ဆရာဝန်အယောင်ဆောင်
Vol. 21 Ch. 304
"အဘိုး ဘာတွေလုပ်နေတာလဲ...သမီး နှုတ်ဆက်နေတယ်လေ"
လင်းရှောင်ရှောင်း၏ မျက်နှာမှာ နီရဲနေလေသည်။ သူမ၏အဘိုးက ရွှီဖန်းကို စိုက်ကြည့်ပြီး ဘာမှမပြောဘဲ ခေါင်းခါနေတာကို သူမ မြင်လိုက်ရတော့ အဘိုးဖြစ်သူ၏ လက်မောင်းကို ဖွဖွလေး တွန်းလိုက်မိသည်။
ထိုအခါမှ လင်ကျန့်ကျန်းလည်း အတွေးစများ ပြတ်သွားလေသည်။ သူ အလျင်အမြန်ပင် လက်ကို ဝှေ့ယမ်းကာ ပြုံးပြလိုက်သည်။
"တောင်းပန်ပါတယ် လူငယ်လေး...လာထိုင်ပါဦး...ဒီကို ရောက်လာမှတော့ ဘာမှ အားမနာနေနဲ့"
လင်ကျန့်ကျန်း၏ပုံမှန်မဟုတ်သော ထိုအပြုအမူကို ရွှီဖန်း ဂရုမစိုက်ပေ။ သူ လင်ကျန့်ကျန်း၏ မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်ပြီး ပြုံးပြလိုက်သည်။
"အဘိုး နေမကောင်းဘူးလို့ လင်းရှောင်ရှောင်းပြောတာ ကြားခဲ့တယ်၊ ကျွန်တော်က ဆေးပညာအကြောင်း နည်းနည်းသိတယ်ဆိုတော့ ဒီနေ့ အဘိုးရဲ့ခန္ဓာကိုယ်ကို လာကြည့်ပေးတာပါ"
လင်းကျန့်ကျန်း ခေါင်းညိတ်လိုက်သည်။ ဒီရွှီဖန်းက စကားပြောတာတော့ တော်တော် ယဉ်ကျေးတာပဲ။
ထိုအချိန် ရွှီဖန်းတွေးနေတာကို ကောင်းကင်ဘုံကသာ သိပေသည်။
*ငါက လွတ်လွတ်လပ်လပ် သမားဆိုပေမယ့် ဒီအဘိုးအိုက လင်းမိသားစုရဲ့ ဘိုးဘေးပဲ၊ ဘာပဲဖြစ်ဖြစ် ဟန်ဆောင်ပန်ဆောင်လေးတော့ ယဥ်ကျေးပြနေမှရမယ်၊ လှပတဲ့လင်းမိန်းကလေးကို ငါ အရှက်မခွဲသင့်ဘူး*
သို့သော်ငြား ရွှီဖန်း၏အမူအကျင့်များက ထိရောက်တာ သိသာပေသည်။ လင်းရှောင်ရှောင်းသည်လည်း ခုနက ဘာကြောင့်များ သူမအဘိုးက ရွှီဖန်းအပေါ်၌ အမြင်ဆိုးရှိနေတာလဲဆိုတာကို မသိခဲ့ပေ။ သို့သော်ငြား ရွှီဖန်းက သူ့ကိုယ်သူ ဘယ်လိုထိန်းချုပ်ရမလဲ သိနေတာကြောင့် လင်းရှောင်ရှောင်းလည်းစိတ်သက်သာရာ ရသွားခဲ့သည်။
"ဟားဟားဟား ငါ့ရောဂါကို ငါ ကောင်းကောင်းသိပါတယ်...ကုသဖို့ မလွယ်ဘူးဆိုတာ အမှန်ပဲ၊ မစ္စတာရွှီက စိတ်ပါဝင်စားနေမှတော့ စမ်းကြည့်ရတာပေါ့"
