အခန်း (၂၄၇၆-၂၄၇၈)
Vol. 102 Ch. 2476-2478
အပိုင်း (၂၄၇၆)
ချီကွေ့က လူဝကြီးအား ပြန်ပြောလိုက်လေ၏။ “ဒီဘက်မှာ ပုံမှန်မဟုတ်ဘဲ ထူးခြားနေလို့ လာစစ်ဆေးကြည့်တာ…”
လူဝကြီးကလည်း ပြန်ပြောလိုက်လေသည်။ “ငါတို့လည်း အတူတူပဲ…”
ချီကွေ့ ကြောင်သွားခဲ့လေ၏။ ထို့နောက် အနက်ရောင်ချီဖြင့် လွှမ်းခြုံနေသော ဧကရာဇ်အဆင့် ပညာရှင်အား ကြည့်လျက် မေးလိုက်လေသည်။ “အခုလိုဖြစ်အောင် မင်းလုပ်တာလား ယောင်စီ…”
ယောင်စီဟုခေါ်သော ဧကရာဇ်အဆင့် ပညာရှင်က အေးစက်စက်လေသံဖြင့် နှာခေါင်းရှုံ့လျက် ပြန်ပြောလိုက်လေသည်။ “ငါလုပ်တာလို့ မင်း ဘာဖြစ်လို့ ထင်တာလဲ…”
“ဒီအတိုင်း ခန့်မှန်းကြည့်ရုံသက်သက်ပဲ…” ချီကွေ့က ပြန်ပြောလေ၏။
လူထွားကြီးက ဝင်ပြောလိုက်လေသည်။ “ရောင်းရင်းယောင်စီလုပ်တာ မဟုတ်လောက်ဘူး… အမြုတေပင်လယ်ထဲမှာရှိတဲ့ အမြုတေစွမ်းအားတွေက ဒီဘက်ကို စီးဝင်လာနေတာ… ပြဿနာက ဒီကျွန်းပဲ…”
ထိုစကား ထွက်လာသည်နှင့်တစ်ပြိုင်နက် အကြည့်ငါးစုံသည် ရန်ကိုင့်ဆီသို့ စုပြုံရောက်ရှိလာကြလေသည်။
“မင်းတို့ ဘာလို့ ငါ့ကို ကြည့်နေကြတာလဲ… မင်းတို့ ဘာတွေပြောလို့ ပြောနေမှန်းတောင် ငါသိတာမဟုတ်ဘူး… အခု ဘာတွေဖြစ်နေတာလဲ… မင်းတို့ ကိုယ့်နေရာမှာကိုယ်နေပြီး အမြုတေစွမ်းအားကို သွားစုပ်မယူဘဲ ဘာလို့ ဒီမှာလာ စုပြုံနေကြတာလဲ…” ရန်ကိုင့်မျက်နှာ သုန်မှုန်နေခဲ့လေသည်။
လူထွားကြီးက မျက်မှောင်ကြုတ်လျက် ပြန်ပြောလိုက်လေ၏။ “လွန်ခဲ့တဲ့လဝက်အတွင်း အမြုတေပင်လယ်ထဲမှာရှိတဲ့ အမြုတေစွမ်းအားက အကြီးအကျယ်ကို လျော့ကျသွားတယ်… အဲ့အမြုတေစွမ်းအင်တွေအကုန်လုံးက ဒီနေရာကို စီးဝင်လာနေတာဆိုတော့… ငါတို့ ဘာဖြစ်လို့ ဒီကိုရောက်နေတယ်လို့ မင်းထင်လဲ…”
ရန်ကိုင် မျက်လုံးပြူးသွားခဲ့ပြီး အထိတ်တလန့်အမူအယာဖြင့် ပြန်၍ မေးလိုက်လေသည်။ “တကယ်ကြီးလား… ဘယ်လိုလုပ်ပြီး အဲ့လိုဖြစ်ရတာလဲ…”
ရန်ကိုင့်ပုံစံမှာ တကယ် အံ့အားသင့်နေသည့် ပုံစံမျိုး ပေါက်နေခဲ့လေသည်။ အမြုတေစွမ်းအား လျော့ကျသွားခြင်းမှာ အလွန်ကိုမှ သိသာလွန်းလှသည်။ တာအိုသခင်တတိယအဆင့်သို့ ရောက်နေသော ရန်ကိုင်မဆိုထားနှင့် ရန်ကိုင်လောက် ကျင့်ကြံခြင်းအဆင့် မြင့်မားခြင်းမရှိသည့် လူများပင်လျှင် ထိုအချက်ကို အာရုံခံနိုင်လေရာ ရန်ကိုင် သတိမပြုမိသည်မှာတော့ အလွန်ကိုမှ သံသယဝင်စရာ ကောင်းလှသည်။ သို့ရာတွင် ရန်ကိုင်ပုံစံကို ကြည့်ရသည်မှာ လုံးဝ လိမ်နေသည့်ပုံမပေါက်။ သူ့မျက်လုံးများမှာ ထိုအကြောင်းအရာကို သိထားခြင်း လုံးဝမရှိသည့်အလား ကြည်လင်ပြတ်သား တောက်ပနေခဲ့လေသည်။ ထို့အတွက်ကြောင့် ရန်ကိုင့်အနားတွင် စုပြုံနေသော လူငါးဦးမှာ သူတို့များ လူများစွပ်စွဲမိလေသလားဟု ကိုယ်ကိုယ်ကို မယုံသင်္ကာ ဖြစ်လာကြတော့လေသည်။
ထူးဆန်းစွာပင် သူတို့ ဤနေရာသို့ ရောက်လာသည်နှင့် စီးဆင်းနေသည့် အမြုတေစွမ်းအားများမှာ ရုတ်တရက် ရပ်တန့်သွားခဲ့လေသည်။
“ဒါ မင်းနဲ့ ဘာမှမဆိုင်ဘူးလား…” ချီကွေ့ မျက်မှောင်ကြုတ်နေခဲ့လေသည်။
“ငါက တာအိုသခင်အဆင့်ပဲ ရှိသေးတာလေ… မင်းတို့အကြည့်အောက်မှာ ငါက ဘယ်လိုလုပ်ပြီး အဲ့လိုမျိုး လုပ်နိုင်မှာလဲ… အမြုတေစွမ်းအား လျော့သွားတာ အခြားတစ်ခုကြောင့်ပဲ ဖြစ်လိမ့်မယ်… ငါနဲ့ ဘာမှမဆိုင်ဘူး… တကယ်ဖြစ်မယ့်ဖြစ် မင်းတို့ထဲကတစ်ယောက်ပဲ အဲ့လိုဖြစ်အောင်လုပ်နိုင်တာ… အဲ့တာကို ငါ့ကိုများ လာအပြစ်တင်နေသေးတယ်… မင်းတို့တွေ တကယ်အရှက်မရှိကြတာပဲ… ယောက်ျားမှန်တယ်ဆိုရင် လုပ်တဲ့ကောင် ထွက်လာပြီး ဝန်ခံလိုက်… တခြားသူတွေကို လိုက်ပြီး အပြစ်တင်မနေနဲ့…” ရန်ကိုင်က ပြန်ပြောလိုက်လေသည်။
ရန်ကိုင်ပုံစံမှာ လုံးဝ လိမ်နေသည့်ပုံစံ မပေါက်သလို ရန်ကိုင် ပြောသွားသည့် စကားများမှာလည်း ယုတ္တိရှိသည့် အတွက်ကြောင့် ဧကရာဇ်အဆင့် ပညာရှင်များ၏ စိတ်ထဲ ပို၍ မယုံသင်္ကာ ဖြစ်လာကြလေသည်။ အမြုတေစွမ်းအား လျော့ကျလာခြင်း၏ ပြဿနာမှာ ဤကျွန်းပေါ်တွင် အခြေတည်နေသော်ငြား ရန်ကိုင်ပြောသည်မှာလည်း မမှားချေ။ တာအိုသခင်အဆင့်သာ ရှိသေးသော သူ့ကဲ့သို့ ကျင့်ကြံသူတစ်ဦးသည် ဤကဲ့သို့ဖြစ်အောင် မည်ကဲ့သို့များ လုပ်နိုင်ပါမည်နည်း။
လူထွားကြီးက တွေးတွေးဆဆဖြင့် ပြန်ပြောလိုက်လေသည်။ “အမြုတေစွမ်းအား လျော့ကျတဲ့နှုန်းက လွန်ခဲ့တဲ့ လဝက်လောက်က စဖြစ်တာ… အစပိုင်းကတော့ သိပ်မသိသာသေးဘူး… ဒါပေမဲ့ ဒီကောင်ရောက်လာပြီးတဲ့နောက်ပိုင်း အရမ်း သိသာလာတယ်...”
ထိုစကားကိုကြားသော် ကျန်လေးဦးသည် မယုံသင်္ကာမျက်နှာထားဖြင့် ရန်ကိုင့်အား ပြန်ကြည့်လာကြလေသည်။
ရန်ကိုင်ရောက်လာသည့်အချိန်နှင့် အမြုတေစွမ်းအား အလွန်လျင်မြန်သည့်နှုန်းဖြင့် လျော့ကျလာသည့်အချိန်မှာ အလွန်ကိုမှ တိုက်ဆိုင်လွန်းနေသည်။
“ဟေ့ကောင်… မင်း စားချင်တာစားလို့ရတယ် ပြောချင်တာတော့ လျှောက်မပြောနဲ့ကွ…” ရန်ကိုင်က ထိုလူအား ကြည့်လျက် “ဒီရောင်းရင်း မဟုတ်တရုတ်တွေ ထပ်ပြောနေမယ်ဆိုလို့ရှိရင် ငါ ယဉ်ကျေးနေတော့မှာ မဟုတ်ဘူးနော်…”
“မင်းက ငါ့ကို မယဉ်ကျေးတော့ဘူး ဟုတ်လား…” လူထွားကြီး မျက်လုံးပြူးသွားခဲ့လေသည်။ ထို့နောက် လောကကြီးတွင် အရယ်ရဆုံးသော ပြက်လုံးတစ်ခုကို ကြားလိုက်ရသည့်အလား ပြုံးဖြီးလျက် “မင်း ငါ့ကို ဘယ်လိုမယဉ်ကျေးမှာလဲ… ငါသိချင်လာပြီကွာ…”
သူသည် ဧကရာဇ်အဆင့် ပညာရှင်တစ်ဦး ဖြစ်လေသည်။ ရန်ကိုင်သည် သူ့တိုက်ကွက်ကို ဒဏ်ရာမရဘဲ ခုခံလိုက်ပါသော်ငြား ရန်ကိုင်သည် သူ့ပြိုင်ဘက် ဖြစ်နိုင်လိမ့်မည်ဟုတော့ မထင်ချေ။
တကယ်သာ သူသေကိုယ်သေ တိုက်ခိုက်မည်ဆိုပါက ရန်ကိုင့်အား တိုက်ကွက်သုံးကွက်အတွင်း အနိုင်ယူနိုင်လိမ့်မည်ဟု လူထွားကြီး ယုံကြည်နေခဲ့လေသည်။
“တော်လောက်ပြီ… ပြဿနာက ဒီကမဟုတ်ဘူးဆိုရင် အမြုတေပင်လယ်နဲ့ ပတ်သက်ပြီး တစ်ခုခု ဖြစ်နေလို့ပဲ ဖြစ်ရလိမ့်မယ်…” အကြောင်းအရင်းတစ်ခုကြောင့် ဝူချန်းသည် ရန်ကိုင့်ဘက်မှ ကာပြောပေးလိုက်လေသည်။
ရန်ကိုင်သည် ဝူချန်းအား မယုံကြည်နိုင်သည့်ပုံစံဖြင့် လှမ်းကြည့်လိုက်လေ၏။ သို့သော်ငြား ဝူချန်းကမူ ဂရုမစိုက်ဘဲ ဆက်၍သာ ပြောလိုက်လေသည်။ “သက်သေမရှိဘဲ ဒီမှာ အချိန်ကုန်ခံနေမဲ့အစား မင်းတို့ဘာသာမင်းတို့ ပြန်သွားပြီးတော့ဘဲ အမြုတေစွမ်းအားကို စုပ်ယူနေကြပါလား… အမြုတေစွမ်းအားတွေ လျော့ကျသွားတာမှန်ပေမဲ့ လုံးဝ ပျောက်ကွယ်သွားသေးတာ မဟုတ်ဘူး… ငါတို့အကုန်လုံး စုပ်ယူဖို့ လုံလောက်သေးတယ်…”
လူဝကြီးက ခေါင်းညိတ်လိုက်သည်။ “ဟုတ်တယ်… မင်းပြောတာအမှန်ပဲ…”
လူထွားကြီးနှင့် ချီကွေ့တို့မှာလည်း မကန့်ကွက်ပါသော်ငြား မဟာဧကရာဇ်တစ်ပါး၏ သားဖြစ်သော ယောင်စီကမူ ဝင်၍ ကန့်ကွက်လိုက်လေသည်။ “ကောင်လေး… အမြုတေပင်လယ်ပြောင်းလဲသွားတာ မင်းနဲ့ ဆိုင်ဆိုင် မဆိုင်ဆိုင် မင်း ဒီကနေ အခုချက်ချင်း ထွက်သွားလိုက်… ဒါက ဧကရာဇ်အဆင့်တွေရဲ့ နေရာပဲ… မင်းခွန်အားနဲ့ ဒီမှာနေဖို့ မထိုက်တန်ဘူး…”
