အခန်း (၂၄၈၅-၂၄၈၇)
Vol. 102 Ch. 2485-2487
အပိုင်း (၂၄၈၅)
“အကုန်လုံး အထဲကို တစ်ချက်လောက် သွားကြည့်ကြမလား… အထဲက အမြုတေစွမ်းအင်က အရမ်းသိပ်သည်းသန့်စင်တယ်… ငါတို့သာ အဲ့က အမြုတေစွမ်းအင်တွေကို စုပ်ယူနိုင်မယ်ဆိုရင် ငါတို့ရဲ့ ကျင့်ကြံခြင်းအတွက် အရမ်းအသုံးဝင်မှာ…” မိန်းကလေးနှစ်ဦးကြားရှိ တင်းမာမှု အနည်းငယ် ပြေလျော့သွားသည်ကိုမြင်သော် ရန်ကိုင်က အလျင်စလို အကြံပေးလိုက်လေသည်။
လန်ရွှင်းက ခေါင်းညိတ်လျက် “ကျွန်မလည်း အဲ့ထဲကို သွားကြည့်ဖို့ လုပ်နေတာ… စီနီယာအစ်ကိုရန် စိတ်ထဲမထားဘူးဆိုရင် အတူတူသွားကြမယ်လေ…”
လန်ရွှင်းကိုယ်တိုင်က တောင်းဆိုလာခြင်းဖြစ်သဖြင့် ရန်ကိုင်လည်း ငြင်းမနေခဲ့ဘဲ ခေါင်းညိတ်လိုက်လေ၏။ “မင်းသမီးနဲ့ အတူသွားခွင့်ရတာ ကျုပ်အတွက် ဂုဏ်ယူစရာပါ…”
လန်ရွှင်းက ယဲ့ယဲ့လေးပြုံးလျက် “ညီမရှောင်ချီကို ခေါ်သလိုပဲ စီနီယာအစ်ကိုရန် ကျွန်မကိုလည်း လန်ရွှင်းလို့ပဲ ခေါ်လို့ရပါတယ်… မင်းသမီးဆိုတဲ့စကားလုံးကို ထည့်ခေါ်စရာ မလိုပါဘူး…”
ဥတုလေးမျိုးနယ်မြေထဲတွင် တွေ့စဉ်ကတည်းက ရန်ကိုင်သည် အလွန်ကိုမှ ထူးခြားမည်မှန်း လန်ရွှင်း မသိစိတ်အရ ခံစားမိနေခဲ့လေသည်။ ယခု ကြည့်ရသလောက် မှန်နေသည့်ပုံပင်။ လက်ရှိအချိန်တွင် ရန်ကိုင်သည် တာအိုသခင်တတိယအဆင့်တွင်သာ ရှိနေသေးပြီး ရှောင်ချန်နှင့် အခြားသော လက်ရွေးစင်များထက် နောက်ကျကျန်နေခဲ့ပါသော်ငြား ရန်ကိုင်၏ အနာဂတ်အောင်မြင်မှုများသည် ရှောင်ချန်ထက်ပင် ပို၍ ကြီးကျယ်လိမ့်မည်ဟု လန်ရွှင်းစိတ်ထဲ ခံစားနေရလေသည်။
အတွေ့အကြုံမရှိသေးသည့် မိုရှောင်ချီနှင့် ယှဉ်လိုက်သော် လန်ရွှင်းသည် ပို၍ အမြင်စူးရှသလို အကင်းလဲပါးပေသည်။ ထို့နောက် ရန်ကိုင်တို့လူအုပ်သည် အမြုတေပင်လယ်၏ အတွင်းပိုင်းဆီသို့ ချီတက်လာခဲ့လေ၏။
သူတို့ ထွက်ခွာသွားပြီး မကြာမီမှာပင်လျှင် အမြုတေပင်လယ်ဆီမှ တောက်ပနေသော လမင်းတစ်စင်းနှယ် တဖြည်းဖြည်းချင်း ထွက်ပေါ်လာနေသော အလင်းစက်လုံးလေးတစ်လုံးကို တွေ့လိုက်ရလေသည်။ ထိုအလင်းစက်လုံးဆီမှ သန့်စင်လှသော အမြုတေစွမ်းအားများ အဘက်ဘက်သို့ ဖြာထွက်လာခဲ့လေ၏။
“ကြယ်အမြုတေ…” ရှောင်ချန်က ထအော်လေ၏။
ရန်ကိုင်သည်လည်း တောက်ပသည့် မျက်ဝန်းအစုံဖြင့် အော်ပြောလိုက်လေသည်။ “ပြီးပြည့်စုံတဲ့ကြယ်အမြုတေ…”
ကြယ်ပျက်ပင်လယ်ထဲတွင် ရှိနေစဉ်အတောအတွင်း ရန်ကိုင်သည် ပြီးပြည့်စုံသည့် ကြယ်အမြုတေတစ်ခုကို တစ်ကြိမ်တစ်ခါမျှပင် မြင်တွေ့ခဲ့ရဖူးခြင်း မရှိပေ။ လွန်ခဲ့သောနှစ်များအတွင်း အမြုတေစွမ်းအားများစွာကို စုပ်ယူသန့်စင်ခဲ့ပါသော်ငြား ထိုအမြုတေစွမ်းအားကို ပျက်စီးနေပြီဖြစ်သော ကြယ်အမြုတေများဆီမှ ရရှိခဲ့ခြင်းဖြစ်လေသည်။ ထိုအရာများသည် သူ့အတွက် အသုံးဝင်သည့်တိုင် ပြီးပြည့်စုံသော ကြယ်အမြုတေတစ်ခုနှင့်တော့ မယှဉ်နိုင်ပေ။
အမြုတေပင်လယ်သို့ ပထမဦးဆုံးအကြိမ် ရောက်ရှိလာစဉ်က ဤနေရာတွင် ပြီးပြည့်စုံသော ကြယ်အမြုတေများကို တွေ့နိုင်သည်ဟု အခြားတစ်ယောက်မှ ပြောခဲ့သည်ကို ကြားခဲ့ရသည်။ သို့သော်ငြား တကယ်ကြီး လာတွေ့နေရလိမ့်မည်ဟု မထင်ထားခဲ့ချေ။
ပြီးပြည့်စုံသော ကြယ်အမြုတေကို မြင်ပြီးနောက် လမင်းမဟာဧကရာဇ်၏ သမီးတောင်တစ်ပါးဖြစ်သော လန်ရွှင်းသည်ပင်လျှင် အသက်ရှူနှုန်း မြန်ဆန်လာခဲ့လေသည်။ စိတ်လှုပ်ရှားနေသည့် အရိပ်အယောင်တို့မှာလည်း သူမ၏ မျက်နှာလှလှလေးထက် စတင်၍ ထွက်ပေါ်လာခဲ့လေသည်။
ရန်ကိုင်နှင့် အခြားသူများ မတုံ့ပြန်နိုင်သေးခင်မှာပင် မရေမတွက်နိုင်သော ကျင့်ကြံသူများသည် သူတို့အား အဘက်ဘက်မှ ဖြတ်ကျော်၍ ပြည့်စုံသော ကြယ်အမြုတေဆီသို့ ပြေးဝင်သွားကြလေသည်။ ဤသို့ဖြင့် ကြယ်အမြုတေအနီးတစ်ဝိုက်တွင် သွေးသံတရဲရဲ တိုက်ပွဲကြီးတစ်ခု ဖြစ်ပေါ်လာတော့လေ၏။
အသက်ငါးရှိုက်စာ မရှိတတ်သေးခင်မှာပင် တစ်ဦးနှင့် တစ်ဦး အပြန်အလှန် တိုက်ခိုက်ကြရင်းမှ ကျင့်ကြံသူအယောက်နှစ်ဆယ်မက သေဆုံးသွားခဲ့ရလေပြီ။ သေဆုံးသွားသော ကျင့်ကြံသူများ၏ အလောင်းများမှာ အမြုတေပင်လယ်ထဲသို့ တဖုတ်ဖုတ် ပြုတ်ကျနေတော့လေ၏။ ထိုအသက်ငါးရှိုက်စာအတွင်း ပြီးပြည့်စုံသော ကြယ်အမြုတေသည် ရုတ်တရက် ပျောက်ကွယ်သွားခဲ့လေသည်။ အမြုတေကို မည်သူယူလို့ ယူသွားမှန်း မည်သူမှ မသိကြ။ ထို့အတွက်ကြောင့် အမြုတေအား မရလိုက်သည့်လူများမှာ ဒေါသထွက်ထွက်နှင့် အော်ဟစ်ကျိန်ဆဲကြတော့လေသည်။
“ဒီမှာ ပြီးပြည့်စုံတဲ့ ကြယ်အမြုတေတွေ တကယ်ကြီး ရှိနေတာပဲ…” အဖြစ်အပျက်အလုံးစုံကို အစအဆုံးမြင်လိုက်ရသည့် ရန်ကိုင်မှာတော့ သက်ပြင်းချမိလိုက်လေသည်။
“အမြုတေပင်လယ်က အရမ်းကိုဆန်းကြယ်တဲ့ နေရာတစ်ခုပဲ… ဒီအမြုတေပင်လယ်ကြီး ဘယ်လိုဖြစ်ပေါ်လာလဲ ဒီအမြုတေပင်လယ်ထဲမှာ အမြုတေစွမ်းအားတွေ ဘာဖြစ်လို့ ဒီလောက်တောင် အများကြီး ရှိနေတာလဲဆိုတာကို ဘယ်သူမှ မသိကြဘူး… ဒါပေမဲ့ ဟိုးအရင်အချိန်တွေကတည်းက လူအနည်းငယ်လောက်ပဲသိတဲ့ ဒီအမြုတေပင်လယ်နဲ့ ပတ်သက်တဲ့ ကောလဟာလတစ်ခုရှိတယ်…” လန်ရွှင်းက အလေးအနက်အမူအယာဖြင့် ပြောလိုက်လေသည်။
“ဘယ်လိုကောလဟာလလဲ…” ရန်ကိုင်က အံ့အားသင့်နေသည့်အမူအယာဖြင့် ပြန်မေးလိုက်လေသည်။
လန်ရွှင်းသည် လမင်းမဟာဧကရာဇ်၏ သမီးတော်တစ်ပါး ဖြစ်သည့်အတွက်ကြောင့် ဤလောကကြီးထဲရှိ ကိစ္စအရပ်ရပ်များနှင့် ပတ်သက်၍ ရန်ကိုင့်ထက်ပို၍ ဗဟုသုတ ကြွယ်ဝပေသည်။ ရန်ကိုင်သည် အမြုတေပင်လယ်၏ တည်ရှိမှုနှင့် ပတ်သက်၍ ဇဝေဇဝါဖြစ်နေခဲ့ရခြင်း ဖြစ်သည်။ ယခု လန်ရွှင်းမှ ထိုအကြောင်းကို ပြောလာသော် ရန်ကိုင်လည်း စိတ်လှုပ်ရှားမိသွားခဲ့လေသည်။
ရှောင်ချန်သည်လည်း လန်ရွှင်းအား မေးမြန်းလိုသည့် အကြည့်ဖြင့် လှမ်းကြည့်လိုက်လေသည်။ သူကိုယ်တိုင်သည်လည်း ထိုကောလဟာလအကြောင်း မသိထားသည်မှာ အထင်းသားပင်။
လန်ရွှင်းသည် ထိုအကြောင်းကို တိုက်ရိုက်ပြောမပြဘဲ မိုရှောင်ချီဘက်သို့ လှည့်၍ “အဲ့ကောလဟာလကိုတော့ ညီမရှောင်ချီ လူကြီးမင်းသားရဲသခင်ဆီကနေ ကြားဖူးမှာပေါ့ ဟုတ်တယ်မလား…”
မိုရှောင်ချီ၏အမူအယာ တမုဟုတ်ချည်း လေးနက်သွားခဲ့ပြီး ခေါင်းညိတ်လျက် “ကြယ်ပျက်ပင်လယ်ကို မလာခင်တုန်းက အဖေ ကျွန်မကို တစ်ခုပြောပြခဲ့တယ်.. ဒီအမြုတေပင်လယ်ကြီး ဖြစ်ပေါ်လာရတာက ဟို ဝိုင်းတိုက်ခံရပြီး သေဆုံးသွားတဲ့ ပုဂ္ဂိုလ်နဲ့ တစ်မျိုးတစ်ဖုံ ပတ်သက်နေတယ်တဲ့…”
“ဘယ်လို…” ရန်ကိုင်နှင့် ရှောင်ချန်တို့နှစ်ဦးစလုံး အံ့အားသင့်သွားကုန်ကြလေသည်။
မိုရှောင်ချီသည် ဟို သေဆုံးသွားသည့်ပုဂ္ဂိုလ်ဟုသာ ပြောခဲ့သော်ငြား သူမ မည်သူ့အား ပြောနေသလဲ ဆိုသည်ကို လူတိုင်း သိကြပေသည်။
ကောင်းကင်ဝါးမျိုခြင်း မဟာဧကရာဇ်။
သူကလွဲ၍ မည်သူဖြစ်နိုင်ဦးမည်နည်း။