လင်းကျန့်ကျန်း၏စကားများကလည်း ယဉ်ကျေးပေသည်။ ဤလူငယ်လေး မကုသနိုင်ခဲ့လျှင်တောင် ကိစ္စမရှိပေ။ မည်သို့ပင်ဆိုစေ အတွေ့အကြုံရှိသည့်
ဆရာဝန်များကတောင် မကုသနိုင်ကြပေ။
လင်းကျန့်ကျန်းက သူ့အား အထင်မကြီးနေဘူးဆိုတာကို ရွှီဖန်း သိပေသည်။ သို့သော် သူ ဂရုမစိုက်ပေ။ သူကိုယ်တိုင်လည်း နားလည်ပေသည်။ သူ့ကို မသိသေးသည့်လူအတွက်ကတော့ သူ ဘယ်လောက်ထိ ကြောက်စရာကောင်းလဲဆိုတာကို မသိနိုင်ပေ။
"အဘိုး လက်ပေးပါဦး၊ ကျွန်တော် နှလုံးခုန်နှုန်းစမ်းကြည့်ပါ့မယ်"
လင်းကျန့်ကျန်းကို ကြည့်၍ ရွှီဖန်း ပြောလိုက်သည်။
"ကောင်းပြီ"
လင်းကျန့်ကျန်းကလည်း ပြန်ဖြေပြီး သူ့လက်ကို စားပွဲပေါ်မှာ ဖြန့်ထားပေးလေသည်။ ရွှီဖန်းလည်း သူ့လက်ကို လင်းကျန်းကျန်း၏လက်ကောက်ဝတ်အပေါ်မှာ တင်လိုက်သည်။ သူတို့ သုံးယောက် ဘာမှ မပြောခဲ့ကြပေ။
လင်းရှောင်ရှောင်းနှင့် လင်းကျန့်ကျန်းကလည်း ဘာစကားမှ မပြောဘဲ ရွှီဖန်းအတွက် ရောဂါရှာဖွေရန် တိတ်ဆိတ်သည့်ပတ်ဝန်းကျင်ကို ပေးစွမ်းရန် ကြိုးစားခဲ့ကြပေသည်။ သို့သော် ထိုအချိန်မှာ လင်းရှောင်ရှောင်း၏ဖုန်းက ရုတ်တရက် ထမြည်လာသည်။ လင်းရှောင်ရှောင်းလည်း ထိတ်လန့်သွားကာ ရွှီဖန်းအား ရှက်ရွံ့အားနာနေသည့် မျက်လုံးများဖြင့် ကြည့်လိုက်မိသည်။
ရွှီဖန်းသည် လင်းရှောင်ရှောင်းကို ပြုံးပြကာ ဖုန်းကိုင်လို့ ရကြောင်း ခေါင်းညိတ်ပြလိုက်သည်။ ထိုအခါမှသာ လင်းရှောင်ရှောင်းသည် သူ့အိတ်ထဲမှ ဖုန်းကို ထုတ်ယူလိုက်သည်။ သို့သော် ဖုန်းခေါ်သူ၏နာမည်ကို မြင်တော့ သူမ၏နဖူးပေါ်၌ စိတ်မရှည်သောအရိပ်အယောင်တစ်ခု ပေါ်လာသည်။
"ဟယ်လို ရှောင်ရှောင်း"
နူးညံ့သည့် ယောက်ျားလေးအသံက ဖုန်း၏တစ်ဖက်
ခြမ်းမှ ထွက်လာသည်။ ရွှီဖန်း၏လက်ရှိစွမ်းရည်အရ သူသည် ဖုန်းထဲက အသံကို သဘာဝကျစွာ ကြားနိုင်
ပေသည်။ သူ နှုတ်ခမ်းကို တွန့်လိုက်ပြီး ခပ်တိုးတိုး ပြောလိုက်မိသည်။
"ဒီနေ့ခေတ်ကောင်တွေမှာ ဘာလို့ယောက်ျားပီသမှုတွေ မရှိကြတော့တာလဲ"
