အခန်း (၂၄၈၈-၂၄၉၀)
Vol. 102 Ch. 2488-2490
အပိုင်း (၂၄၈၈)
မိုရှောင်ချီမှ လူလိမ်အိုကြီးဟု ခေါ်သည့်လူ တစ်ဦးသာ ရှိပေသည်။ ထိုလူအိုကြီးမှာ မေပယ်မြို့တွင် သူမ၏ အရင်းအမြစ်ကျောက်များကို လိမ်ယူသွားသည့် လူအိုကြီးသာ ဖြစ်လေ၏။
ထိုလူလိမ်အိုကြီးသည် မေပယ်မြို့ထဲရှိ မှောင်ခိုဈေးကွက်တွင် တစ်နှစ်ပတ်လုံး လှည့်လည်ကျက်စားပြီး သူ၏ လိမ်ညာဖျားယောင်းစွမ်းရည်မှာလည်း ထိပ်တန်းပင်ဖြစ်လေသည်။ ကြယ်ဝိဉာဉ်နန်းတော်၏ ငါးရောင်ခြယ်ရတနာဘုရားထဲသို့ ဝင်မည့် ကျင့်ကြံသူများကိုပင်လျှင် ဘုံကိုးသွယ် အသက်အားဖြည့်ဆေးလုံးများအား လိမ်လည်ရောင်းချခဲ့သေးသည်။
ဧကရာဇ်အဆင့် ဆေးပညာရှင်တစ်ဦး ဖြစ်နေသည့်တိုင် ဘုံကိုးသွယ် အသက်အားဖြည့်ဆေးလုံးများအကြောင်းကို ရန်ကိုင် တစ်ခါမှ မကြားခဲ့ဖူးချေ။
ထို့နောက်တွင် ရန်ကိုင်သည် ထိုလူလိမ်အိုကြီးနှင့် တစ်ကြိမ်တစ်ခါမက ထပ်မံတွေ့ခဲ့ရလေသည်။ နောက်ဆုံးတွေ့ခဲ့သည့် အကြိမ်မှာတော့ မေပယ်မြို့အား နတ်ဆိုးချီမှ ဝိုင်းရံထားစဉ် လူလိမ်အိုကြီးသည် အနီးအနားရှိ မြို့တစ်မြို့ဆီမှ မေပယ်မြို့အား လာရောက်အကူအညီတောင်းခံခြင်း ဖြစ်လေ၏။
ထိုလူလိမ်အိုကြီးကို မြင်တိုင်း ရန်ကိုင့်စိတ်ထဲ ထူးဆန်းသလို ခံစားနေရလေသည်။
ထိုလူလိမ်အိုကြီးတွင် လျှို့ဝှက်ချက်များစွာ ရှိနေသည်ဟု ခံစားမိနေပါသော်ငြား လူလိမ်အိုကြီးမှာ လာချင်တိုင်းလာ ပျောက်ချင်တိုင်းပျောက်သွားသည့် အတွက်ကြောင့် ရန်ကိုင့်အနေဖြင့် သူ၏လျှို့ဝှက်ချက်များကို ရှာဖွေရန် မဖြစ်နိုင်တော့ပေ။
အချိန်များ တဖြည်းဖြည်း ကြာညောင်းသွားသည့်နောက်တွင် ရန်ကိုင်ပင်လျှင် ထိုလူလိမ်အိုကြီးကို မေ့လျော့နေခဲ့လေပြီ။ သို့သော်ငြား လူလိမ်အိုကြီးအား အမြုတေပင်လယ်ထဲတွင် အမှတ်မထင် လာတွေ့ရလိမ့်မည်ဟု မထင်ထားခဲ့ချေ။
ယခုတစ်ကြိမ်မှာတော့ လူလိမ်အိုကြီး၏ ပုံစံသည် ယခင်နှင့် လုံးဝကို ကွဲပြားနေခဲ့လေသည်။ ယခင်က လူလိမ်အိုကြီး၏ အဝတ်အစားများမှာ စုတ်ပြဲနေပြီး ဆံပင်များမှာလည်း ဖွာကျဲလန်နေကာ သွားများလည်း ဝါကျင့်ကျင့် ဖြစ်နေသည့်အပြင် မျက်နှာတစ်ပြင်လုံးမှာလည်း ပေရေနေ၏။ သူ့ပုံစံမှာ လုံးဝကို သူဖုန်းစားတစ်ဦးနှင့်ပင် ဆင်တူပေသည်။
လက်ရှိလူလိမ်အိုကြီးမှာတော့ သားနားသော အဝတ်အစားများကို ဝတ်စားထားပြီး ဆံပင်ကိုလည်း သပ်ရပ်စွာ ဖြီးလိမ်းထားခဲ့လေသည်။ ချောချောမောမော ပြင်ဆင်ထားသော သူ၏ဟန်ပန်အမူအယာနှင့်တကွ ဝတ်စားထားသည့် အနက်ရောင်ဝတ်ရုံကိုပါ ပေါင်းလိုက်သော် လူအိုကြီး၏ပုံစံ တစ်မျိုးတစ်ဖုံ သားနားနေခဲ့လေသည်။
လူလိမ်အိုကြီးကိုကြည့်ရင်း ရန်ကိုင် မျက်လုံးကျွတ်ထွက်မတတ် ပြူးကျယ်သွားခဲ့လေသည်။
မတွေ့ရလိုက်သည့်အချိန်လေးအတွင်း လူလိမ်အိုကြီးမှာ ဤကဲ့သို့ ပြောင်းလဲသွားလိမ့်မည် ရန်ကိုင် လုံးဝ မမျှော်လင့်ထားခဲ့ချေ။ ဤနှစ်များအတွင်း လူလိမ်အိုကြီးမှာ လူပေါင်းဘယ်လောက်များများကို ထပ်မံ၍ လိမ်ညာခဲ့လေသနည်းဟုလည်း တွေးမိသွားလေ၏။
ရန်ကိုင် အထိတ်လန့် အတုန်လှုပ်ရဆုံးမှာတော့ လူလိမ်အိုကြီး၏ ကျင့်ကြံခြင်းမှာ သူကဲ့သို့ပင်လျှင် တာအိုသခင်တတိယအဆင့်သို့ ရောက်ရှိနေခြင်းပင်။
ရန်ကိုင်မှာ သူ့မျက်လုံးပင်သူ မယုံကြည်နိုင်အောင် ဖြစ်သွားခဲ့ရလေသည်။
မေပယ်မြို့တွင်ရှိစဉ်က လူလိမ်အိုကြီး၏ ကျင့်ကြံခြင်းမှာ တန်ခိုးရှင်ဘုရင်အဆင့်တွင်သာ ရှိနေပေသည်။ ထိုသို့ဖြစ်လေရာ နှစ်အနည်းငယ်လေးအတွင်း ဤမျှအားကောင်းလှသော ကျင့်ကြံခြင်းကို မည်ကဲ့သို့များ ရရှိခဲ့လေသနည်း။ သူ၏ပါရမီအရည်အချင်းမှာ ထိပ်တန်းဖြစ်နေလေသလော။ ထိပ်တန်းဖြစ်မည်ဆိုပါကလည်း မေပယ်မြို့တွင်ရှိစဉ်က အသက်ကြီးနေသည့်တိုင် ဘာကြောင့်များ တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံခြင်းကိုသာ ပိုင်ဆိုင်ထားခဲ့ရလေသနည်း။ သူ့အရည်အချင်းသာ အလွန်ကောင်းမွန်မည်ဆိုပါက ငယ်ငယ်ရွယ်ရွယ်လေးနှင့် တာအိုသခင်အဆင့်သို့ ရောက်နေရပေလိမ့်မည်။ ရန်ကိုင်မှာ လုံးဝကို နားမလည်နိုင်တော့ချေ။ ဤလူအိုကြီးမှာ သူ့အတွက် ပိုပို၍ကို နက်နဲဆန်းကြယ်လာနေခဲ့လေ၏။
ထို့နောက် အခြားသောပြဿနာတစ်ခုကို ရုတ်တရက် တွေးမိသွားသည့်အခါ ရန်ကိုင် ကျောရိုးတစ်လျှောက် စိမ့်တက်သွားခဲ့လေသည်။
ပတ်ဝန်းကျင်အား လှည့်ပတ်စစ်ဆေးနေစဉ် အခြားသော ဧကရာဇ်အဆင့် ပညာရှင်များနှင့် တာအိုသခင်အဆင့် ပညာရှင်အသီးသီးကို အာရုံခဲ့မိခဲ့ပါသော်ငြား ထိုလူအိုကြီးကို လုံးဝ သတိမထားမိခဲ့ပေ။ မိုရှောင်ချီပြောပြလာသည့်အခါမှသာလျှင် လူလိမ်အိုကြီးကို ရန်ကိုင် သတိထားမိသွားခဲ့ဖြင်း ဖြစ်လေသည်။
ပုံမှန်အားဖြင့် ထိုကဲ့သို့ မဖြစ်သင့်ချေ။
ရန်ကိုင့်စိတ်ထဲ ထိုကိစ္စနှင့်ပတ်သက်၍ ခေါင်းခြောက်မတတ် စဉ်းစားနေစဉ်မှာပင် တစ်နေရာဆီမှ အော်သံတစ်သံ ထွက်ပေါ်လာခဲ့လေသည်။ “မင်းပါလား..…”
ရန်ကိုင်လည်း လှမ်းကြည့်လိုက်ရာ အနောက်ဘက်နယ်မြေ လူရိုင်းတစ်ရာတောင်တန်းမှ လန်ချိုသည် မိစ္ဆာဆန်ဆန်ပြုံးရင်း သူ့အား စူးရဲစွာ စိုက်ကြည့်နေကြောင်း တွေ့လိုက်ရလေသည်။
“မင်းရဲ့အစ်ကိုကြီးကရော… သူမင်းနဲ့လိုက်မလာဘူးလား…”
“အစ်ကိုကြီးက အစောကြီးကတည်းက ထွက်သွားပြီ…” ရန်ကိုင်က စိတ်ထဲရှိရာ ကောက်ပြောလိုက်လေသည်။ “မင်းသူ့ကိုရှာနေတာလား…”
လန်ချိုက နှာခေါင်းရှုံ့လျက် “ငါနဲ့သူကြားမှာ ဘာပြဿနာမှမရှိဘူး… ဒါပေမဲ့ မင်းနဲ့ငါကြားမှာတော့ ရှင်းစရာလေးတွေရှိတယ်…”
“ပြောပါဦး…” ရန်ကိုင်က ပြန်၍ မေးခွန်းထုတ်လိုက်လေသည်။
“ကောင်လေး… မင်းမှာ အရည်အချင်းလေး နည်းနည်းပါးပါးလေးရှိနေလို့ တွေ့သမျှလူတိုင်းကို မလေးမစား လုပ်လို့ရမယ် ထင်မနေနဲ့… အရင်တစ်ခေါက်တုန်းက အမြုတေစွမ်းအင်တွေကိုပဲ မြန်မြန်စုပ်ယူချင်နေလို့ မင်းကို ဒီအတိုင်း လွှတ်ပေးလိုက်တာ… အခု မင်းက နောက်တစ်ကြိမ် ထပ်ပေါ်လာရဲတယ်ဆိုမှတော့ ဒီသခင်လေးကို မယဉ်ကျေးလို့ဆိုပြီး အပြစ်မတင်နဲ့ပေါ့ကွာ…” လန်ချိုက ပြောလိုက်လေသည်။
ထိုသို့ပြောပြီးသည့်နောက်တွင် သူ့လှံဖြင့် ရန်ကိုင့်တည့်တည့်အား ချိန်ရွယ်လိုက်လေသည်။ လှံရှည်ဆီမှ အားကောင်းသည့် သတ်ဖြတ်လိုစိတ်တို့ ဖြာထွက်လာခဲ့ပြီး လှံတစ်ချောင်းလုံးမှာလည်း တဆတ်ဆတ်တုန်ခါလာခဲ့လေ၏။
ရန်ကိုင်ကမူ စိတ်ထဲတွင်သာ ကြိတ်၍ လှောင်ပြောင်နေခဲ့လေသည်။ လန်ချိုသည် ဤနေရာရှိ အခြားသော ပညာရှင်များကို သွားရောက် မတိုက်ခိုက်ရဲသည့် အတွက်ကြောင့် အားနည်းသည့် သူ့ကိုသာ ပစ်မှတ်ထားလိုက်ခြင်းဖြစ်မှန်း ရန်ကိုင် သိနေခဲ့သည်။
သို့သော်ငြား ရန်ကိုင်ကရော သူ့အား ကြောက်ရမည်လား…။ လန်ချိုအား စိုက်ကြည့်၍ ပြန်ပြောလိုက်လေသည်။ “မင်းလှံကြီးနဲ့ ငါ့ကိုချိန်ပြီးတော့ ဘာလုပ်ချင်နေတာလဲ… တိုက်ခိုက်ချင်နေတာလား…”
လန်ချိုက ဒေါမာန်တကြီးဖြင့် ပြန်ပြောလိုက်လေသည်။ “သိနေပြီးသားကို ဘာလို့ ထပ်မေးနေသေးတာလဲ… မင်းပါရမီကောင်းမှန်း ဒီသခင်လေး သိပြီးသား… ဒါပေမဲ့ မင်းအတွက် ဒီအဆင့်ထိကို ရောက်လာဖို့ လွယ်မှာမဟုတ်ဘူး ဟုတ်တယ်မလား… ဒါကြောင့် ငါမင်းကို နောက်ထပ်အခွင့်အရေးတစ်ခု ပေးလိုက်မယ်… မင်းရဲ့အမျိုးသမီးတွေကို ခေါ်ပြီး ထွက်သွားလိုက်တော့… မဟုတ်လို့ရှိရင် ငါလုပ်ပစ်လိုက်လို့ မင်းရဲ့အမျိုးသမီးတွေရှေ့မှာ နောက်တစ်ကြိမ် ခေါင်းမဖော်နိုင်အောင် ဖြစ်သွားလိမ့်မယ်နော်….”