“အဲ့တုန်းက ကြယ်တာရာအစုအဝေးထဲမှာ သူ့ကို ယှဉ်နိုင်တဲ့လူ တစ်ယောက်မှ မရှိဘူး… ဒီတော့ သူ့စိတ်ကြိုက်ကို သောင်းကျန်းခဲ့တာ… ကမ္ဘာ့အတားအဆီးတွေကို ဖျက်ဆီးတယ်… ပြီးတော့ အဆင့်နိမ့်ကြယ်စီရင်စုတွေကို သွားတယ်… အဲ့အဆင့်နိမ့်ကြယ်စီရင်စုတွေမှာ ရှိတဲ့ ကျင့်ကြံရေးကြယ်ကြီးတွေရဲ့ ကြယ်အမြုတေတွေကို စိတ်ကြိုက်ကို ဝါးမျိုပစ်တယ်… အဲ့လိုနဲ့ သူရောက်သွားတဲ့ ကြယ်စီရင်စုတွေ အကုန် ပျက်စီးရတာပဲ… ဒီလိုနဲ့ သူဝါးမျိုထားတဲ့ ကြယ်အမြုတေတွေကလည်း များသထက်ကို များလာတယ်… သူ ဘယ်လောက်ဝါးမျိုပစ်လို့ ဝါးမျိုပစ်ခဲ့မှန်းတောင် ဘယ်သူမှ မသိကြဘူး… နောက်ဆုံး ဒီကြယ်ပျက်ပင်လယ်ထဲမှာ တိုက်ပွဲဖြစ်ပြီး သူအသတ်ခံလိုက်ရတဲ့ နောက်ပိုင်း သူဝါးမျိုခဲ့တဲ့ အမြုတေစွမ်းအားတွေအကုန်လုံးက သူသေသွားခဲ့တာတောင် ထူးထူးဆန်းဆန်းနဲ့ ဒီမှာကျန်ရစ်ပြီးတော့ အမြုတေပင်လယ်ကြီး ဖြစ်လာတယ်…”
“အဲ့လိုဖြစ်ခဲ့တာလား…” ရှောင်ချန် မျက်လုံးအပြူးသား ဖြစ်နေခဲ့လေသည်။
ထိုစကားကိုကြားသည့်အခါ ရန်ကိုင့်၏မျက်နှာကြီးလည်း ဖြူလျော်သွားခဲ့ပြီး အံ့အားသင့်နေသည့်လေသံဖြင့် ပြန်မေးလိုက်လေသည်။ “ဒီတော့ အမြုတေပင်လယ်က အဲ့လူကြီးမင်း နားနေတဲ့ နေရာပေါ့…”
လန်ရွှင်းက ခေါင်းညိတ်လိုက်လေ၏။ “အဲ့လိုပြောလို့တော့ရတယ်… ဒါပေမဲ့ အမြုတေပင်လယ်က ပေါ်ချင်တိုင်း ပေါ်လာတာ… နေရာတစ်ခုတည်းမှာ အမြဲတမ်း တသမတ်တည်း ပေါ်လာလေ့ရှိတာမဟုတ်ဘူး… ဒီတော့ ဒီနေရာက အဲ့လူကြီးမင်း သေသွားခဲ့တဲ့ နေရာဟုတ်မဟုတ် ဘယ်သူမှမပြောနိုင်ဘူး… သေချာတာတစ်ခုတော့ ရှိတယ်… ဒီအမြုတေပင်လယ် ဖြစ်ပေါ်လာရတာက သူနဲ့ လုံးဝကို ပတ်သက်နေတယ်…”
“အဲ့တာကြောင့် ဒီအမြုတေပင်လယ်ထဲမှာ အမြုတေစွမ်းအားတွေ ဒီလောက်အများကြီး ရှိနေတာကိုး… ပြီးပြည့်စုံတဲ့ ကြယ်အမြုတေတွေလည်း ရှိနေတာ မထူးဆန်းတော့ပါဘူးလေ…” ရန်ကိုင်က သက်ပြင်းချလိုက်လေ၏။
ယခင်က သူ့စိတ်ထဲ စဉ်းစားကြည့်ခဲ့ဖူးပေသည်။ ကြယ်ပျက်ပင်လယ်ထဲတွင် ဤကဲ့သို့ ထူးဆန်းလှသော အမြုတေပင်လယ်တစ်ခု မည်ကဲ့သို့များ ဖြစ်ပေါ်လာရသလဲ။ ယခု လန်ရွှင်း ရှင်းပြသည်ကို နားထောင်ပြီးသည့်နောက် အကြောင်းစုံကို နားလည်သွားခဲ့လေသည်။
ကောင်းကင်ဝါးမျိုခြင်း မဟာဧကရာဇ်သည် မြောက်မြားလှစွာသော ကြယ်အမြုတေများကို စုပ်ယူပစ်ခဲ့ပြီး သူသေသွားပြီးသည့်နောက်တွင် စုပ်ယူလိုက်သည့် အမြုတေစွမ်းအားများအားလုံး စုပေါင်း၍ အမြုတေပင်လယ်ကြီး ဖြစ်ပေါ်လာခဲ့လေသည်။
တစ်နည်းဆိုရသော် လူတိုင်းသည် ကောင်းကင်ဝါးမျိုခြင်း မဟာဧကရာဇ် ကြိုးစားအားထုတ်စိုက်ပျိုးခဲ့သည့် အသီးအပွင့်များကို စားသုံးနေကြခြင်း ဖြစ်လေ၏။
လန်ရွှင်းက ယဲ့ယဲ့လေးပြုံးလျက် “အဲ့လူကြီးမင်းရဲ့ လုပ်ရပ်ကြောင့်ပဲ အဆင့်နိမ့်ကြယ်စီရင်စုတွေဆီ သွားတဲ့ လမ်းကြောင်းတွေ အကုန်လုံးကို ကျန်တဲ့ မဟာဧကရာဇ်တွေက ပိတ်ချပစ်လိုက်တာ… ဒါကြောင့် အခုဆို ကြယ်တာရာအစုအဝေးက ဘယ်သူမှ စီရင်စုတွေဆီ လွတ်လွတ်လပ်လပ် သွားလို့မရတော့ဘူး… အဲ့တာကြောင့်သာမဟုတ်ရင် ကြယ်တာရာအစုအဝေးမှာလည်း ကြယ်အမြုတေတွေ ဒီလောက်ရှားပါးနေမှာမဟုတ်ဘူး… လူတိုင်းကလည်း ကြယ်အမြုတေတစ်ခုကို တွေ့လိုက်တာနဲ့ ငမ်းငမ်းတက်လိုချင်နေတဲ့အဆင့်ထိ ရောက်နေမှာမဟုတ်ဘူး…”
ရန်ကိုင်က မျက်မှောင်ကြုတ်လျက် “ဒါဆိုရင် ဘာဖြစ်လို့ အချို့ပညာရှင်တွေက အဆင့်နိမ့်ကြယ်စီရင်စုတွေဆီ သွားနိုင်သေးတာလဲ…”
ဟုန်းလော့ကြယ်စီရင်စုကြီးတွင် ရှိစဉ်က ရန်ကိုင်သည် ကြယ်တာရာအစုအဝေးမှ ရောက်လာသော ပညာရှင်တစ်ဦးနှင့် တွေ့ခဲ့ပေသည်။ ထိုစဉ်က ယန်ယန်ရှိနေသည်မှာ ကံကောင်းသွားခဲ့သည်။ ထို့ကြောင့်သာ မဟုတ်ပါက ဟုန်းလော့ကြယ်စီရင်စုကြီးတစ်ခုလုံး ပြဿနာ ကောင်းကောင်းကို တက်ရပေလိမ့်မည်။
လန်ရွှင်းက ခေါင်းညိတ်လျက် ရှင်းပြလိုက်၏။ “အဓိကဝင်ပေါက်တွေ ပိတ်သွားတယ်ဆိုပေမဲ့ အထူးနည်းလမ်းတွေသုံးပြီး အဆင့်နိမ့်ကြယ်စီရင်စုကြီးတွေဆီကို သွားလို့ရသေးတယ်… အဖေတစ်ခါပြောဖူးတာ ရှိတယ်… ကြယ်စီရင်စုကြီးတစ်ခုတိုင်းမှာ ကိုယ်ပိုင်ကာကွယ်သူတွေ ရှိတယ်တဲ့… အဲ့ကာကွယ်သူတွေက ပြင်ပအင်အားစုတွေဆီကနေ ကြယ်စီရင်စုကြီးတွေကို ကာကွယ်ပေးနေတာ… ပြီးတော့ အဲ့ကာကွယ်သူတွေအကုန်လုံးက သူတို့ကာကွယ်ပေးနေတဲ့ ကြယ်စီရင်စုကြီးတွေထဲကို စိတ်ကြိုက် ဝင်ထွက်လို့ရတယ်… ဒါပေမယ့် အခြားသူတွေ ဝင်ချင်တယ်ဆိုရင်တော့ အရမ်းအန္တရာယ်များတဲ့ လမ်းကြောင်းတွေကနေတစ်ဆင့် သွားမှပဲ ရလိမ့်မယ်… ပြောသာပြောရတာ အဲ့လိုလမ်းကြောင်းတွေက တွေ့ဖို့ မလွယ်ဘူး… တွေ့ပြီဆိုရင်လည်း လမ်းကြောင်းတွေအကုန်လုံးက အရမ်းကို ပရမ်းပတာဖြစ်ပြီး မတည်မငြိမ်ဖြစ်နေတာ… ဒီတော့ အန္တရာယ်ကင်းကင်းနဲ့ သွားလို့မရဘူးပေါ့… ဒီတော့ အဲ့လူတွေအနေနဲ့ အဆင့်နိမ့်ကြယ်စီရင်စုတွေဆီကို လုံးဝ သွားချင်သေးတယ်ဆိုလို့ရှိရင် သူတို့ရဲ့ ကျင့်ကြံခြင်းတွေကို ချိတ်ပိတ်ရင်ပိတ် မပိတ်လို့ရှိရင် သူတို့ရဲ့ ကျင့်ကြံခြင်းတွေကို စတေးပစ်မှပဲရမယ်…”
“ကြယ်စီရင်စုကြီးရဲ့ ကာကွယ်သူတွေ…” လန်ရွှင်းမှ ထိုအကြောင်းကို ပြောလိုက်သည်နှင့် တစ်ပြိုင်နက် ကြယ်စီရင်စုကြီး၏ ကာကွယ်သူများအကြောင်းအား ယန်ယန် တစ်ကြိမ်ပြောပြခဲ့ဖူးသည်ကို ရန်ကိုင် ပြန်သတိရသွားခဲ့လေသည်။
သူအားကောင်းလာသည့်တစ်နေ့တွင် ဟုန်းလော့ကြယ်စီရင်စုကြီး၏ ကာကွယ်သူ ဖြစ်လာနိုင်ရန် ရန်ကိုင် မျှော်လင့်ခဲ့ဖူးပေသည်။
ထို့နောက်တွင် ရန်ကိုင်က အလျင်စလို မေးလိုက်လေသည်။ “ကြယ်စီရင်စုကြီးရဲ့ ကာကွယ်သူတစ်ဦးဖြစ်လာအောင် ဘယ်လိုလုပ်ရတာလဲ…”
လန်ရွှင်းက ခေါင်းခါလျက် “အဲ့ဒါတော့ ကျွန်မလည်း မသိဘူး… အဖေ တစ်ခါမှ မပြောပြဖူးဘူး…” တစ်ချက်ရပ်ပြီးသည့်နောက်တွင် လန်ရွှင်းသည် ရန်ကိုင့်အား မယုံသင်္ကာဖြင့် ကြည့်လျက် “ရောင်းရင်းရန်ကလည်း အဲ့လိုကြယ်စီရင်စုကြီးတွေထဲကနေ လာတာလား…”
ထိုကိစ္စနှင့် ပတ်သက်၍ ရန်ကိုင့်မှာ အလွန်ကိုမှ စိတ်အားထက်သန်နေသည်ကို မြင်သော် လန်ရွှင်းစိတ်ထဲ မယုံသင်္ကာ ဖြစ်မိသွားလေသည်။
“ဂျူနီယာညီမလန်က လှတာတင်မဟုတ်ဘဲ ဉာဏ်လည်းကောင်းတာပဲကိုး…” ရန်ကိုင်က ယဲ့ယဲ့လေးပြုံးလျက် ပြန်ပြောလိုက်လေသည်။
“စီနီယာအစ်ကိုရန်က တကယ်ကြီး အဆင့်နိမ့်ကြယ်စီရင်စုက လာတာပေါ့…” လန်ရွှင်း ကြောင်သွားခဲ့လေသည်။ ရှောင်ချန်သည်ပင်လျှင် ရန်ကိုင့်အား လှမ်းကြည့်မိလိုက်သည်။
ကောလဟာလများအရ အဆင့်နိမ့်ကြယ်စီရင်စုကြီးထဲမှ ကြယ်တာရာအစုအဝေးသို့ တက်ရောက်လာကြသော လူများသည် အလွန်ကိုမှ ပါရမီကောင်းကြပြီး တောက်ပသော အနာဂတ်ကို ပိုင်ဆိုင်ထားကြသည်ဟု ပြောကြပေသည်။ ထိုလူများသည် ကြယ်တာရာအစုအဝေးသို့ ရောက်လာသည်နှင့် ထိပ်သီးဂိုဏ်းများ၏ စုဆောင်းခေါ်ယူခြင်းကို ခံရကာ လက်ရွေးစင်များအဖြစ် ပျိုးထောင်ခြင်းခံရလေ၏။