သို့သော်ငြား သူ့မျက်နှာပေါ်မှာတော့ ဘာမှ မပေါ်စေပေ။ ဘယ်လိုပဲဖြစ်ပါစေ ထိုလူက လင်းရှောင်
ရှောင်း၏မိတ်ဆွေဖြစ်သည်။ လင်းရှောင်ရှောင်းကမူ ထိုလူ၏အသံကို ကြားတော့ မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
"လျိုကျီပင်း ဘာကိစ္စလဲ"
"မင်း ဘာလုပ်နေတာလဲ...ငါ အဘိုးရဲ့အခြေအနေကို မင်းနဲ့ဆွေးနွေးစရာရှိလို့"
လင်းရှောင်ရှောင်းသည် လက်ရှိအချိန်မှာ ရွှီဖန်းကို အနှောင့်အယှက်မပေးချင်ပေ။ သူမ စိတ်မရှည်စွာဖြင့်
"ငါ့သူငယ်ချင်းတစ်ယောက်က အဘိုးကို ကုသပေးနေတယ်...နင့်မှာ ဘာပြောစရာမှမရှိတော့ရင် ငါ အရင်ဖုန်းချနှင့်မယ်"
လျိုကျီပင်းက ထိုစကားကို ကြားတော့ ချက်ချင်းပင် ဒေါသထွက်သွားလေသည်။ လင်ကျန့်ကျန်းနှင့် တွေ့ဆုံရန်အကြောင်းပြချက်ကို သူ အသုံးချ၍ လင်းရှောင်ရှောင်းနှင့် ပိုမိုရင်းနှီးချင်ခဲ့သည်။
သူ့ကိုယ်သူတောင် ဘယ်လိုကုသရမလဲ သေချာမသိတဲ့ ကလေးတစ်ယောက်က ဘယ်ကနေ ရုတ်တရက်ပေါ်လာတာလဲ။ ပြီးတော့ သူက ဘယ်ကနေ အဲ့ဒီလိုသတ္တိကို ရလာတာလဲ။ သူ လင်းရှောင်ရှောင်းအား ဖုန်းထဲကနေ အလျင်အမြန် ပြောလိုက်သည်။
"ရှောင်ရှောင်း မင်း သတိထားရမယ်နော် အခုဆို လိမ်လည်လှည့်ဖြားနေတဲ့သူတွေ အများကြီး ရှိတယ်၊ အဘိုးရဲ့ရောဂါက ဘယ်သူမဆို ကုသနိုင်တဲ့အရာမဟုတ်ဘူး"
လင်းရှောင်ရှောင်းသည် ထိုစကားကို ကြားတော့ သူမ၏မျက်နှာမှာ ချက်ချင်း အေးစက်သွားလေသည်။
"ကောင်းပြီ၊ တခြား ဘာမှပြောစရာမရှိတော့ရင် ငါ ဖုန်းချပြီ"
ဟု ပြောကာ သူမ ဖုန်းချလိုက်သည်။
ဖုန်း၏တစ်ဖက်ခြမ်းမှ လျိုကျီပင်း၏ "ခဏစောင့် ငါ အခုပဲ လာခဲ့မယ်" ဟူသည့် စကားကိုတောင် သူမ မကြားခဲ့ပေ။
ရွှီဖန်းသည် သူတို့ဖုန်းပြောနေတာကို သဘာဝကျစွာပင် ကြားနိုင်ခဲ့သော်လည်း သူ ဂရုမစိုက်ပေ။ မည်သို့ပင်ဆိုစေကာမူ ထိုလူသည် သူ့အရှေ့မှာ ပြောခဲ့ခြင်းမဟုတ်တာကြောင့် လိုက်တွေးနေစရာမလိုပေ။
တစ်ဖက်မှာလည်း လင်းရှောင်ရှောင်းသည် ရွှီဖန်းကို အားနာနေသည့် မျက်လုံးများဖြင့် ကြည့်လာသည်။ သို့သော်ငြား ရွှီဖန်းကတော့ လင်းရှောင်ရှောင်းကို လက်ဝှေ့ယမ်းပြကာ သူအဆင်ပြေကြောင်း ပြခဲ့လေသည်။
