ထိုးချက်တစ်ချက်
Vol. 177 Ch. 2641
အနက်ရောင်ချပ်ဝတ်အမျိုးသားသည် ခေါင်းသုံးလုံးငရဲခွေးကိုစီးနင်းပြီး သိုင်းတာအိုပင်မခန္ဓာ၏ ရှေ့သို့ ဖြည်းဖြည်းချင်းရောက်ရှိလာသည်။ သူသည် လက်တစ်ကမ်းမကွာဝေးတော့မှသာ ရပ်တန့်လိုက်လေသည်။
သူ၏ အပြုအမယူက အလွန်တရာရန်လိုနေ၏။
ငရဲခွေး၏ မျက်လုံးခြောက်လုံးက ကြမ်းကြုတ်ခက်ထန်သော အလင်းရောင်များနှင့်အတူ သိုင်းတာအိုပင်မခန္ဓာကို စိုက်ကြည့်နေသည်။ ၎င်းသည် သိုင်းတာအိုပင်မခန္ဓာ၏ ရှေ့မှာ သူ၏ ပါးစပ်ကို ဖြဲထားပြီး လှမ်းဟပ်ဖို့ကို အဆင်သင့်ဖြစ်နေသည်။
သူ့သခင်က အမိန့်ပေးလိုက်သည်နှင့် သူသည် ခရမ်းရောင်ဝတ်အမျိုးသားကို အပိုင်းပိုင်းကိုက်ဖြတ်နိုင်သည်ဟု ယုံကြည်မှုရှိနေ၏။
ခရမ်းရောင်ဝတ်အမျိုးသားထုတ်ဖော်ထားသည့်အော်ရာက သူ့ကိုအလွန်တရာ မနှစ်မမြို့ခံစားရစေသည်။
သိုင်းတာအိုပင်မခန္ဓာ၏ မျက်လုံးထဲမှာ မည်သည့်ကြောက်ရွံ့မှုမှမရှိဘဲ သူ၏အမူအရာက အေးစက်လာခဲ့သည်။
“မင်းငါ့ကိုမြင်တာ ဘာလို့ဦးမညွှတ်တာလဲ”
အနက်ရောင်ချပ်ဝတ်အမျိုးသားက သိုင်းတာအိုပင်မခန္ဓာကို ငုံ့ကြည့်ပြီး အေးစက်စွာမေးလိုက်၏။
“သွားစမ်းပါကွာ”
သိုင်းတာအိုပင်မခန္ဓာက သူနှင့်အချိန်ဖြုန်းမနေဘဲ စကားတစ်ခွန်းကိုသာ အေးစက်စွာ ပြောလိုက်သည်။
အနက်ရောင်ချပ်ဝတ်အမျိုးသားက ခဏမျှမှင်တက်သွား၏။ ခရမ်းရောင်ဝတ်ကျင့်ကြံသူသည် သူ့ကို ဤကဲ့သို့သောပုံစံဖြင့် ပြောဆိုရဲလိမ့်မည်ဟု သူက ထင်မှတ်မထားသည့်ပုံပင်။
သူ၏ နောက်ဘက်မှာ ငရဲငယ်သားများစွာ၏ အမူအရာများကလည်း ထိုစကားကိုကြားသောအခါ ပြောင်းလဲသွားကြသည်။
“မင်းက အသက်ရှင်ရတာ ငြီးငွေ့နေတာပဲဖြစ်ရမယ်”
ငရဲဗိုလ်ရာချီက သတ်ဖြတ်လိုစိတ်များကို ချက်ချင်းပင်ထုတ်ဖော်ပြီး တိုက်ခိုက်ဖို့ကို အဆင်သင့်ပြင်လိုက်ကြ၏။
ငရဲခွေးကလည်း သိုင်းတာအိုပင်မခန္ဓာကို အရူးအမူးထိုးဟောင်နေသည်။ အနက်ရောင်ချပ်ဝတ်အမျိုးသား၏ ထိန်းချုပ်မှုကြောင့်မဟုတ်လျှင် သူက ရှေ့သို့ခုန်တက်လာပေလိမ့်မည်။