အဆင့်နိမ့်ကြယ်စီရင်စုကြီးထဲမှ တက်လာသည့် လူပေါင်းများစွာ ရှိပါသော်ငြား ထိုလူအရေအတွက်မှာ ကြယ်တာရာအစုအဝေးထဲရှိ လူများနှင့် ယှဉ်လိုက်သော် သမုဒ္ဒရာထဲရှိ ရေတစ်စက်သာသာနှယ် ဖြစ်သွားကြတော့လေသည်။
လန်ရွှင်းသည် ထိုလူများအကြောင်းအား ကြားသာကြားဖူးပြီး တစ်ခါမှ ကိုယ်တိုင်မမြင်ခဲ့ရဖူးပေ။
(ရန်ကိုင်ရဲ့ ကျင့်ကြံတဲ့နှုန်း ဒီလောက်မြန်နေတာ အထူးအဆန်းမဟုတ်တော့ပါဘူးလေ… ကြည့်ရတာ ကောလဟာလတွေက အမှန်နဲ့တူတယ်…) လန်ရွှင်း သူမဘာသာသူမ တွေးလိုက်လေသည်။
စကားတပြောပြောနှင့် လျှောက်လာလိုက်ရာ ရန်ကိုင်တို့အဖွဲ့သည် အမြုတေပင်လယ်၏ အတွင်းပိုင်းဆီသို့ ရောက်လာခဲ့ကြလေသည်။
ယခင်တစ်ကြိမ်ကနှင့် ယှဉ်လိုက်လျှင် ယခုတစ်ကြိမ်၌ အမြုတေပင်လယ်၏ အတွင်းပိုင်းသည် လူများစွာဖြင့် ပို၍ စည်ကားနေခဲ့လေသည်။
ရန်ကိုင်သည် သူ ယခင်နေခဲ့ဖူးသည့် ကျွန်းဆီသို့ လန်ရွှင်းတို့အား ဦးဆောင်ခေါ်သွားလေ၏။ သို့သော်ငြား ထိုနေရာသို့ အရောက်တွင် သူ့ကျွန်းတစ်ခုလုံးမှာ လူများဖြင့် ပြည့်ကျပ်နေကြောင်း တွေ့လိုက်ရပြီးသည့်နောက် ရန်ကိုင့်၏မျက်နှာ သုန်မှုန်သွားခဲ့လေသည်။
ထိုအခိုက်အတန့်မှာပင် တစ်ခုသော နေရာဆီမှ ကြည်လင်ပြတ်သားသည့် အမြုတေစွမ်းအင်လှိုင်းတစ်ခု ရုတ်တရက် ဖြာထွက်လာခဲ့လေသည်။
“နောက်ထပ် ပြီးပြည့်စုံတဲ့ ကြယ်အမြုတေတစ်ခုလား…” ရှောင်ချန်က အော်ပြောလိုက်လေသည်။
အကုန်လုံးလည်း စွမ်းအင်လှိုင်း ထွက်ပေါ်လာသည့် ဘက်ဆီသို့ လှမ်းကြည့်လိုက်ရာ တလက်လက်တောက်ပနေသော သံလုံးလေးတစ်လုံး ပင်လယ်မျက်နှာပြင်ထက်မှ တဖြည်းဖြည်းထွက်ပေါ်လာနေသည်ကို တွေ့လိုက်ရလေသည်။
အမြုတေမှာ အပြည့်အဝ မဖြစ်ပေါ်လာရသေးခင်မှာပင် ကျင့်ကြံသူပေါင်းများစွာသည် ထိုနေရာဆီသို့ တဟုန်ထိုး ပြေးဝင်သွားကုန်ကြလေ၏။
အခြေအနေမှာ ထိုမျှနှင့်ပင် မရပ်တန့်သေးချေ။ ပြီးပြည့်စုံသည့် ကြယ်အမြုတေတစ်ခု ပေါ်လာပြီးပြီးချင်းမှာပင် နောက်ထပ် အလင်းလုံးလေးတစ်ခု အခြားတစ်နေရာ၌ ထပ်မံထွက်ပေါ်လာပြန်လေသည်။ ထို့နောက် တတိယမြောက်တစ်လုံး စတုတ္ထမြောက်တစ်လုံး စသဖြင့် စဉ်ဆက်မပြတ် ထွက်ပေါ်လာတော့လေ၏။
မျက်တောင်တစ်ခတ်အတွင်းဆိုသလို ပင်လယ်မျက်နှာပြင်တစ်ခုလုံးမှာ အရောင်တလက်လက်တောက်ပနေသော အလင်းစက်လုံးများဖြင့် ပြည့်နှက်သွားတော့လေသည်။ အကြမ်းဖျင်းရေတွက်ကြည့်လိုက်မညိဆိုပါက စုစုပေါင်း အလင်းစက်လုံး အလုံးတစ်ရာကျော် ရှိနေကြောင်း သိနိုင်ပေသည်။
“အများကြီးပဲ…” ရှောင်ချန်က လုံးဝကို မင်သက်အံ့ဩနေသည့် အမူအယာဖြင့် အော်ပြောလိုက်လေသည်။
သို့သော်ငြား လန်ရွှင်းကမူ ရှောင်ချန်ကဲ့သို့ စိတ်မလှုပ်ရှားနေပဲ မျက်မှောင်ကြီးကိုကျုံ့လျက် ပြောလိုက်လေ၏။ “မီးမရှိဘဲ မီးခိုးရှိလာမှာမဟုတ်ဘူး… အခုလိုမျိုး အမြူတေပင်လယ်ထဲမှာ ဖြစ်တဲ့အကြောင်း တစ်ခါမှ မကြားဖူးဘူး…”
ရန်ကိုင်သည်လည်း မသင်္ကာ ဖြစ်နေခဲ့လေသည်။ သို့သော်ငြား ပြီးပြည့်စုံသော ကြယ်အမြုတေများစွာ ကိုယ့်ရှေ့တွင် ပေါ်လာသည်ကို မည်သူကများ ဤအတိုင်း ရပ်ကြည့်နေနိုင်ပါမည်နည်း။
“သခင်…” လျို့ယန်က တိုးတိုးလေး ပြောလိုက်လေသည်။
ရန်ကိုင်က အံကြိတ်၍ ပြောလိုက်လေ၏။ “အရင်လု… ကျန်တာကို နောက်မှရှင်းမယ်…”
ထိုသို့ပြောပြီးသည့်နောက်တွင် လန်ရွှင်းဘက်သို့ လှည့်၍ ပြောလိုက်လေ၏။ “ဂျူနီယာညီမလန်… ဒီမှာပဲ လူခွဲကြတာပေါ့…”
လန်ရွှင်းက ခေါင်းညိတ်လျက် “စီနီယာအစ်ကိုရန် သတိထားဦးနော်…”
“ညီမလန်လည်း သတိထားဦး…” ထိုကဲ့သို့ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် မိုရှောင်ချီ၊ လျို့ယန်နှင့် ကျန်းရို့ရှီတို့ကို ဦးဆောင်ကာ ပြေးထွက်သွားလေသည်။
မြောက်မြားလှစွာသော ကြယ်အမြုတေများ ထွက်ပေါ်လာမှုကြောင့် အမြုတေပင်လယ်ပေါ်ရှိ အခြေအနေမှာ လုံးဝကို ကသောင်းကနင်း ဖြစ်နေတော့လေသည်။
အမြုတေပင်လယ်ထက်ရှိ တစ်နေရာတွင် မတူကွဲပြားသည့် အင်အားစုမှ လာကြသော လူငါးဦးသည် အမြုတေတစ်ခုအတွက် ယှဉ်ပြိုင်တိုက်ခိုက်နေကြလေသည်။ ထိုလူများသည် တစ်ဦးနှင့် တစ်ဦး တိုက်ခိုက်ရာတွင်သာ အာရုံစိုက်ထားကြပြီး ကြယ်အမြုတေအား အာရုံစိုက်မနေခဲ့ကြပေ။
ရန်ကိုင်သည် ထိုကြယ်အမြုတေရှေ့၌ ဝှစ်ခနဲပေါ်လာပြီး သူ့လက်ကိုဆန့်ထုတ်၍ ကြယ်အမြုတေကို ကြယ်သန့်စင်ခြင်းပညာရပ်သုံးကာ စုပ်ယူလိုက်ပြီး ကမ္ဘာငယ်လေးထဲသို့ ပစ်ထည့်လိုက်လေသည်။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၄၈၆)
ပျက်စီးနေသော ကြယ်အမြုတေများသည်ပင်လျှင် စုပ်ယူသန့်စင်ရန် အတော်လေးကိုမှ ခက်ခဲလှလေရာ ပြီးပြည့်စုံသော ကြယ်အမြုတေဆိုလျှင်တော့ ပြောနေစရာပင် မလိုတော့ချေ။ ထို့အတွက်ကြောင့် ရန်ကိုင်သည် ကြယ်အမြုတေအား အရင်ဆုံး လုယူထားလိုက်ပြီး နောင် အားသည့်အခါမှသာ သန့်စင်ရန် ဆုံးဖြတ်ထားလိုက်လေသည်။
အောင်မြင်သွားသည့်နောက်တွင် ရန်ကိုင်သည် အခြားတစ်နေရာသို့ တည်နေရာခုန်ကူးသွားလေ၏။
ပြိုင်ဆိုင်နေကြသော ကျင့်ကြံသူငါးဦးမှာ ကြယ်အမြုတေသည် သူတို့ရှေ့တည့်တည့်၌ပင် လက်သည်မပေါ်ဘဲ ဗြုန်းစားကြီး ပျောက်သွားသည်ကိုမြင်သော် အရူးတစ်ပိုင်းနှယ် ဖြစ်သွားကြပြီး ဒေါသတကြီး အော်ဟစ် ဆဲရေးတိုင်းထွာတော့လေသည်။
ထိုအခိုက်အတန့်တွင် လျို့ယန်၊ ကျန်းရို့ရှီနှင့် မိုရှောင်ချီတို့သည် အခြားသော ကြယ်အမြုတေတစ်ခုဆီသို့ ပြေးဝင်သွားနေကြလေသည်။
လက်ရှိအချိန်တွင် မိုရှောင်ချီသည် သူမ၏စွမ်းအားကို အနည်းငယ်မျှပင်လျှင် ထိမ်ချန်ထားမနေတော့ချေ။ လန်ရွှင်းနှင့်တိုက်ခိုက်စဉ်က သူမတက်ကျွမ်းထားသည့် ကျင့်စဉ်အချို့လောက်ကိုသာ ထုတ်သုံးခဲ့ပြီး သူမ၏ခွန်အားတစ်ဝက်လောက်ကို ထိမ်ချန်ထားခဲ့လေသည်။ ယခု ကြယ်အမြုတေများအတွက် ယှဉ်ပြိုင်ရတော့မည် ဖြစ်သည့်အတွက်ကြောင့် သူမ၏ မွန်းစတားသားရဲအုပ်ကြီးကို ချက်ချင်းဆင့်ခေါ်လိုက်လေ၏။
ငွေလည်ဆံသားရဲ၊ အာကာယံလင်းဆွဲ၊ မီးတောက်ချီလင်၊မျက်လုံးပြာကြေးခွံနက် ရေနဂါး…။
အမျိုးမျိုးသော မွန်းစတားသားရဲများသည် ထွက်ပေါ်လာပြီး အသီးသီး အော်ဟစ်ဟိန်းဟောက်ကြရင်း ရှေ့တည့်တည့်သို့ ပြေးဝင်သွားကုန်ကြလေသည်။ ထိုမွန်းစတားသားရဲအုပ်ကြီးကို မြင်သော် ကြယ်အမြုတေအတွက် ယှဉ်ပြိုင်နေသည့် ကျင့်ကြံသူများမှာ ကြောက်လန့်တုန်လှုပ်သွားကြပြီး အလျင်အမြန် လမ်းဖယ်ပေးလိုက်ကြလေ၏။
လျို့ယန်သည်လည်း ကောင်းကင်အဆင့် ရုပ်သေးရုပ်ဖြစ်သော ကျားဖြူကို ဆင့်ခေါ်ထားလိုက်လေသည်။ အစစ်အမှန် ဧကရာဇ်အဆင့် ပညာရှင်တစ်ဦးနှင့် ကျားဖြူကြားတွင် သိသာလှသည့် ကွာခြားချက်အချို့ ရှိနေသော်ငြား ဤကျားဖြူသည် သာမန်တာအိုသခင်အဆင့် ကျင့်ကြံသူများ ယှဉ်ပြိုင်နိုင်သည့် အရာမျိုးမဟုတ်ချေ။ ကျားဖြူဆီမှ ဖြာထွက်နေသည့် ဧကရာဇ်အရှိန်အဝါမှာ မရေမတွက်နိုင်သော ကျင့်ကြံသူများကို ကြောက်လန့်တုန်လှုပ်သွားစေပေသည်။