ရန်ကိုင်က ယောင်စီဆိုသည့်လူအား ပြန်စိုက်ကြည့်လျက် လှောင်ပြောင်ပြောဆိုလိုက်လေသည်။ “ငါ ဒီမှာနေဖို့ ထိုက်တန်တယ် မထိုက်တန်ဘူးပြောရအောင် မင်းက ဘာကောင်မို့လို့လဲ…”
ယောင်စီထွက်သွားစေချင်သည့်အတိုင်း ရန်ကိုင်ကတော့ ထွက်သွားလိမ့်မည် မဟုတ်ပေ။ အမြုတေပင်လယ်ထဲမှ အမြုတေစွမ်းအားများစွာကို ရန်ကိုင်မှ စုပ်ယူပြီးသွားခဲ့ပြီ ဖြစ်သော်ငြား အမြုတေပင်လယ်ထဲတွင် အမြုတေစွမ်းအား အများကြီး ကျန်နေပေသေးသည်။ ကမ္ဘာငယ်လေးထဲရှိ လောကနိယာမများမှာ ပြည့်စုံခြင်းမရှိသေးချေ။ ကျောက်တုံးကိုယ်ပွားမှာလည်း ဧကရာဇ်အဆင့်သို့ တက်ရောက်မည့် အရိပ်အယောင်မပြသေး။ ထို့အပြင် သူကိုယ်တိုင်သည်လည်း ဧကရာဇ်အဆင့်သို့ ရောက်မည့် အရိပ်အယောင် မပြသေးချေ။ ထိုကဲ့သို့ ဖြစ်နေလျက်ပင် ဤနေရာမှထွက်သွားမည်ဆိုပါက သူ့အတွက် အရှုံးကြီးရှုံးသွားရပေလိမ့်မည်။
ယောင်စီက မျက်လုံးမှေးစင်းလျက် အေးစက်စက်အမူအယာဖြင့် ပြန်ပြောလိုက်လေသည်။ “ထွက်သွားရင်သွား… မသွားရင် အသေပဲ… ငါမင်းကို ရွေးချယ်ဖို့ အသက်သုံးရှိုက်စာ အချိန်ပေးမယ်…”
“ပေးမနေနဲ့... မကျေနပ်ရင် လာတိုက်ခိုက်လိုက်…” ရန်ကိုင်ကမူ ဂရုစိုက်မနေခဲ့ပေ။
ရန်ကိုင့်၏ပုံစံကိုကြည့်ရင်း အကုန်လုံးမှာ အံ့အားသင့်တကြီး ဖြစ်သွားခဲ့လေသည်။
ရန်ကိုင်သည်သာ ဧကရာဇ်အဆင့် ပညာရှင်တစ်ဦး ဖြစ်နေလျှင်တော့ ဤကဲ့သို့လုပ်သည်မှာ ကိစ္စမရှိသော်ငြား သူသည် တာအိုသခင် တတိယအဆင့်သာ ရှိပေသေးသည်။ ဘာကြောင့်များ ယောင်စီနှင့် ရင်ဆိုင်နေရသည့်တိုင် သူ့ခွန်အားအပေါ် အလွန်ကိုမှ ယုံကြည်နေရလေသနည်း။ ယောင်စီသည် မဟာဧကရာဇ်တစ်ပါး၏ သားပင် ဖြစ်လေသည်။
ယောင်စီသည် အရှေ့ဘက်နယ်မြေတွင် ရှိနေသော ရှုယဉ်သာမဟာဧကရာဇ်၏ မျိုးဆက်တစ်ဦးဖြစ်သည်။
ထို့အတွက်ကြောင့်ပင်လျှင် ဤနေရာတွင် ရှိနေသည့် ဧကရာဇ်အဆင့် ပညာရှင်အားလုံး ယောင်စီအား ကြောက်ရွံ့ကြပြီး သူ့အား မျက်နှာသာပေးကြလေသည်။ မည်သူမှ ယောင်စီရှေ့တွင် အလွန်ကိုမှ ကြောက်ရွံ့နေသည့်ပုံ လုပ်မပြနေခဲ့သော်ငြား ရန်ကိုင်ကဲ့သို့မူ ယောင်စီအား ရိုင်းရိုင်းစိုင်းစိုင်း မပြောရဲကြပေ။
ရန်ကိုင်ကမူ ယောင်စီအား လူမြင်ကွင်းရှေ့တွင် ပွင့်ပွင့်လင်းလင်း စိန်ခေါ်ခဲ့လေသည်။
သူ့ရှေ့တွင်ရှိနေသည့်ကောင်သည် ကိုယ့်ကိုယ်ကို အလွန်ကိုမှ အထင်ကြီးနေသည့် အရူးတစ်ယောက်မှန်း လူထွားကြီး နားလည်သွားတော့သည်။ ယခုတစ်ကြိမ်တွင်တော့ ရန်ကိုင် သေရတော့မည်ဟု အထင်ရောက်လျက် ဖြည်းဖြည်းချင်း ခေါင်းတခါခါ လုပ်နေခဲ့လေသည်။ ရန်ကိုင် ရန်စလိုက်သည့်လူသာ သူဖြစ်နေသည်ဆိုပါက ရန်ကိုင်အနေဖြင့် အသက်ရှင်နိုင်လိမ့်မည် ဖြစ်သော်ငြား သူရန်စလိုက်သည့်လူမှာ ယောင်စီဖြစ်နေခဲ့လေသည်။
ဝူချန်း၏ အမူအယာမှာလည်း မဆိုစလောက်ကလေး ပြောင်းလဲသွားခဲ့သော်ငြား ဘာမှဝင်မပြောခဲ့ချေ။ သူတို့နှစ်ဦးစလုံးသည် တောင်ဘက်နယ်မြေမှ ဖြစ်ကြသည့်အတွက်ကြောင့် ရန်ကိုင် ပြဿနာမတက်ရလေအောင် ရန်ကိုင်ဘက်မှ ဝင်ပြောပေးခဲ့လေသည်။ သူ့အနေဖြင့် တောင်ဘက်နယ်မြေထဲတွင် ရန်ကိုင်နှင့် စိတ်ကြိုက်ပြိုင်ဆိုင် တိုက်ခိုက်နိုင်ပေသည်။ ဤသည်မှာ တောင်ဘက်နယ်မြေ၏ အတွင်းရေး ပဋိပက္ခတစ်ခုသာ ဖြစ်လေ၏။ သို့သော်ငြား အခြား ပိုင်နက်သုံးခုမှ ပညာရှင်များနှင့် ရင်ဆိုင်နေရလျှင်တော့ ဝူချန်းအနေဖြင့် ရန်ကိုင့်ဘက်မှ ရပ်တည်ပေးရပေလိမ့်မည်။ သို့သော်ငြား ယခု ရန်ကိုင့်၏လုပ်ရပ်သည် အလွန်ကိုမှ မသင့်တော်တော့ချေ။ မဟာဧကရာဇ်တစ်ပါး၏ သားကို ဤကဲ့သို့ သွားရန်စလိုက်၍ သူ့အတွက်များ ဘာအကျိုးရှိမှာမို့လို့နည်း။
ရုတ်တရက်ဆိုသလို ပညာရှင်များကြားရှိ အခြေအနေမှာ တင်းမာခက်ထန်လာခဲ့လေသည်။ တစ်ချိန်တည်းတွင် အေးစက်စက်သတ်ဖြတ်လိုစိတ်မှာလည်း ပတ်ဝန်းကျင်အနှံ့ ပျံ့နှံ့လာခဲ့လေ၏။
ယောင်စီသည် အေးစက်စက်အကြည့်ဖြင့် ရန်ကိုင့်အား သေလူတစ်ယောက်ကို ကြည့်နေသည့်နှယ် စိုက်ကြည့်နေခဲ့လေသည်။ သို့သော်ငြား ရန်ကိုင့်သည် ကြောက်ရွံ့ခြင်းအရှင်းမရှိသည့် အမူအယာဖြင့် သူ့အား ပြန်၍ စိုက်ကြည့်နေကြောင်းကို အံ့အားသင့်ဖွယ် တွေ့ရှိလိုက်ရလေသည်။
ယောင်စီမျက်နှာ သုန်မှုန်သွားခဲ့ပြီး ရန်ကိုင့်အား တိုက်ခိုက်တော့မည့်အပြုတွင် အကုန်လုံး၏ ခေါင်းထက် အလင်းတန်းတစ်ခု ဖြတ်ပျံသန်းသွားခဲ့လေ၏။
အကုန်လုံးမှာ မျက်လုံးမှေးစင်းလျက် မည်သူကများ ဤကဲ့သို့ ရိုင်းစိုင်းရလေသလဲဟု တွေးကာ မော့ကြည့်လိုက်လေသည်။
အလင်းတန်းပျောက်ကွယ်သွားပြီးသည့်နောက် သက်လတ်ပိုင်းအရွယ် လူထွားကြီးတစ်ဦး ပေါ်လာခဲ့လေသည်။
လူထွားကြီးသည် သားကောင်တစ်ကောင်ကို တွေ့လိုက်ရသည့် နှစ်ပေါင်းမရေမတွက်နိုင်အောင် ဆာလောင်နေသော သားရဲကြီးတစ်ကောင်နှယ် အောက်ဘက်သို့ ဝမ်းသာအားရဖြင့် ငုံ့ကြည့်လိုက်လေသည်။ သို့သော်ငြား မြင်လိုက်ရသည့် မြင်ကွင်းကြောင့် သူ့တစ်ကိုယ်လုံး တုန်ရီသွားခဲ့ပြီး မျက်နှာမှာလည်း တောင့်တောင့်ကြီးဖြစ်သွားကာ တံတွေးတစ်လုတ် မျိုချလိုက်လေ၏။
အောက်ဘက်ရှိ လူခြောက်ဦးသည် သူ့အား စူးရဲစွာ စိုက်ကြည့်နေခဲ့လေသည်။ ထိုခြောက်ဦးအနက် ငါးဦးမှာ ဧကရာဇ်အဆင့် ပညာရှင်များ ဖြစ်ကြ၏။
အလွန်ကိုမှ စိတ်လှုပ်ရှားနေသဖြင့် အလောတကောဖြင့် ဤနေရာသို့ ပြေးလာခဲ့ပါသော်ငြား သူ့အား စောင့်ကြိုနေသည့်မြင်ကွင်းမှာ ဤကဲ့သို့ ဖြစ်နေလိမ့်မည်ဟု မထင်ထားခဲ့ပေ။ လူထွားကြီးမှာ ထိုမြင်ကွင်းကိုကြည့်ရင်း ကြောက်လွန်းသဖြင့် လှည့်ပြန်ပြေးချင်စိတ်များပင် ဖြစ်ပေါ်လာခဲ့လေသည်။
ဧကရာဇ်အဆင့် ပညာရှင်တစ်ယောက်လောက်ကို သူ့အနေဖြင့် မကြောက်ပါသော်ငြား ဤနေရာတွင် ရှိနေသည်မှာ ဧကရာဇ်အဆင့် ပညာရှင်ငါးဦး ဖြစ်နေခဲ့လေသည်။ တကယ်တမ်းသာ တိုက်ခိုက်ကြမည်ဆိုပါက သူ့အနေဖြင့် မည်သို့မှ ငါးယောက်တစ်ယောက် ယှဉ်တိုက်နိုင်လိမ့်မည် မဟုတ်ချေ။
“ဟမ်…” ရောက်လာသည့်လူကို မြင်ပြီးသည့်နောက် ရန်ကိုင် အံ့အားသင့်သွားခဲ့လေသည်။ ထို့နောက် သူ့မျက်နှာတစ်ပြင်လုံး ပြုံးရွှင်လာခဲ့လေ၏။
အံ့အားသင့်ဖွယ်ကောင်းစွာပင် ဤရောက်လာသည့်လူကို ရန်ကိုင် သိနေခဲ့လေသည်။ တကယ်တော့ ရန်ကိုင်သည် ကြယ်ပျက်ပင်လယ်ပိတ်သွားသည့်နောက် ဤလူကို သွားရှာရန်ပင် စဉ်းစားနေခြင်း ဖြစ်လေသည်။ သို့သော်ငြား သူကိုယ်တိုင် သွားရှာစရာပင် မလိုဘဲ ဤလူသည် သူ့ရှေ့သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ချလာခဲ့လေ၏။ ရောက်လာသည့်လူမှာ အခြားမဟုတ် ဝူမုန်ချွမ်သာ ဖြစ်လေသည်။
ကောင်းကင်ဝါးမျိုခြင်းမဟာဧကရာဇ်၏ မျိုးဆက်တစ်ဦးဖြစ်သော ငှက်မွေးပြာဂိုဏ်း၏ ဂိုဏ်းချုပ်သာ ဖြစ်လေသည်။
ဝူမုန်ချွမ်သည် ရန်ကိုင့်အား ကောင်းကင်ဝါးမျိုခြင်း တိုက်ပွဲဥပဒေသကျင့်စဉ်ကို ပေးကမ်းခဲ့ပေသည်။