ထိုသို့ပြောနေရင်းလည်း သူ့စိတ်ထဲမှ ရန်ကိုင့်အား ကြိတ်၍ အားကျနေခဲ့ရလေသည်။ ရန်ကိုင်သည် တာအိုသခင်တတိယအဆင့်ပင် ဖြစ်လင့်ကစား အမျိုးသမီးအပေါင်း ခြံရံလျက် နေနိုင်ခဲ့လေသည်။ သူ့တွင်တော့ အနားတွင်အဖော်ပြုပေးမည့် မိန်းမချောလေးတစ်ဦးပင် ရှိမနေခဲ့ချေ။
“မင်းတို့မှာ လူအရေအတွက် ပိုများလို့ ငါတို့ကို အနိုင်ကျင့်ချင်နေတယ်ပေါ့…” ရန်ကိုင်က နှာခေါင်းရှုံ့လျက် “ဒီသခင်လေး မင်းကိုကြောက်မယ်လို့ ထင်နေတာလား… သတ္တိရှိလို့ရှိရင် လာခဲ့လိုက်… စိန်ခေါ်ရင် တိမ်ပေါ်ထိ လိုက်ရဲတယ်ကွ… နောက်ပိုင်းကျ ဘယ်သူအရှက်ကွဲမလဲ စမ်းချင်စမ်းလိုက်လေ…” လန်ချိုမှ ခြိမ်းခြောက်နေသည်ကို ရန်ကိုင်ကမူ ကြောက်ရွံ့ခြင်း အရှင်းမရှိဘဲ ပြန်အော်ပြောလိုက်လေ၏။ “ဒီသခင်လေးကို ဒီအတိုင်း ထွက်သွားစေချင်ရင်တော့ အိပ်မက်သာ မက်နေလိုက်… ငါတို့မျိုးဆက်က လူတွေက အခြားတစ်ယောက်ရှေ့မှာ ဒူးထောက်မဲ့အစား အသေခံလိုက်မဲ့ကောင်တွေကွ…”
“ပြောတာကောင်းတယ်ညီလေး… ငါတို့မင်းကို ထောက်ခံပေးနေတယ်…”
“ဟုတ်တယ်ညီလေး… အဲ့ကောင်ကို ကြောက်မနေနဲ့… ဒီကောင် မင်းကို တိုက်ခိုက်ရဲရင် ငါတို့လည်း မင်းဘက်က ကူတိုက်ပေးမယ်…”
“ဟုတ်တယ်… မင်းနောက်ဘက်မှာ ငါတို့ရှိနေတယ်… အဲ့ကောင်ကိုကြောက်မနေနဲ့…”
ရန်ကိုင့်၏စကားကိုကြားသော် အစောပိုင်းက မောင်းထုတ်ခံလိုက်ရသည့် ကျင့်ကြံသူများမှာ စိတ်အားတက်ကြွလာပြီး တစ်ယောက်တစ်ပေါက် အော်ဟစ်အားပေးကြတော့လေသည်။ ရန်ကိုင့်၏ခွန်အား မည်သို့ပင်ဖြစ်နေစေကာမူ ဧကရာဇ်အဆင့် ပညာရှင်ရှစ်ဦးနှင့် ရင်ဆိုင်နေရသည့်တိုင် နောက်မတွန့်တမ်း ဆက်ရပ်နေရဲသည်မှာ တကယ်ကို အံ့အားသင့်ဖွယ်ရာပင်။
သို့သော်ငြား ရန်ကိုင် သေသေရှင်ရှင်ကိုတော့ မည်သူမျှ တကယ်ကြီး ဂရုစိုက်မနေကြပေ။
လန်ချို၏ မျက်နှာတစ်ခုလုံးမှာ ဒယ်အိုးဖင်နှယ် မည်းမှောင်နေခဲ့လေပြီ။ ဒေါသတကြီးဖြင့် နှာမှုတ်ရင်း အသံကျယ်ကြီးဖြင့် အော်ပြောလိုက်လေသည်။ “ကောင်းပြီလေ… မင်းက အဲ့လောက်တောင် သတ္တိရှိနေမှတော့ ဒီသခင်လေးကလည်း မင်းဆန္ဒကို ဖြည့်ဆည်းပေးရသေးတာပေါ့…”
ထို့နောက်တွင် လှံရှည် တဆတ်ဆတ်တုန်ခါလာပြီး ၎င်းဆီမှ အလင်းတန်းတို့ ဖြာထွက်လာခဲ့လေသည်။ ထိုအလင်းသည် လန်ချို၏ ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံလျက် လျှပ်စီးတန်းတစ်ခုအသွင်အလား ရန်ကိုင့်ဆီသို့ ပြေးဝင်သွားခဲ့လေ၏။
ထိုအချင်းအရာကိုမြင်သော် အဝေးတစ်နေရာတွင်ရပ်နေသည့် ရှရှန်း၏အမူအယာ မဆိုစလောက်ကလေး ပြောင်းလဲသွားခဲ့လေသည်။ ယခု သူကိုယ်တိုင်သည်လည်း ဧကရာဇ်အဆင့် ပညာရှင်တစ်ဦး ဖြစ်နေသည့်အတွက်ကြောင့် လန်ချို၏ တိုက်ခိုက်မှု မည်မျှ ခက်ထန်အားကောင်းကြောင်းကို သတိထားမိသည်။ သူကိုယ်တိုင်ပင်လျှင် ထိုကဲ့သို့သော တိုက်ကွက်တစ်ကွက်ကို ထိပ်တိုက်ရင်ဆိုင်နိုင်လိမ့်မည်ဟု ယုံကြည်ချက်မရှိပါချေ။
ထိုသို့ဖြစ်လေရာ တာအိုသခင်အဆင့်သာ ရှိသေးသော ရန်ကိုင်သည် ထိုတိုက်ကွက်အား မည်သို့များ ခုခံနိုင်ပါမည်နည်း။ ထို့အပြင် ရန်ကိုင့်ဘေး၌ အခြားသော အမျိုးသမီးသုံးဦးလည်း ရှိနေပေသေးသည်။ ရန်ကိုင်ကိုယ်တိုင် ရှောင်နိုင်မည်ဆိုလျှင်ပင် ထိုအမျိုးသမီးများမှာတော့ ရှောင်နိုင်လောက်လိမ့်မည် မဟုတ်ချေ။
ထို့အတွက်ကြောင့် ရန်ကိုင့်အား ကူညီရန် ပြင်လိုက်လေသည်။
သို့သော်ငြား သူဘာမှမလုပ်နိုင်သေးခင်မှာပင် ရန်ကိုင်သည် လန်ချို၏ တိုက်ခိုက်မှုအား ထိပ်တိုက်ပြေးရင်ဆိုင်နေကြောင်းကို တွေ့ရှိလိုက်ရလေသည်။
သူ့ဆီသို့ ပြေးဝင်လာနေသည့် ရန်ကိုင့်ကိုကြည့်ရင်း လန်ချို၏မျက်လုံးထဲ အံ့အားသင့်ရိပ်တို့ ဖြတ်ပြေးသွားခဲ့လေသည်။ ရန်ကိုင့်တွင် မည်ကဲ့သို့သော ဝှက်ဖဲများ ရှိနေ၍များ သူ၏တိုက်ကွက်ကို ထိပ်တိုက်ရင်ဆိုင်ရဲလေသနည်း။
“အစ်ကိုရန်…” မိုရှောင်ချီမှာလည်း အံ့အားသင့်နေဟန်ဖြင့် အလျင်စလို ထအော်လေ၏။ “မဆင်မခြင်မလုပ်နဲ့နော်…”
ကျန်းရို့ရှီ၏မျက်နှာ ဖြူလျော်သွားပြီး ခြေထောက်များ ပျော့ခွေသွားလေသဖြင့် လျို့ယန်မှ သူမအား အလျင်စလို ထူမပေးထားလိုက်ရလေသည်။
လျို့ယန်တစ်ဦးသည်သာ ရန်ကိုင့်၏စွမ်းရည်အပေါ် ယုံကြည်ချက်ရှိနေသည့် လူတစ်ဦး ဖြစ်လေသည်။ လက်ရှိရန်ကိုင်၏ ခွန်အားအရ သူသည် ဧကရာဇ်အဆင့် ပညာရှင်များအောက် အားနည်းသည်ဟု လျို့ယန်မထင်ပေ။ ရန်ကိုင့်အနေဖြင့် ထိုတိုက်ကွက်အား ထိပ်တိုက်ပြေးရင်ဆိုင်ရဲမှဖြင့် သူနိုင်မည်ဟု ယုံကြည်ထားသည့်အတွက်ကြောင့်သာ ဖြစ်ရပေလိမ့်မည်။
ရန်ကိုင်နှင့် လန်ချိုတို့ ထိပ်တိုက်တွေ့တော့မည်ကို မြင်သော် မိုရှောင်ချီက လည်ချောင်းပေါက်မတတ် ထအော်တော့လေ၏။ “အစ်ကိုရန်ကို ထိခိုက်အောင် မလုပ်နဲ့နော်… နင် သူ့ကို ထိခိုက်အောင်လုပ်တာနဲ့ ငါ့အဖေကိုပြောပြီး နင်တို့ လူရိုင်းတစ်ရာတောင်တန်းတစ်ခုလုံးကို ဖျက်ဆီးပစ်ခိုင်းမှာ…”
မိုရှောင်ချီသည် ပုံမှန်နှင့် မတူညီစွာပင် လက်ရှိအချိန်၌ အလွန်ကိုမှ ကြမ်းကြုတ်ခက်ထန်နေခဲ့လေသည်။ လှစ်ဟထားသော သူမ၏အသားပေါ်တွင် ပုံစံအမျိုးမျိုးရှိသော သားရဲအင်းကွက်များ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာခဲ့လေ၏။
လန်ချိုက ဝါးလုံးကွဲမတတ် အော်ရယ်မောရင်း “ဒီကောင်မလေး ဘယ်ကနေ ရောက်လာတာလဲ… အမွှေးအတောင်တောင် မစုံသေးဘဲနဲ့များ ငါ့ရှေ့မှာလာပြီးတော့ ဇောင်းကြွနေရဲတယ်… ဒီသခင်လေး နင့်အစ်ကိုရန်ကို သတ်ပစ်လိုက်တော့ကော နင်ဘာလုပ်နိုင်မှာလဲ…”
လူရိုင်းတစ်ရာတောင်တန်း၏ နံပတ်တစ်တပည့်တစ်ဦး ဖြစ်သည်နှင့်အညီ လန်ချိုသည် သူ့ခွန်အားအပေါ် အလွန်ကိုမှ ယုံကြည်ချက်ရှိပေသည်။ သူနှင့် သက်တူရွယ်တူများထဲတွင် အနည်းငယ်သည်သာ သူနှင့် ရင်ပေါင်တန်း ရပ်တည်နိုင်လေ၏။ ထို့အတွက်ကြောင့် မိုရှောင်ချီ၏ ခြိမ်းခြောက်စကားမှာ သူ့အတွက် နားကလောစရာ ဖြစ်နေခဲ့လေသည်။ မိုရှောင်ချီ၏ ခြိမ်းခြောက်စကားကို ကြားပြီးသည့်နောက်တွင် လန်ချိုသည် ကြောက်ရွံ့သွားခြင်းမရှိရုံမက ပို၍ပင် ခက်ထန်လာတော့လေ၏။
လက်ရှိ သူ့လှံဖျားထိပ်တွင် စုဝေးနေသော စွမ်းအားများထဲတွင် အလွန်ကိုမှ ပြင်းထန်လှသည့် သတ်ဖြတ်လိုစိတ်တို့ပါ ကိန်းအောင်းနေခဲ့လေသည်။
ရန်ကိုင်က ဒေါမာန်တကြီးဖြင့် အော်ဟစ်လိုက်လေ၏။ “ငါ့ရဲ့ အရှင်သခင်လက်သီးကို မြည်စမ်းလိုက်ပေတော့…”
ထိုသို့ပြောပြီးသည့်နောက် လန်ချို၏ လှံတည့်တည့်ဆီသို့ လက်သီးတစ်ချက် ထိုးချလိုက်လေသည်။
“ဟူး… ဒီကောင် ရူးများရူးနေတာလား…”
“လန်ချိုရဲ့လှံကို သူ့လက်သီးနဲ့ သွားထိုးရဲတယ်… ဒီကောင်သေချင်နေတာပဲ…”
“သွားပြီ… သွားပြီ… ဒီကောင်တော့ အရိုးတခြား အသားတခြား ဖြစ်ပြီ…”
