← Chapters

အခန်း (၂၄၇၉-၂၄၈၁)

Vol. 102 Ch. 2479-2481

အခန်း (၂၄၇၉-၂၄၈၁)

Vol. 102 Ch. 2479-2481

အပိုင်း (၂၄၇၉)

ရန်ကိုင်သည် ဝူမုန်ချွမ်အား မျက်လုံးကျွတ်ထွက်မတတ် စိုက်ကြည့်ရင်း ကတုန်ကယင်လေသံဖြင့် ပြန်မေးလိုက်လေသည်။ “ခင်ဗျား… ခင်ဗျား ဘာပြောလိုက်တာလဲ… ကောင်းကင်ဝါးမျိုခြင်းမဟာဧကရာဇ်က မသေသေးဘူးလို့ ပြောလိုက်တာလား…”

မပြောသင့်သည့်အရာကို ပြောလိုက်မိပြီမှန်း နားလည်လိုက်သည့်နောက်တွင် ဝူမုန်ချွမ်သည် သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် ရန်ကိုင့်အား စိုက်ကြည့်လာတော့လေသည်။

ရန်ကိုင်မှာ ခြေဖျားလက်ဖျားများ အေးစက်လာခဲ့ပြီး ကျောရိုးတစ်လျှောက် စိမ့်တက်သွားခဲ့ရလေ၏။

ကောင်းကင်ဝါးမျိုခြင်းမဟာဧကရာဇ်သည် ဤလောကကြီးထဲရှိ ကျင့်ကြံသူများအတွက် ဒဏ္ဍာရီတစ်ခု ဖြစ်သော်ငြား ထိုဒဏ္ဍာရီသည် ကြယ်ပျက်ပင်လယ်ထဲတွင် လွန်ခဲ့သော နှစ်သောင်းပေါင်းများစွာက အခြားသော မဟာဧကရာဇ်များ၏ ပူးပေါင်းတိုက်ခိုက်ခြင်းခံရကာ သေဆုံးသွားခဲ့လေသည်။ သို့သော်ငြား လက်ရှိအချိန်တွင် ဝူမုန်ချွမ်သည် မယုံကြည်နိုင်စရာ အမှန်တရားတစ်ခုကို ထုတ်ပြောလာခဲ့လေ၏။

အခြားလူတစ်ဦးသာ ပြောနေမည်ဆိုလျှင်တော့ ရန်ကိုင့်အနေဖြင့် ထိုစကားကို ယုံချင်မှ ယုံလိမ့်မည်ဖြစ်သော်ငြား ယခုပြောနေသည့်လူမှာ အခြားမဟုတ်၊ ကောင်းကင်ဝါးမျိုခြင်းမဟာဧကရာဇ်၏ မျိုးဆက်တစ်ဦးသာ ဖြစ်သည်။ ထို့အတွက်ကြောင့် ကောင်းကင်ဝါးမျိုခြင်းမဟာဧကရာဇ် မသေသေးသည်မှာ လုံးဝကို ဖြစ်နိုင်ပေသည်။

ထို့အပြင် ထိုနှစ်ပေါင်းသောင်းပေါင်းများစွာအတောအတွင်း ကောင်းကင်ဝါးမျိုခြင်းမဟာဧကရာဇ် ဘာတွေများ လုပ်နေခဲ့လေသနည်း။ မည်ကဲ့သို့သော အစီအစဉ်များကိုများ ကြိတ်ကာကြံစည်နေလေသနည်း။

ရန်ကိုင် တံတွေးတစ်လုတ် မျိုချမိလိုက်လေသည်။

“မင်းရဲ့အလားအလာက တော်တော်လေးကောင်းလွန်းလို့ ဒီဘုရင် မင်းကို မသတ်ချင်ခဲ့ပေမယ့် အခုတော့ မင်း သေကို သေရတော့မယ်…” ထိုကဲ့သို့ အော်ပြောလိုက်ပြီးသည့်နောက်တွင် ဝူမုန်ချွမ်သည် လက်သီးကို တင်းတင်းဆုပ်လျက် ရန်ကိုင့်အား ထိုးချလိုက်လေသည်။ ထိုလက်သီးချက်ထဲ ရပ်တန့်မရသော စွမ်းအားတို့ ပါဝင်နေသည့်အလား ဟင်းလင်းပြင်တစ်ခုလုံးကိုပင်လျှင် ထိုးခွဲပစ်သွားခဲ့လေသည်။

ဝူမုန်ချွမ်၏ ရုတ်ချည်း ပြောင်းလဲသွားသည့်ပုံစံကို ကြည့်ရင်း ရန်ကိုင်မှာ ကောင်းကင်ဝါးမျိုခြင်းမဟာဧကရာဇ် မသေသေးသည်မှာ ပို၍ဖြစ်နိုင်သည်ဟု ယုံကြည်လာရတော့လေသည်။

ထို့အပြင် ဝူမုန်ချွမ်ထုတ်ပြလာသည့် ခွန်အားကြောင့်လည်း အံ့အားသင့်သွားခဲ့ရလေ၏။

ဝူမုန်ချွမ်၏ခွန်အားသည် သာမန်တာအိုသခင်အဆင့် ကျင့်ကြံသူတစ်ဦး၏ ခွန်အားထက်ကို ကျော်လွန်ခဲ့လေပြီ။ ဝူချန်း၊ ရှရှန်းကဲ့သို့သော တက်သစ်စပါရမီရှင်များသည်ပင်လျှင် ဝူမုန်ချွမ်၏ခွန်အားနှင့် မယှဉ်နိုင်ချေ။

ကောင်းကင်ဝါးမျိုခြင်းမဟာဧကရာဇ်၏ မျိုးဆက်ဆိုသည့်အတိုင်း တကယ်ကို ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှသည်။ သို့သော်ငြား ဝူမုန်ချွမ် အားကောင်းနေသည့်တိုင် ရန်ကိုင်သည်လည်း အားနည်းမနေခဲ့ပေ။ ဝူမုန်ချွမ်၏ လက်သီးချက်ကို ရှောင်ပြီးသည့်နောက် သူ့လက်သီးဖြင့် ပြန်ထိုးချလိုက်လေ၏။

“ဘုန်း…”

ပေါက်ကွဲသံအကျယ်ကြီးနှင့်အတူ ပရမ်းပတာ စွမ်းအင်လှိုင်းများ အဘက်ဘက်သို့ ဖြာထွက်လာခဲ့ကြလေ၏။

“ဟမ်…” ရန်ကိုင် ဤမျှအားကောင်းလိမ့်မည်ဟု မထင်ထားသဖြင့် ဝူမုန်ချွမ် အံ့အားသင့်သွားခဲ့လေသည်။

သူ့ခွန်အားကို သူကောင်းကောင်းသိပေသည်။ သာမန်တာအိုသခင်အဆင့် ကျင့်ကြံသူများသည် မည်သို့မှ သူ့ပြိုင်ဘက် မဖြစ်နိုင်ပေသည်။ ထို့ကြောင့်သာ မဟုတ်ပါက ဝူမုန်ချွမ်အနေဖြင့် သူ၏ ကြယ်စည်းတံဆိပ်အား ထောင့်ခုနှစ်ထောင် ဖြစ်လာသည်အထိ အဆင့်မြှင့်တင်နိုင်ခဲ့လိမ့်မည် မဟုတ်ချေ။

သို့သော်ငြား ထိုအချက်ကြောင့်ပင်လျှင် ဝူမုန်ချွမ်၏မျက်လုံးများ တဖျတ်ဖျတ်တောက်ပသွားခဲ့ပြီး ပြန်၍အော်ပြောလိုက်လေသည်။ “ကောင်လေး… ဒီနှစ်တွေအတွင်းမှာ မင်း ဘယ်လို အခွင့်အရေးတွေနဲ့ ကြုံခဲ့ရတာလဲ… တန်ခိုးရှင်ဘုရင်အဆင့်ကနေ တာအိုသခင်အဆင့်ကို ဒီလောက်မြန်မြန်နဲ့ တက်လာနိုင်တယ်ဆိုတာ လုံးဝကို သာမန်မဟုတ်ဘူး …”

ရန်ကိုင့်အနေဖြင့် တန်ခိုးရှင်ဘုရင်အဆင့်မှ တာအိုသခင်တတိယအဆင့်သို့ ရောက်လာနိုင်ရခြင်းမှာ အလွန်ကိုမှ ကောင်းမွန်လှသည့် အခွင့်အလမ်းများနှင့် ကြုံကြိုက်ခဲ့ရသည့် အတွက်ကြောင့်သာ ဖြစ်သည်ဟု ဝူမုန်ချွမ် ယုံကြည်နေခဲ့လေသည်။ သို့သော်ငြား ရန်ကိုင် မည်ကဲ့သို့သော အခွင့်အလမ်းနှင့်ပင် ကြုံရပါစေ ရန်ကိုင့်ကိုသာ သတ်ပစ်လိုက်နိုင်မည်ဆိုပါက ထိုအခွင့်အလမ်းအားလုံးသည် သူ့အတွက်သာ ဖြစ်လာပေလိမ့်မည်။

ပြောနေရင်းမှ ဝူမုန်ချွမ်သည် ရန်ကိုင့်ဆီသို့ ပြေးဝင်သွားပြီး လက်သီးချက်များကို မိုးသီးမိုးပေါက်များနှယ် တရစပ် ထိုးလွှတ်ချလိုက်ပြန်လေသည်။

ရန်ကိုင့်၏အမူအယာလည်း လေးနက်တည်ကြည်သွားခဲ့လေ၏။ ဓာတ်ကြီးငါးပါး အကြွင်းမဲ့ဓါးချီကို သူ့ကိုယ်ခန္ဓာကိုယ်အား ဝန်းရံစေလျက် ဝူမုန်ချွမ်၏ တိုက်ကွက်များကို တန်ပြန် ခုခံတိုက်ခိုက်လိုက်လေသည်။

ယခင်က အမြူတေပင်လယ်ထဲတွင် တိုက်ခိုက်ခဲ့သည်မှာ ဟန်ပြတိုက်ပွဲတစ်ခုသာ ဖြစ်လေသည်။ သူတို့၏ တကယ့်ခွန်အားကို ထုတ်မသုံးခဲ့ကြပေ။ သို့သော်ငြား ယခုမူ နှစ်ယောက်စလုံးသည် မည်သည့်ခွန်အားကိုမှ ထိမ်ချန်ထားခြင်း မရှိတော့ဘဲ မီးကုန်ယမ်းကုန် တိုက်ခိုက်နေကြခြင်း ဖြစ်လေ၏။

ချက်ချင်းဆိုသလို ဝူမုန်ချွမ်နှင့် ရန်ကိုင်သည် တိုက်ကွက်ရာနှင့်ချီကာ တိုက်ခိုက်ပြီးသွားခဲ့လေပြီ။

လက်ဗလာချင်း တိုက်ခိုက်ရာတွင် ရန်ကိုင်သည် ဝူမုန်ချွမ်အား အသာစီးမှ တိုက်ခိုက်နိုင်ခဲ့လေသည်။ ရန်ကိုင့်၏ခန္ဓာကိုယ်သည် ဝူမုန်ချွမ်ထက် ပိုမိုအားကောင်းရုံမက သူ့တွင် ရုပ်ခန္ဓာကိုယ်၏ ခွန်အားကို မြှင့်တင်ပေးနိုင်သော ဓာတ်ကြီးငါးပါးအကြွင်းမဲ့ဓါးချီလည်း ရှိနေပေသေးသည်။ ထို့အတွက်ကြောင့် ဝူမုန်ချွမ်သည် ရန်ကိုင့်၏ လက်သီးချက်များကို တစ်ချက်ပြီးတစ်ချက် လှိမ့်ခံနေရတော့လေ၏။

ထိုအဖြစ်အပျက်ကြောင့် ဝူမုန်ချွမ်မှာ ရန်ကိုင့်အား အထင်သေးမိလိုက်ပြီမှန်း နားလည်သွားခဲ့ရလေသည်။

အသက်သုံးဆယ်ရှိုက်စာ မရှိတတ်သေးခင်အချိန်မှာပင် ဝူမုန်ချွမ်၏ ခန္ဓာကိုယ်တစ်ခုလုံး သွေးချင်းနီသွားခဲ့လေ၏။ သို့သော်ငြား သူ့မျက်လုံးများမှာမူ အလွန်ကိုမှ တောက်ပနေခဲ့လေသည်။

တစ်စုံတစ်ဦးသာ ဤကဲ့သို့ သွေးသံတရဲရဲဖြစ်အောင် ရိုက်နှက်ခံလိုက်ရမည်ဆိုပါက သူတို့၏အရှိန်အဝါမှာ သိသိသာသာကို အားနည်းသင့်ပေသည်။ ထို့အတွက်ကြောင့် ဝူမုန်ချွမ်နှင့်ပတ်သက်၍ တစ်ခုခုမှားယွင်းနေပြီမှန်း ရန်ကိုင် သဘောပေါက်လိုက်လေသည်။ ဝူမုန်ချွမ်၏အရှိန်အဝါသည် အားနည်းသွားသည့် အရိပ်အယောင် ပြမနေဘဲ ပိုပို၍ပင် အားကောင်းလာနေပေသေးသည်။

အပြန်အလှန်အနေနှင့် ရန်ကိုင့်၏ အရှိန်အဝါမှာတော့ တဖြည်းဖြည်း ကျဆင်းလာနေခဲ့ရလေ၏။

ထိုအချက်ကို သဘောပေါက်လိုက်သည်နှင့် ရန်ကိုင်သည် မျက်လုံးကိုမှေးစင်းလျက် လေသံတိုးတိုးဖြင့် ရေရွတ်လိုက်လေသည်။ “ခွေးကောင်ကြီး… ခင်ဗျား ဘယ်လိုတောင် ကျုပ်ခွန်အားကို လာဝါးမျိုရဲတာလဲ…”