ထို့နောက် ရွှီဖန်းသည် လင်းကျန့်ကျန်းအား နှလုံးခုန်
စမ်းနေခြင်းကို ရပ်တန့်ခဲ့သည်။ လက်ရှိအချိန်တွင် လင်းကျန့်ကျန်း၏ရောဂါကို သူ့စိတ်ထဲမှာ ရှင်းရှင်းလင်းလင်း သိနေပြီဖြစ်ပြီး ၎င်းက သိပ်မပြင်းထန်ပေ။ သို့သော်ငြား သူတစ်ယောက်တည်းသာ ထိုသို့ခံစားရခြင်းပင်။ သာမန်ဆရာဝန်တွေအတွက်
ကတော့ ထိုရောဂါသည် တကယ်ကို ကိုင်တွယ်ရခက်ခဲပေသည်။
"အဘိုး အဘိုးရဲ့ ရောဂါက ကျွန်တော်ထင်ထားသလောက် မပြင်းထန်ဘူး၊ အခုတော့ အချိန်က အရမ်းနောက်ကျနေပြီ၊ နောက်မှ အဘိုးကို ပုံမှန်လေး လာပြန်ကုပေးပါ့မယ်၊ ကုသမှုက ကြာမှာ မဟုတ်ပါဘူး"
လင်းကျန့်ကျန်းကို ကြည့်၍ ရွှီဖန်းပြောလိုက်သည်။
သူ့ဘက်မှ ထိုသို့ပြောလိုက်တော့ လင်းကျန့်ကျန်းနှင့် လင်းရှောင်ရှောင်းမှာ အံ့သြသွားရသည်။ သူတို့ ရွှီဖန်းအား သံသယဝင်နေသည့် မျက်လုံးများဖြင့် ကြည့်
လာကြလေသည်။ လင်းကျန့်ကျန်းဆိုလျှင် အခုအချိန်ထိ ဆရာဝန်များစွာဖြင့် တွေ့ခဲ့ပြီးပြီဖြစ်သည်။ ဆေးတက္ကသိုလ်ကနေ ပူပူနွေးနွေး ဘွဲ့ရထားသည့် လျိုကျီပင်းတောင် ရောဂါနှင့်ပတ်သက်၍ ဘာမှ ရှာမတွေ့နိုင်ခဲ့ပေ။ ရွှီဖန်းကမူ သူ့နှလုံးခုန်နှုန်းကို စမ်းကြည့်ရုံဖြင့် ဘာမှားနေလဲဆိုတာကို ပြောနိုင်နေ၏။
လင်းကျန့်ကျန်းသည် သူ့ကို မယုံကြည်သည်မှာ ထင်ရှားပေသည်။ ရွှီဖန်းအပေါ်၌ သူ၏အမြင်လည်း ပြောင်းလဲသွားခဲ့သည်။ ဒီလူငယ်လေးက ဘာလို့ ဒီလိုကိစ္စမျိုးကို ပေါ့ပေါ့တန်တန် ပြောနေတာလဲ။
သူ့စိတ်ထဲ၌ ထိုသို့တွေးနေခဲ့သော်ငြား မြေးမလေးမှာ ရွှီဖန်းအား ထူးထူးခြားခြား ဆက်ဆံနေတာကို သူ သတိထားမိပေသည်။ သူ တစ်လထက် ပို၍ အသက်
မရှင်နိုင်တော့ဘူးဆိုတာကို သိထားပေသည်။ ဒါကြောင့် သူ့မြေးမလေးကို ကောင်းကောင်းဂရုစိုက်ပေးနိုင်မည့် လူတစ်ယောက်လောက်ရှိလျှင် ကောင်းမည်ဟု သူတွေးမိသည်။
