← Chapters

အခန်း (၂၄၈၂-၂၄၈၄)

Vol. 102 Ch. 2482-2484

အခန်း (၂၄၈၂-၂၄၈၄)

Vol. 102 Ch. 2482-2484

အပိုင်း (၂၄၈၂)

“ဒါကို တစ်ချက်ကြည့်ကြည့်လိုက်… ငါ ဒါကို ဝူမုန်ချွမ်ဆီက ယူထားတာ… သူမသေခင် ဒါကို ဖျက်ဆီးပစ်ဖို့ လုပ်လိုက်သေးတယ်… ဒီထဲမှာ ဘယ်လိုလျှို့ဝှက်ချက်တွေ ရှိနေလဲဆိုတာကိုတော့ ငါလည်းမသိဘူး…” ကျောက်တုံးကိုယ်ပွားသည် ကမ္ဘာငယ်လေးထဲသို့ မဝင်ခင် ရန်ကိုင့်ဆီသို့ ပစ္စည်းတစ်ခုကို ပစ်ပေးလိုက်လေသည်။

ရန်ကိုင်လည်း ထိုပစ္စည်းကိုဖမ်း၍ သေချာစစ်ဆေးကြည့်လိုက်လေ၏။ ထိုအရာမှာ ကျောက်စိမ်းပြားတစ်ခုသာ ဖြစ်လေသည်။ သို့သော်ငြား ထိုကျောက်စိမ်းပြားပေါ်တွင် အမျိုးမျိုးသော စည်းတံဆိပ်များ ရှိနေခဲ့လေသည်။ ရန်ကိုင်သည် ထိုစည်းတံဆိပ်များကို ဖျက်ဆီးရန် ကြိုးစားခဲ့ပါသော်ငြား မည်သို့မှ ဖျက်ဆီးမရခဲ့ပေ။

ထို့အပြင် ထိုစည်းတံဆိပ်များကို ဖန်တီးထားသည့် နည်းစနစ်မှာ အလွန်ကိုမှ ရှေးကျကာ ရှုပ်ထွေးလွန်းလှသည်။ ရန်ကိုင့်မှာ တစ်ခဏမျှကြာအောင် စစ်ဆေးကြည့်နေသည့်တိုင် ဘာမှ မသိခဲ့ရပေ။

ကျောက်တုံးကိုယ်ပွားပြောပုံအရ ဝူမုန်ချွမ်သည် သူမသေခင် ဤကျောက်စိမ်းပြားကို ဖျက်ဆီးပစ်ရန် ကြိုးစားခဲ့လေသည်။ ထိုအချက်ကိုကြည့်ရုံဖြင့်ပင်လျှင် ဤကျောက်စိမ်းပြားထဲ၌ ရန်ကိုင့်ကို ဝူမုန်ချွမ်မသိစေချင်သော လျှို့ဝှက်ချက်များ ရှိနေမည်မှာ အထင်းသားပင်။

သို့သော်ငြား မည်ကဲ့သို့သော လျှို့ဝှက်ချက်များ ရှိနေ၍များ ဝူမုန်ချွမ်သည် သူမသေခင် ဤကျောက်စိမ်းပြားကို ဖျက်ဆီးပစ်ရန် ကြိုးစားခဲ့ရလေသနည်း။

ဝူမုန်ချွမ်သည် ကောင်းကင်ဝါးမျိုခြင်းမဟာဧကရာဇ်၏ မျိုးဆက်တစ်ဦးဖြစ်ကာ ဤကြယ်ပျက်ပင်လယ်ကြီးသည် ကောင်းကင်ဝါးမျိုခြင်းမဟာဧကရာဇ် လဲလျောင်းရာ နေရာဖြစ်ပေသည်။ ဤကျောက်စိမ်းပြားမှာ ကောင်းကင်ဝါးမျိုခြင်းမဟာဧကရာဇ်နှင့် ကျိန်းသေ ပတ်သက်နေရလိမ့်မည်ဟု ရန်ကိုင် ကောက်ချက်ချလိုက်လေ၏။

ရန်ကိုင်သည် ကျောက်တုံးကိုယ်ပွားကို ကမ္ဘာငယ်လေးထဲသို့ ပြန်ထည့်လိုက်ပြီးသည့်နောက် ကျောက်စိမ်းပြားကိုသိမ်းကာ ကြယ်ပျက်ကြီးမှ ထွက်လာခဲ့လိုက်လေသည်။

ဝူမုန်ချွမ်သေသွားသည့်အတွက်ကြောင့် သူပိုင်ဆိုင်ခဲ့သော ထောင့်ခုနှစ်ထောင့် ကြယ်စည်းတံဆိပ်နှင့်တကွ သိုလှောင်လက်စွပ်မှာ ရန်ကိုင့်၏အပိုင် ဖြစ်လာခဲ့ရလေသည်။ သို့ရာတွင် သူ့သိုလှောင်စွပ်ထဲ၌ မည်သည့်အဖိုးတန်ပစ္စည်းမှ ရှိမနေခဲ့ချေ။ ဝူမုန်ချွမ်တွင်ရှိသည့် အဖိုးတန်သည့်အရာဆို၍ ကောင်းကင်ဝါးမျိုခြင်း မဟာဧကရာဇ်မှ ချန်ထားရစ်ခဲ့သော သွေးဝိဉာဉ်ပုလင်းသာ ရှိလေသည်။ သို့သော်ငြား ထိုသွေးဝိဉာဉ်ပုလင်းသည် တောင်နဲ့မြစ်ခေါင်းလောင်းကြောင့် ပျက်စီးသွားခဲ့ရလေပြီ။

ရန်ကိုင့်၏ကြယ်စည်းတံဆိပ်မှာတော့ ဝူမုန်ချွမ်၏ ထောင့်ခုနှစ်ထောင့် ကြယ်စည်းတံဆိပ်ကို ဝါးမျိုပစ်ပြီးသည့်တိုင် ထောင့်ရှစ်ထောင့်အသွင်သို့ ပြောင်းလဲမည့် အရိပ်အယောင် မပြသေးချေ။

တစ်ရက်ကြာပြီးသည့်နောက်တွင် ရန်ကိုင် အမြုတေပင်လယ်ဆီသို့ ပြန်ရောက်လာခဲ့လေသည်။

အမြုတေပင်လယ်မှ ထွက်လာခဲ့ခြင်းရမှာ ကောင်းကင်ဝါးမျိုခြင်း တိုက်ပွဲဥပဒေသနှင့်ပတ်သက်၍ ဝူမုန်ချွမ်အား မေးချင်သည့်အရာများ ရှိနေသည့် အတွက်ကြောင့်သာ ဖြစ်လေသည်။ ယခု ကျောက်တုံးကိုယ်ပွားမှာ ဧကရာဇ်အဆင့်သို့ တက်ရောက်သွားပြီ ဖြစ်သည့်အတွက်ကြောင့် ရန်ကိုင်လည်း ဤနေရာသို့ ပြန်လာတော့လေ၏။

အမြုတေပင်လယ်ထဲတွင် သူမစုပ်ယူရသေးသည့် အမြုတေစွမ်းအားများစွာ ရှိနေလေရာ ရန်ကိုင့်အနေဖြင့် ဤစွမ်းအားများကို မည်ကဲ့သို့များ ဤအတိုင်း ထားခဲ့နိုင်ပါမည်နည်း။ အမြုတေပင်လယ်သို့ ပြန်ရောက်လာပြီးသည့်နောက်တွင် ပင်လယ်ကြီးမှာ သူယခင်က မြင်ခဲ့ဖူးသည့်ပုံစံနှင့် လုံးဝကို ကွာခြားနေကြောင်း တွေ့လိုက်ရလေသည်။

လက်ရှိအချိန်တွင် အမြုတေပင်လယ်၏ အရွယ်အစားမှာ သူထွက်သွားစဉ်ကထက် သိသိသာသာကို လျော့ကျသွားခဲ့ပြီး ဤနေရာတွင် ရှိနေသည့် ကျင့်ကြံသူအရေအတွက်မှာလည်း အလွန်တရာကိုမှ များပြားလာခဲ့လေသည်။ သူမရှိသည့် ကာလအတောအတွင်း ဤနေရာ၌ ဘာတွေများ ဖြစ်သွားခဲ့လေသနည်း။

အမြုတေပင်လယ်ထက်တွင် မရေမတွက်နိုင်လောက်အောင် များပြားသော တိုက်ပွဲများ အသီးသီး ဖြစ်ပွားနေခဲ့ကြလေသည်။ မြောက်မြားလှစွာသော ကျင့်ကြံသူများသည် အပြန်အလှန် တိုက်ခိုက်နေကြရာ တစ်ယောက်ပြီးတစ်ယောက် သေကြေနေပြီး အလောင်းများမှာ အမြုတေပင်လယ်ထဲသို့ ပြုတ်ကျနေခဲ့လေသည်။ ယခင်ကနှင့် ယှဉ်လိုက်လျှင် ယခုအချိန်၌ တိုက်ပွဲများ ပိုမိုများပြားနေခဲ့လေ၏။

ကြည့်ရသလောက် သူမရှိသည့် အချိန်အတောအတွင်း ဤနေရာ၌ ရှိနေသည့် လူများသည် အမြုတေပင်လယ်အကြောင်းကို သူတို့၏အသိများဆီသို့ သတင်းပို့လိုက်သည့်ပုံပင်။ ထိုအချက်ကိုကြည့်ရုံဖြင့် အမြုတေပင်လယ်မှာ ကျင့်ကြံသူများအတွက် အလွန်ကိုမှ အဖိုးတန်ကြောင်း မြင်တွေ့နိုင်ပေသည်။

လူတွေများပြားလာသည့်အလျှောက် ပဋိပက္ခများလည်း ရှိလာပေလိမ့်မည်။ ဤကဲ့သို့ ပရမ်းပတာဖြစ်နေသော အခြေအနေမျိုးတွင် အမြုတေစွမ်းအားကို အေးအေးဆေးဆေးနှင့် စုပ်ယူရန်မှာ မလွယ်ကူပေ။

အမြုတေပင်လယ်ပေါ် ဖြတ်၍ ပျံသန်းလာနေစဉ် အတောအတွင်း အခြေအနေမှာ သူထင်ထားသည်ထက်ကို ပိုဆိုးရွားနေကြောင်း ရန်ကိုင် တွေ့ရှိသွားခဲ့ရသည်။

ပိုမိုများပြားသော တိုက်ပွဲများ ဖြစ်လာနေရုံမက အမြုတေပင်လယ်ကြီးတစ်ခုလုံးမှာလည်း ထူးဆန်းသည့် အရှိန်အဝါတစ်ရပ်ကို ထုတ်လွှတ်နေခဲ့လေသည်။ လက်ရှိအချိန်တွင် အမြုတေပင်လယ်ထဲရှိ စွမ်းအင်များသည် ရန်ကိုင်၊ ကျောက်တုံးကိုယ်ပွားနှင့် ကမ္ဘာငယ်လေးတို့ သုံးဦး အတူတူပူးပေါင်း၍ စုပ်ယူစဉ်ကထက် ပိုမိုမြန်ဆန်သည့်နှုန်းဖြင့် တစ်ခုသောနေရာဆီသို့ ဦးတည်စီးဆင်းသွားနေခဲ့ပေသည်။

ဤနေရာတွင် ရန်ကိုင်ကဲ့သို့ ကမ္ဘာငယ်လေးအား ပိုင်ဆိုင်ထားသည့်လူတစ်ဦး ပေါ်လာလေသလော။ ထို့ကြောင့်သာမဟုတ်လျှင် အမြုတေပင်လယ်ထဲရှိ စွမ်းအင်များ ဘာကြောင့်များ ဤကဲ့သို့ စီးဆင်းနေရသနည်း။

ရန်ကိုင့်စိတ်ထဲ နိုးနိုးကြားကြား ဖြစ်သွားခဲ့လေသည်။

သို့သော်ငြား အပြင်ဘက်တွင် အကြာကြီးမနေနေခဲ့ပေ။ သူ၏အစီအစဉ်မှာ အတွင်းပိုင်းထဲသို့သွားကာ စစ်ဆေးကြည့်ရန်သာ ဖြစ်လေသည်။ အတွင်းပိုင်းထဲရှိ အမြုတေစွမ်းအင်မှာ ပို၍သိပ်သည်းသန့်စင်ကာ စုပ်ယူရလည်း ပိုမိုလွယ်ကူပေသည်။

ရုတ်တရက် ရန်ကိုင်သည် တစ်ခုခုအား ခံစားမိသွားပြီး တစ်ခုသောဘက်ဆီသို့ လှမ်းကြည့်လိုက်လေသည်။