ရန်ကိုင်သည် ထိုကျင့်စဉ်အား လုံးဝ မလေ့ကျင့်ခဲ့ပဲ သူ့ကျောက်တုံးကိုယ်ပွားကိုသာ လေ့ကျင့်စေခဲ့လေသည်။ ထိုကျင့်စဉ်၏ အကူအညီဖြင့် ကျောက်တုံးကိုယ်ပွား၏ ကျင့်ကြံခြင်းမှာ လျင်မြန်စွာ တိုးတက်လာခဲ့ရလေသည်။
သို့ရာတွင် ယခုအချိန်၌ ကျောက်တုံးကိုယ်ပွားသည် အဆင့်တစ်ဆို့သည့် အခြေအနေနှင့် ရင်ဆိုင်နေရလေသည်။ ထိုကဲ့သို့ဖြစ်ရခြင်းမှာ ကောင်းကင်ဝါးမျိုခြင်းကျင့်စဉ်သည် မပြီးပြည့်စုံသည့် အတွက်ကြောင့် ဖြစ်ဟန်တူ၏။
ရန်ကိုင် ဝူမုန်ချွမ်အား သွားရှာရန် စဉ်းစားထားရခြင်းမှာလည်း ကောင်းကင်ဝါးမျိုခြင်း တိုက်ပွဲဥပဒေသနှင့်ပတ်သက်၍ မေးမြန်းလိုသည့် အတွက်ကြောင့်သာ ဖြစ်ပေသည်။ ထို့အပြင် ဝူမုန်ချွမ်ဆီမှ ကျင့်စဉ်အပြည့်အစုံကို ထပ်မံတောင်းယူရပေလိမ့်မည်။ ထိုသို့သာမဟုတ်ပါက ကျောက်တုံးကိုယ်ပွားအနေဖြင့် နောက်တစ်ဆင့်သို့ ထပ်တက်နိုင်တော့လိမ့်မည် မဟုတ်ချေ။
ယခင်က ရန်ကိုင်သည် တန်ခိုးရှင်ဘုရင် တတိယအဆင့်သာ ရှိသည့်အတွက်ကြောင့် ဝူမုန်ချွမ်၏ပြိုင်ဘက် မဖြစ်နိုင်ခဲ့ပါသော်ငြား ယခုမူ သူ့ကျင့်ကြံခြင်းမှာ တာအိုသခင်တတိယအဆင့်သို့ ရောက်နေခဲ့လေပြီ။ ထို့ကြောင့် ဝူမုန်ချွမ်အား ထပ်မံ ကြောက်နေစရာ မလိုတော့ချေ။
နှစ်ယောက်စလုံးမှာ အတွေးကိုယ်စီနှင့် ဖြစ်နေကြသော်ငြား တစ်ဦးကိုတစ်ဦး ဤနေရာတွင် တွေ့လိုက်ရသည့် အတွက်ကြောင့် အလွန်ကိုမှ အံ့အားသင့်နေခဲ့ကြလေသည်။
“အို… ဘယ်သူရောက်လာတာပါလိမ့်…” ဝူမုန်ချွမ်း၏ ကျင့်ကြံခြင်းမှာ တာအိုသခင် တတိယအဆင့်သာ ဖြစ်နေကြောင်း တွေ့လိုက်ရပြီးသည့်နောက်တွင် လူထွားကြီးက အထင်အမြင်တသေးဖြင့် ပြောလိုက်လေသည်။
ရန်ကိုင့်အား တာအိုသခင်တတိယအဆင့်ပင် ဖြစ်လင့်ကစား ဤနေရာသို့ ဝင်ခွင့်ပေးရခြင်းမှာ ရန်ကိုင်သည် သူ့တိုက်ကွက်အား ဒဏ်ရာမရဘဲ ခုခံသွားနိုင်ခဲ့သည့် အတွက်ကြောင့်ပင် ဖြစ်သလို ရန်ကိုင်နှင့် တိုက်ခိုက်ရင်း အချိန်မဖြုန်းလိုသည့် အတွက်ကြောင့်လည်း ဖြစ်လာခဲ့လေသည်။
ယခုအချိန်တွင်မူ သူ့အနေဖြင့် အမြုတေစွမ်းအားကို ကောင်းကောင်းမစုပ်ယူနိုင်သေးချိန် နောက်ထပ် တာအိုသခင်တတိယအဆင့် ကျင့်ကြံသူတစ်ဦး ဧကရာဇ်အဆင့် ပညာရှင်များသာ ရှိနေသင့်သည့် ပိုင်နက်ထဲသို့ ကျူးကျော်ဝင်ရောက်လာခဲ့လေသည်။
“သေချင်နေတဲ့လူနဲ့တူတယ်…” ချီကွေ့က အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လိုက်လေသည်။
ထိုစကားကြောင့် ဝူမုန်ချွမ် အထိတ်ထိတ် အပျာပျာ ဖြစ်သွားခဲ့လေသည်။ ဤလူခြောက်ဦး ဤနေရာတွင် ဘာတွေများ လုပ်နေသလဲ ဆိုသည်ကို သူမသိပါသော်ငြား ဧကရာဇ်အဆင့် ပညာရှင်ငါးဦး၏ ရန်လိုသည့် အကြည့်မှာတော့ သိသာလွန်းလှပေသည်။ ထို့အတွက်ကြောင့် နဖူးထက်မှ ချွေးအေးများကို အလျင်စလို သုတ်လျက် ဝူမုန်ချွမ်က တောင်းပန်လိုက်လေသည်။ “တောင်းပန်ပါတယ် တောင်းပန်ပါတယ်… ကျုပ် ဒီနေရာကို မတော်တဆ မှားဝင်လာမိတာပါ… အခုချက်ချင်း ပြန်ထွက်သွားပေးပါမယ်… ကျေးဇူးပြုပြီး ဒေါသမထွက်ပါနဲ့…”
ထို့နောက် ရန်ကိုင်အား တစ်ချက် လှမ်းကြည့်လိုက်ပြီး ထူးဆန်းသည့် အမူအယာဖြင့် ပြန်ထွက်သွားရန် ပြင်လိုက်လေသည်။
ရန်ကိုင်ကို ဝူမုန်ချွမ် မှတ်မိပေသည်။ အရိုးအကျဉ်းထောင်ထဲတွင် ရှိစဉ်က ကောင်းကင်ဝါးမျိုခြင်း တိုက်ပွဲဥပဒေသကို ရန်ကိုင့်အား သင်ပေးခဲ့ခြင်းကိုလည်း မှတ်မိပေသည်။ သို့သော်ငြား သေချာအနီးကပ် စစ်ဆေးကြည့်ပြီးသည့်နောက်တွင် ရန်ကိုင့်၏ခန္ဓာကိုယ်၌ ကောင်းကင်ဝါးမျိုခြင်း တိုက်ပွဲဥဒေသအား ကျင့်ကြံထားသည့် မည်သည့်အရိပ်အယောင်ကိုမှ မတွေ့ရကြောင်း တွေ့လိုက်ရသဖြင့် ဝူမုန်ချွမ် အလွန်ကိုမှ ဇဝေဇဝါ ဖြစ်သွားခဲ့ရလေသည်။
မျိုးစေ့ အသက်ဝင်လာသည့်အတွက်ကြောင့် အလောတကောဖြင့် ဤနေရာသို့ ပြေးလာခဲ့ပါသော်ငြား ဤနေရာသို့ ရောက်လာပြီးသည့်နောက်တွင် အသက်ဝင်လာသည့် အရိပ်အယောင်မှာ လုံးဝ ပျောက်ကွယ်သွားခဲ့ပြီး ရန်ကိုင့်ကိုသာ လာတွေ့ရလေသည်။ ဘာတွေများ တကယ်ကြီး ဖြစ်ပျက်သွားခဲ့လေသနည်း။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၄၇၇)
“အစ်ကိုကြီး မသွားပါနဲ့ဦး… ရောက်လာမှတော့ ဘာဖြစ်လို့ ဒီလောက်လောလောနဲ့ ထွက်သွားဦးမှာလဲ…” ရန်ကိုင်က ဝူမုန်ချွမ်အားကြည့်၍ ရုတ်တရက် ကောက်အော်ပြောလိုက်လေသည်။
ရန်ကိုင့်စကားကြောင့် ဝူမုန်ချွမ် ဒယီးဒယိုင် ဖြစ်သွားခဲ့ပြီး လေထဲမှ
ပြုတ်ကျလုမတတ် ဖြစ်သွားရသည်။
နဖူးထက် ဝေ့သီလာသော ချွေးအေးများကို အလျင်စလို သုတ်လျက် ဝူမုန်ချွမ်က ပြန်၍ ပြစ်တင်ပြောဆိုလိုက်လေသည်။ “ဘယ်သူက မင်းရဲ့အစ်ကိုကြီးလဲ…”
ရန်ကိုင်က အလေးအနက်အမူအယာဖြင့် ပြန်ပြောလိုက်လေ၏။ “အစ်ကိုကြီး… ခင်ဗျားက တကယ်ဆိုးတာပဲ… ကိုယ့်ညီလေးကိုတွေ့တာတောင် မသိချင်ယောင်ဆောင်နေတယ်… အိမ်ပြန်ရောက်မှ အမေနဲ့ ပြန်တိုင်ပြောဦးမယ်…”
ဝူမုန်ချွမ်က သုန်သုန်မှုန်မှုန်ဖြင့် ပြန်၍ပြောလိုက်လေသည်။ “ကောင်လေး… မဟုတ်တရုတ်တွေ လျှောက်ပြောမနေနဲ့တော့…”
“သူက မင်းရဲ့အစ်ကိုကြီးလား…” လူထွားကြီးသည် ရန်ကိုင့်အား ထူးဆန်းသည့် အမူအယာဖြင့် ကြည့်လျက် ဆက်ပြောလိုက်လေသည်။ “ဒါပေမယ့် မင်းတို့နှစ်ယောက်က ရုပ်မတူပါလား…”
ရန်ကိုင်က ပြန်ပြောလိုက်လေသည်။ “သူက အဖေနဲ့တူတာ ကျုပ်က အမေနဲ့တူတာ…” ထိုသို့ပြောပြီးသည့်နောက် ဝူမုန်ချွမ်အား ကြည့်လျက် “အစ်ကိုကြီး… ဒီမှာ ဒီကောင်တွေ ခင်ဗျားညီလေးကို ဝိုင်းပြီး အနိုင်ကျင့်ဖို့ လုပ်နေကြတာ ကိုယ့်ညီလေးဘက်က ဝင်ပြီး မရပ်ပေးတော့ဘူးလား…”
ဝူမုန်ချွမ်၏မျက်နှာ သုန်မှုန်သွားခဲ့လေသည်။ “ကောင်စုတ်လေး… မင်း မဟုတ်တရုတ်တွေ ထပ်ပြောနေလို့ရှိရင် ငါ့ကို ရိုင်းစိုင်းလို့ဆိုပြီး လာအပြစ်မတင်နဲ့တော့နော်…”
ရန်ကိုင်မှာလည်း ဒေါသူပုန်ထသွားဟန်ဖြင့် ချက်ချင်း ပြန်ပြောလိုက်လေ၏။ “အကုန်လုံး ကျုပ်ကိုပဲ ဝိုင်းအနိုင်ကျင့်နေကြတယ်… ဒီသခင်လေးက အဲ့လောက်အနိုင်ကျင့်ဖို့ လွယ်တယ်လို့ ထင်နေကြတာလား… ကျုပ် အခုချက်ချင်း အစ်ကိုကြီးဆီပြေးလာပြီး အမေတောင် မမှတ်မိတော့လောက်အောင် ရိုက်ထုတ်ပေးလိုက်မှာနော်…”
ဘာမှမရှိသည့် သူ့အမေအကြောင်း ထပ်တလဲလဲ ပြောဆိုနေသည့် ရန်ကိုင့်ကိုကြည့်ရင်း ဝူမုန်ချွမ် ဒေါသအမျက်ချောင်းချောင်း ထွက်နေခဲ့လေသည်။ သို့ရာတွင် ဤနေရာ၌ ဧကရာဇ်အဆင့် ပညာရှင်ငါးဦး ရှိနေသည့် အတွက်ကြောင့် ဝူမုန်ချွမ်မှာ မဆင်မခြင် မလှုပ်ရှားရဲခဲ့ပေ။ လှောင်ပြုံးပြုံး၍သာ ပြန်ပြောလိုက်လေ၏။ “သတ္တိရှိရင်လာခဲ့လေ… ဘယ်သူအတီးခံရမလဲ ကြည့်ရတာပေါ့…”
“ခင်ဗျားစောင့်နေ…” ထိုသို့ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် ဝူမုန်ချွမ်ဆီသို့ ပြေးသွားလိုက်ပြီး လက်သီးချက်များ တစ်ချက်ပြီးတစ်ချက် ပစ်သွင်းလိုက်လေသည်။
