← Chapters

ဝန်ထမ်းများဆန္ဒပြခြင်း

Vol. 21 Ch. 308

ဝန်ထမ်းများဆန္ဒပြခြင်း

Vol. 21 Ch. 308

ရွှီဖန်းသည် ရှယန်ယွိကို ဖုန်းခေါ်၍ သူမဆီမှ အကောင့်နံပါတ်ကို တောင်းကာ လျိုယုံးရမ်ကို ပေးလိုက်

သည်။

လျိုယုံးရမ်ကလည်း ဖုန်းခေါ်ဆိုခဲ့ပြီးနောက် ထိုအကောင့်ထဲ ပိုက်ဆံလွှဲပေးရန် အမိန့်ပေးခဲ့လေသည်။

"ကျေးဇူးပါပဲ မစ္စတာလျို" 

ရွှီဖန်း ပြုံးလိုက်ပြီးနောက် ခြေချိတ်ကာ ထိုင်လိုက်

သည်။ ရွှီဖန်းက ထိုလူများအတွက် သူ၏တန်ဖိုးကို သိထားတာကြောင့် လျိုယုံးရမ် သူ့အပေါ် ကောင်းမွန်စွာ ဆက်ဆံတာကို စိတ်ထဲမထားနေတော့ပေ။

လျိုယုံးရမ်သည်လည်း ဂရုမစိုက်ပေ။ သို့သော် သူ့မျက်နှာမှာ သိပ်မကောင်းလှဘဲ သူ့အပြုံးကလည်း တောင့်တင်းနေသည်။ မည်သို့ပင်ဆိုစေ ယွမ်တစ်ဘီလီယံသည် လျိုမိသားစုအတွက် နည်းပါးသောပမာဏ မဟုတ်ပေ။

"မင်း မထွက်သွားသေးဘူးလား၊ အိမ်ပြန်ပြီး စဥ်းစားသုံးသပ်နေစမ်း!"

လျိုယုံးရမ်သည် လျိုကျီပင်းကို ဆူပူလိုက်သည်။

"ကျွန်တော် မသိခဲ့လို့ပါ"

လျိုကျီပင်းက ငြင်းခုံရန် ကြိုးစားနေတုန်းပင်။ သို့သော်ငြား လျိုယုံးရမ်၏မျက်နှာ အုံ့မှိုင်းနေတာကို မြင်လိုက်ရတော့ သူ့ပါးစပ်ကိုပိတ်ပြီး ထွက်သွားခဲ့ရသည်။

"ကျွန်တော် အရင်ပြန်နှင့်ပါ့မယ်၊ မစ္စတာရွှီ အားတဲ့တစ်နေ့ လျိုမိသားစုကို အလည်လာခဲ့ပါ၊ ကျွန်တော် ကောင်းကောင်းဧည့်ခံပါ့မယ်၊ ဦးလေးလင်းကိုလည်း နှုတ်ဆက်ပါတယ်" 

လျိုယုံးရမ်သည် ရွှီဖန်းနှင့် လင်းကျန့်ကျန်းကို ဦးညွှတ်ကာ နှုတ်ဆက်လိုက်လေသည် ။

"ကောင်းပါပြီ"

"သေချာပေါက်ပေါ့"

လင်းကျန့်ကျန်းနှင့် ရွှီဖန်းတို့လည်း ခေါင်းညိတ်ကာ ပြန်တုံ့ပြန်ခဲ့သည်။

လျိုယုံးရမ် ထွက်သွားတော့ လင်းရှောင်ရှောင်းက မတ်တပ်ရပ်၍ အပြုံးဖြင့်ပြောလာသည်။

"မိသားစုကြီးလေးခုကတောင် ရှင့်ကြောင့် ခေါင်းငုံ့ရလိမ့်မယ်လို့ ကျွန်မ မထင်ထားခဲ့ဘူး၊ အခုတော့ ကျွန်မ လက်ခံသွားပါပြီ" 