“သနားစရာပဲကွာ… ကိုယ့်အကြောင်းကိုယ်မသိဘဲ မောက်မာလွန်းအားကြီးတာကိုး… ဂျူနီယာညီလေး မင်း အဲ့လိုကောင်မျိုးတွေကို သေသေချာချာကြည့်ထားနော်… မင်းကိုယ်မင်း တော်တယ်တတ်တယ်ထင်ပြီး လူတကာရှေ့မှာ လျှောက်ပြီး ဆရာမလုပ်နဲ့… လူဆိုတာ ကိုယ့်ကိုယ်ကို နှိမ့်ချပြီး နေရတယ်…”
“ဂျူနီယာညီလေး သေချာမှတ်ထားပါမယ် စီနီယာအစ်ကို…”
ရန်ကိုင့်အား အားပေးထောက်ခံနေကြသော ကျင့်ကြံသူများမှာ လက်ရှိအချိန်တွင်တော့ ရန်ကိုင့်အား မည်သည့်အကူအညီမှ မပေးခဲ့ကြပေ။ ထို့အစား ကံမကောင်းလှသည့် ရန်ကိုင့်၏ဘဝကို တွေးရင်း သက်ပြင်းသာ ချနေခဲ့လေသည်။ ဧကရာဇ်အဆင့် ပညာရှင်များသည်ပင်လျှင် ရန်ကိုင် သေရတော့လိမ့်မည်ဟု ထင်နေခဲ့ကြလေသည်။ လူတစ်ဦး၏ ခန္ဓာကိုယ် မည်မျှပင် အားကောင်းနေစေကာမူ မှော်ရတနာတစ်ခုနှင့် မည်ကဲ့သို့များ ယှဉ်နိုင်ပါမည်နည်း။
လန်ချို၏ လှံသည် တာအိုသခင်အဆင့်မြင့် မှော်ရတနာတစ်ခု ဖြစ်လေရာ အလွန်ကိုမှ ထက်ရှလှပေသည်။ ထို့အပြင် သူ့ကျင့်ကြံခြင်းကပါ ဧကရာဇ်အဆင့်သို့ ရောက်ရှိနေသည့် အတွက်ကြောင့် လန်ချိုသည် လှံတစ်ချက်နှင့် တောင်တစ်လုံးကိုပင် စိစိညက်ညက်ကြေသွားအောင် လုပ်ပစ်နိုင်လေသည်။ ရန်ကိုင့်၏ခန္ဓာကိုယ်ဆိုလျှင်တော့ ပြောနေစရာပင်မလိုတော့။
ရှရှန်းမှာလည်း ထိတ်လန့်နေခဲ့လေသည်။ သို့သော်ငြား ရန်ကိုင်မှ မဆင်မခြင် ရုတ်တရက်ကြီး ကောက်လှုပ်ရှားလိုက်သည့်အတွက်ကြောင့် ရှရှန်းမှာ ရန်ကိုင့်အား အချိန်မီ မကူညီပေးနိုင် ဖြစ်သွားလေ၏။
“စောက်ရူးကောင်…” ယောင်စီကလည်း အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လိုက်ပြီး အကြည့်လွှဲလိုက်လေသည်။ ရန်ကိုင့်အား ဆက်၍ အာရုံမစိုက်တော့ဘဲ မိုရှောင်ချီဆီသို့သာ လှမ်းကြည့်လိုက်လေ၏။ လက်ရှိ မိုရှောင်ချီ၏ပုံစံမှာ လုံးဝကို ပုံမှန်မဟုတ်ချေ။ တစ်ကိုယ်လုံး သားရဲပုံစံအင်းကွက်တို့ဖြင့် ပြည့်နေသော မိုရှောင်ချီကိုကြည့်ရင်း ယောင်စီစိတ်ထဲရှိ စိုးရိမ်ရေအမှတ်မှာ တဖြည်းဖြည်းချင်း မြင့်တက်လာခဲ့ရလေသည်။
“မင်းသာ ကိုယ့်သေတွင်းကိုယ် မတူးရင် သေမှာမဟုတ်ဘူး…” ရန်ကိုင့်ကိုစိုက်ကြည့်ရင်း လန်ချိုက ရေရွတ်လိုက်လေသည်။ မိုရှောင်ချီ၏စကားကြောင့် သူ့ခမျာ ဒေါသထွက်သွားပြီး ရန်ကိုင့်ကို တကယ်ကြီး သတ်ပစ်ချင်ပါသော်ငြား ရန်ကိုင်၏ ခိုင်မာပြတ်သားသည့် စိတ်ဓာတ်ကိုမြင်သော် သူ့ခွန်အားအား အနည်းငယ် လျှော့ချမိလိုက်လေသည်။
“ဘုန်း…” ပေါက်ကွဲသံအကျယ်ကြီးနှင့်အတူ မျက်စိကျိန်းမတတ် အလင်းတန်းတို့ ထွက်ပေါ်လာခဲ့ပြီး ရန်ကိုင်နှင့် လန်ချိုတို့အား လွှမ်းခြုံသွားခဲ့လေသည်။
သူ့ကိုယ်သူ နိုင်ရမည်ဟု အပြည့်အဝ ယုံကြည်နေသော လန်ချိုသည် ရုတ်တရက်အဖြစ်အပျက်ကြောင့် မျက်လုံးပြူးသွားခဲ့လေ၏။ သူ့လှံရှည်သည် မည်သည့်အသားကိုမှ ဖောက်ထွက်သွားခဲ့ခြင်း မရှိဘဲ ထိပ်တိုက်ရင်ဆိုင်မှုအပြီးတွင် လှံဖျားထိပ်မှ မီးပွင့်များ ဖြာထွက်လာကြောင်းကိုသာ အံ့အားသင့်ဖွယ် တွေ့ရှိလိုက်ရလေသည်။
“ဘုန်း ဘုန်း ဘုန်း…”
လက်သီးချက်များမှာ မိုးသီးမိုးပေါက်များအလား သူ့ဆီသို့ ပြုံဆင်းလာခဲ့လေ၏။
“ငါ့လခွမ်း…” လန်ချိုမှာ သွေးရူးသွေးတမ်း ထအော်ရင်း ဧကရာဇ်ချီကို ကပျာကယာ လှည့်ပတ်လျက် တိုးဝင်လာနေသော လက်သီးချက်များကို အသည်းအသန် ခုခံလိုက်ရလေသည်။ သို့တိုင် လက်သီးချက်များထဲ ပါဝင်နေသော ပြင်းအားကြောင့် မီတာတစ်ရာအကွာခန့်သို့ နောက်ပြန်ဆုတ်သွားခဲ့ရလေသည်။
ရန်ကိုင်သည်လည်း သူ့နည်းတူ နောက်သို့ ပြန်ဆုတ်သွားခဲ့လေသည်။
မျက်စိကျိန်းမတတ်အလင်း ပျောက်ကွယ်သွားပြီးသည့်နောက် မြင်လိုက်ရသည့် မြင်ကွင်းကြောင့် အကုန်လုံး မျက်လုံးပြူးကုန်ကြလေသည်။
သူတို့ထင်မှတ်ထားသည့် ရန်ကိုင် စိစိညက်ညက်ကြေသွားသည့် မြင်ကွင်းမှာ ထွက်ပေါ်လာခဲ့ခြင်း မရှိဘဲ ရန်ကိုင်သည် အကောင်းအတိုင်း ဟင်းလင်းပြင်ထဲတွင် ရပ်နေကြောင်းကိုသာ တွေ့ရှိလိုက်ရလေသည်။ သွေးချင်းနီနေသော သူ့လက်သီးအစုံမှအပ ရန်ကိုင်သည် အခြား မည်သည့်ဒဏ်ရာကိုမှ ရရှိထားခြင်း မရှိပေ။
ထို့အပြင် သူ့လက်သီးပေါ်ရှိ ဒဏ်ရာများမှာလည်း အလွန်ကိုမှ လျင်မြန်သည့်နှုန်းဖြင့် ပြန်လည်ကောင်းမွန်လာနေခဲ့လေသည်။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၄၈၉)
ပတ်ဝန်းကျင်တစ်ခုလုံးမှာ တိတ်ဆိတ်နေတော့လေသည်။
တာအိုသခင်အဆင့်တွင်သာ ရှိသေးသော လူငယ်လေးတစ်ဦးမှ ထိုမျှပြင်းထန်သည့် တိုက်ကွက်တစ်ကွက်ကို မည်သည့်ဒဏ်ရာမှ မရဘဲ ခုခံနိုင်သွားသည်ကို ကြည့်ရင်း အကုန်လုံးမှာ ပါးစပ်အဟောင်းသား ဖြစ်နေကြတော့လေသည်။
“တကယ်ကြီးလား… သူ တကယ်ကြီး ခုခံလိုက်တာလား…”
“ငါများ အမြင်တွေမှားနေတာလား…”
“အဲ့ကောင် တာအိုသခင်အဆင့်ရော ဟုတ်သေးရဲ့လား… ဒီကောင် သူ့ကျင့်ကြံခြင်းကို ဖုံးကွယ်ထားတာပဲ ဖြစ်ရလိမ့်မယ်…”
“ဟား ဟား ဟား… လန်ချိုအတွက်ကတော့ ရှက်စရာပဲဟေ့…”
သူ့လက်တစ်ချောင်းလုံး ထုံကျဉ်နေသည်ကို လန်ချို ခံစားမိနေလေသည်။ ထို့အပြင် ခေါင်းမှာလည်း အနည်းငယ် ရီဝေဝေ ဖြစ်နေလေ၏။ သူ့လက်ထဲတွင် ကိုင်စွဲထားသော လှံအား တစ်ချက် ငုံ့ကြည့်လိုက်ပြီးသည့်နောက် ရန်ကိုင့်ဘက်သို့ ပြန်လှည့်၍ ခက်ခက်ခဲခဲဖြင့် ပြောလိုက်လေသည်။ “မင်း လူရော ဟုတ်သေးရဲ့လား…”
သူ့လေသံထဲ ကြောက်ရွံ့နေသည့် အရိပ်အယောင်တို့ ပါဝင်နေလေသည်။ ရန်ကိုင်သည် သူ၏တိုက်ကွက်အား လက်ဗလာဖြင့် ခုခံပြသွားသည်ကို လန်ချို လုံးဝမယုံကြည်နိုင်အောင် ဖြစ်လေသည်။
“မင်းမေးတဲ့ မေးခွန်းကို ငါ ဘယ်လိုဖြေပေးရမှာလဲ… ငါ လူမဟုတ်ဘူးဆိုရင် ဘာဖြစ်ရမှာလဲ… တစ္ဆေလား…” ရန်ကိုင်က အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လိုက်လေ၏။
အနီးအနားတွင် ရှိနေသော ဧကရာဇ်အဆင့် ပညာရှင်များသည်လည်း ရန်ကိုင့်၏ခွန်အားကို တစ်ဖန် ပြန်လည်သုံးသပ်နေရတော့လေသည်။
ဧကရာဇ်အဆင့် ပညာရှင်တစ်ဦးအား လက်ရည်တူ ယှဉ်ပြိုင်တိုက်ခိုက်နိုင်သည့် တာအိုသခင်အဆင့် ပညာရှင်တစ်ဦးအကြောင်းကို သူတို့ တစ်ခါမှ မကြားခဲ့ဖူးချေ။ ရန်ကိုင့်နေရာတွင်သာ သူတို့ဆိုလျှင်လည်း လန်ချို၏တိုက်ကွက်ကို တာအိုသခင်တတိယအဆင့်လေးဖြင့် မည်သို့မျှ တားဆီးနိုင်လိမ့်မည် မဟုတ်ချေ။
ထိုကောင်လေး၏ ရုပ်ခန္ဓာမှာ အလွန်ကိုမှ အားကောင်းလွန်းပေသည်။ လန်ချို၏ လှံတိုက်ကွက်ကိုပင်လျှင် ထိပ်တိုက်ရင်ဆိုင်နိုင်သည်။ ထိုမျှသာမဟုတ်သေးဘဲ သူ၏ အနာပြန်ကျက်သည့် နှုန်းမှာလည်း အလွန်ကိုမှ မြန်ဆန်လွန်းပေသည်။