ချောမောသောအမျိုးသမီးက သိုင်းတာအိုပင်မခန္ဓာကိုကြည့်ပြီး သူမ၏ ခေါင်းကို ညင်သာစွာခါပြကာ စေတနာဖြင့် သတိပေးလိုက်၏။
“ဒါက တမလွန်ဗိုလ် မြောက်ပိုင်းမဟူရာပဲ... နင်ဘာလို့သူ့ကိုနှုတ်မဆက်သေးတာလဲ”
“တမလွန်ဗိုလ်လား”
သိုင်းတာအိုပင်မခန္ဓာက မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။
သူသည် စောစောက ဝိညာဥ်ရှာဖွေခြင်းအတတ်ကို အသုံးပြုခဲ့စဥ် ထိုမှတ်ဉာဏ်များသည် ငရဲငယ်သားများနှင့် ငရဲဗိုလ်များကိုသာ ထုတ်ဖော်ပြသခဲ့သည်။ ထိုသို့ဆိုလျှင် တမလွန်ဗိုလ်ဆိုတာဘာလဲ။
ချောမောသောအမျိုးသမီးသည် သိုင်းတာအိုပင်မခန္ဓာက တွေဝေရှုပ်ထွေးသောအမူအရာဖြင့် နေရာမှာတင်မတ်တတ်ရပ်နေဆဲ ဖြစ်သည်ကို တွေ့ရသောအခါ သူမက ထပ်မံ၍ပြောလိုက်သည်။
“တမလွန်ဗိုလ် မြောက်ပိုင်းမဟူရာကို ရှင်ကြားတောင်မကြားဖူးဘူးလို့တော့ မပြောနဲ့နော်”
“လုံးဝပဲ.. မကြားဖူးဘူး”
သိုင်းတာအိုပင်မခန္ဓာက ပြောလိုက်၏။
သူ၏ စိတ်ဝိညာဥ်အသိစိတ်က သူ့ရှေ့မှာရှိသော တမလွန်ဗိုလ် မြောက်ပိုင်းမဟူရာဆိုသူကို ထောက်လှမ်းထားခဲ့ပြီဖြစ်ပြီး သူ၏ ကျင့်ကြံမှုနယ်ပယ်က ငရဲဗိုလ်တစ်ဦး၏ အဆင့်မှာသာရှိလေသည်။ သူတို့ကို ခေါ်ဆိုသည့်ဘွဲ့များ ကွာခြားသွားရုံမျှသာဖြစ်သည်။
“ဟဲဟဲ...”
တမလွန်ဗိုလ် မြောက်ပိုင်းမဟူရာက လှောင်ရယ်ပြီးမေးလိုက်သည်။
“ငိုကြွေးဝိညာဥ်တောင်ကြောရိုးရဲ့ ပိုင်နက်အရှင်ကို သတ်ဖြတ်ခဲ့တဲ့သူက မင်းလား”
“ဟုတ်တယ်”
သိုင်းတာအိုပင်မခန္ဓာက ပြောလိုက်သည်။
“နင်က ငိုကြွေးဝိညာဥ်တောင်ကြောရိုးတစ်ခုလုံးကို တစ်ယောက်တည်းချေမှုန်းခဲ့တာလား”
ချောမောသောအမျိုးသမီးက မယုံကြည်နိုင်စွာဖြင့်မေးလိုက်သည်။
သူတို့သည် ယခုတင်ရောက်ရှိလာခါစဖြစ်ပြီး ကြီးမားပြင်းထန်သည့် ငလျင်တစ်ခုဖြစ်ပွားခဲ့သည့်အလား ငိုကြွေးဝိညာဥ်တောင်ကြောရိုး၏ အချင်းဝက် ကီလိုမိတာတစ်သန်းပတ်လည်က အပျက်အစီးပုံများအဖြစ် ပြောင်းလဲသွားသည်ကို သူတို့က ရှင်းရှင်းလင်းလင်းတွေ့မြင်ခဲ့ရသည်။