ကျန်းရို့ရှီတွင် မိုရှောင်ချီ၊ လျို့ယန်တို့ကဲ့သို့ အားကောင်းသော နောက်လိုက်သားရဲများ ရှိမနေခဲ့ပါသော်ငြား သူမ၏ခွန်အားမှာ ထိုနှစ်ဦးအောက် နောက်ကျကျန်နေခဲ့ခြင်း မရှိချေ။ ဘာမှန်းမသိရသော ပညာရပ်တစ်ခုကို ထုတ်သုံးလိုက်လေရာ ကျန်းရို့ရှီဆီမှ ရှင်းပြမရသည့် အရှိန်အဝါတစ်ရပ် ဖြာထွက်လာခဲ့လေသည်။ ထိုအရှိန်အဝါ၏ ဖိအားအောက်တွင် မရေမတွက်နိုင်သော ကျင့်ကြံသူများမှာ အသီးသီး နောက်သို့ ဆုတ်သွားကုန်ကြလေ၏။ မိုရှောင်ချီ၏ မွန်းစတားသားရဲများသည်ပင်လျှင် ထိုအရှိန်အဝါကို ခံစားမိလိုက်သည့်နောက် ကြောက်ရွံ့မှုကြောင့် တုန်ရီနေကုန်ကြလေသည်။
မိုရှောင်ချီသည် အံ့အားသင့်နေသည့် အမူအယာဖြင့် ကျန်းရို့ရှီအား လှမ်းကြည့်လိုက်လေသည်။
သားရဲသခင်မဟာဧကရာဇ်၏ သမီးတော်တစ်ပါး ဖြစ်သည်နှင့်အညီ မိုရှောင်ချီသည် သားရဲများနှင့် ဆက်သွယ်နိုင်သော မွေးရာပါစွမ်းရည်တစ်မျိုးနှင့် မွေးဖွားလာခဲ့ပေသည်။ ထို့အတွက်ကြောင့် လက်ရှိအချိန်တွင် သူမ၏သားရဲများ ထိတ်လန့်တုန်လှုပ်ကြောက်ရွံ့နေသည်ကို အတိုင်းသား ခံစားနေရလေသည်။
သူမ မွေးမြူပျိုးထောင်ထားသည့် မွန်းစတားသားရဲများ၏ သွေးမျိုးဆက်မှာ အတော်လေးကိုမှ မြင့်မားလှပေသည်။ အတော်များများမှာ အသွင်ကွဲ ရှေးဟောင်းနတ်သားရဲများ၏ တိုက်ရိုက်မျိုးဆက်များ ဖြစ်ကြလေရာ သာမန်မွန်းစတားသားရဲများထက် အဆပေါင်းများစွာ ပိုမိုအဆင့်မြင့်မားကြပေသည်။ ထို့အပြင် ထိုမွန်းစတားသားရဲများကို သားရဲသခင်မဟာဧကရာဇ်မှ သူမအတွက် အထူးတလည် ရွေးပေးထားခြင်း ဖြစ်လေ၏။
ဧကရာဇ်အဆင့် ပညာရှင်များနှင့် ရင်ဆိုင်ရချိန်တွင်ပင် ကြောက်ရွံ့ခြင်းမရှိဘဲ ပြန်လည်တိုက်ခိုက်နိုင်ကြသည့် ဤမွန်းစတားသားရဲများ၏ ကျန်းရို့ရှီ၏ အရှိန်အဝါအောက်တွင် ကြောက်ရွံ့မှုကြောင့် တုန်ရီနေကြလေသည်။ အချို့ဆိုလျှင် ကျန်းရို့ရှီဘက်သို့လှည့်၍ အသံတအီအီ တစာစာပင် ပြုနေကြပေသေးသည်။
မိုရှောင်ချီမှာ လုံးဝကို မှင်တက်နေရတော့လေသည်။ အကြောင်းမှာ ထိုမွန်းစတားသားရဲများမှ လုပ်နေကြသည့် အသံ တအီအီ တစာစာထဲ ဖားယားနေသည့် အရိပ်အယောင်များကို သတိပြုမိလိုက်သည့် အတွက်ကြောင့်ပင်လျှင်။ တစ်ခါတစ်ရံ မိုရှောင်ချီမှ စိတ်ကောက်၍ ထိုသားရဲများကို လျစ်လျူရှုထားသည့် အချိန်တွင် သူမ၏မွန်းစတားသားရဲများမှာ ထိုနည်းကိုသုံး၍ သူမ သူတို့အပေါ် ပြန်အာရုံစိုက်အောင် လုပ်ကြလေသည်။
မိုရှောင်ချီမှာ သူတို့၏ သခင်ဖြစ်သည့်အတွက်ကြောင့် ထိုကဲ့သို့လုပ်သည်မှာ နားလည်၍ ရသော်ငြား ကျန်းရို့ရှီကဲ့သို့သော သူစိမ်းတစ်ဦးအား ထိုကဲ့သို့ သွားလုပ်နေသည်မှာ နည်းနည်းတော့ စဉ်းစားစရာ ဖြစ်လာလေပြီ။
ကျန်းရို့ရှီသည် သိုသိုသိပ်သိပ် နေတတ်သူတစ်ဦးဖြစ်သဖြင့် အစပိုင်းတွင် မိုရှောင်ချီမှာ ကျန်းရို့ရှီအား လုံးဝ သတိမပြုမိခဲ့ချေ။ ယခု သူမ၏ မွန်းစတားသားရဲများ တုန့်ပြန်နေပုံကို မြင်ပြီးနောက် ကျန်းရို့ရှီတွင်လည်း လျှို့ဝှက်ချက်ကြီးတစ်ခု ရှိရမည်မှန်း မိုရှောင်ချီ ချက်ချင်း နားလည်သွားတော့သည်။ ကျန်းရို့ရှီ၏ လျှို့ဝှက်ချက်သည် မွန်းစတားသားရဲများနှင့် ကျိန်းသေ ပက်သက်နေရပေလိမ့်မည်။
သူမစိတ်ထဲ သိချင်နေသည့် မေးခွန်းပေါင်းမြောက်မြားစွာ ရှိနေပါသော်ငြား လက်ရှိအချိန်သည် မေးလို့ ကောင်းသည့်အချိန် မဟုတ်သေးသည့် အတွက်ကြောင့် မိုရှောင်ချီသည် သိချင်စိတ်ကို အောင့်အည်း၍ နောက်မှသာ အဖြေရှာရန် ဆုံးဖြတ်လိုက်လေသည်။
မိန်းကလေးသုံးဦး၏ သိုင်းပညာရပ်များ၊ စွမ်းရည်များမှာ မတူကွဲပြားကြသော်ငြား သူတို့၏ စွမ်းရည်မှာတော့ ကြောက်စရာပင်။ ထို့အတွက်ကြောင့် သူတို့သုံးဦး အတူပူးပေါင်းလိုက်သည့်အခါ ကြောက်မက်ဖွယ်ရာ အင်အားစုတစ်ခု ဖြစ်တည်လာပြီး သူတို့နှင့် ရင်ဆိုင်ရသည့် ကျင့်ကြံသူအားလုံး ကြောက်ကြောက်လန့်လန့် နောက်သို့ အသီးသီး ပြန်ဆုတ်သွားကြရလေသည်။
ဤသို့ဖြင့် မိန်းကလေးသုံးဦးသည် ကြယ်အမြုတေတစ်ခုအား လွယ်လင့်တကူပင် ရယူသွားနိုင်ခဲ့လေသည်။ အချင်းချင်း ဆွေးနွေးလိုက်ကြပြီးသည့်နောက် မိုရှောင်ချီသည် ထိုကြယ်အမြုတေအား သူမ၏သိုလှောင်လက်စွပ်ထဲသို့ ဝမ်းပန်းတသာဖြင့် ထည့်သိမ်းလိုက်လေ၏။
ရန်ကိုင်သည် မိန်းကလေးသုံးဦး၏ လုပ်ရပ်ကို ဘေးမှစောင့်ကြည့်နေခဲ့ပေသည်။ သူမတို့သုံးဦး သူ့အကူအညီကို မလိုမှန်း သိလိုက်ပြီးသည့်နောက် ရန်ကိုင်လည်း အခြားတစ်ဖက်သို့သာ အာရုံစိုက်လိုက်တော့လေသည်။
ထို့နောက်တွင် လေဟာနယ်တာအိုကိုသုံးလျက် ရန်ကိုင်သည် အမြူတေပင်လယ်ပေါ်တွင် တစ္ဆေတစ်ကောင်နှယ် လူးလွန့်သွားလာလှုပ်ရှားတော့လေသည်။ ကြယ်သန့်စင်ခြင်းပညာရပ်ကိုပါ တတ်ကျွမ်းထားသည့် အတွက်ကြောင့် ကြယ်အမြုတေအသစ်တစ်ခုပေါ်လာတိုင်း ရန်ကိုင်သည် ထိုနေရာဆီသို့ ပြေးသွားကာ ကြယ်အမြုတေကို အလွန်လျင်မြန်သည့်နှုန်းဖြင့် လုယူပစ်လေသည်။
ကြယ်အမြုတေအတွက် ပြိုင်ဆိုင်နေကြသော ကျင့်ကြံသူများမှာတော့ လက်သည်မပေါ်ဘဲ ပျောက်ဆုံးသွားသည့် ကြယ်အမြုတေများကို ကြည့်ရင်း ဇဝေဇဝါလည်းဖြစ်၊ ဒေါသလည်း ထွက်နေကြတော့သည်။
အချိန်ကြာလာသည်နှင့်အမျှ ရန်ကိုင်ရရှိထားသည့် ကြယ်အမြုတေအရေအတွက်မှာ ပိုပို၍ များပြားလာခဲ့လေသည်။
ဤကဲ့သို့ ပရမ်းပတာဖြစ်နေသော အခြေအနေမျိုး၌ အဖိုးတန်ရတနာများကို လုယူရသည့် အခါ အမြန်နှုန်းသည် အခရာ ဖြစ်လာခဲ့ရလေသည်။ ရန်ကိုင်သည် လေဟာနယ်တာအိုကို ကျွမ်းကျင်ထားသည့် အတွက်ကြောင့် တစ်နေရာမှ တစ်နေရာသို့ လွတ်လွတ်လပ်လပ် တည်နေရာခုန်ကူးနိုင်လေရာ အခြားသူများလက်မှ ကြယ်အမြူတေများကို အလွယ်တကူ လုယူနိုင်နေခဲ့လေသည်။
နေ့တစ်ဝက်ခန့် ကြာပြီးသည့်နောက်တွင် ကြယ်အမြုတေများ ထွက်ပေါ်လာသည့်နှုန်းသည် တဖြည်းဖြည်းချင်း လျော့ကျသွား၏။ ကြယ်အမြုတေတစ်ခု ပေါ်လာတိုင်းပေါ်လာတိုင်း ရာပေါင်းများစွာသော ကျင့်ကြံသူများမှာ ထိုကြယ်အမြုတေဆီသို့ ကဆုန်ပေါက် ပြေးဝင်သွားကြလေ၏။
ဤကဲ့သို့သော အခြေအနေမျိုးတွင် ထိုကြယ်အမြုတေကို ရအောင်လုဖို့ဆိုသည်မှာ ရန်ကိုင့်အတွက်ပင်လျှင် မလွယ်တော့ချေ။ သို့သော်ငြား ခက်ခက်ခဲခဲကြိုးစားပြီးသည့်နောက်တွင်တော့ ရန်ကိုင်သည် ကြယ်အမြုတေတစ်ခုကို လူအုပ်ကြီးဆီမှ လုယူနိုင်ခဲ့သေးသည်။ ထို့အတွက်ကြောင့် ရာပေါင်းများစွာသော ကျင့်ကြံသူများမှာ ခိုးကြောင်ခိုးဝှက်ဖြင့် ကြယ်အမြုတေအား ခိုးယူသွားသော ကျင့်ကြံသူအား အော်ဟစ် ဆဲရေးနေတော့လေသည်။
နောက်ထပ်နေ့တစ်ဝက်ခန့် ကြာပြီးသည့်နောက် ပင်လယ်ရေပြင်မှာ တဖြည်းဖြည်း ငြိမ်သက်သွားတော့လေသည်။ အကုန်လုံးမှာ အချိန်အတော်ကြာအောင် စောင့်နေခဲ့ပါသော်ငြား မည်သည့် ကြယ်အမြုတေအသစ်မှ ထပ်မံ ထွက်ပေါ်လာခြင်း မရှိတော့ပေ။ ကြည့်ရသလောက် ပြီးပြည့်စုံသော ကြယ်အမြုတေအားလုံး ကုန်သွားသည့်ပုံပင်။