အစောပိုင်းက လန်ချို၏လှံချက်ကြောင့် သွေးသံတရဲရဲ ဖြစ်သွားသော သူ့လက်သီးများမှာ တဖြည်းဖြည်းနှင့် ပြန်ကောင်းနေခဲ့လေပြီ။ ထို့အပြင် သူ့လက်သီးထက်တွင် ဖုံးလွှမ်းနေသော သွေးများမှာလည်း သာမန်လူများ၏ သွေးများကဲ့သို့ အနီရောင်မဟုတ် ရွှေရောင်ဖျော့ဖျော့ တောက်နေလေ၏။
ထိုအချင်းအရာကိုကြည့်ရင်း ယောင်စီ၏ မျက်လုံးများ မှေးစင်းသွားခဲ့လေသည်။ မဟာဧကရာဇ်တစ်ပါး၏ သားတော်တစ်ဦး ဖြစ်သည်နှင့်အညီ သူသည် မည်သူ့ထက်မဆို ပိုမိုသာလွန်သည်ဟု အမြဲတစေ မှတ်ယူထားခဲ့သည်။ သူနှင့်အဆင့်တူ ကျင့်ကြံသူများပင်လျှင် သူနှင့် တစ်တန်းတည်းနေရန် မထိုက်တန်ဟု ယုံကြည်ခဲ့ပေသည်။ ခွန်အားအရာတွင်ဖြစ်စေ၊ ပါရမီအရာတွင်ဖြစ်စေ၊ နောက်ခံအရာတွင်ဖြစ်စေ သူသည် မည်သူ့ထက်မဆိုကို သာလွန်ပေသည်။
သို့သော်ငြား လက်တွေ့မှာတော့ သူထင်ထားသလို ဖြစ်မနေခဲ့ပေ။
ဤလောကကြီးတွင် မည်သူ၏ နောက်ခံမှ သူ့ထက်ပိုမသာသည်မှာ ဖြစ်ကောင်းဖြစ်နိုင်သော်ငြား ပါရမီနှင့် ခွန်အားအရာတွင်တော့ သူသည် လူတိုင်းအား အထင်သေးခွင့် မရှိချေ။ ဤတာအိုသခင်အဆင့် လူငယ်လေးသည် အကောင်းဆုံးသော ဥပမာ ဖြစ်ပေသည်။
“မင်း… တကယ်ထူးဆန်းတာပဲ…” ရန်ကိုင့်အား တစ်ခဏကြာမျှ စိုက်ကြည့်နေပြီးသည့်နောက်တွင် လန်ချိုက ခေါင်းတခါခါဖြင့် ပြောလိုက်လေသည်။
ရန်ကိုင်က နှာခေါင်းရှုံ့လျက် “မင်း ထပ်လာချင်သေးလား… လာချင်သေးရင် လာလိုက်နော်… ဒီသခင်လေးက မင်းကျေနပ်တဲ့အထိကို အဖော်ပြုပေးမယ်…”
“မလိုတော့ဘူး…” လန်ချိုက ခေါင်းခါလျက် “မင်းမှာ ဒီမှာနေဖို့ အရည်အချင်းရှိတယ်…”
သူ ရန်ကိုင့်အား တိုက်ခိုက်လိုက်ခြင်းမှာ ဤနေရာတွင် ရှိနေသည့် လူများအနက် အကုန်လုံးလိုလိုသည် ဧကရာဇ်အဆင့် ဖြစ်လျှင်ဖြစ် မဖြစ်လျှင် ဧကရာဇ်အဆင့် ပညာရှင်တစ်ဦး၏ ကာကွယ်ပေးထားခြင်း ခံရကာ ရန်ကိုင်တို့တစ်ဖွဲ့တည်းသည်သာ တာအိုသခင်အဆင့် ကျင့်ကြံသူများဖြင့် ဖွဲ့စည်းထားသည့် အဖွဲ့တစ်ဖွဲ့ဖြစ်နေသည့် အတွက်ကြောင့်ပင်။
ထို့အတွက်ကြောင့်ပင်လျှင် ရန်ကိုင်ကိုလည်း သင်ခန်းစားပေး၊ အခြားသူများအတွက်လည်း နမူနာဖြစ်သွား ဟူသော ရည်ရွယ်ချက်မျိုးဖြင့် ရန်ကိုင်တို့အား ပစ်မှတ်ထားတိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။
သို့သော်ငြား သူ့အစီအစဉ်မှာ မအောင်မြင်ခဲ့ဘဲ ရန်ကိုင်၏ ခွန်အားကြောင့်သာ သူ့ခမျာ အရှက်ကွဲခါနီး ဖြစ်ခဲ့ရလေသည်။
တိုက်ပွဲကိုသာ မရပ်တန့်ဘဲ ဆက်လက်တိုက်ခိုက်မည်ဆိုပါက သူနိုင်သွားခဲ့မည်ဆိုလျှင်ပင် သူ့ကျင့်ကြံခြင်းမှာ ရန်ကိုင့်ထက် ပိုမြင့်နေသည့် အတွက်ကြောင့်သာ ဖြစ်သည်ဟု အခြားလူများ မှတ်ယူကြပေလိမ့်မည်။ သို့သော်ငြား ရန်ကိုင်သာ နိုင်သွားခဲ့မည်ဆိုလျှင်တော့ သူ့အနေဖြင့် လူရှေ့သူရှေ့ အရှက်ဗြန်းဗြန်း ကွဲရပေလိမ့်မည်။
ထို့အပြင် ရန်ကိုင့်အား အနိုင်ယူနိုင်လိမ့်မည်ဟု လန်ချို သူ့ကိုယ်သူ ယုံကြည်ချက်မရှိချေ။
“အဲ့ဒါဆိုလည်း ပြီးရော…” ရန်ကိုင်က ပြန်ပြောလိုက်လေသည်။
ထိုအခိုက်အတန့်တွင် လျို့ယန်က အော်ပြောလိုက်လေသည်။ “သခင်… ညီမလေးရှောင်ချီ ဘာဖြစ်နေလည်း မသိဘူး…”
ရန်ကိုင်လည်း လှမ်းကြည့်လိုက်ရာ မိုရှောင်ချီ၏ အကြည့်စူးစူးကို လှမ်းမြင်လိုက်ရလေသည်။ အံ့အားသင့်ဖွယ်ကောင်းလှသော အရှိန်အဝါတစ်ရပ်သည် သူမ၏ခန္ဓာကိုယ်ဆီမှ ဖြာထွက်နေလေ၏။ ထိုအရှိန်အဝါကို ခံစားမိလိုက်သည့်နောက် တောင်နဲ့မြစ်ခေါင်းလောင်းဆီမှ ဖြာထွက်နေသည့် ရှေးကျသော အရှိန်အဝါကိုပင်လျှင် ရန်ကိုင် ပြန်စဉ်းစားမိသွားခဲ့လေသည်။
သူမဆီမှ ဖြာထွက်နေသည့် အရှိန်အဝါကြောင့် အနီးအနားတစ်ဝိုက်တွင် ရှိနေသော ကျင့်ကြံသူများ၏ အမူအယာများမှာလည်း ပြောင်းလဲကုန်ကြလေသည်။
မိုရှောင်ချီမှာ လန်ချိုအား သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် စိုက်ကြည့်နေခဲ့လေသည်။ သူမ၏သတ်ဖြတ်လိုစိတ်မှာ အားကောင်းလွန်းလှရာ အစိုင်အခဲအသွင်ဖြင့်ပင်လျှင် ဖြစ်တည်လာပြီး သူမအနီးတစ်ဝိုက်ရှိ ဟင်းလင်းပြင်ကိုပင်လျှင် တွန့်လိမ်နေစေခဲ့လေသည်။ သူမ၏ စူးရှသည့် မျက်လုံးများထဲ မည်သည့်ခံစားချက်မှ ကိန်းအောင်းနေခြင်းမရှိဘဲ သူမသည်သာ အရှင်သခင် ဤလောကကြီးထဲရှိ မည်သူတစ်ဦးတစ်ယောက်ကမှ သူမ၏ အာရုံစိုက်မှုကို ခံရရန် မထိုက်တန်ဟူသော အကြည့်မျိုးဖြင့် ဘေးပတ်ဝန်းကျင်အား စိုက်ကြည့်နေခဲ့လေရာ အကုန်လုံးမှာ အကြောက်ကြီး ကြောက်မိနေရတော့လေသည်။
တစ်ချိန်တည်းတွင် သူမမျက်နှာပေါ်ရှိ လိပ်ပြာပုံစံ မွေးရာပါအမှတ်အသားမှာလည်း အသက်ဝင်လာသည့်အလား စတင်၍ လှုပ်ရှားလာတော့လေသည်။
လိပ်ပြာတောင်ပံများ ခတ်လိုက်သည်နှင့် တစ်ပြိုင်နက် အလွန်ကိုမှ ပြင်းထန်လှသည့် ဖိအားတစ်ရပ် ဘေးပတ်ပတ်လည်အနှံ့ ပျံ့နှံ့သွားခဲ့လေသည်။ ထို့အတွက်ကြောင့် အကုန်လုံးမှာ သက်ပြင်းအသီးသီး ရှိုက်မိလိုက်ကြပြီး သူတို့၏ ရင်ဘတ်အသီးသီးကို ဧရာမတောင်ကြီးတစ်လုံးမှ ဝင်ဆောင့်မိလိုက်သလို ခံစားလိုက်ကြရလေသည်။
“ဘာတွေဖြစ်နေတာလဲ…” ရန်ကိုင်မှာလည်း ထိတ်လန့်တုန်လှုပ်မိနေလေ၏။
မိုရှောင်ချီ ဘာကြောင့် ဤကဲ့သို့ ဖြစ်နေရသလဲ ဆိုသည်ကို သူလုံးဝ နားမလည်နိုင်ချေ။ သူနှင့် လန်ချို တိုက်ခိုက်စဉ်က ဤကဲ့သို့ ဖြစ်သွားသည့် အရိပ်အယောင်မျိုး မတွေ့ခဲ့ရပေ။ လျို့ယန်သတိပေးလာသည့် အခါမှသာ ဤအချက်ကို သတိထားမိသွားခဲ့ခြင်း ဖြစ်လေသည်။
“မကောင်းတော့ဘူး…” အဝေးတစ်နေရာတွင် ရပ်နေသော မင်းသမီးလန်ရွှင်းသည် ကြောက်လန့်တကြား ထအော်တော့လေသည်။ မိုရှောင်ချီကိုစိုက်ကြည့်နေရင်း သူမ၏မျက်နှာတစ်ပြင်လုံး ကြောက်ရွံ့မှုကြောင့် သွေးဆုတ်ဖြူလျော်သွားလေ၏။
“သူဘာဖြစ်နေတာလဲ…” လန်ချိုသည်လည်း နဖူးထက်ဝေ့သီလာသော ချွေးအေးများကိုသုတ်ရင်းမှ စိုးရိမ်တကြီးဖြင့် မေးလိုက်လေသည်။ “ဒီကောင်မလေး ဘာဖြစ်လို့ ငါ့ကို စားတော့ ဝါးတော့မတတ် အကြည့်ကြီးနဲ့ စိုက်ကြည့်နေတာလဲ…”
သူသည် ဧကရာဇ်အဆင့် ပညာရှင်တစ်ဦး ဖြစ်သော်ငြား မိုရှောင်ချီ၏ အကြည့်စူးစူးအောက်တွင် တုန်တုန်ရီရီ ဖြစ်လာမိလေသည်။ သေခြင်းတရားအငွေ့အသက်တို့ကိုလည်း ဘာကြောင့်မှန်းမသိ ခံစားမိနေလေရာ လန်ချိုမှာ စိတ်ဂနာမငြိမ် ဖြစ်လာရတော့လေသည်။
“အဲ့ဒါ နင် စီနီယာအစ်ကိုရန်ကို သွားတိုက်ခိုက်လို့ပဲ…” လန်ရွှင်းက အံကြိတ်၍ ဖြတ်ပြောလိုက်လေသည်။ “စီနီယာအစ်ကိုရန် နင့်ကြောင့် သေသွားပြီလို့ ရှောင်ချီ ထင်သွားတာနေလိမ့်မယ်… အဲ့ဒါကြောင့်ပဲ အခုလိုမျိုး အထိတ်တလန့် ဖြစ်သွားတာ…”
လန်ချိုက တံတွေးတစ်လုပ်မျိုချလျက် “အဲ့ဒါ ငါ့အပြစ်မဟုတ်ဘူးလေ… သူပဲ ငါ့ဆီကို ပြေးဝင်လာတာဟာကြီးကို… သူသေသွားမယ်ဆိုရင်တောင် ဘယ်သူမှ ငါ့ကို အပြစ်တင်လို့ မရဘူး… ပြီးတော့ ဒီကောင်မလေးကရော ဘယ်သူလဲ… သူဘယ်ကနေလာတာလဲ… သူအခုလေးတင် ငါ့ရဲ့ လူရိုင်းတစ်ရာတောင်တန်းတစ်ခုလုံးကို ရှင်းပစ်မယ်လို့ ပြောသွားတဲ့ကိစ္စကို ငါ မရှင်းရသေးဘူး…”