ရွှီဖန်း ပြုံးလိုက်ပြီး သူမ၏စကားကို ပြန်မတုံ့ပြန်ခဲ့ပေ။ မျိုးရိုးမြင့်မိသားစုလေးခုက ဒီလောက် မရိုးရှင်းသေးပေ။ အခုချိန်မှာသာ သူတို့ကောင်းကျိုးအတွက် သူ့ကို ကောင်းကောင်း ဆက်ဆံနေတာဖြစ်သည်။ သို့သော်ငြား သူတို့ သူ့အား လာမစိန်ခေါ်တာ ပိုကောင်းလိမ့်မည်။

ရွှီဖန်း သူ့စိတ်ထဲ၌ လေးလေးနက်နက် တွေးလိုက်

သည်။ ထို့နောက် သူ့နှုတ်ခမ်းထောင့်စွန်း၌ ဆိုးယုတ်သည့်အပြုံးတစ်ခုနှင့်အတူ သူ့မျက်လုံးထဲ၌လည်း မသိစိတ်မှအလိုလို အလင်းရောင်တစ်

ချက်ပေါ်ထွက်သွားခဲ့သည်။

တစ်ဖက်မှာထိုင်နေသည့် လင်းကျန့်ကျန်းကတော့ ရွှီဖန်း၏ အမူအရာကို မြင်ကာ မျက်မှောင်ကျုံ့လိုက်သည်။

"ရွှီဖန်းက ပါရမီရှင်တစ်ယောက်ပဲ၊ ဒါပေမဲ့ ငါ့မြေးမ

လေးက အရမ်းရိုးရှင်းတဲ့သူ...သူမအတွက် ကောင်းတာနဲ့ဆိုးတာကိုတောင် ပိုင်းခြားတတ်တဲ့သူမဟုတ်

ဘူး"

လင်းကျန့်ကျန်းသည် စိတ်ထဲကနေ ထိုကဲ့သို့ တွေးရင်း ပြုံးလိုက်ကာ...

"ရှောင်ရွှီ ငါအဘိုးကြီးရဲ့ ဒီခန္ဓာကိုယ်က မင်းကိုမှီခိုပြီးတော့ နောက်ထပ်နှစ်အနည်းငယ်လောက် ရှင်သန်နိုင်တော့မယ်ထင်ပါတယ်"

"အဘိုးရဲ့ စကားအတိုင်းပါပဲ"

ရွှီဖန်းသည် သူ့လက်ကိုဝှေ့ယမ်းပြီး ပြန်တုံ့ပြန်လိုက်

သည်။ ထို့နောက် သူထရပ်ပြီး ထွက်သွားရန် ရည်ရွယ်လိုက်သည်။

"ကျွန်တော် ချန်ဟိုင်းမှာ လုပ်စရာတွေရှိသေးတယ်၊ အနာဂတ်မှာ အဘိုးကို တစ်ပတ်တစ်ခါ ဆေးကုသမှု လာလုပ်ပေးပါ့မယ်၊ အနည်းဆုံး တစ်လ ဒါမှမဟုတ် ခြောက်လကျော်အတွင်းမှာ အဘိုး လုံးဝပြန်ကောင်းလာနိုင်ပါတယ်"

"မင်း မပြန်ခင် ညစာ စားသွားပါဦးလား" 

လင်းကျန့်ကျန်းသည် အံ့အားသင့်သွားပြီး ထိုသို့တောင်းဆိုလိုက်သည်။

"မစားတော့ပါဘူး အဘိုး၊ ကျွန်တော် ပြန်ပြီးဆောင်ရွက်စရာတွေ ရှိသေးတယ်"

တစ်ကယ်တော့ ရွှီဖန်း စိုးရိမ်နေတာက အမှန်ပေ။ ရှယန်ယွိသည် ရွှီဖန်းဆီသို့ စာပို့ထားကာ ဝမ်ကျုံးကျန့်