မည်သို့ပင်ဖြစ်နေစေကာမူ ကျင့်ကြံသူများကြားမှ တိုက်ပွဲများမှာတော့ ဖြစ်ပွားနေဆဲပင်။ ယခင်က ကြယ်အမြုတေများကို ရထားသည့် ကျင့်ကြံသူများမှာ အခြားသောလူများ၏ ပစ်မှတ်များ ဖြစ်လာကြတော့လေသည်။ ဤသို့ဖြင့် ကြယ်အမြုတေများ မရှိတော့သည့်တိုင် တိုက်ပွဲများမှာ ဖြစ်နေကြကာ အလောင်းများမှာလည်း အမြုတေပင်လယ်ထဲသို့ တစ်လောင်းပြီးတစ်လောင်း ပြုတ်ကျနေတော့လေသည်။ ရုတ်တရက်ဆိုသလို အပြာရောင်သန်းနေသည့် အမြုတေပင်လယ်မှာ စတင်၍ သွေးနီရောင်သန်းလာတော့လေသည်။
ရန်ကိုင်သည် လူအုပ်ကြီးကြားထဲ လူးလွန့်သွားလာလှုပ်ရှားရင်းမှ လျို့ယန်နှင့် အခြားသူများကို ပြန်တွေ့သွားခဲ့လေသည်။
မိန်းကလေးသုံးဦး၏ ကြောက်မက်ဖွယ်ရာစွမ်းအားကို ထိတ်လန့်နေသည့် အတွက်ကြောင့်လားမသိရ မည်သူမှ သူမတို့သုံးဦးအား လာရောက်မတိုက်ခိုက်ရဲကြပေ။ ထို့ကြောင့် လျို့ယန်တို့သုံးဦးမှာ အေးအေးဆေးဆေးဖြင့် နေနိုင်ကြလေ၏။
ရန်ကိုင်ရောက်လာသည်ကို မြင်ပြီးသည့်နောက်တွင် မိုရှောင်ချီက ပြုံးလျက် ချက်ချင်း နှုတ်ဆက်လိုက်လေသည်။ “အစ်ကိုရန်… အစ်ကိုရန်… ကျွန်မတို့ ကြယ်အမြုတေတွေ အများကြီး ရထားတယ်…”
ထိုစကား ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် မရေမတွက်နိုင်အောင် များပြားလှသော မီးတောက်မတတ်အကြည့်များသည် ဘက်ပေါင်းစုံဆီမှ သူမတို့ဆီသို့ ရောက်ရှိလာခဲ့ကြလေသည်။
အမြုတေပင်လယ်တွင် ကျင့်ကြံသူများ ထောင်နှင့်ချီကာ စုဝေးနေကြပြီး လက်တစ်ဆုပ်စာလောက်သော လူအနည်းငယ်သည်သာ ကြယ်အမြုတေများကို ရနိုင်ကြလေသည်။ ကျင့်ကြံသူအများစုမှာတော့ ကြယ်အမြုတေတစ်ခုကို ရရန်မဆိုထားနှင့်၊ မြင်ပင်မမြင်လိုက်ရပေ။
ထို့အတွက်ကြောင့် မိုရှောင်ချီ၏စကားသည် လူအုပ်ကြီး၏အာရုံကို ဆွဲဆောင်သွားခဲ့လေသည်။
သူမစကားပြောမှားသွားပြီမှန်း သိလိုက်သော် မိုရှောင်ချီသည် လျှာလေးတစ်လစ်တစ်လစ် လုပ်လိုက်လေ၏။
ရန်ကိုင်သည် လူအုပ်ကြီးအား ဝေ့ကြည့်လျက် အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လိုက်ပြီးသည့်နောက် သူ့အရှိန်အဝါကို ဖြန့်ကျက်ချလိုက်လေ၏။ ရန်ကိုင့်၏အရှိန်အဝါ ပြန့်ထွက်လာသည်နှင့်အမျှ ပတ်ဝန်းကျင်ဟင်းလင်းပြင်တစ်ခုလုံးမှာလည်း စတင်၍ တုန်ခါလာတော့လေသည်။
ထိုအခါ မိုရှောင်ချီတို့အား ပစ်မှတ်ထားရန် ကြံနေကြသော ကျင့်ကြံသူများ၏ အမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားကုန်ကြပြီး အကျိုးနှင့်အမြတ်ကို စတင်၍ ချင့်တွက်ကြတော့လေသည်။ နောက်ဆုံးတွင် စိတ်မပါသည့် အမူအရာဖြင့် မိုရှောင်ချီတို့ဆီမှ အကြည့်ပြန်လွှဲသွားကြလေ၏။
မိုရှောင်ချီက တိုးတိုးလေးပြောလိုက်လေသည်။ “ကျွန်မတို့ တစ်ယောက်ကို အမြုတေ နှစ်ခုကနေ သုံးခုထိ ရထားတယ်…”
မိုရှောင်ချီမှာ အလွန်ကိုမှ စိတ်လှုပ်ရှားနေခဲ့လေ၏။ ကျန်းရို့ရှီနှင့် လျို့ယန်တို့၏ မျက်နှာများမှာလည်း နီမြန်းနေကြလေသည်။ သူမတို့နှစ်ဦးစလုံး ရလဒ်နှင့်ပတ်သက်၍ ကျေနပ်နေသည်မှာ အထင်းသားပင်။
“မဆိုးဘူး မဆိုးဘူး…” ရန်ကိုင်က ပြုံးကာ ခေါင်းညိတ်လိုက်လေသည်။
မိန်းကလေးသုံးဦးရထားသည်မှာ အတော်လေးကိုမှ များလှပါသော်ငြား ရန်ကိုင်ရထားသည့် အရေအတွက်မှာ သူတို့ထက်ပင် ပိုများပေသေးသည်။
သေသေချာချာ မရေတွက်ရသေးသော်ငြား အနည်းဆုံး အခုသုံးဆယ်ကျော်မက ရှိလိမ့်မည်ဟု ရန်ကိုင် ခန့်မှန်းမိပေသည်။
ကျင့်ကြံရေးကြယ်တစ်လုံးသည် ကြယ်အမြုတေတစ်ခုကိုသာ မွေးဖွားပေးနိုင်ပေသည်။ ထို့အတွက်ကြောင့် ကြယ်အမြုတေအခုသုံးဆယ်ကျော်ကို ထုတ်ပေးနိုင်ရန်အတွက် ကျင့်ကြံရေးကြယ် အလုံးသုံးဆယ်ကျော် လိုအပ်ပေလိမ့်မည်။ လက်ရှိ ရန်ကိုင် ကြည့်ရသလောက် အမြုတေပင်လယ်ပေါ်၌ ထွက်ပေါ်လာသည့် ကြယ်အမြုတေအရေအတွက်မှ သုံးရာမှ လေးရာကြားခန့်တွင် ရှိနေပေသည်။
တစ်နည်းဆိုရသော် ကောင်းကင်ဝါးမျိုခြင်း မဟာဧကရာဇ်သည် အနည်းဆုံး ကျင့်ကြံရေးကြယ် အလုံးသုံးရာမှ လေးရာခန့်အထိကို ဝါးမျိုပစ်ခဲ့သည်ဟု ပြော၍ရပေသည်။
ဤလုပ်ရပ်သည် အလွန်ကိုမှ ရူးမိုက်လွန်းသည်ဟုပင် ပြော၍ရပေသည်။
“ဒီမှာဆက်မနေကြတော့ရင် ကောင်းလိမ့်မယ်… ကြယ်အမြုတေတွေလည်း ထပ်ပြီး ထွက်မလာတော့ဘူးဆိုတော့ မြန်မြန်ထွက်သွားကြတာပေါ့…” ရန်ကိုင်သည် ဘေးပတ်ဝန်းကျင်အား မျက်မှောင်ကြုတ်ကာ လှည့်ပတ်ကြည့်ရင်းမှ ပြောလိုက်လေသည်။
မိုရှောင်ချီက ပြန်ပြောလိုက်လေ၏။ “ကျွန်မ အစ်ကိုရန်နောက် လိုက်မယ်လေ…”
ရန်ကိုင်က ခေါင်းညိတ်လိုက်၏။ မိန်းကလေးများကိုခေါ်၍ ဤတိုက်ပွဲဇုန်အတွင်းမှ ထွက်သွားတော့မည်အပြု အမြုတေပင်လယ်၏ အောက်ခြေတွင် ထူးဆန်းသည့် အရာတစ်ခုခု ဖြစ်သွားခဲ့လေသည်။
ပင်လယ်နီကြီးသည် တစ်မျိုးမျိုးသော တုံ့ပြန်မှုကို ရရှိလိုက်သည့်အလား တဖြည်းဖြည်းချင်း လည်ပတ်လာခဲ့လေသည်။ မကြာမီတွင် အမြုတေပင်လယ်ကြီးတစ်ခုလုံးသည် ဝဲကတော့တစ်ခုအလား စတင်၍ လည်ပတ်လာတော့လေသည်။
ရုတ်တရက် ထွက်ပေါ်လာသည့် သိမ်မွေ့ပျော့ပျောင်းလှသော ဆွဲအားတစ်ရပ်ကြောင့် အမြုတေပင်လယ်ပေါ်ရှိ ကောင်းကင်ထက်တွင် တိုက်ခိုက်နေကြသော ကျင့်ကြံသူများအားလုံး နိုးနိုးကြားကြား ဖြစ်သွားကုန်ကြလေသည်။
အကုန်လုံးသည် သက်ပြင်းအသီးသီးရှိုက်ရင်း အောက်ဘက်ရှိဖြစ်စဉ်အား ငုံ့ကြည့်လိုက်ကြလေသည်။
ဧရာမဝဲကတော့ကြီးတစ်ခုသည် အမြုတေပင်လယ်၏ အလယ်ဗဟိုထက်တွင် တဖြည်းဖြည်းချင်း ဖြစ်တည်လာနေခဲ့လေသည်။ အမြုတေပင်လယ်ကြီး လည်ပတ်နေသည်နှင့်အမျှ သွေးနီရောင်ရေများမှာ ဝဲကတော့ကြီးအတွင်းသို့ အဆက်မပြတ် စီးဝင်ပျောက်ကွယ်သွားကုန်ကြလေ၏။
ထို တဝဲလည်လည် လည်ပတ်နေသည့် ဝဲကတော့ကြီးကိုကြည့်ရင်း ကျင့်ကြံသူအားလုံး ကျောရိုးတစ်လျှောက် စိမ့်တက်သွားကုန်ကြရလေသည်။
ထိုဝဲကတော့ကြီး ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် အမြုတေပင်လယ်၏ ရေထုမှာလည်း စတင်၍ နိမ့်ကျလာရတော့လေသည်။ ရေအားလုံးမှာ ဝဲကတော့ကြီးထဲသို့ စီးဝင်ပျောက်ကွယ်နေသည့် အတွက်ကြောင့် အချိန်တစ်ခဏလေးအတွင်းမှာပင် အမြုတေပင်လယ်၏ အရွယ်အစားမှာ တစ်ဝက်ခန့်မက ကျုံ့သွားခဲ့လေသည်။
ခဏကြာပြီးသည့်နောက်တွင် အမြုတေပင်လယ်ကြီးတစ်ခုလုံး ပျောက်ကွယ်သွားတော့လေသည်။ ယခင်က အမြုတေပင်လယ်ကြီး ရှိနေခဲ့သည့် နေရာတွင် သေးငယ်လှသော တွင်းနက်ကလေးတစ်ခုသာ ကျန်ရစ်ခဲ့လေ၏။
သို့ရာတွင်မူ ထိုတွင်းနက်ကလေးအတွင်း၌ တင်ပလင်ခွေ ထိုင်နေသော ဖြူဖွေးဆွတ်နေသည့် အရိုးခြောက်တစ်ခု ထူးဆန်းစွာ ရှိနေခဲ့လေသည်။ ထိုလူသေသွားခဲ့သည်မှာ နှစ်ပေါင်း မရေမတွက်နိုင်အောင် ကြာနေခဲ့လေပြီ။ သို့သော်ငြား ဝိုးတဝါးတားပုံရိပ်အား သေသေချာချာ လှမ်းကြည့်လိုက်မည်ဆိုပါက ၎င်း၏ အရိုးလက်ချောင်းတစ်ချောင်းတွင် သိုလှောင်လက်စွပ်တစ်ကွင်း ရှိနေသည်ကို မြင်တွေ့နိုင်ပေလိမ့်မည်။