လန်ချိုသည် ပြုံး၍သာ ထိုကဲ့သို့ ပြောနေသော်ငြား သူ့အပြုံးမှာ လုံးဝကို ပီပြင်ခြင်း မရှိချေ။ သူ့စိတ်ထဲ ဧကရာဇ်တစ်ပါး၏ မာနကို မနှိမ့်ချနိုင်သေးပါသော်ငြား မိုရှောင်ချီကြောင့် သူ့စိတ်ထဲ အမှန်တကယ်ကို ကြောက်ရွံ့နေမိပေသည်။ သူမဆီမှ ဖြာထွက်နေသည့် ဖိအားမှာ အလွန်ကိုမှ ထူးဆန်းလွန်းလှသည်။ ထိုအချက်ကိုကြည့်ရုံဖြင့်ပင်လျှင် မိုရှောင်ချီ၏ နောက်ခံမှာ သာမန်မဟုတ်မှန်း ပြောနိုင်ပေသည်။
လန်ရွှင်းသည် လန်ချိုအား စူးရဲစွာ စိုက်ကြည့်လျက် “သူ့မျိုးရိုးနာမည်က မိုပဲ… ပြီးတော့ အရှေ့ဘက်နယ်မြေက လာတာ…”
“မို… အရှေ့ဘက်နယ်မြေ…” ထိုစကားကိုကြားသည့်အခါ လန်ချို၏အမူအယာ မဆိုစလောက်ကလေး ပြောင်းလဲသွားခဲ့လေ၏။ သို့သော်ငြား တစ်ခဏအကြာ၌ တစ်ခုခုအား နားလည်သွားပြီး အလန့်တကြား ထအော်လေသည်။ “မဖြစ်နိုင်ဘူး… သူက ဟိုလူကြီးမင်းရဲ့…”
“အခုတော့ နားလည်သွားပြီမလား…” လန်ရွှင်းက ခပ်ပြတ်ပြတ် ပြန်ပြောလိုက်လေသည်။ ဤအချိန်တွင် လန်ရွှင်းကိုယ်တိုင်သည်လည်း မီးခဲဖင်ခုထိုင်နေရသည့်အလား နဖူးထက် ချွေးသီးများ ဝေ့သီနေခဲ့လေသည်။ မိုရှောင်ချီကို စိုးရိမ်တကြီးဖြင့် လှမ်းကြည့်ရင်း နှစ်သိမ့်ပေးရန် ကြိုးစားလိုက်ပါသော်ငြား မည်သို့မျှ အသုံးမဝင်ခဲ့ပေ။
“ရောင်းရင်းယောင်စီ… မင်းအရမ်းလွန်လွန်းတယ်ကွာ…” လန်ချိုသည် ဆူပုပ်ပုပ်မျက်နှာကြီးဖြင့် ယောင်စီအား လှမ်းကြည့်၍ “မင်းကိုယ်တိုင်လည်း အရှေ့ဘက်နယ်မြေကပဲကို… ဘာဖြစ်လို့ သူ့အကြောင်း ငါ့ကို အစောကြီးကတည်းက မပြောတာလဲ…”
ယောင်စီသည် ရှုယဉ်သာမဟာဧကရာဇ်၏ သားတော်တစ်ပါးဖြစ်ပြီး မိုရှောင်ချီမှာတော့ သားရဲသခင်မဟာဧကရာဇ်၏ သမီးတော်တစ်ပါး ဖြစ်ပေသည်။ မဟာဧကရာဇ်နှစ်ပါးစလုံးသည် အရှေ့ဘက်နယ်မြေတွင် နေနေကြခြင်း ဖြစ်သည့်အလျောက် ယောင်စီအနေဖြင့် မိုရှောင်ချီကို ကျိန်းသေ သိထားရပေလိမ့်မည်။ သို့သော်ငြား သူ့အား ထိုအကြောင်းကို ပြောမပြခဲ့ဘဲ မသိချင်ယောင်သာ ဆောင်နေခဲ့လေသည်။
အစောပိုင်းက မိုရှောင်ချီအား ပြောဆိုခဲ့ပုံ၊ မိုရှောင်ချီမှ သူ့အား ခြိမ်းခြောက်စကား ပြန်ပြောခဲ့ပုံတို့ကို ပြန်စဉ်းစားမိလိုက်သော် လန်ချို ဇောချွေးပြန်သွားတော့လေသည်။
ဤအကြောင်းသည်သာ သားရဲသခင်မဟာဧကရာဇ်၏ နားတော်ဝသို့ ရောက်သွားမည်ဆိုပါက လန်ချိုမှာ အရှင်လတ်လတ် အရေခွံဆုတ်ခံရပေတော့မည်။
ရန်ကိုင်သည် သားရဲသခင်မဟာဧကရာဇ်၏ သမီးတော်နှင့် အတူရှိနေကြောင်းသာ သိခဲ့မည်ဆိုလျှင် မည်ကဲ့သို့များ ဤကဲ့သို့ ရူးမိုက်စွာ လှုပ်ရှားခဲ့ပါမည်နည်း။
ယောင်စီက ဖွဖွလေး ပြန်ပြောလိုက်လေသည်။ “ငါတို့နှစ်ယောက်စလုံးက အရှေ့ဘက်နယ်မြေကဆိုပေမဲ့ ငါ သူ့ကို တစ်ခါမှ မမြင်ဖူးဘူး… အဲ့ဒါကို ငါမင်းကို ဘယ်လိုလုပ်ပြီး သတိပေးရမှာလဲ…”
ကြည့်ရသလောက် ယောင်စီသည် လန်ရွှင်းကို မှတ်မိသော်ငြား မိုရှောင်ချီကို မသိသည့်ပုံပင်။ သူ့ကဲ့သို့လူတစ်ဦးသည် ထိုကိစ္စနှင့်ပတ်သက်၍ လိမ်ညာစရာအကြောင်း မရှိချေ။
မိုရှောင်ချီအား မည်သို့ပင် ခေါ်နေစေကာမူ မိုရှောင်ချီမှာ လုံးဝပြန်မထူးသည်ကို မြင်သော် လန်ရွှင်းက ခြေဆောင့်လျက် အော်ပြောလိုက်လေသည်။ “လန်ချို… ရှောင်ချီသာ တစ်ခုခုဖြစ်သွားရင်တော့ နင်တို့ လူရိုင်းတစ်ရာတောင်တန်းတစ်ခုလုံး ရှင်းပစ်ခံရပြီပဲ… ခွေးတစ်ကောင်ကြောင်တစ်မြီးတောင် လွတ်မှာမဟုတ်ဘူး…”
ထိုစကားကိုကြားသည့်အခါ လန်ချို၏မျက်နှာ သုန်မှုန်သွားခဲ့လေသည်။
အစောပိုင်းက မိုရှောင်ချီ၏ ခြိမ်းခြောက်စကားကို ကြားစဉ် ဂရုကိုမစိုက်ခဲ့ပါသော်ငြား ယခု လန်ရွှင်း ထပ်ပြောလာသည်ကို ကြားသော် သူ့စိတ်ထဲ အလွန်ကိုမှ တုန်လှုပ် သွားရတော့လေသည်။
(ဒါ… ဒီကိစ္စက ငါနဲ့ ဘာမှမဆိုင်ဘူးလေ…) လန်ချိုစိတ်ထဲ ကြိတ်၍ ငြီးတွားနေမိလေသည်။
“ဂျူနီယာညီမလန်… ရှောင်ချီဘာဖြစ်နေတာလဲ…” တစ်ခဏကြာမျှ စိုက်ကြည့်နေသည်တိုင် ဘာဖြစ်လို့ဖြစ်နေမှန်း မသိသေးသည့်အတွက်ကြောင့် ရန်ကိုင်လည်း လန်ရွှင်းဘက်သို့သာ လှည့်မေးရတော့လေသည်။ မိုရှောင်ချီဆီမှ ဖြာထွက်နေသည့် အရှိန်အဝါမှာ အချိန်ကြာလာသည်နှင့်အမျှ ပိုပို၍ ကြောက်မက်ဖွယ် ကောင်းလာနေခဲ့သည်။ ထို့အပြင် သူမမျက်နှာထက်တွင်ရှိနေသော လိပ်ပြာပုံစံ မွေးရာပါအမှတ်အသားမှာလည်း ပိုပို၍ အသက်ဝင်လာနေလေ၏။ လက်ရှိအချိန်တွင် ထိုလိပ်ပြာအမှတ်အသားသည် သူမ၏ပါးထက်မှ ခုန်ထွက်၍ သူမခန္ဓာကိုယ်တစ်ဝိုက်တွင်ပင်လျှင် လှည့်ပတ်ပျံသန်းနေလေပြီ။
အချိန်ကြာလာသော် အနက်ရောင်လိပ်ပြာလေး၏ အရွယ်အစားမှာ တဖြည်းဖြည်း ကြီးမားလာခဲ့ရာ လူတစ်ဦးအရွယ်ထိပင်လျှင် ရောက်ရှိလာခဲ့လေသည်။
လန်ရွှင်းက ပြောပြလိုက်လေ၏။ “ညီမရှောင်ချီက သူမရဲ့ နတ်ဝိဉာဉ်စည်းတံဆိပ်ကို ဖြေချလိုက်တာပဲ…”
“နတ်ဝိဉာဉ်စည်းတံဆိပ်…” လူအုပ်ကြီးတစ်ခုလုံး လန်ရွှင်းဘက်သို့ လှည့်ကြည့်လာကြလေသည်။
“လူကြီးမင်းသားရဲသခင် ငယ်ရွယ်တဲ့အချိန်တုန်းက ကောင်းကင်ပုံရိပ်ယောင်လိပ်ပြာလို့ခေါ်တဲ့ ရှေးဟောင်းနတ်သားရဲတစ်ကောင်နဲ့ တွေ့ခဲ့တယ်… အဲ့အချိန်တုန်းက ကောင်းကင်ပုံရိပ်ယောင်လိပ်ပြာက သူ့ခန္ဓာကိုယ်ကိုဆုံးရှုံးထားတာ ဝိဉာဉ်ပဲကျန်တော့တယ်… ဒါပေမဲ့ အချိန်တွေကြာလာတော့ သူ့ဝိဉာဉ်ကလည်း တော်တော်လေးကို အားနည်းနေပြီ… ဒီတော့ လူကြီးမင်းသားရဲသခင်က ကောင်းကင်ပုံရိပ်ယောင်လိပ်ပြာနဲ့ ဝိဉာဉ်စာချုပ် ချုပ်ဆိုခဲ့တယ်… ပြီးတော့ ရှောင်ချီ သုံးနှစ်သမီးအရွယ်ရောက်တဲ့အချိန် သူအရွယ်မတိုင်သေးခင် သူ့ကို ကာကွယ်ပေးလို့ရအောင်ဆိုပြီးတော့ အဲ့ကောင်းကင်ပုံရိပ်ယောင်လိပ်ပြာဝိဉာဉ်ကို ရှောင်ချီရဲ့ကိုယ်ထဲမှာ ချိတ်ပိတ်ထားခဲ့လိုက်တာ… ဒါပေမဲ့ ရှောင်ချီအနေနဲ့လည်း အဲ့အတွက် တန်ရာတန်ကြေးတစ်ခု ပြန်ပေးရတာပေါ့… ကောင်းကင်ပုံရိပ်ယောင်လိပ်ပြာဝိဉာဉ်က အသက်ရှင်ဖို့အတွက် ရှောင်ချီရဲ့ စိတ်စွမ်းအင်အဆီအနှစ်ကို စားသုံးရတယ်… ဒါက နတ်ဝိဉာဉ်စည်းတံဆိပ်ရဲ့ သဘာဝပဲ…”
“ရှေးဟောင်းနတ်သားရဲတစ်ကောင်ရဲ့ ဝိဉာဉ်လား…” လန်ချို သက်ပြင်းရှိုက်သွားလေသည်။
ထိုစကားကိုကြားသည့်အခိုက် အနီးအနားတစ်ဝိုက်တွင် စုဝေးနေကြသော ကျင့်ကြံသူများ၏ အမူအယာမှာလည်း အပြောင်းလဲကြီး ပြောင်းလဲကုန်ကြလေ၏။
ရှေးဟောင်းနတ်သားရဲများသည် ဒဏ္ဍာရီလာသက်ရှိများ ဖြစ်ကြကာ လူအနည်းငယ်လောက်သည်သာ ရှေးဟောင်းနတ်သားရဲတစ်ကောင်ကို မြင်ဖူးကြလေသည်။
သို့ရာတွင် ဟင်းလင်းပြင်ကြီးထဲ၌ ရှေးဟောင်းနတ်သားရဲတစ်ကောင်၏ ဝိဉာဉ်တစ်ခု ပေါ်လာခဲ့လေသည်။ ထိုဝိဉာဉ်သည် ကောင်မလေးတစ်ဦး၏ ခန္ဓာကိုယ်ထဲတွင် ချိတ်ပိတ်ထားခြင်း ခံရလေ၏။