တစ်ယောက် ကုမ္ပဏီမှာပြဿနာရှာရန် ရောက်နေပြီဟု ပြောထားသည်။ ဒါကြောင့် သူ စိုးရိမ်နေမိသည်။

"ကောင်းပြီ...အဘိုး သူ တကယ်ပဲအရေးပေါ် ကိစ္စရှိပုံရတယ်"

လင်းရှောင်ရှောင်းသည် ရွှီဖန်း၏အမူအရာထဲ၌ စိုးရိမ်မှုများကို မြင်တော့ အမြန်ဝင်ပြောခဲ့သည်။

"ဟားဟားဟား ကောင်းပါပြီ၊ ဘာပဲဖြစ်ဖြစ် အနာဂတ်မှာ အချိန်တွေအများကြီးရှိဦးမှာပဲ၊ ငါ ကျန်းမာလာတဲ့အခါကျမှ မစ္စတာရွှီအတွက် လင်းမိသားစုမှာ ဧည့်ခံပွဲတစ်ခု ကျင်းပပေးပါ့မယ်" 

လင်းကျန့်ကျန်းကလည်း ဒါကို မြင်တော့ သူ့ကို ဆက်နေရန် အတင်းအကျပ် မတောင်းဆိုနိုင်တော့ပေ။ မူလကတော့ သူ ရွှီဖန်းကို သေသေချာချာ စောင့်ကြည့်ပြီး သူ့မြေးမလေးအတွက် အစောင့်အရှောက်ကောင်းတစ်ခု လုပ်ပေးရန် စီစဉ်ထားသည်။ သို့သော်ငြား  ရွှီဖန်း၌ အရေးပေါ် ကိစ္စတစ်ခုခုရှိပုံရသည်။

"ကောင်းပါပြီ၊ ကျွန်တော် ပြန်လိုက်ပါဦးမယ်" 

လင်းကျန့်ကျန်းကို ဦးညွှတ်ပြီးနောက် ရွှီဖန်း လှည့်

ထွက်သွားခဲ့သည်။

"မြေး လိုက်ပို့လိုက်ဦး၊ အဘိုး လမ်းမလျှောက်နိုင်သေးလို့"

လင်းကျန့်ကျန်းက လင်းရှောင်ရှောင်းကို လှည့်

ပြောလာသည်။

"အာ....ကောင်းပါပြီ" 

လင်းရှောင်ရှောင်းသည် သူမအဘိုး ဘာတွေးနေမှန်း မသိခဲ့ပေ။ ထို့နောက် သူမ ခြေလှမ်းတွေကိုကြွကာ ရွှီဖန်း၏ အနောက်ကို လိုက်သွားခဲ့သည်။

ရွှီဖန်းကမူ လင်းရှောင်ရှောင်းကို ကြည့်၍...

"ရတယ် ကျွန်တော် တက္ကစီနဲ့ပဲ ချန်ဟိုင်းကို သွားလိုက်မယ်"

"ကျွန်မ လိုက်ပို့ပေးမယ်လေ၊ ချန်ဟိုင်းမှာ ဘာကိစ္စဖြစ်လို့လဲ...ဘာများ ကူညီပေးရဦးမလဲ"

"ရပါတယ် စိတ်မပူပါနဲ့" 

ရွှီဖန်း လက်ဝှေ့ယမ်းကာ လင်းရှောင်ရှောင်း၏စကားကို ငြင်းပယ်လိုက်သည်။ ရွှီဖန်းသည် ဒီကိစ္စကို သိပ်ပြီးအလေးအနက်မထားသလို တခြားသူ၏ အကူအညီကိုလည်း မလိုအပ်ပေ။

"ကောင်းပြီ" 

