ခြိမ်းခြောက်ခြင်း
Vol. 177 Ch. 2645
“လက်စသတ်တော့ စိမ်းလန်းမီးတောက်တောင်ကြောရိုးရဲ့သခင်လေးပဲ”
ထန်ချင်အာက ထိုသူကိုတွေ့မြင်သောအခါ သူမ၏ လက်သီးနှစ်ဖက်ကို ယှက်ပြပြီး နှုတ်ဆက်လိုက်သည်။
အလောင်းတောင်ကြောရိုးနှင့်ဆင်တူစွာပင် စိမ်းလန်းမီးတောက်တောင်ကြောရိုးသည် မဟာငရဲတောင်ကြောရိုးဆယ်ခုထဲမှတစ်ခုဖြစ်သည်။
စိမ်းလန်းမီးတောက်တောင်ကြောရိုး၏ သခင်လေးက ပြုံး၍ပြောလိုက်သည်။
“မြောက်ရိုးမရဲ့မင်းသမီးလေးက ခါတိုင်းဆို ဗဟိုချက်မြို့တော်မှာကျင့်ကြံနေတာပါ... မင်းက ဘုရင်မြောက်ရိုးမရဲ့ မွေးနေ့စားသောက်ပွဲအတွက် အခုလိုခရီးရှည်ကြီးဖြတ်သန်းပြီး ပြန်လာတာ တကယ့်ကို ရှားရှားပါးပါးပဲ”
ထန်ချင်အာက ပြောလိုက်သည်။
“အဖေ့ရဲ့ အသက်ရှစ်သိန်းမွေးနေ့ပွဲကို ကျမက ဘယ်လိုလုပ်လက်လွှတ်ခံနိုင်မှာလဲ”
စိမ်းလန်းမီးတောက်တောင်ကြောရိုးသခင်လေး၏ မျက်လုံးများက ပို၍ထက်ရှလာခဲ့သည်။
“ဟုတ်တာပေါ့.. မင်းက ဒီတစ်ခေါက် မွေးနေ့ဂုဏ်ပြုစားသောက်ပွဲကို လွတ်သွားမယ်ဆိုရင် တကယ့်ကို နှမြောစရာကောင်းတယ်”
“သခင်လေး...”
စိမ်းလန်းမီးတောက်တောင်ကြောရိုး၏ ငရဲဘုရင်ပညာရှင်က ညင်သာစွာပြောလိုက်သည်။
“ကျုပ်တို့ သွားဖို့သင့်ပြီ”
“ဟုတ်ပြီလေ”
စိမ်းလန်းမီးတောက်တောင်ကြောရိုး၏ သခင်လေးက ရယ်မောပြီး ကျင့်ကြံသူတစ်အုပ်စုနှင့်အတူ ထန်ချင်အာနှင့် အခြားသူများဘေးကနေ ဖြတ်သန်းသွားကြသည်။
သိုင်းတာအိုပင်မခန္ဓာသည် တစ်နည်းနစ်ဖုံထူးဆန်းနေသည်ဟု ခံစားရသည်။
ပုံမှန်အားဖြင့်.. ပြောရလျှင် စိမ်းလန်းမီးတောက်တောင်ကြောရိုးသည် မဟာငရဲတောင်ကြောရိုးဆယ်ခုထဲမှ တစ်ခုသာလျှင်ဖြစ်ပြီး ဘုရင်မြောက်ရိုးမ၏ အုပ်ချုပ်မှုအောက်မှာရှိလေသည်။
သို့သော်လည်း ဘုရင်မြောက်ရိုးမနေထိုင်သော မြောက်ရိုးမမြို့တော်မှာ သူသည် ထန်ချင်အာပေါ် လေးစားမှုများစွာမရှိသည့်ပုံပင်။
“အဲဒါသူပဲ”
ထိုစဥ်မှာပင် မလှမ်းမကမ်းကနေ အော်သံတစ်သံထွက်ပေါ်လာသည်။
“ခရမ်းရောင်ဝတ်ရုံနဲ့ ငွေရောင်မျက်နှာဖုံးတပ်ထားတဲ့လူ... အဲဒါသူပဲ”