ထို ရုတ်တရက် ဖြစ်ပေါ်လာသည့် မြင်ကွင်းကြောင့် အကုန်လုံးမှာ မင်သက်သွားတော့လေသည်။ လူပေါင်းများစွာသည် အရိုးခြောက်၏ လက်ချောင်းတွင် ရှိနေသော သိုလှောင်လက်စွပ်အား မီးတောက်မတတ်အကြည့်များဖြင့် လှမ်းကြည့်နေကြလေ၏။
“ဂလု…”
တံတွေးမျိုချသံများ တစ်သံပြီးတစ်သံ ထွက်ပေါ်လာခဲ့လေသည်။
“အဲ့ဒါ ဘယ်သူ့အရိုးခြောက်ကြီးလဲ… ဒီမှာ ဘယ်သူသေသွားတာလဲ…”
“သူ့ပုံစံကိုကြည့်ရတာတော့ ဒီလူသေသွားတာ နှစ်ပေါင်း သောင်းနဲ့ချီနေပြီနဲ့တူတယ်…”
“နှစ်ပေါင်းသောင်းနဲ့ချီ… မဟာဧကရာဇ်တွေကြားက တိုက်ပွဲကလည်း လွန်ခဲ့တဲ့ နှစ်ပေါင်း သောင်းနဲ့ချီတုန်းက ဖြစ်သွားခဲ့တာမဟုတ်ဘူးလား… အဲ့တိုက်ပွဲမှာ သေသွားတဲ့ မဟာဧကရာဇ် စုစုပေါင်း ငါးယောက်တောင် ရှိတယ်ဆိုပဲ…”
“ဒါဆိုရင် ဒါက မဟာဧကရာဇ်တစ်ပါးရဲ့ အရိုးခြောက်ပေါ့… ဒီသိုလှောင်လက်စွပ်က မဟာဧကရာဇ်တစ်ပါးရဲ့ သိုလှောင်လက်စွပ်ပေါ့…”
ကျင့်ကြံသူပေါင်းများစွာသည် တင်ပလင်ခွေထိုင်နေသည့် အရိုးခြောက်ကြီးကိုကြည့်ရင်း အချင်းချင်း တီးတိုးဆွေးနွေးကြတော့လေသည်။
အခြားသူများနှင့် မတူညီစွာပင် ရန်ကိုင်ကမူ ထိုအရိုးခြောက်ကို မြင်ပြီးသည့်နောက် တုန်တုန်ရီရီ ဖြစ်သွားခဲ့လေ၏။
အကြောင်းမှာ ဤအမြုတေပင်လယ်ကြီးသည် ကောင်းကင်ဝါးမျိုခြင်း မဟာဧကရာဇ် သေဆုံးသွားခဲ့သည့်နေရာ ဖြစ်နိုင်သည်ဟု လန်ရွှင်းပြောပြသည်ကို ကြားထားသည့် အတွက်ကြောင့်ပင်လျှင်။ ယခု အမြုတေပင်လယ်ကြီး ပျောက်ကွယ်သွားပြီး အရိုးခြောက်တစ်ခု ပေါ်လာခဲ့လေသည်။ ထိုအရိုးခြောက်သေသွားသည်မှာလည်း နှစ်ပေါင်း သောင်းဂဏန်းလောက် ရှိနေလေ၏။ သဲလွန်စအားလုံးသည် တစ်ခုတည်းဆီသို့သာ ဦးတည်နေလေသည်။
“ရှောင်ချီ…” ရန်ကိုင်သည် မိုရှောင်ချီဘက်သို့ မေးမြန်းလိုသည့် အကြည့်ဖြင့် လှမ်းကြည့်လိုက်လေသည်။
မိုရှောင်ချီ၏မျက်နှာမှာလည်း အနည်းငယ် ဖြူလျော်နေခဲ့လေသည်။ ထို့နောက် စိုးလည်းစိုးရိမ် စိတ်လည်းလှုပ်ရှားနေသည့် လေသံဖြင့် ပြန်ပြောလိုက်လေ၏။ “ဒါ အဲ့လူကြီးမင်းရဲ့ အရိုးခြောက် ဖြစ်လောက်တယ်…”
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၄၈၇)
မိုရှောင်ချီပြောသည်ကို ကြားပြီးသည့်နောက်တွင် ရန်ကိုင် အလွန်ကိုမှ စိတ်လှုပ်ရှားလာတော့လေသည်။ ဤနေရာတွင် ဆက်၍ မနေသင့်တော့မှန်း သိနေသည့်တိုင် ရန်ကိုင့်မှာတော့ တုံ့ဆိုင်းတွေဝေမိနေလေ၏။
အမြုတေပင်လယ်မှ ရထားသည့် အကျိုးအမြတ်များမှာ လုံလောက်သည်ထက်ကို ပိုနေခဲ့လေပြီ။ သို့သော်ငြား ဤအရိုးခြောက်ပိုင်ရှင်သည် ကောင်းကင်ဝါးမျိုခြင်းမဟာဧကရာဇ် ဖြစ်လောက်မည်ဟု ပြောသည်ကိုကြားသော် သူ့ရင်ထဲ လောဘရိပ်တို့ တလှိုက်လှိုက် တက်လာလေ၏။
ရန်ကိုင်သည်ပင်လျှင် ဤမျှစိတ်ဝင်စားနေခဲ့လေရာ အခြားသူများဆိုလျှင်တော့ ပြောနေစရာပင်မလိုတော့။
အရိုးခြောက်၏ လက်ချောင်းထက်တွင် ရှိနေသော သိုလှောင်လက်စွပ်သည် လူတိုင်း၏အာရုံကို ဆွဲဆောင်သွားခဲ့လေသည်။
“အမှိုက်ကောင်တွေ ထွက်သွားစမ်း…” ထိုစဉ် မိုးခြိမ်းသံတမျှ ကျယ်လောင်သည့် အသံကြီးနှင့်အတူ လှံရှည်ကြီးတစ်ချောင်း ထွက်ပေါ်လာပြီး လူအများဆုံး စုဝေးနေသည့် နေရာဆီသို့ တိုးဝင်သွားခဲ့လေသည်။
လှံရှည်၏စွမ်းအားမှာ နေရာကျယ်ကြီးတစ်ခုလုံးအား လွှမ်းခြုံနေခဲ့လေသည်။ လှံရှည်ထဲရှိစွမ်းအားကို ခံစားမိလိုက်သော် ထိုနေရာအနီးတစ်ဝိုက်တွင် စုဝေးနေကြသော ကျင့်ကြံသူများ၏ အမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ကြပြီး အလျင်စလို နောက်သို့ ပြန်ဆုတ်သွားကြလေ၏။
“ဘုန်း ဘုန်း ဘုန်း…”
လှံရှည်သည် တွင်းနက်၏ တစ်ဖက်ခြမ်းတွင် စုဝေးနေကြသော လူစုလူဝေးကြီးအား ရှင်းထုတ်ပစ်နိုင်ခဲ့လေသည်။
အချိန်မီထွက်မပြေးနိုင်ကြသော ကျင့်ကြံသူအများစုမှာတော့ လှံရှည်၏စွမ်းအားကြောင့် အော်ချိန်ပင်မရလိုက်ဘဲ သွေးမြူများအဖြစ်သို့ ပေါက်ကွဲထွက်ကုန်ကြလေသည်။
ထိုအချင်းအရာကိုမြင်သော် ရန်ကိုင့်၏အမူအယာ မဆိုစလောက်ကလေး သုန်မှုန်သွားခဲ့လေသည်။ လှမ်းကြည့်လိုက်ရာ လူတစ်ဦးသည် ခက်ထန်သည့် အမူအယာဖြင့် လှံတစ်ချောင်းကိုကိုင်စွဲရင်း ဟိတ်ဟန်အပြည့်ဖြင့် ရပ်နေသည်ကို တွေ့လိုက်ရလေသည်။ ထိုလူမှာ ထွားကျိုင်းသည့်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပြီး သိသာထင်ရှားလှသော ဧကရာဇ်ဖိအားတို့မှာ သူ့ခန္ဓာကိုယ်တစ်ဝိုက်တွင် ရစ်သိုင်းနေခဲ့လေသည်။
(ဒီတော့ သူပေါ့…)
ရန်ကိုင်သည် ထိုလူအား ချက်ချင်း မှတ်မိသွားခဲ့လေသည်။ ထိုလူမှာ အမြုတေပင်လယ်အတွင်းပိုင်းသို့ ဝင်သွားခဲ့စဉ်က တွေ့ခဲ့သည့် လူထွားကြီးသာ ဖြစ်လေသည်။
“လန်ချို… မင်းစိတ်လွတ်သွားတာလား…”
“ခွေးကောင်…”
“မင်း ငါ့ဂျူနီယာညီလေးကို ဘယ်လိုလုပ်ပြီးသတ်ရဲတာလဲ… ငါမင်းကိုသတ်မယ်…”
နောက်သို့ အသီးသီး ပြန်ဆုတ်သွားကြသော ကျင့်ကြံသူများမှာ လူထွားကြီးအား စတင်၍ အော်ဟစ် ဆဲဆိုတော့လေသည်။ သူ့အား သိနေကြသော လူအချို့မှာ သူ့နာမည်ကို အော်ခေါ်ကြပြီး အခြားတစ်ယောက်မှာတော့ သူ့ဂျူနီယာညီလေးအတွက် ပြန်၍လက်စားချေမည်ဟု ပြောဆိုနေခဲ့လေသည်။ သို့သော်ငြား ထိုလူအားလုံးမှာ အပြောသက်သက်သာ ရှိကြပြီး မည်သူမျှ ရှေ့သို့ တက်မသွားရဲကြချေ။
လူထွားကြီးဆီမှ ဧကရာဇ်အဆင့် ကျင့်ကြံခြင်းကို အတိုင်းသား ခံစားမိနေလေရာ သူ့အား သွားစိန်ခေါ်ခြင်းသည် ကိုယ့်သေတွင်းကိုယ် တူးခြင်းသာ ဖြစ်လေသည်။
လန်ချိုဆိုသည့်လူသည် အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လျက် လှံရှည်အား ပုခုံးပေါ်တင်ရင်း မောက်မာဝံ့ကြွားသည့် လေသံဖြင့် ပြန်ပြောလိုက်လေသည်။ “ဘာဖြစ်လို့လဲ… ဒေါသထွက်သွားတာလား… မကျေနပ်ရင်လာကိုက်လေ… ငါ မင်းတို့ပျော်သွားတဲ့ထိ ရိုက်ပေးလိုက်မယ်…”
ထိုသို့ပြောပြီးသည့်နောက် လန်ချိုသည် လူအုပ်ကြီးအား ခက်ထန်သည့်အကြည့်ဖြင့် ဝေ့ကြည့်လိုက်လေသည်။ သူနှင့် အကြည့်ချင်းဆုံသွားသည့်လူတိုင်း ချက်ချင်း အကြည့်လွှဲသွားကြလေ၏။ ထိုအချင်းအရာကိုမြင်သော် လန်ချိုက အထင်အမြင်တသေးဖြင့် ပြန်ပြောလိုက်လေသည်။ “အမှိုက်ကောင်တွေ… မင်းတို့ခွန်အားနဲ့များ မဟာဧကရာဇ်တစ်ပါးရဲ့ ရတနာကို လိုချင်နေသေးတယ်… ရယ်စရာကောင်းလိုက်တာ… မင်းတို့မသေချင်ရင် မြန်မြန်ထွက်သွားလိုက်ပေတော့…”
“လန်ချို… မင်း သိပ်ပြီး မောက်မာလွန်းမလာနဲ့… မင်းရဲ့ လူရိုင်းတစ်ရာတောင်တန်းက အနောက်ဘက်နယ်မြေမှာ အရှင်သခင်တစ်ပါး ဆိုပေမဲ့ ကြယ်ပျက်ပင်လယ်ထဲမှာ မင်းလုပ်ချင်တိုင်း လုပ်လို့ရမယ်လို့ မဆိုလိုဘူး… ဒီလောကကြီးတစ်ခုလုံးက မင်းကိုကြောက်နေမယ်လို့ ထင်နေတာလား…”
