသားစုမှ တိုက်ရိုက်
ဆင်းသက်လာသော သူမ၏အထောက်အထားကို ဂရုမစိုက်ပေ။ ကျောက်ချန်းယွီသည် အဝါရောင်အဆင့်၏အထွတ်အထိပ်သို့ရောက်နေပြီဖြစ်ကြောင်း သူမ ရှင်းရှင်းလင်းလင်းသိထားပေသည်။ လက်ရှိအခိုက်အတန့်တွင် လင်းရှောင်ရှောင်းသည် ဒေါသူပုန်မထရဲပေ။ အခုလက်ရှိတွင် နက်နဲခြင်းအဆင့်နှင့် အထက်ရှိအဆင့်များအားလုံးပျောက်ကွယ်သွားကာ ကျောက်ချန်းယွီလို အဆင့်ရောက်နေသူများကသာ ဤကမ္ဘာ၌ အသန်မာဆုံးဖြစ်ကြသည်။
သို့သော်ငြား ယခုအချိန် သူမသာ ရွှီဖန်းကို မကူညီနိုင်ခဲ့ပါက လင်းမိသားစု၏ဂုဏ်သိက္ခာကို ဆုံးရှုံးရလိမ့်မည်။
"စီနီယာ ရှင် ဒီလိုပြောလို့ မရဘူး၊ လူသားတွေက စည်းမျဥ်းစည်းကမ်းတွေကြားမှာ နေထိုင်နေကြတာ၊ မဟုတ်ရင် လူသားတွေ အချင်းချင်း သတ်နေကြမှာပေါ့"
"ဟမ့်! ကျုပ်တို့ ကျောက်မိသားစုသာ အားနည်းသွားရင် ကျုပ်တို့ကို ဘယ်သူကမှ အနိုင်ကျင့်လာမှာမဟုတ်ဘူးလို့ မပြောနဲ့၊ အတိုချုပ်ပြောရရင် လင်းရှောင်ရှောင်း မင်းကို မျက်နှာပေးတာလိုချင်ရင် ဒီကိစ္စကို ဝင်နှောက်ယှက်နေစရာ မလိုဘူး!"
ကျောက်ချန်းယွီ၏ လေသံက သိပ်မကောင်းတော့ပေ။
လင်းရှောင်ရှောင်းသည် ချက်ချင်း လက်မလျှော့ခဲ့ပေ။
"ရွှီဖန်းက ကျွန်မမိတ်ဆွေ၊ ကျွန်မ သူ့ကို ဂရုမစိုက်ဘဲ နေလို့မရဘူး"
နှစ်ယောက်သား စကားစမြည်ပြောနေကြစဉ်တွင် ရွှီဖန်းနှင့် ယန်ပင်းတို့သည် လျစ်လျူရှုခံထားရသော ပုရွက်ဆိတ်များကဲ့သို့ပင် ဖြစ်နေသည်။
ထိုက်ပိုင်ကျင့်စစ်ထံမှ ဆေးပညာကျွမ်းကျင်မှုကို ရွှီဖန်း လက်ခံရရှိထားသည်အား တစ်စုံတစ်ယောက်က သိရှိထားကြောင်း ခန့်မှန်းလို့ရပေသည်။ ဒီလူတွေက သူ့ကို သို့မဟုတ် သူ၏ဆေးပညာကျွမ်းကျင်မှုစွမ်းရည်ကို လုယက်ချင်နေကြသည်။
သို့သော် လက်ရှိအချိန်တွင် ရွှီဖန်း အလွန်ငြိမ်သက်နေမိသည်။ ငြင်းခုံနေသည့် နှစ်ယောက်ကိုမြင်တော့ သူတို့မှာ ယုတ်မာသည့် ရည်ရွယ်ချက်ကိုယ်စီရှိနေမှန်း သူသိပေသည်။
ကျောက်ချန်းယွီက ဒေါသတကြီးဖြင့် ပြောလာသည်။
"မင်းက လင်းမိသားစုရဲ့မျိုးဆက်ဖြစ်လို့ မင်း ဝင်စွက်ဖက်လာရင် ကျုပ်မင်းကို ဘာမှလုပ်မှာမဟုတ်
ဘူး၊ ဒါပေမယ့် မင်း လက်ရှိအခြေအနေကို သေချာပြန်စဉ်းစားထားရမယ်၊ ကျုပ် ကျောက်ချန်းယွီက အရင်နဲ့မတူတော့ဘူး၊ အခု ကမ္ဘာပေါ်မှာ ကျုပ်နဲ့ ခွန်အားတူတဲ့ ရန်သူတွေပဲရှိတော့တယ်၊ ကျုပ်ထက်မြင့်တဲ့အဆင့်တွေဆိုတာမရှိတော့ဘူး၊ နောက်မှ မစာနာလို့ဆိုပြီး ကျုပ်ကို အပြစ်မတင်လေနဲ့"
လင်းရှောင်ရှောင်းသည် ကျောက်ချန်းယွီ၏ စကားကြောင့် စကားတန့်သွားတော့သည်။ သူမနှလုံးသားထဲရှိ ဒေါသကလည်း ပျောက်ကွယ်သွားလေပြီ။
သို့မှသာ ကျောက်ချန်းယွီသည် ရွှီဖန်းကို ကြည့်
လာသည်။ သူက အေးစက်စွာ မျက်မှောင်ကြုတ်၍..