“ခွေးကောင်လေး မင်း ဘယ်လိုတောင် လုပ်ရဲတာလဲ…” ဝူမုန်ချွမ် အရူးတစ်ပိုင်း ဖြစ်သွားခဲ့လေသည်။ ဧကရာဇ်အဆင့် ပညာရှင် ငါးဦးအား သူကြောက်ပါသော်ငြား ရန်ကိုင့်အား ကြောက်သည်ဟုတော့ မဆိုလိုပေ။ ရန်ကိုင်သည် အကြောင်းအရင်းမရှိဘဲ သူ့အား လာရောက်တိုက်ခိုက်နေသည်ကိုမြင်သော် ဝူမုန်ချွမ်လည်း သည်းခံမနေတော့ဘဲ ပြန်၍ တိုက်ခိုက်တော့လေ၏။
ရန်ကိုင်နှင့် ဧကရာဇ်အဆင့် ပညာရှင်ငါးဦးကြားရှိ ဆက်ဆံရေးကို သေချာမသိသေးသည့် အတွက်ကြောင့် ရန်ကိုင့်အား ပြင်းပြင်းထန်ထန် မတိုက်ခိုက်ရဲခဲ့ပေ။ သူ့ခွန်အားတစ်ဝက်လောက်ကိုသာ ထုတ်သုံးပြီး တိုက်ခိုက်ရဲခဲ့သည်။ ချက်ချင်းဆိုသလို ကောင်းကင်တစ်ခုလုံး တဝုန်းဝုန်း တဒိုင်းဒိုင်းမြည်သံများနှင့် ပြည့်နှက်သွားခဲ့ပြီး ရန်ကိုင်နှင့် ဝူမုန်ချွမ်တို့မှာ တစ်ယောက်ကိုတစ်ယောက် ထိုးနှက် ကန်ကျောက်နေခဲ့ကြလေသည်။ သူတို့၏ တိုက်ကွက်များမှာ အလွန်ကိုမှ အထင်ကြီးဖွယ်ရာကောင်းသော်ငြား မည်သူမှ တကယ့်ခွန်အားကို အသုံးမပြုထားခဲ့ကြပေ။
ထိုသို့တိုက်ခိုက်နေစဉ်အတောအတွင်း ရန်ကိုင်သည် ဝူမုန်ချွမ်အား မသိမသာလေး မျက်စပစ်ပြလိုက်လေသည်။
ရန်ကိုင် ဘာပြောချင်နေသလဲ ဆိုသည်ကို ဝူမုန်ချွမ် အသေအချာ မသိပါသော်ငြား နှစ်ပေါင်းများစွာကြာအောင် အသက်ရှင်လာသူတစ်ဦးပီပီ အရိပ်အခြေကိုတော့ မကြည့်တတ်ဘဲ နေပါ့လေမလား။ လက်ရှိအချိန်တွင် ဝူမုန်ချွမ်မှာ ရန်ကိုင်နှင့် ဘတစ်ပြန် ကျားတစ်ပြန် တိုက်ခိုက်နေသည့်ပုံ ပေါက်သော်ငြား တကယ့်တကယ်တွင် ရန်ကိုင်နှင့် ဝူမုန်ချွမ်သည် အတူတကွ ပူးပေါင်းလျက် သူတို့၏ တိုက်ပွဲကွင်းပြင်ကို အန္တရာယ်များသည့် ဤနေရာမှ အခြားတစ်နေရာသို့ တဖြည်းဖြည်း ရွှေ့ပြောင်းနေခြင်း ဖြစ်လေသည်။
မကြာမီ ရန်ကိုင်နှင့် ဝူမုန်ချွမ်သည် ဧကရာဇ်အဆင့် ပညာရှင်ငါးဦး၏မြင်ကွင်းမှ ပျောက်ကွယ်သွားတော့လေသည်။ တစ်ခဏမျှ ထပ်ကြာပြီးသည့်နောက်တွင် သူတို့၏ ကောင်းကင်စိတ်အာရုံသည်ပင်လျှင် ရန်ကိုင်နှင့် ဝူမုန်ချွမ်တို့အား အာရုံခံ၍ မရတော့ချေ။
“ဟမ့်…” ယောင်စီသည် အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လိုက်ပြီး သူ မူလနေနေသည့် နေရာဆီသို့ ထူးမခြားနားဟန်ဖြင့် ပြန်သွားလေ၏။
ရန်ကိုင်သည် သူ့အား ဒေါသထွက်အောင် လုပ်ခဲ့ပါသော်ငြား ရန်ကိုင့်အား သတ်နိုင်ရန်အတွက် ဤနေရာရှိ အမြုတေစွမ်းအားများအား စုပ်ယူမည့် အခွင့်အရေးကို လက်လွတ်မခံနိုင်ချေ။ ထို့အတွက်ကြောင့် မသိချင်ယောင်သာ ဆောင်နေလိုက်တော့လေ၏။
ချီကွေ့သည် ရန်ကိုင်ပျောက်ကွယ်သွားသည့်ဘက်သို့ ကြည့်ရင်း ယဲ့ယဲ့လေးပြုံးလျက် “ဒီကောင်က အခွင့်ကောင်းတစ်ခု ရှာသွားတာပဲကွ…”
လူထွားကြီးက ခေါင်းညိတ်လျက် “အခုရောက်လာတဲ့လူက အဲ့ကောင်ကို ကူညီတဲ့လူ ဖြစ်လောက်တယ်… မလှိမ့်တပတ်နဲ့ ငါတို့ကို တစ်ပတ်ရိုက်သွားတာ…”
ဝူချန်းမှာ မည်သည့်စကားမှ မပြောသော်ငြား သူ့စိတ်ထဲတွင်လည်း ထို့နည်းတူပင် ခံစားနေရလေသည်။ ရန်ကိုင်သည် သူတို့အပေါ် မည်သို့ပင် ဆက်ဆံခဲ့စေကာမူ သူသည် တာအိုသခင် တတိယအဆင့်သာ ရှိပေသေးသည်။ ယောင်စီသာ တကယ်တမ်း တိုက်ခိုက်လာမည်ဆိုပါက ရန်ကိုင့်အနေဖြင့် အသက်ရှင်နိုင်လိမ့်မည် မဟုတ်ပေ။ ထို့အတွက်ကြောင့်ပင်လျှင် ဝူမုန်ချွမ်၏ အကူအညီကိုယူကာ သူတို့အား မလှိမ့်တပတ်လုပ်၍ ဤနေရာမှ ထွက်ပြေးသွားခဲ့ခြင်း ဖြစ်လောက်သည်။
မကြာမီတွင် ဧကရာဇ်အဆင့် ပညာရှင်ငါးဦးစလုံး သူတို့နေနေသည့် နေရာအသီးသီးဆီသို့ ပြန်ထွက်သွားကြလေ၏။ နောက်ရက်များအတွင်း အမြုတေပင်လယ်ထဲရှိ အမြုတေစွမ်းအားများမှာ အကြီးအကျယ် လျော့ကျလာခြင်း မရှိတော့သည့်အတွက်ကြောင့် ဧကရာဇ်အဆင့် ပညာရှင်ငါးဦးစလုံး၏စိတ်ထဲ ထူးဆန်းသလို ခံစားလာကြရလေသည်။ အချိန်ကြာလာသော် အမြုတေပင်လယ်ထဲရှိ အမြုတေစွမ်းအင် လျော့ကျလာအောင် လုပ်ခဲ့သည့် လက်သည်တရားခံမှာ ရန်ကိုင်သာ ဖြစ်သည်ဟု သူတို့စိတ်ထဲ ပို၍ ယုံကြည်လာကြတော့လေသည်။
လူနှစ်ဦးသည် အမြုတေပင်လယ်မှ မိုင်ပေါင်းသောင်းဂဏန်းခန့် ဝေးကွာသည့် ကြယ်ပျက်တစ်ခုပေါ်တွင် ရပ်၍ တစ်ဦးကို တစ်ဦး စိုက်ကြည့်နေကြလေသည်။
တစ်ဦးမှာ လူထွားကြီးတစ်ဦးဖြစ်ပြီး သူ့ရှေ့ရှိ လူအား သားကောင်တစ်ကောင်ကို တွေ့လိုက်ရသည့် ဆာလောင်နေသည့် ဝံပုလွေတစ်ကောင်အလား မီးတောက်မတတ်အကြည့်ဖြင့် စိုက်ကြည့်၍ နေခဲ့လေသည်။
အခြားတစ်ဦးမှာတော့ တလက်လက်တောက်ပနေသည့် မျက်ဝန်းများဖြင့် သူ့ရှေ့တည့်တည့်ရှိလူအား ပြန်၍ စိုက်ကြည့်နေခဲ့လေသည်။
ထိုလူနှစ်ဦးမှာ ဝူမုန်ချွမ်နှင့် ရန်ကိုင်သာ ဖြစ်လေသည်။ နှစ်ယောက်စလုံးသည် တစ်ဦးနှင့်တစ်ဦး အပြန်အလှန်တိုက်ခိုက်ရင်း စကားတစ်ခွန်းမှပင်မပြောကြဘဲ ဤနေရာဆီသို့ ထွက်လာခဲ့ကြခြင်းဖြစ်လေ၏။
“ဒီလောက်အချိန်တိုလေးအတွင်း တာအိုသခင်တတိယအဆင့်ကို မင်း ရောက်လာမယ်လို့ ငါလုံးဝ မထင်ထားခဲ့ဘူး…” ဝူမုန်ချွမ်သည် ရန်ကိုင့်အား အံ့အားသင့်တကြီးဖြင့် ကြည့်လျက် ပြောလိုက်လေသည်။ “ဒီဘုရင် မင်းကို ပေးလိုက်တဲ့ ကျင့်စဉ်က မဆိုးဘူးမလား…”
ရန်ကိုင့်၏ကျင့်ကြံခြင်း ဤမျှ လျင်လျင်မြန်မြန် တိုးတက်လာရခြင်းမှာ ကောင်းကင်ဝါးမျိုခြင်း တိုက်ပွဲဥပဒေသကြောင့် ဖြစ်သည်ဟု ဝူမုန်ချွမ် ထင်နေခဲ့လေသည်။ ထိုကျင့်စဉ်၏ ဘေးထွက်ဆိုးကျိုးကိုသာ ခုခံနိုင်မည်ဆိုပါက ကောင်းကင်ဝါးမျိုခြင်း တိုက်ပွဲဥပဒေသသည် အလွန်တရာကိုမှ အားကောင်းလွန်းလှသည့် ကျင့်စဉ်တစ်ခုဖြစ်ပေသည်။
“ခင်ဗျားရဲ့ မပြည့်စုံတဲ့ ကျင့်စဉ်နဲ့ ဘာမှမဆိုင်ဘူး… ဒီသခင်လေးကိုယ်တိုင်ကကို ပါရမီရှိပြီး ဉာဏ်ပြေးလို့ ဒီအဆင့်ထိ ဒီလောက်မြန်မြန်နဲ့ တက်လာနိုင်တာ…” ရန်ကိုင်က ပြန်၍ပြောဆိုလိုက်လေသည်။
ဝူမုန်ချွမ်က ရယ်သွမ်းသွေးလျက် “ဒါက မင်းအသက်ကို ကယ်ခဲ့တဲ့ မင်းရဲ့ဂိုဏ်းချုပ်ကို ပြန်ပြောတဲ့ပုံစံမျိုးလား…”
ရန်ကိုင့်မျက်နှာကြီး မှုန်ကုပ်သွားခဲ့ပြီး ချက်ချင်း ပြန်ပြောလိုက်လေသည်။ “ခင်ဗျားကပဲ ကျုပ်အသက်ကို ကယ်ရသေးတယ်… ကျုပ်ထင်တာသာ မမှားဘူးဆိုရင် ဒီသခင်လေးကပဲ ခင်ဗျားကို အရင်ကယ်ခဲ့တာမဟုတ်ဘူးလား…”
ဝူမုန်ချွမ်က ပြန်၍ မေးခွန်းထုတ်လိုက်လေသည်။ “အဲ့လိုဆိုရင်တောင် ဒီဘုရင် မင်းကို ကျင့်စဉ်တစ်ခု ပေးခဲ့သေးတယ်လေ… အဲ့ဒါကိုရော မင်းငြင်းချင်သေးလား…”
ထိုစကားကိုကြားသော် ရန်ကိုင်က ပြန်၍ ခွန်းတုံ့ပြန်လိုက်လေ၏။ “ခင်ဗျားက အဲ့အကြောင်းကို ပြောချင်တယ်ပေါ့… ကျုပ်လည်း အဲ့သောက်စုတ်သောက်ပြတ် ကျင့်စဉ်ကြီးနဲ့ပတ်သက်ပြီး ခင်ဗျားကို မေးခွန်းနည်းနည်းမေးချင်နေတာ…”
“ဘာဖြစ်လို့လဲ…” ဝူမုန်ချွမ်မျက်ခုံးပင့်သွားခဲ့လေ၏။
“ခင်ဗျား ကျုပ်ကို ပေးလိုက်တဲ့ကျင့်စဉ်က မပြည့်စုံဘူးမလား…” ထိုစကားကိုကြားသော် ဝူမုန်ချွမ်၏ မျက်လုံးများ တဖျတ်ဖျတ်တောက်ပသွားခဲ့ပြီး အသက်ရှူမြန်လာသည့် ပုံစံဖြင့် ပြန်ပြောလိုက်လေသည်။ “မင်း တကယ်ကြီး အဲ့ကျင့်စဉ်ကို ကျင့်ကြံထားတာလား…”