ထိုဝိဉာဉ် မည်မျှ အားကောင်းသလဲ ဆိုသည်ကို မည်သူမျှ မသိကြသော်ငြား လက်ရှိအခြေအနေကို ကြည့်ရသလောက် ထိုဝိဉာဉ်သာ ထွက်ပေါ်လာမည်ဆိုပါက ဤနေရာရှိ မည်သူမျှ ၎င်းအား ယှဉ်ပြိုင်တိုက်ခိုက်နိုင်လိမ့်မည် မဟုတ်ချေ။
“အရမ်းကို အန္တရာယ်များတဲ့ အခြေအနေနဲ့ ကြုံရမှပဲ ရှောင်ချီက ဒီစည်းတံဆိပ်ကိုဖြည်မှာ… အခု ဒီစည်းတံဆိပ်ကို သူဖြည်လိုက်တာ ပထမဆုံးအကြိမ်ဆိုတော့ အဲ့ဝိဉာဉ်ကို ကောင်းကောင်း မထိန်းချုပ်နိုင်သေးဘူး…” လန်ရွှင်းသည် ရန်ကိုင့်အား အပြစ်တင်လိုဟန်ဖြင့် စူးရဲစွာ စိုက်ကြည့်ရင်းမှ ပြောပြလိုက်လေသည်။
သူမစိတ်ထဲတွင်လည်း အံ့ဩမိနေလေသည်။ ယခင်က မိုရှောင်ချီ ရန်ကိုင့်အား အလွန်ဂရုစိုက်နေရခြင်းမှာ သူမအား ဆန့်ကျင်လိုသည့်အတွက်ကြောင့် ဖြစ်သည်ဟု တွေးခဲ့မိသည်။ သို့သော်ငြား လက်ရှိအခြေအနေကို ကြည့်ရသလောက် မိုရှောင်ချီသည် ရန်ကိုင့်အပေါ် အမှန်တကယ်ကို ဂရုစိုက်သည့်ပုံပင်။ ထို့ကြောင့်သာမဟုတ်ပါက ဤစည်းတံဆိပ်ကို ဖြည်ခဲ့လိမ့်မည်မဟုတ်ပေ။
ရန်ကိုင်သေသွားပြီဟု ထင်သည့်အတွက်ကြောင့် ရန်ကိုင့်အတွက် ပြန်လည် လက်စားချေပေးနိုင်ရန် ဤစည်းတံဆိပ်ကို ဖြည်ခဲ့ရခြင်း ဖြစ်လောက်ပေသည်။ သို့သော်ငြား တိုက်ပွဲပြီးသွားသည့်နောက် ရန်ကိုင်မှာ အကောင်းအတိုင်းသာ ရှိနေသေးပါသော်ငြား မိုရှောင်ချီကမူ စိတ်လွတ်သွားခဲ့ပြီး သူမ၏ခန္ဓာကိုယ်ကို ကောင်းကင်ပုံရိပ်ယောင်လိပ်ပြာ၏ ဝိဉာဉ်မှာ အစားထိုး သိမ်းပိုက်ထားတော့လေ၏။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၄၉၀)
“ဒီကောင်းကင်ပုံရိပ်ယောင်လိပ်ပြာက အားကောင်းတယ်ဆိုရင်တောင် ငါတို့အကုန်လုံး အတူပူးပေါင်းပြီး အဲ့ဒါကို ဖိနှိပ်လိုက်လို့ မရဘူးလား…” လန်ချိုသည် နဖူးထက် ဝေ့သီလာသော ချွေးအေးများကို သုတ်ပစ်ရင်းမှ ပြောလိုက်လေသည်။
လန်ရွှင်းက ပြန်၍ လှောင်ပြောင်လိုက်လေ၏။ “ရှေးဟောင်းနတ်သားရဲတွေထဲမှာ ကောင်းကင်ပုံရိပ်ယောင်လိပ်ပြာရဲ့ တိုက်ခိုက်မှုတွေက အားအနည်းဆုံးပဲ… အဆင့်တစ်ဆယ်မွန်းစတားသားရဲတစ်ကောင်နဲ့တောင် မယှဉ်နိုင်ဘူး…”
“တကယ်ကြီးလား…” လန်ချို ဝမ်းသာသွားခဲ့လေသည်။ အဆင့်တစ်ဆယ်မွန်းစတားသားရဲတစ်ကောင်ထက်ပင်လျှင် အားနည်းမည်ဆိုပါက သူ့အနေဖြင့် ဘာကိုများ ကြောက်နေရဦးမည်နည်း။ ဤနေရာတွင် ပညာရှင်ပေါင်းများစွာ ရှိနေလေရာ မည်သူမဆို ဤကောင်းကင်ပုံရိပ်ယောင်လိပ်ပြာအား ဖိနှိပ်နိုင်ပေသည်။
သို့ရာတွင် လန်ရွှင်းက ဆက်၍ပြောလိုက်လေ၏။ “ဒါပေမဲ့ ကောင်းကင်ပုံရိပ်ယောင်လိပ်ပြာက ပုံရိပ်ယောင်တွေကို အသုံးပြုတဲ့နေရာမှာ ကျွမ်းကျင်တယ်… လိပ်ပြာတစ်ကောင်လုံး ပေါ်လာပြီဆိုတာနဲ့ သူ့ရဲ့သားကောင်ကို စကြာဝဠာကြီးတစ်ခုလုံး အထက်အောက်ပြောင်းပြန် လန်သွားပြီလို့ ထင်သွားအောင်တောင် လုပ်ပစ်နိုင်တယ်… မဟာဧကရာဇ်တစ်ပါးတောင် သူ့ရဲ့ ပုံရိပ်ယောင်စွမ်းရည်ကို အလွယ်တကူ မခုခံနိုင်ဘူး… ရှင်းရှင်းပြောရရင် ဘယ်ရှေးဟောင်းနတ်သားရဲကိုမှ သွားပြီး အထင်သေးလို့မရဘူး…”
လန်ချို၏မျက်နှာ သုန်မှုန်သွားခဲ့လေသည်။ “ကြည့်ရတာ ငါ ထွက်ပြေးသင့်နေပြီနဲ့တူတယ်… ဒီကောင်မလေးက ငါ့ကို တောက်လျှောက်ကြီးပဲ စိုက်ကြည့်နေတာ…”
“ထွက်ပြေးဖို့…” လန်ရွှင်းက လန်ချိုအား အေးစက်စက်အကြည့်ဖြင့် စိုက်ကြည့်လျက် “နင် ဘယ်ကို ထွက်ပြေးမှာလဲ… ရှောင်ချီက နင့်ကို သူ့ပစ်မှတ်အဖြစ် သတ်မှတ်ပြီးသွားပြီ… နင် မိုးမြေအဆုံး ထွက်ပြေးမယ်ဆိုလို့ရှိရင်တောင် လွတ်မှာမဟုတ်ဘူး…”
“ဒီတော့ ငါက သေမှာကို ဒီအတိုင်း ထိုင်စောင့်နေရမှာလား…” လန်ချိုက ဒေါသတကြီး ပြန်ပြောလိုက်လေသည်။
လန်ရွှင်းက ပြန်၍ ခွန်းတုံ့ပြန်လိုက်လေသည်။ “နင် ထွက်မပြေးဘူးဆိုရင် နင်တစ်ယောက်တည်းပဲသေမှာ… နင်ထွက်ပြေးမယ်ဆိုရင်တော့ ဒီမှာရှိနေတဲ့လူတွေအကုန်လုံး ဒုက္ခရောက်ကြလိမ့်မယ်…”
ထိုစကားကိုကြားပြီးသည့်နောက် အကုန်လုံး၏အမူအယာ ပြောင်းလဲသွားကုန်ကြလေသည်။
ရှရှန်းက အံ့အားသင့်တကြီးဖြင့် မေးခွန်းထုတ်လိုက်လေသည်။ “မင်းသမီးလန်ရွှင်း… ခင်ဗျား တကယ်ပြောနေတာလား…”
လန်ရွှင်းက ပြန်၍ပြောလိုက်လေသည်။ “ကောင်းကင်ပုံရိပ်ယောင်လိပ်ပြာကို သူ့ပုံစံကိုကြည့်ပြီး သွားအထင်မမှားနဲ့… ရှေးဟောင်းနတ်သားရဲတွေထဲမှာတောင် ကောင်းကင်ပုံရိပ်ယောင်လိပ်ပြာက အရက်စက်ဆုံးနဲ့ သွေးအဆာဆုံးထဲမှာ ပါတယ်…”
“ဒါဆိုရင် ငါတို့ အခု ဘာလုပ်ကြမလဲ…” ယောင်စီက ဝင်မေးလိုက်လေသည်။ သူသည် မဟာဧကရာဇ်တစ်ပါး၏ သားတော်တစ်ဦး ဖြစ်သော်ငြား နတ်ဝိဉာဉ်စည်းတံဆိပ်အကြောင်း မသိချေ။ ထိုကိစ္စနှင့်ပတ်သက်၍ လန်ရွှင်းသည် သူ့ထက်ပို၍ပင် ဗဟုသုတ ကြွယ်ဝနေပေသေးသည်။
တစ်ခဏမျှ တိတ်ဆိတ်နေပြီးသည့်နောက် လန်ရွှင်းက ပြောလိုက်လေ၏။ “ဒီအခြေအနေကို တည်ငြိမ်သွားအောင် လုပ်လို့ရတဲ့ နည်းလမ်းတစ်ခုတော့ ရှိတယ်…” ထိုသို့ပြောနေရင်း လန်ရွှင်းသည် လန်ချိုအား လှမ်းကြည့်လိုက်လေသည်။
လန်ချိုက မျက်မှောင်ကျုံ့လျက် သူ့ကိုယ်သူ ခုခံကာကွယ်ပြောဆိုလိုက်လေ၏။ “နင် ဘာဖြစ်လို့ ငါ့ကို လာကြည့်နေတာလဲ… သူ အခုလိုဖြစ်သွားတာကို ငါ့ကြောင့်ချည်းပဲမဟုတ်ဘူးလေ… ပြီးတော့ ငါ့မှာလည်း နတ်ဝိဉာဉ်စည်းတံဆိပ်ကို ချိတ်ပိတ်နိုင်တဲ့ စွမ်းရည်မှမရှိတာ…”
လန်ရွှင်းက ယဲ့ယဲ့လေးပြုံးလျက် ဆက်ပြောလိုက်လေသည်။ “ပြန်ပြီးတော့ ချိတ်ပိတ်စရာမလိုပါဘူး… ရှောင်ချီက နင့်ကို သေစေချင်တာလေ… နင်သေသွားလို့ရှိရင် သူပြန်ပြီး တည်ငြိမ်သွားလိမ့်မယ်…”
“နင် ငါ့ကို သေစေချင်နေတာလား…” လန်ချို ကြောက်လန့်သွားခဲ့ပြီး နောက်သို့ ဒယီးဒယိုင်ဖြင့် ဆုတ်လိုက်လေသည်။ ထို့နောက် လန်ရွှင်းအားစိုက်ကြည့်ရင်း ပြန်၍ပြောလိုက်လေသည်။ “နင်က ငါ့ကိုသေစေချင်နေတာ… နင့်မှာ ဘာအရည်အချင်းရှိလို့ ငါ့ကို သေစေချင်နေတာလဲ…”
လန်ရွှင်းက နှာခေါင်းရှုံ့လိုက်လေ၏။ “ဒါ ငါစဉ်းစားမိတဲ့ တစ်ခုတည်းသော နည်းလမ်းပဲ…”
“ဒါ လူသတ်နေတာပဲ… လူသတ်နေတာပဲ… မိန်းမတွေက သက်ရှိတွေအကုန်လုံးထဲမှာ အဆိပ်အပြင်းဆုံးဆိုတာ တကယ်ကို အမှန်ပါလား…” လန်ချိုက ပြောဆိုလိုက်သည်။
လန်ရွှင်း၏ ကမ်းလှမ်းချက်ကို လန်ချိုလက်မခံနိုင်သည်မှာ အထင်းသားပင်။ ယခုလေးတင်မှ ဧကရာဇ်အဆင့်သို့ ရောက်ထားလေရာ သူ့အနေဖြင့် မည်ကဲ့သို့များ အသေခံနိုင်ပါမည်နည်း။
“ခွေးကောင်… မင်းစကားကို မင်းကြည့်ပြော…” ရှောင်ချန်က ထအော်ပြောလေသည်။ “မင်းသမီးက မင်းရဲ့အသက်ကိုတောင်းနေတာ မင်းအတွက် ဂုဏ်ယူစရာကွ… လာပြီး ကျေးဇူးကန်းမပြနဲ့…”
လန်ချိုက ပြန်ပြောလိုက်လေသည်။ “သူသာ မင်းကိုသေခိုင်းရင် မင်းရောသေမှာလား…”