“မကြောက်ပါနဲ့”
တမလွန်ဗိုလ် မြောက်ပိုင်းမဟူရာက ညင်သာစွာပြုံးပြလိုက်သည်။
“ငါက ငိုကြွေးဝိညာဥ်တောင်ကြောရိုးရဲ့ ပိုင်နက်အရှင်ကို ဂရုမစိုက်ဘူး... မင်းက သူ့ရဲ့နေရာကို သိမ်းပိုက်ယူလို့ရတယ်... ဒါပေမဲ့ စစ်ပွဲရဲ့အကျိုးအမြတ်တွေအားလုံးကိုတော့ ငါ့ကိုပေးရမယ်”
ခဏမျှရပ်တန့်ပြီးနောက် သူက အေးစက်စွာပြောလိုက်သည်။
“ငါမင်းကို သတိပေးလိုက်မယ်... ငါနဲ့လာပြီး ဘာညှိနှိုင်းဆွေးနွေးမှုမှလုပ်လို့ရမှာ မဟုတ်ဘူး... ငါက စောစောက မင်းအသက်ကို ချမ်းသာပေးခဲ့ပြီးပြီ”
“အရှင်မြောက်ပိုင်းမဟူရာ... ကျုပ်တို့တွေက သူ့ကို ဒီလိုပဲလွှတ်ပေးလိုက်ရမှာလား”
“သူက ခင်ဗျားကို စတင်ပြီးနှုတ်ဆက်ခဲ့တာတောင်မရှိဘူး... စောစောက သူက ခင်ဗျားကို ရိုင်းရိုင်းပျပျပြောပြီး ဆန့်ကျင်ခဲ့သေးတယ်... သူ့ကိုလွှတ်ပေးလိုက်ဖို့က သက်ညှာလွန်းရာကျနေတယ်”
တမလွန်ဗိုလ် မြောက်ပိုင်းမဟူရာ၏ နောက်ဘက်မှာရှိသော ငရဲဗိုလ်ရာချီက တစ်ယောက်တစ်ပေါက် ဝင်ရောက်ပြောဆိုလာကြသည်။
သူတို့သည် သိုင်းတာအိုပင်မခန္ဓာကို လွှတ်ပေးဖို့စိတ်ကူးမရှိပေ။
“နင်ဘာကိုစောင့်နေတာလဲ... မြန်မြန်သဘောတူလိုက်လေ”
ချောမောသောအမျိုးသမီးက ဘေးကနေ သတိပေးလိုက်၏။ ရုတ်တရက် သိုင်းတာအိုပင်မခန္ဓာက ရယ်မောလိုက်သည်။
ပွင့်ပွင့်လင်းလင်းပြောရလျှင် သူသည် ငိုကြွေးဝိညာဥ်တောင်ကြောရိုး၏ စစ်ပွဲအကျိုးအမြတ်များဟု ခေါ်ဆိုသောအရာများကို လုံးဝစိတ်မဝင်စားပေ။ တမလွန်ဗိုလ် မြောက်ပိုင်းမဟူရာက သူတို့အားလုံးကို ယူဆောင်သွားမည်ဆိုလျှင်တောင် သူက စိတ်ကွက်မိမည် မဟုတ်ပေ။
သို့သော်လည်း ဤလူ၏ စကားလုံးများနှင့် အပြုအမူများက သူ့ကို အလွန်တရာမနှစ်မမြို့ဖြစ်စေသည်။
ကောင်းကင်ဘုံကမ္ဘာမှာပင်လျှင် သူ့ကိုတစ်ယောက်ယောက်က မခြိမ်းခြောက်ရဲတော့သည်မှာ ကြာခဲ့ပြီဖြစ်သည်။
“ဒါနဲ့...”