လင်းရှောင်ရှောင်းမှာ ဒါကိုကြားတော့ သတိလက်လွတ်ဖြစ်သွားပုံရသည်။ ရွှီဖန်းက သူမကို သတိထားဆက်ဆံနေတုန်းပဲဟု သူမ ထင်လိုက်သည်။ သို့သော်ငြား ပြန်စဉ်းစားကြည့်တော့ ရွှီဖန်းက သူမကို သတိထားနေခြင်းမှာ ပုံမှန်ပင် ဖြစ်သည်။ သူတို့ချင်းက ဘာမှ မပတ်သက်ကြပေ။

"သတိထားဦး" 

ရွှီဖန်း အံ့အားတကြီးဖြင့် သတိပေးလိုက်သည်။

ထိတ်လန့်သွားသော လင်းရှောင်ရှောင်းမှာ တုန်ယင်သွားရပြီး သူမ သတိလက်လွတ်ဖြင့် နံရံအား ဝင်တိုက်မိတော့မလို ဖြစ်သွားခဲ့မှန်း သိလိုက်ရသည်။ သူမမျက်နှာမှာ နီရဲသွားခဲ့ပြီး ခြောက်ကပ်စွာ ပြုံးလိုက်မိသည်။

ရွှီဖန်းသည် သူ့ပါးစပ်ကို တင်းတင်းစေ့ထားကာ ဘာမှ မပြောခဲ့ပေ။

ရွှီဖန်းကို လိုက်ပို့ပြီးနောက် လင်းရှောင်ရှောင်းသည် ကားထဲတွင် ထိုင်နေရင်း လေဆိပ်ထဲသို့ ဝင်သွားသော ရွှီဖန်း၏ ကျောပြင်ကို ကြည့်နေခဲ့သည်။ သူမ ဘာတွေးနေမှန်း မသိနိုင်သလို တစ်ခါတစ်လေမှာ သူမ၏နှုတ်ခမ်းထောင့်စွန်းများက ပြုံးနေခဲ့သည်။

ရွှီဖန်း ချန်ဟိုင်းကို ပြန်ရောက်တော့ ညသန်းခေါင်ကျော်နေပြီ ဖြစ်သည်။ သူ အချိန်ကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်မိသည်။ ဝမ်ကျုံးကျန့် ထွက်သွားပြီဟု သူ ထင်ခဲ့သည်။

"ရှင် ရောက်ပြီလား" 

ဖုန်းခေါ်ဆိုမှုချိတ်ဆက်သွားပြီးနောက် ရှယန်ယွိဆီမှ စိုးရိမ်တကြီး အသံ ထွက်ပေါ်လာသည်။

"အင်း အခုပဲ လေယာဉ်ပေါ်က ဆင်းလာတာ"

"အခြေစိုက်ရုံးကို မြန်မြန်လာခဲ့ တစ်ခုခုဖြစ်နေပြီ"

ရှယန်ယွိက တစ်ဖက်ကနေ စကားပြောနေသည်။သို့သော် အနောက်ရှိအသံများက အလွန် ဆူညံနေသည်။

ရှယန်ယွိ ဘာမှ ဆက်မပြောတော့တာကို မြင်တော့ ရွှီဖန်း ဖုန်းချလိုက်သည်။ သူ့နှလုံးသားက တင်းကြပ်လာကာ သူ့ခြေလှမ်းများကလည်း မြန်ဆန်လာသည်။

"ငါ့ရှယ်ယာတွေကို ပြန်ပေး! ငါ့လစာတွေကို ပြန်ပေး! ယုတ်မာတဲ့ဥက္ကဌကို ဖမ်းဆီး!"

လက်ရှိအချိန်သည် မနက်စောစောဖြစ်နေသော်ငြား ချန်ဟိုင်းစားနပ်ရိက္ခာအခြေစိုက်ရုံးတွင်တော့ လူများပြည့်ကျပ်နေလေသည်။ အနားတွင်လည်း ရဲကား ၂၀၊ ၃၀ လောက်တောင် ရှိနေသေးသည်။

"ဘာတွေလဲ ဘာတွေဖြစ်နေတာလဲဟ"

အခုမှ ပြန်ရောက်လာသည့် ရွှီဖန်းကတော့ ပိတ်ဆို့ခံထားသည့်နယ်မြေအပြင်ဘက်မှာ ရဲများတားဆီးခြင်းကို ခံခဲ့ရသည်။

"ဒီမှာ ဘာမှကြည့်စရာမရှိဘူး၊ ပြဿနာလာမရှာနဲ့...အခု ထွက်သွား!"