ရှောင်ချန်က နှာခေါင်းရှုံ့လျက် ပြန်ပြောလိုက်လေသည်။ “မင်းသမီးက အရာရာကို သေချာချင့်ချိန်စဉ်းစားပြီးမှ သေသေချာချာ ဆုံးဖြတ်တာ… ဒါကြောင့်မို့လို့ သူ အခုလိုမျိုး ငါ့ကို ပြောမှာမဟုတ်ဘူး…”
“သောက်ပိုတွေ… မင်းဘာသာမင်း သေရမှာကိုကြောက်တယ်ဆိုရင် ကြောက်တယ်ပေါ့… ဘာတွေ ငါ့မေးခွန်းကို မလှိမ့်တပတ်နဲ့ လှည့်ပတ်ပြီး ဖြေနေတာလဲ… အဲ့ဒါများ ဒီသခင်လေးကို လာပြီး အပြစ်တင်ချင်သေးတယ်…” လန်ချိုက အထင်အမြင်တသေးဖြင့် ပြန်ပြောလိုက်လေသည်။
ရှောင်ချန်မှာ ဒေါသူပုန်ထသွားပြီး သူ့ဓါးရှည်ကိုထုတ်လျက် လန်ချိုအား ချိန်လိုက်ရင်း “ဘာပဲဖြစ်ဖြစ် မင်းက သေရတော့မယ့်ဟာကို ဘာလို့ အပိုစကားတွေ ပြောချင်နေသေးတာလဲ…”
လန်ချိုက တစ်ခုခု ထပ်ပြောတော့မည့်အပြု ယောင်စီက သူ့ရှေ့တွင် ပိတ်ကာလျက် ဝင်ပြောလိုက်လေသည်။ “ရောင်းရင်းလန်က ငါ့မိတ်ဆွေပဲ… သူ့အသက်ကို လိုချင်တဲ့ ဘယ်သူမဆို ငါ့ကို အရင်ဆုံး ဖြတ်ကျော်မှ ရလိမ့်မယ်…”
ယောင်စီနောက်တွင် ရပ်နေသော လန်ချိုမှာ ယောင်စီမှ သူ့ဘက်မှ ဤကဲ့သို့ ဝင်ပြောပေးလိမ့်မည်ဟု မထင်ထားခဲ့ချေ။ ထို့အတွက်ကြောင့် သူ့ရင်ထဲ နွေးထွေးမိသွားခဲ့ပြီး တိုးတိုးလေး ပြန်ပြောလိုက်လေသည်။ “ကျေးဇူးအများကြီးတင်ပါတယ် ရောင်းရင်းယောင်စီ… ဒါပေမဲ့ ဒီကိစ္စက ငါ့ကြောင့်ဖြစ်တာဆိုတော့ ငါ ထွက်ပြေးပြီးတော့ ဒီကောင်မလေးကို မျှားခေါ်သွားပေးမယ်… မအောင်မြင်ဘူးဆိုရင်လည်း မင်းလည်း သတိထားပေါ့ကွာ…”
ယောင်စီက ပြန်ပြောလိုက်လေသည်။ “မင်းကြောင့်ဆိုပေမဲ့ ဒီနေ့ကိစ္စရဲ့ အဓိကတရားခံက အဲ့မျိုးရိုးနာမည်ရန်ဆိုတဲ့ကောင်ပဲ…”
ထိုစကားကိုကြားပြီးသည့်နောက် လန်ချို ကြောင်သွားလေ၏။ သို့သော်ငြား မကြာခင်တွင် ဝင်ရောက်ထောက်ခံပြောဆိုလိုက်လေသည်။ “ဟုတ်တယ်… အဲ့ခွေးကောင်ကြောင့်ပဲ ဒီကောင်မလေး အခုလိုဖြစ်သွားတာ…” ထို့နောက်တွင် ရန်ကိုင့်ဘက်သို့ လှည့်၍ အော်ပြောလိုက်လေသည်။ “ကောင်လေး… မင်း ဒီကိစ္စကနေ ဘေးထွက်နေဖို့တော့ မစဉ်းစားနဲ့နော်…”
ရန်ကိုင်က နှာခေါင်းရှုံ့လျက် ပြန်ပြောလိုက်လေသည်။ “ငါ ဘယ်တုန်းက ဘေးထွက်နေမယ်လို့ ပြောလို့လဲ…”
လန်ချိုက ပြန်ပြောလိုက်လေ၏။ “ဒီကောင်မလေးက မင်းကို အရမ်းတန်ဖိုးထားတာ… မင်းအတွက်နဲ့တောင် သူ့ရဲ့ နတ်ဝိဉာဉ်ချိတ်စည်းကို ဖြေလိုက်သေးတယ်… မင်းဘာဖြစ်လို့ သူစိတ်ငြိမ်သွားအောင် သွားမကြိုးစားတာလဲ… မင်းသာ ဖျောင်းဖျပေးမယ်ဆိုလို့ရှိရင် သူပြန်ပြီး တည်ငြိမ်သွားရင် တည်ငြိမ်သွားမှာ…”
လန်ချိုမှာ ခေါင်းထဲပေါ်လာသည့်အရာကို ပြောချလိုက်ခြင်းသာ ဖြစ်သော်ငြား ထိုစကားကို ကြားပြီးသည့်နောက် ရန်ကိုင့်၏အမူအယာ ပြောင်းလဲသွားခဲ့ပြီး လန်ရွှင်းဘက်သို့ ကြည့်၍ မေးလိုက်လေသည်။ “ဂျူနီယာညီမလန်… အဲ့ဒါဖြစ်နိုင်လို့လား…”
လန်ရွှင်းက မျက်မှောင်ကြုတ်လျက် “ကျွန်မလည်း မသိဘူး… စမ်းကြည့်ချင်ရင် စမ်းကြည့်လိုက်ပေါ့… ဒါပေမဲ့ စမ်းမယ်ဆိုရင် မြန်မြန်စမ်းနော်… ချိတ်စည်းက လုံးဝကို ပြေတော့မှာ…”
ရန်ကိုင်လည်း ခေါင်းညိတ်လိုက်ပြီး အနည်းငယ်မျှပင် တုံ့ဆိုင်းမနေတော့ဘဲ မိုရှောင်ချီဆီသို့ လျှောက်သွားလေသည်။
ဟင်းလင်းပြင်ထဲ၌ မရေမတွက်နိုင်သော မျက်ဝန်းများသည် ရန်ကိုင့်အား စိုးရိမ်တကြီးဖြင့် လှမ်းကြည့်နေကြလေသည်။ ရန်ကိုင်တို့ပြောနေသည်ကို ဘေးပတ်ဝန်းကျင်တွင်ရှိနေသော တာအိုသခင်အဆင့် ပညာရှင်များ အတိုင်းသား ကြားနေကြရလေသည်။ အကြောင်းစုံကို သေချာနားမလည်ပါသော်ငြား လက်ရှိအခြေအနေမှာ သူတို့အတွက် အလွန်ကိုမှ အန္တရာယ်များကြောင်းကိုတော့ သိပေသည်။ ထို့အတွက်ကြောင့် ရန်ကိုင်မှ ပြဿနာအဖြေကိုရှာရန် မိုရှောင်ချီဆီသို့ လျှောက်သွားနေသည်ကိုမြင်သော် အကုန်လုံး စိတ်ဝင်စားသွားကြလေ၏။
မိုရှောင်ချီဆီသို့ လျှောက်သွားနေစဉ် ရန်ကိုင်သည် မိုရှောင်ချီ၏ နာမည်အား အသာအယာ လှမ်းခေါ်လိုက်လေသည်။ သို့သော်ငြား သူမည်သို့ပင် ခေါ်နေစေကာမူ မိုရှောင်ချီမှာ လုံးဝ ပြန်မထူးခဲ့ချေ။ မိုရှောင်ချီ လုံးဝ အသိစိတ်လွတ်သွားပြီမှန်း ရန်ကိုင် ချက်ချင်း နားလည်လိုက်တော့လေသည်။ ထို့အတွက်ကြောင့် ဆက်၍ ခေါ်မနေတော့ဘဲ ကောင်းကင်စိတ်အာရုံကိုသုံး၍ သူမနှင့် ဆက်သွယ်ရန် ကြိုးစားကြည့်လိုက်လေသည်။ မကြာမီတွင် ရန်ကိုင်သည် မိုရှောင်ချီနားသို့ ရောက်လာပြီး သူ့လက်ဖြင့် သူမအား ထိလိုက်လေသည်။
အကုန်လုံးသည် ထိုမြင်ကွင်းအား အသက်မရှူတမ်း စောင့်ကြည့်နေကြလေသည်။ ပတ်ဝန်းကျင်တစ်ခုလုံးမှာ သုဿန်တစပြင်နှယ် တိတ်ဆိတ်နေခဲ့ပြီး ထွက်ပေါ်နေသည့်အသံဆို၍ ကျင့်ကြံသူများ၏ နှလုံးခုန်သံသာ ရှိတော့လေသည်။
ရန်ကိုင်၏လက် မိုရှောင်ချီအား ထိတော့မည့်အခိုက် မိုရှောင်ချီ၏ခန္ဓာကိုယ် ရုတ်တရက် တုန်ရီသွားခဲ့ပြီး သူမပတ်လည်တွင် လှည့်ပတ်ပျံသန်းနေသော ကောင်းကင်ပုံရိပ်ယောင်လိပ်ပြာသည် ၎င်း၏တောင်ပံများကို ရုတ်တရက် ဖြန့်ကျက်ချလိုက်လေသည်။
ရန်ကိုင့်၏လှုပ်ရှားမှုအားလုံး ရပ်တန့်သွားခဲ့ပြီး သူ့မျက်လုံးများမှာလည်း အသိစိတ်ဆုံးရှုံးသွားလိုက်ရသည့်အလား ဦးတည်ချက် ပျောက်ဆုံးသွားခဲ့လေသည်။
“မကောင်းတော့ဘူး…” ထိုအချင်းအရာကိုမြင်သော် လန်ရွှင်း ထိတ်လန့်သွားခဲ့လေသည်။ ရန်ကိုင်သည် ကောင်းကင်ပုံရိပ်ယောင်လိပ်ပြာ၏ ပုံရိပ်ယောင်ထဲသို့ ကျသွားပြီမှန်း သိလိုက်လေသည်။
“အမှိုက်ကောင်… ကြည့်ရတာ ဒီသခင်လေး ပြေးမှ ရတော့မယ်နဲ့တူတယ်…” လန်ချိုသည် စိတ်ပျက်ပျက်အမူအယာဖြင့် အော်ပြောလိုက်လေသည်။
တစ်ခဏအကြာတွင် ရန်ကိုင့်၏ မှုန်မှိုင်းနေသော မျက်လုံးများ ရုတ်တရက် ပြန်အသိဝင်လာခဲ့ပြီး ရန်ကိုင်ကိုယ်တိုင်သည် သွေးတစ်ပွက်ကို ထိုးအန်လျက် မိုရှောင်ချီဆီမှ မီတာတစ်ထောင်အကွာသို့ ဆုတ်သွားလေသည်။ လက်ရှိအချိန်တွင် သူ့မျက်နှာတစ်ခုလုံး စက္ကူဖြူတစ်ရွက်နှယ် ဖြူဆွတ်နေပြီး သူ့အဝတ်အစားများမှာလည်း ချွေးများဖြင့် စိုရွှဲနေလေ၏။
“ကြမ်းလိုက်တာ…” ရန်ကိုင်သည် မိုရှောင်ချီအား အကြောက်မပြယ်သေးသည့် အမူအယာဖြင့် လှမ်းကြည့်လိုက်လေသည်။ စစချင်းတွင် ဘာကိုမှ မခံစားမိခဲ့ရပါသော်ငြား ရုတ်တရက်ဆိုသလို သူ့ရှေ့ရှိ မြင်ကွင်းအဖုံဖုံမှာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့လေသည်။ သူ့မျက်လုံးထဲ ဘာဆိုဘာမှကို မမြင်ရတော့ဘဲ တောင်ပံတဖျတ်ဖျတ်ခတ်နေသော ဧရာမလိပ်ပြာကြီးတစ်ကောင်ကိုသာ မြင်ရတော့လေ၏။
ထိုအရာသည် ကောင်းကင်ပုံရိပ်ယောင်လိပ်ပြာမှ ဖန်တီးထားသည့် ပုံရိပ်ယောင်တစ်ခုသာဖြစ်မှန်း သိနေပါသော်ငြား သူ့ကိုယ်သူ ထိုပုံရိပ်ယောင်ထဲမှ မည်သို့မှ ရုန်းမထွက်နိုင်ခဲ့ပေ။ ဝိဉာဉ်ကြာပန်းမှ အချိန်မီ ကယ်တင်ပေးခဲ့သည့် အတွက်ကြောင့်သာ မဟုတ်လျှင် ရန်ကိုင် ကျိန်းသေ သေသွားလောက်ပေပြီ။