သိုင်းတာအိုပင်မခန္ဓာနှင့် အခြားသူများက လှည့်ကြည့်လိုက်ကြသည်။
နောက်ထပ်ကျင့်ကြံသူတစ်အုပ်စုက ကြမ်းကြုတ်ခက်ထန်သော အော်ရာတစ်ခုနှင့်အတူ သူတို့ဆီသို့ လျှောက်လှမ်းလာကြ၏။ သူတို့က ရန်လိုနေကြသည်။
သူတို့အုပ်စုသည် သန်မာအားကောင်းသော မရဏအော်ရာကိုထုတ်ဖော်ပြီး သူတို့၏ အသားအရေများက အစိမ်းရောင်သန်းနေသည်။
“ရန်သူတွေနဲ့မှ လာတွေ့နေတာကိုး”
ထန်ချင်အာက မျက်မှောင်အနည်းငယ်ကြုတ်ပြီး သက်ပြင်းချလိုက်၏။
“သူတို့တွေက အလောင်းတောင်ကြောရိုးကလား”
သိုင်းတာအိုပင်မခန္ဓာက မေးလိုက်၏။
ထန်ချင်အာက ခေါင်းညိတ်ပြလိုက်သည်။
“ကျွန်မတို့တွေက ဒီနေရာမှာ သူတို့နဲ့မှ အရင်လာတွေ့နေရပြီပဲ... ဒါပေမဲ့မပူပါနဲ့... သူတို့တွေက ကျွန်မရှိနေသရွေ့ ရှင့်ကိုဘာမှလုပ်နိုင်မှာမဟုတ်ဘူး”
ထန်ချင်အာသည် သိုင်းတာအိုပင်မခန္ဓာကို ကာကွယ်ပေးလိုခြင်းမှာ သူမသည် အထက်ဘုံလောကအကြောင်း စူးစမ်းလိုသောကြောင့်ဖြစ်သည်။
သူမသည် သိုင်းတာအိုပင်မခန္ဓာထံမှ အထက်ဘုံလောကနှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို ရယူလိုလေသည်။
သို့သော်လည်း တောင်ပိုင်းတောအုပ်၏ သခင်လေးက ထိုသည်ကို တွေ့မြင်သောအခါ သူက နောက်ထပ်ခံစားချက်တစ်ခုရရှိနေသည်။
သူက မကျေမနပ်ဖြစ်သွားပြီး သူ၏ အကြည့်က သုန်မှုန်သွား၏။
“လက်စသတ်တော့ အလောင်တောင်ကြောရိုးက သခင်လေးပဲ”
ထန်ချင်အာကစတင်၍ ရှေ့သို့ခြေတစ်လှမ်းတိုးပြီး သိုင်းတာအိုပင်မခန္ဓာကို သူမ၏ နောက်မှာကာပေးထားကာ ဦးဆောင်လာသောလူငယ်ကို နှုတ်ဆက်လိုက်သည်။
“မြောက်ရိုးမရဲ့မင်းသမီးလေး”
အလောင်းတောင်ကြောရိုး၏ သခင်လေးက မျက်မှောင်ကြုတ်ပြီး လက်ကာပြလိုက်၏။
“လမ်းဖယ်ပေး... ကျုပ်က ခင်ဗျားနောက်က ခရမ်းရောင်ဝတ်အမျိုးသားကို လာရှာတာ”
ဦးလေးချန်၏ အမူအရာက သုန်မှုန်သွားလေသည်။ သူက အလောင်းတောင်ကြောရိုး၏ သခင်လေးကိုကြည့်ပြီး အေးစက်စွာပြောလိုက်သည်။
“ဒါက... ငါတို့မြောက်ရိုးမရဲ့မင်းသမီးပဲ.. မင်းရဲ့အပြုအမူနဲ့ စကားကို ဆင်ခြင်ထား”