ရဲတစ်ယောက်က စိတ်မရှည်စွာဖြင့် ရွှီဖန်းကို ဖရဲသီးစားချင်သူတစ်ယောက်အလား သဘောထားကာ ပြောလာသည်။

(Translator Jue - ဖရဲသီးစားသုံးသူဆိုတာက ပွဲတစ်ခုခုထဖြစ်ရင် စပ်စုတဲ့လူတွေကို ဗန်းစကားသုံးထားတာပါ)

ရွှီဖန်းကတော့ ထိုစကားကို ကြားကာ မျက်ခုံးပင့်

လိုက်မိသည်။ သို့သော် ဘာမှမရှင်းပြနေဘဲ လူအုပ်ကြီးထဲကနေ ထွက်သွားကာ ရှယန်ယွိဆီ ဖုန်းခေါ်လိုက်သည်။

"ဟေး ရှင် ဒီကို ရောက်နေပြီလား...မြန်မြန်လာခဲ့တော့၊ ဒါတွေအားလုံး ဝမ်ကျုံးကျန့်ရဲ့လက်ချက်ပဲ၊ ရှင် မဖြေရှင်းထားရင် ပြဿနာကြီးကြီး ဖြစ်သွားလိမ့်မယ်" 

ရှယန်ယွိ၏အသံက အလွန်စိုးရိမ်နေသည့်ပုံပင်။ ရွှီဖန်းသည် လူအများကြွေးကြော်နေသည့်ဆူညံသံများနှင့် ရဲများ၏တားမြစ်သံများ၊ သတိပေးသံများကို ကြားနေရသည်။

"ငါက ဒီအခြေစိုက်ရုံးရဲ့သူဌေးပါ" 

ရွှီဖန်းသည် ထပ်မစောင့်နိုင်တော့ပေ။ သူ ရှယန်ယွိကို အန္တရာယ်မဖြစ်စေချင်ပေ။ သူ တွန့်ဆုတ်မနေတော့ဘဲ သူ၏ရာထူးကို ပြောပြလိုက်သည်။

"မင်းက အခုမှ ဘယ်လိုရောက်လာတာလဲ...သွားလိုက်ဦး၊ အလုပ်သမားတွေကို အရင်ဆုံး စိတ်အေးဆေးထားခိုင်းလိုက်" 

ဘေးနားမှာရှိနေသည့် ရဲတစ်ယောက်က ဦးစွာ ရွှီဖန်းကို မှင်သက်စွာ ကြည့်လာလေသည်။ ပြီးမှသာ ရွှီဖန်းကို ဝင်သွားရန်အချက်ပြပြီး ပိတ်ဆို့ထားသောနယ်မြေကို အမြန်ချပေးလိုက်သည်။

"ဒီလောက်တောင် ဆိုးရွားနေတာလား" 

ရွှီဖန်းသည် ဤရဲများ၏အမူအရာကိုကြည့်ကာ ဖြစ်နေသောကိစ္စသည် သာမန်ကိစ္စမဟုတ်မှန်း သိလိုက်ရသည်။

"လမ်းဖယ် လမ်းဖယ်" 