ထိုအရပ်ဆီမှ တောက်ပသည့် မျက်ဝန်းတစ်စုံသည် သူ့အား စိုက်ကြည့်နေခဲ့လေသည်။

ထိုမျက်ဝန်းပိုင်ရှင်နှင့် အကြည့်ချင်းဆုံသွားသည့်အခိုက် ရန်ကိုင့်အမူအယာ တောက်ပလာခဲ့ပြီး ချက်ချင်း ထိုဘက်ဆီသို့ ပြေးသွားလေ၏။

အကြောင်းမှာ သူ့အား ကြည့်နေသည့်လူမှာ လျို့ယန်ဖြစ်နေသည့် အတွက်ကြောင့်ပင်။

ကြယ်ပျက်ပင်လယ်ထဲသို့ ဝင်လာပြီး တစ်နှစ်ခန့်ကြာပြီးသည့်နောက် ရန်ကိုင်သည် လျို့ယန်နှင့်တကွ အခြားသူများနှင့် လမ်းခွဲခဲ့လေသည်။ ထိုစဉ်ကတည်းက ရန်ကိုင်သည် တစ်ကိုယ်တည်း လှုပ်ရှားနေခဲ့ရခြင်း ဖြစ်လေသည်။ သို့ရာတွင် ဤအမြုတေပင်လယ်၌ လျို့ယန်နှင့် ပြန်တွေ့ရလိမ့်မည်ဟု မထင်ထားခဲ့ချေ။

လက်ရှိအခိုက်အတန့်တွင် အမြုတေပင်လယ်၌ ကြယ်ပျက်ပင်လယ်ထဲသို့ ရောက်နေသည့် ကျင့်ကြံသူ ခုနှစ်ဆယ်မှ ရှစ်ဆယ်ရာခိုင်နှုန်းခန့် စုဝေးနေသည့်အတွက်ကြောင့် လျို့ယန်နှင့် အခြားသူများလည်း သတင်းကြားပြီး ဤနေရာသို့ ရောက်လာသည်မှာ သိပ်တော့မထူးဆန်းလှချေ။

ကျန်းမိသားစုမှ ကောင်မလေးသည် လျို့ယန်ဘေးနားတွင် ငြိမ်သက်စွာဖြင့် ရပ်နေခဲ့လေသည်။

လျို့ယန်သည် ရန်ကိုင့်ဆီသို့ ပျံသန်းလာနေရင်း ကျန်းရို့ရှီနားနားသို့ကပ်ကာ တိုးတိုးလေးကပ်ပြောလိုက်လေသည်။ ထို့နောက်တွင် ကျန်းရို့ရှီသည် တောက်ပသည့်မျက်ဝန်းအစုံဖြင့် ရန်ကိုင့်ဘက်သို့ လှည့်ကြည့်လာခဲ့လေ၏။

ထို့နောက် ရန်ကိုင်မှ သူတို့ရှေ့တွင် ရပ်လိုက်သည့်အခါ ချက်ချင်းအော်ခေါ်တော့လေသည်။ “ဆရာ…”

ရန်ကိုင်နှင့် နောက်တစ်ကြိမ် ပြန်တွေ့ရသည့်နောက်တွင် ကျန်းရို့ရှီမှာ အလွန်ကိုမှ ပျော်နေခဲ့လေသည်။ ပျော်လွန်းသဖြင့် သူမ၏မျက်နှာလေးသည်ပင်လျှင် ပန်းရောင်သန်းနေခဲ့လေ၏။

ရန်ကိုင်လည်း ပြုံးလျက် ပြန်၍ နှုတ်ဆက်တော့မည်အပြု ရုတ်တရက် မျက်လုံးအပြူးသားဖြင့် ကျန်းရို့ရှီအား ခေါင်းအစ ခြေအဆုံး သေသေချာချာ စစ်ဆေးကြည့်မိလိုက်၏။

ရန်ကိုင့်၏ အကြည့်ကြီးကြောင့် ကျန်းရို့ရှီမှာ ပျာယာခတ်သွားခဲ့လေသည်။

“တာအိုသခင်တတိယအဆင့်…” ရန်ကိုင် သက်ပြင်းရှိုက်လိုက်လေ၏။ သူ့မျက်လုံးပင် သူမယုံကြည်နိုင်တော့။ ကျန်းရို့ရှီ တာအိုသခင် ပထမအဆင့်သို့ ချိုးဖြတ်သွားသည်မှာ မည်မျှပင် ကြာသေးလို့နည်း။ နှစ်နှစ်လောက်သာ ရှိသေးသည့်အချိန်အတွင်း ကျန်းရို့ရှီသည် တာအိုသခင် ပထမအဆင့်မှ တတိယအဆင့်သို့ ချိုးဖြတ်ဝင်ရောက်သွားခဲ့သည်။ ထို့အပြင် ကျန်းရို့ရှီသည် ထိုနှစ်နှစ်တာအချိန်ကာလကို မိုးမြေစွမ်းအင်ကျဲပါးလှသော ကြယ်ပျက်ပင်လယ်ထဲတွင် အချိန်ဖြုန်းနေခဲ့ခြင်း ဖြစ်လေသည်။ ရန်ကိုင့်မှာ အံ့အားမသင့်ဘဲ မနေနိုင်တော့ချေ။

ကျန်းရို့ရှီနှင့် ယှဉ်လိုက်သော် လျို့ယန်မှာ သိပ်ပြီး တိုးတက်လာပုံမရချေ။ လျို့ယန်၏ ကျင့်ကြံဆင့်မှာ တာအိုသခင် တတိယအဆင့်တွင်သာ ရှိနေပေသေးသည်။ သို့သော်ငြား သူမ၏အရှိန်အဝါမှာ ယခင်ကနှင့်ယှဉ်လိုက်သော် ပို၍ သိပ်သည်း သန့်စင်လာခဲ့လေ၏။

“ရို့ရှီ တာအိုသခင်တတိယအဆင့်ကို ရောက်နိုင်တာ အစ်မလျို့ယန်က သူ့မှာရှိတဲ့ အရင်းအမြစ်တွေအကုန်လုံးကို ရို့ရှီဆီပေးပစ်လိုက်လို့ပါ…” ကျန်းရို့ရှီက ရှင်းပြလိုက်လေသည်။ “အကုန်လုံးက အစ်မလျို့ယန်ရဲ့ ကျေးဇူးကြောင့်ပါပဲ…”

လျို့ယန်ကမူ ပြုံးသာပြုံးလိုက်ပြီး ဘာမှပြန်မပြောခဲ့ပေ။

ရန်ကိုင်က ခေါင်းညိတ်လျက် ပြန်ပြောလိုက်လေ၏။ “သူ့ကြောင့်ဆိုရင်တောင် နင့်ရဲ့ပါရမီကိုလည်း ထည့်မပြောလို့မရဘူးလေ…”

ထိတ်လန့်အံ့အားသင့်ဖွယ်ရာ ပါရမီမျိုးအား ပိုင်ဆိုင်ထားခြင်းမရှိဘဲနှင့် မည်မျှများပြားလှသော အရင်းအမြစ်များကို ရနေစေကာမူ နှစ်နှစ်ဆိုသောအချိန်တိုလေးအတွင်း တာအိုသခင်ပထမအဆင့်မှ တတိယအဆင့်သို့ တက်ရောက်နိုင်လိမ့်မည် မဟုတ်ပေ။

“သခင်… ဒီအတောအတွင်း အစ်မဟွာနဲ့ တွေ့ဖြစ်သေးလား…” လျို့ယန်က ကောက်မေးလိုက်လေသည်။

ရန်ကိုင်က ခေါင်းခါလျက် “မတွေ့ဖြစ်ဘူး…”

ကျန်းရို့ရှီက စိုးရိမ်တကြီးဖြင့် ဝင်မေးလေသည်။ “ဒီအတောအတွင်း အစ်မဟွာ ဘယ်လိုနေလဲမသိဘူး…”

မိန်းကလေးသုံးဦးသည် ကမ္ဘာငယ်လေးထဲတွင် အမြဲတမ်း အတူတကွ ရှိနေခြင်း ဖြစ်လေရာ တစ်ဦးကိုတစ်ဦး သံယောဇဉ်တွယ်မိကြသည်မှာ အထူးအဆန်းမဟုတ်ချေ။ ထို့အတွက်ကြောင့် ရန်ကိုင်နှင့် ပြန်တွေ့ရသည့်တိုင် ဟွာချင်းစီအား မမြင်ရသေးသည့်အတွက်ကြောင့် သူမအား စိတ်ပူမိသည်မှာ သဘာဝသာ ဖြစ်လေသည်။

ရန်ကိုင့်ဆီမှ ထွက်လာပြီးသည့်နောက်ပိုင်း ကျန်းရို့ရှီနှင့် လျို့ယန်သည် မရေမတွက်နိုင်သော အန္တရာယ်များနှင့် ကြုံခဲ့ရပေသည်။ ကံကောင်းစွာဖြင့် လျို့ယန်၏ ကောင်းကင်အဆင့် ကျားဖြူကိုသုံး၍ ထိုအန္တရာယ်များမှာ အကြိမ်ကြိမ်အခါခါ ထွက်ပြေးလွတ်မြောက်နိုင်ခဲ့ပေသည်။ တစ်ချိန်တည်းတွင် အမျိုးမျိုးသော အခက်အခဲများကို ကြုံရပြီးသည့်နောက်ပိုင်း ကျန်းရို့ရှီသည် ယခင်ကကဲ့သို့ တုံးအသည့် မိန်းကလေးတစ်ဦး မဟုတ်တော့ချေ။ လက်ရှိကျန်းရို့ရှီမှာ အတော်လေးကို ရင့်ကျက်လာခဲ့လေပြီ။

“အစ်မဟွာကို စိတ်ပူမနေနဲ့…” ရန်ကိုင်ကိုယ်တိုင်ကလည်း စိတ်ပူနေသော်ငြား ပြန်၍နှစ်သိမ့်ပေးလိုက်လေသည်။ “အစ်မဟွာက နင်တို့နဲ့မတူဘူး… သူက ကြယ်ဝိဉာဉ်နန်းတော်က အတွေ့အကြုံရှိတဲ့ တပည့်တစ်ယောက်ပဲ… ပြီးတော့ သူ့မှာ ငါးရောင်ခြယ်လှံလည်း ရှိနေသေးတယ်… လူအများစုကတော့ သူ့ပြိုင်ဘက် ဖြစ်နိုင်မှာမဟုတ်ဘူး…”

“ဒါပေမဲ့ ဒီကြယ်ပျက်ပင်လယ်ထဲမှာ ဧကရာဇ်အဆင့်ကို ရောက်သွားတဲ့ ပညာရှင်တွေ အများကြီးပဲလေ…” ကျန်းရို့ရှီက တိုးတိုးလေးပြောလိုက်လေသည်။

“အဲ့ဒါတော့ဟုတ်တယ်… ဒါပေမဲ့ အရမ်းကြီးများတာမှမဟုတ်တာ… အစ်မဟွာကလည်း အဲ့လောက်ကြီး ကံမကောင်းနိုင်တာတော့ မဟုတ်ပါဘူးလေ… ပြီးတော့ ဧကရာဇ်အဆင့်ကို ချိုးဖြတ်ဝင်ရောက်သွားတဲ့ လူတွေအကုန်လုံးက ထိပ်တန်းဂိုဏ်းတွေရဲ့ လက်ရွေးစင်တပည့်တွေ… သူတို့တွေက အကြောင်းအရင်းမရှိဘဲ အခြားလူတွေကို လိုက်အနိုင်ကျင့်နေမှာမဟုတ်ဘူး…” ထိုကဲ့သို့ နှစ်သိမ့်ပေးလိုက်ပြီးသည့်နောက်တွင် ရန်ကိုင်သည် ချက်ချင်းပဲ ခေါင်းစဉ်ပြောင်းလိုက်လေသည်။ “ဒါနဲ့ နင်တို့တွေ ဒီမှာ ဘာလာလုပ်နေတာလဲ… ဒီမှာက အရမ်းအန္တရာယ်များလွန်းတယ်… ဒီတိုင်းရပ်နေမယ့်အစား နေရာတစ်ခုရှာပြီး ဒီကအမြုတေစွမ်းအားတွေကို စုပ်ယူနေလိုက်…”

“ညီမရှောင်ချီလည်း ဒီရောက်နေတယ်…” လျို့ယန်က ပြောလိုက်လေသည်။

“ဘယ်သူ…”