ရွှီဖန်းမှ အိမ်ပြန်ရန်ပြင်နေတာကို လင်းကျန့်ကျန်း မြင်တော့ ချက်ချင်းပင် ဒီမှာသာ တည်းခိုသွားရန် တိုက်တွန်းခဲ့သည်။ သူ့မှာ အချိန်သိပ်မကျန်တော့ပေ။ ဒါကြောင့် အနီးကပ် ခေါ်ထားပြီး စစ်ဆေးကြည့်ရမည်။
"ရှောင်ရှောင်း ငါ စုဆောင်းထားပြီးမသောက်ရက်ခဲ့တဲ့ ဝိုင်ကောင်းကောင်းတစ်လုံးနဲ့ ဟင်းတချို့ကို သွားပြင်ဆင်လိုက်"
လင်းကျန့်ကျန်းသည် လင်းရှောင်ရှောင်းကို ညွှန်ကြားပြီးနောက် ရွှီဖန်းကို လှည့်ကြည့်ကာ
"မိတ်ဆွေငယ်လေးရွှီ ငါ့ရဲ့ဖျားနာနေတဲ့ ဒီခန္ဓာကိုယ်ကို မင်း ကယ်တင်နိုင်လိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး၊ ဒါကြောင့် ဒီအဘိုးကြီးက မင်းကို ကျေးဇူးတင်မိပါတယ်"
ထိုစကားကိုကြားသည်နှင့် ရွှီဖန်းသည် ချက်ချင်းပင် လက်ကို ဝှေ့ယမ်းကာ...
"အဘိုး ကျေးဇူးတင်စရာမလိုပါဘူး...ဒါက ကိစ္စသေးသေးလေးတစ်ခုပါပဲ"
လင်းကျန့်ကျန်းသည် ခေါင်းညိတ်ကာဖြင့် လင်းရှောင်ရှောင်းဘက်ကို လှည့်ကာ နှိုးဆော်လိုက်ပြန်သည်။
"မြေးမလေး ဘာလို့ ဝိုင်ကို မယူလာသေးတာလဲ?"
"အဘိုး အဘိုး အရက်မသောက်ရဘူး"
လင်းရှောင်ရှောင်းကမူ လင်းကျန့်ကျန်းအား ကြည့်၍ ခပ်တည်တည်ဖြင့် ပြောလာသည်။
လင်းကျန့်ကျန်းမှာ ခဏတာမျှ အံ့သြသွားရပြီး ရွှီဖန်းဘက်ကို ပြန်လှည့်လိုက်သည်။
"ဟိုးအရင်ကတည်းက မင်းကို ဒီအဘိုးက ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့တယ်၊ ဒါပေမဲ့ အခု ငါ အသက်ကြီးလာတော့ ဒီအဘိုးကိုတောင် ထိန်းချုပ်နေပြီ၊ ငါ့မှာ အရက်တောင် မသောက်ရတော့ဘူး"
"အဘိုး၊ ဘာတွေ ပြောနေတာလဲ...ဒီမှာ ဧည့်သည်ရှိနေသေးတယ်လေ"
လင်းရှောင်ရှောင်းမှာ မျက်နှာနီရဲသွားပြီး ရှက်ရွံ့စွာဖြင့် ဆူပူလာလေသည်။
ရွှီဖန်းက လင်းကျန့်ကျန်း စနောက်နေတာကို သိတာကြောင့် ရယ်မောလိုက်ကာ
"အဘိုး အဘိုးရဲ့ လက်ရှိကျန်းမာရေး အခြေအနေအရ အရက်သောက်ဖို့ မသင့်တော်ပါဘူး၊ ဒါပေမဲ့ တစ်ခုခုသောက်ချင်ရင် ဝိုင်အစား လက်ဖက်ရည် သုံးဆောင်လို့ရပါတယ်"
လင်းရှောင်ရှောင်းသည် ဒါကို ကြားတော့ ရွှီဖန်းကို ကြည့်မိကာ ခပ်တိုးတိုးရေရွတ်မိသည်။