လက်ရှိ ဝူမုန်ချွမ်၏ပုံစံမှာ အဝတ်ဗလာဖြစ်နေသည့် မိန်းမချောလေးတစ်ဦးကို မြင်လိုက်ရသော တဏှာရူးတစ်ကောင်နှယ် ဖြစ်နေခဲ့လေသည်။ တလက်လက်တောက်ပနေသည့် ဝူမုန်ချွမ်၏ မျက်လုံးများကိုကြည့်ရင်း ရန်ကိုင် ကြက်သီးမွေးညှင်းများ ထသွားလေ၏။
ရန်ကိုင်က စိတ်မရှည်ဟန်ဖြင့် ထပြောလိုက်လေသည်။ “ကျုပ်ဘာသာ ကျင့်ကျင့်မကျင့်ကျင့် ခင်ဗျားနဲ့မဆိုင်ဘူး…”
ဝူမုန်ချွမ်းက ယဲ့ယဲ့လေးပြုံးလျက် “မင်းမကျင့်ဘူးဆိုလို့ရှိရင် ဘယ်လိုလုပ်ပြီး အဲ့ပြဿနာကို ရှာတွေ့မှာလဲ…”
ရန်ကိုင်က ဒေါသထွက်ထွက်နှင့် ပြန်ပြောလိုက်လေ၏။ “ဒီတော့ အဲ့ကျင့်စဉ်က မပြည့်စုံဘူးပေါ့… ခင်ဗျား တကယ်ကို သောက်ကျင့်မကောင်းတာပဲ… ဒီသခင်လေးမှာတော့ ခက်ခက်ခဲခဲနဲ့ ခင်ဗျားကို အရိုးအကျဉ်းထောင်ထဲကနေ ကယ်ပေးခဲ့ရတာ… အဲ့ဒါကိုတောင် ခင်ဗျားက ကျေးဇူးမတင်ဘဲ ဒီလိုမျိုး မပြည့်စုံတဲ့ကျင့်စဉ်ကို ပြန်သင်ပေးရဲတယ်ပေါ့… ခင်ဗျားမှာ ဘာဂုဏ်သိက္ခာမှ မရှိတော့ဘူးလား… တရားမျှတမှုတွေက ဘယ်ရောက်ကုန်တာလဲ… ငါ့လခွမ်းကွာ… ခင်ဗျားလို လူယုတ်လူညစ်တစ်ယောက်ကို ယုံမိလိုက်တာ ဒီသခင်လေးရဲ့အမှားပဲ…”
ရန်ကိုင်မှာ အလွန်ကိုမှ ဒေါသထွက်နေသည့်အလား ခြေကိုဆောင့် လက်သီးတင်းတင်းဆုပ်လျက် သွားကြားထဲမှ ထွက်သည့်လေသံဖြင့် အော်ဟစ်ဆဲဆိုနေခဲ့လေသည်။
ဝူမုန်ချွမ်ကမူ မည်သည့်စကားမျှ ပြန်မပြောဘဲ တပြုံးပြုံးသာ လုပ်နေခဲ့လေ၏။ ရန်ကိုင်ပြောလို့ပြီးသွားသည့် အခါမှသာ ပြန်၍ ပြောလိုက်လေသည်။ “တကယ်တော့ ဒီဘုရင် မင်းကို ပေးလိုက်တဲ့ကျင့်စဉ်မှာ ဘာမှ မပြည့်စုံတာမရှိဘူး…”
“မဟုတ်တရုတ်တွေ…” ထိုသို့ပြောရင်းမှ ရန်ကိုင်သည် ဝူမုန်ချွမ်အား တံတွေးဖြင့် ကောက်ထွေးလိုက်လေသည်။
ဝူမုန်ချွမ်သည် ရန်ကိုင့်၏တံတွေးအား အသာအယာလေးရှောင်သွားလျက် တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်ပြောလိုက်လေသည်။ “ကောင်လေး… သိပ်မရိုင်းနဲ့ကွ… အကြီးတွေကို လေးစားရမယ်ဆိုတာကို မင်းအမေ သင်ပေးမသွားဘူးလား…”
“အားတော့နာပါရဲ့ ကျုပ်က မွေးကတည်းက အခုလိုမျိုးဖြစ်လာတာ…” ရန်ကိုင်က နှုတ်ခမ်းကြီးကိုမဲ့လျက် ပြန်ပြောလိုက်လေသည်။
ဝူမုန်ချွမ်က နှာခေါင်းရှုံ့လိုက်လေ၏။ “ဒီဘုရင် မင်းနဲ့ ပြိုင်မငြင်းချင်တော့ဘူး… အဲ့ကျင့်စဉ်နဲ့ပတ်သက်ပြီး ဒီဘုရင်ရှင်းပြတာကို မင်းကြားချင်လား…”
“ပြော…” ရန်ကိုင်က ဝူမုန်ချွမ်ကို အေးစက်စက်အမူအယာဖြင့် စိုက်ကြည့်လျက် ပြောလိုက်လေသည်။
ဝူမုန်ချွမ်ကမူ ရန်ကိုင့်ပုံစံကို ဂရုစိုက်မနေခဲ့ဘဲ ထူးမခြားနားဟန်ဖြင့်သာ ရှင်းပြလိုက်လေသည်။ “အရင်တုန်းက ငါတို့ရဲ့ဘိုးဘေးက ကောင်းကင်ဝါးမျိုခြင်းတိုက်ပွဲဥပဒေကို ဖန်တီးပြီးတော့ ဒီကျင့်စဉ်အကူအညီနဲ့ မဟာဧကရာဇ်အဆင့်ကို တက်လှမ်းခဲ့တယ်… အဲ့ခေတ်အဲ့အခါတုန်းက သူ့ခွန်အားက ပြိုင်စံရှားပဲ… ဘယ်သူမှ သူ့ကို မယှဉ်နိုင်ဘူး… ကံမကောင်းစွာနဲ့ အပင်မြင့်လေ လေတိုက်ခံရလေ ဆိုတဲ့အတိုင်းပဲ အခြားမဟာဧကရာဇ်တွေက သူ့ခွန်အားကို ကြောက်လည်းကြောက် မနာလိုလည်း ဖြစ်ကြတယ်… ဒီတော့ အကုန် အတူပေါင်းပြီး သူ့ကို သတ်ပစ်လိုက်ရော… သူ့လို ပါရမီရှင်တစ်ဦး မွေးဖွားလာတာကို ကောင်းကင်ကကို မနာလိုလို့ အဲ့လိုမျိုး လုပ်ပစ်လိုက်တာ…”
ရန်ကိုင်က လှောင်ပြုံးပြုံးလျက် “ကျုပ်ကြားထားတဲ့ပုံစံကတော့ အဲ့လိုမျိုးမဟုတ်ပါလား…”
ဝူမုန်ချွမ်က ရန်ကိုင့်အား စိုက်ကြည့်လျက် ပြန်ပြောလိုက်လေ၏။ “မင်း နားထောင်မှာလား နားမထောင်ဘူးလား… နားမထောင်ဘူးဆိုရင်လည်း ဒီဘုရင် ဆက်မပြောတော့ဘူး…”
ရန်ကိုင်က ပုခုံးတွန့်ပြလျက် သူ့ပါးစပ်အား ပိတ်ထားသည့် ပုံစံမျိုး လုပ်ပြလိုက်လေသည်။
ဝူမုန်ချွမ်က စိတ်ပျက်ပျက်ဖြင့် နှာခေါင်းရှုံ့လျက် ဆက်ပြောလိုက်လေသည်။ “ဘိုးဘေး ဒီကောင်းကင်ဝါးမျိုခြင်း တိုက်ပွဲဥပဒေသကို ဖန်တီးလိုက်တုန်းက ဒီကျင့်စဉ်နဲ့ပတ်သက်ပြီး ချို့ယွင်းချက်ကြီးတစ်ခု ရှိနေတာကို သတိထားမိခဲ့တယ်…. အဲ့ဒါဘာလဲ မင်းသိလား…”
ရန်ကိုင်ကမူ သူမသိကြောင်းသာ ဟန်အမူအယာ ပြန်လုပ်ပြလိုက်လေ၏။
ဝူမုန်ချွမ်က ကူကယ်ရာမဲ့စွာဖြင့် ပြန်ပြောလိုက်လေသည်။ “ဒီကျင့်စဉ်က အရမ်းအားကောင်းလွန်းတယ် ဆိုပေမဲ့ ဒီကျင့်စဉ်ကို ကျင့်ကြံလိုက်ပြီဆိုရင် ကိုယ့်ရဲ့ စိတ်၊ ဝိဉာဉ်နဲ့ ခန္ဓာကိုယ်က တဖြည်းဖြည်း ပျက်စီးယိုယွင်းလာရလိမ့်မယ်... အဲ့လိုဘေးထွက်ဆိုးကျိုးကြီးကို မခုခံနိုင်ဘဲနဲ့ ဒီကျင့်စဉ်ကို ဘယ်လိုမှ ကျင့်ကြံနိုင်မှာ မဟုတ်ဘူး… အရမ်းအားကောင်းလွန်းတဲ့လူတွေပဲ ဒီလို ဘေးထွက်ဆိုးကျိုးမျိုးကို ခုခံနိုင်တာ… မခုခံနိုင်ဘူးဆိုလို့ရှိရင် ဒီကျင့်စဉ်ကို ဆက်ပြီး ကျင့်လေ ကျင့်လေ ကိုယ့်ရဲ့ ကျင့်ကြံခြင်းက တဖြည်းဖြည်း မတည်မငြိမ်လေ ဖြစ်လာပြီး နောက်ဆုံး ကျင့်ကြံခြင်းသွေဖီပြီး သေရော…”
ဝူမုန်ချွမ်ပြောသည်မှာ အမှန်ဖြစ်နေကြောင်းကို ရန်ကိုင်သိပေသည်။
အကြောင်းမှာ ကျောက်တုံးကိုယ်ပွားကိုယ်တိုင်သည်လည်း ထိုအကြောင်းကို ပြောပြီးသည့် အတွက်ကြောင့်ပင်လျှင်။ သို့သော်ငြား ကျောက်တုံးကိုယ်ပွားသည် ကျောက်တုံးရုပ်သေးရုပ်၏ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည့် အတွက်ကြောင့် မသန့်စင်သည့် အညစ်အကြေးများကို ရှင်းထုတ်ပစ်နိုင်သည့် စွမ်းရည်တစ်မျိုးကို ပိုင်ဆိုင်ထားပေသည်။ ထို့အတွက်ကြောင့် ကောင်းကင်ဝါးမျိုခြင်း တိုက်ပွဲဥပဒေသ၏ ချို့ယွင်းချက်ကြီးမှာ ကျောက်တုံးကိုယ်ပွားအတွက် ပြဿနာတစ်ခု မဟုတ်တော့ပေ။
“ပြီးတော့ ဒီကျင့်စဉ်ကို အဆင့်တစ်ခုထိ ရောက်အောင် ကျင့်ကြံပြီးသွားပြီဆိုတာနဲ့ အဆင့်တစ်ဆို့တဲ့ အတားအဆီးကို ကြုံရလိမ့်မယ်… အဲ့အတားအဆီးကို မချိုးဖြတ်ဘဲနဲ့ နောက်တစ်ဆင့်ကို ဘယ်လိုမှ ဆက်တက်နိုင်မှာမဟုတ်ဘူး…” ထိုနေရာသို့ အရောက်တွင် ဝူမုန်ချွမ်၏အမူအယာ လေးနက်တည်ကြည်သွားခဲ့လေသည်။ ရန်ကိုင့်အား မမှိတ်မသုန် စိုက်ကြည့်လျက် ဆက်ပြောလိုက်လေ၏။ “ပြီးတော့ အဲ့အဆင့်တစ်ဆို့တဲ့ အခြေအနေနဲ့ ကြုံရမယ့်အဆင့်က တာအိုသခင်တတိယအဆင့်ပဲ… အဲ့ဒါကြောင့်ပဲ မင်းရောငါရော ဧကရာဇ်အဆင့်ကို မချိုးဖြတ်နိုင်သေးတာ…”
ရန်ကိုင်သည် ဝူမုန်ချွမ် ရှင်းပြနေသည်ကို ဖြတ်မပြောသေးဘဲ သေသေချာချာသာ နားထောင်နေခဲ့လေသည်။
ဝူမုန်ချွမ်က ဆက်ပြောလေ၏။ “အဲ့ပြဿနာကို ဖြေရှင်းဖို့အတွက် ဘိုးဘေးက နည်းလမ်းတစ်ခု စဉ်းစားမိသွားတယ်… အဲ့နည်းလမ်းကတော့ အခြားလူတစ်ယောက်ကို ကောင်းကင်ဝါးမျိုခြင်း တိုက်ပွဲဥပဒေသကို ကျင့်ကြံခိုင်းလိုက်တာပဲ… အဲ့လူ တာအိုသခင်တတိယအဆင့်ကို ရောက်အောင် ကျင့်ကြံပြီးသွားပြီဆိုတာနဲ့ ဘိုးဘေးက အဲ့လူကို ဝါးမျိုပြီး သူ့ဆီကရတဲ့ စွမ်းအင်အဆီအနှစ်နဲ့ သူ့ကိုယ်ပိုင်အဆီအနှစ်ကို ပူးပေါင်းပြီး ဧကရာဇ်အဆင့်ကို တစ်ခါတည်း ချိုးဖြတ်ဝင်ရောက်သွားတာ…” ထိုနေရာသို့အရောက်တွင် ဝူမုန်ချွမ်၏ လေသံမှာ တဖြည်းဖြည်း စိတ်လှုပ်ရှားလာခဲ့ပြီး သူ့မျက်နှာမှာလည်း စိတ်လှုပ်ရှားလွန်းသည့် အတွက်ကြောင့် နီမြန်းလာခဲ့လေသည်။ “ဘိုးဘေးက တကယ်ကို ပြိုင်ဘက်ကင်းပါရမီရှင်တစ်ဦးပဲ… ငါ ဘယ်လိုမှ သူ့လိုမျိုး တော်လာနိုင်မှာမဟုတ်ဘူး…”