လျို့ယန်သည် တစ်ခုသောဘက်ဆီသို့ ညွှန်ပြလိုက်လေ၏။

ရန်ကိုင်လည်း သူမညွှန်ပြသည့်ဘက်ဆီသို့ လှမ်းကြည့်လိုက်ရာ မျက်လုံးပြူးသွားခဲ့ပြီး အံ့အားသင့်နေသည့် လေသံဖြင့် ပြောလိုက်လေ၏။ “မိုရှောင်ချီလား…”

ထိုနေရာတွင် အခြားသောအမျိုးသမီးတစ်ဦးနှင့် တိုက်ခိုက်နေသည့် ကောင်မလေးတစ်ယောက် ရှိနေပေသည်။ ထိုကောင်မလေးမှာ မိုရှောင်ချီမှလွဲ၍ အခြားမဟုတ်ချေ‌။ သူမမျက်နှာပေါ်ရှိ လိပ်ပြာပုံစံ မွေးရာပါအမှတ်အသားမှာ ထင်ထင်ရှားရှား ရှိနေဆဲ။ ထို့အတွက်ကြောင့် သူမအား တစ်ကြိမ်မြင်ဖူးသည်နှင့် မေ့သွားဖို့ရာ မလွယ်ချေ။

မေပယ်မြို့သို့ ရောက်လာပြီးသည့်နောက်ပိုင်း ရန်ကိုင် မိတ်ဆွေနှစ်ဦးသာ ဖွဲ့ခဲ့လေသည်။ တစ်ဦးမှာ စိတ်ဝိဉာဉ်ဆေးလုံးပလာဇာမှ ခန်စစ်ရန်ဖြစ်ပြီး အခြားတစ်ဦးမှာတော့ ဤပြောင်ချော်ချော်ကောင်မလေး မိုရှောင်ချီသာ ဖြစ်လေသည်။

ခန်စစ်ရန်သည် တာအိုသခင်အဆင့်သို့ ရောက်ရှိသွားပြီးသည့်နောက် ပို၍အဆင့်မြင့်သည့် နေရာတစ်ခုသို့ တာဝန်ရွှေ့ပြောင်းခြင်း ခံလိုက်ရသလို မိုရှောင်ချီမှာလည်း “ဒေါ်လေးဖုန်း ကျွန်မကိုမိသွားပြီ… ကျွန်မအရင်ပြန်မှ ရတော့မယ်…” ဟူသော သတင်းစကားတစ်ခုကိုသာ ချန်ထားရစ်ခဲ့ပြီး သဲလွန်စမကျန် ပျောက်ကွယ်သွားခဲ့လေသည်။

ရန်ကိုင်ကိုယ်တိုင်လည်း ဒေါ်လေးဖုန်းဆိုသည့်လူနှင့် ကိုယ်တိုင် တွေ့ခဲ့ရပေသည်။

ထိုဒေါ်လေးဖုန်းဆိုသည့်လူမှာ အကြောင်းအရင်းမရှိ ရန်ကိုင့်၏ ပျံသန်းရေးမှော်ရတနာကို တစ်ချက်တည်းဖြင့် ဖျက်ဆီးပစ်ခဲ့သည်။

ကံကောင်းစွာဖြင့် ဒေါ်လေးဖုန်းဆိုသူမှာ ရန်ကိုင့်၏မှော်ရတနာကို ဖျက်ဆီးပြီးသည့်နောက် သူ့အား အလျော်ပြန်ပေးခဲ့လေ၏။

ထို့အတွက်ကြောင့်သာမဟုတ်လျှင် ရန်ကိုင့်အနေဖြင့် ပျံသန်းရေးမှော်ရတနာအသစ်တစ်ခု လိုက်ရှာနေရပေလိမ့်မည်။

မိုရှောင်ချီ၏ ဇစ်မြစ်နှင့်ပတ်သက်၍ ရန်ကိုင်သည် ယခင်ကကဲ့သို့ ဘာမှမသိသူတစ်ဦး မဟုတ်တော့ချေ။ ယခုဆိုလျှင် သူမ၏နောက်ခံမှာ လုံးဝကို အံ့အားသင့်ဖွယ်ရာ ကောင်းမှန်း သိနေခဲ့လေပြီ။ မိုရှောင်ချီသည် အရှေ့ဘက်နယ်မြေတွင် ရှိနေ‌သော သားရဲကျွန်း၏ ကျွန်းသခင် သားရဲသခင်မဟာဧကရာဇ်၏ သမီးသာ ဖြစ်လေသည်။

အရှေ့ဘက်နယ်မြေတွင် အလွန်ကိုမှ ဆန်းကျယ်လှသော ကျွန်းနှစ်ကျွန်းရှိသည်။ တစ်ကျွန်းမှာ စိတ်ဝိဉာဉ်သားရဲကျွန်းဖြစ်ပြီး နောက်တစ်ကျွန်းမှာတော့ ဒဏ္ဍာရီလာနဂါးကျွန်းသာ ဖြစ်လေသည်။ ကောလဟလများအရ အစစ်အမှန်နဂါးများစွာသည် ထိုနဂါးကျွန်းပေါ်တွင် နေထိုင်ကြသည်ဟု ပြောကြပေသည်။ သို့သော်ငြား နဂါးကျွန်း မည်သည့်နေရာတွင်ရှိသလဲ ထိုသို့မဟုတ်ဘဲ နဂါးကျွန်း တကယ်ရှိနေသလားဆိုသည်ကိုတော့ မည်သူမျှ မသိကြချေ။

မည်သို့ပင်ဖြစ်နေစေကာမူ နဂါးကျွန်းဟူသော နာမည်သည် ကြားလိုက်သည့်လူတိုင်းအား တစ်သက်တာ မှတ်မိနေစေအောင် လုပ်နိုင်ပေသည်။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၄၈၃)

သားရဲသခင်မဟာဧကရာဇ်သည် လက်ရှိမဟာဧကရာဇ်ဆယ်ပါးအနက် တစ်ပါးအပါအဝင်ဖြစ်ကာ သောင်းနှင့်ချီသော သားရဲများကို ပိုင်ဆိုင်ထားပြီး အလွန်ခွန်အားကြီးမားသည့် လူတစ်ဦးဖြစ်ပေသည်။

သားရဲသခင်မဟာဧကရာဇ်သည် တိုးတိုးတိတ်တိတ်သာ နေလေ့ရှိသည့်အတွက်ကြောင့် သူ့အကြောင်းကို လူသိပ်မသိကြချေ။ ထို့အပြင် သားရဲသခင်မဟာဧကရာဇ်သည် လမင်းမဟာဧကရာဇ် သို့မဟုတ် ရှုယဉ်သာမဟာဧကရာဇ်ကဲ့သို့ ဂိုဏ်းတစ်ဂိုဏ်းကိုလည်း ထူထောင်ခြင်းမရှိဘဲ သူ့ဘာသာသူ စိတ်ဝိဉာဉ်သားရဲကျွန်းတွင်သာ နေနေပေသည်။

မိုရှောင်ချီသည် ထိုနာမည်ကျော်ကြားသော သားရဲသခင်မဟာဧကရာဇ်၏ သမီး ဖြစ်ပေသည်။ ထို့အတွက်ကြောင့်ပင်လျှင် ဤနေရာရှိ မည်သူမျှ သူမနှင့် မတိုက်ခိုက်ရဲကြပေ။ တိုက်ခိုက်လိုက်လျှင် ဖြစ်လာမည့်အကျိုးဆက်ကိုလည်း မခံစားနိုင်ကြချေ။

ဖုန်းရွှမ်ကဲ့သို့သော ဧကရာဇ်တတိယအဆင့်သို့သာ ရောက်သေးသည့်သူပင်လျှင် သူ့သားအပေါ်၌ ဝိဉာဉ်သက်ဆင်းခြင်းပညာရပ်ကို ထုတ်သုံးနိုင်လေရာ မိုရှောင်ချီသာ သေရေးရှင်ရေး အန္တရာယ်တစ်ခုခုနှင့် ကြုံပါက သားရဲသခင်မဟာဧကရာဇ်ကိုယ်တိုင် ရောက်မလာနိုင်ဟု မည်သူမျှ မပြောနိုင်ပေ။ မည်သူမျှ မဟာဧကရာဇ်တစ်ပါး၏ ဒေါသကို ခုခံနိုင်လိမ့်မည် မဟုတ်ချေ။

ထို့အတွက်ကြောင့်ပင် မိုရှောင်ချီ တစ်ယောက်ယောက်နှင့် တိုက်ခိုက်နေသည်ကိုမြင်သော် ရန်ကိုင့်မှာ စိုးရိမ်သွားကာ ချက်ချင်းမေးလိုက်လေ၏။ “နင်တို့ ဘာဖြစ်လို့ သူ့ကို သွားမကူညီကြတာလဲ…”

လျို့ယန်က ပြန်ပြောလိုက်လေသည်။ “ကူညီလို့မရဘူးလေ…”

ရန်ကိုင် ကြောင်သွားလေ၏။ ထို့နောက် လှည့်ကြည့်လိုက်လေရာ မိုရှောင်ချီနှင့် တိုက်ခိုက်နေသည့်လူမှာ မည်သူမှန်း သေချာသိသွားတော့လေသည်။

ထိုလူမှာ ငယ်ရွယ်ပြီး အလွန်ကိုမှ လှပသည့် အမျိုးသမီးတစ်ဦးဖြစ်၏။ ရန်ကိုင် ထိုအမျိုးသမီးကိုသိပေသည်။ သူမသည် တောင်ဘက်နယ်မြေထဲရှိ ကြယ်ဝိဉာဉ်နန်းတော်၏ နန်းတော်သခင်ဖြစ်သော လမင်းမဟာဧကရာဇ်၏သမီး မင်းသမီးလန်ရွှင်းသာ ဖြစ်ပေသည်။

ရန်ကိုင် ဆွံ့အသွားတော့လေ၏။

နှစ်ယောက်စလုံးမှာ မဟာဧကရာဇ်များ၏ သမီးတော်များ ဖြစ်ကြပေသည်။ ထို့အတွက်ကြောင့် သူတို့အချင်းချင်းသာ ပြိုင်၍ တိုက်ခိုက်ရဲကြပေလိမ့်မည်။

“သူတို့ဘာလို့ တိုက်ခိုက်နေကြတာလဲ…” ရန်ကိုင်က မေးလိုက်လေသည်။

“မသိဘူး… အကြည့်ချင်းဆုံသွားတာနဲ့ တိုက်ခိုက်ကြတော့တာပဲ…” လျို့ယန်က ပြန်ဖြေလိုက်လေသည်။

“အဲ့လိုမျိုးလည်း ရှိတာလား…” ရန်ကိုင် ဇောချွေးပျံသွားတော့လေသည်။

သို့သော်ငြား အကြည့်ချင်းဆုံဆုံချင်း တိုက်ခိုက်ရလေအောင် ထိုအမျိုးသမီးနှစ်ဦးသည် တစ်ဦးကိုတစ်ဦး သိထားပြီး ဖြစ်ကြပေလိမ့်မည်။ ငယ်သွေးကြွနေသည့် မိန်းမပျိုလေးများ ဖြစ်ကြသည့်အလျောက် တစ်ယောက်အပေါ်တစ်ယောက် ကြောချင်ကြသည်မှာ သဘာဝသာဖြစ်လေသည်။ ထို့အတွက်ကြောင့်ပင်လျှင် မည်သူက ပိုသာလေသလဲ သိရလေအောင် ယှဉ်ပြိုင်နေကြခြင်း ဖြစ်လောက်၏။

ထိုသို့ဆိုလျှင်ပင် အခြားနေရာတွင် သွားယှဉ်ပြိုင်နေသင့်ပေသည်။ ဤကဲ့သို့သော ကြယ်ပျက်ပင်လယ်ကြီးထဲတွင် ဘာကြောင့်များ လာရောက်ယှဉ်ပြိုင်နေရသလေသနည်း။