"ရွှီဖန်းက အဘိုးအိမ်ကို ရောက်တော့ ဘာလို့ ဒီလောက်တောင် ယဉ်ကျေးနေတာလဲ၊ သူ အဘိုးရှေ့မှာ ဟန်ပြနေတာတော့ မဟုတ်လောက်ပါဘူး၊ သူ အဲ့ဒါကိုများ တွေးနေတာ ဖြစ်နိုင်မလား"
ထိုသို့တွေးမိပြီး လင်းရှောင်ရှောင်းသည် နောက်
တစ်ကြိမ် ရှက်ရွံ့သွားခဲ့သည်။ ခဏကြာတော့ သူမ၏မျက်နှာလေးမှာ မဲ့သွားပြီး ထိုအကြောင်းကို ထပ်မတွေးတော့ပေ။ သူမ ဘာတွေ လိုက်တွေးနေတာလဲ...သူ့မှာ ရည်းစား ရှိပြီးသားကို။
လင်းကျန့်ကျန်းလည်း ရွှီဖန်း၏ပြောစကားကို ကြားတော့ အံ့သြသွားရသည်။
"ဒါဆိုလည်း ငါတို့ မိတ်ဆွေငယ်လေးရွှီ ပြောတာကို နားထောင်ပါ့မယ်လေ"
သူ သက်ပြင်းချကာ...
"အို...ငါက အသက်ကြီးနေပါပြီ...မင်းတို့ လူငယ်တွေနဲ့ မယှဉ်နိုင်တော့ဘူး"
ရွှီဖန်း ရယ်မောလိုက်ကာ...
"အဘိုး စိတ်မညစ်ပါနဲ့၊ အဘိုးရဲ့ရောဂါကို ကျွန်တော် ကုသပေးမှာ စောင့်နေလိုက်ပါ...အဘိုး နေပြန်ကောင်းလာလိမ့်မယ်လို့ ကျွန်တော် အာမခံတယ်"
လင်းကျန့်ကျန်းသည် ထိုစကားကို ကြားပြီးနောက် ရွှီဖန်၏ ယုံကြည်မှုအပြည့်ရှိသော မျက်နှာကို ကြည့်ကာ သူ့မျက်လုံးများ ရုတ်တရက် လင်းလက်သွားလေသည်။
*ဒီရွှီဖန်က ငါ့ရောဂါကို တကယ်ပဲ ကုသနိုင်
လောက်လား*
ဘာကြောင့်မှန်းမသိသော်ငြား လင်းကျန့်ကျန်းသည် ဤလူငယ်လေးဟာ ပေါ့ပေါ့တန်တန်နေထိုင်သော လူတစ်ယောက်နှင့် မတူဘူးဟု ရုတ်တရက် ခံစားလိုက်
ရပေသည်။
ထို့နောက်တွင် ရွှီဖန်းသည် သဘာဝကျစွာပင် သူ့လက်ကို ဆန့်တန်း၍ လင်းကျန့်ကျန်းအတွက် ကောင်းကင်ဘုံမှ သူရထားသည့် ဟင်းချက်နည်းစာအုပ်ထံမှ ဟင်းလျာငယ်နှစ်မျိုးကို ပြင်ဆင်ပေးရန် စီစဥ်ခဲ့လေသည်။ လင်းရှောင်ရှောင်းကလည်း သူ့နောက်ကနေ မီးဖိုချောင်မှာ ကူညီရန်အတွက် လိုက်လာခဲ့သည်။
"ဟေ့ မင်းရဲ့အဘိုးက ငါ့ကို သူ့ရဲ့အနာဂတ်မြေးသားမက်လိုမျိုး ကြည့်နေတယ်လို့ ဘာလို့များ ခံစားမိနေရတာပါလိမ့်"