သိုင်းတာအိုပင်မခန္ဓာက နားမလည်မှာကိုစိုးပြီး တမလွန်ဗိုလ် မြောက်ပိုင်းမဟူရာက ငိုကြွေးဝိညာဥ်တောင်ကြောရိုး ပိုင်နက်အရှင်၏ အလောင်းကို လက်ညှိုးထိုးကာ ပြောလိုက်သည်။
“ဒီတောကောင်ရဲ့ တမလွန်သလင်းလုံကို ထုတ်ယူထားပြီးပြီပဲ... အဲဒါက မင်းဆီမှာရှိရမယ်”
“အဲဒီတမလွန်သလင်းလုံးကိုပါထုတ်ပေး... မင်းယူထားဖို့ မစဥ်းစားလိုက်နဲ့”
သိုင်းတာအိုပင်မခန္ဓာက မှင်သေသေဖြင့် ပြောလိုက်သည်။
“မင်းတို့ကိုလည်း ငါစေတနာနဲ့သတိပေးလိုက်မယ်... ဒီကနေမြန်မြန်လစ်တော့”
“ဂါး...”
တမလွန်ဗိုလ် မြောက်ပိုင်းမဟူရာက မတိုက်ခိုက်ခင်မှာပင် သူစီးနင်းလာသည့် ခေါင်းသုံးလုံးငရဲခွေးက ဆက်လက်၍သည်းမခံနိုင်တာ့ပေ။ ၎င်းက ဒေါသတကြီးဟိန်းဟောက်သံကို ထုတ်ဖော်ပြီး သိုင်းတာအိုပင်မခန္ဓာထံ ခုန်အုပ်လိုက်၏။
“ဆူလိုက်တာ”
သိုင်းတာအိုပင်မခန္ဓာက သူ၏ လက်ကို လှုပ်ခါပြီး ရိုက်ချလိုက်၏။
သူ၏ လက်ဖဝါးက ဧရာမကြိတ်ဆုံကျောက်တစ်ခုကဲ့သို့ အပေါ်ကနေ အုပ်မိုးလာပြီး ငရဲခွေး၏ ခေါင်းသုံးလုံးကို ပစ်ရိုက်ချလိုက်၏။
ဖောင်း...
သွေးရွှံ့အိုင်တစ်အိုင်က ဖြည်းဖြည်းချင်းစီးကျလာခဲ့သည်။
ဤငရဲခွေး၏ ကျင့်ကြံမှုက အားမနည်းပေ။ ဆီးနှင်းစိမ့်စမ်းငရဲမှာ ၎င်းသည် အမြင့်တန်း ငရဲဗိုလ်တစ်ဦး၏ အဆင့်ထိ ရောက်ရှိနေပြီဖြစ်ပြီး တမလွန်ဗိုလ် မြောက်ပိုင်းမဟူရာနောက်သို့ နှစ်ပေါင်းများစွာလိုက်ပါလာခဲ့သည်။
သို့သော်လည်း သိုင်းတာအိုပင်မခန္ဓာအတွက်တော့ သူ့ကိုသတ်ဖြတ်ရသည်က ပုရွက်ဆိတ်တစ်ကောင်ကို ဖိခြေသတ်ဖြတ်ရသလို ရိုးရှင်းလေသည်။
“မင်းကတော့... သေချင်နေတာပဲ”
တမလွန်ဗိုလ် မြောက်ပိုင်းမဟူရာက ဒေါသချောင်းချောင်းထွက်သွားပြီး စကားကို တစ်လုံးချင်းပြောလိုက်သည်။