နှစ်အနည်းငယ်ခန့် ကြာသွားပြီးသည့်နောက်တွင် မိုရှောင်ချီနှင့် လန်ရွှင်းတို့နှစ်ဦးစလုံး တာအိုသခင်တတိယအဆင့်သို့ ရောက်နေကြလေပြီ။ မဟာဧကရာဇ်နှစ်ပါး၏ သမီးတော်များ ဆိုသည့်အတိုင်း ထိုမိန်းကလေးနှစ်ဦး၏ ပါရမီမှာ မေးခွန်းထုတ်စရာမလိုလောက်အောင်ကို ကောင်းမွန်လှပေသည်။ လမင်းမဟာဧကရာဇ်၏ သမီးတော်လန်ရွှင်းသည် သူမအဖေ ပိုင်ဆိုင်ထားသည့် လမင်းမဟာခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားမှန်း ရန်ကိုင်သိပေသည်။ မိုရှောင်ချီတွင် လန်ရွှင်းကဲ့သို့ မည်သည့် အထူးခန္ဓာကိုယ်မှ မရှိသော်ငြား သူမသည် အမျိုးမျိုးသော သားရဲများကို ထိန်းချုပ်ကာ သူမအတွက် တိုက်ခိုက်ခိုင်းနိုင်ပေသည်။ ထို့အပြင် သားရဲမဟာဧကရာဇ်၏ သမီးတော်တစ်ဦးဖြစ်သည့်အလျောက် မိုရှောင်ချီသည် ငယ်စဉ်ကတည်းက အလွန်ကိုမှ နက်နဲဆန်းကြယ်လှသော ကျင့်စဉ်များ သိုင်းပညာရပ်များကို သင်ကြားခဲ့ရမည်မှာ မြေကြီးလက်ခတ်မလွဲပင်။

လက်ရှိအချိန်တွင် အမျိုးသမီးနှစ်ဦးမှာ မီးကုန်ယမ်းကုန် တိုက်ခိုက်နေကြလေ၏။ လန်ရွှင်း၏ ကျော့ရှင်းတည်ငြိမ်လှသည့် တိုက်ခိုက်ပုံနှင့် ယှဉ်လိုက်သော် မိုရှောင်ချီပုံစံမှာ ပို၍ အကြမ်းဆန်ပေသည်။ လက်ရှိအချိန်တွင် မိုရှောင်ချီသည် ကျင့်စဉ်တစ်မျိုးမျိုးကို ထုတ်သုံးလိုက်သည့်အလား သူမ၏ ခန္ဓာကိုယ်မှာ ကျားသစ်တစ်ကောင်နှယ် အလွန်ကိုမှ မြန်ဆန်သွက်လက်နေခဲ့လေရာ မိုရှောင်ချီပုံစံမှာ အရိုင်းဆန်သည့် မိန်းကလေးတစ်ဦး၏ပုံစံမျိုး ပေါက်နေတော့လေသည်။

နှစ်ယောက်စလုံးသည် မည်သည့်မှော်ရတနာကိုမှ ထုတ်မသုံးကြဘဲ သိုင်းပညာရပ်များကိုသုံး၍သာ လက်ဗလာဖြင့် တိုက်ခိုက်နေကြခြင်း ဖြစ်လေသည်။

လက်ရှိရန်ကိုင်ကြည့်ရသလောက် အမျိုးသမီးနှစ်ဦးမှာ လက်ရည်တူနေကြလေ၏။ လန်ရွှင်း၏ လမင်းမဟာခန္ဓာကိုယ်သည် သူမ၏ပုံရိပ်အား ဟိုမှသည်သို့ ထူးဆန်းစွာ ရွေ့လျားနေစေသည့် အတွက်ကြောင့် မိုရှောင်ချီမှာ လန်ရွှင်း၏အကာအကွယ်များကို မည်သို့ပင် တိုက်ခိုက်နေစေကာမူ မချိုးဖြတ်နိုင် ဖြစ်နေခဲ့ရလေသည်။ မိုရှောင်ချီ အနည်းငယ်မောပန်းလာ၍ တိုက်စစ်မှ ခံစစ်သို့ ပြောင်းလိုက်သည့်အခါတွင် လန်ရွှင်းသည် ထိုအခိုက်အတန့်ကို အခွင့်ကောင်းယူ၍ တန်ပြန်တိုက်ခိုက်တော့လေသည်။ ထိုသို့ဖြင့် သူတို့၏တိုက်ခိုက်နေသည့်ပုံစံမှာ ဤအတိုင်းသာ သံသရာလည်နေတော့၏။

လူတစ်ဦးသည် ခပ်လှမ်းလှမ်းတွင်ရပ်၍ တိုက်ပွဲအားကြည့်ရင်း မကြာမကြာ စိုးရိမ်တကြီးဖြင့် လှမ်းအော်ပြောနေလေသည်။ “မင်းသမီး သတိထားဦးနော်… ထိခိုက်သွားဦးမယ်…”

ထိုလူမှာ အခြားမဟုတ် ရှောင်ချန်းသာ ဖြစ်လေသည်။

မင်းသမီးလန်ရွှင်း၏ သစ္စာရှိ နောက်လိုက်တစ်ဦးပီပီ ထိုကောင်သည် လန်ရွှင်းပေါ်လာသည့် နေရာတိုင်းတွင် ပေါ်လာပေသည်။

လန်ရွှင်းထိခိုက်သွားမည်ကို စိုးရိမ်နေသည့် အတွက်ကြောင့်လားမသိ ရှောင်ချန်မှာ ဇောချွေးပျံနေခဲ့လေသည်။ အခြားလူတစ်ဦးဦးသာ လန်ရွှင်းအား တိုက်ခိုက်ရဲမည်ဆိုပါက သူကိုယ်တိုင် သွားသင်ခန်းစာပေးလိုက်မည်ဖြစ်သော်ငြား လက်ရှိ လန်ရွှင်းနှင့် တိုက်ခိုက်နေသည့်လူမှာ သာမန်မဟုတ် မိုရှောင်ချီဖြစ်နေခဲ့လေသည်။ ထို့အတွက်ကြောင့် ရှောင်ချန်မှာ ဧကရာဇ်အဆင့်သို့ ချိုးဖြတ်ဝင်ရောက်ပြီးသွားပြီ ဖြစ်သည့်တိုင် တိုက်ပွဲအား ဝင်မရှုပ်ရဲခဲ့ပဲ ခပ်လှမ်းလှမ်းမှသာ ရပ်ကြည့်နေနိုင်ခဲ့လေ၏။

ရှောင်ချန်စိတ်ထဲ စိုးရိမ်နေစဉ်မှာပင် တစ်ယောက်ယောက် သူ့ဆီသို့ ပျံသန်းလာနေသည်ကို အာရုံခံမိလိုက်လေသည်။ လှမ်းကြည့်လိုက်ရာ ရန်ကိုင်မှ ယဲ့ယဲ့လေးပြုံးကာ သူ့အား ကြည့်နေကြောင်း တွေ့လိုက်ရလေ၏။

ရန်ကိုင်နှင့် အကြည့်ချင်းဆုံသွားသည့်အခိုက် ရှောင်ချန်က အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လိုက်လေသည်။ “မင်းကိုး…”

ရှောင်ချန်သည် ရန်ကိုင်ကို သေသေချာချာမှတ်မိပေသည်။ ဥတုလေးမျိုးနယ်မြေထဲတွင် ရှိစဉ်က ရန်ကိုင်သည် အဆုံးမဲ့ရတနာဆေးလုံးကို ဖော်စပ်၍ မုန်တိုင်းထန်စေခဲ့သည် မဟုတ်ပေလော။ ရှောင်ချန်အနေဖြင့် ထိုကဲ့သို့သော လူတစ်ဦးအား မေ့စရာအကြောင်းမရှိချေ။

ရန်ကိုင်က ရယ်သွမ်းသွေးလျက် ပြန်ပြောလိုက်လေသည်။ “ရောင်းရင်းရှောင်… မတွေ့ရတာတောင် ကြာပြီနော်… ဧကရာဇ်အဆင့်ကို ရောက်သွားတဲ့အတွက် ဂုဏ်ယူပါတယ်…”

ရှောင်ချန်က ဂုဏ်ယူဝံ့ကြွားစွာဖြင့် ပြန်ပြောလိုက်လေသည်။ “ဒါ ဘာမှ ဂုဏ်ယူစရာမဟုတ်ဘူး… ဒီသခင်လေးရဲ့ အရည်အသွေးနဲ့ ဧကရာဇ်အဆင့်ကို ရောက်ဖို့က အချိန်ပဲလိုတာ…”

ရှောင်ချန်၏ကြွားဝါပုံကိုကြည့်ရင်း ရန်ကိုင် မျက်နှာတစ်ချက်မဲ့သွားခဲ့လေသည်။ သို့သော်ငြား မည်သို့ပင် ကြွားဝါနေစေကာမူ ရှောင်ချန်သည် အမှန်တကယ်ကို ပါရမီရှိသည့်လူတစ်ဦးဖြစ်ပေသည်။ ထို့ကြောင့်သာမဟုတ်ပါက ဧကရာဇ်အဆင့်သို့ ဤမျှ လျင်လျင်မြန်မြန် ရောက်ရှိလာစရာအကြောင်းမရှိချေ။

ရှောင်ချန်က ဆက်ပြောလိုက်လေသည်။ “မင်း ဥတုလေးမျိုးနယ်မြေထဲမှာ အဆုံးမဲ့ရတနာဆေးလုံးတစ်လုံးကို သောက်လိုက်တာ ငါတွေ့တယ်… အဲ့ဒါကိုတောင် ဘာဖြစ်လို့ တာအိုသခင်အဆင့်ပဲ ရှိနေသေးတာလဲ… ကျွတ် ကျွတ်… ကြည့်ရတာ မင်းအရည်အချင်းက ဘာမှမဟုတ်ဘူးနဲ့တူတယ်… ဆေးလုံးကောင်းတစ်လုံးကတော့ သွားပါပြီကွာ…”

ရန်ကိုင်က ထူးမခြားနားဟန်ဖြင့် ပြုံးလျက် “ဟုတ်တယ်နော်… အဆုံးမဲ့ရတနာဆေးလုံးကိုသာ ရောင်းရင်းရှောင်ဆီ ပေးလိုက်လို့ရှိရင် ရောင်းရင်းရှောင် ဧကရာဇ်အဆင့်ကို ဒီထက်စောပြီးတော့တောင် ရောက်ရင်ရောက်နေဦးမှာ…”

“ဒါပေါ့…” ရှောင်ချန်က ဂုဏ်ယူဝံ့ကြွားဟန်ဖြင့် ခေါင်းညိတ်ပြလိုက်လေသည်။ သို့သော်ငြား မကြာမီတွင် မယုံသင်္ကာဖြင့် ပြန်၍မေးခွန်းထုတ်လိုက်လေ၏။ “မင်း ဘာဖြစ်လို့ ငါ့ကို လာရှာနေတာလဲ…”

ရန်ကိုင့်အမူအယာ လေးနက်တည်ကြည်သွားခဲ့ပြီး တိုက်ခိုက်နေသည့် အမျိုးသမီးနှစ်ဦးကို ကြည့်လျက် ပြောလိုက်လေသည်။ “ရောင်းရင်းရှောင်… မင်း ဘာလို့ ဒီမှာ ဒီတိုင်းပဲ ရပ်နေရတာလဲ… အမှန်တကယ်ဆိုရင် အခုလိုရပ်နေရမှာ မင်းသမီးလန်ရွှင်းလေ… မင်းသမီးလန်ရွှင်းကိုကြတော့ တိုက်ခိုက်နေခိုင်းပြီးတော့ မင်းက ဒီတိုင်းပဲရပ်ကြည့်နေတာလား… ဒီအကြောင်းကိုသာ လမင်းမဟာဧကရာဇ် ကြားသွားလို့ရှိရင် မဟာဧကရာဇ်က မင်းကို လုံးဝခွင့်လွှတ်ပေးမှာမဟုတ်ဘူးနော်… သူ့သမီးသာ တစ်ခုခုဖြစ်သွားမယ်ဆိုလို့ရှိရင် ပိုလို့တောင် ပြဿနာတက်သွားနိုင်သေးတယ်… မင်း ဘာဖြစ်လို့ တိုက်ပွဲကို မြန်မြန်သွားမတားတာလဲ…”

ရှောင်ချန်က ခါးသက်နေသည့်အမူအယာဖြင့် ပြန်၍အထွန့်တက်လိုက်လေ၏။ “ဟေ့ကောင်… ငါသာတားနိုင်တယ်ဆိုလို့ရှိရင် မင်း ငါ့ကို လာပြောနေစရာလိုတောင် မလိုဘူး… ငါ့ဘာသာငါ အစတည်းက သွားတားပြီးနေပြီ… မင်းသမီးနဲ့တိုက်ခိုက်နေတာ ဘယ်သူလဲ မင်းမသိဘူးလား…”