သေသေချာချာ လေ့လာစစ်ဆေးကြည့်ပြီးသည့်နောက် သဲလွန်စအချို့ကို ရန်ကိုင် ရှာတွေ့သွားခဲ့ရလေသည်။ ဝူမုန်ချွမ်အား သူ့လက်သီးဖြင့် ထိသွားသည့် အကြိမ်တိုင်းတွင် သူ့ခွန်အားတစ်ပိုင်းတစ်စ ပျောက်ကွယ်သွားခဲ့ပြီး ထိုခွန်အားကို ဝူမုန်ချွမ်က ဝါးမျိုပစ်သွားခဲ့ကြောင်းကို ရန်ကိုင်တွေ့ရှိလိုက်ရလေသည်။

ဝူမုန်ချွမ်က ဝါးလုံးကွဲအော်ရယ်မောလျက် ပြန်ပြောလိုက်လေသည်။ “ဒီဘုရင်က ကောင်းကင်ဝါးမျိုခြင်း တိုက်ပွဲဥပဒေသကို ကျင့်ကြံထားတာကွ… ဘယ်သူမှ ငါ့ပြိုင်ဘက်မဖြစ်နိုင်ဘူး… မင်း ဒီဘုရင်ကို တစ်ချက်တည်း မသတ်နိုင်သရွေ့ သေရမဲ့လူက မင်းပဲဖြစ်မှာ…”

သာမန်ဧကရာဇ်အဆင့် ပညာရှင်တစ်ဦးသည်ပင်လျှင် ဝူမုန်ချွမ်အား တစ်ချက်တည်းဖြင့် မသတ်ပစ်နိုင်ချေ။ ဧကရာဇ် ဒုတိယ၊ တတိယအဆင့်လောက် ရောက်နေသော ပညာရှင်များသည်သာ ဝူမုန်ချွမ်အား တိုက်ကွက်တစ်ကွက်တည်းဖြင့် သတ်ပစ်နိုင်ပေလိမ့်မည်။

အခြေအနေ သူ့ဘက် အရေးမသာသည်ကိုမြင်သော် ရန်ကိုင် အလျင်စလို ပြန်ဆုတ်လိုက်လေသည်။

သို့သော်ငြား ဝူမုန်ချွမ်က ကြမ်းကြုတ်ခက်ထန်စွာ အော်ရယ်မောရင်း ပြောလိုက်လေ၏။ “မင်း လာချင်တိုင်းလာ သွားချင်တိုင်းသွားလို့ရမယ် ထင်နေတာလားကွ… ကောင်းကင်ဝါးမျိုခြင်းနယ်ပယ်စက်ကွင်း ပွင့်လိုက်စမ်း…”

“ဘုန်း…”

အသွင်မဲ့စွမ်းအင်စက်ကွင်းတစ်ခု ပွင့်ထွက်လာခဲ့ပြီး ရန်ကိုင့်အား တမုဟုတ်ချည်း လွှမ်းခြုံသွားခဲ့လေသည်။ ထိုစွမ်းအင်စက်ကွင်းထဲတွင် ရှိနေသည့်အခါ သူ့ကိုယ်ထဲရှိ စွမ်းအင်များသည် တစိမ့်စိမ့်ဖြင့် စိမ့်ထွက်ကာ ဝူမုန်ချွမ်၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားနေကြောင်းကို တွေ့ရှိလိုက်ရလေသည်။ ထိုမျှသာလျှင် မဟုတ်သေးဘဲ သူ့အသက်စွမ်းအင်မှာလည်း ဝါးမျိုခံနေရသည့် အရိပ်အယောင်များ ပြသလာခဲ့လေသည်။

သူ့စွမ်းအင်နှင့် အသက်စွမ်းအင်များ လျော့ကျလာနေသည့်နှုန်းမှာ အချိန်ကြာလာသည်နှင့်အမျှ ပိုပို၍ မြန်ဆန်လာနေခဲ့လေသည်။

ကောင်းကင်ဝါးမျိုခြင်း တိုက်ပွဲဥပဒေသ၏ ကြောက်မက်ဖွယ်ရာစွမ်းအားကို နဖူးတွေ့ဒူးတွေ့ ကြုံလိုက်ရသော် ရန်ကိုင့်မျက်နှာတစ်ပြင်လုံး ကြောက်ရွံ့မှုကြောင့် ဖြူလျော်သွားခဲ့လေသည်။

ကျောက်တုံးကိုယ်ပွားသည် ကောင်းကင်ဝါးမျိုခြင်း တိုက်ပွဲဥပဒေသကို ကျင့်ကြံထားခဲ့ပါသော်ငြား သူ၏ စွမ်းရည်မှာ ဝူမုန်ချွမ်နှင့် ယှဉ်လိုက်သော် အတော်လေးကိုမှ နိမ့်ကျနေခဲ့လေသည်။ ထို့ပြင် ဝူမုန်ချွမ်ကျင့်ကြံထားသည်မှာ မူရင်းကျင့်စဉ်ဖြစ်လေ၏။ ထိုအကြောင်းကြောင့်ပင်လျှင် ကျောက်တုံးကိုယ်ပွားသည် ဝူမုန်ချွမ်ကဲ့သို့ နယ်ပယ်စက်ကွင်းတစ်ခုကို မဖန်တီးနိုင်ပေ။

လက်ရှိ ဝူမုန်ချွမ်ဖန်တီးထားသည့် နယ်ပယ်စက်ကွင်းအတွင်းတွင် ရှိနေသည့် အရာမှန်သမျှသည် ဝူမုန်ချွမ်စုပ်ယူရမည့် စွမ်းအင်အရင်းအမြစ်များ ဖြစ်လာလေတော့သည်။ တစ်ယောက်ယောက်သည်သာ ဤနယ်ပယ်စက်ကွင်းထဲနေ၍ သူနှင့် ယှဉ်ပြိုင်တိုက်ခိုက်မည်ဆိုပါက သူတို့၏ခွန်အား တဖြည်းဖြည်း နိမ့်ကျသွားရပေလိမ့်မည်။ ထိုကဲ့သို့သော တိုက်ပွဲမျိုးကို ဝူမုန်ချွမ်အနေဖြင့် အလွယ်တကူ အနိုင်ယူတိုက်ခိုက်နိုင်‌ပေ၏။

ရန်ကိုင့်မှာ အကြပ်ရိုက်နေတော့လေသည်။

“များလိုက်တဲ့အသက်စွမ်းအင်တွေပါလား… အရင်းအမြစ်ချီကလည်း သန့်စင်နေတာပဲ…” ဝူမုန်ချွမ်၏မျက်လုံးများ တဖျတ်ဖျတ် တောက်ပလာခဲ့လေသည်။ ရန်ကိုင်နှင့် တိုက်ခိုက်ရင်းမှ အံ့ဩတကြီးဖြင့် ရေရွတ်လိုက်လေသည်။ “ကောင်လေး… မင်းခန္ဓာကိုယ်ကို ဒီအထိတောင် သန့်စင်ထားတာလားကွ… ကောင်းတယ် ကောင်းတယ် ကောင်းတယ်… အခု ဒီဘုရင် ဧကရာဇ်အဆင့်ကို ချိုးဖြတ်သွားပြီဆိုတာနဲ့ ငါ့ခန္ဓာကိုယ်ကလည်း မင်းရဲ့ခန္ဓာကိုယ်လိုပဲ ဖြစ်လာတော့မှာ…”

ရန်ကိုင်က နှာခေါင်းရှုံ့လျက် ပြန်ပြောလိုက်လေသည်။ “ခင်ဗျား ကျုပ်ကို ဒီလောက်တောင် ဝါးမျိုပစ်ချင်နေတာလား… အစားလွန်ပြီး သေသွားဦးမယ်နော် သတိထားဦး…”

ထိုသို့ပြောပြီးသည့်နောက်တွင် လေဟာနယ်နိယာမစွမ်းအားများကို အသက်သွင်းလိုက်ရာ ပတ်ဝန်းကျင်ဟင်းလင်းပြင်တစ်ခုလုံး မတည်မငြိမ် ဖြစ်လာတော့လေသည်။

ဝူမုန်ချွမ်သည် ထိုအချင်းအရာအား မျက်လုံးအပြူးသားဖြင့် ကြည့်ရင်း ရေရွတ်လိုက်လေ၏။ “ဒါ… ဒါ… ဒါက လေဟာနယ်နိယာမစွမ်းအားတွေလား…”

ဝူမုန်ချွမ်မှာ နေ့ခင်းကြောင်တောင် တစ္ဆေသရဲတစ်ကောင်ကို မြင်လိုက်ရသည့်အလား အလွန်ကိုမှ ထိတ်လန့်တုန်လှုပ်နေခဲ့လေသည်။ သို့သော်ငြား ခဏအကြာ၌ အလွန်ကိုမှ ဝမ်းသာသွားဟန်ဖြင့် ပြန်ပြောလိုက်လေသည်။ “မင်း တကယ်ကြီး လေဟာနယ်တာအိုကို ဒီအဆင့်ထိတောင် ကျွမ်းကျင်ထားတာလား…”

ဝူမုန်ချွမ်၏ ဝမ်းသာအားရဖြစ်နေသည့် အမူအယာကိုမြင်သော် ရန်ကိုင် ရင်ထိတ်သွားခဲ့လေသည်။

သူ့ခမျာ ကောင်းကောင်း မစဉ်းစားရသေးခင်မှာပင် တစ်ခုခုမှားယွင်းနေမှန်းကို ရန်ကိုင် သတိထားမိသွားလေ၏။ “ခွေးသူတောင်းစားကြီး… ခင်ဗျား နိယာမစွမ်းအားတွေကိုပါ ဝါးမျိုပစ်နိုင်သေးတာလား…”

ဝူမုန်ချွမ်၏မျက်နှာထက် အလွန်ကိုမှ ကျေနပ်ပီတိဖြစ်နေသည့် အရိပ်အယောင်တို့ကို မြင်တွေ့နေခဲ့ရသည်။ ဝူမုန်ချွမ်သည် သူ့ပတ်ဝန်းကျင်တွင် ရှိနေသည့် အရာမှန်သမျှကို အရူးအမူး ဝါးမျိုပစ်နေရင်းမှ အော်ဟစ်ချီးကျူးလိုက်လေသည်။ “အံ့ဩဖို့ကောင်းလိုက်တာ… တကယ်ကို အံ့ဩစရာပဲ… လေဟာနယ်နိယာမစွမ်းအားတွေက ဒီလောက်တောင်ဆန်းကြယ်တာကိုး… ဒါကြောင့် လူတွေအများကြီး အဲဒါကို မကျင့်ကြံနိုင်ကြတာ…”

ရန်ကိုင်၏ လေဟာနယ်နိယာမစွမ်းအားများကို ဝါးမျိုပစ်ပြီးသည့်နောက်တွင် လေဟာနယ်တာအိုအပေါ် ဝူမုန်ချွမ်၏ နားလည်မှုမှာ မြင့်တက်လာရတော့လေသည်။

ဤအတိုင်းသာ ဆက်သွားနေမည်ဆိုပါက ဝူမုန်ချွမ်သည် လေဟာနယ်နိယာမစွမ်းအားများကို နားလည်သွားနိုင်ပေလိမ့်မည်။ ထိုမျှသာလျှင် မဟုတ်သေးဘဲ ရန်ကိုင်ကျွမ်းကျင်ထားသည့် လေဟာနယ်နိယာမပညာရပ်အားလုံးကိုလည်း တက်ကျွမ်းသွားပေလိမ့်မည်။

ယခုမှသာလျှင် ကောင်းကင်ဝါးမျိုခြင်း တိုက်ပွဲဥပဒေသ မည်မျှကြောက်မက်ဖွယ်ကောင်းကြောင်းကို ရန်ကိုင် နားလည်သွားတော့လေသည်။

လောကကြီးတွင် ဤကျင့်စဉ်မဝါးမျိုနိုင်သည့်အရာ လုံးဝမရှိချေ။

လူတစ်ဦး နားလည်သဘောပေါက်ထားသည့် နိယာမစွမ်းအား မည်မျှပင် အားကောင်း ဆန်းကြယ်နေစေကာမူ ကောင်းကင်ဝါးမျိုခြင်း တိုက်ပွဲဥပဒေသအား ကျင့်ကြံထားသည့်လူသည် သူကျင့်ကြံထားသည့် ကျင့်စဉ်ကို သုံးလျက် ထိုနိယာမစွမ်းအားကို ဝါးမျိုပစ်ကာ သူ့အပိုင်အဖြစ် လုပ်ယူပစ်နိုင်ပေသည်။ ဤသည်မှာ နေ့ခင်းကြောင်တောင် ဓါးပြတိုက်နေခြင်းသာ ဖြစ်လေသည်။ ထို့အပြင် ဓါးပြတိုက်ခံနေရသည့် လူမှာလည်း ဘာဆိုဘာမှ ပြန်မလုပ်နိုင်ပေ။

ကောင်းကင်ဝါးမြိုခြင်း မဟာဧကရာဇ်သည် မဟာဧကရာဇ်များနှင့် ယှဉ်ပြိုင်တိုက်ခိုက်ရာတွင် သူနှင့်အတူ မဟာဧကရာဇ်လေးပါးကိုပါ သေရွာသို့ ဆွဲခေါ်သွားနိုင်သည်မှာ အထူးအဆန်းမဟုတ်တော့ချေ။ ကောင်းကင်ဝါးမျိုခြင်း တိုက်ပွဲဥပဒေသမှာ ဤမျှ ကြောက်မက်ဖွယ်ကောင်းနေလေရာ မည်သူကများ သူ့ပြိုင်ဘက် ဖြစ်နိုင်ပါဦးမည်နည်း။