"ရွှီဖန်း မင်းက ဘာအတွက်အဲ့ဒီမှာရပ်နေတာလဲ!"
ရွှီဖန်းမှာ အံ့သြမှုကြောင့် မျက်လုံးများပြူးကျယ်သွားကာ ဒေါသလည်းထွက်သွားလေသည်။ ဤအဘိုးအိုသည် သူ့အား ပုရွက်ဆိတ်တစ်ကောင်ကို ကြည့်နေသကဲ့သို့ ကြည့်နေလေသည်။
သို့သော် လင်းရှောင်ရှောင်းက သူမ၏လက်ကိုဝေ့ယမ်း၍ ဒေါသထွက်လုနီးပါးဖြစ်နေသည့် ရွှီဖန်းကိုတားဆီးလာသည်။
"အပြင်ထွက်ပြီး စကားပြောရအောင်"
ရွှီဖန်း သူမကို တစ်ချက်ကြည့်လိုက်သည်။ ယခုအချိန်တွင် ရှောင်းချောင်၏အခြေအနေကို လုံးလုံးမသိရခြင်းမှာ အဆင်မပြေသလို ခံစားရပေသည်။ သို့သော်ငြား သူ့ခံစားချက်များကို မျိုသိပ်ကာ ယန်ပင်း၊ လင်းရှောင်ရှောင်းတို့နှင့် ဆွေးနွေးရန် လိုက်သွားခဲ့သည်။
ယခုအချိန်တွင် လင်းရှောင်ရှောင်း၏အမူအရာမှာလည်း အတော်လေးကို အဆင်မပြေဖြစ်နေလေသည်။
"ကျောက်ချန်းယွီက ကျွန်မကို မျက်နှာသာမပေးရင် ကျွန်မလည်း ဘာမှလုပ်ပေးလို့မရတော့ဘူး၊ သူက အဝါရောင်အထွတ်အထိပ်အဆင့်ကို ရောက်နေတဲ့အပြင် ရှင့်ရဲ့သူငယ်ချင်းကိုလည်း ဖမ်းချုပ်ထားတယ်၊ ဒီစုန်းအိုကြီးက ရှင့်ကို အနိုင်ကျင့်ဖို့ ပြင်ဆင်ထားတာ သိသာတယ်"
ရွှီဖန်း၏မျက်လုံးများ လှုပ်သွားသော်လည်း မပြောင်းလဲသော အမူအရာဖြင့် သူ ပြောလိုက်သည်။
"ဒါဆို မင်းက သူ့ကို ဆေးဖော်မြူလာပေးစေချင်တာလား"
သို့သော်ငြား ရွှီဖန်းမှ ထိုအမူအရာဖြင့်ကြည့်လာသည့်အခါ လင်းရှောင်ရှောင်း၏မျက်လုံးထဲတွင် ရွှီဖန်းဟာ ပြိုင်ဆိုင်လိုစိတ်ရှိပြီး ကလေးဆန်လွန်းသည်ဟု ခံစားလိုက်ရပေသည်။ သူက လက်ရှိအခြေအနေကိုတောင် ရှင်းရှင်းလင်းလင်းမမြင်နိုင်သေးပေ။ သူမ ချက်ချင်းပင် မျက်မှောင်ကြုတ်ကာ
"ဟုတ်တယ် အချိန်တစ်ခုလောက် သည်းခံလိုက်တာ ပိုကောင်းတယ်၊ ဒီလောကကြီးမှာ အားနည်းတဲ့လူတွေက သန်မာတဲ့လူတွေရဲ့ သားကောင်ပဲ၊ ရှင့်ကိုယ်ရှင် ဒုက္ခမရှာဖို့ ကျွန်မ အကြံပေးချင်တယ်"
***********************