“ဘယ်သူလဲ…” ရန်ကိုင်က မသိချင်ယောင်ဆောင်လျက် ပြန်မေးလိုက်လေသည်။

“ဘယ်လောက်တောင်တုံးလိုက်တဲ့ တောသားလဲကွာ… မင်းသမီးနဲ့ တိုက်ခိုက်နေတဲ့လူကိုတောင် မသိဘူးတဲ့…” ရှောင်ချန်က အထင်အမြင်တသေးဖြင့် နှုတ်ခမ်းကြီးကိုမဲ့လျက် ပြန်ပြောလိုက်လေသည်။ “ဒါပေမဲ့ သူ့လိုလူတစ်ယောက်ကို မင်းလို သာမန်လူတစ်ယောက်က မသိတာလည်း ဆန်းတော့လည်း မဆန်းပါဘူးလေ… ဒီမှာ ငါပြောပြမယ် သေချာနားထောင်… မင်းသမီးလန်ရွှင်းနဲ့ တိုက်ခိုက်နေတဲ့ ကောင်မလေးက သားရဲသခင်မဟာဧကရာဇ်ရဲ့ သမီးပဲကွ…”

“သားရဲသခင်မဟာဧကရာဇ်…” ရန်ကိုင် အံ့အားသင့်သွားဟန် လုပ်ပြလိုက်လေသည်။

ရှောင်ချန်က နှာခေါင်းရှုံ့လျက် “ဘာလဲ ကြောက်သွားပြီလား… အခု ဒီသခင်လေး ဘာဖြစ်လို့ ဒီတိုင်းပဲ ရပ်ကြည့်နေလဲဆိုတာကို မင်းသိသွားပြီမလား… သူတို့နှစ်ယောက်စလုံးက မင်းသမီးတွေပဲ… သူတို့ကိုသွားရန်စရင် ပြဿနာတက်သွားမှာ… ယောက်ျားတစ်ယောက်ဖြစ်ရတာ ခက်လိုက်တာကွာ…”

ထိုသို့ပြောပြီးသည့်နောက် စိတ်ဓာတ်ကျနေသည့်ပုံစံမျိုးဖြင့် သက်ပြင်းအမောကြီးချလိုက်လေသည်။

ရန်ကိုင်က ထပ်ပြောလိုက်လေ၏။ “ဒါပေမဲ့ သူတို့နှစ်ယောက်ကို ဒီတိုင်း ဆက်တိုက်ခိုင်းနေလို့တော့ မဖြစ်ဘူးလေ… နှစ်ယောက်စလုံးက လက်ရည်ဖလှယ်နေကြတာဆိုပေမဲ့ မီးပွားထပြီး မီးလောင်ပြီဆိုတာနဲ့ အဲ့မီးတောက်က ထိန်းမရအောင် ပြန့်တတ်တာ သဘာဝပဲ… အဲ့အခါကျရင် အကျိုးဆက်တွေ ထင်တာထက်ကို ပိုဆိုးသွားနိုင်တယ်… အမျိုးသမီးတွေက တစ်ယောက်နဲ့တစ်ယောက် တွေ့လို့ရှိရင် အရမ်း ပြိုင်ဆိုင်လိုစိတ် ပြင်းထန်တယ်ဆိုတာကို ရောင်းရင်းရှောင် သိတယ်မလား… ဒီတော့ ဘယ်သူ့ဘက်ကမှ အလျှော့ပေးမှာမဟုတ်ဘူး… ဒီတိုင်းသာ ဆက်သွားနေမယ်ဆိုရင် နှစ်ယောက်ထဲက တစ်ယောက် ဒဏ်ရာဆိုးဆိုးရွားရွား ရသွားတော့မှာ…”

ထိုစကားကိုကြားသော် ရှောင်ချန်မျက်နှာ ဖြူလျော်သွားခဲ့ပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံး တုန်တုန်ရီရီ ဖြစ်သွားခဲ့လေသည်။ ထို့နောက် စိုးရိမ်တကြီးဖြင့် ပြန်မေးလိုက်လေသည်။ “တကယ်ကြီး အဲ့လိုဖြစ်သွားမှာလား… အဲ့ဒါဆိုလို့ရှိရင် ဒီတိုင်းရပ်ကြည့်နေတာက ပိုဆိုးသွားတာပေါ့…”

ရန်ကိုင်က ပြန်ပြောလိုက်လေသည်။ “ဟုတ်တယ်လေ… ဒါကြောင့်မို့လို့ သူတို့ကို မြန်မြန်သွားခွဲခိုင်းနေတာ…”

ရှောင်ချန်က တံတွေးတစ်လုပ်မျိုချလျက် “ငါက ဘယ်လိုသွားခွဲရမှာလဲ… မင်းသမီးက ငါ့စကားနားထောင်တာမဟုတ်ဘူး… ဒါပေမယ့် ငါကိုယ်တိုင်သွားပြီး လူချင်းခွဲလိုက်ရင်ရော…”

“အဲ့ဒါဆိုလည်း မြန်မြန် လူချင်းသွားခွဲလိုက်တော့လေ…” ရန်ကိုင်က အလေးအနက်အမူအယာဖြင့် ပြောလိုက်လေသည်။ “ရောင်းရင်းရှောင်… မင်းက ဧကရာဇ်အဆင့်တောင် ရောက်နေပြီပဲကွာ… အဲ့မိန်းကလေးနှစ်ယောက်ကို လူချင်းခွဲဖို့က မင်းအတွက် ဘယ်လောက်ခက်မှာမို့လို့လဲ…”

“ဟုတ်တယ်နော်…” ရှောင်ချန်က ရေရွတ်လိုက်လေသည်။ ထို့နောက် ရန်ကိုင့်အား အဓိပ္ပာယ်ပါပါဖြင့် ကြည့်လျက် “ဒါပေမဲ့ မင်း ငါ့ကို ပြဿနာတက်အောင် လုပ်နေတယ်လို့ ငါ ဘာဖြစ်လို့ ခံစားနေရတာလဲ… ကောင်လေး… ငါမင်းထက် ပိုရုပ်ချောနေတာကို မင်း မနာလိုနေတာလား…”

“ဘာလို့မနာလိုရမှာလဲ…” ရန်ကိုင်က မျက်မှောင်ကြုတ်၊ နှုတ်ခမ်းကြီးကိုမဲ့လျက် ချက်ချင်းပြန်ပြောလိုက်လေသည်။ “ကျုပ်က မင်းသမီးရဲ့ လုံခြုံရေးအတွက် စဉ်းစားပေးရုံပဲ… ကျုပ်ကိုယ်တိုင်ကလည်း တောင်ဘက်နယ်မြေက ကျင့်ကြံသူတစ်ယောက်လေ… ဒီ‌တော့ ကျုပ်တို့မင်းသမီး ထိခိုက်သွားမှာကို ဘယ်လိုလုပ်ပြီး မြင်ချင်ပါ့မလဲ…”

ရှောင်ချန်က ခေါင်းတညိတ်ညိတ်လုပ်လိုက်လေ၏။ ထို့နောက် မီးတောက်နေသည့်အကြည့်ဖြင့် “မင်းမှန်တယ်… မင်းသမီး လုံးဝ ထိခိုက်သွားလို့မရဘူးလား… သူတို့တိုက်ခိုက်နေတာကို ချက်ချင်းသွားတားရမယ်…”

“ဟုတ်တယ် ရောင်းရင်းရှောင်… မင်း ချက်ချင်း သွားတားလိုက်ပေတော့…” ရန်ကိုင်က ဘေးမှ အားပေးအားမြှောက် လုပ်လိုက်လေ၏။

သို့သော်ငြား ရှောင်ချန်သည် ရန်ကိုင့်၏လက်မောင်းကို ရုတ်တရက် ဆွဲကိုင်လျက် ပြောလိုက်လေသည်။ “မင်းက ဒီလောက်တောင် မင်းသမီးအပေါ် သစ္စာရှိနေမှတော့ ငါနဲ့လိုက်ခဲ့ပေတော့… ငါက မင်းသမီးလန်ရွှင်းကိုတားမယ်… မင်းက ကျန်တဲ့မင်းသမီးကို တားလိုက်… အဆင်ပြေတယ်မလား…”

ထိုသို့ပြောပြီးသည့်နောက် ရန်ကိုင်ပြန်ပြောမည်ကိုပင် မစောင့်တော့ဘဲ ရန်ကိုင့်ကိုဆွဲကာ လျှပ်စီးတမျှ အမြန်နှုန်းဖြင့် အမျိုးသမီးနှစ်ဦးဆီသို့ ပြေးဝင်သွားလေသည်။

ရန်ကိုင့်မှာ ရှောင်ချန်၏လုပ်ရပ်ကြောင့် ပါးစပ်အဟောင်းသားသာ ဖြစ်နေတော့လေသည်။

အစကမူ ရှောင်ချန်အား ထိုတိုက်ပွဲကို သွားတားစေလိုချင်း ဖြစ်ပေသည်။ သို့သော်ငြား ရှောင်ချန်၏ပုံစံမှာ မည်မျှပင် မောက်မာဝံ့ကြွား၍ တုံးအနေသည့် ပုံစံ ပေါက်နေပါစေ လုံးဝကြီး ဉာဏ်မရှိသည့်လူတော့ မဟုတ်ပေ။ ထို့အစား ရန်ကိုင်ထင်ထားသည်ထက်ပင် ပို၍အကင်းပါးသေးကာ ရန်ကိုင့်ကိုပင်လျှင် သူနှင့်အတူ ဆွဲခေါ်သွားလေ၏။

သို့သော်ငြား လက်ရှိအခြေအနေကြောင့် ရန်ကိုင့်မှာ ထိုကိစ္စအား စိတ်ပူနေချိန်မရှိဘဲ ရှောင်ချန်နှင့်အတူ ပူးပေါင်းရုံသာ တတ်နိုင်ခဲ့လေသည်။

အနီးသို့ရောက်လာသော် ရှောင်ချန်သည် ရန်ကိုင့်အား တိုက်ခိုက်နေသည့် အမျိုးသမီးနှစ်ဦး၏ အလယ်တည့်တည့်သို့ ပစ်ထည့်လျက် အော်ပြောလိုက်လေ၏။ “မင်းသမီး ကျေးဇူးပြုပြီး ရပ်လိုက်ပါတော့… ဒီတိုင်းကြီး ဆက်ပြီး တိုက်ခိုက်နေဖို့ မလိုဘူးလေ… ဘာဖြစ်လို့ အေးအေးဆေးဆေးလေး စကားမပြောကြတာလဲ…”

(ရှောင်ချန်… မင်းတို့ တစ်မျိုးလုံး၊ တစ်ဆွေလုံးအကုန်လုံး ဘောပဲ…)

ရန်ကိုင်သည် စိတ်ထဲမှနေ၍ ရှောင်ချန်အား ထအော်ဆဲတော့လေသည်။ ထိုကောင်သည် ဤမျှ ကောက်ကျစ်ဉာဏ်များလိမ့်မည်ဟု မထင်ထားခဲ့ချေ။ လန်ရွှင်းနှင့် မိုရှောင်ချီတို့ တိုက်ခိုက်နေသည်ကို သူကိုယ်တိုင် သွားတားမည့်ပုံစံမျိုး လုပ်ပြနေသော်ငြား တကယ့်တကယ်တွင် ထိုကဲ့သို့မလုပ်ခဲ့ဘဲ ရန်ကိုင့်ကိုသာ အမျိုးသမီးနှစ်ဦးကြားထဲသို့ ပစ်ထည့်လိုက်ပေသည်။

လေထဲတွင် ပျံဝဲနေစဉ်အတောအတွင်း ရန်ကိုင်မှာ ခန္ဓာကိုယ်ကို အတင်းအကြပ် ထိန်းချုပ်၍ ကိုယ်နေဟန်ထားကို ပြောင်းလဲလိုက်ရသည်။ သို့သော်ငြား မဆင်မခြင် မလှုပ်ရှားရဲသည့်အတွက်ကြောင့် အရင်းအမြစ်ချီကို လှည့်ပတ်၍သာ သူ့ကိုယ်သူ ကာကွယ်ထားလိုက်ရတော့လေ၏။

ထို့နောက် ပြဿနာနှစ်ခုကြားထဲသို့ ရောက်သွားတော့လေသည်။

တဖုန်းဖုန်းမြည်သံများနှင့်အတူ ရန်ကိုင့်ဆီမှ အော်ငြီးသံတစ်သံ ထွက်ပေါ်လာခဲ့လေ၏။

လန်ရွှင်းနှင့် မိုရှောင်ချီတို့သည် သူမတို့၏ တိုက်ကွက်အသီးသီးကို ရပ်တန့်လိုက်ကြပြီး ခပ်လှမ်းလှမ်းသို့ ပြန်ဆုတ်လျက် ရန်ကိုင့်အား ငေးကြောင်ကြောင်အမူအယာဖြင့် စိုက်ကြည့်လိုက်ကြလေသည်။