စက်ရုံ၏ဝင်ပေါက်က လူများဖြင့် ပြည့်နေတာကို သူ မြင်နေရသည်။ အခြေစိုက်ရုံး၌ ဝန်ထမ်းက သုံးလေးထောင်လောက် ရှိပေသည်။ သူတို့အားလုံး ဒီကို ရောက်နေပုံရသည်။ ရှယန်ယွိကလည်း ထိုအချိန် လူအုပ်ကြားထဲ၌ မတ်တပ်ရပ်နေသည်။ သူမက အသက်ခြောက်ဆယ်လောက်ရှိသည့် ဆံပင်ကျဲတဲတဲအမျိုးသားတစ်ယောက်နှင့် ငြင်းခုံနေသည်။ ထိုလူက အလွန်ကိုကြမ်းတမ်းပုံရပြီး ဘေးကလူတွေက ဆွဲထားရသည်။ မဟုတ်လျှင် ရန်ပွဲအကြီးကြီးဖြစ်သွားနိုင်ပေသည်။

ထိုမြင်ကွင်းကို မြင်တော့ ရွှီဖန်း၏မျက်နှာမှာ အုံ့မှိုင်းသွားရသည်။ သူ့မိန်းမကို လာထိခြင်းက ရွှီဖန်း၏ သည်းခံနိုင်စွမ်းကို ကျော်လွန်သွားပြီဖြစ်သည်။

"ဖယ်ကြ ဖယ်ကြစမ်း" 

ရွှီဖန်းသည် ဘာမှငဲ့မနေတော့ဘဲ လူအုပ်ကြားထဲကနေ လမ်းတစ်ခုကို ဖောက်ထွက်လိုက်သည်။ ရွှီဖန်း၏တိုးဝှေ့မှုကြောင့် ဘေးနားကလူတွေ လဲကျကုန်လေသည်။

"အဲ့ဒီလူက ဘယ်သူလဲ" 

အမြင့်တစ်နေရာကနေ ရပ်ကြည့်နေသော အမည်မသိသက်လတ်ပိုင်းအမျိုးသားတစ်ဦးသည် လူအုပ်ကြီးထဲမှ ရွှီဖန်းကို ကြည့်၍ မကျေနပ်သော လေသံဖြင့်မေးလာသည်။

"အဲ့ဒီလူက ဒီကုမ္ပဏီရဲ့လက်ရှိသူဌေးနဲ့တူတယ်"

"တူတယ်? တိတိကျကျပြောစမ်း!"

သက်လတ်ပိုင်းအရွယ်အမျိုးသားက ပြန်ဖြေလာသည့်လူကို လှည့်ကြည့်လိုက်သည်။

ထိုလူမှာ လန့်သွားခဲ့ပြီး ခေါင်းကို အမြန်ငုံ့လိုက်သည်။ သူ ချက်ချင်း စကားမပြောနိုင်ခဲ့ဘဲ အကြာကြီး ကြိုးစားပြီးမှသာ စကားတစ်ခွန်းထွက်လာလေသည်။

"မတူပါဘူး...သူက ဒီကုမ္ပဏီရဲ့ သူဌေးပါ၊ ဒီကုမ္ပဏီရဲ့ သူဌေးပါ" 

ထို့နောက် သက်လတ်ပိုင်းအရွယ်အမျိုးသားက အရှေ့ကိုပြန်လှည့်သွားပြီး ဤကိစ္စများအားလုံးကို ဆက်၍ကြည့်နေခဲ့သည်။

နောက်ဆုံးတော့ ရွှီဖန်းသည် ရှယန်ယွိ၏အနားကို ရောက်လာလေပြီ။

"ဘာဖြစ်နေတာလဲ" 

ရှယန်ယွိက လူအုပ်ကြားထဲမှာ ရပ်နေခဲ့ခြင်းဖြစ်သည်။ မီးရောင်အောက်၌ ရွှီဖန်းခေါင်းပေါ်ရှိ အပူများကို မြင်

နိုင်ပေသည်။ သူ၏နှာခေါင်းပေါ်၌ ချွေးစက်

ကြည်လေးတွေ အများကြီးရှိနေပြီး လူအုပ်ထဲမှ ထွက်လာပြီးတာကြောင့် ရင်ဘတ်ကို ညင်သာစွာဖိကာ အသက်ရှူနေရသည်။ ရွှီဖန်း၏မျက်နှာမှာ အုံ့မှိုင်းနေပြီး ချွေးများမှာ ရေကဲ့သို့ ညှစ်ထုတ်လို့တောင် ရပေသည်။ 