“အခု ဒီဘုရင် မင်းကို သတ်ဖို့တောင် နှမြောသွားပြီ…” ဝူမုန်ချွမ်သည် ရန်ကိုင့်အားကြည့်ရင်း အော်ပြောလိုက်လေသည်။ “ကောင်စုတ်လေး… ဒီဘုရင် မင်းကို နောက်ထပ် အခွင့်အရေးတစ်ခုပေးမယ်… ခုခံမနေတော့နဲ့… မင်းရဲ့အသိစိတ်ပင်လယ်ကို ဖွင့်ပြီး ဒီဘုရင်ရဲ့ ဝိညာဉ်အမှတ်အသားခပ်နှိပ်တာကို အေးအေးဆေးဆေးလေး ငြိမ်ခံနေလိုက်… နောက်ပိုင်း ဒီဘုရင် ကြယ်တာရာအစုအဝေးတစ်ခုလုံးကို အုပ်ချုပ်နိုင်တဲ့တစ်နေ့ မင်းကိုလည်း ကောင်းကောင်းပြန်ပြီး ပစားပေးမယ်… ဘယ်လိုထင်လဲ…”

“ချီးကိုထင်ရမှာလား…” ရန်ကိုင်သည် ဝူမုန်ချွမ်အား ဒေါသတကြီးစိုက်ကြည့်ရင်း အံကိုကြိတ်၍ ဧရာမလဓါးသွားနှစ်စင်းကို ဖန်တီးကာ ပစ်လွှတ်လိုက်လေသည်။

လဓါးသွားများကို မြင်ပြီးသည့်နောက် ဆန်းကြယ်သည့် အရာတစ်ခုခုကို မြင်လိုက်ရသည့်အလား ဝူမုန်ချွမ်၏မျက်လုံးများ တလက်လက် တောက်ပသွားခဲ့လေ၏။

တိုးဝင်လာနေသည့် လဓါးသွားများကို ရှောင်ရှားလျက် နှုတ်ခမ်းကိုသပ်ရင်းမှ ဝူမုန်ချွမ်က ပြန်ပြောလိုက်လေသည်။ “ဒီဘုရင် မင်းရဲ့ လေဟာနယ်နိယာမစွမ်းအားတွေကို တကယ်ကြိုက်နေပြီ… မင်းသာ ဒီဘုရင် လေဟာနယ်နိယာမစွမ်းအားကို ကျွမ်းကျင်အောင် ကူညီပေးနိုင်မယ်ဆိုလို့ရှိရင် ဒီဘုရင် မင်းကို ဆိုးဆိုးရွားရွား မဆက်ဆံဘူးလို့ အာမခံပေးတယ်…”

“ကောင်းပြီလေ… ခင်ဗျားလိုချင်တာ ကျုပ်ပေးရသေးတာပေါ့… ဒါပေမဲ့ ကျုပ် ခင်ဗျားဆီက တစ်ခုပြန်လိုချင်တယ်…” ရန်ကိုင်က ပြန်ပြောလိုက်လေသည်။

ဝူမုန်ချွမ်က သုန်သုန်မှုန်မှုန်ဖြင့် ပြန်ပြောလိုက်လေ၏။ “ဒီဘုရင်ရဲ့အသက်ဆိုရင်တော့ ဆက်ပြောမနေတော့နဲ့…”

ရန်ကိုင်က ပြန်ပြောလိုက်လေသည်။ “ခင်ဗျားက ဉာဏ်ပြေးတာပဲ… ခင်ဗျားမိဘတွေ ခင်ဗျားအတွက် ဂုဏ်မယူဘူးလား…”

ဝူမုန်ချွမ်က ပြန်ပြောလေ၏။ “ငါ့မိဘတွေ သေသွားတာ ကြာပြီ… သူတို့နဲ့ ဘာမှမဆိုင်ဘူး… မီးတောက် လာစမ်း…”

ဝူမုန်ချွမ်မှ ထိုကဲ့သို့ အော်ပြောလိုက်သည်နှင့် တစ်ပြိုင်နက် မီးဘောလုံးများ ဖြစ်တည်လာပြီး ရန်ကိုင့်ဆီသို့ တိုးဝင်သွားခဲ့လေသည်။ ထိုမီးတောက်များထဲတွင် အရာအားလုံးကို လောင်မြိုက်ပစ်နိုင်သော သန့်စင်လှသည့် မီးတောက်နိယာမစွမ်းအားတို့ ပါဝင်နေခဲ့လေ၏။

ဤမီးနိယာမစွမ်းအားသည် ဝူမုန်ချွမ်ကိုယ်တိုင် ကျင့်ကြံထားသည့် နိယာမစွမ်းအားမဟုတ်ဘဲ အခြားကျင့်ကြံသူများမှ ကျင့်ကြံထားသည့် မီးနိယာမစွမ်းအားကို ဝါးမျိုပြီးနောက် ရလာသည့် နိယာမမှန်း နားလည်လိုက်သည့်နောက် ရန်ကိုင့်၏မျက်နှာ သုန်မှုန်သွားခဲ့လေသည်။ သို့တိုင် ထိုမီးနိယာမစွမ်းအားသည် အထင်သေးသည့် အရာများ မဟုတ်ချေ။

“ဝဲကတော့…” ရန်ကိုင်သည် သူ့လက်ကို ဆန့်ထုတ်၍ မီးဘောလုံးရှေ့တည့်တည့်၌ တွင်းနက်တစ်ခု ဖန်တီးလိုက်လေ၏။

“မင်း ဘယ်တော့မှ အမှတ်မရှိပါလား…” ဝူမုန်ချွမ်သည် သူ့လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်လေသည်။ သူ့ဘယ်ဖက်လက်သည် မီးနိယာမစွမ်းအားဖြင့် ပြည့်နှက်နေခဲ့ပြီ ညာဘက်လက်မှာတော့ ရေခဲနိယာမစွမ်းအားဖြင့် ပြည့်နှက်နေခဲ့လေသည်။ နိယာမစွမ်းအားနှစ်ခု အတူထွက်ပေါ်လာသည့်အခါ တစ်ခုကိုတစ်ခု ဆန့်ကျင်ခြင်းမရှိဘဲ အတူတကွ ပေါင်းစပ်သွားခဲ့လေသည်။ ထို့နောက်တွင် ဝူမုန်ချွမ်က အော်ပြောလိုက်လေ၏။ “ဒီဘုရင်ဖန်တီးထားတာကို ခံစားကြည့်လိုက်ပေတော့… ဘုံကိုးခုရေခဲမီးတောက် သွားလိုက်စမ်း…”

“ရွှစ်…”

ထို့နောက်တွင် ဝူမုန်ချွမ်သည် လက်ဝါးနှစ်ဖက်ကို ရိုက်ချလိုက်ရာ ရေခဲနှင့် မီးနိယာမစွမ်းအားတို့ ပေါက်ကွဲထွက်လာခဲ့ပြီး လှိုင်းလုံးများနှယ် ဟင်းလင်းပြင်ထဲလဲ လူးလွန့်လျက် ရန်ကိုင်ဆီသို့ တိုးဝင်သွားလေသည်။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၄၈၀)

ပြင်းထန်သည့် စွမ်းအင်လှိုင်းတို့ တလှိမ့်လှိမ့် တိုးဝင်လာချိန် ရန်ကိုင်သည် ထိုစွမ်းအင်လှိုင်း၏ဒဏ်ကို ပထမဦးစွာ ခံစားလိုက်ရလေသည်။ နွံအိုင်တစ်ခုထဲသို့ ရောက်ရှိသွားသည့်အလား စွမ်းအင်လှိုင်းထဲသို့ တမုဟုတ်ချည်း နစ်ဝင်သွားခဲ့ရလေ၏။

“ဘုန်း ဘုန်း ဘုန်း…”

ဘုံကိုးဆင့်ရေခဲမီးတောက်သည် အချိန်အတိုင်းအတာ တစ်ခုထိကြာအောင် လောင်ကျွမ်းပေါက်ကွဲနေပြီးသည့် နောက်မှသာလျှင် တဖြည်းဖြည်းချင်း ပျောက်ကွယ်သွားခဲ့လေသည်။

ဝူမုန်ချွမ်သည် မြေပြင်ပေါ်တွင် ရပ်ရင်း သူရှေ့တည့်တည့်အား အလေးအနက် အမူအယာဖြင့် စိုက်ကြည့်နေခဲ့လေသည်။

ဖုန်များရှင်းလင်းသွားချိန် ရန်ကိုင်သည် ဟင်းလင်းပြင်ထဲ၌ ရပ်နေခဲ့လေ၏။ သူ့အဝတ်အစားများမှာမူ စုတ်ပြဲနေခဲ့လေသည်။ သူ့တစ်ကိုယ်လုံးမှာ ဖိုသီဖတ်သီဖြစ်နေသော်ငြား ရန်ကိုင်အသက်ရှင်နေသေးသည်မှာတော့ အသိသာကြီးပင်။ လက်ရှိတွင် ရန်ကိုင်သည် တည်ကြည်လေးနက်သည့်မျက်နှာထားဖြင့် နက်နဲဆန်းကြယ်သော လက်ကွက်များကို ဖန်တီးနေခဲ့လေသည်။

ထိုလက်ကွက်များနှင့်အတူ လက်ဆုပ်လက်ကိုင်မပြနိုင်သည့် အရှိန်အဝါတစ်ရပ်မှာ ရန်ကိုင်ပတ်ပတ်လည်သို့ တဖြည်းဖြည်းချင်း ပြန့်နှံ့လာခဲ့သည်။

လက်ကွက်များဖန်တီးနေသည့် ရန်ကိုင်ကိုကြည့်ရင်း ဝူမုန်ချွမ်စိတ်ထဲ အချက်ပေးခေါင်းလောင်းသံတို့ ဆူဝေလာခဲ့လေသည်။ ဘာကြောင့်မှန်းမသိ သူ့ပတ်ဝန်းကျင်ရှိ အချိန်စီးဆင်းမှုမှာ နှေးကျသွားသလို ခံစားလိုက်ရလေသည်။ သူ၏ သိမြင်ခံစားနိုင်စွမ်းများလည်း ဖိနှိပ်ခံလိုက်ရသလို သူ့ဘေးပတ်ဝန်းကျင်ရှိ အရာရာအားလုံးမှာ ရုတ်ချည်းဆိုသလို ရပ်တန့်သွားကြောင်း တွေ့ရှိလိုက်ရ၏။ ဤလောကကြီးတွင် ဆက်လက်လှုပ်ရှားနေသည့် အရာဆို၍ ရန်ကိုင့်၏လက်ကွက်များသာ ရှိနေတော့လေသည်။

လက်ကွက်များကို ဖန်တီးပြီးသည့်နောက်တွင် ရန်ကိုင်သည် သူ့လက်ဝါးနှစ်ဖက်ကို ရှေ့သို့တွန်းထုတ်လျက် လေသံတိုးတိုးဖြင့် ရေရွတ်လိုက်လေ၏။ “အချိန်ကုန်လွန်ခြင်းစည်းတံဆိပ်…”

တိုးဝင်လာနေသည့် တိုက်ခိုက်မှု၏ အန္တရာယ်အငွေ့အသက်ကို ခံစားမိလိုက်သော် ဝူမုန်ချွမ် တုန်လှုပ်ချောက်ခြားသွားခဲ့သည်။ သို့ရာတွင် လှုပ်ရန်မဆိုထားနှင့်၊ သူ့အတွေးများသည်ပင်လျှင် ရပ်တန့်နေသလို ဖြစ်သဖြင့် ဝူမုန်ချွမ်မှာ ထိုတိုက်ကွက်အား ရှောင်ရှားနိုင်ခြင်း မရှိခဲ့ပေ။

ဤအခိုက်အတန့်၌ ကောင်းကင်ဝါးမျိုခြင်း တိုက်ပွဲဥပဒေသသည်ပင်လျှင် သူ့အား မည်သည့် အကူအညီမှ မပေးနိုင်တော့ချေ။

အချိန်စည်းတံဆိပ်သည် မနှေးမမြန်နှုန်းဖြင့် ဝူမုန်ချွမ်ဆီသို့ တိုးဝင်လာနေ၏။

ထိုအခိုက်အတန့်တွင် ဝူမုန်ချွမ်သည် လျှာထိပ်ကိုကိုက်လျက် သွေးအဆီအနှစ်များကို ထွေးထုတ်လိုက်လေ၏။ ထို့နောက် သူ့လက်ကောက်ဝတ်ကို လှုပ်ခါလျက် သွေးနီရောင်ပုလင်းတစ်ပုလင်းကို ထုတ်ယူလိုက်လေသည်။ ထိုပုလင်းလေးမှာ သိပ်မကြီးလှ။ လက်ဖျံတစ်ချောင်းစာလောက်သာ ရှိသည်။ သို့သော်ငြား အလွန်သိပ်သည်းကြွယ်ဝသည့် သွေးအရှိန်အဝါတို့မှာတော့ ပုလင်းဆီမှ ထွက်ပေါ်နေ၏။

ရုတ်တရက်ဆိုသလို နီရဲတောက်နေသော သွေးနီရောင်အလင်းတန်းတစ်ခုသည် သွေးပုလင်းဆီမှ ပျံသန်းထွက်လာခဲ့လေသည်။ ထိုအလင်းတန်းထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ပတ်ဝန်းကျင်လေထုတစ်ခုလုံး သွေးညှီနံ့များဖြင့် ထောင်းထွက်သွားခဲ့သလို ဟင်းလင်းပြင်တစ်ခုလုံးဟာလည်း သွေးပင်လယ်ကြီး၏ လွှမ်းခြုံသွားခြင်း ခံရတော့လေသည်။