ရန်ကိုင်က ထိတ်လန့်တုန်လှုပ်နေသည့် အမူအယာဖြင့် “ဒီတော့ ခင်ဗျား ကျုပ်ကို ကောင်းကင်ဝါးမျိုခြင်း တိုက်ပွဲဥပဒေသ ပေးလိုက်တာ ကျုပ်ကို ဝါးမျိုချင်လို့ပေါ့…”
ထိုစကားကိုကြားသော် ဝူမုန်ချွမ်က သူ၏သွားဖြူဖြူကြီးများကို ပေါ်အောင် ပြုံးဖြီးပြရင်း “ဟုတ်တာပေါ့… မဟုတ်လို့ရှိရင် ဒီလောက် အဖိုးတန်တဲ့ ကျင့်စဉ်တစ်ခုကို မင်းကို ဘာဖြစ်လို့ ပေးရမှာလဲ…”
“ခင်ဗျား တကယ်ကို သောက်ရှက်မရှိတာပဲ…” ရန်ကိုင်က ပြန်လည် ပြစ်တင်ပြောဆိုလိုက်လေသည်။
ဝူမုန်ချွမ်က အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လျက် “ဒီကျင့်စဉ်ကို ရသွားတာ မင်းတစ်ယောက်တည်း မဟုတ်ဘူး… လွန်ခဲ့တဲ့နှစ်တွေအတွင်းမှာလည်း ပါရမီရှိလောက်မယ်ထင်တဲ့ လူအယောက်၁၀၀ကျော်လောက်ကို ဒီဘုရင် အဲ့ကျင့်စဉ် ပေးခဲ့သေးတယ်… ဒါပေမဲ့ ဆိုးတာက မင်းကလွဲပြီး ဘယ်သူမှ တာအိုသခင် တတိယအဆင့်ကို ရောက်အောင် မကျင့်ကြံနိုင်တာပဲ… အဲ့လူအယောက်၁၀၀ကျော်ထဲမှာမှ မင်းတစ်ယောက်ပဲ အသက်ရှင်ပြီး ကျန်တဲ့လူတွေအကုန်လုံး သေသွားတယ်…”
ထိုနေရာသို့ အရောက်တွင် တစ်ချက်ရပ်၍ ဆက်ပြောလိုက်လေသည်။ “ဒီဘုရင် မင်းကို ပေးလိုက်တဲ့ကျင့်စဉ်က မပြည့်စုံတာမဟုတ်ဘူး… အဲ့အစား မူပွားတစ်ခု ဖြစ်နေတာပဲ…”
“မူပွား…” ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့လေသည်။
“ဟုတ်တယ်… ကောင်းကင်ဝါးမျိုခြင်း တိုက်ပွဲဥပဒေသကို ဘိုးဘေးဖန်တီးလိုက်တုန်းက နှစ်မျိုးခွဲထားခဲ့တယ်… မူပွားနဲ့ မူရင်းပဲ… ဒီဘုရင်က မူရင်းကို ကျင့်ကြံထားတယ်… မူပွားကိုတော့ အခြားသူတွေကို ပေးလိုက်တယ်…”
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၄၇၈)
“ခင်ဗျား တကယ်ကို ကြိုးစားခဲ့တာပဲ…” ဝူမုန်ချွမ်သည် ကောင်းကင်ဝါးမျိုခြင်း တိုက်ပွဲဥပဒေသအား လူပေါင်းများစွာဆီသို့ လိုက်ပေးခဲ့လိမ့်မည်ဟု ရန်ကိုင် မထင်ထားခဲ့ပေ။ ထို့အပြင် ထိုကျင့်စဉ်အား ကျင့်ကြံခဲ့သည့်လူတိုင်း ဘေးထွက်ဆိုးကျိုးနှင့် ကြုံရကာ သေသွားခဲ့ရပေသည်။
တကယ်တော့ လူတိုင်းသည် ကျောက်တုံးကိုယ်ပွားကဲ့သို့မှ မဟုတ်ကြလေပဲ။
ကောင်းကင်ဝါးမျိုခြင်း တိုက်ပွဲဥပဒေသအား ကျင့်ကြံချင်စိတ်ကို ချုပ်တည်း၍ ထိုကျင့်စဉ်အား ကျောက်တုံးကိုယ်ပွားအား ပေးကျင့်မိလိုက်သည့်အပေါ် ရန်ကိုင် အလွန်ကိုမှ ဝမ်းသာသွားခဲ့လေသည်။ ထို့ကြောင့်သာမဟုတ်ပါက သူကိုယ်တိုင်သည်လည်း ထိုလူအယောက်၁၀၀ကျော်နည်းတူ သေသွားခဲ့ရပေလိမ့်မည်။
ကောင်းကင်ဝါးမျိုခြင်း တိုက်ပွဲဥပဒေသ၏ ဘေးထွက်ဆိုးကျိုးမှာ အလွန်ကိုမှ ပြင်းထန်လွန်းလှပေသည်။ စိတ်စွမ်းအင် အားကောင်းရုံသက်သက်၊ ဒူပေဒဏ်ပေ ခံနိုင်ရုံသက်သက်ဖြင့် ထိုကျင့်စဉ်ကို ကျင့်ကြံနိုင်လိမ့်မည် မဟုတ်ချေ။ ကြည့်ရသလောက် ဝူမုန်ချွမ်တွင် ကောင်းကင်ဝါးမျိုခြင်း တိုက်ပွဲဥပဒေသ၏ ဘေးထွက်ဆိုးကျိုးကို ခုခံနိုင်မည့် ကျင့်စဉ်တစ်မျိုးမျိုး ရှိနေသည့်ပုံပင်။ ထို့ကြောင့်သာလျှင် ထိုကျင့်စဉ်ကိုသုံး၍ တာအိုသခင်တတိယအဆင့်သို့ ရောက်အောင် အဆင့်တက်လာနိုင်ခဲ့ခြင်း ဖြစ်သည်။
“ဘိုးဘေးရဲ့ဂုဏ်ရောင်ကိုသာ နောက်တစ်ကြိမ် ပြန်ပြီး ထွန်းပြောင်လာအောင် လုပ်နိုင်မယ်ဆိုရင် နှစ်ရာဂဏန်းလောက် စောင့်ရလည်း ကိစ္စမရှိဘူး…” ဝူမုန်ချွမ်က အော်ပြောလိုက်လေ၏။
ရန်ကိုင်က မှုန်ကုပ်ကုပ်အမူအယာဖြင့် ပြန်မေးလိုက်လေ၏။ “ကျုပ်မေးချင်တာက မူပွားနဲ့ မူရင်းက ဘာကွာတာလဲ…”
“ဟဲ ဟဲ… ရှင်းရှင်းပြောရရင် အဲ့နှစ်ခုလုံးက အတူတူပဲဆိုပေမဲ့ တူလည်းမတူပြန်ဘူး… မူပွားကို ကျင့်ကြံတဲ့လူက အစေ့ပဲ… မူပွားကို ကျင့်ကြံထားတဲ့လူ တာအိုသခင်တတိယအဆင့်ကို ရောက်သွားပြီဆိုတာနဲ့ အဲ့အစေ့က အသက်ဝင်လာလိမ့်မယ်… အဲ့အသက်ဝင်လာတဲ့အစေ့ကို မူရင်းကို ကျင့်ကြံထားတဲ့လူက ဝါးမျိုလိုက်မယ်ဆိုရင် အဆင့်တစ်ဆို့တဲ့ အတားအဆီးကို ကျော်ဖြတ်ပြီး ဧကရာဇ်အဆင့်ကို တက်ရောက်သွားနိုင်လိမ့်မယ်… ပြီးတော့ အဲ့အစေ့ အသက်ဝင်လာပြီဆိုတာနဲ့ မူရင်းကို ကျင့်ကြံထားတဲ့လူက အဝေးကြီးကနေတောင် အဲ့အစေ့ကို အာရုံခံနိုင်တယ်…” ဝူမုန်ချွမ်က စိတ်လှုပ်ရှားနေသည့် အမူအယာဖြင့် ရှင်းပြလိုက်လေသည်။
“ခင်ဗျား ကျုပ်ကို ကြယ်ပျက်ပင်လယ်ထဲမှာ ရှာတွေ့တာ အထူးအဆန်းမဟုတ်တော့ပါဘူးလေ… ခင်ဗျားက ကျင့်စဉ်အားကိုးနဲ့ ကျုပ်ကို အာရုံခံသွားတာကိုး…” ရန်ကိုင်က မှတ်ချက်ပေးလိုက်လေသည်။
ရန်ကိုင်သည် အမြူတေပင်လယ်ထဲ၌ ကျောက်တုံးကိုယ်ပွားကို အပြင်သို့ ထုတ်ခဲ့လေသည်။ ထိုအခိုက်အတန့်၌ ဝူမုန်ချွမ်မှ ကျောက်တုံးကိုယ်ပွား၏ တည်ရှိမှုကို အာရုံခံမိခဲ့ခြင်း ဖြစ်ရပေလိမ့်မည်။
ဝူမုန်ချွမ်သည် သူ့လက်ကိုမြှောက်လျက် အော်ပြောလိုက်လေ၏။ “ဒီနေ့ကို ရောက်ဖို့အတွက် ဒီဘုရင် အနှစ်နှစ်အလလ စောင့်ခဲ့ရတာ… နောက်ဆုံးတော့ ရောက်လာခဲ့ပြီ…”
သိချင်နေသည့် အဖြေအားလုံးကို သိလိုက်ရပြီဖြစ်သည့်အတွက်ကြောင့် ရန်ကိုင်သည် ခေါင်းသာညိတ်ပြလိုက်လေသည်။
ကျောက်တုံးကိုယ်ပွား အဆင့်တစ်ဆို့သည့် အတားအဆီးနှင့် ရင်ဆိုင်နေရခြင်းမှာ ကျင့်စဉ်သည် မပြီးပြည့်စုံသည့် အတွက်ကြောင့်မဟုတ်ဘဲ ထိုကျင့်စဉ်ကိုယ်တိုင်ကကို ထိုကဲ့သို့ ဖြစ်နေသည့် အတွက်ကြောင့်သာ ဖြစ်လေသည်။
တစ်ခဏမျှ စဉ်းစားနေပြီးသည့်နောက်တွင် ရန်ကိုင်က ပြန်မေးလိုက်လေ၏။ “ဒါပေမဲ့ မူပွားကို ကျင့်ကြံထားတဲ့လူက မူရင်းကို ကျင့်ကြံထားတဲ့လူကို ဝါးမျိုလိုက်မယ်ဆိုရင်ရော ဘယ်လိုဖြစ်သွားမှာလဲ…”
ရန်ကိုင့်၏မေးခွန်းကြောင့် ဝူမုန်ချွမ် အံ့အားသင့်သွားခဲ့လေသည်။ သို့သော်ငြား ရန်ကိုင် ဘာပြောချင်နေသလဲ ဆိုသည်ကို နားလည်လိုက်သည့်အလား အဓိပ္ပာယ်ပါပါ ပြုံးလျက် “မင်းက တကယ်ကို ရည်မှန်းချက်ကြီးတဲ့ကောင်ပဲကွ… တကယ်ကို နှမြောစရာပဲ… မင်းအရည်အချင်းနဲ့ဆိုရင် အဲ့ကျင့်စဉ်ကို မကျင့်ရင်တောင် တစ်နေ့နေ့ တစ်ချိန်ချိန်ကြ အောင်မြင်လာမှာ မလွဲမသေပဲ… ဒါပေမဲ့ အခုတော့ မင်းက ဒီဘုရင်အတွက် ခြေနင်းကျောက်တုံးတစ်တုံး သာသာပဲ ဖြစ်ရတော့မယ်…”
“ခင်ဗျား ကျုပ်မေးခွန်းကို မဖြေသေးဘူးနော်…” ရန်ကိုင်သည် ဝူမုန်ချွမ်အား မှုန်ကုပ်သည့် အမူအယာဖြင့် ကြည့်လိုက်လေသည်။
ဝူမုန်ချွမ်က ပြန်ပြောလိုက်လေ၏။ “မင်း ဒီဘုရင်ကို တကယ်ကြီး ဝါးမျိုနိုင်တယ်ဆိုလို့ရှိရင်တော့ မင်းလည်း ဧကရာဇ်အဆင့်ကို ရောက်သွားမှာပေါ့… ဘာလို့ လာမေးနေသေးတာလဲ…”
“ကျုပ်သိပြီ…” ရန်ကိုင်က ကျေနပ်သွားသည့်အမူအယာဖြင့် ခေါင်းညိတ်လိုက်လေသည်။ “အဲ့လိုမျိုးဆိုရင်တော့ ကောင်းတာပေါ့…”