ရွှီဖန်းသည် လင်းရှောင်ရှောင်းကို တည်ငြိမ်စွာ ကြည့်၍ သူ၏အတွေးများကို ထုတ်ပြောခဲ့သည်။ ထိုသို့မေးလိုက်သော်ငြား ဟင်းသီးဟင်းရွက်လှီးနေသည့် သူ့လက်ကိုတော့ လုံးဝမရပ်ခဲ့ပေ။
"ဘာတွေပြောနေတာလဲ ကျွန်မ နားမလည်ဘူး"
လင်းရှောင်ရှောင်းသည် ရွှီဖန်း၏ စကားကို ကြားတော့ ချက်ချင်းပင် ဒေါသထွက်သွားခဲ့သည်။ သူမ ရွှီဖန်းကို ပုတ်ကာ စိတ်ထဲမှာ တွေးလိုက်မိသည်။
*ရှင်ကျ ခုနက အဘိုးရှေ့မှာ ယဉ်ကျေးနှိမ့်ချနေပြီးတော့*
သို့သော် ဘာကြောင့်မှန်း မသိသော်ငြား ရွှီဖန်း၏ ထိုစကားကို ကြားတော့ သူမ၏စိတ်ထဲတွင် နွေးထွေးမှုကို ခံစားခဲ့ရ၏။ သို့သော် ထိုအချိန်၌ အလောတကြီး တံခါးခေါက်သံကို ကြားလိုက်ရသည်။
လင်းရှောင်ရှောင်းသည် လက်ကို သုတ်ကာ တံခါးဖွင့်
ရန် ပြေးသွားလိုက်သည်။ ထင်ထားသည့်အတိုင်းပင် လျိုကျီပင်း ဖြစ်သည်။ သို့သော် သူမ စိတ်မရှည်စွာဖြင့်
"ဒီလောက် နောက်ကျနေမှ ကျွန်မအိမ်ကို ဘာလာလုပ်တာလဲ"
သို့သော်ငြား လျိုကျီပင်းသည် မရိုသေနေတော့ဘဲ လင်းရှောင်ရှောင်းကိုကျော်ကာ လက်ထဲတွင် လက်ဆောင်တစ်ခုဖြင့် အထဲကိုဝင်သွားလေသည်။
"အဘိုး ကျွန်တော် ခွဲစိတ်မှုကြီးတစ်ခုကို ဒီနေ့ပဲ လုပ်ခဲ့တယ်၊ အလုပ်ပြီးသွားတော့ အဘိုးကိုလာတွေ့ပြီး အဘိုးရဲ့အခြေအနေကို လာစစ်ဆေးပေးတာပါ"
သူ ခွဲစိတ်မှုကြီးတစ်ခုလုပ်ခဲ့သည်ဆိုသည့်
အကြောင်းအား ဘယ်သူမှ မကြားလိုက်မည်ကိုကြောက်နေသကဲ့သို့ သူ့အသံမှာ အလွန်ကျယ်
လောင်နေလေသည်။ လင်းကျန့်ကျန်းကလည်း ကြားလိုက်သလို ရွှီဖန်းကလည်း သဘာဝကျစွာပင် ကြားခဲ့ပေသည်။
"ရှောင်လျိုပါလား...မြန်မြန်ဝင်လာခဲ့လေ၊ မင်း ဒီတစ်ခါ ဘာတွေ ယူလာပြန်တာလဲ"
လင်းကျန့်ကျန်းသည် လင်းရှောင်ရှောင်းအား လျိုကျီပင်းကို ဖိတ်ခေါ်ရန် အလျင်အမြန် လက်ဟန်ပြခဲ့သည်။ ဒါကိုမြင်တော့ လင်းရှောင်ရှောင်းလည်း နှုတ်ခမ်းကိုစူကာ လျိုကျီပင်းကို ဝင်ခွင့်ပေးရန်
အတွက် ဘေးဖယ်ပေးလိုက်သည်။
လျိုကျီပင်း ဝင်လာသည်နှင့် စားပွဲပေါ်မှ ဝိုင်ပုလင်းကို မြင်လေသည်။ သူ ချက်ချင်းပင် မတ်မတ်ရပ်ကာ...