သိုင်းတာအိုပင်မခန္ဓာက သူ၏ လက်ချောင်းကို ညင်သာစွာ လှုပ်ခါပြီး အလွန်တရာမြန်ဆန်သောအလျင်အဟုန်ဖြင့် ဓားချီတစ်ခုကို ပစ်ထုတ်လိုက်၏။ ထိုဓားချီက တမလွန်ဗိုလ် မြောက်ပိုင်းမဟူရာ၏ နှာရောင်ထဲသို့ ချက်ချင်းပင်ဝင်ရောက်သွား၏။
ငရဲဗိုလ်များဖြစ်စေ၊ တမလွန်ဗိုလ်များဖြစ်စေ သူတို့သည် ကောင်းကင်ဘုံကမ္ဘာမှာ ပကတိအင်မော်တယ်များနှင့်သာ တူညီလေသည်။
သူတို့နှစ်ယောက်ကြားကွာဟချက်က အရမ်းကိုကြီးမားနေ၏။
တမလွန်ဗိုလ် မြောက်ပိုင်းမဟူရာသည် သိုင်းတာအိုပင်မခန္ဓာထံမှ ရိုးရှင်းသောဓားချီတစ်ခုကိုပင် မခုခံနိုင်ပေ။
သို့သော်လည်း သိုင်းတာအိုပင်မခန္ဓာ၏ ဓားချီက တမလွန်ဗိုလ် မြောက်ပိုင်းမဟူရာ၏ နှာရောင်နှင့် ထိတွေ့သောအခါ သူ့နှာရောင်ပေါ်မှ ခတ်နှိပ်ထားသော ထူးခြားသည့်မှော်စာလုံးက ရုတ်တရက်နက်မှောင်၍ အေးစက်နေသော စွမ်းအားတစ်ခုကို ထုတ်ဖော်လိုက်သည်။
ထိုစွမ်းအားသည် ဓားချီ၏ ထက်ရှမှုကို ခုခံဆန့်ကျင်လိုပုံရသည်။
သို့သော်လည်း သူတို့ကြားခွန်အားကွာဟချက်က မိုးနှင့်မြေလိုဖြစ်နေသည်။
ဓားချီက လုံးဝရပ်တန့်မသွားဘဲ တမလွန်ဗိုလ် မြောက်ပိုင်းမဟူရာ၏ အသိစိတ်ထဲသို့ ချက်ချင်းပင်ဝင်ရောက်ကာ သူ၏ အမြုတေစိတ်ဝိညာဥ်ကို ထိုးဖောက်လိုက်၏။
တမလွန်ဗိုလ် မြောက်ပိုင်းမဟူရာက နေရာမှာတင် သေဆုံးသွားသည်။
ဤတစ်ခေါက်မှာ သိုင်းတာအိုပင်မခန္ဓာသည် ဝိညာဥ်ရှာဖွေဖို့အတွက် သူ၏ အမြူတေစိတ်ဝိညာဥ်ကို ထိန်းသိမ်းထားခြင်းပင် မရှိပေ။
အရာရာတိုင်းက အရမ်းကို လျင်မြန်စွာ ဖြစ်သွားခဲ့သည်။
ခေါင်းသုံးလုံးငရဲခွေးရိုက်နှက်ခံရခြင်းကနေ တမလွန်ဗိုလ် မြောက်ပိုင်းမဟူရာသေဆုံးချိန်ထိ အသက်တစ်ချက်ရှိုက်စာပင် မကြာခဲ့ပေ။
ငရဲဗိုလ်ရာချီက တုံ့ပြန်လာသည့်အချိန်မှာ လူတစ်ယောက်နှင့် ငရဲခွေးတစ်ကောင်က နေရာမှာပင် သေဆုံးသွားခဲ့ပြီဖြစ်သည်။
အာ...