လူအုပ်ကြီးထဲမှ အသံတစ်သံ ဟိန်းထွက်လာခဲ့လေသည်။ ထိုအသံသည် နေရာပေါင်းစုံဆီမှ စဉ်ဆက်မပြတ် ထွက်ပေါ်လာခဲ့လေ၏။ ထို့အတွက်ကြောင့် အသံပိုင်ရှင် မည်သူဖြစ်သလဲဆိုသည်ကို မည်သူမှ မပြောနိုင်ကြချေ။ ထိုလူသည် လန်ချိုနှင့် သူ့၏ကျောထောက်နောက်ခံဖြစ်သော လူရိုင်းတစ်ရာတောင်တန်းအား ကြောက်ရွံ့သည့်အတွက်ကြောင့် လူရှေ့သူရှေ့၌ ပွင့်ပွင့်လင်းလင်း ထွက်မပြောရဲခဲ့ပေ။
လန်ချိုက ပြန်၍လှောင်ပြောင်ပြောဆိုလိုက်လေ၏။ “ကြယ်ပျက်ပင်လယ်ထဲမှာ လူစွမ်းကောင်းတွေအများကြီး ရှိတာဆိုတော့ ငါတစ်ယောက်တည်းနဲ့ ပြီးတော့ လူရိုင်းတစ်ရာတောင်တန်းတစ်ခုတည်းနဲ့ အဲ့လူတွေအကုန်လုံးကို ရင်ဆိုင်နိုင်မှာမဟုတ်ဘူး… ဒါပေမဲ့…” ထိုသို့ပြောပြီးသည့်နောက်တွင် နှာခေါင်းတစ်ချက်ရှုံ့လျက် မျက်ခုံးပင့်ကာ ထပ်ပြောလိုက်လေသည်။ “ငါ သူတို့နဲ့ အတူ ရှိနေမယ်ဆိုရင်ရော…”
သူ့စကား ဆုံးသွားသည်နှင့် တစ်ပြိုင်နက် လူရှစ်ဦးသည် အဘက်ဘက်မှ ထွက်လာပြီး လန်ချို၏ ဘေးဘက်တွင် ရပ်လိုက်ကြလေသည်။
“ဟူး…”
ထိုမြင်ကွင်းကိုကြည့်ရင်း အကုန်လုံး သက်ပြင်းရှိုက်မိသွားကြပြီး ထိတ်လန့်တကြားဖြင့် နောက်သို့ အသီးသီး ဆုတ်သွားကြလေသည်။
ထိုလူရှစ်ဦးစလုံးမှာ ဧကရာဇ်အဆင့် ပညာရှင်များ ဖြစ်ကြပြီး တစ်ယောက်ချင်းစီသည် အားကောင်းလှသော အရှိန်အဝါကို ထုတ်လွှတ်နေခဲ့လေသည်။ ရန်ကိုင်လည်း ထိုမြင်ကွင်းကိုကြည့်ရင်း မျက်မှောင်ကြုတ်သွားခဲ့လေ၏။ ပေါ်လာသည့်လူရှစ်ဦးအား ဝေ့ကြည့်လိုက်ရာ ထိုထဲရှိ လူအများစုမှာ သူသိနေသည့်လူများ ဖြစ်နေကြောင်း တွေ့လိုက်ရလေသည်။
ယခင်တစ်ခါ အမြုတေပင်လယ်အတွင်းပိုင်းသို့ ဝင်ရောက်လာစဉ်က တွေ့ခဲ့သည့် လူအားလုံးမှာ ဤနေရာတွင် ရှိနေကြပေသည်။ ကျန်လူများကို သူမသိပါသော်ငြား ထိုလူများသည် အမျိုးမျိုးသော ထိပ်တန်းဂိုဏ်းများ၏ လက်ရွေးစင်တပည့်များ ဖြစ်ကြရပေလိမ့်မည်။
ထိုလူအားလုံးမှာ တစ်နေရာတည်းတွင် စုဝေးနေကြလေသည်။ သူတို့အရေအတွက်မှာ မများလှပါသော်ငြား ဧကရာဇ်အဆင့် ကျင့်ကြံခြင်းဟူသော အရာသည် လူပေါင်းများစွာအား ထိတ်လန့်ကြောက်ရွံ့နေစေ၏။
“မင်းတို့… မင်းတို့အားလုံး အနိုင်ကျင့်ဗိုလ်ကျနေတာပဲ…” တစ်ယောက်ယောက်က ဒေါသတကြီး ထအော်လေ၏။
“ဟုတ်တယ်… ရတနာတွေဆိုတာ ကံထိုက်တဲ့လူနဲ့ပဲ သက်ဆိုင်တာ… မင်းတို့က ဘာမို့လို့ ငါတို့ကို မောင်းထုတ်နေရတာလဲ…”
“ငါတို့ထွက်သွားမှာမဟုတ်ဘူး… မင်းလုပ်ရဲတယ်ဆိုရင် ငါတို့အကုန်လုံးကို သတ်ပစ်လိုက်…”
“အဲ့ကောင်တွေကို ကြောက်မနေနဲ့… သူတို့က နည်းနည်းလေးပဲရှိတာ… ဒီမှာရှိနေတာ လူထောင်နဲ့ချီပြီး ရှိတယ်…”
ကျင့်ကြသူပေါင်းများစွာမှာ ဤအတိုင်း ပြန်ဆုတ်မသွားချင်ကြသဖြင့် တစ်ယောက်ပြီးတစ်ယောက် မကျေမနပ်ဖြင့် အော်ပြောကြတော့လေသည်။ ဧကရာဇ်အဆင့် ပညာရှင်ကိုးဦးနှင့် ရင်ဆိုင်နေရပါသော်ငြား ထိုလူများမှာမူ နောက်သို့ ပြန်ဆုတ်မသွားကြဘဲ ခေါင်းမာမာနှင့်သာ ဆက်နေခဲ့လေသည်။
ကံကောင်းထောက်မ၍ ထိုအရိုးခြောက်ပေါ်ရှိ သိုလှောင်လက်စွပ်ကိုသာ ရသွားနိုင်ခဲ့မည်ဆိုလျှင် သူတို့၏ဘဝတက်လမ်းမှာ အလွန်ကိုမှ သာယာသွားပေလိမ့်မည်။ ထိုကဲ့သို့သော အခွင့်အရေးကို မည်သူမှ အလွယ်တကူ လက်မလွှတ်ချင်ပေ။
“မင်းတို့က မသွားချင်မှတော့လည်း သေလိုက်ပေတော့ပေါ့ကွာ…” ထိုသို့ပြောပြီးသည့်နောက်တွင် ယောင်စီသည် သူ့လက်ကို ဆန့်ထုတ်လိုက်လေရာ အနက်ရောင်ချီမျှင်တန်းများသည် အသက်ရှင်နေသည့်အလား သူ့ခန္ဓာကိုယ်မှ စီးထွက်လာကုန်ကြလေ၏။
ထိုအနက်ရောင်ချီမျှင်များ သူ့ခန္ဓာကိုယ်ထဲမှ ထွက်လာပြီးသည့်နောက်တွင် ကြမ်းကြုတ်ခက်ထန်သော မိစ္ဆာစိတ်ဝိဉာဉ်နှင့် ဆင်တူသည့် သက်ရှိများအဖြစ်သို့ ပြောင်းလဲသွားခဲ့ကြပြီး မေးရိုးကြီးများကိုဟလျက် အစွယ်များကို ထုတ်ပြရင်း အနီးအနားတစ်ဝိုက်တွင် ရှိနေကြသော ကျင့်ကြံသူများဆီသို့ ရက်စက်ကြမ်းကြုတ်စွာ တိုးဝင်သွားခဲ့ကြလေသည်။
ကြယ်ပျက်ပင်လယ်ထဲသို့ ဝင်လာရန်အတွက် အနိမ့်ဆုံးလိုအပ်ချက်မှာ တာအိုသခင် ပထမအဆင့် ကျင့်ကြံခြင်း ဖြစ်သည့်အတွက်ကြောင့် ဤနေရာရှိ မည်သည့်ကျင့်ကြံသူမှ အားနည်းခြင်းမရှိကြချေ။ ထို့အပြင် ကြယ်ပျက်ပင်လယ်ထဲသို့ ဝင်လာပြီးသည့်နောက်ပိုင်း လူတိုင်းမှာ သိသိသာသာကို တိုးတက်လာခဲ့ကြရလေသည်။
ထို့အတွက်ကြောင့် ယောင်စီမှ လှုပ်ရှားလိုက်သည်နှင့် တစ်ပြိုင်နက် ထိုလူများသည်လည်း ငြိမ်ခံမနေကြဘဲ ချက်ချင်း ပြန်၍ တိုက်ခိုက်ကြလေသည်။
အမျိုးမျိုးသော မှော်ရတနာများ၊ ကျင့်စဉ်များဆီမှ ရောင်စုံအလင်းတန်းများ ထွက်ပေါ်လာကြကုန်လေ၏။
သို့ရာတွင် ထိုလူများ၏ တိုက်ခိုက်မှုအများစုမှာ မိစ္ဆာစိတ်ဝိဉာဉ်များအပေါ် သက်ရောက်ခြင်းမရှိကြချေ။ အလွန်ကိုမှ အားကောင်းသည့် အုတ်မြစ်နှင့် ကျင့်ကြံခြင်းအား ပိုင်ဆိုင်ထားကြသည့် လူများသည်သာ အနက်ရောင်ချီများကို ခုခံနိုင်ကြပြီး အခြားသူများမှာတော့ အနက်ရောင်ချီများ၏ ဝင်ပူးခြင်း ခံလိုက်ရလေသည်။ မျက်တောင်တစ်ခတ်အတွင်း ထိုလူများမှာ ခြောက်ခြားဖွယ်ရာကောင်းသည့် အရာတစ်ခုခုကို မြင်လိုက်ရသည့်အလား ကြောက်လန့်တကြား ထအော်ကြတော့လေ၏။
မကြာမီတွင် အနက်ရောင်ချီမျှင်များ၏ ဝင်ပူးခြင်းခံလိုက်ရသည့် ကျင့်ကြံသူများမှာ ဒွါရခုနှစ်ပေါက်မှ သွေးများစီးကျရင်း အရုပ်ကြိုးပြတ် လဲကျသွားကုန်လေသည်။ သူတို့၏အရှိန်အဝါများမှာလည်း အပြီးတိုင် ပျောက်ကွယ်သွားကြလေသည်။
ယောင်စီသည် တိုက်ကွက်တစ်ကွက်တည်းဖြင့် လူတစ်ရာကျော်၏ အသက်ကို နှုတ်ယူသွားခဲ့လေသည်။ သူ့ပုံစံကိုကြည့်ရသလောက် ထိုတိုက်ကွက်မှာ သူ၏ သာမန်ကာလျှံကာ တိုက်ကွက်တစ်ခုသာ ဖြစ်နေသည့်ပုံပင်။ ထိုမြင်ကွင်းကိုကြည့်ရင်း အကုန်လုံးမှာ မှင်တက်နေကုန်ကြလေသည်။
အခြားတစ်ယောက်သာဆိုလျှင်တော့ သူတို့အနေဖြင့် ပြန်၍ ဆဲဆိုပစ်လိုက်မည်ဖြစ်သော်ငြား သူတို့အား တိုက်ခိုက်လိုက်သည့်လူမှာ ရှုယဉ်သာမဟာဧကရာဇ်၏ သားတော် ယောင်စီဖြစ်နေခဲ့လေသည်။ သူ့အား အော်ဆဲခြင်းသည် ရှုယဉ်သာမဟာဧကရာဇ်အား ဆဲဆိုခြင်းနှင့် အတူတူသာ ဖြစ်သည့်အတွက်ကြောင့် မည်သူမျှ ပြန်တိုက်ရန်မဆိုထားနှင့် အော်၍ပင် မဆဲရဲပေ။
အကုန်လုံးမှာ ကြောက်လန့်တကြားဖြင့်သာ နောက်သို့ အသီးသီး ဆုတ်သွားကုန်ကြလေသည်။
အခြားတစ်ဖက်တွင်ရှိနေသော လန်ချိုမှာမူ အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လျက် “မင်းတို့ကို ထွက်သွားဖို့ အခွင့်အရေးပေးပြီးသွားပြီ… အဲ့ဒါကို မင်းတို့က တန်ဖိုးမထားချင်ဘူးဆိုမှတော့ သေတာ နည်းတောင်နည်းသေးတယ်… သောက်ရူးတွေ…”
လန်ချို၏ ချိုးချိုးဖဲ့ဖဲ့ အော်ဟစ်ပြောဆိုခြင်းကို ခံလိုက်ရသည့်အခါ ကျင့်ကြံသူများ၏ အမူအယာများ အရုပ်ဆိုး အကျည်းတန်သွားကုန်ကြလေသည်။ သူတို့စိတ်ထဲ အလွန်ကိုမှ ဒေါသထွက်နေပါသော်ငြား ပြန်မပြောရဲသည့် အတွက်ကြောင့် သည်းခံနေရုံသာ တတ်နိုင်ခဲ့လေသည်။