အလောင်းတောင်ကြောရိုးသခင်လေး၏ နောက်မှာရှိသော ငရဲဘုရင်တစ်ပါးကလည်း ရှေ့သို့ထွက်လာခဲ့သည်။
“ညီကိုချန်... ဒါက မြောက်ရိုးမနဲ့ဘာမှမဆိုင်ဘူး... ခင်ဗျားတို့တွေ ကြားဝင်မစွက်ဖက်ဖို့ ကျုပ်အကြံပေးလိုက်မယ်”
ထန်ချင်အာက ညင်သာစွာပြုံးပြလိုက်သည်။
“အားလုံးပဲ... အဲဒီကိစ္စဖြစ်တုန်းက ကျွန်မလည်းရှိနေခဲ့တယ်... အဲဒါက နှစ်ဦးနှစ်ဖက်ကြား တိုက်ခိုက်မှုဖြစ်လာတာက နားလည်မှုလွဲစရာတချို့ကြောင့်ပဲ... ကျေးဇူးပြုပြီး ကျွန်မအဖေရဲ့မျက်နှာကို ထောက်ထားပြီး ဒီကိစ္စကို ဒီမှာပဲရပ်လိုက်ကြပါ”
“ဘာလို့လဲ... ငါတို့အလောင်းတောင်ကြောရိုးရဲ့ တမလွန်ဗိုလ်မြောက်ပိုင်းမဟူရာက အလကားသက်သက်သေရမယ်လို့ ပြောချင်နေတာလား”
အလောင်းတောင်ကြောရိုး၏ ငရဲဘုရင်က သူ၏ အကြည့်ကိုမှေးကျဥ်းပြီး တင်းမာခက်ထန်စွာဖြင့် ပြောလိုက်၏။
“မြောက်ရိုးမရဲ့မင်းသမီးလေး... ခင်ဗျားအဲဒါကို သေသေချာချာစဥ်းစားသင့်တယ်... တမလွန်ဗိုလ်မြောက်ပိုင်းမဟူရာက ရှေးဟောင်းတမလွန်မျိုးနွယ်က လူတစ်ယောက်ပဲ”
“ရှေးဟောင်းတမလွန်မျိုးနွယ်က ငရဲမှာ တကယ်ပဲမြင့်မြတ်တဲ့အဆင့်အတန်းတစ်ခုရှိပါပေတယ်... ဒါပေမဲ့ မြောက်ပိုင်းမဟူရာက ဘာပဲပြောပြော တမလွန်ဗိုလ်တစ်ဦးပါပဲ”
ထန်ချင်အာက သူမ၏ မျက်နှာပေါ်ရှိအပြုံးကို ဖြည်းဖြည်းချင်းရုပ်သိမ်းလိုက်သည်။ သူမ၏ လေသံက အေးစက်လာခဲ့ပြီး ပြန်မေးလိုက်သည်။
“ကျွန်မအဖေက ဘုရင်မြောက်ရိုးမပဲ... သူ့ရဲ့နာမည်ဂုဏ်သတင်းက တမလွန်ဗိုလ်တစ်ဦးထက် နိမ့်ကျနေလို့လား”
အလောင်းတောင်ကြောရိုး၏ သခင်လေးက လှောင်ရယ်လိုက်သည်။
“ဘုရင်မြောက်ရိုးမရဲ့ဂုဏ်သတင်းက ဟဲဟဲ....”
အစကတော့ ဦးလေးချန်သည် သိုင်းတာအိုပင်မခန္ဓာအပေါ် အလိုမကျမှုတချို့ရှိနေခဲ့သည်။
သို့သော်လည်း ထိုအခိုက်အတန့်မှာ အလောင်းတောင်ကြောရိုး၏ သခင်လေးနှင့် ငရဲဘုရင်က ဘုရင်မြောက်ရိုးမကို အထင်အမြင်သေးနေသည်မှာ သိသာလေသည်။
ဤသည်က ဦးလေးချန် သည်းမခံနိုင်သောတစ်စုံတစ်ရာဖြစ်သည်။
“ငါ့လူတို့...”