"အဘိုး အခု ဘာလို့ အရက်သောက်နေတာလဲ၊ အဘိုးရဲ့ရောဂါကြောင့် အရက်မသောက်ရဘူးနော်၊ ဒါက တားမြစ်ထားတာ"
ဒါကိုကြားတော့ လင်းကျန့်ကျန်းက အားပျော့စွာ ရယ်မောလာသည်။
"ရပါတယ် ရှောင်လျိုရာ၊ ဒီနေ့ ရှောင်ရှောင်းက ဧည့်သည်ခေါ်လာတာမလို့ သူနဲ့ အရက်သောက်ချင်လို့ပါ"
တစ်ချိန်တည်းမှာပင် ရွှီဖန်းလည်း မီးဖိုချောင်ထဲကနေ ထွက်လာသည်။ သူ၏ခန္ဓာကိုယ်အပေါ်တွင်
ဟင်းသီးဟင်းရွက်အကြွင်းအကျန်များ ပေကျံနေတုန်းပင်။
လင်းကျန့်ကျန်းသည် ခေါင်းကို လှည့်၍ အလျင်အမြန် မိတ်ဆက်ပေးလာသည်။
"လာ ရှောင်လျို၊ ငါ မင်းနဲ့မိတ်ဆက်ပေးမယ် သူက..."
သို့သော် လင်းကျန့်ကျန်းမှ စကားမဆုံးခင် လျိုကျီပင်းက သူ့စကားကို ဖြတ်ပြောလာသည်။ လျိုကျီပင်းသည် ရွှီဖန်းကို ကြည့်၍...
"မင်းက ဒီနေ့ အဘိုးကို လာတွေ့တဲ့ ဆရာဝန်လား"
သူ့စကားအား ဖြတ်ပြောလိုက်တာကို လင်းကျန့်ကျန်းမြင်သည့်အခါ မျက်မှောင်ကြုတ်သွားခဲ့သော်ငြား ဘာမှတော့ မပြောခဲ့ပေ။
ရွှီဖန်းကတော့ လျိုကျီပင်း၏အမေးစကားကို ကြားတော့ ဘာမှမပြောဘဲ ခေါင်းသာ ညိတ်ပြလိုက်သည်။
လျိုကျီပင်းသည် ရွှီဖန်း၏ပုံစံကို အရင်ကြည့်လိုက်
သည်။ ရွှီဖန်း၏အဝတ်အစားကို မြင်တော့ဆင်းရဲသားတစ်ယောက်ပဲဟု ချက်ချင်းကောက်ချက်ချလိုက်
သည်။ ထို့နောက် အထင်သေးသည့်အကြည့်တစ်ခုက သူ့မျက်နှာ၌ ပေါ်ထွက်လာကာ ချက်ချင်းပင် ဒေါသတကြီး ပြောလိုက်သည်။
"မင်းက ဆရာဝန်အယောင်ဆောင်ပဲ၊ မင်းက အဘိုးရဲ့ အိမ်ကို လိမ်ဖို့ ရောက်လာတာပဲ"
ရွှီဖန်းသည် ခဏတာမျှ အံ့သြသွားသော်လည်း ဒေါသမထွက်ခဲ့ပေ။ သူ လက်နှစ်ဖက်ကို ဖြန့်၍ မေးခဲ့သည်။
"ဘာလို့ ငါက လိမ်လည်တဲ့သူဖြစ်သွားရတာလဲ"
********************