အမျိုးသမီးနှစ်ဦးမှာ အပြစ်မရှိသည့်လူတစ်ဦးအား အလကားသက်သက် သတ်ဖြတ်နေရလောက်သည်အထိ ရက်စက်ကြမ်းကြုတ်သည့်လူများ မဟုတ်ကြပေ။ ထို့အတွက်ကြောင့် တစ်စုံတစ်ဦး သူတို့တိုက်ပွဲကြားထဲသို့ ရောက်လာသည်ကိုမြင်သော် တိုက်ခိုက်နေသည်ကို ရပ်တန့်လိုက်ပြီး နောက်သို့ အသီးသီး ဆုတ်သွားကြလေ၏။

မိုရှောင်ချီသည် သူမတို့တိုက်ပွဲကြားသို့ ရောက်လာသည့်လူအား စိုးရိမ်တကြီးဖြင့် လှမ်းကြည့်လိုက်လေသည်။ သူမတို့၏တိုက်ကွက်ကြောင့် ထိုလူများ သေများသေသွားလေမလားဟု တွေးလျက် အနည်းငယ်စိုးရိမ်နေမိလေ၏။ သို့သော်ငြား ထိုလူကိုမြင်ပြီးသည့်နောက် သူမ၏မျက်လုံလေးများ တဖျတ်ဖျတ်တောက်ပလာခဲ့ပြီး သူမမျက်နှာထက်ရှိ သားရဲပုံစံ အင်းကွက်များသည်ပင်လျှင် လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့လေသည်။ “အစ်ကိုရန်လား…” မိုရှောင်ချီက အံ့အားသင့်နေသည့်လေသံဖြင့် လှမ်းအော်ခေါ်လိုက်လေ၏။

ရန်ကိုင်က ညစ်ကျယ်ကျယ်ပြုံးပြလိုက်ပြီး မိုရှောင်ချီဆီသို့ ပြေးသွားကာ သူမအား လန်ရွှင်းနှင့် ထပ်မံ၍ တိုက်ပွဲမဖြစ်စေရန် နှုတ်ဆက်သည့်သဘောဖြင့် ဖက်လိုက်လေ၏။

အခြားတစ်ဖက်တွင်မူ ရန်ကိုင်နှင့်အတူ တိုက်ပွဲဆီသို့ လိုက်ပါလာသော ရှောင်ချန်မှာ ရန်ကိုင့်၏လုပ်ရပ်ကိုကြည့်ရင်း အံ့ဩတကြီး ဖြစ်သွားခဲ့ရလေသည်။

မင်းသမီးနှစ်ယောက်၏တိုက်ပွဲ ရပ်သွားစေရန်အတွက် ရန်ကိုင့်အား စတေးကောင်အဖြစ် အသုံးချလိုက်ပါသော်ငြား ထိုအကောင်သည် အလွန်ကိုမှ ရဲတင်းကာ မိုရှောင်ချီကိုပင်လျှင် သွားဖက်လိမ့်မည်ဟု မထင်ထားခဲ့ပေ။

(ဒါ… ဒါ… ဒီကောင် တကယ်ကြီး မင်းသမီးတစ်ပါးကို အခုလိုမျိုး ရိုင်းပြလိုက်တာလား…)

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၄၈၄)

ဧကရာဇ်အဆင့် ပညာရှင်များသည်ပင်လျှင် သားရဲသခင်မဟာဧကရာဇ်၏ သမီးတော်အား လေးစားသမှုပြုရပေရာ ရန်ကိုင်သည် မိုရှောင်ချီအား အမှန်တကယ်ကြီး သွားဖက်ရဲခဲ့သည်။ ဤအကြောင်းသည်သာ သားရဲသခင်မဟာဧကရာဇ်၏ နားတော်ဝသို့ ရောက်သွားမည်ဆိုပါက ရန်ကိုင့်အနေဖြင့် မိုးမြေအဆုံး ထွက်ပြေးမည်ဆိုလျှင်ပင် နုတ်နုတ်စင်းခံရမည့်ဘဝမှ လွတ်လိမ့်မည် မဟုတ်ချေ။

သားရဲမဟာဧကရာဇ်မဆိုထားနှင့် မည်သည့်ဧကရာဇ်အဆင့် ပညာရှင်၏ သမီးမဆို ယောက်ျားတစ်ဦး၏ အသားယူခြင်းခံရပါက ထိုလူ၏ အဆုံးသတ်မှာ ကောင်းလိမ့်မည်မဟုတ်ပေ။

(ဒီကောင်သေပြီ…)

သို့ရာတွင် မကြာမီမှာပင် မင်းသမီးငယ်လေးသည် ရန်ကိုင် သူမအား လာဖက်နေသည်ကို အနည်းငယ်မျှပင် ခုခံခြင်းမရှိဘဲ ပြန်၍ပင် ဖက်လိုက်ကြောင်းကို ရှောင်ချန် တွေ့ရှိသွားရတော့သည်။ ထိုမြင်ကွင်းကိုကြည့်ရင်း ရှောင်ချန်၏မျက်လုံးများ မီးတောက်လာခဲ့ပြီး သူ့စိတ်ထဲလည်း အလွန်ကိုမှ မနာလိုအားကျမိသွားတော့လေသည်။ ဤလောကကြီးထဲတွင် ဤကဲ့သို့သော ဖြစ်ရပ်မျိုးလည်း ရှိပေသလော။

ထူးဆန်းစွာဖြင့် ရှောင်ချန်သည် ယဲ့ယဲ့လေးပြုံးလျက် လန်ရွှင်းနားသို့ ကပ်လာပြီး သူ့လက်ကိုဆန့်ထုတ်ကာ သူမအား ပွေ့ဖက်ရန် လုပ်လိုက်လေသည်။

သို့သော်ငြား သူဘာမှ မလုပ်နိုင်သေးခင်မှာပင် လန်ရွှင်း၏ လက်သီး သူ့မျက်နှာတည့်တည့်သို့ တိုးဝင်လာလေ၏။

ဧကရာဇ်အဆင့် ပညာရှင်တစ်ဦးပင် ဖြစ်လင့်ကစား ရှောင်ချန်မှာ ထိုလက်သီးအား မခုခံရဲခဲ့သလို ရှောင်လည်း မရှောင်ရဲခဲ့ပေ။ ထို့အတွက်ကြောင့် လက်သီးမှာ သူ့မျက်နှာတည့်တည့်သို့ လာရောက်ထိမှန်လေရာ ရှောင်ချန်မှာ ကြယ်များလများကိုပင် တစ်ခါတည်း မြင်သွားရတော့လေသည်။

“နင် ဘာလုပ်ချင်နေတာလဲ…” လန်ရွှင်းသည် အလွန်ကိုမှ မကျေမနပ်ဖြစ်သွားဟန်ဖြင့် ရှောင်ချန်အား အေးစက်စက်လေသံဖြင့် မေးလိုက်လေသည်။

“ဘာမှမဟုတ်ပါဘူး… ဘာမှမဟုတ်ပါဘူး…” ရှောင်ချန်မှာ နှာခေါင်းသွေးများ ယိုကျလျက် ကသိကအောက်အမူအယာဖြင့် မတ်တပ်ရပ်နေလေ၏။

အခြားတစ်ဖက်တွင်မူ မိုရှောင်ချီအား လန်ရွှင်းနှင့် အတော်လေးကွာသွားအောင် လုပ်ပြီးသည့်အခါမှသာလျှင် ရန်ကိုင်သည် သူ့ရင်ဘတ်အား လာရောက်ထိကပ်နေသော ပျော့အိအိခံစားချက်ကြီးကို သတိထားမိသွားတော့လေသည်။

ထို့အတွက်ကြောင့် သူ့မျက်နှာ အနည်းငယ် ရဲတက်သွားခဲ့ပြီး သူ့အား ဖက်တွယ်ထားသော မိုရှောင်ချီကို ပုတ်၍ ပြောလိုက်လေ၏။ “ရပြီ… ရပြီ… ငါ့ပေါ်ကနေဆင်းပေတော့… တော်ကြာ အခြားသူတွေ အတင်းလျှောက်ပြောနေဦးမယ်…”

ထိုစကားကိုကြားသော် မိုရှောင်ချီမှာ ရန်ကိုင့်ပေါ်မှ ခပ်မြန်မြန် ပြန်ခုန်ဆင်းလေ၏။ သူမ၏အပြုအမူ သိပ်မသင့်တော်သလို ဖြစ်သွားသည်အား သတိပြုမိလိုက်သော် ရှက်သွေးဖြာသွားပြီး ပြန်၍ပြောလိုက်လေ၏။ “အစ်ကိုရန်… တကယ်ကြီးရှင်ပဲ…”

ရန်ကိုင်က ရယ်သွမ်းသွေးလျက် မိုရှောင်ချီအား အထက်အောက် အစုံအဆန် သေချာစစ်ဆေးကြည့်ရင်း ပြောလိုက်လေသည်။ “မတွေ့ရတာ နှစ်လေးနည်းနည်းလောက် ကြာသွားတာနဲ့ နင်က တကယ်ကို ထွားလာတာပဲ…”

မိုရှောင်ချီက နှုတ်ခမ်းဆူလျက် မကျေမနပ်ဖြင့် ရေရွတ်လိုက်လေသည်။ “နှာဘူး…”

ရန်ကိုင်သည် နဖူးထက်တွင် ဝေ့သီလာသော ချွေးအေးများကို သုတ်လျက် ပြန်ပြောလိုက်လေသည်။ “ငါက နင် လူကောင်ထွားလာတာကိုပဲ ပြောတာလေ… နင်ဘာတွေ လျှောက်တွေးနေတာလဲ…”

ထို့နောက်တွင် မိုရှောင်ချီသည် ရန်ကိုင့်အား အလေးအနက်အမူအယာဖြင့် ကြည့်လျက် ခေါင်းညိတ်လိုက်လေ၏။ “အစ်ကိုရန် အရင်ကထက် အများကြီး ပိုသန်မာလာတာပဲ…”

သူမ မေပယ်မြို့မှ ထွက်သွားစဉ်က ရန်ကိုင်သည် တာအိုသခင်ပထမအဆင့်သာ ရှိပေသေးသည်။ သို့သော်ငြား ယခုတွင်မူ တာအိုသခင် တတိယအဆင့်သို့ ရောက်နေလေ၏။ မည်သည့်ဂိုဏ်း၊ မိသားစုနောက်ခံမှ မရှိသော ရန်ကိုင်ကဲ့သို့သော လူမျိုးအတွက် တာအိုသခင်ပထမအဆင့်မှ တတိယအဆင့်သို့ ဤအချိန်တိုလေးအတွင်း ရောက်နိုင်သည်မှာ တကယ်ကို အံ့ဩဖွယ်ရာ ကောင်းလှပေသည်။

မိုရှောင်ချီအနေဖြင့် ဤမျှ မြန်မြန် တိုးတက်လာရခြင်းမှာ သားရဲမဟာဧကရာဇ်၏ သမီးတော်တစ်ပါး ဖြစ်နေသည့် အတွက်ကြောင့်သာ ဖြစ်လေသည်။

သားရဲသခင်မဟာဧကရာဇ်သည် သူမအား ကိုယ်တိုင်ကိုယ်ကျ ညွှန်ကြားပြသပေးရုံမက ဒေါ်လေးဖုန်းကိုယ်တိုင်ကလည်း သူမအား သင်ကြားပြသပေးလေသည်။ ထို့အပြင် သုံးမကုန်နိုင်အောင် များပြားလှသော ကျင့်ကြံရေးအရင်းအမြစ်များမှာလည်း ရှိနေလေရာ သူမအနေဖြင့် ဤမျှ မတိုးတက်မှသာလျှင် ထူးဆန်းနေပေလိမ့်မည်။

သူတို့နှစ်ဦး စကားပြောစဉ်အတောအတွင်း လျို့ယန်နှင့် ကျန်းရို့ရှီတို့လည်း ရောက်လာကြလေသည်။

ထိုအချင်းအရာကိုမြင်သော် မိုရှောင်ချီက ပြုံးလျက် ရှင်းပြလိုက်လေ၏။ “ကြယ်ပျက်ပင်လယ်ထဲကို ဝင်လာတုန်းက ဒီနေရာမှာ အစ်ကိုရန်နဲ့ တွေ့လောက်မယ်လို့ ထင်ထားပြီးသား… ဒါပေမဲ့ တစ်နှစ်လောက်ကြာအောင် အဆက်အသွယ်ပြတ်နေတော့ ဘယ်လိုလိုက်ရှာလို့ ရှာရမှန်းမသိဘူး… အဲ့လိုနဲ့ လမ်းမှာ မတော်တဆ ညီမလျို့ယန်နဲ့ သွားတွေ့ပြီးတော့ အစ်ကိုရန် ဒီမှာ အဆင်ပြေပြေနဲ့ ရှိနေကြောင်းကို သိလိုက်ရတာ…”