“ဘုန်း ဘုန်း ဘုန်း…”

သွေးပင်လယ်ကြီးအား အချိန်ကုန်လွန်ခြင်း စည်းတံဆိပ်မှ လာရောက်ရိုက်ခတ်လိုက်သည်နှင့် တစ်ပြိုင်နက် အလွန်ပြင်းထန်သည့် စွမ်းအင်လှိုင်းတို့ ဖြာထွက်လာတော့လေသည်။ သွေးပင်လယ်တစ်ခုလုံး တဝုန်းဝုန်း မြည်ဟည်းလာခဲ့ပြီး ဝူမုန်ချွမ်သည်လည်း တစ်ကြိမ်ပြီးတစ်ကြိမ် အော်ဟစ်ငြီးတွားလိုက်ရင်း နောက်သို့ ဒယီးဒယိုင် ဆုတ်သွားခဲ့ရလေသည်။

ဤထူးဆန်းလှသည့် မှော်ရတနာကို အချိန်မီ ထုတ်ယူနိုင်ခဲ့ပါသော်ငြား အချိန်မြစ်မဟာဧကရာဇ်၏စွမ်းရည်ကြောင့် သူ့မျက်နှာမှာ လျင်မြန်စွာ အိုမင်းလာခဲ့လေသည်။ ဝူမုန်ချွမ်၏ လက်ရှိပုံစံသည် ဆိုးဆိုးရွားရွား ဒဏ်ရာရထားသည့် ပုံစံမျိုး ပေါက်နေသော်ငြား သူ့အမူအယာမှာမူ ထူးထူးခြားခြားကို တည်ငြိမ်နေခဲ့လေ၏။

ထို့နောက် ရန်ကိုင့်ဘက်သို့ လှည့်၍ ပြောလိုက်လေ၏။ “မင်းမှာ ဒီလိုစွမ်းရည်မျိုး ရှိနေလိမ့်မယ်လို့ ငါတကယ်မထင်ထားခဲ့ဘူး…”

ရန်ကိုင်သည် မျက်မှောင်ကြုတ်လျက် ဝူမုန်ချွမ်အား ငုံ့ကြည့်လိုက်လေသည်။

ဝူမုန်ချွမ် သွေးနီရောင်ပုလင်းလေးအား ထုတ်ယူလိုက်သည်မှာ အသက်သုံးရှိုက်စာသာ ရှိသေးသော်ငြား ပတ်ဝန်းကျင်တစ်ခုလုံးမှာတော့ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ရလေပြီ။

ပတ်ဝန်းကျင်တစ်ခုလုံးမှာ သွေးညှီနံ့များဖြင့် ပြည့်နှက်နေပြီး အောက်ဘက်ရှိ သွေးပင်လယ်ကြီးဆီမှလည်း တိုးလျလျ ကျေားချမ်းစရာအသံများလည်း အဆက်မပြတ် ထွက်ပေါ်နေခဲ့သည်။

ပတ်ဝန်းကျင်တစ်ခုလုံး သွေးပင်လယ်ကြီး၏ ပိတ်လှောင်ပစ်ခြင်း ခံလိုက်ရသည့်ပုံပင်။ လေဟာနယ်တာအိုကို ကျွမ်းကျင်ထားသော ရန်ကိုင်သည်ပင်လျှင် ပြင်ပလောကကြီးနှင့် အဆက်အသွယ်ပြတ်သွားခဲ့ရလေသည်။ ကြည့်ရသလောက် ဤသွေးပင်လယ်ကြီးသည် ဟင်းလင်းပြင်တစ်ခုလုံးကို ပိတ်လှောင်၍ ကမ္ဘာငယ်လေးတစ်ခုအသွင်အဖြစ်သို့ ပြောင်းလဲပစ်လိုက်သည့်ပုံပင်။

(ဘာကြီးလဲ…) ရန်ကိုင် ဇဝေဇဝါ ဖြစ်နေတော့လေသည်။ သွေးနီရောင်ပုလင်းလေးသည် အလွန်ကိုမှ အားကောင်းလှသော ဧကရာဇ်အဆင့် မှော်ရတနာတစ်ခု ဖြစ်ရမည်မှန်းတော့ သူ့စိတ်ထဲ သေချာ သိနေခဲ့လေသည်။

ဤသွေးနီရောင်ပုလင်းသည် ကောင်းကင်ဝါးမျိုခြင်း မဟာဧကရာဇ်မှ လက်ဆင့်ကမ်းပေးခဲ့သော ဧကရာဇ်အဆင့်မှော်ရတနာတစ်ခုပင် ဖြစ်နေနိုင်ပေသေးသည်။ တကယ်တော့ ဝူမုန်ချွမ်သည် တာအိုသခင်အဆင့်သာ ရှိသေးသည် မဟုတ်ပေလော။ ဧကရာဇ်အဆင့်သို့ မရောက်သေးသည့်အတွက်ကြောင့် သူ့အနေဖြင့် အခြားလူတစ်ဦးအား ဧကရာဇ်အဆင့် မှော်ရတနာတစ်ခု သန့်စင်ပေးရန် သွားရောက်တောင်းဆိုနိုင်လိမ့်မည် မဟုတ်ချေ။

ရန်ကိုင် မျက်မှောင်ကြုတ်မိနေခဲ့လေသည်။ ဤမှော်ရတနာသည်သာ ကောင်းကင်ဝါးမျိုခြင်းမဟာဧကရာဇ်၏ မှော်ရတနာဖြစ်သည်ဆိုပါက သူ့အတွက်တော့ အတော်လေးပြဿနာများပေပြီ။

“ကောင်စုတ်လေး… မင်း သုံးသွားတာ ဘာပညာရပ်လဲ… မင်းရဲ့လေဟာနယ်နိယာမစွမ်းအားတွေနဲ့ လုံးဝမတူပါလား…” ဝူမုန်ချွမ်က လှမ်းအော်မေးလေသည်။

ရန်ကိုင်သည် ဝူမုန်ချွမ်အား အေးစက်စက်အကြည့်ဖြင့် စိုက်ကြည့်၍သာ ပြန်ပြောလိုက်လေသည်။ “သေတော့မယ့်လူက ဘာတွေဒီလောက်မေးနေတာလဲ…”

ဝူမုန်ချွမ်မှာ အံ့အားသင့်သွားခဲ့ပြီး ချက်ချင်းပဲ အော်ရယ်မော၍ ပြန်ပြောလိုက်လေသည်။ “မင်းက တကယ်ကို သတ္တိရှိတဲ့ကောင်ပဲကွ… ဒီဘုရင်ကို သွေးဝိဉာဉ်ပုလင်း ထုတ်သုံးလာနိုင်အောင်ကို တွန်းအားပေးနိုင်တာ မင်းကိုယ်မင်း ဂုဏ်ယူသင့်နေပြီ…”

“သွေးဝိဉာဉ်ပုလင်း…” ရန်ကိုင် မျက်ခုံးပင့်သွားခဲ့လေသည်။ ဤဧကရာဇ်အဆင့် မှော်ရတနာ၏ နာမည်ကို မှတ်သားထားလိုက်တော့လေ၏။

“ဟုတ်တယ်…” ဝူမုန်ချွမ်က ဂုဏ်ယူဝံ့ကြွားနေဟန်ဖြင့် ပြောလိုက်လေသည်။ “ဒါ ငါ့ဘိုးဘေးဆီကနေ လက်ခံရရှိထားတဲ့ ဧကရာဇ်အဆင့် မှော်ရတနာပဲ… ဝူမိသားစုရဲ့ သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားတဲ့လူတွေပဲ ဒီသွေးပုလင်းကို သုံးနိုင်မှာ… အခြားလူတွေသုံးနိုင်မှာမဟုတ်ဘူး… ဒီသွေးဝိဉာဉ်ပုလင်းက ငါ့ဘိုးဘေးရဲ့ ဖန်တီးမှုတွေထဲမှာ ထိပ်တန်းအဆင့်ကို မရောက်ပေမဲ့ မင်းကိုကိုင်တွယ်ဖို့ကတော့ ဒီလောက်နဲ့တင် လုံလောက်တယ်”

(ဒီတော့ ဒါက ကောင်းကင်ဝါးမျိုခြင်းမဟာဧကရာဇ် လက်ဆင့်ကမ်းပေးခဲ့တဲ့ ဧကရာဇ်အဆင့် မှော်ရတနာကြီး တကယ်ဖြစ်နေတာပေါ့…) ရန်ကိုင် တွေးလိုက်လေသည်။

ဝူမုန်ချွမ်က ဆက်ပြောလိုက်လေ၏။ “လေဟာနယ်တာအိုကို ကျွမ်းကျင်ထားတယ်ဆိုရင်တောင် မင်း ဒီနေ့ ဒီဘုရင်ရဲ့ သွေးဝိဉာဉ်ပုလင်းလက်ကနေ လုံးဝ ထွက်ပြေးနိုင်မှာမဟုတ်ဘူး… မင်း အခု အညံ့ခံရင်ခံ မခံရင် အသေပဲ…”

ရန်ကိုင်လှောင်ပြုံးပြုံးလျက် ပြန်၍ပြောဆိုလိုက်လေသည်။ “ခင်ဗျားကိုယ်ခင်ဗျားသာ ဂရုစိုက်နေစမ်းပါ… ကျုပ်တိုက်ကွက်ကို ထိသွားပြီဆိုမှတော့ ခင်ဗျား ဘယ်လောက်ကြာကြာ အသက်ရှင်နိုင်ဦးမှာလဲ…” အချိန်ကုန်လွန်ခြင်းစည်းတံဆိပ်ကိုသုံး၍ သူလိုချင်သည့် ရလဒ်မျိုး ရအောင် မလုပ်နိုင်ခဲ့ပါသော်ငြား အနည်းဆုံးတော့ ဝူမုန်ချွမ် ဒဏ်ရာရသွားခဲ့လေသည်။ အိုမင်းရင့်ရော်လာနေသော သူ့မျက်နှာမှာ အကောင်းဆုံး သက်သေသာ ဖြစ်လေ၏။ ထို့အပြင် သူ့ကိုယ်ထဲသို့ တိုးဝင်ရောက်သွားသော အချိန်စွမ်းအားကို ဝူမုန်ချွမ်အနေဖြင့် အလွယ်တကူ ဖျက်ဆီးပစ်နိုင်လိမ့်မည် မဟုတ်ချေ။ အချိန်ကုန်လွန်ခြင်းစွမ်းအားသည် ဝူမုန်ချွမ်၏ အသက်စွမ်းအင်ကို တတိတိနှင့် လှိုက်စားနေမည်ဖြစ်လေရာ ဝူမုန်ချွမ်သည် တဖြည်းဖြည်းနှင့် အိုမင်းကာ သေသွားရပေလိမ့်မည်။

“ဘာမဟုတ်တဲ့ကျင့်စဉ်လေးကများ ငါ့ကို ဘာလုပ်နိုင်မှာမို့လို့လဲ…” ထိုသို့အေးစက်စက်လေသံဖြင့် ရေရွတ်လိုက်ပြီးသည့်နောက် ဝူမုန်ချွမ်သည် သူ့လက်ကို ဆန့်ထုတ်လိုက်လေသည်။ အောက်ဘက်တွင်ရှိနေသော သွေးနီရောင်ရေများသည် ပင်လယ်ထဲသို့ ပြန်လည်စီးဝင်နေကြသည့် ချောင်းငယ်လေးများအလား ဝူမုန်ချွမ်ဆီသို့ စီးဝင်လာကြလေသည်။ ထိုသွေးရောင်ရေများ သူ့ကိုယ်ထဲသို့ စီးဝင်လာပြီးသည့်နောက်တွင် အိုမင်းလာနေသော ဝူမုန်ချွမ်၏မျက်နှာမှာ တမုဟုတ်ချည်း ပြန်လည်စိုပြေလာခဲ့လေ၏။

သို့သော်ငြား ဝူမုန်ချွမ် မျက်မှောင်ကြုတ်နေသည်ကို ရန်ကိုင် သတိထားမိလိုက်သည်။ မျက်မှောင်ကြုတ်နေသည်ဟု ပြောရမည့်အစား ထိတ်လန့်နေသည်ဟု ပြောလျှင် ပိုမှန်ပေလိမ့်မည်။

အကြောင်းမှာ အကောင်းအတိုင်းပြန်ဖြစ်သွားသော သူ့မျက်နှာ လျင်မြန်စွာပင် ပြန်လည် အိုမင်းလာသည့်အတွက်ကြောင့်ပင် ဖြစ်သည်။

“ဘယ်လိုစွမ်းအားကြီးလဲ…” ဝူမုန်ချွမ်မှာ အထိတ်ထိတ်အပျာပျာဖြင့် အလန့်တကြား ကောက်မေးတော့လေသည်။

သွေးကိုသုံးလျက် သူ့အသက်စွမ်းအင်ကို ပြန်လည်ဖြည့်တင်းသည့် နည်းလမ်းမှာ ယာယီသာ အလုပ်ဖြစ်ပေသည်။ သူသာ ဤနေရာရှိ သွေးများကို တောက်လျှောက် စုပ်ယူမနေပါက အနှေးနဲ့အမြန်ဆိုသလို သေသွားရပေလိမ့်မည်။ ထိုအချက်ကိုနားလည်လိုက်သော် ဝူမုန်ချွမ်မှာ အကြောက်ကြီး ကြောက်မိသွားလေ၏။