ရှယန်ယွိတစ်ယောက် အလွန်ဒေါသထွက်နေတာ ထသိသာပေသည်။ ရွှီဖန်းရောက်လာတာကို မြင်တော့ သူမ ရွှီဖန်း၏လက်မောင်းကို ဆုပ်ကိုင်လိုက်ကာ သူမ၏မျက်လုံးများကတော့ နီရဲနေခဲ့သည်။

ရွှီဖန်းသည် ရှယန်ယွီ၏အရှေ့မှာရပ်နေပြီး သူမ၏လက်ဖမိုးကို ညင်သာစွာပုတ်ကာ သူမကို စိတ်လျှော့ရန် အချက်ပြလိုက်သည်။

"မင်းက ရွှီဖန်းလား" 

သူတို့အရှေ့မှ အမျိုးသားက ရွှီဖန်းကို ကြည့်ပြီး လက်ပိုက်ထားသည်။

"ခင်ဗျားက ဝမ်ကျုံးကျန့်လား" 

ရွှီဖန်းသည် ထိုအမျိုးသားအား အုံ့မှိုင်း၍ ပြတ်သားသော မျက်လုံးများဖြင့်ကြည့်လိုက်သည်။

ဝမ်ကျုံးကျန့်၏ မျက်လုံးများက မှေးကျဉ်းသွားသည်။

"ငါပဲ" 

"ဒါက ဘာတွေဖြစ်နေတာလဲဆိုတာ ရှင်းပြနိုင်မလား"

ရွှီဖန်း၏လေသံက အေးစက်နေသည် ။ သူ ဝန်ထမ်းများကို တစ်ချက်ကြည့်ကာ ဝမ်ကျုံးကျန့်ကို မေးလိုက်သည်။

"ဟမ့်!"

ဝမ်ကျုံးကျန့်က ဒါကိုကြားတော့ လှောင်ပြောင်သလိုမျိုး ရယ်မောလာသည်။ 

"မင်း မမြင်ဘူးလား...မင်းလို့ယုတ်မာတဲ့သူဌေးက ငါတို့ ဝန်ထမ်းတွေကို လွယ်လွယ်ကူကူနဲ့ အနိုင်ကျင့်လို့ရမယ်လို့ တကယ်ထင်နေတာလား" 

"ဘာ သူက သူဌေးလား! သေချာပြီ...သူ့ကို သတ်

စမ်း!"

ဝမ်ကျုံးကျန့်၏စကားကိုကြားတော့ ဘေးက ဝန်ထမ်းများသည် ဒေါသထွက်သွားကြပြီး ရွှီဖန်းဆီကို ပြေးလာရန် တစ်ယောက်ပြီးတစ်ယောက် ထရပ်လာကြသည်။ ရဲတွေကသာ ဒိုင်းများဖြင့် ဝိုင်းမပိတ်ထားဘူးဆိုလျှင် ရန်ပွဲကြီးဖြစ်သွားလောက်လေပြီ။

ထိုမြင်ကွင်းကိုမြင်တော့ ရွှီဖန်း တည်ငြိမ်သွားသည်။ ပြည်သူ့ဒေါသ၏ထိပ်ဆုံးနေရာ၌ သူရှိနေတာ ထင်ရှားလှသည်။ ထို့အပြင် ဒီလောက်များသည့်ရဲတွေရှိနေတာကြောင့် သူ့အတွက် အကြမ်းဖက်မှုဖြင့် ပြဿနာများကို ဖြေရှင်း၍ မရနိုင်ပေ။

"ဘာကိစ္စလဲ" 