ငရဲဗိုလ်များက တုန်လှုပ်သွားကြသည်။
တမလွန်ဗိုလ် မြောက်ပိုင်းမဟူရာသည် ဓားချီတစ်ခုဖြင့် သတ်ဖြတ်ခံရလိမ့်မည်ဟု သူတို့က ထင်မှတ်မထားခဲ့ပေ။
အဲဒါထက် ဤလျှို့ဝှက်ဆန်းကြယ်သောခရမ်းရောင်ဝတ်အမျိုးသားသည် တမလွန်ဗိုလ် မြောက်ပိုင်းမဟူရာကို တိုက်ခိုက်ရဲလိမ့်မည်ဟု သူတို့က ထင်မှတ်မထားခဲ့ကြပေ။
သူက ရှေးဟောင်းတမလွန်မျိုးနွယ်၏ လက်စားချေမှုကို မကြောက်ရွံ့ဘူးလား။
“သူ့ကိုသတ်ကြ”
ငရဲဗိုလ်ရာချီက လျင်မြန်စွာတုံ့ပြန်ပြီး အော်ငေါက်လိုက်ကြသည်။ သူတို့တစ်ယောက်ချင်းစီက သူတို့၏ နတ်ဘုရားလက်နက်များနှင့် ဓမ္မရတနာများကိုဆင့်ခေါ်ပြီး သိုင်းတာအိုပင်မခန္ဓာထံ ကြမ်းကြုတ်ခက်ထန်သော တိုက်ခိုက်မှုများကို ထုတ်ဖော်လိုက်ကြသည်။
သိုင်းတာအိုပင်မခန္ဓာက အရာရာတိုင်းကို ရှင်းလင်းစွာတွေ့မြင်နေရသည်။
ဤဆီးနှင်းစိမ့်စမ်းငရဲမှာ ငရဲဗိုလ်များထုတ်ဖော်ထားသည့် နည်းလမ်းများက အထက်ဘုံလောက၏ နတ်ဘုရားစွမ်းအားများနှင့် လျှို့ဝှက်အတတ်များနှင့်များစွာမကွာခြားပေ။
သို့သော်လည်း ထိုနတ်ဘုရားစွမ်းအားများနှင့် လျှို့ဝှက်အတတ်များမှာ အပိုမိစ္ဆာစွမ်းအားတစ်ခု ထပ်မံပါဝင်နေသည်။
သိုင်းတာအိုပင်မခန္ဓာက အမူအရာကင်းမဲ့စွာဖြင့် ရှေ့သို့ပစ်ထိုးလိုက်သည်။
ဝုန်း...
ထိုထိုးချက်နှင့်အတူ နတ်ဘုရားလက်နက်များ စိတ်ဝိညာဥ်ရတနာများ၊ နတ်ဘုရားစွမ်းအားများနှင့် လျှို့ဝှက်အတတ်များက ဘာမှမကျန်အောင် ချက်ချင်းပင်ပျက်ပြယ်သွားသည်။
အခြားတစ်ဘက်မှာရှိသော ငရဲဗိုလ်ရာချီပင်လျှင် သိုင်းတာအိုပင်မခန္ဓာထံမှ ထိုးချက်တစ်ချက်ဖြင့် သွေးမြူများအဖြစ် ပြောင်းလဲသွားသည်။
ငရဲဗိုလ်အုပ်စုသည် သိုင်းတာအိုပင်မခန္ဓာထံမှ ထိုးချက်တစ်ချက်ဖြင့် ဖျက်ဆီးခံလိုက်ရပြီး သူတို့၏ အမြုတေစိတ်ဝိညာဥ်များက ပျက်စီးသွားကြသည်။
တောင်တန်းများနှင့်လွင်ပြင်များမှာ ဖြန့်ကြက်နေရာယူထားသည့် များပြားလှစွာသော ငရဲငယ်သားများက ရှေ့သို့ပြေးဝင်လာစဥ်မှာပင် ဤကဲ့သို့သောမြင်ကွင်းကို တွေ့မြင်လိုက်ရသည်။
သူတို့၏ မျက်နှာများက ဖြူဖပ်ဖြူရော်ဖြစ်သွားပြီး သူတို့က လိပ်ပြာလွင့်မတတ်ကြောက်လန့်လာကြသည်။
ထိုငရဲငယ်သားများအနေဖြင့် ထွက်ပြေးချင်သည်ဆိုလျှင်တောင် နောက်ကျသွားခဲ့ပြီဖြစ်သည်။
ရုတ်တရက် သိုင်းတာအိုပင်မခန္ဓာ၏ ခန္ဓာကိုယ်ထဲကနေ အနက်ရောင်မီးတောက်လုံးတစ်လုံးက ထွက်ပေါ်လာခဲ့လေသည်။