လျို့ယန်နှင့် မိုရှောင်ချီသည် မေပယ်မြို့တွင် တွေ့ခဲ့ဖူးပေသည်။ ထိုစဉ်က လျို့ယန်သည် မှော်ရတနာစိတ်ဝိဉာဉ်တစ်ခုသာ ဖြစ်နေသေး၏။ ယခင်တစ်ကြိမ်နှင့် ယှဉ်လိုက်သော် လျို့ယန်ပုံစံမှာ အတော်လေးကိုမှ ကွဲပြားသွားသော်ငြား သူမ၏အရှိန်အဝါမှာတော့ ပြောင်းလဲသွားခြင်း သိပ်မရှိချေ။ ထို့အတွက်ကြောင့်ပင်လျှင် မိုရှောင်ချီမှာ လျို့ယန်ကိုမြင်သည်နှင့် အလွယ်တကူ မှတ်မိသွားခဲ့ခြင်း ဖြစ်လေ၏။

ထို့နောက်တွင်မူ သူတို့နှစ်ဦး အမြုတေပင်လယ်ဆီသို့ အတူတူလာခဲ့ကြလေသည်။ နောက် ဘာဆက်ဖြစ်သလဲ ဆိုသည်ကိုတော့ ရန်ကိုင်သိလေ၏။

ရန်ကိုင်သည် လန်ရွှင်းအား တစ်ချက်လှမ်းကြည့်ရင်း မေးလိုက်လေသည်။ “ရှောင်ချီ… နင် ဘာဖြစ်လို့ မင်းသမီးလန်ရွှင်းနဲ့ တိုက်ခိုက်နေတာလဲ…”

မိုရှောင်ချီသည် လန်ရွှင်းအား မကျေမနပ်ဖြင့် စိုက်ကြည့်၍ ပြန်ပြောလိုက်လေ၏။ “ရန်ငြိုးရန်စအချို့ ရှိလို့လေ…”

ရန်ကိုင့်မျက်နှာ သုန်မှုန်သွားခဲ့လေသည်။ “နင်တို့နှစ်ယောက် အသက်ဘယ်လောက်ရှိသေးလို့လဲ… ဘယ်လိုလုပ်ပြီး နင်တို့ကြားမှာ ရန်ငြိုးရန်စတွေ ရှိနေတာလဲ…”

မိုရှောင်ချီနှင့် လန်ရွှင်းတို့သည် အားကောင်းလှသော တာအိုသခင်တတိယအဆင့် ပညာရှင်များ ဖြစ်ကြသော်ငြား သူတို့နှစ်ဦးမှာ အလွန်ကိုမှ ငယ်ပေသေးသည်။ အများဆုံးမှ အသက်နှစ်ဆယ်လောက်သာ ရှိပေဦးမည်။ မဟာဧကရာဇ်မျိုးဆက်များသည်သာ ဤမျှအသက်ငယ်ငယ်နှင့် ဤကဲ့သို့သော ကျင့်ကြံခြင်းကို ပိုင်ဆိုင်နိုင်ကြပေသည်။

“ဘာဖြစ်လို့ မရှိရမှာလဲ… သူငယ်ငယ်လေးတုန်းက လူကြီးမင်း လမင်းမဟာဧကရာဇ်နဲ့ သားရဲကျွန်းကိုလာတုန်း ကျွန်မရဲ့ ဝတ်စုံလှလှလေးတစ်စုံကို လုယူသွားတယ်လေ…”

“အဲ့ဒါပဲလား…” ရန်ကိုင် မျက်လုံးပြူးသွားခဲ့လေသည်။

“အဲ့ဒါ ကျွန်မအကြိုက်ဆုံး ဝတ်စုံပဲ… ဒေါ်လေးဖုန်းကိုယ်တိုင် ကျွန်မအတွက် လုပ်ပေးထားတာ… အဲ့ဝတ်စုံလုခံလိုက်ရလို့ ကျွန်မ အကြာကြီး ထိုင်ငိုခဲ့ရသေးတယ်…” မိုရှောင်ချီက မကျေမနပ်ဖြင့် ပြောလိုက်လေ၏။

(မိန်းမတွေကို နားလည်ဖို့ တကယ်မဖြစ်နိုင်တာပဲ…) ရန်ကိုင် ကူကယ်ရာမဲ့စွာဖြင့် တွေးလိုက်လေသည်။

သူတို့နှစ်ဦး စကားပြောနေစဉ်အတောအတွင်း လန်ရွှင်းနှင့် ရှောင်ချန်သည် သူတို့နားသို့ ရောက်လာကြလေသည်။ မိုရှောင်ချီနှင့် ခပ်ခွာခွာနေရင်းမှ လန်ရွှင်းက မေးလိုက်လေသည်။ “ညီမရှောင်ချီ… နင် တိုက်ခိုက်ချင်သေးလား…”

မိုရှောင်ချီက လန်ရွှင်းအား စိုက်ကြည့်၍ “တိုက်မယ်ဆိုလို့ရှိရင် ဒီဘက်ကအဆင်သင့်ပဲ… ဘယ်သူက ရှင့်ကိုကြောက်လို့လဲ…”

လန်ရွှင်းက ယဲ့ယဲ့လေးပြုံးလျက် ပြန်ပြောလိုက်လေ၏။ “ကြည့်ရတာ ညီမလေးက ထပ်ပြီး တိုက်ခိုက်ချင်နေသေးတယ်နဲ့တူတယ်…”

မိုရှောင်ချီက နှာခေါင်းရှုံ့ကာ ပြန်ပြောလိုက်လေသည်။ “ပြောနေတဲ့ပုံက မသိရင် သူနိုင်သွားတာ ကျနေတာပဲ… အရေထူလိုက်တာ…”

လန်ရွှင်းက ပြန်ပြောလိုက်လေသည်။ “မဟုတ်လို့လား… တိုက်ပွဲမှာ အစ်မက အသာစီးရနေတာလေ…”

မိုရှောင်ချီ၏မျက်နှာ ရဲတက်သွားခဲ့ပြီး အံကြိတ်၍ ချက်ချင်း ပြန်ပြောလိုက်လေသည်။ “ဘာဖြစ်လို့လဲဆို‌တော့ အဲ့ဒါက ရှင်က အသက်ကြီးလို့ပဲ… ရှင်သာ အသက်ပိုငယ်လို့ရှိရင် ကျွန်မ ရှင့်ကို လုံးဝ ရှုံးမှာမဟုတ်ဘူး…”

လန်ရွှင်းမျက်နှာထက်ရှိ အပြုံး ရုတ်ချည်းပျောက်ကွယ်သွားခဲ့ပြီး ဘေးပတ်ဝန်းကျင်အပူချိန်မှာလည်း တမုဟုတ်ချည်း ထိုးကျသွားတော့လေသည်။

တစ်ခုခုမှားယွင်းနေပြီမှန်း သတိပြုမိလိုက်သည့်နောက်တွင် အနီးအနား၌ ရှိနေကြသော ရန်ကိုင်နှင့် ရှောင်ချန်တို့နှစ်ဦးစလုံး တုန်ရီသွားခဲ့ကြလေ၏။

မိုရှောင်ချီနှင့် လန်ရွှင်းမှာ ယေဘုယျအားဖြင့် အသက်တူတူလောက်သာ ဖြစ်ကြပေသည်။ လန်ရွှင်း အသက်ပိုကြီးသည်ဆိုလျှင်ပင် အများဆုံးမှာ နှစ်နှစ် သုံးနှစ်လောက်သာ။ နှစ်နှစ် သုံးနှစ်လောက်သည် သူတို့ကဲ့သို့သော ကျင့်ကြံသူများအတွက် ဘာဆိုဘာမှ မဟုတ်ချေ။ သို့သော်ငြား မိုရှောင်ချီမှ လန်ရွှင်းအား အသက်ပိုကြီးသည်ဟု ပြောလိုက်ခြင်းမှာ လန်ရွှင်းအထိမခံနိုင်သည့် အချက်ကို သွားထိလိုက်သည့်ပုံပင်။

တိုက်ခိုက်နေခြင်းကို ရပ်လိုက်သော မိန်းကလေးနှစ်ဦးမှာ ရုတ်တရက်ဆိုသလို စတင်၍ ကတောက်ကဆ ဖြစ်လာကြတော့လေ၏။ နှစ်ယောက်စလုံးသည် တစ်ဦးကိုတစ်ဦး မီးပွင့်မတတ် အကြည့်များဖြင့် စိုက်ကြည့်နေကြလေသည်။ နောက်ထပ်တိုက်ပွဲတစ်ခု ထပ်ဖြစ်လာတော့မည့်ပုံပင်။

ရန်ကိုင်သည် ရှောင်ချန်အား မြန်မြန်လှုပ်ရှားရန် မျက်စိဖြင့် အချက်ပြလိုက်လေသည်။ သို့သော်ငြား ရှောင်ချန်သည် သူ့နှာခေါင်းမှစီးကျနေသော သွေးများကိုသုတ်ရင်း နှာခေါင်းတစ်ချက်ရှုံ့လျက် မသိချင်ယောင်သာ ဆောင်နေလိုက်လေသည်။

(အမှိုက်ကောင်…) ရန်ကိုင် စိတ်ထဲမှနေ၍ ကြိတ်ကာ အော်ဆဲလိုက်လေသည်။ မနေသာတော့သည်အဆုံး ရဲဆေးတင်၍သာ သူကိုယ်တိုင် ဝင်ရောက်ဖြန်ဖြေရတော့လေ၏။ “ကဲ ကဲ ကဲ… တစ်ကြိမ်တိုက်ခိုက်ပြီးသွားပြီပဲ… ဘာဖြစ်လို့ထပ်ပြီး တိုက်ခိုက်နေကြဦးမှာလဲ… နှစ်ယောက်စလုံးက ကစားဖော်ကစားဖက် သူငယ်ချင်းတွေလေ… ဘာဖြစ်လို့ အချင်းချင်း တိုက်ခိုက်ပြီး ရန်ပဲဖြစ်နေကြမှာလဲ… ကဲ လာ… လက်တွဲနှုတ်ဆက်ပြီးတော့ မိတ်ဆွေတွေ ပြန်လုပ်ကြရအောင်…”

“ဘယ်သူက သူနဲ့မိတ်ဆွေဖြစ်ချင်လို့လဲ…” အမျိုးသမီးနှစ်ဦးစလုံး အံကိုကြိတ်၍ ပြန်ပြောလိုက်ကြလေသည်။

ရန်ကိုင်သည် နဖူးထက်ရှိ ချွေးများကိုသုတ်လျက် ဆက်၍ ဖျောင်းဖျလိုက်ပြန်လေသည်။ “မိတ်ဆွေတွေမဟုတ်ဘူးဆိုလို့ရှိရင်တောင် ကိစ္စတိုင်းကို အကြမ်းနည်းသုံးပြီး ဖြေရှင်းတာ မကောင်းဘူးလေ… မိန်းကလေးတစ်ယောက်ဆိုတာ တည်တည်ငြိမ်ငြိမ် အိန္ဒြေရှိရှိနဲ့ နေရတယ်… ပြဿနာတက်တိုင်း တက်တိုင်း အကြမ်းနည်းသုံးပြီး ဖြေရှင်းမယ်ဆိုတာ မိန်းကလေးတစ်ယောက်အတွက် သိပ်မသင့်တော်ဘူး…”

မိုရှောင်ချီမှာ မကျေမနပ်ဖြစ်နေဟန်ဖြင့် နှုတ်ခမ်းဆူလိုက်လေသည်။

လန်ရွှင်းသည် မျက်လုံးလေးများ တဖျတ်ဖျတ်ဖြင့် ရန်ကိုင့်ဘက်သို့ လှမ်းကြည့်လျက် ယဲ့ယဲ့လေးပြုံးကာ ပြောလိုက်လေ၏။ “စီနီယာအစ်ကိုရန်ပြောတာ မှန်တယ်… လန်ရွှင်း ညီမလေးအပေါ် အရမ်းကြီးတွက်ကပ်မနေသင့်ဘူး… ညီမရှောင်ချီ ဒေါသမထွက်နဲ့နော်… အစ်မ တောင်းပန်ပါတယ်…”