ရန်ကိုင်က ဝါးလုံးအော်ရယ်မောလျက် “ဘယ်အရာကိုမဆို ခင်ဗျား ဝါးမျိုပစ်နိုင်တယ်မဟုတ်ဘူးလား… အခုလည်း ဝါးမျိုပြစမ်းပါဦး… လုပ်ပါဦး ကျုပ်ကြည့်နေတယ်…” ရန်ကိုင်က ချိုးချိုးဖဲ့ဖဲ့ လှောင်ပြောင်ပြောဆိုလိုက်လေသည်။

“ကောင်လေး… မင်း သေချင်နေတာပဲ… အစကတော့ ငါ့အတွက် အသုံးလိုလာရင် သုံးဖို့ မင်းကို အသက်ရှင်လျက် ထားဦးမလို့ပဲ… ဒါပေမဲ့ ကြည့်ရတာ ငါမင်းကိုသတ်မှ ရတော့မယ်နဲ့တူတယ်…” ဝူမုန်ချွမ်သည် ဒေါသူပုန်ထသွားသည့်အလား သူ့လက်အား အရူးအမူး ဝှေ့ယမ်းလိုက်လေသည်။ အောက်ဘက်ရှိ သွေးပင်လယ်တစ်ခုလုံး လှိုင်းထန်လာခဲ့ပြီး သွေးနီရောင်နဂါးကြီးတစ်ကောင် ပင်လယ်မျက်နှာပြင်မှ တိုးထွက်လာခဲ့လေ၏။ သွေးနီရောင်နဂါးကြီးမှာ အစစ်အမှန်နဂါးတစ်ကောင်အလား ထင်မှတ်ရပြီး ၎င်း၏မျက်လုံးများမှာလည်း အိမ်တစ်လုံးစာအရွယ်မျှ ကြီးမားလှပေသည်။ ပေါ်လာပြီးသည်နှင့်တစ်ပြိုင်နက် သွေးနီရောင်နဂါးသည် ၎င်း၏ပါးစပ်ကြီးကိုဟလျက် လက်သည်းများဖြင့် ရန်ကိုင့်တည့်တည့်သို့ ကုတ်ချလိုက်လေ၏။

သို့ရာတွင် ရန်ကိုင်ကမူ အနည်းငယ်မျှပင် ထိတ်လန့်သွားခဲ့ခြင်း မရှိဘဲ တည်တည်ငြိမ်ငြိမ်ဖြင့်သာ ရပ်နေသဖြင့် ဝူမုန်ချွမ် အံ့အားသင့်သွားခဲ့ရပြန်လေသည်။

(ဒီကောင် ဘာကြံနေတာလဲ…) ရန်ကိုင်ဘာကြံနေလို့ ကြံနေမှန်း မသိသဖြင့် ဝူမုန်ချွမ်မှာ စတင်၍ စိုးရိမ်စိတ်ပူလာတော့လေသည်။ မတော်တဆ မဖြစ်ရလေအောင် ဝူမုန်ချွမ်သည် သွေးနီရောင်နဂါးများကို ထပ်မံဖန်တီးလျက် ရန်ကိုင့်အား ဘက်ပေါင်းစုံမှ တိုက်ခိုက်စေလိုက်၏။

ရန်ကိုင်က နှာခေါင်းရှုံ့လျက် ပြန်ပြောလိုက်လေသည်။ “ဝူမုန်ချွမ်… ခင်ဗျားရဲ့ စွမ်းအားက ဒီသခင်လေးမျှော်မှန်းထားတာထက်ကို အများကြီးပိုသာနေတယ်… ကျုပ်ကို ဒီမှော်ရတနာထုတ်သုံးလာအောင် တွန်းအားပေးနိုင်တာ ခင်ဗျားကိုယ်ခင်ဗျား ဂုဏ်ယူသင့်တယ်…”

ရန်ကိုင်သည် အစောပိုင်းက ဝူမုန်ချွမ်ပြောခဲ့သည့် ပုံစံမျိုးဖြင့် ပြန်ပြောလေသည်။

ဝူမုန်ချွမ်မှာ ရန်ကိုင့်စကားကို ကြားပြီးသည့်နောက် ဒေါသအမျက်ချောင်းချောင်း ထွက်သွားလေ၏။ “မင်းကများ ဒီဘုရင်ရှေ့မှာ လာမောက်မာရဲတယ်… ဒီဘုရင်ရဲ့သွေးဝိဉာဉ်ပုလင်းရှေ့မှာ မင်းပိုင်ဆိုင်ထားတဲ့အရာမှန်သမျှ ဘာဆိုဘာမှ မဟုတ်တော့ဘူးကွ… သေလိုက်ပေတော့…”

“သေရမှာက ခင်ဗျားပဲ…” ရန်ကိုင်က ပြန်ပြောလိုက်လေသည်။

ထိုကဲ့သို့ ပြောပြီးသွားသည်နှင့် တစ်ပြိုင်နက် သူ့လက်ကိုဆန့်ထုတ်၍ တောင်နဲ့မြစ်ခေါင်းလောင်းကို ဆင့်ခေါ်လိုက်လေ၏။ ထို့နောက် အရင်းအမြစ်ချီနှင့် စိတ်စွမ်းအင်များကို ခေါင်းလောင်းထဲသို့ အရူးအမူး ထည့်သွင်းတော့လေ၏။

တောင်နဲ့မြစ်ခေါင်းလောင်း၏ အရွယ်အစားမှာ လျင်မြန်စွာ ကြီးထွားလာခဲ့လေသည်။ ခေါင်းလောင်း၏မျက်နှာပြင်ထက်တွင် ရှိနေသော ကြီးကျယ်ခမ်းနားလှသည့် ရုန်းအက္ခရာများမှာလည်း အသက်ဝင်လာသည့်အလား ရှေးကျသည့် အရှိန်အဝါကို ထုတ်လွှတ်လာခဲ့သည်။

“ဒါ… ဒါက…” တောင်နဲ့မြစ်ခေါင်းလောင်းကိုကြည့်ရင်း ဝူမုန်ချွမ်၏မျက်လုံးများ ပြူးကျယ်သွားခဲ့လေသည်။ အလွန်ကိုမှ အံ့ဩလွန်းသဖြင့် သူ့လျှာသူ ပြန်ကိုက်လုမတတ်ပင် ဖြစ်သွားခဲ့လေသည်။ ကောင်းကင်ဝါးမျိုခြင်းမဟာဧကရာဇ်၏ မျိုးဆက်တစ်ဦး ဖြစ်သည့်အလျောက် ဝူမုန်ချွမ်သည် ကြယ်ပျက်ပင်လယ်ကြီးထဲတွင် ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများကို ဤနေရာတွင် ရှိနေသည့် မည်သူ့ထက်မဆို ပိုသိပေသည်။ မည်သည့်မဟာဧကရာဇ်များ ဤနေရာတွင် သေသွားခဲ့သလဲ၊ မည်ကဲ့သို့သော မှော်ရတနာများ ဤနေရာတွင် ကျန်ခဲ့သလဲ ဆိုသည်ကို သူကောင်းကောင်းသိနေခဲ့သည်။

ထို့အတွက်ကြောင့် တောင်နဲ့မြစ်ခေါင်းလောင်းကို မြင်သည်နှင့် ချက်ချင်း မှတ်မိလိုက်လေသည်။

“မဖြစ်နိုင်ဘူး…” ဝူမုန်ချွမ်က အလန့်တကြား ထအော်လေ၏။

မည်သို့ပင်ဖြစ်နေစေကာမူ ရန်ကိုင် တောင်နဲ့မြစ်ခေါင်းလောင်းအား ရသွားသည်ကို ဝူမုန်ချွမ် လုံးဝ မယုံကြည်နိုင်ခဲ့ချေ။

ဤမှော်ရတနာမှာ ယွမ်တင်းမဟာဧကရာဇ်၏ မှော်ရတနာတစ်ခုဖြစ်ကာ ရှေးဟောင်းတောအုပ်ထဲမှ ယွမ်တင်းမဟာဧကရာဇ်ကိုယ်တိုင် ထုတ်ယူလာသည့် ရှေးခေတ် မှော်ရတနာတစ်ခု ဖြစ်ပေသည်။

သို့သော်ငြား တောင်နဲ့မြစ်ခေါင်းလောင်းသည် ဖီးနစ်မီးတောက်ကို ဖိနှိပ်ထားနိုင်ရန်အတွက် ဟင်းလင်းပြင်ထဲသို့ ထွက်ပြေးသွားခဲ့သည် မဟုတ်ပေလော။ ဘာကြောင့်များ ရန်ကိုင့်လက်ထဲသို့ ရောက်နေရသနည်း။

တောင်နဲ့မြစ်ခေါင်းလောင်းသည်သာ ဤနေရာသို့ ရောက်နေလျှင် ဖီးနစ်မီးတောက်ကော မည်သည့်နေရာသို့ ရောက်နေသနည်း။

ဤအရာကြီးသည်သာ တောင်နဲ့မြစ်ခေါင်းလောင်း အမှန်ဆိုပါက ဝူမုန်ချွမ်တော့ ဒုက္ခလှလှနှင့် တွေ့ရလေပြီ။

“ဒေါင်…” သာယာချိုသာလှသော ခေါင်းလောင်းသံတစ်သံနှင့်အတူ စွမ်းအင်လှိုင်းတစ်လှိုင်းသည် အဘက်ဘက်သို့ ပျံ့လွင့်လာခဲ့လေသည်။ ထိုအသံလှိုင်းထဲတွင် ကောင်းကင်နှင့် မြေပြင်တစ်ခုလုံးကိုပါ ဖျက်ဆီးပစ်နိုင်သော စွမ်းအားတို့သာလျှင် မဟုတ်ဘဲ မည်သည့်အရာကိုမဆိုပင်လျှင် ဖိနှိပ်ပစ်နိုင်သော ဖိအားတို့လည်း ပါဝင်နေခဲ့လေသည်။

အသံလှိုင်းနှင့်အတွေ့တွင် ရန်ကိုင့်ဆီသို့ ပြေးဝင်လာနေသော သွေးနဂါးအားလုံး သွေးကန်များအဖြစ်သို့ ပေါက်ကွဲထွက်ကုန်ကြလေ၏။ ဝူမုန်ချွမ်လည်း ဒယီးဒယိုင်ဖြင့် နောက်သို့ ဆုတ်သွားရလေသည်။ သွေးများသည် သူ၏ ဒွာရခုနှစ်ပေါက်မှ တရဟော စီးကျလာခဲ့လေသည်။ ဤခေါင်းလောင်းကြီးသည် အစစ်အမှန် တောင်နဲ့မြစ်ခေါင်းလောင်း ဖြစ်ပေသည်။

သူ့မြင်ကွင်းတစ်ခုလုံး အဖြူအနက်ဖြစ်ကုန်ပြီး တစ်ခေါင်းလုံးမှာလည်း ချာချာကိုလည်နေတော့လေ၏။ တောင်နဲ့မြစ်ခေါင်းလောင်း၏ စွမ်းအားကို ကိုယ်တိုင်ခံစားလိုက်ဖူးသွားပြီ ဖြစ်သည့်အတွက်ကြောင့် ဤခေါင်းလောင်းအပေါ် ဆက်၍ သံသယမဝင်တော့ချေ။

ထို့အပြင် တောင်နဲ့မြစ်ခေါင်းလောင်းမှ ထွက်ပေါ်လာသည့် အသံလှိုင်း၏ ဖိနှိပ်မှုကြောင့် ဝူမုန်ချွမ်မှာ ကြိုးများဖြင့် တုပ်လှောင်ထားခံရသည့်အလား တောင့်တောင့်ကြီး ဖြစ်သွားတော့လေသည်။ အောက်ဘက်ရှိဆူပွက်နေသော သွေးပင်လယ်ကြီးသည်ပင်လျှင် ယခင်ကကဲ့သို့ လှိုင်းထနေခြင်း မရှိတော့ဘဲ ပကတိ ငြိမ်သက်နေလေ၏။

တောင်နဲ့မြစ်ခေါင်းလောင်း၏ ခေါင်းလောင်းသံမှာ မည်သည့်အရာကိုမဆို ဖိနှိပ်ပစ်သည်မှာ အမှန်တရားပင် ဖြစ်လေသည်။

ကောင်းကင်ဝါးမျိုခြင်း မဝါးမျိုပစ်နိုင်သည့် မည်သည့်အရာမှ မရှိသလို တောင်နဲ့မြစ်ခေါင်းလောင်း မဖိနှိပ်နိုင်သည့် အရာဆိုသည်မှာလည်း မရှိချေ။

“အဟွတ်…”

အဆုံးတွင် ဝူမုန်ချွမ်မှာ ဆက်၍ တောင့်မခံနိုင်တော့ဘဲ သွေးတစ်ပွက် ထိုးအန်လိုက်ရပြီး သူ့မျက်နှာတစ်ခုလုံးမှာလည်း လျင်မြန်စွာ အိုမင်းလာတော့လေသည်။

ရန်ကိုင်က အေးစက်စက်လေသံဖြင့် နှာခေါင်းရှုံ့လိုက်လေ၏။ “ဝူမုန်ချွမ်… ဒီနေရာက ခင်ဗျားရဲ့ သင်္ချိုင်းပဲ… အခု အေးအေးဆေးဆေး သေလိုက်ပေတော့…”

ထိုသို့ပြောပြီးသည့်နောက် သူ့လက်အား ရိုက်ချလိုက်ရာ တောင်နဲ့မြစ်ခေါင်းလောင်းသည် သွေးပင်လယ်ပေါ်သို့ တဟုန်ထိုး ကျဆင်းလာခဲ့လေသည်။