ရန်ကိုင့်၏ဝိဉာဉ်သည် အလွန်တရာကိုမှ အားကောင်းလှလေရာ သာမန်ဧကရာဇ်အဆင့် ပညာရှင်တစ်ဦး၏ ဝိဉာဉ်ထက်ပင်လျှင် ပို၍ အားကောင်းပေသေးသည်။ သို့သော်ငြား သူသည်ပင်လျှင် ကောင်းကင်ပုံရိပ်ယောင်လိပ်ပြာ၏ ပုံရိပ်ယောင်တိုက်ခိုက်မှုကို မခုခံနိုင်ခဲ့လေရာ ဤနေရာတွင်ရှိနေသည့် မည်သူမျှ ခုခံနိုင်ကြတော့လိမ့်မည် မဟုတ်ချေ။ ထို့အပြင် ကြည့်ရသလောက် မိုရှောင်ချီ၏ စည်းတံဆိပ်မှာ လုံးဝပျက်ပြယ်ခြင်း မရှိသေးသည့်ပုံပင်။ ထို့အတွက်ကြောင့် ပုံရိပ်ယောင်တိုက်ခိုက်မှုမှာ အကောင်းဆုံးအခြေအနေတွင် ရှိမနေသေးပေ။ စည်းတံဆိပ်သာ အပြည့်အဝ ပျက်ပြယ်သွားသည်နှင့် ထွက်ပေါ်လာမည့် ပုံရိပ်ယောင်တိုက်ခိုက်မှု မည်မျှကြောက်မက်ဖွယ်ကောင်းမလဲ ဆိုသည်ကို ခန့်မှန်း၍ပင် သိနိုင်နေလေပြီ။
ဤနေရာတွင် ကြယ်တာရာအစုအဝေး၏ လက်ရွေးစင်ပေါင်းများစွာ စုဝေးနေကြလေသည်။ ထိုလက်ရွေးစင်အားလုံးသည်သာ ပျောက်ကွယ်သွားရမည်ဆိုပါက ကြယ်တာရာအစုအဝေးမှာ နောင်နှစ်ပေါင်းငါးရာလောက်ထိ ကြာသည့်တိုင် ယခင်အခြေအနေသို့ ပြန်ရောက်နိုင်တော့လိမ့်မည် မဟုတ်ပေ။
“ဂျူနီယာညီမလန်… ဒါကို ပြန်ပြီး ချိတ်ပိတ်လို့ရမဲ့ အခြားနည်းလမ်းမရှိတော့ဘူးလား…” ရန်ကိုင်သည် လန်ရွှင်းဘက်သို့ လှည့်၍ မေးလိုက်လေသည်။
လန်ရွှင်းမှာ ဖြည်းဖြည်းချင်းသာ ခေါင်းခါပြနေလေ၏။
“အဲ့ဒါဆိုရင် ပြေးဖို့ပဲရှိတော့တာပေါ့ကွာ… အကုန်လုံး ပြေးကြပေတော့… ငါတို့ သေမယ်ရှင်မယ်ဆိုတာကို ကံကြမ္မာက ဆုံးဖြတ်ပေးလိမ့်မယ်…” လန်ချိုက မှုန်ကုပ်ကုပ်အမူအယာဖြင့် အကြံပေးလိုက်လေသည်။ ဤနေရာတွင် ရှိနေသည့် လူများအနက် အထွက်ပြေးချင်ဆုံးလူမှာ သူသာ ဖြစ်လေသည်။ တကယ်တော့ မိုရှောင်ချီသည် အစကတည်းက သူ့အား မျက်တောင်မခတ်တမ်း တောက်လျှောက် စိုက်ကြည့်နေခဲ့သည် မဟုတ်ပေလော။
အကုန်လုံးတွင် ဤကိစ္စအား ဖြေရှင်းနိုင်မည့် အဖြေတစ်ခု ရှိမနေသည့် အတွက်ကြောင့် လူတိုင်းမှာ လန်ချိုပြောသည့်အတိုင်း အချိန်မရွေး ထွက်ပြေးရန် စတင်ပြင်ဆင်ကြတော့လေသည်။
ထိုအခိုက်အတန့်မှာပင် ထူးဆန်းသည့် အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာလေ၏။ “မင်းတို့စိတ်ထဲ မထားလို့ရှိရင် ဒီလူအိုကြီး တစ်ချက် စမ်းကြည့်ပေးရမလား…”
အသံသည် လူတိုင်း၏ အာရုံကိုဆွဲဆောင်သွားခဲ့လေသည်။ သို့သော်ငြား လှမ်းကြည့်လိုက်သည့်အခိုက် အကုန်လုံးမှာ မြင်လိုက်ရသည့်မြင်ကွင်းကြောင့် အံ့အားသင့်သွားကုန်ကြလေသည်။ အကြောင်းမှာ စကားပြောလိုက်သည့်လူသည် လူလိမ်အိုကြီးဖြစ်နေသည့် အတွက်ကြောင့်ပင်လျှင်။
ဤနေရာတွင် ရှိနေသည့် လူများအနက် ရန်ကိုင်နှင့် မိုရှောင်ချီမှလွဲ၍ ကျန်သည့်လူအားလုံးမှာ လူလိမ်အိုကြီးအား ပထမဦးဆုံးအကြိမ်အဖြစ် တွေ့ဖူးခြင်း ဖြစ်လေသည်။ လူလိမ်အိုကြီးသာ သူ၏ ယခင်ပုံစံ တစ်နည်းဆိုရသော် သူဖုန်းစားပုံစံဖြင့်သာ ဤကဲ့သို့သော စကားမျိုးကို ပြောလိုက်မည်ဆိုပါက လူတိုင်း၏ ဆဲရေးတိုင်းထွာခြင်းကို ခံရမည်မှာ မလွဲမသေပင်။ သို့သော်ငြား လက်ရှိအချိန်တွင် သူ့ပုံစံမှာ အနည်းငယ် ကြည့်ပျော်ရှုပျော်ဖြစ်နေလေသည်။
“ရှင်က…” လန်ရွှင်းသည် လူလိမ်အိုကြီးအား မယုံသင်္ကာ မျက်ဝန်းများဖြင့် လှမ်းကြည့်လိုက်လေသည်။ သူမစိတ်ထဲ ဤလူအိုကြီးနှင့် ပတ်သက်၍ အနည်းငယ်ရင်းနှီးနေသလို ခံစားနေရပါသော်ငြား မည်သို့ပင် စဉ်းစားနေစေကာမူ ဘာကိုမှ သေချာမမှတ်မိနိုင် ဖြစ်နေခဲ့လေသည်။
ထိုလူအိုကြီးကို မြင်ပြီးသည့်နောက် ယောင်စီ၏အမူအယာလည်း လေးနက်တည်ကြည်သွားခဲ့လေသည်။ သူ့စိတ်ထဲခံစားနေရသည်မှာ လန်ရွှင်းနှင့် မတူညီပါသော်ငြား သူကိုယ်တိုင်သည်လည်း ဤလူအိုကြီးနှင့်ပတ်သက်၍ စိတ်ဂနာမငြိမ် ဖြစ်နေရ၏။ ထို့ကြောင့် သူ့ကောင်းကင်စိတ်အာရုံကိုဖြန့်ကျက်၍ လူလိမ်အိုကြီးအား စစ်ဆေးကြည့်လိုက်သော်ငြား ဘာကိုမှ အာရုံခံမရခဲ့ပေ။
သူ၏ ဧကရာဇ်အဆင့် ကျင့်ကြံခြင်းနှင့်ပင်လျှင် လူအိုကြီးနှင့် ပက်သက်၍ ဘာကိုမှ အာရုံခံစားနိုင်ခြင်း မရှိခဲ့ချေ။
ထိုတွေ့ရှိမှုသည် ရန်ကိုင်မှ လန်ချို၏ တိုက်ကွက်အား လက်ဗလာသက်သက်ဖြင့် ခုခံသွားသည့် မြင်ကွင်းထက်ကိုပင်လျှင် ယောင်စီအား ပို၍ ထိတ်လန့်သွားစေခဲ့ပေသည်။
“ခင်ဗျား ဘယ်ကနေ ထွက်လာတာလဲ လူအိုကြီး… ကျုပ် ခုနတုန်းက ခင်ဗျားကို လုံးဝမတွေ့ရပါလား…” လန်ချို၏မျက်လုံးများမှာတော့ လုံးဝကို ပြူးကျယ်နေခဲ့လေသည်။ လူလိမ်အိုကြီးသာ သူ့ဘာသာ စကားပြောမလာခဲ့လျှင် လူလိမ်အိုကြီး ဤနေရာ၌ ရှိလို့ရှိမှန်းကို လန်ချို လုံးဝ သိလိမ့်မည် မဟုတ်ချေ။
“ဟဲ ဟဲ… လူအိုကြီးက ဒီမှာရောက်နေတာကြာပြီ… မင်းတို့ငါ့ကို သတိမထားမိတာပဲ ဖြစ်လိမ့်မယ်…” လူလိမ်အိုကြီးက ယဲ့ယဲ့လေးပြုံးလျက် ပြန်ပြောလိုက်လေသည်။
“ထူးဆန်းတယ်… အရမ်းကိုထူးဆန်းလွန်းတယ်…” လန်ချိုမှာ ဇဝေဇဝါကို ဖြစ်နေခဲ့လေသည်။ ယနေ့တွင် ရှင်းပြမရသည့် အဖြစ်အပျက်များမှာ တစ်ခုပြီးတစ်ခုကို အကြောင်းအရင်းမရှိ ဖြစ်ပျက်နေခဲ့လေသည်။
လူလိမ်အိုကြီးသည် ပြောရင်းဆိုရင်းမှ မိုရှောင်ချီဆီသို့ တစ်လှမ်းချင်းစီ လျှောက်သွားနေခဲ့လေသည်။
ရန်ကိုင်က တည်တည်ငြိမ်ငြိမ်ဖြင့် လှမ်းမေးလိုက်လေသည်။ “လူအိုကြီး… ခင်ဗျား ဆေးလုံးတွေ မရောင်းတော့ဘူးလား… ပြီးတော့ ဒီ နတ်ဝိဉာဉ်စည်းတံဆိပ်အကြောင်းကို ခင်ဗျား သိနေတာလား…”
အခြားသူများနှင့် မတူညီစွာပင် ရန်ကိုင်သည် လူလိမ်အိုကြီးအကြောင်းကို အနည်းအကျဉ်းတော့ သိပေသည်။ လူလိမ်အိုကြီးသည် လိမ်ညာလှည့်ဖျားသည့် နေရာတွင် အတုမရှိသူတစ်ဦး ဖြစ်လေသည်။ ယခုတစ်ကြိမ်တွင်လည်း သူ မည်ကဲ့သို့ လှည့်စားဦးမည်ကို မည်သူမှ မသိကြပေ။ သူသေသည်ရှင်သည်ကို ရန်ကိုင်ဂရုမစိုက်။ သို့သော်ငြား မိုရှောင်ချီ ဒုက္ခရောက်မည်ဆိုလျှင်တော့ ပြဿနာအကြီးကြီး တက်နိုင်ပေသည်။
လူအိုကြီးက ယဲ့ယဲ့လေးပြုံးလျက် ပြန်ပြောလိုက်လေ၏။ “ငါအသက်ရှင်လာတာ အကြာကြီးရှိနေတာပြီ… ငါ့ဘဝမှာ အသစ်အသစ်တွေကို အမြဲတမ်းသင်ယူနေတာ… ဒီတော့ ဘယ်အရာကိုမဆို နည်းနည်းပါးပါးတော့သိတယ်… ဆေးလုံးမရောင်းတော့ဘူးလားဆိုတာကတော့ ငါ့မှာ ရောင်းရမဲ့ဆေးလုံးတွေ ကုန်သွားပြီလေ… ဒီတော့ အလုပ်အကိုင်ပြောင်းရတော့တာပေါ့…”
ရန်ကိုင်က ဆူပုပ်ပုပ်မျက်နှာဖြင့် “အခု ခင်ဗျားက ချိတ်စည်းတွေကို လေ့လာနေတဲ့အလုပ်ကို ပြောင်းလိုက်တယ်ပေါ့…”
“စီနီယာအစ်ကိုရန်၊ ရှင်သူ့ကိုသိတာလား…” လန်ရွှင်းသည် ရန်ကိုင့်အား အံ့ဩတကြီးဖြင့် ကြည့်ရင်း မေးလိုက်လေသည်။