“ကောင်စုတ်လေး… မင်း အခြား ဘာမေးချင်သေးလဲ…” ဝူမုန်ချွမ်က ထပ်ပြောလိုက်လေသည်။ “အခွင့်အရေးရတုန်း မေးထားနော်… ဒီဘုရင်က စိတ်သိပ်ရှည်တော့တာ မဟုတ်တော့ဘူး… ပြီးရင်တော့ အခုလိုမျိုး မေးဖို့ ဘာအခွင့်အရေးမှ ရတော့မှာ မဟုတ်တော့ဘူး…”
“မေးစရာကုန်သွားပြီ… ဘာမှထပ်မေးစရာ မရှိတော့ဘူး…” ရန်ကိုင်က ပြုံးပြလိုက်လေ၏။
ရန်ကိုင့်၏အပြုံးကိုမြင်သော် ဝူမုန်ချွမ် ရင်ထဲ တုန်လှုပ်သွားခဲ့လေ၏။ သို့သော်ငြား အံကိုကြိတ်၍ ချက်ချင်း ပြန်ပြောလိုက်လေသည်။ “ဆရာယောင်ယောင် ဘာယောင်ယောင် လာလုပ်ပြချင်နေသေးတယ်…”
ထိုသို့ပြောပြီးသည့်နောက်တွင် ရန်ကိုင့်အား တိုက်ခိုက်တော့မည့်အလား သူ့ကိုယ်ထဲရှိ အရင်းအမြစ်ချီများမှာ စတင်၍ လှည့်ပတ်လိုက်လေ၏။
“နေပါဦး…” ရန်ကိုင်က ရုတ်တရက် လှမ်းတားလိုက်လေ၏။
“ဘာလဲ…” ဝူမုန်ချွမ်က စိတ်မရှည်ဟန်ဖြင့် အထွန့်တက်လိုက်လေသည်။
ရန်ကိုင်က အပြုံးကြီးပြုံးလျက် ပြန်မေးလိုက်လေသည်။ “ခင်ဗျားရဲ့ အသက်ဝင်လာတဲ့အစေ့ကို ဘာဖြစ်လို့ အခု အာရုံခံမရလဲ ဆိုတာကို မမေးတော့ဘူးလား…”
ရန်ကိုင့်၏စကားကို ကြားသည့်အခါမှသာ ဝူမုန်ချွမ်လည်း ထိုအချက်ကို သတိပြုမိသွားခဲ့လေသည်။ အစောပိုင်းက ရန်ကိုင့်၏မေးခွန်းများကို တောက်လျှောက်ဖြေနေရသည့် အတွက်ကြောင့် ထိုအချက်ကို သေချာမစဉ်းစားမိခဲ့လိုက်ပေ။
ရန်ကိုင့်၏အမေးကို ကြားသော် အလျင်စလို ပြန်မေးလိုက်လေ၏။ “ဘာလို့လဲ…”
“ဟဲ ဟဲ…” ရန်ကိုင်က ပြုံးဖြီးလျက် သူ့လက်ကို ဖြန့်ပြရင်း ပြန်ပြောလိုက်လေသည်။ “ဘာလို့လဲဆိုတော့ ဒီသခင်လေးက ကောင်းကင်ဝါးမျိုခြင်း တိုက်ပွဲဥပဒေသကို တစ်ခါမှ မကျင့်ကြံခဲ့လိုပဲ…”
“ဘာ…” ဝူမုန်ချွမ် မင်သက်သွားခဲ့လေသည်။ “မကျင့်ကြံဘူး ဟုတ်လား… မဖြစ်နိုင်ဘူး…”
ရန်ကိုင်သာ ကောင်းကင်ဝါးမျိုခြင်း တိုက်ပွဲဥပဒေသကို မကျင့်ကြံပါက ဤမျှ အချိန်တိုအတွင်း တာအိုသခင်တတိယအဆင့်သို့ မည်ကဲ့သို့များ ရောက်လာနိုင်ပါမည်နည်း။ ရန်ကိုင့်၏အရှိန်အဝါကို ကြည့်ရသလောက်လည်း တာအိုသခင် တတိယအဆင့်သို့ ရောက်ထားသည်မှာ အတော်လေးကိုမှ ကြာနေသည့်ပုံပင်။ သူ့အုတ်မြစ်မှာ လုံးဝကို တည်ငြိမ်နေခဲ့လေသည်။
ထို့အပြင် ရန်ကိုင် ကောင်းကင်ဝါးမျိုခြင်း တိုက်ပွဲဥပဒေသကို မကျင့်ကြံထားပါက အစောပိုင်းက သူ၏အစေ့ အသက်ဝင်လာသည်ကို ဘာကြောင့်များ ခံစားလိုက်ရလေသနည်း။
အစေ့ သက်ဝင်လာသည်ကို ခံစားမိလိုက်သည့်နောက် တောက်လျှောက်ပြေးလာခဲ့ရာ နောက်ဆုံး ရန်ကိုင်ရှိနေသည့်နေရာတွင် အဆုံးသတ်သွားခဲ့လေသည်။ ဘာကြောင့်များ ထိုကဲ့သို့ ဖြစ်ရလေသနည်း။
ရန်ကိုင်က ပြန်ပြောလိုက်လေ၏။ “ကောင်းကင်ဝါးမျိုခြင်း တိုက်ပွဲဥပဒေသကို ကျုပ်ကျင့်ကြံထားတာမဟုတ်ဘူး… အခြားတစ်ယောက် ကျင့်ကြံထားတာ…”
“ဘယ်သူကျင့်ကြံထားလဲ…” ဝူမုန်ချွမ်၏ မျက်လုံးများ မှေးစင်းသွားခဲ့လေသည်။
ရန်ကိုင်မှ သူ့လက်အား ကောက်၍ ဝှေ့ယမ်းလိုက်ရာ ဧရာမ ပုံရိပ်ကြီးတစ်ခု ဝူမုန်ချွမ်ရှေ့၌ ရုတ်တရက်ပေါ်လာခဲ့လေသည်။ ဧရာမပုံရိပ်ကြီးသည် မိုးထိမတတ် မြင့်မားလှကာ ၎င်း၏ခြေထောက် ကြမ်းပြင်ပေါ်သို့ ခြေချမိလိုက်ချိန် မြေပြင်တစ်ခုလုံး တသိမ့်သိမ့် တုန်ခါသွားခဲ့လေသည်။
မိုးထိမတတ်မြင့်မားသည့် အရာကြီးကိုကြည့်ရင်း ဝူမုန်ချွမ် ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့လေ၏။ ထိုအရာကြီး၏ရှေ့မှောက်၌ သူ့ခမျာ အသက်ရှူဖို့ရာပင်လျှင် မွန်းကြပ်လာခဲ့လေသည်။
အစောပိုင်းက ပျောက်ကွယ်သွားခဲ့သော အသက်ဝင်လာသည့်အစေ့ကို ထိုမိုးထိမတတ် မြင့်မားသည့် ပုံရိပ်ကြီးဆီမှ ဝူမုန်ချွမ် ရုတ်တရက် ပြန်ခံစားမိလိုက်ရလေသည်။
ယခုတစ်ကြိမ်တွင်တော့ အသက်ဝင်လာသည့်အစေ့သည် ရန်ကိုင့်ဆီမှ လာနေခြင်းမဟုတ်ဘဲ သူ့ရှေ့ရှိ မွန်းစတားကောင်ကြီးဆီမှ လာနေခြင်းသာ ဖြစ်မှန်းကို ဝူမုန်ချွမ် သေချာ ခံစားမိလိုက်ရလေသည်။
သေချာ အနီးကပ် ကြည့်ကြည့်လိုက်သည့်နောက် ဝူမုန်ချွမ် သက်ပြင်းတစ်ချက် ရှိုက်မိသွားခဲ့လေသည်။
ထိုမွန်းစတားကောင်ကြီးတွင် သာမန်လူသားများကဲ့သို့ ခြေနှစ်ဖက်၊ လက်နှစ်ဖက်၊ မျက်နှာတစ်ခု ရှိနေခဲ့ပြီး ၎င်း၏ခန္ဓာကိုယ်တစ်ခုလုံး မာကြောထူထဲလှသော ကျောက်တုံးများဖြင့် လွှမ်းခြုံထားခဲ့လေသည်။ ဤအရာကြီးသည် ဧရာမကျောက်တုံးလူသားကြီးတစ်ဦးနှင့်ပင် တူနေပေသေးသည်။ ထို့အပြင် ဤကျောက်တုံးလူသားကြီး၏ လက်ထဲ၌ ခြောက်ခြားဖွယ်ရာကောင်းသည့် အရှိန်အဝါကို ထုတ်လွှတ်နေသော အနက်ရောင် တိုက်ပွဲတူကြီးတစ်လက်လည်း ရှိနေပေသေးသည်။
(နတ်ဆိုးမှော်ရတနာလား…) ဝူမုန်ချွမ်မျက်လုံးများ ပြူးကျယ်သွားခဲ့ပြီး ဧရာမကျောက်တုံးလူသား၏ လက်ထဲရှိ တိုက်ပွဲတူကြီးကို မမှိတ်မသုန် စိုက်ကြည့်နေမိသည်။ အစစ်အမှန် နတ်ဆိုးမှော်ရတနာတစ်ခုကို ဤနေရာတွင် လာတွေ့ရလိမ့်မည်ဟု ဝူမုန်ချွမ် လုံးဝ မထင်ထားခဲ့ချေ။
နတ်ဆိုးမှော်ရတနာများ ပျောက်ကွယ်သွားခဲ့သည်မှာ အလွန်ကိုမှ ကြာညောင်းနေခဲ့ပြီ မဟုတ်လေလော။ ထိုကဲ့သို့ မှော်ရတနာမျိုးသည် ရှေးခေတ်အချိန်တည်းက ပျက်စီးသွားသင့်ပေသည်။ ဘာကြောင့်များ ယခုအချိန်အထိ တည်ရှိနေရသေးလေသနည်း။
“ဒီလူပြောတာကို မင်းကြားလိုက်လား…” ရန်ကိုင်က ဝူမုန်ချွမ်ကို လက်ညှိုးထိုးရင်း မေးလိုက်လေသည်။
ကျောက်တုံးကိုယ်ပွားသည် သူ့လက်ထဲရှိ တိုက်ပွဲတူကြီးကို ဝှေ့ယမ်းရင်း မိုးခြိမ်းသံတမျှ ကျယ်လောင်သည့် လေသံဖြင့် ပြန်ပြောလိုက်လေသည်။ “ငါ သေသေချာချာ ကြားလိုက်တယ်…”
“သူ့ကို ဝါးမျိုလိုက်ပေတော့… အဲ့ဒါဆိုရင် မင်း အဲ့အဆင့်တစ်ဆို့နေတဲ့ အတားအဆီးကို ချိုးဖြတ်နိုင်လိမ့်မယ်…” ရန်ကိုင်က ယဲ့ယဲ့လေးရယ်မောလျက် ပြောလိုက်လေ၏။
ကျောက်တုံးကိုယ်ပွားက ပြန်ပြောလိုက်လေ၏။ “ငါ မစောင့်နိုင်တော့ဘူး…”
ထိုသို့ပြောပြီးသည့်နောက် ရှေ့သို့ တစ်လှမ်းလှမ်းလိုက်လေသည်။
“ဘုန်း…”
ကျောက်တုံးကိုယ်ပွား ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့်တစ်ပြိုင်နက် မြေပြင်တစ်ခုလုံး တသိမ့်သိမ့် တုန်ခါသွားခဲ့ပြီး မာကြောကျစ်လျစ်လှသော မြေသားပေါ်တွင် ဧရာမ ခြေဖဝါးရာကြီးတစ်ခု ထင်ကျန်ရစ်သွားခဲ့လေသည်။
“ဘာကြီးလဲ…” ယခုမှသာ ဝူမုန်ချွမ်လည်း အသိပြန်ဝင်လာခဲ့ပြီး အံ့ဩတကြီးဖြင့် ရေရွတ်ရင်း မေးလိုက်လေသည်။ “မင်း ဒါကြီးကို ဘယ်ကနေ ရလာတာလဲ…”
ဤကဲ့သို့သော မွန်းစတားကောင်ကြီးကို သိုလှောင်လက်စွပ်ထဲ၌ ထည့်သိမ်း၍မရပေ။ သို့သော်ငြား ရန်ကိုင်မှ သူ့လက်အား ဝှေ့ယမ်းလိုက်ချိန် ဤမွန်းစတားကောင်ကြီး ပေါ်လာသည်ကို ဝူမုန်ချွမ် အသေအချာ မြင်လိုက်ရပေသည်။
လက်ရှိ သူ့ရှေ့တွင် ရှိနေသည့်အရာမှာ သက်ရှိဟုတ်မဟုတ်ကို ဝူမုန်ချွမ် ပြောရခက်နေခဲ့လေသည်။ ဤ ဧရာမကျောက်တုံးလူသားကြီးသည် လူသားတစ်ဦးကဲ့သို့ ကိုယ့်အသိဉာဏ်နှင့်ကိုယ် စကားပြောဆိုနိုင်ပါသော်ငြား ၎င်းဆီမှ မည်သည့်အသက်ဓာတ်စွမ်းအင်ကိုမှ အာရုံခံ၍ မရချေ။ နှစ်ပေါင်းများစွာကြာအောင် နေလာသည့်လူတစ်ဦး ဖြစ်ပါသော်ငြား ဧရာမ ကျောက်တုံးလူသားကို မြင်ပြီးသည့်နောက်တွင် ဝူမုန်ချွမ် အလွန်ကိုမှ အံ့အားသင့်နေခဲ့ရလေသည်။