ရွှီဖန်းသည် တစ်ဖက်ကိုလှည့်ပြီး ရှယန်ယွိကို မေးလိုက်သည်။

"သူတို့က ရှင် ကုမ္ပဏီပိုက်ဆံတွေကိုယူပြီး ထွက်ပြေးတယ်လို့ စွပ်စွဲနေကြတယ်၊ ချန်ဟိုင်းစားနပ်ရိက္ခာအခြေစိုက်ရုံးရဲ့ဝန်ထမ်းတွေက လစာမရတာ နှစ်လရှိပြီတဲ့"

"ရှယ်ယာတွေကရော ဘာဖြစ်တာလဲ"

"ကျွန်မတို့ လိမ်လည်ခံရမှန်း ဒီနေ့မှ ကျွန်မလည်း သိခဲ့ရတယ်၊ ချန်ဟိုင်းစားနပ်ရိက္ခာအခြေစိုက်ရုံးမှာရှိတဲ့ ဝန်ထမ်းတွေကလည်း တကယ်တော့ ရှယ်ယာတွေ ကိုင်ဆောင်ထားကြတယ်၊ ဆိုလိုတာက ကျွန်မတို့ လျိုကျင်းနဲ့ လက်မှတ်ရေးထိုးခဲ့တဲ့ ရှယ်ယာစာချုပ်က သူ့ရှယ်ယာတွေအပေါ်မှာပဲ အကျိုးသက်ရောက်မှုရှိတယ်"

ရှယန်ယွိ၏ရှင်းပြမှုကိုကြားပြီးနောက် ရွှီဖန်းသည်အခြေအနေကို သေသေချာချာခွဲခြမ်းစိတ်ဖြာကြည့်သည်။ ဒါက တကယ်ကို ခေါင်းခဲစရာပင်။

"ဒီနေ့ သွေးထွက်သံယိုဖြစ်ရင် ခင်ဗျားက သူဌေးအနေနဲ့ ထောင်ထဲသွားရလိမ့်မယ်၊ ဘယ်လိုဖြေရှင်းရမလဲဆိုတာ စဉ်းစားလို့မရဘူးလား" 

ထိုအချိန်မှာ ရဲတစ်ယောက်က ဝန်ထမ်းတွေဆီကနေ 

မျက်နှာလွှဲပြီး ရွှီဖန်းကို စိုးရိမ်တကြီး လှည့်ကြည့်

လာသည်။

"မင်း လုပ်တာလား" 

ရွှီဖန်းသည် ရဲကို မတုံ့ပြန်ခဲ့ဘဲ ဝမ်ကျုံးကျန့်ကို စိုက်ကြည့်ကာ မေးလိုက်သည်။

ဝမ်ကျုံးကျန့်၏မျက်လုံးများ လင်းလက်သွားခဲ့သည်။ သူဘက်မှ ဟုတ်တယ်ဟု မပြောသော်ငြား ရွှီဖန်း၏ စိတ်ထဲမှာတော့ အတည်ပြုလိုက်ပြီဖြစ်သည်။

"မင်း ဘာလိုချင်လဲ ပြော" 

ရွှီဖန်းကလည်း အဓိပ္ပာယ်မရှိတာတွေ မပြောတော့ပေ။အခြေအနေက တကယ်ကို အရေးတကြီး ဖြစ်

နေသည်။ ယခင်ကအတိုင်းသာဆိုလျှင် ရွှီဖန်းသည် ဝမ်ကျုံးကျန့်ကို တိုက်ရိုက်သတ်ပစ်မှာပင်။ အခုတော့ သူ၏ရည်ရွယ်ချက်က ဘာလဲဆိုတာကို ရှာဖွေရန် ရွှီဖန်း စီစဉ်ထားသည်။

ဝမ်ကျုံးကျန့်သည် ဒါကိုကြားတော့ သူ့မျက်နှာက လေးနက်သွားလေသည်။

"ငါလိုချင်တာက ဝန်ထမ်းတွေရဲ့အခွင့်အရေးနဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့ပဲ" 

******************

All Chapters