ယောင်စီ၏လုပ်ရပ်သည် လူပေါင်းများစွာအား နောက်သို့ ဆုတ်သွားစေခဲ့လေရာ တွင်းနက်အနီးတွင် လူအနည်းငယ်သာ ကျန်ရစ်တော့လေသည်။
မီးနီရောင်တောက်နေသော ဆံပင်အား ပိုင်ဆိုင်ထားသည့် ချီကွေ့သည် ညစ်ကျယ်ကျယ်ပြုံးရင်း “အခုထွက်သွားချင်သေးတဲ့ ဉာဏ်ရှိတဲ့လူတွေ ရှိသေးလား… နောက်ဆုံးအချိန်ထိကိုတော့ ရပ်စောင့်မနေနဲ့နော်…”
လန်ချိုက နှာခေါင်းရှုံ့လျက် “ကိုယ့်ခွန်အားအပေါ် ယုံကြည်ချက်ရှိတဲ့လူတွေပဲ ဒီမှာကျန်နေရဲတာ… အဲ့လိုဆိုမှတော့ သူတို့အသတ်ခံရရင် သူတို့ကိုယ်သူတို့ပဲ အပြစ်တင်ရမှာ… ဘယ်သူ့ကိုမှ အပြစ်တင်နေလို့မရဘူး…”
ထိုသို့ပြောပြီးသည့်နောက်တွင် လန်ချိုသည် သိမ်းငှက်တစ်ကောင်၏ အကြည့်အလား ဘေးပတ်ဝန်းကျင်တစ်ခုလုံးကို စူးရဲသည့်အကြည့်ဖြင့် ဝေ့ကြည့်လိုက်လေသည်။
တစ်ခဏမျှ ဝေ့ကြည့်ပြီးသည့်နောက် လန်ချိုက စိတ်ညစ်သွားသည့်အမူအယာဖြင့် ရေရွတ်လိုက်လေ၏။ “ငါ့လခွမ်း… ဒီကောင်တွေက တကယ်အားကောင်းတဲ့ကောင်တွေဟ…”
ဤနေရာတွင် ကျန်ရစ်နေသည့်လူများအနက် အတော်များများမှာ ဧကရာဇ်အဆင့် ပညာရှင်များ ဖြစ်လျှင်ဖြစ် မဖြစ်လျှင် သူတို့အား ဧကရာဇ်အဆင့်ပညာရှင်များမှ ကာကွယ်ပေးထားကြောင်းကို တွေ့ရှိလိုက်ရလေသည်။ လန်ချိုကိုယ်တိုင်မှာ အားကောင်းပါသော်ငြား အခြားသော ဧကရာဇ်အဆင့် ပညာရှင်များနှင့် အလွယ်တကူ သွားပြဿနာမဖြစ်ချင်ပေ။ တကယ်တော့ သူကိုယ်တိုင်သည်လည်း ဧကရာဇ်အဆင့် ပညာရှင်တစ်ဦးသာလျှင် မဟုတ်ပေလော။ ထို့အပြင် သူ့ကျင့်ကြံခြင်းမှာ လုံးဝ တည်ငြိမ်နေခြင်း မရှိသေးပေ။
ရန်ကိုင်လည်း ထိုအခိုက်အတန့်ကို အခွင့်ကောင်းယူ၍ ဘေးပတ်ဝန်းကျင်အား လှည့်ပတ်ကြည့်လိုက်လေသည်။ မကြာမီ သူ့အကြည့်သည် တစ်နေရာဆီသို့ ရောက်သွားပြီး တလက်လက် တောက်ပလာတော့လေ၏။
အကြောင်းမှာ နေမင်းပြာကျောင်းတော်မှ ရှရှန်းကို ထိုနေရာတွင် တွေ့လိုက်ရသည့် အတွက်ကြောင့်ပင်။
လွန်ခဲ့သောတစ်လခန့်က ရှောင်ပိုင်ယီနှင့် မုရုန်ရှောင်ရှောင်တို့နှင့် တွေ့ကာ ရှရှန်းသည် ဧကရာဇ်အဆင့်သို့ တက်ရောက်ရန် ကြံနေကြောင်း သတင်းကြားခဲ့ရလေသည်။ သို့သော်ငြား ရှရှန်း မည်သည့်နေရာသို့ ထွက်သွားသလဲ ဆိုသည်ကိုတော့ မည်သူမျှ မသိကြချေ။
ဤနေရာတွင် ရှရှန်းအား လာတွေ့ရလိမ့်မည်ဟု ရန်ကိုင် မထင်ထားခဲ့ပေ။ လက်ရှိအချိန်တွင် ရှရှန်းသည် ဧကရာဇ်အဆင့်သို့ပင် ရောက်နေခဲ့လေသည်။ ရှောင်ပိုင်ယီနှင့် မုရုန်ရှောင်ရှောင်တို့သည် ရှရှန်းဘေးတွင် ရပ်နေကြလေ၏။
မူလက ဤနေရာတွင် လူအများကြီး ရှိနေသည့်အတွက်ကြောင့် ရှရှန်းအား ရန်ကိုင် သတိမပြုမိခဲ့ပေ။ ယခု လူတော်တော်များများ နောက်သို့ဆုတ်သွားသည့်အခါမှသာ ရှရှန်းတို့အဖွဲ့အား ထင်ထင်ရှားရှား မြင်လိုက်ရတော့လေသည်။
ရှရှန်းနှင့် ကျန်နှစ်ယောက်မှာလည်း ရန်ကိုင့်၏အကြည့်ကို သတိပြုမိလိုက်သည့်အလား သူ့ဘက်သို့ လှည့်ကြည့်လာခဲ့လေသည်။ အကြည့်ချင်းဆုံသွားသည့်အခိုက်တွင် ရှရှန်းက သူ၏သွားဖြူဖြူများကို ပေါ်အောင် ပြုံးဖြီးပြလိုက်လေသည်။
မုရုန်ရှောင်ရှောင်နှင့် ရှောင်ပိုင်ယီတို့သည်လည်း ရန်ကိုင့်အား မသိမသာလေး ခေါင်းညိတ်ပြလိုက်ကြလေသည်။ လက်ရှိအခြေအနေအရ ရန်ကိုင်တို့အား သွားနှုတ်ဆက်ဖို့ရာ အဆင်မပြေပေ။
တောင်ဘက်နယ်မြေမှ ကျင့်ကြံသူများအနက် နေမင်းပြာကျောင်းတော်မှ တပည့်များအပြင် ရှောင်ချန်းနှင့် မင်းသမီးလန်ရွှင်းတို့သည်လည်း ကျန်ရစ်နေသော ကျင့်ကြံသူများကြား ရှိနေကြလေသည်။ ရှောင်ချန်သည် ဧကရာဇ်အဆင့် ပညာရှင်တစ်ဦး ဖြစ်သလို မင်းသမီးလန်ရွှင်း၏ အဆင့်အတန်းမှာလည်း အလွန်ကိုမှ ထူးခြားလှလေရာ နှစ်ယောက်စလုံးမှာ ယောင်စီတို့အဖွဲ့အား ကြောက်ရွံ့ခြင်း မရှိကြချေ။
သို့သော်ငြား ရှေးဟောင်းကျောင်းတော်မှ ကျွမ်းပုဖန်းနှင့် လမ်းစဉ်ရှစ်သွယ်ဂိုဏ်းမှ လော့ယွမ်တို့ကိုတော့ မည်သည့်နေရာတွင်မှ ရန်ကိုင် မတွေ့ရပေ။
နှစ်ယောက်စလုံးသည် တောင်ဘက်နယ်မြေ၏ ထိပ်သီးလက်ရွေးစင်များ ဖြစ်ကြပြီး ဥတုလေးမျိုး နယ်မြေထဲတွင် အံ့ဩဖွယ်ရာ စွမ်းဆောင်ရည်ကို ပြသခဲ့သည့် လူများ ဖြစ်ကြပေသည်။ ထို့အတွက်ကြောင့် ထိုနှစ်ယောက်အား ဤနေရာတွင် ဘာကြောင့် မတွေ့ရသလဲ ဆိုသည်ကို ရန်ကိုင် နားမလည်နိုင်ခဲ့ချေ။ သို့သော်ငြား သူတို့၏ ပါရမီနှင့် အရည်အချင်းအရ ကျွမ်းပုဖန်းနှင့် လော့ယွမ်တို့မှာ အမြုတေပင်လယ်သို့ ရောက်မလာလျှင်ပင် သူတို့၏ အနာဂတ်အောင်မြင်မှုမှာ ကျိန်းသေ နိမ့်ကျလိမ့်မည် မဟုတ်။ အထူးသဖြင့် လော့ယွမ်ပင်။ လမ်းစဉ်ရှစ်သွယ်ဂိုဏ်းသည် တောင်ဘက်နယ်မြေထဲရှိ အလယ်အလတ်အဆင့် အင်အားစုတစ်ခုသာ ဖြစ်ပြီး ရွက်တစ်ထောင်ဂိုဏ်းထက်ပင် နိမ့်ကျသည့် အင်အားစုတစ်ခု ဖြစ်လေသည်။ သို့သော်ငြား ထိုကဲ့သို့သော ဂိုဏ်းမှနေ၍ လော့ယွမ်သည် ဝူချန်းတို့နှင့်ပင် ယှဉ်နိုင်သော ခွန်အားကို ပိုင်ဆိုင်လာနိုင်အောင် ကြိုးစားကျင့်ကြံပြခဲ့သည်။ ဝူချန်းသည်ပင်လျှင် ဧကရာဇ်အဆင့်သို့ ရောက်နေပြီ ဖြစ်သည့်အတွက်ကြောင့် လော့ယွမ်သည်လည်း နောက်ကျကျန်နေစရာအကြောင်း မရှိချေ။
ဤနေရာတွင် လူများစွာ ကျန်ရစ်နေခြင်းမရှိတော့။ အနည်းအကျင်းလောက်သာ ကျန်ရစ်တော့သည်။ အများစုမှာ တစ်ကိုယ်တည်းသာဖြစ်ကြသော်ငြား အချို့မှာမူ နှစ်ယောက်တစ်ဖွဲ့ သုံးယောက်တစ်ဖွဲ့ ရှိနေကြလေသည်။ တောင်ဘက်နယ်မြေမှ လူများမှလွဲ၍ အခြားသူများကိုတော့ ရန်ကိုင် မသိတော့ချေ။ မြောက်ဘက်နယ်မြေ ရေခဲနှလုံးသားတောင်ကြားမှ ကျိယုကို မတွေ့ရသလို အရှေ့ဘက်နယ်မြေ ကောင်းကင်ဝံပုလွေတောင်ကြားမှ လန်ဟဲကိုလည်း မတွေ့ရချေ။
“အစ်ကိုရန် အစ်ကိုရန်…” ရန်ကိုင်မှ ဘေးပတ်ဝန်းကျင်အား လှည့်ပတ်စစ်ဆေးကြည့်နေစဉ် မိုရှောင်ချီသည် ရန်ကိုင့်၏အင်္ကျီစကို ရုတ်တရက် ကောက်ဆွဲ၍ တိုးတိုးလေး ပြောလိုက်လေသည်။ “ကြည့် ကြည့်… အဲ့ဒါ ဟိုလူလိမ်အိုကြီး မဟုတ်ဘူးလား…”
“ဘယ်လို…” ရန်ကိုင် ထိတ်လန့်သွားခဲ့ပြီး မိုရှောင်ချီညွှန်ပြနေသည့်ဘက်ဆီသို့ လှမ်းကြည့်လိုက်လေသည်။ ထို့နောက် မြင်လိုက်ရသည့် မြင်ကွင်းကြောင့် မျက်လုံးအပြူးသားဖြစ်သွားပြီး မယုံကြည်နိုင်ဟန်အထင်းသားဖြင့် “ဒါ ငါအမြင်တွေများ မှားနေတာလား…”
ရန်ကိုင်သည် သူ့မျက်လုံးကိုပွတ်၍ နောက်တစ်ကြိမ် သေချာထပ်ကြည့်လိုက်လေသည်။
“အစ်ကိုရန်… အဲ့လူလိမ်အိုကြီးကို မမှတ်မိတော့ဘူးလား…” မိုရှောင်ချီသည် ရန်ကိုင့်အား လေသံတိုးတိုးဖြင့် မေးလိုက်လေသည်။
“မှတ်မိတာပေါ့…” ရန်ကိုင်က အလျင်စလို ခေါင်းညိတ်လိုက်လေ၏။ ထို့နောက် နားမလည်နိုင်ဟန်ဖြင့် မေးခွန်းထုတ်လိုက်လေသည်။ “ဒါပေမဲ့ သူဘယ်လိုလုပ်ပြီး ဒီကို ရောက်နေတာလဲ…”