ဦးလေးချန်က အေးစက်စက်အလင်းဖြင့်တောက်ပနေသော သူ၏ မျက်လုံးကို မှေးကျဥ်းပြီး ဖြည်းဖြည်းချင်းပြောလိုက်သည်။
“ဒီနေရာက မြောက်ရိုးမမြို့တော်ပဲ... အလောင်းတောင်ကြောရိုးက မင်းတို့ကို ငါသတိပေးလိုက်မယ်... မင်းတို့ရဲ့အပြောအဆိုကို သတိထား... နှုတ်ကြောင့်သေတတ်တယ်”
“ဘုရင်မြောက်ရိုးမရဲ့ မွေးနေ့ဂုဏ်ပြုပွဲက နီးကပ်နေပြီ... သူ့ရဲ့မွေးနေ့ဂုဏ်ပြုစားသောက်ပွဲကို ပိုပြီးတော့စည်ကားသွားအောင် တောင်ကြောရိုးတစ်ခုလုံးရဲ့အလောင်းတွေနဲ့ သွေးတွေကိုထပ်ပေါင်းထည့်ဖို့ မြောက်ပိုင်းရိုးမက ဝန်လေးနေမှာမဟုတ်ဘူး”
ဤသည်က ပေါ်ပေါ်ထင်ထင်ခြိမ်းခြောက်ခြင်းဖြစ်သည်။
အလောင်းတောင်ကြောရိုး၏ သခင်လေးနှင့် ငရဲဘုရင်တို့က သိသိသာသာပြောင်းလဲသွားကြသည်။
သူတို့က စိုးရိမ်ပူပန်နေသည့်ပုံပေါ်လာသည်။
“သခင်လေး... အရင်ဆုံးသည်းခံလိုက်ဦး အဲဒါကိုအလျင်စလိုလုပ်စရာမလိုပါဘူး”
ငရဲဘုရင်က တိတ်တဆိတ်သတိပေးလိုက်၏။
အလောင်းတောင်ကြောရိုး၏ သခင်လေးက သုန်မှုန်သွားလေသည်။
ခဏမျှတိတ်ဆိတ်နေပြီးနောက် သူက ရုတ်တရက်ပြုံးလိုက်၏။
“မဆိုးပါဘူး... မြောက်ရိုးမက တကယ့်ကို အထင်ကြီးစရာပဲ စောင့်ကြည့်လိုက်ဦးပေါ့”
ထိုသို့ပြောရင်း အလောင်းတောင်ကြောရိုး၏ သခင်လေးက လက်ပြပြီး သူ၏ နောက်ဘက်မှာရှိသောကျင့်ကြံသူများနှင့်အတူ ထွက်ခွာသွားလေသည်။
“ဟမ့်...”