ထို့နောက်တွင် တောင်နဲ့မြစ်ခေါင်းလောင်းသည် သွေးပင်လယ်ထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားခဲ့လေသည်။

တစ်ခဏအကြာ၌ သွေးပင်လယ်တစ်ခုလုံး ပွက်ပွက်ဆူလာပြီး အက်ကွဲသံများ နေရာအနှံ့ဆီမှ ထွက်ပေါ်လာခဲ့လေ၏။

ထိုအချင်းအရာကိုမြင်သော် ဝူမုန်ချွမ် တုန်လှုပ်ခြောက်ခြားသွားပြီး အလန့်တကြား ထအော်လေ၏။ “ရပ်လိုက်တော့… ရပ်လိုက်တော့… မဟုတ်ရင် ဒီဘုရင်ရဲ့ သွေးဝိဉာဉ်ပုလင်း ပျက်စီးသွားလိမ့်မယ်…”

သူတို့ရှိနေသည့်နေရာသည် သွေးဝိဉာဉ်ပုလင်းမှ ပိတ်လှောင်ထားသည့် သီးခြားနေရာတစ်ခု ဖြစ်ပေသည်။ တစ်နည်းဆိုရသော် ပတ်ပတ်လည်တစ်ခုလုံး အချုပ်အနှောင်များဖြင့် တင်းတင်းကြပ်ကြပ် ရစ်ပတ်ထားခြင်း ဖြစ်လေ၏။ လက်ရှိအချိန်တွင် တောင်နဲ့မြစ်ခေါင်းလောင်းသည် ထိုအချုပ်အနှောင်များကို တစ်စချင်းစီ ဖျက်ဆီးပစ်နေခဲ့လေသည်။ ဤအတိုင်းသာ ဆက်သွားနေမည်ဆိုပါက ကောင်းကင်ဝါးမျိုခြင်းမဟာဧကရာဇ်မှ လက်ဆင့်ကမ်းပေးခဲ့သော ဧကရာဇ်အဆင့် မှော်ရတနာ အကြီးအကျယ် ထိခိုက်သွားရပေတော့မည်။

ရန်ကိုင်က လှောင်ပြုံးပြုံးလျက် “သေရတော့မှာကိုတောင် ခင်ဗျားက အဲ့ပုလင်းကို စိတ်ပူနေနိုင်သေးတယ်ပေါ့…”

သွေးဝိဉာဉ်ပုလင်းသာ သူ့အတွက် အသုံးဝင်မည်ဆိုပါက ရန်ကိုင် ဤကဲ့သို့ လုပ်ခဲ့လိမ့်မည် မဟုတ်ချေ။ တကယ်တော့ ထိုအရာသည် ကောင်းကင်ဝါးမျိုခြင်းမဟာဧကရာဇ်မှ လက်ဆင့်ကမ်းပေးခဲ့သော ရတနာတစ်ခုပင် မဟုတ်လေလော။ ၎င်း၏တန်ဖိုးမှာ လုံးဝကို အဖိုးမဖြတ်နိုင်ပေ။ သို့သော်ငြား ဤသွေးဝိဉာဉ်ပုလင်းကို ဝူမိသားစု၏ သွေးမျိုးဆက်ပါသော လူများသည်သာ အသုံးပြု၍ရသည်ဟု ဝူမုန်ချွမ်မှ ပြောသွားခဲ့လေသည်။ သူ့အတွက်အသုံးမဝင်မှဖြင့် ဖျက်စီးပစ်လိုက်ခြင်းသည်သာ အကောင်းဆုံး ဖြစ်ပေသည်။

ထို့အတွက်ကြောင့် သနားညှာတာခြင်းမရှိ တိုက်ခိုက်လိုက်ခြင်းဖြစ်ပေသည်။

“ခရက်…”

ဝူမုန်ချွမ်၏မျက်နှာ ဖြူလျော်သွားခဲ့ပြီး အော်ပြောလိုက်လေသည်။ “ရပ်လိုက်တော့… ငါမင်းကို ပြောစရာရှိတယ်…”

ရန်ကိုင်က အေးစက်စက်လေသံဖြင့် ပြန်ပြောလိုက်လေသည်။ “ခင်ဗျားဘာပြောပြော ကျုပ် နားထောင်နေတော့မှာမဟုတ်ဘူး…”

သွေးပင်လယ်မှ လွှမ်းခြုံထားသည့် ကမ္ဘာလောကကြီးတစ်ခုလုံးသည် အက်ကွဲသံကြီးနှင့်အတူ ပျက်စီးသွားခဲ့လေသည်။ ဟင်းလင်းပြင် တစ်ခုလုံးကို ပိတ်လှောင်ထားသည့် ထူးခြားသောစွမ်းအင်မှာလည်း တမုဟုတ်ချည်း ပျောက်ကွယ်သွားတော့လေသည်။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၄၈၁)

ဟင်းလင်းပြင်ထဲရှိ သွေးပင်လယ်ကြီး ပျက်စီးသွားခဲ့ပြီး ပတ်ဝန်းကျင်တစ်ခုလုံးအား လွှမ်းခြုံထားသည့် ကြက်သွေးရောင် ကောင်းကင်ကြီးမှာလည်း ပျောက်ကွယ်သွားခဲ့သည်။

မျက်တောင်တစ်ခတ်အတွင်း သွေးများဖြင့် ပြည့်နေသော လောကကြီးတစ်ခုလုံး ပျောက်ကွယ်သွားတော့လေ၏။

ခပ်လှမ်းလှမ်းတွင်ရှိနေသည့် ဝူမုန်ချွမ်၏မျက်နှာမှာတော့ လုံးဝကို ဖြူဖတ်ဖြူလျော် ဖြစ်နေတော့လေသည်။

သွေးဝိဉာဉ်ပုလင်း ဖျက်ဆီးခံလိုက်ရသည့်အတွက်ကြောင့် ဘေးထွက်ဆိုးကျိုးနှင့် ကြုံလိုက်ရခြင်း ဖြစ်လေသည်။ ထို့အပြင် ရန်ကိုင်၏ အချိန်ကုန်လွန်ခြင်းစည်းတံဆိပ်ဖြင့်လည်း တိုက်ခိုက်ခံထားရသည့် အတွက်ကြောင့် လက်ရှိ ဝူမုန်ချွမ်မှာ သင်္ချိုင်းကုန်းခြေတစ်ဖက်လှမ်းနေသည့်အလား ဖြစ်နေတော့လေသည်။ သွေးအပွက်ပွက်ကို အန်ထုတ်နေရလေရာ သူ့ခဗျာ မတ်တပ်ပင် အနိုင်နိုင် ရပ်နေရတော့လေ၏။

ရန်ကိုင်သည်လည်း အခြေအနေကောင်းနေသည်တော့မဟုတ်။ ဤသည်မှာ တောင်နဲ့မြစ်ခေါင်းလောင်းအား ဒုတိယအကြိမ်မြောက် အသုံးပြုခြင်း ဖြစ်လေသည်။ တောင်နဲ့မြစ်ခေါင်းလောင်းကို အသုံးပြုပြီးသည့်နောက် သူ့မြင်ကွင်းတစ်ခုလုံး ဝေဝါးလာခဲ့ပြီး တစ်ခေါင်းလုံး ချာချာလည်ထွက်သွားတော့လေသည်။ နားထဲ တဝီဝီမြည်သံများကိုပင် ကြားနေရကာ သူ့နှလုံးမှာလည်း တဒုတ်ဒုတ်ဖြင့် အဆက်မပြတ်ကို ခုန်နေတော့လေ၏။ သို့ရာတွင် ရန်ကိုင်သည် သတိလစ်မသွားလေအောင် အံကိုတင်းတင်းကြိတ်ထားခဲ့လေသည်။ ထို့နောက် အနန္တဓါးအား ခက်ခက်ခဲခဲဖြင့် မြှောက်လျက် ဝူမုန်ချွမ်ဆီသို့ လှမ်းပစ်ထည့်လိုက်၏။

“စွပ်” ခနဲမြည်သံနှင့်အတူ အနန္တဓါးသည် ဝူမုန်ချွမ်၏ ဝမ်းဗိုက်ကို ထုတ်ချင်းဖောက်ထွက်သွားခဲ့ပြီး မြေပြင်ပေါ်တွင် သွားစိုက်လိုက်နေ၏။

ဝူမုန်ချွမ်မှာ အသည်းအသန် ရုန်းကန်လိုက်ပါသော်ငြား သူ့ခန္ဓာကိုယ်အား မြေပြင်နှင့် ထိုးကပ်ထားသည့် အနန္တဓါးလက်မှ ရုန်းမထွက်နိုင်ခဲ့ပေ။

ထို့နောက်တွင် ရန်ကိုင်သည် သူ့လက်ကိုဝှေ့ယမ်း၍ ကျောက်တုံးကိုယ်ပွားအား ဆင့်ခေါ်ကာ ပြောလိုက်လေ၏။ “ကျန်တဲ့ကိစ္စကို ငါ မင်းဆီ လွှဲထားလိုက်တော့မယ်…”

ကျောက်တုံးကိုယ်ပွားသည် တိုက်ပွဲထဲတွင် ဝင်မတိုက်ခဲ့ပါသော်ငြား ကမ္ဘာငယ်လေးထဲမှနေ၍ တိုက်ပွဲတစ်ခုလုံးကို အစအဆုံး မြင်ခဲ့ရပေသည်။ ထို့ကြောင့် ပေါ်လာပြီးသည်နှင့် တစ်ပြိုင်နက် ဝူမုန်ချွမ်ဆီသို့ ချက်ချင်းပြေးသွားပြီး သူ့လက်ဝါးဖြင့် ရိုက်ချလိုက်လေသည်။

“ဘုန်း…”

မြေပြင်တစ်ခုလုံး တုန်ခါသွားခဲ့ပြီး ဝူမုန်ချွမ်ရှိနေသည့် နေရာတစ်ခုလုံးအား ဧရာမလက်ဝါးကြီးမှ လွှမ်းခြုံသွားခဲ့လေသည်။

ကျောက်တုံးကိုယ်ပွား၏မျက်လုံးများ တလက်လက်တောက်ပလာခဲ့ပြီး စိတ်လှုပ်ရှားနေသည့်လေသံဖြင့် အော်ပြောလိုက်လေ၏။ “ကောင်းကင်ဝါးမျိုခြင်း တိုက်ပွဲဥပဒေ…”

ထိုကျင့်စဉ်ကို အသက်သွင်းလိုက်သည်နှင့် တစ်ပြိုင်နက် အလွန်တရာကိုမှ သန့်စင်လှသော စွမ်းအင်များသည် ဝူမုန်ချွမ်၏ ခန္ဓာကိုယ်ထဲမှတစ်ဆင့် ကျောက်တုံးကိုယ်ပွား၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားလေ၏။

မကြာမီတွင် ကျောက်တုံးကိုယ်ပွားသည် ထူးထူးဆန်းဆန်း အော်ဟစ်လိုက်တော့လေ၏။ သူ့အော်သံထဲ ဝမ်းသာမှု၊ စိတ်လှုပ်ရှားမှုတို့ဖြင့် ပြည့်နေခဲ့လေသည်။ ၎င်း၏ ဧရာမခန္ဓာကိုယ်ကြီးထဲ ဆန်းကြယ်လှသော စွမ်းအင်တစ်မျိုးမှာ တဖြည်းဖြည်းနှင့် စတင်၍ ဖြစ်တည်လာတော့လေသည်။

ထိုအချင်းအရာကိုမြင်သော် ကျောက်တုံးကိုယ်ပွားသည် ၎င်းအား အဆင့်မတက်နိုင်အောင် လုပ်နေသည့် အတားအဆီးကို ချိုးဖြတ်တော့မည်မှန်း ရန်ကိုင် သိလိုက်လေသည်။

ဝူမုန်ချွမ်ပြောသည်မှာ မှန်ပေသည်။ ကျောက်တုံးကိုယ်ပွားသာ သူ့အား ဝါးမျိုလိုက်မည်ဆိုပါက အလွယ်တကူ အဆင့်တက်နိုင်ပေလိမ့်မည်။ မူရင်းကျင့်စဉ်ကိုပဲ ကျင့်ကြံပါစေ၊ မူပွားကျင့်စဉ်ကိုပဲ ကျင့်ကြံပါစေ လိုအပ်သည့်အရာကို ဝါးမျိုမည်ဆိုပါက အဆင့်တက်နိုင်ပေလိမ့်မည်။

ဝူမုန်ချွမ်သည် ဤကဲ့သို့ဖြစ်လာရန်အတွက် နှစ်ရာပေါင်းများစွာ အကွက်ချ စီစဉ်ခဲ့ပါသော်ငြား သူကြိုးစားခဲ့သမျှ အရာအားလုံးသည် ရန်ကိုင့်အတွက်သာ ဖြစ်သွားခဲ့ရလေသည်။ ယခုကဲ့သို့ဖြစ်မည်မှန်းသာ သိခဲ့မည်ဆိုပါက ကောင်းကင်ဝါးမျိုခြင်း တိုက်ပွဲဥပဒေသအား ရန်ကိုင့်ဆီသို့ လုံးဝပေးခဲ့လိမ့်မည် မဟုတ်ချေ‌။