“ဟမ့်…” မိုရှောင်ချီက အခြားတစ်ဖက်သို့ အကြည့်လွှဲ၍ မသိချင်ယောင်ဆောင်နေလေသည်။

လန်ရွှင်းကမူ မိုရှောင်ချီ၏ လုပ်ရပ်ကို ဂရုစိုက်မနေခဲ့ဘဲ ရန်ကိုင့်ဘက်သို့ လှည့်၍ “စီနီယာအစ်ကိုရန် ညီမရှောင်ချီကို သိနေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး… ညီမရှောင်ချီက ဟိုးအရှေ့ဘက်နယ်မြေမှာ နေတာ… ကျွန်မတောင် သူ့ကို တစ်ကြိမ်ပဲ တွေ့ဖူးတယ်… စီနီယာအစ်ကိုရန် ဘယ်လိုလုပ်ပြီး သူနဲ့သိနေတာလဲ…”

သူမ ဘာကြောင့် ဤကဲ့သို့ မေးလို့မေးမှန်း မသိသော်ငြား လန်ရွှင်း၏စကားထဲ အန္တရာယ်များသည့် အငွေ့အသက်တို့ကို ရန်ကိုင်ခံစားနေခဲ့ရလေသည်။ ထို့ကြောင့် ကသိကအောက် အမူအယာဖြင့် ရယ်မောလျက် ပြန်၍ ရှင်းပြလိုက်လေ၏။ “ဒီအတိုင်း မတော်တဆ… အင်း… တွေ့သွားတယ်လို့ ပဲပြောရမလား… ဘာမှ ထူးထူးခြားခြားကြီးတော့မဟုတ်ပါဘူး…”

မိုရှောင်ချီသည် လန်ရွှင်းအား သတိကြီးကြီးထားလျက် စိုက်ကြည့်ရင်း “မိန်းမအိုကြီး… နင် ငါ့အစ်ကိုရန်ကို စိတ်ဝင်စားနေတာလား… နင် ဘာဖြစ်လို့ ဒီလောက်တောင် သိချင်နေရတာလဲ…”

မိုရှောင်ချီ၏ပါးစပ်မှ ထိုစကားထွက်လာသည်နှင့် တစ်ပြိုင်နက် ကျန်းရို့ရှီသည် အထိတ်တလန့်ဖြင့် သူမပါးစပ်ကို လက်ကလေးဖြင့် အုပ်မိလိုက်လေသည်။ အခြားတစ်ဖက်တွင်တော့ လန်ရွှင်းမှာ မဆိုစလောက်ကလေး ရှက်သွေးဖြာသွားခဲ့ပြီး မျက်မှောင်ကြုတ်သွားခဲ့လေသည်။ လျို့ယန်မှာတော့ ထူးထူးခြားခြားကိုပင်လျှင် မိုရှောင်ချီအား စိတ်ဝင်တစားဖြင့် ကြည့်လိုက်လေသည်။

လန်ရွှင်းက ပြန်ပြောလိုက်လေ၏။ “ဒီကောင်မလေးက ကိုယ်ပြောလိုက်တဲ့စကား ဘယ်ဆီပေါက်လို့ ဘယ်ရောက်မှန်းကို မသိဘူးနဲ့တူပါတယ်…”

မိုရှောင်ချီက ချက်ချင်း ပြန်ပြောလိုက်လေ၏။ “နင်သာလိပ်ပြာလုံတယ်ဆိုရင် ဘာဖြစ်လို့ အခုလိုမျိုး ရှက်နေရတာလဲ…”

လန်ရွှင်း ဒေါသထွက်လာတော့လေသည်။ သူမမှာ ရန်ကိုင်ကဲ့သို့သော လူတစ်ဦးသည် ဘာကြောင့်များ မိုရှောင်ချီနှင့် သိနေရသလဲဆိုသည်ကို သိချင်မိရုံသာ။ မိုရှောင်ချီမှ ဤကဲ့သို့ ပြောလာလိမ့်မည်ဟု မထင်ထားခဲ့ချေ။

ဒေါသထွက်လာသော လန်ရွှင်းသည် အံကိုကြိတ်၍ ပြန်အော်ပြောလိုက်လေ၏။ “အဲ့ဒါအမှန်ပဲ… အစ်မကြီးက နင့်ရဲ့ စီနီယာအစ်ကိုရန်ကို အရမ်းစိတ်ဝင်စားလို့ သူ့ကိုပြန်ခေါ်သွားပြီး သမက်လောင်းအနေနဲ့ အဖေနဲ့ပေးတွေ့ပေးဖို့ စဉ်းစားထားတာ… အဲ့ဒါကို ညီမလေး ဘယ်လိုထင်လဲမသိဘူး…”

အခုတစ်ကြိမ်တွင်တော့ မိုရှောင်ချီမင်သက်ရမည့် အလှည့်ပင်။ မိုရှောင်ချီသည် လန်ရွှင်းအား အံ့ဩတကြီးဖြင့် ကြည့်လျက် ရန်ကိုင့်ဘက်သို့ လှည့်ကြည့်လိုက်လေသည်။ ထို့နောက် ဒေါသတကြီးဖြင့် ခြေဆောင့်ကာ အော်ပြောလိုက်လေ၏။ “မိစ္ဆာမ… နင် ဘာဖြစ်လို့ ငါ့ဆီကနေချည်းပဲ အမြဲတမ်း လုယူချင်နေရတာလဲ…” ထို့နောက် ဒေါမာန်တကြီးဖြင့် ထပ်အော်ပြောလေသည်။ “ငယ်ငယ်တုန်းကလည်း ငါ့အဝတ်တွေကို လုသွားတယ်… အခု ကြီးလာတော့လည်း အစ်ကိုရန်ကို ငါ့ဆီကနေ လုချင်နေပြီ…”

ထိုသို့အော်ပြောပြီးသည့်နောက်တွင် ရန်ကိုင့်အား တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားတော့လေသည်။ ရန်ကိုင့်အား အားပါပါဖြင့် ဖက်ထားသည့်အတွက်ကြောင့် သူမ၏ရင်အစုံမှာ ရန်ကိုင်နှင့် ပူးပူးကပ်ကပ်ကို ဖြစ်သွားရတော့လေသည်။ ထိုသို့ဖက်ထားရင်းမှ မိုရှောင်ချီသည် အံကိုကြိတ်၍ ခိုင်မာပြတ်သားသည့် အမူအယာဖြင့် ပြန်ပြောလိုက်လေ၏။ “ဒီတစ်ကြိမ် အစ်ကိုရန်ကို ငါ့ဆီကနေ ထပ်လုယူရဲလို့ရှိရင် ငါနင်နဲ့ သေတဲ့ထိတိုက်မှာ…”

ထိုအချင်းအရာကိုမြင်သော် လန်ရွှင်းက ယဲ့ယဲ့လေးရယ်မောလျက် ပြန်၍စိန်ခေါ်လိုက်လေသည်။ “အဲ့ဒါကတော့ အစ်ကိုရန်က ငါတို့နှစ်ယောက်ထဲက ဘယ်သူ့ကို ပိုပြီး သဘောကျလဲ ဆိုတဲ့အပေါ်မှာ မူတည်မှာပေါ့… နင့်လိုမျိုး အကျိုးသင့်အကြောင်းသင့်မစဉ်းစားတတ်တဲ့ မိန်းကလေးတစ်ယောက်ကိုပဲ အစ်ကိုရန်က ကြိုက်မှာလား… ဒါမှမဟုတ် ငါ့လို သေချာစဉ်းစားသုံးသပ်ပြီး နားလည်တတ်တဲ့ အမျိုးသမီးတစ်ယောက်ကို အစ်ကိုရန်က ကြိုက်မှာလားဆိုတာ စဉ်းစားကြည့်ပေါ့…”

ထိုသို့ပြောနေရင်းမှ လန်ရွှင်းသည် သူမကိုယ်သူမ အိန္ဒြေရှိကာ သိမ်မွေ့သည့် အမျိုးသမီးတစ်ဦး၏ ပုံစံမျိုး လုပ်ပြလိုက်လေသည်။

ထိုမြင်ကွင်းကိုကြည့်ရင်း ဘေးမှရပ်နေသည့် ရှောင်ချန် တံတွေးတစ်လုပ် မျိုချမိလိုက်လေသည်။

မိုရှောင်ချီသည် ရန်ကိုင်၏ လက်မောင်းအား တင်းတင်းကြပ်ကြပ် ဖက်တွယ်ထားရင်းမှ ပြန်အော်ပြောလိုက်လေ၏။ “နင်က ဘယ်လောက်လှတာမို့လို့လဲ… ဒေါ်လေးဖုန်းက နင့်ထက် အဆတစ်ရာ ပိုလှတယ်…”

“စီနီယာကျိုးဖုန်းလား…” လန်ရွှင်း၏အမူအယာ ရုတ်တရက် လေးနက်သွားခဲ့လေသည်။

မိုရှောင်ချီက ဂုဏ်ယူဝံ့ကြွားစွာဖြင့် ခေါင်းကိုမော့လျက် “ဟုတ်တယ်… နင် ဒေါ်လေးဖုန်းနဲ့ ယှဉ်နိုင်လို့လား…”

ထို့နောက် နှာခေါင်းရှုံ့လျက် ရန်ကိုင့်ဘက်သို့ လှည့်ကာ ပြောလိုက်လေသည်။ “အစ်ကိုရန်… မိန်းမအိုကြီးကို ဂရုစိုက်မနေနဲ့… အစ်ကိုရန် မိန်းမလှလေးတွေကို ကြိုက်တယ်ဆိုလို့ရှိရင် စိတ်ဝိဉာဉ်သားရဲကျွန်းကို လာလိုက်… အစ်ကိုရန်ကို ဒေါ်လေးဖုန်းနဲ့ မိတ်ဆက်ပေးမယ်…”

ရန်ကိုင့်မှာတော့ မည်ကဲ့သို့ ပြန်ပြောလို့ပြောရမှန်းမသိသဖြင့် ပါးစပ်ပိတ်ထားရုံသာ တတ်နိုင်ခဲ့လေသည်။ လန်ရွှင်းသည် မိုရှောင်ချီအား အံ့အားသင့်တကြီးဖြင့် ကြည့်လိုက်လေ၏။ မိုရှောင်ချီပြောသည့်စကားကို နားထောင်ရင်း လန်ရွှင်းမှာ ရယ်ရခက် ငိုရခက် ဖြစ်သွားတော့လေသည်။ ဤကောင်မလေးသည် တစ်နှစ်ပတ်လုံး စိတ်ဝိဉာဉ်သားရဲကျွန်းတွင် နေကာ သူမ၏စီနီယာများ၏ ကာကွယ်ပေးခြင်းကို ခံခဲ့ရမှန်း သိသာလွန်းလှသည်။ ထို့အတွက်ကြောင့် အမျိုးသား အမျိုးသမီးကိစ္စများနှင့် ပတ်သက်လာသော် မိုရှောင်ချီမှာ သိသင့်သလောက် မသိတော့ချေ။ သူမအနေဖြင့် ရန်ကိုင့်အား အလွန်ကိုမှ ဂရုစိုက်နေရခြင်းမှာ လန်ရွှင်းနှင့် ဆန့်ကျင်ဘက်လုပ်လို့သည့် အတွက်ကြောင့်သာ ဖြစ်လောက်ပေသည်။

ဤကဲ့သို့သော မိန်းကလေးတစ်ဦးနှင့် သွားရောက်ငြင်းခုံနေမိသည့်အပေါ် လန်ရွှင်းမှာ ရုတ်တရက် စိတ်ဓာတ်ကျချင်သလိုပင် ဖြစ်သွားခဲ့လေသည်။ ထို့နောက် ခေါင်းညိတ်၍ ပြန်ပြောလိုက်လေသည်။ “စီနီယာကျိုးဖုန်းနဲ့ ယှဉ်လို့ရှိရင် ငါ တကယ် သူ့ကိုမမီဘူး… ကောင်းပြီလေ… ညီမရှောင်ချီ ဒီတစ်ကြိမ်တော့ နင်နိုင်တယ်ပဲထားလိုက်ပေါ့…”

ထိုစကားကိုကြားသည့်အခါ မိုရှောင်ချီ၏ မျက်နှာလေး ဝမ်းသာအားရဖြစ်သွားခဲ့ပြီး ချက်ချင်းပဲ ပျော်ရွှင်မြူးတူးစွာဖြင့် ပြန်ပြောလိုက်လေသည်။ “နင်လည်း မဆိုးပါဘူး… ငါ့ထက် နည်းနည်းလေး နိမ့်ရုံလေးပါပဲ…”

လန်ရွှင်းကမူ မဲ့ပြုံးပြုံးရင်းသာ ခေါင်းတခါခါ လုပ်နေခဲ့လေသည်။

All Chapters