အလောင်းတောင်ကြောရိုးမှ ကျင့်ကြံသူအုပ်စု၏ နောက်ကျောများကိုကြည့်ရင်း ဦးလေးချန်က အေးစက်စွာနှာတစ်ချက်မှုတ်ကာ မကောင်းဆိုးဝါးဆန်ဆန်ပြောလိုက်သည်။
“ဘုရင့်ရဲ့မွေးနေ့ဂုဏ်ပြုစားသောက်ပွဲပြီးရင် အလောင်းတောင်ကြောရိုးကို အစားထိုးရတော့မယ်”
“ဆက်သွားကြမယ်”
ထန်ချင်အာက ပြောလိုက်သည်။
“ဒီကိစ္စကို မေ့လိုက်ကြပါတော့”
သိုင်းတာအိုပင်မခန္ဓာသည် ဖြစ်စဥ်တစ်ခုလုံးကို တွေ့မြင်နေရပြီး ကိစ္စများက မရိုးရှင်းဟုခံစားနေရသည်။
မြောက်ရိုးမမြို့တော်သည် တည်ငြိမ်အေးချမ်းနေသည်ဟုထင်ရသော်လည်း မြေအောက်စီးကြောင်းများက တလိပ်လိပ်တိုးဝင်လာနေပြီဖြစ်သည်။
စိမ်းလန်းမီးတောက်တောင်ကြောရိုးဖြစ်စေ၊ အလောင်းတောင်ကြောရိုးဖြစ်စေ ထန်ချင်အာပေါ် သူတို့၏ စိတ်သဘောထားက အနည်းငယ်ထူးဆန်းနေသည်မှာ သိသာလေသည်။
ဒါ့အပြင် အလောင်းတောင်ကြောရိုးသခင်လေးက တစ်စုံတစ်ရာကို သွယ်ဝိုက်ပြောဆိုခဲ့ပုံရသည်။
စိန်းလန်းမီးတောက်တောင်ကြောရိုး၏ သခင်လေးကလည်း တစ်စုံတစ်ရာကို ပြောချင်နေခဲ့သည့်ပုံပေါ်သည်။ သို့သော်လည်း သူ့ကို စိမ်းလန်းမီးတောက်တောင်ကြောရိုး၏ ငရဲဘုရင်က သတိပေးပြီးနောက် အရင်ဆုံးထွက်ခွာသွားကြသည်။
“ဘုရင်မြောက်ရိုးမရဲ့ မွေးနေ့ဂုဏ်ပြုစားသောက်ပွဲက အေးအေးချမ်းချမ်းနဲ့ မပြီးစီးတော့ဘူးနဲ့တူတယ်”
သိုင်းတာအိုပင်မခန္ဓာက သူ့ဘာသာသူတွေးနေ၏။
တောင်ပိုင်းတောအုပ်၏ သခင်လေးကလည်း အရာရာတိုင်းကို တွေ့မြင်နေရပြီး အနည်းငယ်စဥ်းစားရခက်နေသည်။ သို့သော်လည်း သူက အဲဒါနှင့်ပတ်သက်ပြီး များစွာစဥ်းစားတွေးတောခြင်းမရှိဘဲ မြောက်ရိုးမမြို့တော်၏ နန်းတော်ရှိရာသို့ ထန်ချင်အာနှင့် အခြားသူများနောက်ကနေ လိုက်ပါလာခဲ့သည်။
နန်းတော်ထဲသို့ သူတို့ဝင်ရောက်လာပြီး မကြာခင် လူတစ်အုပ်စုက လျှောက်လှမ်းလာကြသည်။ သူတို့၏ ခေါင်းဆောင်က အရပ်အမောင်းမြင့်မားပြီး စွမ်းအားကြီးမားသောအော်ရာတစ်ခုကို ပိုင်ဆိုင်ထားသည်။ သူပြုလုပ်သော လှုပ်ရှားမှုတစ်ခုချင်းစီတိုင်းက ဘုရင်တစ်ပါး၏ လွှမ်းမိုးနိုင်စွမ်းကို ထုတ်ဖော်ထားသည်။
“အစ်ကိုကြီး”
ထန်ချင်အာက ထိုသူကို တွေ့မြင်သောအခါ ပြုံးပြပြီး အဝေးကနေ နှုတ်ဆက်လိုက်၏။
ဤလူသည် မြောက်ရိုးမ၏ အကြီးဆုံးမင်းသား ထျန်ဟောက်ဖြစ်လေသည်။
သူသည် ဤတစ်ခေါက်မွ့နေ့ဂုဏ်ပြုစားသောက်ပွဲကို ကြီးကြပ်နေသူဖြစ်ပြီး ငရဲဘုရင်တစ်ပါးလည်းဖြစ်သည်။
“ချင်အာ... မင်းပြန်ရောက်လာပြီပဲ”
ထျန်ဟောက်၏ အကြည့်က ရွေ့လျားသွားသည်။
သူက ထန်ချင်အာကို တွေ့မြင်သောအခါ ပြုံး၍လျှောက်လှမ်းလာခဲ့သည်။
“အရှင်မင်းသား...”