သို့သော်ငြား ဤလောကကြီးတွင် လူဘယ်လောက်များများကများ ရန်ကိုင့်၏ ကျောက်တုံးကိုယ်ပွားကဲ့သို့သော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားနိုင်ပါမည်နည်း။ မည်သူကရော ဘေးထွက်ဆိုးကျိုးကို မခံစားရပဲ ကောင်းကင်ဝါးမျိုခြင်း တိုက်ပွဲဥပဒေသကို ကျင့်ကြံနိုင်ပါမည်နည်း။ ထို့အပြင် ဝူမုန်ချွမ်ပေးသည့် ကောင်းကင်တိုက်ပွဲဥပဒေသကို ကျင့်ကြံ၍ တာအိုသခင်အဆင့်သို့ ရောက်လာပြီးသည့်တိုင် သူတို့အနေဖြင့် ရန်ကိုင်ကဲ့သို့ ဝူမုန်ချွမ်ကို အနိုင်တိုက်နိုင်ပါမည်လား။

ဤသွေးဝိဉာဉ်ပုလင်းတစ်ပုလင်းတည်းနှင့်ပင်လျှင် တာအိုသခင်အဆင့်တွင် ရှိနေသော ကျင့်ကြံသူ ကိုးဆယ်ရာခိုင်နှုန်းလောက်ကို ဝူမုန်ချွမ် အမှောက်သိပ်ပစ်နိုင်ပေသည်။

ကောင်းကင်ဝါးမျိုခြင်း တိုက်ပွဲဥပဒေသအား ကျင့်ကြံထားသည့် ကျင့်ကြံသူများနှင့်တွေ့လျှင် ဝူမုန်ချွမ်သည် ထိုလူများ၏အသက်ကို ထမင်းစားရေသောက်သည့်နှယ် အလွယ်တကူ ချွေယူပစ်နိုင်ပေသည်။

ဝူမုန်ချွမ်နှင့် တိုက်ခိုက်ပြီးသည့်နောက် ရန်ကိုင့်တစ်ကိုယ်လုံးမှာ အလွန်တရာကိုမှ နုံးချိသွားရတော့လေသည်။ သို့သော်ငြား သတိမလစ်သွားအောင် ထိန်းထားနိုင်ခဲ့ပြီး ဖြည်းဖြည်းချင်း တင်ပလင်ခွေထိုင်ချလိုက်ကာ ဆေးလုံးများကို ထုတ်သောက်လိုက်လေသည်။ ထို့နောက် မျက်လုံးပိတ်၍ အားပြန်ဖြည့်တော့လေ၏။

အခြားတစ်ဖက်တွင်မူ ကျောက်တုံးကိုယ်ပွားသည် ထူးဆန်းစွာ အော်မြည်နေရင်းမှ ဝူမုန်ချွမ်အား စုပ်ယူဝါးမျိုပစ်နေခဲ့လေသည်။

ကျောက်တုံးကိုယ်ပွားမှ သူ၏စွမ်းအားကို စုပ်ယူနေသည်နှင့်အမျှ ဝူမုန်ချွမ်သည် အချိန်မရွေးသေဆုံးတော့မည့်အလား ၎င်း၏အရှိန်အဝါမှာ အားနည်းသည်ထက် အားနည်းလာခဲ့လေသည်။

ရုတ်တရက်ဆိုသလို ကျောက်တုံးကိုယ်ပွားသည် ထူးဆန်းသည့်အရာတစ်ခုခုကို ရှာတွေ့သွားသည့်အလား အလန့်တကြား ထအော်လေသည်။ ထို့နောက် ၎င်း၏လက်ဝါးကို အောက်သို့ ဖိချလိုက်ရာ ဝူမုန်ချွမ်၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ ဖရဲသီးတစ်လုံးနှယ် ပေါက်ကွဲထွက်သွားခဲ့ရလေ၏။

ကျောက်တုံးကိုယ်ပွားသည် ဝူမုန်ချွမ်၏ ခန္ဓာကိုယ်ကို ဆက်လက် စုပ်ယူဝါးမျိုနေပေသေးသည်။

တစ်ခဏအကြာတွင် ကျောက်တုံးကိုယ်ပွား မတ်တပ်ရပ်လာခဲ့လေသည်။ ထိုနေရာတွင် ငေးကြောင်ကြောင်ဖြင့် မတ်တပ်ရပ်နေရင်း အတွေးနက်နေခဲ့လေ၏။ အချိန်ကြာလာသည်နှင့်အမျှ ဉာဏ်အလင်းပွင့်သွားသည့်အလား ကျောက်တုံးကိုယ်ပွား၏ မျက်လုံးများမှာ တဖြည်းဖြည်းချင်း တောက်ပသည်ထက် တောက်ပလာခဲ့လေသည်။ မကြာမီတွင် ကျောက်တုံးကိုယ်ပွားသည် ရန်ကိုင့်ကဲ့သို့ပင် တင်ပျဉ်ခွေထိုင်ချလိုက်ပြီး လက်ကွက်တစ်ခုကို ဖန်တီးလိုက်၏။ ထို့နောက် ၎င်း၏ခန္ဓာကိုယ်ကြီးမှာ မလှုပ်မယှက် ငြိမ်သက်သွားတော့လေသည်။

အနီးအနားတွင် မည်သည့်မိုးမြေကောင်းချီးမှ ပေါ်လာခြင်းမရှိသည့်အတွက်ကြောင့် ကျောက်တုံးကိုယ်ပွား၏ပုံစံမှာ အဆင့်တက်သွားသည်နှင့် မတူဘဲ ရိုးရိုးတန်းတန်း အိပ်စက်သွားသည်နှင့်သာ တူနေပေသည်။

အချိန်သည် တဖြည်းဖြည်း ကုန်ဆုံးနေခဲ့လေရာ နှစ်ရက်တင်းတင်းခန့် ကြာသွားပြီးသည့်နောက်တွင် ရန်ကိုင်မျက်လုံးပြန်ပွင့်လာခဲ့လေသည်။ သူ့ခန္ဓာကိုယ်မှာ အနည်းငယ် အားနည်းနေပါသေးသော်ငြား လှုပ်ရှားဖို့ရာတော့ ရန်ကိုင့်အတွက် ပြဿနာမရှိတော့ချေ။

တောင်နဲ့မြစ်ခေါင်းလောင်းနှင့် အနန္တဓါးကို ပြန်သိမ်းလိုက်ပြီးသည့်နောက် ရန်ကိုင်သည် ကျောက်တုံးကိုယ်ပွားအား လှမ်းကြည့်လိုက်လေသည်။

အစောပိုင်းက ရန်ကိုင်သည် အားပြန်ဖြည့်ရာတွင်သာ အာရုံစိုက်နေခဲ့ပါသော်ငြား ကျောက်တုံးကိုယ်ပွား၏ အခြေအနေကိုလည်း မျက်ခြေမပြတ် စစ်ဆေးနေခဲ့လေသည်။ ထို့အတွက်ကြောင့် ကျောက်တုံးကိုယ်ပွား ဘာဖြစ်သွားသလဲဆိုသည်ကို သိနေခဲ့လေသည်။

တစ်ခဏမျှ စောင့်ကြည့်နေပြီးသည့်နောက် ရန်ကိုင် မျက်မှောင်မကြုတ်ဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့ရသည်။

လက်ရှိတွင် ကျောက်တုံးကိုယ်ပွားသည် နှစ်နှစ်ခြိုက်ခြိုက်ကို အိပ်စက်သွားသည့်အလား ၎င်း၏အရှိန်အဝါမှာ တဖြည်းဖြည်းအားနည်းနေရုံမက ၎င်း၏ စိတ်စွမ်းအင်ကသည်ပင်လျှင် တဖြည်းဖြည်းနှင့် ပျောက်ကွယ်နေခဲ့လေသည်။ သို့သော်ငြား ရန်ကိုင်ကမူ ကျောက်တုံးကိုယ်ပွားအား မဆင်မခြင် သွားမနှောက်ယှက်ရဲခဲ့ပေ။

ကျောက်တုံးကိုယ်ပွားတွင် သာမန်ကျင့်ကြံသူများကဲ့သို့ ရုပ်ခန္ဓာမရှိသည့်အတွက်ကြောင့် ၎င်း၏အဆင့်တက်သည့်ပုံစံမှာ လုံးဝကို ထူးခြားပေသည်။ မိုးမြေကောင်းချီးမပေါ်လာဘဲ အဆင့်တက်သည်မှာ ကျောက်တုံးရုပ်သေးရုပ်အတွက် ပုံမှန်ဟုတ်သလားဆိုသည်ကိုပင်လျှင် ရန်ကိုင်မပြောတတ်တော့ချေ။

လက်ရှိအချိန် ရန်ကိုင်လုပ်ပေးနိုင်သည့် အရာဆို၍ ကျောက်တုံးကိုယ်ပွား စုပ်ယူနိုင်ရလေအောင် အရင်းအမြစ်ကျောက်အချို့ ထောက်ပံ့ပေးခြင်းသာ ဖြစ်လေသည်။

ထိုကဲ့သို့ စဉ်းစားပြီးသည့်နောက်တွင် သိုလှောင်လက်စွပ်ထဲမှ တောင်နှယ်ပုံထပ်နေသော အရင်းအမြစ်ကျောက်များကို ထုတ်၍ ကျောက်တုံးကိုယ်ပွားရှေ့တွင် ပုံချပေးလိုက်လေသည်။

သို့သော်ငြား ထိုအရင်းအမြစ်ကျောက်များ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် မှော်ဆန်ဆန်စွမ်းအင်တစ်ရပ်မှာ ထိုအရင်းအမြစ်ကျောက်များထဲရှိ စွမ်းအင်အားလုံးကို စုပ်ယူပစ်လိုက်သည့်အလား အရင်းအမြစ်ကျောက်အားလုံးမှာ ဖုန်မှုန့်များအဖြစ်သို့ ပြောင်းလဲသွားကုန်ကြလေသည်။

ထိုအချင်းအရာကိုမြင်ပြီးသည့်နောက် ရန်ကိုင် ရင်တဒုန်းဒုန်း ခုန်သွားခဲ့လေ၏။ သူထုတ်ယူလိုက်သည်မှာ အနည်းဆုံး အရင်းအမြစ်ကျောက် သန်းသုံးဆယ်ခန့် ရှိပေသည်။ ထိုသန်းသုံးဆယ်သော ပမာဏသည် တမုဟုတ်ချည်း ပျောက်ကွယ်သွားခဲ့ရ၏။ ကံကောင်းစွာဖြင့် ရန်ကိုင့်တွင် အရင်းအမြစ်ကျောက်များ ပေါပေါသောသော ရှိနေခဲ့လေသည်။ ထို့နောက် ရန်ကိုင်သည် အရင်းအမြစ်ကျောက်များကို ထပ်ထုတ်လိုက်လေသည်။ ထပ်ထုတ်လိုက်သည့် အရင်းအမြစ်ကျောက်များမှာလည်း ပထမအတိုင်းပင် ဖြစ်သွားခဲ့ရလေသည်။

နောက်ဆုံး သန်းရာနှင့်ချီသော သာမန်၊ ထိပ်တန်းအရင်းအမြစ်ကျောက်များကို ထုတ်ယူပေးပြီးသည့်နောက်မှသာ ကျောက်တုံးကိုယ်ပွား၏ အရင်းအမြစ်ကျောက်များအား စုပ်ယူနေသည့်နှုန်းကို နှေးကျသွားခဲ့ရသည်။ (အရင်းအမြစ်ကျောက်၏ အဆင့်- သာမန်၊ အလယ်အလတ်၊ ထိပ်တန်းလို့ ပြောင်းသုံးပါမယ်)

နောက်ရက်များအတွင်း ရန်ကိုင်သည် ကျောက်တုံးကိုယ်ပွား၏ အခြေအနေကို သေချာ အနီးကပ် စောင့်ကြည့်နေပေသည်။ အရင်းအမြစ်ကျောက်များ ကုန်သွားသည်နှင့် တစ်ပြိုင်နက် နောက်ထပ်တစ်သုတ် ထပ်ထုတ်ပေးလေ၏။

လက်ရှိအချိန်တိုလေးအတောအတွင်း လွန်ခဲ့သောနှစ်များ၌ ရန်ကိုင်စုဆောင်းထားခဲ့ရသည့် ကြွယ်ဝမှုအားလုံး၏ တစ်ဝက်လောက် ပြောင်စင်သွားခဲ့ရလေပြီ။

တစ်လခန့် ကြာပြီးသည့်နောက် ကျောက်တုံးကိုယ်ပွားသည် အရင်းအမြစ်ကျောက်များမှ မိုးမြေစွမ်းအင်အား စုပ်ယူခြင်းကို ရပ်တန့်လိုက်လေသည်။ လက်ရှိအချိန်၌ ရန်ကိုင်မှ အရင်းအမြစ်ကျောက်များကို မည်မျှပင် ထပ်ပေးနေစေကာမူ ကျောက်တုံးကိုယ်ပွားကတော့ ထိုအရာများကို စုပ်ယူခြင်း မရှိတော့ချေ။

ကျောက်တုံးကိုယ်ပွား အကန့်အသတ်သို့ ရောက်သွားပြီမှန်း ရန်ကိုင် ခန့်မှန်းမိလိုက်ပေသည်။

အောင်မြင်မည်လား၊ ရှုံးနိမ့်မည်လား ဆိုသည်မှာ ဤနောက်ဆုံးသော အဆင့်တွင် မူတည်နေပေသည်။

ရုတ်တရက် တစ်ခုသောအချိန်သို့ ရောက်သော် အက်ကွဲသံတစ်သံကို ရန်ကိုင် ကြားလိုက်ရသည်။

ဘယ်ကထွက်လာသလဲ မသိရသဖြင့် ရန်ကိုင်သည် ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ စစ်ဆေးကြည့်လိုက်ရာ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် အံ့အားသင့်သွားလေ၏။