“ကျုပ် ဒါကို ဘယ်ကရလာလဲဆိုတာကို ခင်ဗျား စိတ်ပူနေစရာမလိုဘူး… ခင်ဗျား အေးအေးဆေးဆေး သေပေးလိုက်ဖို့ပဲလိုတယ်… ခင်ဗျားဘက်က ခုခံနေမယ်ဆိုလို့ရှိရင်တော့ ဟဲ ဟဲ ဟဲ…” ရန်ကိုင်က လှောင်ပြုံးပြုံးလိုက်လေသည်။
“မင်းက ဒီဘုရင်ကို သေဖို့ လာပြောနေတာလား…” ဝူမုန်ချွမ်က ချက်ချင်းပြန်အော်ပြောလိုက်လေ၏။ “ကောင်လေး… မင်း ကိုယ့်အခြေအနေကိုယ် ဘယ်လိုရှိလဲကို တကယ်မသိသေးဘူးပဲ… ဒီဘုရင်ရှေ့မှာ ဘယ်လိုလုပ်ပြီး လာပြီး မောက်မာရဲနေတာလဲကွ…” ထို့နောက်တွင် ဝူမုန်ချွမ်သည် သူ့လက်အား ကျောက်တုံးကိုယ်ပွားတည့်တည့်သို့ ချိန်ရွယ်လျက် အော်ပြောလိုက်လေသည်။ “ကောင်းကင်ဝါးမျိုခြင်း တိုက်ပွဲဥပဒေသ… ဝါးမျိုပစ်လိုက်စမ်း…”
ဝူမုန်ချွမ်၏လက်ဆီမှ မှော်ဆန်ဆန်စွမ်းအင်တစ်ရပ် ထွက်ပေါ်လာခဲ့ပြီး ကျောက်တုံးကိုယ်ပွားကို အစိမ်းလိုက်ဝါးမျိုချင်နေသည့်အလား ကျောက်တုံးကိုယ်ပွား၏ ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့လေသည်။
ကျောက်တုံးကိုယ်ပွား၏ ဧရာမ ခန္ဓာကိုယ်ကြီး ဒယီးဒယိုင် ဖြစ်သွားခဲ့ပြီး ဒူးထောက်ကျလုမတတ် ဖြစ်သွားခဲ့လေ၏။ အလွန်ကိုမှ နာကျင်နေသည့်ပုံစံဖြင့် ကျောက်တုံးကိုယ်ပွားသည် အသံကျယ်ကြီးဖြင့် ထအော်တော့လေသည်။
ထိုအချင်းအရာကိုမြင်သော် ရန်ကိုင့်၏အမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ပြီး ရေရွတ်လိုက်လေ၏။ “ဘာတွေဖြစ်နေတာလဲ…”
ကျောက်တုံးကိုယ်ပွား မည်မျှသန်မာမှန်းကို ရန်ကိုင် ကောင်းကောင်းသိပေသည်။ ကျောက်တုံးကိုယ်ပွားသည် အလွန်ကိုမှ မြင့်မားလှသော မွေးရာပါ ကာယစွမ်းအားကို ပိုင်ဆိုင်ထားခဲ့ပြီး လွန်ခဲ့သော နှစ်များအတွင်း မရေမတွက်နိုင်သော အဖိုးတန်ရတနာများနှင့် သတ္တုများကိုလည်း ဝါးမျိုပစ်ခဲ့သည့်အပြင်ကိုမှ နတ်ဆိုးတိုက်ပွဲတူကိုပါ ပိုင်ဆိုင်ထားခဲ့ပေသေးသည်။ လက်ရှိကျောက်တုံးကိုယ်ပွားသည် သာမန်ဧကရာဇ်အဆင့် ပညာရှင်တစ်ဦးကိုပင်လျှင် ယှဉ်ပြိုင်တိုင်ခိုက်နိုင်ပေသည်။ ၎င်း၏ခန္ဓာကိုယ်မှာ အလွန်ကိုမှကြီးမား၍ လှုပ်ရရှားရ ခက်ခဲသည့် အတွက်ကြောင့်သာ မဟုတ်လျှင် ရန်ကိုင်သည် ကျောက်တုံးကိုယ်ပွားကို ကမ္ဘာငယ်လေးထဲတွင်သာ တောက်လျှောက်ထားခဲ့လိမ့်မည် မဟုတ်ချေ။
ထိုကဲ့သို့ အလွန်တရာကိုမှ အားကောင်းလှသော ကျောက်တုံးကိုယ်ပွားသည် ဝူမုန်ချွမ်၏ စကားတစ်ခွန်းကြောင့် မြေပြင်ပေါ်တွင် ဒူးထောက်ကျသွားသည်ကို ကြည့်ရင်း ရန်ကိုင့်မှာ ပျာယာခတ်သွားတော့လေ၏။
(ဒီသက်ကြားအိုကြီး ဒီလောက်တောင် အားကောင်းတာလား…) ရန်ကိုင် မင်သက်နေခဲ့လေသည်။
“ငါသေရတော့မယ်… ငါသေရတော့မယ်… ငါသေတော့မယ်…” ကျောက်တုံးကိုယ်ပွားသည် နာကျင်စွာ အော်ဟစ်ရင်း ပြောလိုက်လေ၏။ “ငါ့စွမ်းအားတွေ စုပ်ယူခံနေရတယ်…”
“ဟား ဟား ဟား…” ဝူမုန်ချွမ်သည် သွေးရူးသွေးတမ်း အော်ရယ်မောရင်း ပြန်ပြောလိုက်လေသည်။ “မင်းလိုကောင်ကများ ဒီဘုရင်ရှေ့မှာ လာမောက်မာရဲတယ်… ဒီဘုရင် မင်းကို ဘယ်လိုဝါးမျိုပစ်မလဲ ကြည့်နေ…”
သာမန်မျက်စိဖြင့်ပင် မြင်နိုင်သော သန့်စင်လှသည့် စွမ်းအင်စီးကြောင်းများမှာ ကျောက်တုံးကိုယ်ပွား၏ ခန္ဓာကိုယ်ထဲမှနေ၍ ဝူမုန်ချွမ်ဆီသို့ လမ်းကြောင်းများအလား စီးဝင်သွားနေခဲ့လေသည်။
“ဒါ... မူရင်းကျင့်စဉ်ကနေ မူပွားကျင့်စဉ်ကို ဖိနှိပ်နေတာပဲ…” ထိုအချက်ကို နားလည်လိုက်သော် ရန်ကိုင် မျက်နှာပျက်သွားခဲ့လေသည်။ ထို့နောက်တွင် သူ့လက်ကို ဝှေ့ယမ်းလျက် ကျောက်တုံးကိုယ်ပွားအား ကမ္ဘာငယ်လေးထဲသို့ ချက်ချင်း ပြန်ကောက်ထည့်လိုက်လေ၏။
ဝူမုန်ချွမ်မှာ ကျောက်တုံးကိုယ်ပွား၏ စွမ်းအားများကို အားပါးတရ ဝမ်းသာအားရဖြင့် စုပ်ယူဝါးမျိုပစ်နေစဉ်မှာပင် ကျောက်တုံးကိုယ်ပွား သူ့ရှေ့မှ ရုတ်တရက် ပျောက်ကွယ်သွားသည်ကို တွေ့ရှိလိုက်ရလေသည်။
ထို့ကြောင့် သူ့မျက်နှာတစ်ပြင်လုံး သုန်မှုန်သွားခဲ့ပြီး အံကြိတ်၍ ပြန်ပြောလိုက်လေသည်။ “အဲ့ကောင် ဘယ်ရောက်သွားတာလဲ… ချက်ချင်း ပြန်ထုတ်ပေးစမ်း… မဟုတ်ရင် ဒီဘုရင် မင်းကို သတ်ပစ်မှာနော်…”
ရန်ကိုင်သည် ဝူမုန်ချွမ်အား အေးစက်စက်အမူအယာဖြင့် စိုက်ကြည့်လျက် ပြန်ပြောလိုက်လေသည်။ “ခွေးအိုကြီး… မူရင်းကျင့်စဉ်က မူပွားကျင့်စဉ်ကို ဖိနှိပ်နိုင်တယ်မလား…”
ဝူမုန်ချွမ်က အောက်သိုးသိုးအမူအယာဖြင့် ပြန်ပြောလိုက်လေသည်။ “အဲ့တော့ ဘာဖြစ်လဲ…”
ရန်ကိုင်က နှာခေါင်းရှုံ့လိုက်လေ၏။ “အဲ့လိုဖိနှိပ်နိုင်မှတော့ မူပွားကျင့်စဉ်ကို ကျင့်ကြံထားတဲ့လူက ဘယ်လောက်ပဲအားကောင်းကောင်း ခင်ဗျားအစာပဲ ဖြစ်လာတော့မှာပေါ့…”
“ကောင်လေး… စကားကြောတွေလာရှည်မနေနဲ့… အဲ့ကောင်ကို မြန်မြန်ပြန်ထုတ်ပေးစမ်း… ဒီဘုရင် ဧကရာဇ်အဆင့်ကို ချိုးဖြတ်ချင်နေပြီ… မင်းသာ ဒီဘုရင်ကို ဧကရာဇ်အဆင့်ရောက်အောင် လုပ်ပေးမယ်ဆိုရင် နောက်ပိုင်း ဒီဘုရင် မင်းကို တစ်ခါနှစ်ခါလောက် ပြန်ကူညီပေးလို့ရတယ်…” ဝူမုန်ချွမ်က စိတ်မရှည်ဟန်ဖြင့် ပြောလိုက်လေသည်။ ဧကရာဇ်အဆင့်သို့ ရောက်ရှိနိုင်မည့် အခွင့်အရေးသည် သူ့ရှေ့တည့်တည့်တွင် ရှိနေပါသော်ငြား ရန်ကိုင်သည် ထိုအခွင့်အရေးကို သိမ်းယူသွားခဲ့လေရာ ဝူမုန်ချွမ်မှာ ဒေါသမထွက်ဘဲ ဘယ်နေပါမည်နည်း။
ရန်ကိုင် ထိုအရာကြီးအား မည်သည့်နေရာတွင် ဖွက်ထားသလဲဆိုသည်ကိုပင် သူမသိချေ။ သိသာသိခဲ့မည်ဆိုလျှင် ယခုကဲ့သို့ ရန်ကိုင်နှင့် အချိန်ကုန်ခံ စကားပြောမနေဘဲ ချက်ချင်း တိုက်ခိုက်လိုက်ပေပြီ။
ရန်ကိုင်က နှာခေါင်းရှုံ့လျက် ပြန်ပြောလိုက်လေ၏။ “ဘယ်လောက်တောင် လူမဆန်လိုက်တဲ့ ကောင်းကင်ဝါးမျိုခြင်း တိုက်ပွဲဥပဒေသလဲ… သန်းပေါင်းများစွာသောလူတွေကိုသတ်… မရေမတွက်နိုင်တဲ့ကြယ်တွေကိုဝါးမျို… ကြယ်စီရင်စုတွေအများကြီးကို ဖျက်ဆီးပစ်လို့ပဲ ကောင်းကင်က ဆက်ပြီး သည်းမခံနိုင်တော့အဆုံး အခြားမဟာဧကရာဇ်တွေပေါင်းပြီး သတ်ပစ်ခံလိုက်ရတာ… ဝူမုန်ချွမ်… ခင်ဗျားသာ ဧကရာဇ်အဆင့်ကို ချိုးဖြတ်သွားမယ်ဆိုလို့ရှိရင် ခင်ဗျားဘိုးဘေးရဲ့ လမ်းစဉ်အတိုင်းပဲ လိုက်သွားရမှာ…”
“မဟုတ်တရုတ်တွေ…” ဝူမုန်ချွမ်၏ မျက်လုံးများ သွေးရောင်ရဲတက်လာခဲ့ပြီး ဒေါသတကြီးဖြင့် ပြန်အော်ပြောလိုက်လေ၏။ “အဲ့မဟာဧကရာဇ်တွေက စိတ်ထားကျဉ်းမြောင်းတဲ့ကောင်တွေ… ဘိုးဘေးရဲ့ ခွန်အားကို မနာလိုလို့ သူ့ကို ထောင်ချောက်ဆင်ခဲ့တာ… ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ အဲ့အလောင်းအစားကို သူတို့ရှုံးသွားတယ်… ဘိုးဘေးလို အားကောင်းတဲ့လူတစ်ယောက်က ဘယ်လိုလုပ်ပြီး ဒီလောက် အလွယ်တကူ သေမှာလဲ…”
ထိုကဲ့သို့ ပြောပြီးပြီးချင်းမှာပင် ဝူမုန်ချွမ်သည် သူ့ပါးစပ်အား ချက်ချင်း ကောက်ပိတ်ပစ်လိုက်လေသည်။ သူ၏စိတ်လှုပ်ရှားမှုများလည်း ကြက်ပျောက်ငှက်ပျောက် ပျောက်ကွယ်သွားလေ၏။