ဦးလေးချန်က ဦးညွှတ်လိုက်သည်။
ထျန်ဟောက်က ညင်သာစွာခေါင်းညိတ်ပြလိုက်၏။ သူက ထန်ချင်အာကိုကြည့်ပြီး ပြုံးပြလိုက်၏။
“နင်က ဗဟိုချက်မြို့တော်မှာ ကျင့်ကြံနေခဲ့တာပဲ... အဖေ့ကို ပြန်လာမတွေ့တာတောင် နှစ်ပေါင်းများစွာကြာသွားခဲ့ပြီ”
“နင်ပြန်ရောက်လာတာကြားရင် အဖေက အရမ်းကို ကျေနပ်သဘောကျသွားမှာပဲ”
ခဏမျှရပ်တန့်ပြီးနောက် သူက တောင်းပိုင်းတောအုပ်သခင်လေးကိုကြည့်ကာ အကဲခတ်လိုက်၏။
“ဒါက... တောင်ပိုင်းတောအုပ်ရဲ့သခင်လေးဖြစ်ရမယ်... ဟုတ်တယ်မလား”
“မင်္ဂလာပါအရှင်မင်းသား”
တောင်ပိုင်းတောအုပ်၏ သခင်လေး သူ၏ လက်သီးနှစ်ဖက်ကို ခပ်မြန်မြန်ယှက်ဖြာကာ နှုတ်ဆက်လိုက်၏။
ထျန်ဟောက်က ပြုံး၍ ခေါင်းညိတ်ပြလိုက်၏။
“မင်းက ခံ့ညားတဲ့ရုပ်ရည်သွင်ပြင်နဲ့ တကယ့်လူချောလေးပဲ... အဖေသာမင်းကိုမြင်ရင် အရမ်းကို ကျေနပ်သွားမှာ”
“အဖေဘယ်မှာလဲ သူ့ဆီကို အလည်သွားရအောင်”
ထန်ချင်အာကမေးလိုက်၏။
“ဒါက...”
ထျန်ဟောက်၏ အကြည့်က သိုင်းတာအိုပင်မခန္ဓာထံ ရွေ့လျားသွားပြီး သူ၏ မျက်လုံးကို မှေးကျဥ်းလိုက်၏။
ဘာ့ကြောင့်ရယ်မသိ ထျန်ဟောက်သည် သိုင်းတာအိုပင်မခန္ဓာကျင့်ကြံမှုနယ်ပယ်ကို ထွင်းဖောက်မမြင်နိုင်ပေ။
ဒါ့အပြင် သိုင်းတာအိုပင်မခန္ဓာထံမှ ပတ်ဝန်းကျင်နှင့်လိုက်ဖက်မညီသော သက်ရှိတစ်ဦး၏ အော်ရာကို သူက ခံစားမိနေ၏။
“ဒါက... လမ်းမှာကျွန်မနဲ့ဆုံတွေ့ခဲ့တဲ့ မိတ်ဆွေတစ်ယောက်ပဲ... ကျွန်မက သူ့ကိုလည်း အဖေ့ဆီကို ခေါ်သွားရမယ်”
ထန်ချင်အာက အတိုချုံးရှင်းပြလိုက်၏။
“အဖေက သူ့အခန်းထဲမှာ အနားယူနေတယ်... မင်းတို့တွေ သွားကြလေ”
ထျန်ဟောက်က ထိုသို့ပြောရင်း သိုင်းတာအိုပင်မခန္ဓာကို ဆက်လက်၍ အကဲခတ်ကြည့်နေ၏။
သို့သော်လည်း သူက မည်သို့ပင်စစ်ဆေးကြည့်သည်ဖြစ်စေ သိုင်းတာအိုပင်မခန္ဓာကို လုံးဝမဖတ်နိုင်ပေ။