လက်ရှိအချိန်တွင် ပြန်လည်ပြုပြင်ထိန်းသိမ်းခြင်း မရှိသည့် နံရံတစ်ခုမှ မတန်မဆ ဝန်ထုပ်ကြီးအား ထမ်းပိုးထားရသည့် အတွက်ကြောင့် အချိန်မရွေး ပျက်စီးတော့မည့်အလား ကျောက်တုံးရုပ်သေးရုပ်၏ ခန္ဓာကိုယ်ကြီးထက်တွင် အက်ရာကြီးတစ်ခု ထွက်ပေါ်လာခဲ့လေသည်။

ထိုအက်ရာကြီးကို မြင်ပြီးသည့်နောက် ရန်ကိုင့်စိတ်ထဲ ဇဝေဇဝါ ဖြစ်သွားခဲ့ရလေသည်။ ယေဘုယျကျကျပြောရသော် ကျောက်တုံးကိုယ်ပွားသည် ဝူမုန်ချွမ်ကို ဝါးမျိုပစ်ပြီးသွားပြီ ဖြစ်သည့်အတွက်ကြောင့် အဆင့်တစ်ဆို့ အတားအဆီးကို ဖြတ်ကျော်၍ နောက်တစ်ဆင့်သို့ တက်ရောက်သွားသင့်ပေသည်။ သို့သော်ငြား ပုံမှန်အားဖြင့် ကောင်းကင်ဝါးမျိုခြင်း တိုက်ပွဲဥပဒေသကို ကျင့်ကြံခဲ့သူများမှာ လူသားများသာ ဖြစ်ကြသည့်အတွက် ကျောက်တုံးရုပ်သေးရုပ်တစ်ရုပ် အဆင့်တက်သည့်အခါ မည်ကဲ့သို့ ဖြစ်လာမလဲဆိုသည်ကို မည်သူမျှ မပြောနိုင်ကြပေ။ ရန်ကိုင့်စိတ်ထဲ မယုံသင်္ကာဖြစ်နေစဉ်မှာပင် နောက်ထပ်အသံတစ်သံကို ကြားလိုက်ရပြန်သည်။ ထို့နောက် အခြားသော အသံများကို ထပ်မံကြားလိုက်ရလေ၏။

ကျောက်တုံးကိုယ်ပွား၏ ခန္ဓာကိုယ်ထက် အက်ရာများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာနေတော့လေသည်။

တစ်ခဏအကြာတွင် ကျောက်အပိုင်းအစများသည် ကျောက်တုံးကိုယ်ပွား၏ ခန္ဓာကိုယ်ကြီးဆီမှ ပြုတ်ကျလာခဲ့ကြ၏။

ထိုအချင်းအရာကိုမြင်သော် ရန်ကိုင့်စိတ်ထဲ အလွန်ကိုမှ စိတ်ပူသွားလေ၏။

နှစ်ပေါင်းများစွာကြာအောင် ကျင့်ကြံပြီးသည့်နောက်တွင် ကျောက်တုံးကိုယ်ပွား၏ ခန္ဓာကိုယ်အစိတ်အပိုင်း တစ်ခုချင်းစီတိုင်းသည် ဧကရာဇ်အဆင့် မှော်ရတနာတစ်ခုတမျှ မာကြောလာခဲ့လေသည်။ သာမန်တိုက်ခိုက်မှုများသည် ကျောက်တုံးကိုယ်ပွားအား ဒဏ်ရာရအောင် မလုပ်နိုင်တော့ချေ။ သို့သော်ငြား လက်ရှိအချိန်တွင် ကျောက်တုံးကိုယ်ပွား၏ အပေါ်ယံမျက်နှာပြင်သည် စတင်၍ အက်ကွဲပြိုကျလာနေခဲ့လေသည်။

(တစ်ခုခုဖြစ်သွားတာလား…) ရန်ကိုင်၏စိတ်ထဲ စိုးရိမ်နေပါသော်ငြား လက်ရှိ အခြေအနေနှင့် ပက်သက်၍ သူလုပ်ပေးနိုင်သည့်အရာ ဘာမှ ရှိမနေခဲ့ချေ။

ထိုအဖြစ်အပျက်သည် အသက်ဆယ်ရှိုက်စာမက ကြာအောင် ဖြစ်ပျက်နေခဲ့လေရာ မကြာမီတွင် ကျောက်တုံးကိုယ်ပွားပတ်လည်၌ စက်ဝိုင်းပုံစံ ကျောက်အပိုင်းအစများ ပုံထပ်လာတော့လေသည်။ ထိုကျောက်အပိုင်းအစများမှာ အတော်လေးထူးဆန်းသည်ဟု ပြောရမည်။ ပုံမှန်အားဖြင့် မာကြောသင့်ပေသော ထိုကျောက်စများမှာ မြေပြင်ပေါ်သို့ ကျသွားပြီးသည့်နောက် ၎င်းတို့၏ မာကြောမှုကို ဆုံးရှုံးလိုက်ရသည့်အလား တစ်စစီ ဖြစ်သွားကုန်ကြသည်။

အပေါ်ပိုင်းအလွှာကို ချွတ်ချပစ်လိုက်ပြီးသည့်နောက်တွင် ကျောက်တုံးကိုယ်ပွား၏ အရွယ်အစားမှာ ပုံမှန်ထက် သေးငယ်သွားခဲ့လေသည်။

(ဒါ ကောင်းတဲ့လက္ခာဏာလား…)

ကျောက်တုံးကိုယ်ပွား ထိုသို့မဟုတ်ဘဲ ကျောက်တုံးရုပ်သေးရုပ်သည် ထူးခြားသည့် တည်ရှိမှုတစ်ခုဟု ပြော၍ရသည်။ ထိုကဲ့သော သက်ရှိတစ်မျိုးကို တည်ရှိခွင့် ပေးထားခြင်းသည် ကျောက်တုံးရုပ်သေးရုပ်၏ တည်ရှိမှုမှာ သဘာဝတရားနှင့် ကိုက်ညီနေသည့် အတွက်ကြောင့်သာ ဖြစ်ရပေလိမ့်မည်။ ထို့ကြောင့် သူ၏တိုးတက်မှုနှင့် ဆင့်ကဲပြောင်းလဲမှုတို့သည် ပို၍ အကျိုးအမြတ်ရှိသည့် လမ်းကြောင်းတစ်ခုဆီသို့သာ ဦးတည်သွားသင့်ပေသည်။ လက်ရှိပုံစံမှာ ကျောက်တုံးကိုယ်ပွား ဆင့်ကဲပြောင်းလဲနေသည့် ပုံစံနှင့်ပင် တူနေပေသည်။

“ခရက်…”

နောက်ထပ်အက်သံတစ်သံ ထွက်ပေါ်လာခဲ့လေသည်။ အရွယ်အစားသေးငယ်သွားသော ကျောက်တုံးကိုယ်ပွား၏ ခန္ဓာကိုယ်ထက်တွင် အက်ရာများ တစ်ခုပြီးတစ်ခု ထပ်မံထွက်ပေါ်လာကြောင်းကို ရန်ကိုင် သတိပြုမိလိုက်ပေသည်။

တစ်ကြိမ်ကြုံဖူးသွားပြီးသည် ဖြစ်သည့်အတွက်ကြောင့် ရန်ကိုင်သည် ပထမအကြိမ်ကကဲ့သို့ စိုးရိမ်ပူပန်နေခြင်း မရှိတော့ဘဲ ကျောက်တုံးကိုယ်ပွား၏ ပြောင်းလဲမှုများကိုသာ တည်တည်ငြိမ်ငြိမ်ဖြင့် စောင့်ကြည့်နေတော့လေ၏။

ယခုတစ်ကြိမ် အက်ရာများ ထွက်ပေါ်လာပြီးသည့်နောက်တွင် ပထမအကြိမ်ကကဲ့သို့ပင် ကျောက်တုံးကိုယ်ပွား၏ အပေါ်ပိုင်းအလွှာမှာ ကျောက်စကျောက်နများအဖြစ် အောက်သို့ ပြုတ်ကျလာခဲ့လေသည်။ ဤတစ်ကြိမ်ပြီးသည့်နောက် ကျောက်တုံးကိုယ်ပွားအရွယ်အစားမှာ ထပ်မံ၍ သေးငယ်သွားခဲ့လေသည်။

နောက်ရက်များအတွင်း ကျောက်တုံးကိုယ်ပွားသည် အရွယ်ချုံ့ခြင်း ဖြစ်စဉ်ကို ခြောက်ကြိမ်တိတိ ကျော်လွှားခဲ့ပေသည်။

ယခု ခြောက်ကြိမ်မြောက်မှသာလျှင် ရပ်တန့်သွားတော့ခြင်း ဖြစ်လေ၏။

ထို့နောက်တွင် ကျောက်တုံးကိုယ်ပွား၏ ခန္ဓာကိုယ်ဆီမှ အားကောင်းလှသော စွမ်းအင်အရှိန်အဝါတို့ စတင်၍ ဖြာထွက်လာတော့လေ၏။ ထိုစွမ်းအင်အရှိန်အဝါသည် ဧကရာဇ်အဆင့် ပညာရှင်များသာ ပိုင်ဆိုင်နိုင်သော စွမ်းအင်အရှိန်အဝါမျိုး ဖြစ်ပေသည်။

သာမန်လူများ ဧကရာဇ်အဆင့်သို့ ချိုးဖြတ်ဝင်ရောက်သည့်အခါ ကြုံရလေ့ရှိသည့် ကြီးကျယ်ခမ်းနားလှသော မိုးမြေကောင်းချီးကို မကြုံရပါသော်ငြား လက်ရှိ ကျောက်တုံးကိုယ်ပွားသည် ဧကရာဇ်တစ်ပါးသာ ထုတ်လွှတ်နိုင်သော စွမ်းအင် အရှိန်အဝါမျိုးကို ထုတ်လွှတ်နေခဲ့သည်။

ကောင်းကင်ဝါးမျိုခြင်း တိုက်ပွဲဥပဒေသနှင့် နတ်ဆိုးတိုက်ပွဲတူကိုပါ ထည့်ပေါင်းလိုက်သော် လက်ရှိ ကျောက်တုံးကိုယ်ပွား၏ ခွန်အားမှာ သာမန်ဧကရာဇ်အဆင့် ပညာရှင်များ ယှဉ်နိုင်တော့သည့် အရာမျိုး မဟုတ်တော့ချေ။

နောက်ဆုံးတွင် ကျောက်တုံးကိုယ်ပွားသည် အလွန်ကိုမှ ကျေနပ်ပီတိဖြစ်နေသည့် အမူအယာဖြင့် မျက်လုံး ပြန်ဖွင့်လာခဲ့လေသည်။

“ဘယ်လိုနေလဲ…” ကျောက်တုံးကိုယ်ပွား မျက်လုံးပွင့်လာသည်ကိုမြင်သော် ရန်ကိုင်က သွားမေးလိုက်လေသည်။

ကျောက်တုံးကိုယ်ပွားသည် ဖြည်းဖြည်းချင်း မတ်တပ်ရပ်လိုက်လေသည်။

ခြောက်ကြိမ်တိုင်တိုင် အရွယ်အစားသေးငယ်ခြင်းဖြစ်စဉ်နှင့် ကြုံတွေ့ခဲ့ရပါသော်ငြား လက်ရှိကျောက်တုံးကိုယ်ပွားသည် သာမန်ယောက်ျားတစ်ဦးထက် သုံးဆခန့် အရပ်ပိုရှည်နေပေသေးသည်။ ၎င်း၏ ခန္ဓာကိုယ်ကြီးမှာ ပင်လယ်ရေလှိုင်းများ၏ နှစ်ပေါင်းမရေမတွက်နိုင်အောင် ပွတ်တိုက်ထားခြင်း ခံရသည့် ကျောက်တုံးတစ်တုံးနှယ် ချောမွေ့ တောက်ပြောင်နေခဲ့လေသည်။

“နေလို့ထိုင်လို့ အရမ်းကောင်းသွားတယ်…” ကျောက်တုံးကိုယ်ပွားက ညစ်ကျယ်ကျယ် ပြုံးဖြီးပြလိုက်လေ၏။

တစ်ချက်မျှ ရပ်ပြီးသည့်နောက် ဆက်ပြောလိုက်လေသည်။ “အရင်ကထက် အများကြီး ပိုသန်မာလာတယ်လို့ ခံစားရပေမဲ့ ဒီခန္ဓာကိုယ်အသစ်နဲ့ အသားကျအောင်လုပ်ဖို့တော့ နည်းနည်းလိုနေသေးတယ်…”

ထိုသို့ပြောနေရင်း သူ့လက်ကို ဆန့်ထုတ်၍ လက်သီးကို တင်းတင်းဆုပ်လိုက်လေ၏။

လက်ရှိပြောင်းလဲသွားသည့် ခန္ဓာကိုယ်ကြီးနှင့် ပတ်သက်၍ ကျောက်တုံးကိုယ်ပွားမှာ သိပ်၍ အသားမကျသေးချေ။ ထို့အတွက်ကြောင့် အရင်ဦးစွာ အသားကျအောင်လုပ်ရန် လိုအပ်ပေသည်။

ရန်ကိုင်က ခေါင်းညိတ်လိုက်လေသည်။ “မင်းဘာသာမင်း အချိန်ယူပြီး အသားကျအောင်လုပ်လိုက်…”

ထိုသို့ပြောပြီးသည့်နောက်တွင် ကျောက်တုံးကိုယ်ပွားကို ကမ္ယာငယ်လေးထဲသို့ ပြန်ထည့်ရန် လုပ်နေသည့်အလား သူ့လက်ကို ဆန့်ထုတ်လိုက်လေသည်။

All Chapters